ဘ၀တလျောက်လုံး အမြဲတမ်းလိုလိုပဲ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးခဲ့တာ. ဖြစ်သင့်တာကိုပဲ မဖြစ် ဖြစ်အောင် လုပ်ပေးခဲ့ရတာ မရရအောင် ကြိုးစား ရုန်းကန်ပေးရတာ ဘ၀ပေး အခြေအနေ တစ်ခု ဖြစ်မယ်ထင်တယ် အဲ့ဒီ့အတွက် ပေးဆပ်ရတာ တွေက ဘ၀နဲ့ထပ်ပြီးတော့ ကို ရင်းနီးခဲ့ရတာပါ။ အဖြစ်အပျက်လေးတစ်ခု ပြောပြချင်ပါတယ်။ လုပ်သင့် လုပ်ထိုက်တာကို ဦးစားပေးလုပ်ခဲ့ရလို့ ငိုရမယ့်အချိန်မှာ ငိုဖို့တောင် အချိန် မရခဲ့တဲ့ အဖြစ်လေးပါ။
သတင်းတွေ သတင်းထောက်တွေနဲ့ အမြဲတမ်း အလုပ်များနေတဲ့ အလုပ်ရူပ်နေတဲ့ ဂျာနယ်တိုက်တစ်ခုကို ဖုန်းကော တစ်ခုဝင်လာတာ သိပ်ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အစ်မဆုမွန် ဖုန်းတဲ့ ခပ်ကျယ်ကျယ် အော်ခေါ်ပြီး လုပ်လက်စအလုပ်ကို ဆက်လုပ်နေတဲ့ သတင်းထောက် ညီမငယ်ကို အေးအေးလို့ ပြောပြီး ခပ်သွက် သွက် ဖုန်းကိုင်လိုက်ပါတယ်။ မမကြီးလားတဲ့ မောင်အငယ်ဆုံးလေး အသံကို ကြားတော့ ရုတ်တရက် ရင်ထိတ်သွားတယ်။
ဒီနေ့က မြို့သစ်လေးကနေ မနက်မိုးမလင်းခင်ကတည်းက ကျွန်မ ဆယ်တန်း အောင်ပြီးစ ညီမငယ်လေးကို လက် ဆွဲပြီး သူ ပညာရေးတက္ကသိုလ်ဝင်ခွင့်ရဖို့ ကျွန်မ ဆရာရဲ့ ဆရာသမား ပါမောက္ခဆီကို အကူအညီ တောင်း ဖို့ ထွက်လာခဲ့တာပါ။ လက်ဆောင် ပစ္စည်း ကြီးကြီးမားမား မပါလာတဲ့ ကျွန်မတို့ ညီအစ်မကို သဘော လောက်ပဲ စကား ပြောပြီး အလုပ် သွားဖို့ စိုင်းပြင်းနေတဲ့ ဆရာ့ ဆရာကို နုတ်ဆက်ပြီး ပြန်လာခဲ့ချိန်မှာ ညီမလေး ကို အိမ်ပြန်ဖို့ လိုင်းကား ပေါ် တင်ပေးပြီး အလုပ်ကို အချိန်မှီပြန်ပြေးလာတဲ့အချိန်မှာ ဗိုက်ထဲမှာ အစာတစ်စက်မှ မ၀င်သေးပါဘူး။
