ငယ်ငယ်ကဆို သွားနဲ့နေပြီဆို လျှာလေးနဲ့ထိုးလိုက် ကလော်လိုက် နဲ့လိုက် ထွက်လာတဲ့ သွေးလေးတွေကို စုပ်လိုက်နဲ့ လူပ်တုပ် လူပ်တုပ် သွားလေးကို လျာလေးနဲ့စမ်းစမ်းပြီး အရသာခံနေပါတယ်။ ကျိုးခါနီးပြီဆိုရင်တော့ သွားအခြေရင်းကို အပ်ချည်ကြိုးဖြူလေးနဲ့ တုပ်နှောင်ပြီးတာနဲ့ အစ်ကိုတစ်ယောက်ယောက်က သွားကို ဆတ်ကနဲ ကြိုးနဲ့ ဆွဲနုတ်ပါတယ်။ တစ်ခါတစ်လေဆိုရင် အဖေက ကိုယ့်သွားလေးကို ကိုင်ပြီး မှန်းစမ်း မှန်းစမ်း ကိုင်ကြည့်မယ်ဆိုပြီး သွားကို ဆတ်ကနဲ ဆွဲနုတ်လိုက်တယ် ဆိုရင်ပဲ ပါသွားပါပြီ။ မျက်စိကိုစုံမှိတ် အားကနဲ အော်ပြီး မျက်ရည်လေးစမ်းစမ်းနဲ့ ရေနဲ့ပလုပ်ကျင်း လိုက်တယ်ဆိုရင်ပဲ သွားတစ်ချောင်းက ပြုတ်သွားပါပြီ။ အပေါ်သွားဆို မြေမှာ သွားမြုတ် အောက်သွားဆို မိုးပေါ်ပစ်ပြီး ကြွက်လေးရေ နင့်သွား ငါ့ပေး ငါ့သွား နင်ယူလို့ ငယ်သံပါအောင် အာခေါင်ခြစ်အော်တာ သတိရပါတယ်။
ကျွန်မ ငယ်ငယ်ကဆို တစ်မတ်တန် ရှားမီးသကြားလုံးကြီးကို သိပ်ကြိုက်ပါတယ်။ ပါးစောင်မှာ ငုံထားပြီး တမြုံ့မြုံနဲ့ အရသာခံရတာကိုက အရသာတစ်မျိုးပါ။ အဲ့တာကြောင့် ကျွန်မသွားတွေဆို အချိုကြိုက်လွန်းလို့ သွားပိုးစားပြီး ရှေ့သွားနှစ်ချောင်းက လေ၀င်ပေါက်လေးလို သွားကျိုးဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် မန်ကျည်းသီးစေ့လေးတွေကို လှော်ပြီး စက္ကူကန်တော့လေးနဲ့ ငါးပြားဖိုး ဆယ်ပြားဖိုး ရောင်းတဲ့အခါ မြုံ့ထားပြီးမှ တတောက်တောက်နဲ့ ကိုက်ဝါးရတာလည်း အရသာတစ်မျိုးပါပဲ။ နောက်တစ်မျိုးက ကုက္ကိုလ်စေ့သေးသေးလေးတွေကို လှော်စားတာလဲ ကြိုက်ပါတယ်။ နောက် ဗာဒံစေ့ကို အစေးအပေခံပြီးကို အုတ်နီခဲနဲ့ထုပြီး အထဲက အဆံဖြူဖြူလေးကို လက်သည်းမဲမဲလေးတွေနဲ့ ခွာစားရတာဆိုရင်ဖြင့် ဘယ်အရသာနဲ့မှ မလဲနိုင်ပါဘူး။
နောက်နည်းနည်းပိုက်ဆံရှိရင်တော့ ရေခဲစိမ်ကွမ်းယာကို ၀ယ်စားလေ့ရှိပါတယ်။ ဖရုံယို ဒူးရင်းယို နာနတ်ယိုလို အချိုလေးတွေ မြေပဲဆံလေးတွေ အစိမ်းရောင် ယိုလေးတွေ ထည့်ပြီး အချိုယာပေးထားတဲ့ ကွမ်းယာလေးတွေကို ရေခဲစိမ်ထားတာပါ။ နောက် နို့ဆီဆမ်းထားတဲ့ အစိမ်းတစ်ခြမ်း အနီတစ်ခြမ်း