ဒီနေ့ ကျွန်မ ချစ်သူ ခရီးထွက်လို့ သုဝဏဘူမိ နိုင်ငံတကာလေဆိပ်ကို လိုက်ပို့ပါတယ်။ ချစ်သူတွေကို လေဆိပ်မှာ သွားကြိုရတဲ့ ခံစားချက်နဲ့ ချစ်သူတွေကို လေဆိပ်ကို သွားပို့ရတဲ့ ခံစားချက်တွေကို မခံစားချင်တော့တာ အမှန်ပဲ။ စိတ်မကောင်း ဖြစ်နေချိန်မှာ ငိုအားထက် ရယ်အားသန်တဲ့ အဖြစ်လေးတစ်ခု ဖောက်သည်ချချင်လို့ပါ ကျွန်မတော့ ပြန်တွေးတိုင်း ပြုံးစိစိဖြစ်မိပါတယ်။
မနက်စောစော ထွက်မယ့် လေယာဉ် ကွင်းကို လိုက်ပို့ ပြီးတော့ လေယာဉ် လက်မှတ် ကိုင်ဆောင် သူများသာ ဆိုတဲ့ နေရာကို အရောက် မှာတော့ သူ့ကို ပြုံးပြလိုက်တယ်။ မကြာခဏ ခွဲခွာရပေမယ့် ကိုယ့်ဘေးနားက ချစ်တဲ့သူ တစ်ယောက် ပျောက်ပျောက် သွားတိုင်း ခဏလေး ဆိုရင် တောင် ကျွန်မ ၀မ်းနည်းလေ့ရှိတယ်။ ဒါပေမယ့် များသောအားဖြင့် ခရီးထွက်ကြတိုင်း ကျွန်မက ကျွန်မချစ်သူတွေကို အစစအရာရာ ပြည့်စုံအောင် လိုအပ်ချက်တွေကို ဖြည့်စည်းပေးပြီး သူတို့ ခရီးစဉ် အဆင်ပြေဖို့ က အဓိက ဖြစ်လို့ တော်ရုံ ကိစ္စတွေဆို မျက်နှာ တစ်ချက် မပျက်ပဲ တောက်လျောက် လုပ်ပေးခဲ့တာ အကြိမ်ရေ များတယ်လေ။ အမေ ပြန်တုန်း ကဆို လည်း ကျွန်မမှာ ငိုဖို့ အချိန် မရဘူး။ စကား မပေါက်တဲ့ အမေ စက်လှေကား ကြောက်တဲ့ အမေ့ အတွက် လေယာဉ်ထဲ အထိ အဆင်ပြေပြေ အရောက်သွားနိုင်ဖို့ စီစဉ်ပေးရတော့ အမေသွားခါနီး ၀င်ခါနီး အချိန်အထိ အမေ့ကို နုတ်ဆက်စကားဆိုတာထက် အမေ့ဘေးမှာ ပါသွားမယ့် ၀န်ထမ်းကို အမေ့ကို ဂရုစိုက်ဖို့ တတွတ်တွတ် မှာ နေရ တယ်လေ။ ပြီး အမေအထဲ ၀င်သွားမှ စိတ်ကို တစ်ဝက် လျော့တယ် နောက် အိမ်ကို အမေပြန် ရောက် လောက် ချိန် ဖုန်းဆက်မှ အမေ ပြန်ရောက်ပြီဆိုတာ စိတ်ကို အကုန်ဒုံးဒုံးချနိုင်တော့တယ်။
အခုလဲ ကိုယ်တော်လေး ခရီးထွက်ဖို့ အစစအရာရာ ပြင်ဆင်ထည့်ပေး လက်မှတ် ပတ်စပို့ စစ်ပြီးတော့ လေယာဉ်ကွင်းထဲ အထိ လိုက်ပို့ ပေးပြီး သွားခါနီးကျမှ ကျန်ခဲ့ရမယ့် ကိုယ့်ကိုကိုယ် နည်းနည်း ၀မ်းနည်း သလို ဖြစ်မိတယ်။ အဲ့တာနဲ့ စိတ်ထွေထွေနဲ့ တစ်ကိုယ်တည်း လေဆိပ် အပေါ်ဆုံး ထပ်ကနေ လမ်းညွှန် မြှားလေးတွေ အတိုင်း လေယာဉ်ကွင်းကနေ ဘတ်စ်ကားဂိတ်အထိ အခမဲ့ လိုက်ပို့ပေးတဲ့ ရှပ်တဲလ် ဘတ်စ် ကို လိုက်ရှာ လိုက်တာ သွားနေကျ ပေမယ့် မျက်စိတွေ လည်သွားပါရော။ တစ်ခေါက် အပေါ်ကို ဓာတ်လှေကားနဲ့ ပြန်တက် အစကနေ ပြန်လျောက်တော့မှ shuttle Bus မှတ်တိုင်ကိုတွေ့တယ်။ မျက်စိလည်စရာ သူဝဏဘူမိ လေဆိပ်က အထပ်တိုင်း မှာ အမြဲ လိုလို ခရီးသွားတွေနဲ့ ပြည့်နှက်နေပါတယ်။ အထူးသဖြင့် အနောက်တိုင်းသားတွေထက် အရှေ့တိုင်း သားတွေက အခုရက်ပိုင်းမှာ ပိုများ နေတာ သတိထားမိပါတယ်။