ဖုန်းကို ငုံ့ကိုင်လိုက်ချိန်မှာ ခပ်ရိပ်ရိပ်မူးဝေသွားပေမယ့် နားထင်ကို လက်နဲ့ထောက်ပြီး ပြောလေ မောင်လေး အိမ်မှာ ဘာဖြစ်လဲလို့ ခပ်သွက်သွက်မေးလိုက်တော့ အစ်ကိုလတ် ဆုံးပြီတဲ့ ..ရင်ထဲ အောင့်ကနဲ ဖြစ်သွား ပါ တယ်။ မမကြီးနဲ့ မမလေး အိမ်က ထွက်သွားကတည်းက အစ်ကိုလတ်ကို ခေါ်လို့မရတော့ပဲ အိပ်နေရင်း ဆုံးသွား တာတဲ့ မမကြီးတို့ကို လိုက်ပြေးခေါ်တော့ ကားပေါ်တက်သွားကြပြီတဲ့ အရက်ဖြတ်လိုက်ရာကနေ နာတာ ရှည် ရောဂါသည်ဖြစ်နေတဲ့ အစ်ကိုလတ်ဖြစ်သူရဲ့ နောက်ဆုံး ခရီးက ဒီလောက်မြန်မယ်လို့ မထင်ခဲ့တာ တော့ အမှန်ပါပဲ။ အိမ်မှာ မိသားစုထဲမှာ သေမင်းဆိုတဲ့ သေခြင်းတရားကို ဒါပထမဆုံး ရင်ဆိုင်ရတာပါပဲ။ ရုတ် တရက် သားသမီးတွေကို အရမ်းချစ်တဲ့ အဖေနဲ့ အမေကို စိတ်ပူသွားတယ်။
အေးအေး မောင်လေး မမကြီး အမြန်ပြန်ခဲ့မယ်နော် အမေနဲ့အဖေရော ဘယ်လိုလဲ အဖေကြီးကို ကြည့်ထား ဦးနော် မမကြီး ချက်ခြင်းပြန်လာခဲ့မယ် သိလား လို့ ပြောလိုက်တယ်။ ဖုန်းကို ခပ်လေးလေး ချလိုက်ပြီး ထိုင်ခုံပေါ် ပြန်ထိုင် လိုက်ချိန်မှာတော့ ရုံးခန်းထဲမှာတော့ အားလုံးက ပုံမှန်လည်ပတ်နေပါတယ်။ ကိယ့်ပစ္စည်းလေးတွေကို တစ်ခုချင်း ကောက်သိမ်း ရှင်းလင်းပြီးတော့ အံဆွဲထဲ ကောက်ထည့်ပြီး သော့ခတ်လိုက်ပါတယ်။ နောက် အပေါ်ထပ် ကို ခပ်လေးလေး တက်ခဲ့တော့ အယ်ဒီတာက မျက်ခုံးပင့်ကြည့်တယ်။ သူ့ကို ပြုံးပြလိုက်တယ် ပြီးမှ ဦးဝေလျံ ကျွန်တော် ခွင့်ယူချင်လို့ပါ ဆိုတော့ သူက အံ့သြဟန်နဲ့ ဘာဖြစ်လို့လဲ သမီးတဲ့ ကျွန်တော် အစ်ကို ဆုံးလို့ပါလို့ ပြောလိုက်တယ်။ သူက ကျွန်မ ခပ်တည်တည် ပုံစံကို ကြည့်ပြီး နည်းနည်းတော့ မယုံချင် သလို ဖြစ်သွား တယ်။ အေးအေး သမီးတဲ့ ဘာလိုလဲတဲ့ ကျွန်တော် ပိုက်ဆံကြိုထုတ်ချင်ပါတယ် ဦးလို့ပြောတော့ ပိုက်ဆံ အထပ် နည်းနည်း ထုတ်ပေးပါတယ်။
လက်ထဲကို ရောက်လာတဲ့ ကြိုတင်လစာကို ကြည့်ပြီး ကျေးဇူးတင်ပါတယ် ဦးလို့ ပြောပြီး အောက်ထပ်က သူငယ် ချင်း တွေကို ငါအိမ်ပြန်တော့မယ် လို့ ပြောတယ်။ သူတို့က ဘာဖြစ်လို့လဲတဲ့ ငါ့အစ်ကိုဆုံးလို့ဟ ပြောပြီး လွယ် အိတ် လေး လွယ် ထွက်သွားတဲ့ ကျွန်မကို သူတို့ ကြည့်ပြီး ကျန်ခဲ့တယ်။
