သတင်းတွေ သတင်းတွေ ဖတ်လိုက် ကြားလိုက် မြင်လိုက်တာနဲ့ စိတ်ချမ်းသာစရာတစ်ကွက်မှ မမြင်ဘူး သတင်းတွေကို ကြာတော့ မဖတ်ချင် မကြားချင် မမြင်ချင်တော့လောက်အောင်ကို စိတ်ထဲက ခံစားလာရတယ်။ အဲ့ထဲကမှ မနေ့က ထူးထူးဆန်းဆန်း သတင်းလေးတစ်ခုကို ဖတ်မိတော့ မပြုံးပဲ ၀ါးလုံးကွဲရယ်မိပါတော့တယ်။ နောက် ကြံကြံဖန်ဖန် ရွှေညဏ်တော်စူးရောက်တဲ့ ညဏ်ကြီးရှင်တွေရဲ့ ဦးနှောက်ကိုလဲ ရွှေချချင်စိတ် ပေါက်မိပါတယ်။
ကြွက်မြီး ၁၀ချောင်း သို့မဟုတ် ဒဏ်ငွေ နှစ်ထောင်ကျပ်တဲ့လေ အခုလိုမျိုး စနစ်တကျ တိုက်ကွက်ဆင်ပြီး ကြွက် အမြစ်ဖြုတ်ရေး အာဏာပိုင်တွေရဲ့ ကြွက်မြီး စစ်ဆင်ရေးစီမံချက်ကို ရယ်ချင်ပက်ကျိဖြစ်စွာ အံ့မခန်း သိလိုက်ရပါတယ်။
စပါးစိုက်မရလို့ စိတ်ပိန်နေရတဲ့အထဲ အခုလိုမျိုးကြွက်မြီးစစ်ဆင်ရေးလုပ်ခိုင်းတာဟာ တကယ်တမ်း ကြွက်နှိမ်နှင်းရေးအတွက် မထိရောက်ဘူးလို့ ဒေသခံလယ်သမားဦးကြီးက ပြောပါတယ်။ လယ်ထဲကို ကြွက်တွေက တပ်စိတ်လိုက် အုံလိုက် ကျင်းလိုက် လာလာပြီး စပါးတွေကိုဖျက်ဆီးနေတဲ့အတွက် လယ်တွေအကြီးအကျယ် ပျက်လို့ လယ်သမားတွေ စိတ်ဆင်းရဲနေကြပါတယ်။
အခုလိုမျိုး နာဂစ်ဒေသမှာ ကြွက်တွေ သောင်းကျန်းနေတာဟာ နာဂစ်ဖြစ်တုန်းက လူသေအလောင်းတွေ ကျွဲနွားအလောင်းတွေ စနစ်တကျ သေသေချာချာ မမြုတ်နှံနိုင်ခဲ့တဲ့အတွက် တူးဖော်စားသောက်ရာကနေ ရာထောင်ချီပြီး ကြွက်မျိုးပွားလာရတယ်ဖြစ်တယ်လို့လဲ ပြောပါတယ်။ အခုချိန်အထိလည်း အရိုးကျနေတဲ့ အရိုးအပိုင်းအစတွေ အ၀တ်စတွေက လယ်ကွင်းတွေထဲမှာ ရှိနေတုန်းပဲဖြစ်ပါတယ်။
ဆိုတော့ နာဂစ်ဒေသမှာ ကြွက်ကျလို့ တခြား ကြွက်ကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါတွေအတွက် ကြိုတင်တွေးပြီး စိတ်ညစ်နေကြရတဲ့အထဲ ကြွက်မြီးဖြတ်ခိုင်းနေတဲ့အတွက် ခလေးလူကြီး ပါမကျန် ကြွက်ဖမ်းဆီးရေးအတွက် ထောင်ချောက်ဆင်ပြီး ကြွက်မြီးဖြတ်နိုင်ရေး လယ်ကွက်တွင်း စစ်ဆင်ရေးဆင်းဖို့ ပြင်ဆင်နေရတဲ့အတွက် စပါးပြန်စိုက်နိုင်ဖို့ မိသားစု စားဖို့အတွက် ပိုက်ဆံရှာဖို့ အချိန်မပေးနိုင်ဘူးဖြစ်နေပါတယ်ရှင်။
မဆုမွန် စဉ်းစားတာတော့ စီးပွားရေးသမား ဂွင်ဆင်ပြီး ကြွက်မြီးဆယ်ချောင်း ဒဏ်ငွေနှစ်ထောင်ဆိုတော့ ကြွက်မြီးတစ်ချောင်းကိုအနည်းဆုံး တစ်ရာ ငါးဆယ်နူန်းနဲ့များ လိုက်ရောင်းနေတဲ့ စီးပွားရေးဈေးကွက် ကြီး နာဂစ်ဒေသမှာ ဖြစ်လာလေမလားလို့ တွေးရင် ညဏ်ကြီးရှင်တွေရဲ့ ကြွက်မြီးစစ်ဆင်ရေးစီမံချက်အတွက် ရယ်ရမလို ပြုံးရမလို ဖြစ်မိပါတယ်ရှင်။
သတင်းအပြည့်အစုံကို ဒီမှာ ဖတ်လို့ရပါတယ်။








read more ကို သွားမနှိပ်နဲ့နော် 