အဲ့ဒီ့ Shuttle Bus ကားမှတ်တိုင်လေးမှာ ကုလားဆင်လူမျိုး လူတန်းရှည်ကြီး တစ်ခု ကို မှတ်မှတ်သားသား တွေ့မိတယ်။ သူတို့က အထုတ်တွေ ကိုယ်စီနဲ့ တန်းစီစောင့်နေတယ်။ သူတို့ ပတ်ပတ် လည်မှာလဲ တက်စီ သမားတွေက အုံခဲပြီး ငယ်သံ ပါအောင် ခေါ်နေ တယ်။ သူတို့ က အထုတ်တွေ တင်ထားတဲ့ တွန်းလှည်းကို ကျစ်ကျစ် ပါအောင် ဆုပ်ထားကြပြီး မျက်နှာ တင်းတင်းနဲ့ လုံးဝကို လှည့် မကြည့်ကြပါဘူး။ ကျွန်မ စိတ်အထင် သူတို့ ဘတ်စ်ကားဂိတ်ကို သွားဖို့ shuttle Bus ကို စောင့်နေကြဟန် တူပါတယ်။ အဲ့ဒီ့ လူတန်းကြီး ကို ကျွန်မလဲ ထိုင်နေရင်း စိတ်ဝင်တစားကြည့်နေမိတယ်။ အဲ့ဒီ့လူအုပ်စုကြီးမှာ ခေါင်းဆောင် တစ်ယောက် ပါပါတယ်။ အဲ့ဒီ့ ခေါင်းဆောင် ရဲ့ ဦးဆောင်မူကို တော်တော်လေး လိုက်နာဟန်ရှိပါတယ်။ အဲ့ဒီ့ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ လူကြီးက အထုတ်ကို ကိုင်ရင် သူတို့ ကိုင်ပါတယ်။ အဲ့ဒီ့လူကြီး က ဟို တစ်ဘက်ကို မျော်ကြည့်ရင် သူတို့လဲ မျော်ကြည့်ကြပါတယ်။ ဒီဘက်ကို ပြောင်းပြီး သူက မျော်ကြည့် ရင်လည်း သူတို့ လိုက်မျော်ကြည့်ကြပါတယ်။ ယိမ်းတိုက်သလိုဖြစ်နေတဲ့ သူတို့အုပ်စုကို ကားမှတ်တိုင်က လူတွေ ကလဲ ကွက်ကြည့် ကွက်ကြည့် လုပ်နေပါတယ်။ ဒီလို လူအုပ်စု လိုက် အများကြီးဆိုရင် များသောအားဖြင့် သူတို့ ကားတွေနဲ့ သီးသန့် ထွက်ကြ တာများပြီး အခုလို Shuttle Busမှာ လာစောင့် နေတာ ကတော့ နည်းနည်း ရှားပါတယ်။
အဲ့တာနဲ့ shuttle Busကြီး တစ်စီး ဆိုက်လာပါတယ်။ ကားပေါ်က လူအကုန် ဆင်းသွားကြတယ်။ ကျွန်မတို့လဲ ကားပေါ်ကို တက်ခဲ့ကြတယ်။ ဒါပေမယ့် အဲ့ဒီ့ ကားမှတ်တိုင်မှာရှိတဲ့ အုပ်စုကြီးက တစ်ယောက်မှ မတက်ပါဘူး။ ဒါနဲ့ ကားက တံခါးတွေကို ပိတ် ခေါင်းကို ကား လမ်းမ ပေါ် တည်ပြီး ထွက်တဲ့ အချိန်ကျမှ ခုနက အုပ်စုရဲ့ ခေါင်းဆောင် လူကြီး က ဟိုးဟိုး ဆိုပြီး အော်ပြီး အလိုအလျောက် ပိတ်တဲ့ ကားတံခါးကို မပိတ်သွားခင်မှာပဲ လက်နဲ့ ဆွဲဖွင့်ပါတယ်။ ကားသမားလဲ အလန့်တကြား ရပ်လိုက်ပြီး ကားပေါ်က လူတွေအကုန် ကျွန်မ အပါအ၀င် ဘာများဖြစ်သလဲလို့ အဲ့လူကြီးကို ၀ိုင်းကြည့်ကြပါတယ်။ သူက ကားဒရိုင်ဘာကို ငါသိတယ်နော်ဆိုတဲ့ မျက်နှာကို ချီပြီး ခပ်မာမာအသံနဲ့ မေးပါတယ်။ ( How many Baht , How many Baht)လို့ ကုလားစကားသံခပ်မြန်မြန်နဲ့ ပေးပါတယ်။ သူ့ပုံစံကို ကြည့်ပြီး ကားသမားက not only bus လို့ ပြန်ဖြေပါတယ်။ ကျွန်မစိတ်ထင် ကားသမားက အဲ့လူကြီးက သူ့လူအုပ်များလို့ မဆန့် မှာ စိုးလို့ သူ့ကို ကားဘယ်နှစ်စီးလဲလို့မေးလို့ သူ့ဘတ်စ်တစ်ခုတည်းမဟုတ်ဘူး လာဦးမယ်လို့ ဖြေပုံရပါတယ်။ အဲ့ဒီ့အခါ အဲ့ လူကြီးက စိတ်ဆိုးဆိုးနဲ့ how many Baht how many Bahtလို့ ပြန်မေးပါတယ်။ သူက မေးတာ တလွဲ ဖြေတာ တလွဲ ဖြစ်နေတဲ့ အပြင် ကားက တစ်စောင်းကြီး ဖြစ်နေလို့ နောက်ကားတွေကလဲ ဟွန်းတွေ တတီတီနဲ့ အော်နေပါတယ်။ ကားသမားက ကားကို မောင်း ထွက်ချင် နေပါပြီ ဒါပေမယ့် အဲ့ဒီ့လူကြီးက ကားတံခါးကို သူ့လက်ကြီးတွေနဲ့ ဆွဲဟထားပြီး how many Baht ဆိုတာပဲ တွင်တွင် အော်မေး နေတော့ ပိတ်လို့မရဘူး ဖြစ်နေပါတယ်။ အခြေအနေကတော့ တင်းမာနေပါပြီ။ သူဘာဆိုလိုချင်မှန်းလဲ ကားသမားက မသိဘူး ဖြစ်နေပါတယ်။
အဲ့ဒီ့အချိန်ကျမှ ကားသမားဘေးက ခရီးသည်တစ်ယောက်က ထိုင်းလို ဒရိုင်ဘာကို ပြောလိုက်ပါတယ်။ သူကားခမေးနေတာ ဘယ် လောက် လဲ လို့ ဖြစ်မယ်လို့ ထိုင်းလိုပြောလိုက်တာပါ။ အဲ့တော့မှ ကားသမားက ဆောင့်ကြီး အောင့်ကြီးနဲ့ နိုးမန်းနီး ဖဖ်လီး ဖဖ်လီး နိုးမန်းနီး ဖလီး ဖလီးလို့ ထိုင်းသံပါပါနဲ့ အော်လိုက်ပါတယ်။ အော ဆိုတဲ့ အသံကြီးနဲ့အတူ အဲ့ဒီ့လူအုပ်ကြီးက တစ်ပြိုင် တည်း ဖလီး ဖလီး ဆိုပြီး သံပြိုင်အော်ပြီး shuttleBus ပေါ် တပျော်တပါး စု ပြုံတက်လာကြပါတော့တယ်။ ကားပေါ်က လူတွေလဲ အကုန် အော်ရယ် ကြပါ တော့တယ်။ ပစ္စည်းတွေ သေတ္တာတွေနဲ့ ခုနက ချောင်ချိနေတဲ့ ကားပေါ်မှာ ချက်ခြင်းပဲ လူတွေ ပြည့်နှက်သွားပါတယ်။ ကျွန်မလဲ free free ဆိုပြီး ပျော်ရွှင်စွာနဲ့ ခုန်ပေါက်တက်လာတဲ့ လူတွေကို ကြည့်ပြီး စိတ်လွတ် ကိုယ်လွတ် ရယ်မော မိပါတယ်။ ကျွန်မ သဘော အကျဆုံးက လူအုပ်ကြီးရဲ့ ခေါင်းဆောင်ရဲ့ မျက်နှာပေးပါ သူက ခပ်မာမာ လုပ်ထားတဲ့ ပုံက ပိုရယ်ရပါတယ်။ ကိုယ် မကျွမ်းကျင်တဲ့ နေရာ ပေမယ့် ငါ့ကို ဒီလို လုပ်လို့မရဘူး ငါက သိတယ် ငါကွဆိုတဲ့ တမင် မာထန်ထားပြီး အခမဲ့ကားကို တံခါးဆွဲပြီး ကားခ အတင်း မေးနေတဲ့ သူ့ပုံက ကျွန်မအတွက် တော်တော်လေးကို သဘောကျစရာ ဖြစ်မိပါတယ်။
အဲ့ဒီ့မြင်ကွင်းကို ကြည့်ပြီးအထူးသဖြင့် ရွာကနေ မြို့တက်ပြီး ဘုရားဖူးလာကြတဲ့ ဘကြီး ဘိုးလေးတွေနဲ့ အမေနဲ့ရွာကို လွမ်းမိပါ သေးတော့တယ်။
FREE FREE FREE
Posted by မဆုမွန် at Thursday, March 12, 2009
Labels: ဟာသ
12 Comments:
free free free...ဟီး ဟီး..
