၈၈ နောက်ပိုင်း ဘုံပျောက်ခဲ့ရတဲ့ ဘ၀တွေ

ကဲ … တို့ ဘယ်ကိုသွားကြမလဲတဲ့၊၊

အိမ်တွေ ဖျက်ပေးရတော့မယ်လို့ သိလိုက်ရတဲ့ အချိန်မှာ အဖေ့ရဲ့ မျက်နှာဟာ ပြိုတော့မယ့် မိုးလိုပါပဲ၊၊ ပထမ ဦးစားပေးက ဒဂုံ၊ ဒုတိယက လှိုင်သာယာ၊ တတိယက ရွှေပြည်သာတဲ့၊၊ မြို့အားလုံးက အခုမှ မြို့သစ်ဖော် ကာစပဲ ရှိသေးတယ်တဲ့၊၊

ဒီမြေကွက်လေးကို အနှစ်နှစ်အလလ ၀န်ထမ်းလစာလေးတွေကိုစုပြီး ၀ယ်ခဲ့တဲ့အချိန် အဲ့ဒီတုန်းက အငယ်ဆုံး သမီးလေးဖြစ်တဲ့ သမီးကို ချီပြီးပြခဲ့တဲ့ အဖေ့ရဲ့ အပြုံးမျက်နှာကို သမီးသတိရနေတုန်းပါပဲ၊၊

အရင်က မီးခြစ်ဆံဘူးလောက်ရှိတဲ့ နှစ်ထပ်ခြေတံရှည်အိမ်ကြီးရဲ့ ဘေးခန်း ကျဉ်းကျဉ်းလေးမှာ အဖေ့စာအုပ် သေတ္တာတွေ ဆင့်ဆင့်ပြီး အပေါ်မှာ ကျွန်မတို့တွေ အိပ်ခဲ့ရတယ်၊၊ အစ်ကိုသုံးယောက်နဲ့ သမီးတို့ မောင်နှမတွေ ပြေးလွှားပြီး ဆော့ကြတုန်း အိမ်ရှင်အဖွားကြီးက ဆူပူအော်ငေါက်တဲ့အတွက် မျက်နှာမကောင်းတဲ့ အမေကို ကြည့်ပြီး အံကြိတ်သက်ပြင်းချခဲ့တဲ့ အဖေ၊ အခုတော့ ကိုယ်ပိုင်မြေကွက်လေး ရပြီဆိုတော့ ပျော်နေတဲ့ အဖေ့ မျက်နှာဟာ သမီးတွေ့ဖူးတဲ့ လမင်းကြီးလိုပါပဲ အဖေ၊၊

သမီးတို့ရဲ့ မြေကွက်လေးက အတော်ကျယ်ဝန်းတယ်၊၊ ထူးထူးခြားခြား စီတန်းပြီး ပေါက်နေတဲ့ သရက်ပင်က ခြောက်ပင်၊၊ ခြံအ၀င်ဝမှာ ခြတောင်ပို့ အကြီးကြီး တစ်လုံးလည်း ရှိတယ်၊၊ အုန်းပင်က နှစ်ပင်၊၊ ခေါင်းရင်းဘက် မှာက ပိတောက်ပင် အမြင့်ကြီးတစ်ပင်ပါတယ်၊၊ နောက်ဖေးမှာက ၀ါးရုံအုပ်ကြီး၊၊ သူ့ဘေးမှာလည်း ကြောင် လျှာပင်က ရှိသေးတယ်၊၊ ခြံရဲ့ အလယ်လောက်မှာ မဆလာနံ့ရတဲ့ ကရဝေးပင် သေးသေးလေးလည်း ရှိတယ်၊၊ ကဲ … ဘယ်လောက် နေချင့်စဖွယ် နေရာလေးလဲ၊၊

အဖေဆောက်ပေးတဲ့ သမီးတို့ အိမ်လေးက ဓနိဖက်လေးတွေနဲ့ မိုးထားတယ်၊၊ အိမ်ဘေးကာကလည်း ၀ါးထရံတစ်ဖက် ဓနိတစ်ဖက်ပေါ့၊၊ ကြမ်းခင်းကတော့ ၀ါးပိုးလုံး အကြီးကြီးတွေကိုခွဲပြီး ဖြန့်ခင်းထားတာပါ၊၊၊ သမီးတို့တွေ ထိုင်ရင် ရှမှာစိုးလို့ အမေက အပေါ်က သင်ဖြူးဖျာလေးတွေ ခင်းပေးတယ်၊၊ အိမ်ဘေးပတ် ပတ်လည်မှာ ရာသီအလိုက် ဟင်းသီးဟင်းရွက်တွေကို အဖေရုံးအားရင် သမီးရဲ့ အစ်ကိုတွေနဲ့ မြေကြီးတွေ ပေါက်ပြီး စိုက်ကြတာပေါ့၊၊ အိမ်ခေါင်းရင်းမှာရှိတဲ့ အဖေတူးပေးထားတဲ့ ရေကန်သေးသေးလေးထဲနေ ရေခပ်ပြီး မောင်နှစ်မတွေ တလှည့်စီ လောင်းရတယ်လေ၊၊ သမီးကတော့ ရေလောင်းတာက နည်းနည်း ရေဆော့ချင်တာ များများပေါ့၊၊

