အလွမ်းပြေ အချမ်းပြေ ဟောဒီက အာပူလျှာပူ

အခုတလော စိတ်တွေလဲ မကောင်း လူလဲ နေမကောင်း အလုပ်တွေလဲများ လမ်းတွေလဲ သလားနဲ့ အေးအေးဆေးဆေး အစားမစားဖြစ်တာ နောက် ထမင်းစားပျက်နေတာ တော်တော်ကြာနေပါပြီ။ အိမ်ကို တော်တော်လေး သတိရ ဖြစ်တဲ့ နေ့တွေပေါ့။ အမေနဲ့ အဖေက အိမ်မှာဆို ဘာလေးပဲဖြစ်ဖြစ် စားချင်လာ အောင် အမြဲလုပ်ပေးတယ်။ သမီးကြီး ဒါလေးနည်းနည်းလေးဖြစ်ဖြစ် စားလိုက်ပါလား ဒါလေးစားကြည့် ဟိုဟာလေးမြည်းကြည့်ပါလားနဲ့ အဲ့လိုမျိုး အတင်း ချော့မော့ ကျွေးလေ့ရှိတယ်လေ။ ဟူးး အခုတော့ ကိုယ်မစားရင် ကိုယ်ငတ်ပဲ။ အခုတော့ အလုပ်တွေရူပ်နေလို့ စိတ်ရူပ်ပြေအောင် ကော်ဖီခါးခါးတွေပဲ တစ်ခွက်ပြီး တစ်ခွက်သောက် ယမ်ယမ်ခေါက်ဆွဲထုတ်တစ်လှည့် ကြာဆံမိတ်တလှည့်နဲ့ အဆာပြေရုံ စားဖြစ်တယ်။ စိတ်ထဲမှာလည်း ဘာမှကို စားချင်စိတ်မရှိဖြစ်နေတာဆိုတော့ ဘာစားစား အဆင်မပြေဘူးဖြစ်နေပါတယ်။ ဒီနေ့ တော့ ဘန်ကောက်မှာ မိုး ပျပျလေး အုံ့နေပါတယ်။ ညက စားဖို့ဝယ်ထားတဲ့ ဆားမီးကင် ငါးကျပ်တိုက်က ဒီအတိုင်း ပါကင်မပျက် ရှိသေးတာနဲ့ ရခိုင်မုန့်တီ အာပူလျှာပူ စပ်စပ်လေး ဆုမွန်နည်း ဆုမွန်ဟန်နဲ့ ချက်သောက်ဖို့ စိတ်ကူး ရပါတယ်။

ဆားသိပ်ပြီး မီးကင်ထားတဲ့ ငါးမီးဖုတ်လေးကို အရေခွံနွှာပြီး ငါးအသားတွေ သပ်သပ် နွင်လိုက်ပါတယ်။ ပထမဆုံးဒယ်အိုး ငရုတ်သီးစိမ်း တောင့်လေးတွေကို ရေနဲ့ခမ်းတဲ့အထိ ပြုတ်ပြီး လှော်ပါတယ်။ နောက် ကြက်သွန်ဖြူ ကြက်သွန်နီ ပါးပါးလှီးထားတာလေးတွေကို နနွင်းမူန့်လေးနဲ့ အကြွပ်လေး ကြော်ပါတယ်။ နံနံပင်လေးတွေကို ရေစင်အောင် ဆေးပြီး တစ်ချို့ကို အညွန့်အတိုင်း တစ်ချို့ကိုတော့ ရိပ်ရိပ်လေးတွေ လှီးထားပါတယ်။ ကျွန်မက ကြက်သွန်နီ ကြိုက်တော့ ပါးပါးလေးတွေ လှီးထားပြီး ရေစစ်အောင်ညှစ်ထားပါတယ်။