အေးဟ ငိုအားထက်ရီအားသန်ပေါ့ငါ့ညီမရေ ရည်းစားခရီးသွားတာနဲ့ နိုးမန်းနီး ဖလီးနဲ့ ဟန်ကိုကျနေမှာပဲနော...ဟားးးးးးးးး စတာဟေ့.....
ဖြစ်ရမယ်လေ...း)
မဆုမွန်ရေ
တစ်နေကုန် မရီရသေးတာ ခုမှ ရီရတော့တယ်။ ကျေးဇူးပါဗျာ။
ဟားဟား..တော်သေးတာပေါ့.. အလွမ်းစိတ်လေး ပျောက်သွားတာ..အဲဒီလူစုကို ကျေးဇူးတင်ရမှာနော်..။
တို့တွေလည်း အဲလိုပါပဲ..စကားမပေါက်ရင် ဟန်ကိုယ့်ဖို့ လုပ်တာလေ...သိသလိုလို တတ်သလိုလိုနဲ့ အဲဒီပုံစံပေါက်နေမှာပဲ..:)
ဟားဟားဟား ရီလိုက်ရတာ။ Free Free တဲ့..
အဲဒီလို ငါ့ကို အချဉ်ဖမ်းလို့ မရဘူး၊ ငါသိတယ်ဆိုတဲ့ စတိုင်နဲ့ လူမျိုး တွေ့ဖူးကြုံဖူးပါတယ်။ ရေးထားတာ ပုံပေါ်လွန်းလို့ သိပ်သဘောကျသွားပြီ။
မဖတ်ခင် က ချစ်သူက ခရီးထွက်တယ် ခေါင်းစဉ်က ဖရီး ဆိုတော့ ချစ်သူမရှိတဲ့ Independence Day တွေ အကြောင်း ရေးမလို့ အောက်မေ့တာ။ မှန်းချက်နဲ့ လွဲသွားပြန်ပြီ :D
စိတ်ညစ်တဲ့ကြားထဲက ရယ်စရာကို ရှာကြံတွေ့တတ်တယ်နော်... ရေးထားတာ ပုံပေါ်လွန်းလို့ အူလည်လည်လူတန်းကြီး ယိမ်းတိုက်သလိုဖြစ်နေတာကို မြင်ယောင်မိတယ်...
ရယ်စရာလေးနဲ့ အမောဖြေရလို့ ကျေးဇူးပဲညီမရေ...
ငိုအားထက်ရယ်အားသန်ရမလိုပါဘဲလား ညီမရယ်၊ နိုးမန်းနီး ဖဖ်လီး ၊နိုးမန်းနီး ဖဖ်လီး ....ဆိုရင်တော့ အကိုလည်းအလကားလိုက်စီးလိုက်အုံးမယ်... ဟား...ဟား..၊
ဖရီး ဖရီး ဖရီး
ဒီလိုပါပဲ တခါတလေ တွေ့ကြုံတာလေးက အမှတ်ရစရာပါ။ လေဆိပ်တွင်းမှ ဟာသများပေါ့
ဟဲဟဲ
ဟား ဟား မျက်စိထဲကို မြင်ယောင်ကြည့်လိုက်တယ် အမရေ။ ဘတ်နဲ့ ဘတ်စ်နဲ့ မှားတဲ့ အမှားပေါ့လေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Please add this google tool to your blog so that I can translate your writing. I would enjoy reading your post.
Thanks.
http://www.google.com/ig/adde?synd=open&source=ggyp&moduleurl=www.rosettainterpreters.com/xn_resources/widgets/gadget/gadget.xml
Post a Comment