နေပူပြင်းပြင်းအောက်မှာ ဆူးလေမှတ်တိုင်မှာ မြောက်ဥက္ကလာပ အဲကွန်းဘတ်စ်ကို စောင့်နေမိတယ်။ တက်စီ တက်စီလို့ ခေါ်နေတာကို ကြားပေမယ့် လိုင်းကားခနဲ့ တက်စီကားခ ၂၀နဲ့ ၅၀၀ ကွာခြားမူ ကို တွက်နေမိတယ်။ အိမ်မှာ ပိုက်ဆံဘယ်လောက်ရှိမလဲဆိုတာ တွေးပြီး လည်ပင်းက ဆွဲကြိုးမျင်မျင်လေးကို စမ်းမိတယ်။ ကားပေါ်မှာ တိုးတက် ခဲ့ပြီးမှ တံတားလေးကုန်းဆင်း ၂ရပ်ကွက် ဈေးမှတ်တိုင်မှာ တိုးဆင်းလိုက်တယ်။ အပေါင်ဆိုင် ရောက် တော့ ဆွဲကြိုးလေးက တစ်သိန်းဝန်းကျင်ရတယ်။ လက်ထဲက ပိုက်ဆံထုတ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဒဂုံမြို့သစ် မြောက်ပိုင်းကို သွားတဲ့ ၄၉ ဒိုင်နာကားကို တွဲတက်ပြီးပြန်ခဲ့တယ်။
အိမ်ကို ပြန်ရောက်တော့ အိမ်ထဲမှာ လူစုစု စုစု ဖြစ်နေတာတွေ့ရတယ် သမီးကြီး ပြန်လာပြီ ပြန်လာပြီ တဲ့ နား ထဲမှာ မသဲမကွဲ ကြားရတယ်။ အမေကို ဧည့်သည်တွေနဲ့စကားပြောနေတာတွေ့တယ်။ အဖေကတော့ စကား မဆိုပဲ ငူငူကြီး။ အားလုံးကို နုတ်ဆက်ပြီး လွယ်အိတ်ကို အိမ်ခန်းထဲထည့် ပိုက်ဆံတွေကို အမေ့လက်ထဲ ထည့်လိုက်တယ်။
ခါးလယ်လောက်ရှိတဲ့ ဆံပင်ကို ဘီးဇပတ်ပတ်ပြီး ရှပ်အကျီလက်ရှည်ကို ခေါက်ဝတ်ပြီး ထမီတိုတိုဝတ်လိုက်ပြီး အိမ်ရှေ့က ပစ္စည်းတွေ အိမ်ခန်းတွေထဲ သွင်း ဧည့်ခန်းကို လိုက်ရှင်းတယ်။ အားလုံး စီစဉ်စရာရှိတဲ့ ဟာကို တောက် လျောက် စီစဉ်ရတယ်။ နာရေးကူညီမူ ကားအစီအစဉ်နဲ့ နေ့ချင်း အသုဘချဖို့ စီစဉ် အသုဘ လိုက်ပို့မယ့် ကားဌားခတွေအတွက် အစ်ကိုကြီးကို ပေး။ အစ်ကိုငယ်ကို တာလဖျင်းတွေ ပန်းကန်ခွက်ယောက် ထိုင်ခုံ စားပွဲတွေ ဌားဖို့ လုပ်ဖို့ ပိုက်ဆံပေး အားလုံး အဆင်သင့်ဖြစ်အောင် စီစဉ်စရာရှိတာ လိုက်စီစဉ် လိုက်တယ်။။