သမီးသူငယ်တန်း စတက်တော့ သမီးတို့ အောင်မင်္ဂလာလမ်းထိပ်မှာပဲ အလက(၅)ကျောင်း ရှိတယ်၊၊ ကျောင်းရဲ့ ဘယ်ဘက်မှာ ကျိုက်ဝိုင်းဘုရားရှိတယ်၊၊ ဘုရားပွဲရောက်ရင် အမေနဲ့အဖေကို လက်တစ်ဖက်စ်ီဆွဲပြီး လိုချင်တာ ပူဆာရတာ သမီး အရမ်းပျော်ခဲ့တယ်၊၊ ညာဘက်မှာ ကျိုက်ဝိုင်းဘုရားဈေးကြီး ရှိတယ်၊၊ ဈေးသွားတဲ့ အမေ့နောက်ကိုလိုက်ပြီး အင်ဖက်နဲ့ ထုတ်ထားတဲ့ ၁ ကျပ်တန် လက်သုတ်ထုပ်လေးတွေကို ကူဆွဲပေးရင်း စားချင်တာ ပူဆာရတယ်၊၊ သမီးကြိုက်တဲ့ ကောက်ညင်းပေါင်း ၅မူးဖိုးဆိုရင် ငှက်ပျောဖက်နဲ့ အကြီးကြီး တစ်ထုပ်ရတယ်၊၊ လမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ ချိုင့်အကြီးကြီး ပေးထားခဲ့ပြီး ဈေးအပြန်ဝင်ယူ၊ အီကြာကွေးဖြစ်ဖြစ် နံပြားဖြစ်ဖြစ် ၀ယ်ပြီး အိမ်ရောက်တဲ့အခါ အမေက ရေနွေးရောပြီး မောင်နှမတွေ သောက်ကြရတာ သမီးဘယ်လိုမှ မေ့မရခဲ့ဘူး၊၊

ကျောင်းပိတ်တာနဲ့ အစ်ကိုတွေနဲ့ လိုက်ဆော့ရတာ အမောပဲ၊၊ သူတို့က မခေါ်ချင်ရင်လည်း သမီးကတော့ လိုက်တာပဲ၊၊ အမေကို တိုင်ရတာ အမောပေါ့၊၊ အိမ်နားမှာ ရေကန်အကြီးကြီးမှာ အစ်ကိုတွေက ရေကူးတယ်၊၊ ငါးမျှားကြတယ်၊၊ သမီးတို့ကတော့ ရေစပ်မှာ ပေါက်နေတဲ့ ရေကနစိုသီးတွေ ခူးပြီး ဆော့ကြတာပေါ့၊၊ ပြီးရင် စွန်လွှတ်တယ်၊၊ ကုလားမခြေထောက် ပြိုင်ကြရင်း ခြေချော်ကျလို့ သမီးရဲ့ သွားနှစ်ချောင်း ကျွတ်ဖူးတယ်လေ၊၊ ဒီလိုပျော်စရာတွေဟာ ဘယ်တော့မှ ပျောက်ဆုံးသွားမှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်၊၊

အဖေ အလုပ်နားတဲ့နေ့တွေဆို အိမ်ရှေ့ ၀ါးကွပ်ပျစ်လေးမှာ မိသားစုတွေ ၀ိုင်းထိုင်ရင်း အမေကျွေးတဲ့ လက်ဖက်သုပ်စား၊ ထန်းလျက်ခဲဝါးရင်း အဖေငှဲ့ပေးထားတဲ့ ရေနွေးပူပူလေးကို သောက်ရတာ အရသာရှိပုံများ ပြောမနေပါနဲ့တော့၊၊ ဒီခြံလေးရောက်မှ အမေက သမီးအတွက် ညီမလေးနဲ့ မောင်လေးတစ်ယောက် မွေးပေးတယ်၊၊ အဲ့ဒီတော့ သမီးတို့ မောင်နှမခြောက်ယောက်မှာ ကိုယ်ပိုင်သရက်ပင် တစ်ပင်စီရှိတယ်၊၊ အစ်ကိုလတ်က ဘယ်တော့မှ သမီးတို့နဲ့ အတူမနေဘူး၊၊ သူ့အပင်ပေါ်မှာ လင့်စင်ထိုးပြီး အဖေ့ပုဆိုးစုတ်လေး တွေ ခင်းပြီးကာပြီး နေတယ်၊၊ မုန့်စားချင်ရင် ကြိုးနဲ့ခိုပြီး ဆင်းလာတယ်၊၊ တစ်နေ့တော့ သူ့ကြိုးကို ရှဥ့်ကိုက် ထားလို့ ပြုတ်ကျမှ မှတ်သွားတယ်လေ၊၊ မမေ့စရာတွေ အများကြီးပေါ့၊၊