ဟင်းစချက်ပါပြီ။ ဆီအကပ်လေး နည်းနည်းကျန်တဲ့ ဒယ်အိုးထဲမှာ နောက် ငါးအသားမျင်လေးတွေနဲ့ ပုဇွန်ငါးပိစိမ်းနည်းနည်းလေးကို နှံ့ပြီး ထပ်ထပ်လေး ဖြစ်အောင် နာနာမွှေလိုက်ပါတယ်။ ငါးပိနံ့လေးပျောက် ငါးအသားလေးတွေလဲ မွ သလောက်ရှိရော အိုးထဲကို ရေနွေးလောင်း ထည့်လိုက်ပါတယ်။ ဟင်းရည် ပွက်ပွက်ဆူအောင် စောင့်နေတဲ့အချိန် ပဒဲကောမြစ် နုနုလေး နှစ်တက်လောက်ကို ညက်အောင် ထောင်း နောက် ကြက်သွန်ဖြူ နည်းနည်း ထောင်းထားတယ်။ နောက် ငရုတ်ကောင်း အစေ့လေးတွေကို မူန့်ညက်နေအောင် ထောင်းပါတယ်။ ဟင်းရည် ပွက်ပွက်ဆူလာတဲ့အချိန် ခုနက ညက်နေအောင် ထောင်းထားတဲ့ ပဒဲကောရယ် ကြက်သွန်ဖြူရယ် ထည့်လိုက်ပါတယ်။ နောက် ဟင်းချိုမူန့်နဲ့ ဆားရယ် ငံပြာရည်ရယ် ကို ကိုယ်ကြိုက်တဲ့ အရသာ အနေတော်လေး မြည်းပြီး ထည့်ပါတယ်။ နောက် ဟင်းရည်က ကျိုက်ကျိုက်ဆူလာတဲ့အခါမှ ဟင်းရည်ထဲ ငရုတ်ကောင်းမူန့်ကို ဖြူးလိုက်ပါတယ်။ ကဲ မုန့်ကျက်ပြီ စားကြစို့နော်။

ထိုင်းမှာ မုန့်တီကို ပလက်စတစ်အုပ်ထားတဲ့ ခြင်းလေးနဲ့ထည့်ပေးတယ် အိမ်မှာ အဲ့လိုခြင်းတောင်းလေးတွေ တထပ်ကြီးပဲ ဘယ်လောက်မုန့်တီစားလဲ မစားလဲဆိုတာ သက်သေပေါ့။ ဒါကမုန့်ဟင်းခါးဖတ် တစ်ကီလို တောင်းလေး ၂၅ဘတ် ပေးရတယ်။ဒါက မန်ကျည်သီးအချဉ်ပျစ်ပျစ်လေး ( အိပ်ငိုက်နေတဲ့ ညီမလေး မိုးခါး အကြိုက် သူ့ကိုတော့ ချက်ပြီးပြီးချင်း ပို့လိုက်တယ် အိပ်ချင်ပြေစားရအောင်)ဒါက နံနံပင် နုတ်နုတ်စင်း (ကီလိုဝက် ကို ၁၅ဘတ် အများကြီးရတယ် နံနံပင်အရွက်က စိမ်းနေတာပဲ အရွက်ကလဲ အကြီးကြီးတွေ လတ်ဆတ်နေတာပဲ )နဲ့ မြန်မာကြက်သွန်နီ ပါးပါးလှီး( ထိုင်းကြက်သွန်နီက ကြီးပြီး အရည်ရွှမ်းတယ် စားမကောင်းဘူး)ဒါက ကြက်သွန်နီနဲ့ကြက်သွန်ဖြူဆီချက် လှတယ်နော် ရွှေရောင်လေး
ဒါက ငရုတ်သီးစိမ်းထောင်းစပ်စပ်လေး ၁၀ဘတ်ဖိုးဆို စားပါလေ့ တစ်ပုံကြီးပဲ စပ်ချက်ကတော့ မပြောနဲ့တော့ကဲ သူငယ်ချင်းတို့ ဘလော့ခ်အလည်ရောက်တုန်းလေ မုန့်ဖတ်လေးထည့် နံနံပင်လေး ဖြူး ကြက်သွန်နီလေး ကြိုက်ရင် ထည့် ဆီချက်လေးလဲ မမေ့နဲ့ အချဉ်ကြိုက်ရင် မန်ကျည်းနှစ်လေးဆမ်း လေးလေးစားချင် ငံပြာရည်လေး တစ်စက် နှစ်စက် ပေါက် ဟင်းရည်က အရမ်းဆူနေပြီ ငါးဖတ်များများလေး ထည့်နော် ကဲ အကုန်ထည့်ပြီးရင်တော့ ရောသမမွှေပြီး ရူပ်နေတဲ့စိတ်တွေ လေးနေတဲ့ကိုယ်တွေ ချွေးတွေရော ဘာတွေရော ညာတွေရော အကုန်ပွင့်ထွက်သွားအောင် ငရုတ်သီးထောင်းများများလေးထည့်ပြီး စပ်စပ်ပူပူ အာပူလျှာပူလေး အားရပါးရ စားကြပေတော့နော်။