ရေခဲပေါက်စီကိုလည်း အရမ်းကြိုက်ပါတယ်။ ဓားလှီးမုန့်လို့ခေါ်တဲ့ အဖြူရောင်နို့အေးချောင်းကြီးကို လက်တစ်လုံးစာလေးတွေ ဖြတ်ဖြတ်ပြီး သစ်သားတုတ်နဲ့ထိုးရောင်းတာ နောက် စက်ဝိုင်းပုံစံ ဒလက်ကြီးကို တစ်ခါလှည့် တစ်မတ်ငါးမူးနဲ့လှည့်ပြီး ကျလာတဲ့ နံပတ်စဉ်အတိုင်း ဒါးလှီးရေခဲချောင်းစားရတာကိုလည်း သတိရပါတယ်။ တစ်ခါ ဘောလုံးကွင်းလို ကွင်းလေးထဲက ဖန်ဂေါ်လီလုံးလေးကို အခုဘိလိယက်ထိုးသလို တုတ်တံလေးနဲ့ ထိုးလိုက်ပြီး ဖန်ဂေါ်လီလုံး လေး လိမ့်တဲ့နေရာ တင်တဲ့ သံချောင်းလေးတွေပေါ်က နံပတ်အတိုင်းလည်း ရေခဲချောင်းကို စားရပါတယ်။ ကျွန်မငယ်ငယ်ကဆို ရိုးရိုးတန်းတန်း တစ်ခါမှ မုန့်ကို ၀ယ်မစားပါဘူး။ အဲ့လို ကိုယ်တိုင်ကစားပြီးမှ ရလာတဲ့ နံပတ်အတိုင်း စားရတာကို ပိုသဘောကျလေ့ရှိပါတယ်။
ကျွန်မ ကြိုက်တဲ့ မုန့်တစ်ခုက ဂျစ်တူးဇီးတော်ဖီမုန့် အိတ်ထဲမှာ ကာတွန်းစာအုပ်သေးသေးလေးပါပါတယ်။ နောက် ဆီးသီးအကြီးကြီးတွေကို ယိုရွှဲရွှဲထိုးထားတဲ့ စံရွှေမြင့် ရွှေအိုးဇီးထုပ် နောက် အ၀ါရောင် ထန်းလျက်ချောင်းအရှည်ကြီးတွေ ကိုလည်း အားပေးပါတယ်။ နောက် အုန်းသီးကပ်စေးနဲကို ဒန်ခွက်လေးနဲ့ချရောင်းပြီး တုတ်လေးနဲ့ ရစ်ကာ ပတ်ကာနဲ့ အခွေလိုက်လေး အုန်းသီးကပ်စေးနဲ တုတ်မုန့်လေးကိုလဲ ကြိုက်ပါတယ်။ နောက် ဂျုံနဲ့လုပ်ထားတဲ့ ဒုတ်ထိုး အရုပ်မျိုးစုံကိုလည်း အမြဲတမ်း အရုပ်သည်ကြီးဘေးမှာ ငုတ်တုတ်ထိုင်ြ့ပီး အားပေးပါတယ် အစိမ်းရောင်အနီရောင် အပြာရောင် ဒီဇိုင်းအစုံလုပ်ထားတဲ့ ကြက်တူရွေး နဂါး ဖား ကြက်ဖ စတဲ့အရုပ်လေးတွေရဲ့ အောက်မှာ ပီပီလေးတပ်ပေးထားပြီး အရုပ်အစုံလုပ်ရောင်းတာပါ။ ကလေးတွေ ၀ိုင်းဝိုင်းလည်တဲ့ အရုပ်သည်ကြီးပေါ့။
ကျွန်မ ကစားစရာတွေထဲမှာ အကြိုက်ဆုံးကတော့ ဂျင်ပေါက်တာပါပဲ။ စက်ဝိုင်းကြီးရဲ့အလည်မှာ ၀င်ဆို့ ထွက်ဆို့နဲ့ ခပ်မြန်မြန် ကြိုးကို ရစ်ပြီး ဆို့မြန်မြန် လု ရတာ၊ သေသေချာချာ ချွန်ထားတဲ့ သံချွန်ပါတဲ့ ကိုယ်ဂျင်လုံးနဲ့ ၀ိုင်းအလည်မှာ ချပေးထားရတဲ့ ဂျင်ထိပ်တည့်တည့်ကို ခွပ်ကနဲ ကွဲအောင် ပိတ်ပေါက်ရတဲ့ အရသာကို အကြိုက်ဆုံးပါ။ လေးခွသေးသေးလေးတွေနဲ့ လောက်စလုံးလုံးပြီး