သမီး ငါးတန်းနှစ်မှာပေါ့၊၊ မှတ်မှတ်ရရ ၁၉၈၈ ခုနှစ်၊၊ ဘာမှန်းမသိရတဲ့ အမေ့ရဲ့ စိုးရိမ်မူတွေ အဖေ့ ပူပင်သောကတွေ ယောက်ယက်ခတ်နေတဲ့ လူတွေ သမီးစိတ်ရှုပ်လိုက်တာ၊၊ သမီးတို့ကို ကျောင်းလာမတက် ရင် ကျောင်းထုတ်ခံရမယ်တဲ့။ အမေက မလွှတ်ချင်တော့ဘူး၊၊ နောက်ဆုံး မှတ်မိတာကတော့ ကျောင်းခန်းထဲ မှာ သမီးတို့ အငယ်တန်းလေးတွေကို ထည့်ပိတ်ထားတယ်၊၊ ဘယ်သူမှ အပြင်မထွက်ရဘူးတဲ့၊၊ ကျိုက်ဝိုင်းဘု ရားလမ်းမကြီးမှာလည်း လူတွေကို ဖွေးနေတာပဲ၊၊

ကျောင်းဝင်းကြီးကို ဆရာတွေက သော့ခတ်လိုက်တာ တွေ့ရတယ်၊၊ နောက် (၈)တန်းက အကိုကြီးတွေ အပြင်ကို ပြေးထွက်ပြီး ကျောင်းဝင်းတံခါးကို ဖြိုတော့ အားလုံးက ၀ိုင်းလက်ခုပ်တီးတော့ သမီးတို့တွေလည်း ဘာမှန်းမသိဘူး မြင်ရတာ ပျော်စရာကြီးမို့ လက်ခုပ်တီးလိုက်တာ သမီးလက်ဝါးတွေတောင် ကျိန်းစပ်သွားတာ ပဲ၊၊

ကျောင်းတံခါးကြီးလည်း ၀ုန်းဆို ပြိုသွားရော လူတွေ ရဲတွေ ကျောင်းထဲ ပြေးဝင်လာကျတော့ သမီးတို့တွေ လည်း ကြောက်ကြောက်နဲ့ ထွက်ပြေးကြတာ ကျောင်းနောက်ဖေး အိမ်သာဘက်ပေါ့၊၊ အိမ်ပြန်ရောက်လို့ အမေ့ရင်ခွင်ထဲရောက်မှ ကြောက်စိတ်ပြယ်တယ်၊၊ အင်းစိန် အထက (၂)မှာ ကျောင်းတက်နေတဲ့ အစ်ကိုကြီး လည်း ပြန်မလာ၊ အိမ်ကို သမီးကို လာပြန်ပို့တဲ့ သမီးနဲ့ ကျောင်းတူတဲ့ အစ်ကိုနှစ်ယောက်လည်း ဘယ်ပြန် ထွက်သွားမှန်း မသိဘူး၊၊ အဖေက သူတို့ကို ထွက်ရှာ၊၊ သမီးတို့ ညီအမနှစ်ယောက်နဲ့ လသားလေးပဲ ရှိသေးတဲ့ မောင်လေးကို ဖက်ပြီး စိုးရိမ်ပူပန်သောကရောက်နေတဲ့ အမေကို ကြည့်ပြီး သမီးဗိုက်ဆာတာတောင် မပြော ရက်ခဲ့ဘူး၊၊