13 Comments:

မိုးကောင်းသူ said...

အပြင်က အပြန်မောမောနဲ့ စားပလိုက်တယ်။ မဆုမွန်ရဲ့ လက်ရာက ကောင်းတယ်နော်။ အားမနာတော့ဘူးနော်။ အ၀အပြဲ စားသွားပြီ။ :D

ဂျူနို said...

စားချင်လိုက်တာ မဆုမွန်ရာ။
ဈေး ဖွင့်တော့ ၀ယ်ချက်အုန်းမယ်။

ကိုလူထွေး said...

အလွမ်းတော့ပြေတယ်..
ဒီလောက်နေပူတာ အချမ်းပြေတော့ မဖြစ်ဘူး...

တော်တော်လေးကို သေသေသပ်သပ်နဲ့  စားချင်စဖွယ်လေး..

ပဒဲကောနဲ့  ချက်ရတယ်ဆိုတာတော့ ကြားဖူးတယ်...

chocothazin said...

မဆုမွန်ရေ
နှစ်ခေါက်တိတိဖတ်ပြီး မျက်စိအရသာခံသွားတယ် (ဟီး ငတ်တယ်နော်

yehtutnaung said...

ရက်စက်လိုက်တာဗျာ....

ရက်စက်လိုက်တာဗျာ....

ရက်စက်လိုက်တာဗျာ....

မင်းအိမ် said...

ကောင်းလိုက်တာ အစ်မရယ် ...
သူများအိမ်မှာ ပထမဆုံး စားဖူးတာပဲ ဟာဟ..
ထူပူသွားတာပဲ.......
အမြဲရောက်ဖြစ်ပါတယ်၊ တခါတလေတော့ ခြေရာမထင်ခဲဖြစ်ဘူး Anonymous နဲပဲ ရေးဖြစ်ရင် ရေးခဲ့တယ်

ကျန်းမာပါစေ အစ်မ

khin oo may said...

လာပြီးသဘောတကျကြည့်သွားပါတယ်။

အိုးဝေအောင် said...

ပထမပုံကိုမြင်ကတည်းက တံတွေးမျိုချမိတယ်...ဂလု..

မြူးသျှရီ said...

မရေ....
လာစားသွားတယ်..အရမ်းကောင်တာပဲနော်
နောက်လဲချက်ကျွေးနော်

သက်ပိုင်သူ said...

အီး.... မမဆုမွန်ရက်စက်ပ..
ဘန်ကောက်လာလို့ လုပ်ကြွေးရင် ကြွေး..
မကြွေးလို့ကတော့ မမဆုမွန် မလွယ်ဘူးမှတ်...

Anonymous said...

ဦးမွန်ရေ အဲဒီ မုန့်တီကို မနေ့က မိုးခါးလာပြကတည်းက သားရေကျနေတာ။ အဟင့်

ရုံးပိတ်ရင် ချက်စားတော့မယ်။

ခင်မင်လျှက်
မေတ္တာရောင်ပြန်

မိုးခါး said...

ဟဲဟဲ
ငါ့အမ
နှိပ်စက်တယ်နော်
ငတ်နေပါတယ်ဆို .. အိပ်ငိုက်တော့ပြေသွားပြီ .. မန်ကြီးသီးထည့်တာများသွားလို့ .. :D ကျေးဇူးချစ်မ အာဝါး :D

အနမ်း said...

ရခိုင်မုန့် တီလာသောက်သွားတယ်။ ရှူးရှဲ ရှူးရှဲ
:P