ဘေးလွယ်အိတ်ထဲ ထည့်ပြီး ရှိသမျ မြွေ ဖား ကင်းလိပ်ချော အိမ်မြှောင် စာကလေး ကျီးကနှ်းရှဥ့် အကုန်လိုက်ပစ်ရတာလည်း ကြိုက်ပါတယ်။ ကျွန်မတို့ခြံထဲက အပင်တွေမှန်သမျ ကျွန်မ မတက်ဘူးတဲ့ အပင်မရှိပါဘူး။ ဘယ်လောက် တက်ကစားကြသလဲဆိုရင် ပင်စည်တောင် ချောမွတ်နေပါတယ်။ ကျွန်မတို့ရဲ့ခြံလေးအကြောင်း ဒီမှာ ရေးဖူးပါတယ်။
နေအရမ်းပူရင်တော့ သစ်ပင်အရိပ်အောက်မှာ သားရေကွင်းတွေအများကြီးကို လက်ကောက်ဝတ်မှာ ၀တ်ထားပြီး ဂေါ်လီပစ်ရတာ ရမ်ဘိုရုပ်တွေ စစ်သားရုပ်လေးတွေကို ထောင်ပီး ခေါင်ထိကုန် ရအောင် ဂေါ်လီပစ်လေ့ကျင့်တာ.ထမင်းလုံးရယ် မှန်ကွဲစတွေရယ်နဲ့ သစ်ပင်တွေပတ်ပတ်လည်မှာ အပ်ချည်ကြိုးကို ချည်ပြီး မှန်စာတိုက်ပြီး စွန်ကို ကော့သွားအောင် ဖြတ်ရတဲ့အရသာ အဲ့လိုကစားနည်းတွေကို ကျွန်မ ငယ်ငယ်က အထက်ကို အစ်ကိုသုံးယောက်နဲ့ အပြိုင် အကုန်ဆော့ပါတယ်။ နောက် ၀ါးလုံးနှစ်ချောင်းရဲ့ အလည်မှာ သစ်သားတန်းလေးခံပြီး ကုလားမ ခြေထောက်တမ်း အပြိုင် ၀ါးလုံးတန်းပေါ် ကုတ်တက်ပြီး လမ်းလျောက်ပြိုင်တာ သစ်သားဖုလေး ကျွတ်ကျပြိး ပြုတ်ကျတုန်းကလည်း သွားကျွတ်ဖူးပါတယ်။
နောက်တစ်ခု ကျွန်မ အကြိုက်ဆုံး ပေါင်ပေါင်သေနတ်ပါ။ ပေါင်ပေါင်သိးလို့ခေါ်တဲ့ အသီးစိမ်းစိမ်းလေးတွေနဲ့ ပုလွေပုံစံဝါးစိမ်းလုံး အပေါက်လေးထဲကို အသီးလေး တေ့ပြီး ထည့် နောက် တုတ်တံသေးသေးလေးနဲ့ ဒုတ်ကနဲ ဆောင့်ထိုးလိုက်ရင် ပေါင်ကနဲ မြည်ပြီး မျက်နှာတည့်တည့် နဖူးတည့်တည့် နောက်စိတည့်တည့် မှန်ရင် မစားသာတာ အမှန်ပါ။ နောက်ဆုံး ကျွန်မတို့ ကလေးတန်းလေးတွေက ပေါင်ပေါင်သေနတ်ကိုင်ပြီး အကြမ်းဖက်လာလို့ မျက်စိတွေ သွားတွေအကုန် ပြုတ်ကုန်မှာစိုးလို့ ကျောင်းမှာ ပေါင်ပေါင်လက်နတ်ကိုင်ဆောင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒါပေမယ့် လွယ်အိတ်လေးတွေကို နောက်ပြန်ပစ်ပြီး ကျောပိုးလွယ်ထားတဲ့ ကျွန်မတို့ကတော့ ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ တရကြမ်း ပြေးထွက်လာပြီး ကျောင်းဝင်းအပြင်ဘက်ရောက်တာနဲ့ ပေါင်ပေါင်သေနတ်တိုက်ပွဲ ဆင်နွဲကြတော့တာပါပဲ။