နောက်ပိုင်းမှာ အစ်ကိုတို့ လွယ်အိတ်ထဲမှာ အမွေးဖွားဖွားလေးတွေပါတဲ့ ဂျင်ဂလိလို့ခေါ်တဲ့ သံချွန်လေးတွေ ရှိလာတယ်၊၊ အစ်ကိုတွေကလည်း လစ်ရင်လစ်သလို ပျောက်သွားတတ်တယ်၊၊ သမီးတို့ အိမ်လေးမှာ စကားလုံးတွေ ပါးရှားလာတယ်၊၊ မိဘတွေရဲ့ သက်ပြင်းချသံတွေနဲ့အတူ သေနတ်သံတွေကြားရင် ညည သမီးတို့တွေ အိပ်မရကြတော့ဘူး၊၊ သမီးတို့မှာ စားစရာ ပြတ်မှာစိုးလို့ အဖွားလေးပေးမယ့် ဆန်ထုပ်ကို အဖေက ဟိုး … ကြည့်မြင်တိုင်ကနေ သမီးတို့နေတဲ့ သမိုင်းအထိ ခြေလျင် ထမ်းပိုးပြီး ပြန်လာတယ်၊၊ အမေ့မှာ အဖေပြန် မရောက်မချင်း ဘာမှမစားဘဲ အိမ်ရှေ့မှာ ထွက်စောင့်နေတယ်၊၊ ကျိုက်ဝိုင်းဘုရားလမ်းမကြီးမှာ ပဲအပုတ်နံ့တွေ လှိုင်လာတယ်၊၊ ဈေးထဲမှာ သမီးကြိုက်တဲ့ မုန့်တွေ မရောင်းတော့ဘူး၊၊ သမီးတို့ မမြင်ဖူးတဲ့ ပစ္စည်းတွေပုံပြီး ရောင်းနေကြတယ်၊၊ အဖေက အမေနဲ့ အစ်ကိုတွေကို အပြင်က ဘာမှ မယူလာဖို့ ဘာလာ ရောင်းရောင်း ဘာမှ မ၀ယ်ဖို့ မှာတယ်၊၊

အားလုံးပြီးသွားတဲ့အခါ သမီးတို့ကျောင်းတွေ ပြန်ဖွင့်တယ်၊၊ စာမေးပွဲ လည်း ဖြေရတယ်၊၊ ဘာမှလည်း မသိဘဲနဲ့လေ၊၊ နောက် အဲ့မှာ မှတ်မှတ်ရရ သမီးတို့ကျောင်းသားတွေကို လေ့လာရေးခရီး အင်ဗွိင်းခမ်းမ ဆိုလား တပ်မတော်ခမ်းမကို ကျောင်းကားတွေနဲ့ခေါ်သွားတယ် အဲ့မှာပြတဲ့ ဓာတ်ပုံတွေထဲမှာ သွေးသံရဲရဲနဲ့ခေါင်းပြတ်ပုံတွေ ကြောက်စရာ လန့်စရာ သွေးပျက်စရာ ဆရာမတွေကလဲ မျက်နှာအပျက်ပျက်နဲ့ သမီးတို့တွေ လူစေ့တက်စေ့ တန်းစီပြီး တစ်ပုံချင်း ကြည့်ရတယ် အဲ့နေ့က သမီးအိမ်မက် မက်ပြီး ယောင်အော်လို့ အမေ ပရိတ်ရေတိုက်ရသေးတယ်။

ဒါပေမယ့် အိပ်ပျက်ညတွေ ပြီးဆုံးသွားပြီလို့ ထင်ခဲ့တာ တကယ်တော့ မဟုတ်ခဲ့ဘူး၊၊ အဲ့ဒီအချိန်ကျမှ သမီးတို့ မိသားစုတွေရဲ့ ဘ၀တွေဟာ အိမ်မက်ဆိုးတွေရဲ့အစနဲ့ ကြုံလာရမှန်း သိလိုက်ရတာ။

သမီးတို့ နေရာလေး ဖျက်ပေးရမယ် တဲ့၊၊
အစိုးရစက်ရုံတွေနဲ့ ကိုက် ၁၀၀ လား၊ ၃၀၀ လား အကွာအထိ ဖျက်ပေးရမယ်တဲ့၊၊

အိမ်ဖျက်ရတော့မယ်လို့ သိလိုက်တဲ့အချိန်မှာ အဖေ့မျက်နှာကို မြင်ရတာ ပြိုတော့မယ့် မိုးလိုပါ၊၊
အဖေဟာ သမီးတို့ရဲ့ ကောင်းကင်ပါ၊၊ အဖေရဲ့ မျက်နှာညိုတော့ သမီးတို့ ဘာမှန်းမသိဘဲ ငိုချင်ခဲ့တယ်၊၊
တို့ဘယ်ကိုသွားမလဲ တဲ့၊၊