အစ်ကိုလတ်နေတဲ့အိမ်ခန်းထဲကို ၀င်လိုက်တော့ ပက်လက်ကလေး အသက်ပျောက်နေပြီ ဖြစ်တဲ့ အစ်ကိုလတ်ကို တွေ့တယ်။ အသက်မဲ့နေတဲ့ အစ်ကိုဖြစ်သူကို တွေ့လိုက်ရချိန်မှာတော့ ရင်ထဲမှာ ဆို့နင့်တက်သွားပေမယ့် ကျလုလု မျက်ရည်ကို ခတ်သိမ်းပြီးမှ အခေါင်းထဲကို ထည့်ဖို့ပြင်နေတဲ့ သူ့သူငယ်ချင်းတွေကို ထည့်ဖို့ အကျီ ပိုက်ဆံ ခြေမ လက်မ ချည်ဖို့ကြိုးတွေကို လိုက်စီစဉ်ပေးလိုက်တယ်။
အသုဘကားဆိုက်လာချိန်မှာ ရေအိုးခွဲဖို့ ခေါင်းသယ်ဖို့ လိုက်လုပ်ပေးရင်းက အမေနဲ့အဖေ သက်တောင့် သက်သာ သားဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်ပို့နိုင်အောင် စီစဉ်ပေးရတယ်။ မောင်ငယ်လေးနဲ့ ညီမလေး ကတော့ တိုလီမုတ်စလေးတွေ လိုက်လုပ်ပေးရင်းက ယောင်ခြာခြာဖြစ်နေကြတယ်။ အားလုံး အသုဘ သွားရတဲ့ အခါ အိမ်မှာကျန်ခဲ့မယ့် လူတွေအတွက် လိုအပ်တာ ကုန်ကျစရာတွေကို ဘေးစောင်းလွယ်ထားတဲ့ လွယ်အိတ် ထဲက ပိုက်ဆံတွေ နိုက်နို်က်ပေးရင်းက ဒေါင့်စေ့အောင် စီစဉ်ပေးရတယ်။ ကားထွက်မယ်ဆိုတော့မှ မမကြီး မမကြီး ကျန်သေးတယ်လို့ အော်ကြတော့ အပြေးတစ်ပိုင်း ပြေးလိုက်ရတယ်။ ဘတ်စကားပေါ်ပြေးတက်တော့ အသုဘရှင် ကားရှိတယ် အသုဘရှင်ကားတဲ့။ ခေါင်းခန်းကနေ ပြေးထိုင် လိုက်တော့ ဗိုက်ထဲမှာ အစာက တစ်စက်မှ မရှိတော့ ခေါင်းက အရမ်းမူးနေပြီ မျက်စိကို မှိတ်ထားတော့ တစ်ခုခုဆို အမြဲ ပရောဂလား သရဲလား စုန်းလား လို့ တစ်မျိုးတစ်မည် ထင်တတ်တဲ့ အမေက ကျွန်မခေါင်းကို ဖွဖွ လာလုပ်တယ် ကျွန်မ ပြုံးပြ ရသေးတယ်။ အစ်ကိုလတ် အသုဘက ရုတ်တရက်စီစဉ်ရတာပေမယ့် တော်တော်လေးကို စည်ပါတယ်။ သောက်ဖော် သောက်ဖက် သူ့အပေါင်းအသင်း ရောင်းရင်းတွေနဲ့တင် ကားနှစ်စီးစာလောက်ရှိတယ်။ လမ်းရှင်း တဲ့လူနဲ့ ကားဆင်းတားပေးတဲ့သူနဲ့ ဟုတ်နေတာပဲ။ ယက်တောင်ဝေတာ ရေဘူးကမ်းတာ သူတို့ပဲ လုပ်ကြ တယ်။ တက်ညီလက်ညီပဲ။