ကျွန်မအစ်ကိုတွေက ကျွန်မတို့ မရမ်းကုန်း အောင်မင်္ဂလာရပ်ကွက်မှာဆိုရင် ကလေးဗိုလ် ဆရာကောင်တွေဖြစ်နေတော့ ကျွန်မကလည်း အစ်ကိုတွေနဲ့ အပြိုင် လူမိုက်ပါ။ သရဲအရမ်းခြောက်တဲ့ ဆိုတဲ့ ဦးရွှေ ဆီးခြံထဲမှာ ကလေးတွေကို အုန်းမူတ်ခွက် သရဲပြမယ် အုန်းမူတ်ခွက်ခုန်ခုန်ထလာတာကို တစ်ခါကြည့် တစ်မတ် ငါးမူးနဲ့ ပြတာ ကျွန်မက ငွေကောက်တဲ့သူပါ။ တကယ်တော့ မှောက်ထားတဲ့ အုန်းမူတ်ခွက်ထဲမှာ ဖားထည့်ထားတာပါ။ အစ်ကိုတွေက သူတို့သွားလေရာ ကျွန်မလိုက်တာ သိပ်မကြိုက်ပါဘူး။ ကျွန်မက တစ်ခုခုဆို အမူတွဲတူပေမယ့် အမေ့ကို အမြဲအတိုင်အတောထူလို့ပါ။ တစ်ခါလည်း မြကန်သာကန်ထဲမှာ သူတို့ရေကူးတာ ကျွန်မ အတင်းလိုက်သွားပြီး ကျွန်မအတွက် ငှက်ပျောတုံးလေး ခုတ်ပေးထားပြီး သူတို့ရေငုတ်ပြိုင်နေတုန်း ကျွန်မက ဌက်ပျော်တုံးပေါ်ကို ခွတက်ပြီး ဂျွမ်းထိုးတာ ရေနစ်လို့ ကျွန်မအစ်ကိုတွေ အကုန်လုံး တိုင်ကပ်ပြီး ဗြောအတီးခံရကတည်းက အစ်ကိုသုံးယောက်က တစ်ခုခုဆို ကျွန်မကို မျက်စိလှည့်ပြီး ထားထားခဲ့ပြီး ထွက်ပြေးသွားတတ်ကြပါတယ်။
ကျွန်မအစ်ကိုတွေက ကစားစရာလုပ်နည်း အကုန်ကျွမ်းပါတယ်။ ရော်ဘာဖိနပ်ဖင်ပေါက်နေတာလေးတွေကို စက်ဝိုင်းပုံစံ ကားဘီးလေးတွေ ဖြတ်ဖြတ်ပြီး ၀ါးချောင်းလေးတွေ သစ်သားချောင်းလေးတွေနဲ့ ကားပုံစံ လုပ်ပါတယ်။ ၀ါးလုံးရှည်ရှည်ကို ကားလက်ကိုင်လိုလုပ်ပြိး တွန်းပြီး ကားမောင်းပြိုင်ကြတာပါ။ ကျွန်မတို့ဆို အမြဲ ကားပုံစံ ပြိုင်ကြ မောင်းကြနဲ့ပါ ဒါပေမယ့် မီးထွန်းပွဲတွေဆို ကလေးတွေ အကုန် အ၀တ်သစ်အစားသစ် လှလှပပလေးတွေဝတ်ပြီး ယုံနားရွက်လေးတွေ ဆင်နားရွက်ပုံစံကြယ်ပုံစံ မီးပုန်းလေးတွေ ရောင်စုံ မှန်ကြည်စက္ကူလေးတွေနဲ့ လှလှလေးတွေ တွန်းပြီးလည်း အကြွားပြိုင်ကြပါသေးတယ်။ ကျွန်မကတော့ ဗြောက်အိုးဖောက်ရတာကိုပိုကြိုက်ပါတယ်။ ပိုကြိုက်တာကတော့ မာကျူရိလို့ခေါ်တဲ့ သတ္တုပြားလေးကို မီးရို့ပြီး အလင်းဆုံး တောက်ပြီး အတုံးလေး ပြုတ်ကျလာတာနဲ့ တံတွေးဆွတ်ထားတဲ့ သားရေဖိနပ်ဖင်နဲ့ ဖောင်းကနဲ ကောက်ရိုက်ရတာအချိန် မြည်တဲ့ အသံက ဗြောက်အိုးထက်ကျယ်ပါတယ်။