အိမ်မပြောင်းခင် အပင်တွေကို ရောင်းခဲ့လို့ရတယ်ဆိုတော့ အဖေက အပင်အရေအတွက်နဲ့ ရောင်းတော့ သမီးတို့ရဲ့ ကိုယ်ပိုင် အပင်လေးတွေကို လာခုတ်ကြတော့ အမေရိုက်တာတောင် မငိုခဲ့တဲ့ အစ်ကိုလတ်က ရှိုက်ကြီးတငင် ငိုခဲ့တယ်၊၊ သူ့လင့်စင်လေး ပျက်သွား တာကိုး၊၊ ပြောင်းရတော့မယ် တက်ကြတက်ကြဆိုပြီး စစ်ကား ရိန်းဂျားကားကြီးတွေ ဆိုက်လာတော့ အပြေးအလွှား တက်ကြတဲ့အခါ ကားထွက်ခါနီး သမီးရဲ့ အချစ်ဆုံး သူငယ်ချင်းက ပြေးလိုက်လာပြီး သစ်ခွအုံကြီး လိုက်ပေးတယ်၊၊ အဲ့ဒီသစ်ခွအုံကြီးက အရင်တုန်းက ပန်းပွင့်ရင် သမီးတို့ ခူးမှာစိုးလို့ တဟဲ့ဟဲ့နဲ့ အော်ဟစ်တားနေခဲ့တာ။ အခုတော့ သူ့အမေကြီးက ဒါတွေကို ဂရုမ စိုက်အားတော့ဘူး ထင်ပါရဲ့။

အကွေ့အကောက်တွေ လမ်းမကြီးတွေ တံတားကြီးတွေ ဖြတ်ပြီး နောက်ဆုံး မြစ်ကြီးတစ်စင်းကို ဖြတ်အပြီးမှာ ကွင်းပြင်ကျယ်ကြီးကို တွေ့ရတယ်၊၊ ဘာဆိုဘာမှ မရှိဘူး၊၊ အလံလိုလို အ၀တ်စလေးတွေ ထောင်ထားတဲ့ ကန္နားဖျင်းတဲလေးတွေ။ ကားဖြတ်သွားတော့ မျက်စိအကြောင်သားလေးတွေနဲ့ ရပ်ကြည့်နေတဲ့ သမီးတို့အရွယ် ကလေးလေးတွေ၊၊ မီးခိုးလေးတွေ အူနေတဲ့ တဲလေးတွေ၊၊ ရေစည်လှည်းကို ကုန်းတွန်းနေတဲ့ ကျောကုန်းပြောင်နဲ့ လူတွေ၊၊

သမီးတို့တွေကတော့ တခါမှ မမြင်ဖူးတဲ့ မြင်ကွင်းကို ကြည့်ပြီး အရာရာဟာ ပါးစပ်အဟောင်းသား ဖြစ်ရတယ်၊၊ ဘာမှန်းမသိ ကြောက်စိတ်လည်း ၀င်လာလို့ အဖေရင်ခွင်ထဲဝင်ပြီး အဖေ့မျက်နှာကိုကြည့်တော့ အံကြိတ်ပြီး အေးစက်တင်းမာနေတဲ့ တစ်ခါဖူးမှ မမြင်ဖူးတဲ့ ပုံရိပ်ကို တွေ့ရတယ်၊၊ မောင်လေးကို ပွေ့ပြီးလိုက်လာတဲ့ အမေမျက်နှာကလည်း ခံစားချက်မဲ့နေသလို၊၊

ဒါ … မင်းတို့ နေရမယ့်နေရာပဲ တဲ့၊၊

ဘာဆိုဘာမှ မရှိဘူး၊၊ အရိပ်ဆိုလို့ မြက်ပင်လေး တစ်ပင်တောင် မရှိတဲ့နေရာ၊၊
ဘုရားရေ … ဘယ်နေရာများပါလိမ့်၊၊ သောင်ပြင်လွှတ်ခံရတဲ့ သူတွေလိုပါလား၊၊
တံလျပ်ရောင်တွေကလည်း တ၀င်းဝင်း၊၊ မြင်လေရာဟာ လေဟာနယ်ကြီး တစ်ခုလို၊၊

လေတိုက်ပုံကလည်း အဖေ့လက်ကိုသာ ဆွဲမထားရင်း သမီးတို့ မောင်နှမတွေ လွင့်သွားမှာတောင် စိုးတယ်၊၊ မြင်ရတဲ့ မြေကြီးပတ်ကြားအက် အကွဲကြီးတွေက မြေပုံဆွဲထားသလို၊၊

စစ်ကားကြီးပေါ်က ချပြီးတဲ့ ပစ္စည်းပုံတွေနဲ့ သမီးတို့ကို လက်ဆွဲပြီး မတ်မတ်ရပ်နေတဲ့ အဖေ့မျက်နှာကို မကြည့်ဝံ့ တော့ဘူး၊၊ တရွေ့ရွေ့ဝေးသွားတဲ့ ဖုန်တထောင်းထောင်းနဲ့ ကျောခိုင်းထွက်သွားတဲ့ ကားကြီးကို ငေးကြည့်ရင်း သမီးတို့ရဲ့ အနာဂတ်ကို တွေးမိတော့ …၊၊