မြောက်ဥက္ကလာပ ရေဝေးသုသန်ကို ရောက်တော့ ကျွန်မ အရင်ပြေးပြီး ရုပ်ကလာပ်တင်ထားတဲ့ စတီးစင်ပေါ်က အစ်ကိုကို နေရာတကျဖြစ်အောင် တင်ထားတာကို အပြေးတစ်ပိုင်း ထုံးစံလို ထည့်ပေးရတဲ့ ပစ္စည်းတွေကို စစ်ကြည့်ရတယ်။ အစ်ကိုနှစ်ယောက်က အစ်ကိုလတ် ကို ဖက်ပြီး ကျူကျူပါအောင်ငိုကြတယ် သောက်ဖော် သောက်ဖက် ရန်ဖြစ်ဖော် ရန်ဖြစ်ဖက် သူတို့ရဲ့ ညီနောင်တစ်ယောက် ဆုံးသွားတော့ တော်တော်လေး ၀မ်းနည်းပုံ ရတယ်။ အစ်ကိုလတ်ရဲ့ သောက်ဖော်သောက်ဖက် အရက်သမားသူငယ်ချင်းတွေကလဲ အံတွေကြိတ် လက်သီး တွေ ဆုပ်ပြီး ယူကျုံးမရငိုကြွေးကြတယ်။ ကျွန်မကတော့ သားရဲ့ ရုပ်အလောင်းကို ဘေးကနေ တွေတွေလေး ရပ်ကြည့် နေတဲ့ အဖေနဲ့ အမေ တစ်ခုခုဖြစ်မှာကိုပဲ စိုးရိမ်နေပါတယ်။ ကန်တော့ကြ ကန်တော့ကြလို့ ပြောတော့ ဆက်ကနဲ ဒူးတုပ်ပြီး ကျွန်မတို့ မောင်နှစ်မတွေ ငုတ်တုတ်လေးတွေ ထိုင်ကန်တော့ရတယ်။
ကိုကြီးဝင်းကိုရေ နင့်ကို ပြောမှားဆိုးမှား လုပ်မိတာတွေအတွက် ငါကန်တော့တယ်လို့ စိတ်ထဲက ပြောလိုက် ချိန်မှာ ရင်ထဲမှာ ကျိန်းစပ်နာကျင်လာတယ် အသက်ရူမ၀သလို ရင်ဘက်တွေပါ ထိုးအောင့်လာတယ်။ မောင်လေးနဲ့ ညီမလေး ကတော့ ယောင်ခြာခြာရပ်နေတယ် အစ်ကိုကြီးနဲ့ အစ်ကိုငယ်က ၀င်းကိုကြီး မင်းကွာ မင်းကွာဆိုပြီး ကုန်းကုန်းအော်နေတယ် မီးသဂြိုလ်စက်ထဲထည့်မယ်လို့ အော်လိုက်ရော သူ့သူငယ်ချင်းတွေက ရုတ်တရက် ၀ရုန်း သုန်းကားနဲ့ ၀င်းကိုကြီးကို မထည့်ပါနဲ့ မထည့်ပါနဲ့ မလုပ်ပါနဲ့လို့ ငယ်သံပါအောင်အော်ပြီး အလောင်း စင်ကို အတင်းဆွဲတယ်။
အခြေအနေက ၀ရုန်းသုန်းကားဖြစ်ကုန်တော့ ထုံးစံအတိုင်း ဆူတဲ့ ညံတဲ့ အော်တဲ့ အသုဘဆို လူကလဲ သိပ် စိတ်ဝင်စား တယ်လေ ကျွန်မ၀င်မှ ဖြစ်တော့မယ် လုံခြည်ကို တိုတိုဝတ်ပြီး သူတို့ကြားထဲ ၀င်ရပ်လိုက်တယ်။ ကဲ ဒါဆို ၀င်းကို အလောင်း ဘယ်သူယူမလဲ ပြော ဘယ်သူယူမလဲ ပြော ဒီအလောင်းမထည့်နဲ့ဆို ဘယ်သူပြန် သယ်မလဲ ဘယ်သူယူမလဲ ပြော လို့ အသံကျယ်ကြီးနဲ့လဲ အော်လိုက်ရော သူကောင့်သားတွေ မျက်ထောင့်နီ ကြိးတွေနဲ့ အံတကြိတ်ကြိတ် လုပ်နေရင်းက အလောင်းစင်ဘေးက ရှဲသွားကြတယ် ပြီးတာနဲ့ တစ်ခါတည်း အလောင်းစင်ကို ကိုယ်တိုင် ၀င်တွန်းပြီး မီးစက်အ၀ အထိ လိုက်ပို့ပေးလိုက်တယ်။