အရင်ကဆို အစ်ကိုသုံးယောက်နဲ့ သမီးဦးကျွန်မကို အကျီဆင်တူဝယ်ပေးလေ့ရှိလို့ ကျွန်မက အမြဲ ယောက်ကျားလေး အကျီလေးတွေ ၀တ်ရပါတယ်။ ညီမလေးမွေးလာတော့မှကျွန်မတို့ ညီအစ်မနှစ်ယောက် ဆင်တူ ဂါဝန်လေးတွေ ၀တ်ပြီး မိဘနှစ်ပါးရဲ့ လက်ကို ဘယ်ညာဆွဲကိုင်ပြီး ဘုရားပွဲဈေးတန်းတွေမှာ လိုချင်တာမှန်သမျ အကုန်လိုက်ပူဆာရတာ ကလေးအချင်းချင်းတွေ့ရင် ကိုယ့်လက်ထဲက အရုပ်ကိုမသိမသာ ကိုင်ပြပြီး ကြွားတာ မျက်စောင်းထိုးရတာ. ဘ၀မှာ အဲ့အချိန်တွေတုန်းကဆို မိဘရဲ့ရင်ခွင်အောက်မှာ စားချိန်တန် စား အိပ်ချိန်တန် အိမ် စာချိန်တန် ကစား ကစားချိန်တန် ကစား :)ဘာဆိုဘာမှ ပူပင်သောက ဗျာပါဒတွေဆိုတာ တစ်လုံးတစ်ပါဒမှ မရှိခဲ့တာအမှန်ပါ။ နေမကောင်းလို့ ဆေးခန်းသွားရရင် ဆေးထိုးအပ်အမျိုးမျိုးကို ကြည့်ပြီး အသေးဆုံးအပ်ကလေးနဲ့ထိုးပေးပါလို့ ဒေါက်တာကို ပြောရတာ အမေ့လက်ကို တင်းနေအောင်ဆုပ်ပြီး ဆေးထိုးခါနီး တင်ပါးကို လှန်လိုက်တာနဲ့ အသံပြဲနဲ့ ဆေးခန်းတစ်ခုလုံး ကြွက်ကြွက်ညံအောင် အော်ငိုတာ အမေ့ကို နေမကောင်းတာ အကြောင်းပြပြီး ကြက်စွပ်ပြုတ် ကော်ဖီ မုန့် အမျိုးမျိုး ပူဆာတာ အဲ့တာတွေ အကုန်လုံးဟာ အခုချိန်မှာတော့ ပြန်မရနိုင်တော့တဲ့ အချိန်တွေပါပဲ။
သွားဆေး သွားခြစ်ပြီးပြီ လို့ ထိုင်းဒေါက်တာမလေးက ပြောတော့ အဖော်မပါပဲဆေးခန်းလာရတဲ့ ကိုယ် ကိုယ့်ဘာသာ ကုတင်ပေါ်က အသာထပါတယ်။ နောက် ပစ္စည်းတင်တဲ့ ဗန်းလေးပေါ်က ပိုက်ဆံအိတ်ကို လှမ်းယူရင်း ဘယ်လောက်ကျလဲလို့ မေးလိုက်ပြီး ပိုက်ဆံရှင်းလိုက်ပါတယ်။ နောက် ဆေးခန်းတံခါးကို တွန်းဖွင့်ပြီး ငါသွားတွေလဲ ကြိမ်းနေတာ ဘာစားရင်ကောင်းမလဲလို့ ငူငူကြီး ရပ်ပြီး တွေးမိပါတယ်။ အခုချိန် အဖေသာရှိရင် ငါ့ကို အစာမာမာ စားခိုင်းမယ်မထင်ဘူး။ အမေကရော ငါ့ကို ဘာများ ချက်ကျွေးမလဲ ဂျီကျတဲ့ ဂျီးများတဲ့ ကျွန်မကို မိသားစုက ဘယ်လိုများ ပြုစုကြမလဲလို့ စိတ်ကူးယဉ်ပြီး တွေးမိနေတုန်း ဘေးနားကနေ ၀ူးကနဲ စက်သံကို အရှိန်မြင့်မြင့်နဲ့ ပွတ်မောင်းသွားတဲ့ ထိုင်းဆိုင်ကယ်တက်စီသမားရဲ့ ဟေးကနဲ သတိပေးသလို အော်သွားတဲ့ အသံကြောင့် ကျွန်မ အလန့်တကြား ကားလမ်းဘေးကို ပြေးကပ်လိုက်မိပြီးမှ လက်ရှိ အနေအထားကို သတိပြန်ဝင်မိပါတော့တယ်။