အဖေနဲ့ အစ်ကိုတို့ ထိုးထားတဲ့ ကန္နားဖျင်း တဲလေးထဲမှာ မောင်လေးနဲ့ ညီမလေး ဘေးမှာနေရင်း မီးမွှေးနေတဲ့ အမေကို ငေးကြည့်မိတယ်၊၊ မောင်လေးက ရေဆာတယ်လို့ ပြောတာကို အမေကိုပြောတော့ သမီးတို့မှာ သောက်စရာရေတောင်မရှိတဲ့ အဖြစ်တွေအတွက် သမီးရင်ထဲမှာ နာကျင်ခဲ့တယ်၊၊ မိဘတွေဆို ဘယ်လိုနေခဲ့ မလဲလို့ မတွေးရဲတော့ဘူး၊၊

မနက်တစ်ခေါက် ညနေတစ်ခေါက် ရေလာပေးတဲ့ ဘောက်ဆာကားကြီးကို မျှော်ရတဲ့အလုပ်၊၊ သားလေး ငါးလေးကို နီးရာရွာတွေက လာရောင်းမှ စားရတယ်၊၊ ညဘက်ဆို ပိန်းပိန်းမှောင်နေတဲ့ အမှောင်ထုကြီးကြားမှာ ညညဆို သူခိုးပူလွန်းလို့ ကိုယ့်လုံခြုံရေးအတွက် ကိုယ့်ဘာသာ အလှည်ကျ ကင်းစောင့်ရတဲ့ အစ်ကိုတွေ ဘေးမှာ ထိုင်ရင်း ခြောက်သွေ့သွားပြီဖြစ်တဲ့ သစ်ခွအုံလေးကိုငေးရင်း သမီးတို့ရဲ့ အိမ်ဟောင်းလေးကို လွမ်းတဲ့ စိတ်နဲ့ ငိုမိတယ်၊၊

ကျောင်းတက်ရတဲ့ ဘ၀ကတော့ တစ်သက်တာအတွက် ဘယ်လိုမှ မေ့လို့ရမယ် မထင်ဘူး၊၊ မြို့သစ်မှာ သမီးတို့အတွက် ကျောင်းမရှိဘူးဆိုရင် ယုံမှာလား၊၊ မိုးသည်းသည်း လေထန်ထန်မှာ သမီးတို့မောင်နှမတွေ ငမိုးရိပ်ချောင်းကိုဖြတ်ပြီး ကျောင်းတက်ခဲ့ရတယ်လေ၊၊ ညီမလေးက ခေါင်မိုးပြည့်အောင် မမိုးရသေးတဲ့ မြို့သစ် ကျောင်းလေးမှာ တက်ရတယ်၊၊ သမီးတို့ မောင်နှမတွေ ကျောင်းသွားရင် မောင်လေးကိုပွေ့ရင်း စိတ်မချလွန်းလို့ မျက်စေ့တဆုံး ငေးကြည့်နေတဲ့ အမေကိုကြည့်ရင်း သမီးတို့မောင်နှမတွေ ၀မ်းနည်းစိတ်မ ကောင်းဖြစ် နောက်ကြောင်းမအေးသလို ခံစားခဲ့ရတယ်၊၊၊ အိမ်အပြန်မှာ လမ်းပျောက်ပျောက်သွားနေတဲ့ အဖေ့ကို မျှော်ကြရင်း သမီးတို့ ရင်မောခဲ့ရတယ်၊၊

ဒီလိုမျိုး သမီးတို့ရဲ့ ဘ၀တွေ အားလုံးပြောင်းပြန်လှန်သလို နေရာတွေ ပြောင်းပေးခဲ့ရတာတွေဟာ ဘာကြောင့် ဘယ်သူ့ကြောင့် ဘာတွေကြောင့်ဆိုတာ သမီးငယ်ငယ်တုန်းက မသိခဲ့တာ အမှန်ပါ၊၊ သမီးတို့ရဲ့ ဘ၀တွေကို အငြိုးမရှိဘဲ ပျက်စီးအောင် လုပ်ခဲ့သူတွေကို ဘာကြောင့်ဆိုတာ သိအောင်ကြိုးစားမယ်လို့ သမီးဆုံးဖြတ်ခဲ့ တယ်၊၊

သိလိုက်တဲ့ အချိန်မှာ သမီးက သမီးတို့လို သိသွားတဲ့ သူတွေကို လုံခြုံအောင် ထိန်းသိမ်းထားတဲ့ နေရာတစ် ခုမှာ ရောက်နေပြီအဖေ၊၊ ဒါပေမယ့် သမီးသိချင်တာ တစ်ခုရှိတယ်။ သမီး အရိပ်လို အမြဲကြည့်ခဲ့တဲ့ အဖေရဲ့ မျက်နှာ အဲ့ဒီအချိန်မှာ ဘယ်လိုရှိနေမယ်ဆိုတာကိုပါ အဖေ …။

(တိုင်းပြည်ရှိပြီး တိုင်းပြည်ပျောက်နေရတဲ့၊ နေရာရှိပြီး နေရာပျောက်နေရတဲ့၊ အိမ်ရှိပြီး အိမ်ပျောက်နေရတဲ့ ဘ၀တွေအတွက် …)

( အိမ်ကိုလွမ်းသဖြင့် ပြန်လည်ဖော်ပြပါသည် Blog ဘယ်ဘက်ခြမ်းက မိသားစုဓာတ်ပုံလေးက ဒဂုံကို အိမ် မပြောင်းခင် အိုးအိမ်ရုံးကို ကျွန်မတို့မိသားစု ဓာတ်ပုံ ပေးရလို့ ရိုက်ထားတာပါ)

16 Comments:

အိုက်ခီလောက် said...

အမရေ ဖတ်ပြီး စိတ်မကောင်း၇ပါဘူး ဒါပေမယ့် အမရေးပြတော့ အနော့တို့ လည်း ဖတ်ပြီးခံစားရတာတယ်လေ ဒီလိုလုပ်သွားပါလားဆိုတာ
အမလည်းငယ်ကတည်းကခံနိုင်ရည်တော်တော်ပြည့်ခဲ့တယ်နော် ခုထိ သန်မာနေတုန်းပဲ အမရေ
အားရပါးရ ဖတ်သွားပါတယ် ဖတ်ပြီးစိတ်မှာတစ်နုံနုံနဲ့ ခံပြင်းတယ်ဗျာ

မြူးသျှရီ said...

မရေ.....
88..နောက်ပိုင်းတိုင်းပြည်ပျောက်ခဲ့ရတဲ့
ဘ၀မှာတော့မြူးတို့ လဲပါတယ်

kiki said...

(တိုင်းပြည်ရှိပြီး တိုင်းပြည်ပျောက်နေရတဲ့၊ နေရာရှိပြီး နေရာပျောက်နေရတဲ့၊ အိမ်ရှိပြီး အိမ်ပျောက်နေရတဲ့ ဘ၀တွေအတွက် …)
ရင်နာစရာ ဒီဘဝတွေပါ ။
ကိုယ့်တိုင်းသူပြည်သားတွေရဲ့ အဓိက အခြေခံ
စားဝတ်နေရေး ဆိုတာတွေကိုတောင် အဆင်ပြေ လုံခြုံမှု မပေးနိုင်တဲ့ ဒီလက်နက်အားကိုး အာဏာရူးတွေ ရှိနေသမျှ ဒီပြည်သူတွေမှာ လောက ငရဲတွေ ဆက်လက်ခံစား နေရအုံးမယ် မဆုမွန် ရေ ။ ။

ဗီလိန် said...

ငိုချင်သွားတယ်ဗျာ။ အရေးအသားကလည်း ကောင်းတယ်။ ဇာတ်ကလည်း နာနာဆိုတော့ အစ်မရေးတုန်းကကော ငိုများ ငိုနေရော့သလားဗျာ။

Nge Naing said...

ညီမရေ အဖြစ်အပျက်တွေက တနိုင်ငံလုံးမှာ ဖြစ်ခဲ့တာ ဖြစ်နေတာ သိပြီးသားပေမယ့် ဒီလို ကိုယ်တိုင် ကြုံရတာလေးကို ကြုံရသူကိုယ်တိုင် ရေးထားတော့ ဖတ်ရတာ ပိုပြီးလေနက်သွားတယ်။ ၈၈ နောက်ပိုင်းမှာမှ မဟုတ်ဘူး ၆၂ ကစပြီး အားလုံးမှာ တခုမဟုတ်တခု ပျောက်ခဲ့ရတာ ချည်းပါပဲ။ ဝေးလံခေါင်ဖျားကျတဲ့ အရပ်တွေမှာဆို Relocation အလုပ်ခံရလို့ ဘုံပျောက်ရုံတင်မကဘူး ပေါ်တာဆွဲ၊ လုပ်အားပေးခေါ်ပြီး ကျွန်ပြုခံရတာပါ ရှိရုံတင်မက အသက်ပါ ပျောက်ခဲ့ရသူတွေလည်း အများကြီးပါပဲ။ ဒီဒုက္ခသံသရာကြီးထဲက လွတ်မြှောက်ဖို့ ကြိုးစားတဲ့သူတွေကလည်း မြန်မာပြည် လူဦးရေနဲ့ စာရင် အရေအတွက်က သိပ်နည်းတော့ ဖိတဲ့သူကို ဖိချင်သလို ဖိခွင့်ပေးထားသလို ဖြစ်နေတာပေါ့။

ဆရာဖေ said...

ဒီလို post လေးတွေမကြာ မကြာ တင်ပေးပါ မဆုမွန်ရေ ဒီခံစါးချက်လေးတွေက စစ်အဆိုးရ တော်လှန်ရေးအတွက် မောင်းနှင်အားတွေဖြစ်စေပါတယ်။

Anonymous said...

ဆင်းရဲခြင်းနဲ. ယဉ်ပါးနေတဲ့ ကျွန်တော်တို.ဘ၀တွေ ဘယ်တော့များလွတ်ပါ့မလဲ ၊၊ ငွေတွေကို တရားမ၀င် ကြေငြာတော့ ဘ၀ပျက်သွားသူတွေရော ၊ သူတို.လိုဘတစ်ခုအတွက် ပေးဆပ်လိုက်ရတဲ့ဘ၀တွေ ........
လုပ်ချင်တာလုပ်သမျှခံနေရတာပဲ .....
ကျွန်တော်တော့ အခု ဟိုအမေရိကန်ကောင်ကို ဒေါသထွက်တယ်ဗျာ၊ ပထမ voa နားထောင်လို.သိသိချင်း တကယ် အနားမှာသာရှိရင် သတ်မမိမလားပဲ...
၂၇ ရက်နေ.ကိုမျှော်နေတာ တကယ်ပါ .... အခုတော့ ဘာဖြစ်အုံးမှန်းမသိတော့ဘူးနော်..... ကျွန်တော့်အဖေ ပြောသလို တစ်စမပြီးခင်တစ်စရှည်ပြန်ပြီ
အမေရိကန်တွေအနေနဲ အိုဘာမားတို. ၊ ဟယ်လာရီကလင်တန်တို. အနေနဲ့ရော သူတို.နိုင်ငံသား ကြောင့်ဖြစ်တာ တာဝန်မယူဘူးလား မေးချင်တယ်
တကယ်ကို ၅၆သန်းသော ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတယ်...
သူတို.စတန်.ထွင်ချင်တာတစ်ခုအတွက်နဲ.ဗျာ.....

ဒီစာတွေ post မတင်ရင်မတင်ပါနဲ. အစ်မ
အစ်မကျန်းမာပါစေနော်....

မယ့်ကိုး said...

ကိုယ်တွေ့ အပြင် သမီး သမီးလို့  နာမ်စားသုံးထားတဲ့အတွက် တကယ်ခံစားလိုက်ရပါတယ်။

ကိုလူထွေး said...

ဖတ်ရင်းနဲ့ စာထဲမှာ မျောသွားပါတယ်...
အဖေ့ ရင်ထဲက မီးတောက်တွေကိုလဲ မြင်ရတယ်...

ကျွန်တော်တို့ ပြည်သူတွေ ဘဝများ ကိုယ့်သဘောမပါဘဲ အရူးလင်လုပ်မိရက်သား ဖြစ်နေတာကိုးဗျာ...

ကျွန်တော်လင့်ချင်လို့  ရမလား...

မိုးမြင့်အောင် said...

မဆုမွန်က အင်းစိန်အထက(၂)ကိုသိတော့သုခလမ်းတို့ ဖူးကြီးစက်ရုံတို့ကိုသိလား

moekhar said...

ရင်ထဲမှာဆို့နေတာပဲ

ဂျူနို said...

မဆုမွန်ရေ.
ကျမ မိဘတွေဆို ခုထိ အိမ်ပြန်မရသေးဘူး။
ဘာအစားပေးတာ လျှော်တာမရှိ။

သက်ပိုင်သူ said...

အမရယ်.. ဖတ်ပြီးသွားတာ ကြာလှပီ
ဒီနေ့မှ ထပ်ပြီးဖတ်တယ်...
အမတို့ မိသားစုလေး အဆင်ပြေပါစေဗျာ

နွေးနေခြည် said...

ဖတ်ပြီးခံစားရတယ် အမရေ
ဒီဘ၀တွေက လွှတ်ချင်ပါပြီ

အိမ်လွမ်းသူ said...

ဖတ်ပြီးစိတ်မကောင်းဘူးညီမရေ... ငယ်ဘဝတွေက မမေ့နိုင်စရာတွေကို ကွက်ကွက်ကွင်းကွင်းရေးထားတာ အခုပြန်ခံစားနေရသလိုပါပဲ

အွန်စော said...

this is life, ဒါဘ၀ပဲ။ ဆူ၊ကျုံ့၊ နိမ့်၊မြင့်၊ အပေး၊ အယူ၊ ပြုသူ၊ အပြုခံ---လောကဒဏ်တွေပါပဲ။ အစားခံဘ၀ကြုံခဲ့ရသလို စားရတဲ့ အချိန်လည်း ကြုံကြအုံးမယ်ထင်ပါတယ်လေ။