ကျွန်မတို့ အသုဘကားတွေ တောင် ကားဝင်းထဲ အကုန်မရပ်သေးဘူး အလောင်းက မီးထဲရောက်သွားပါပြီ။ မီးခိုးတန်း ကြီးကို အပြင်ကနေ အမေနဲ့အဖေက ရပ်ကြည့်နေတယ်။ သားတစ်ယောက်ကို မွေးကတည်းက ကလေး လေးကို ပိုက်ပြီး ကျွေးမွေးပြုစု ယုယကြင်နာ လုပ်ကျွေးခဲ့ပြီး ကိုယ့်ထက်အရင် တမလွန်ကို စောထွက် သွားတဲ့ သားရဲ့ နောက်ဆုံး ခရီးအတွက် လိုက်ပို့ရတဲ့ သူတို့ရင်ထဲ ဘယ်လောက်နာကျင် နေရှာမလဲဆိုတာ တွေးမိတယ်။ အစ်ကိုလတ်ဆုံးတော့ အသက် ၃၂ပါ။ အကုန်တစ်မျိုးစီ ဆိုးကြတဲ့ မောင်နှစ်မတွေထဲမှာ သူက ပိုအဆိုးဆုံး ခေါင်းအမာဆုံး လုပ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ် အသန်မာ အထွားကြိုင်းဆုံး အစ်ကိုလတ်ဟာ အရက်ရဲ့ ကျေးကျွန် ဘ၀နဲ့ စောစောစီးစီး မိုက်ဇာတ်သိမ်းသွားတာဖြစ်ပါတယ်။။
အသုဘချပြီး အိမ်ကိုပြန်ရောက်ပြန်တော့. အမောမဖြေအားဘူး။ ဌားရမယ့် ပန်းကန်ခွက်ယောက်တွေ တာလပတ် တွေ စုံမစုံ စာရင်းတွေ ယူ ပိုက်ဆံတွေရှင်း ရက်လည်ဆွမ်းအတွက် ဆွမ်းကပ်ဖို့ပြင် သက်ပျောက် ဆွမ်း အတွက် လုပ် အစ်ကိုလတ်အတွက် သယ်လာတဲ့ ပန်းလေးကို သူ့အကျီတစ်စုံပေါ်မှာတင် အစာရေ ချထားပေး။ ဒီတစ်ရက်နဲ့တင် မပြီးဘူးလေ။ နောက်လာဦးမယ် ရက်လည်အတွက်ရော စီစဉ်စရာရှိတာ စီစဉ် ရမယ် မဟုတ်ပါလား။ အရေးအကြီးဆုံးက ပိုက်ဆံဖြစ်ပါတယ်။ နာရေးတစ်ခုဖြစ်ရင် ပိုက်ဆံက ရေလို တရဟော ထွက်ပါတယ်။ အမေနဲ့အဖေ သားတစ်ယောက် ဆုံးရူံးရလို့ စိတ်နှလုံးပင်ပမ်းနေတဲ့အချိန်မှာ သူတို့ကို ပေး မပူပင် စေချင် ပါဘူး။ အစ်ကိုငယ်နဲ့ အစ်ကိုကြီးကတော့ ဖဲဝိုင်းအတွက် ပြင်ဆင်နေပါပြီ။ ကျွန်မက လုပ်ခွင့် မပေးချင် ပေမယ့် ရပ်ကွက်က ထုံးစံဖြစ်တယ် အရပ်က လူတွေက အသုဘစောင့်ရမယ်လို့ တောင်းဆိုလာတော့ ကျွန်မ ခွင့်ပြု ပေးလိုက်ပါတယ်။ အဲ့ဒီ့လူတွေ အတွက် စားဖို့သောက်ဖို့ ကိစ္စတွေအတွက်ပါ စီစဉ်ပေးရပါတယ်။ အစ်ကို့နာရေးမှာ အဓိက အပင်ပမ်းခံပြီး ကူညီလုပ်ကိုင်ပေးကြတာ အစ်ကိုရဲ့ သောက်ဖော် သောက်ဖက်တွေပါ။ ရပ်ကွက်က သူတို့တွေကို အရက်သမားတွေမို့ ကြည့်မရကြပေမယ့် ဒီလို နာရေးကူညီဖို့ အလုပ်မျိုးတွေဆို သူတို့အိမ်တွေမှာတောင် ဒီလောက် ကူ လုပ်ကြဟန်မတူဘူး ဒီမှာတော့ တကယ့်ကို နေ့ကိုညပါ ကူညီလုပ်ကိုင် ပေးကြပါတယ်။ အရပ်က အော့ကျောလန်တွေပေမယ့် သူတို့ရဲ့ စိတ်ဓာတ် အရိုးခံတွေကိုလည်း မြင်ခဲ့ရပါတယ်။
ရက်မလည်ခင်အချိန်အထိ အိမ်မှာ နေတဲ့ ဧည့်သည်တွေ အမျိုးတွေ ဝေယျာဝစ္စတွေ အမေနဲ့အဖေအတွက် လိုအပ် တာတွေ တရစပ် လိုက်လုပ်ပေးရင်းက ပိုက်ဆံမလောက်တော့လို့ ထိုင်းပညာသင်ခရီးထွက်ဖို့ စုထားတဲ့ အစိမ်း ငွေလေးတွေ သွားရောင်းရပါသေးတယ်။ ဒေါ်လာဝယ်တဲ့ မီးနင်းကုလားတွေ ငွေထုတ်ကို သားရေပင်ပတ် နှစ်ရွက် ခေါက်ပြီး ငွေလိမ်လိုက်တဲ့အတွက် တစ်သိန်းအုပ်မှာ တစ်သောင်းစီထုတ်ထားလို့ ငွေနှစ်သောင်းကျော် နစ်နာ ခဲ့ရပါသေးတယ်။ သူများနာရေးငွေကို မတရားလိမ်လိုက်တဲ့အတွက် သူတို့ ပြန်မခံရပါစေနဲ့လို့ မီးနင်း ကုလားနတ်တွေနဲ့ စိတ်ပေါက်ပေါက်နဲ့ကျိန်စာတိုက်ခဲ့သေး တယ်။ အစိမ်းကို ခိုးကြောင်ခိုးဝှက် ရောင်းရ ၀ယ်ရ တော့ မစစ်နိုင်ခဲ့တာလဲ ပါပါတယ်။
ဒါပေမယ့် အစ်ကိုလတ်ဟာ သူ့နာရေးခရီးအတွက် သူပြန်လုပ်ပေးတယ်လို့ အမေက ပြောရလောက်အောင် ရက်လည်နေ့မှာတော့ သူ့ကို အရပ်က ကူငွေတွေ တော်တော်လေး ပြန်ရပါတယ်။ နာရေးကိစ္စပြီးလို့ အားလုံး ငွေစာရင်းရှင်းပြီးချိန်မှာ လူမော စိတ်မော အားလုံး ဖတ်ဖတ်မောပြီးကျန်ခဲ့ပါတယ်။ နာရေးအိမ်တွေရဲ့ ထုံးစံ အတိုင်း ဧည့်သည်တွေ ရှင်းသွားချိန်မှာတော့ ခြောက်ကပ်ပြီး ကျန်ခဲ့ပါတယ်။
အဲ့တော့မှ အစ်ကိုလတ် အသက် ပျောက်သွားတဲ့ အိပ်ခန်းလေးထဲမှာ သားအမိတွေ ဖျာလေးတွေ ခင်းပြီး လှဲနေကြချိန်ကျမှ ခေါင်မိုးနားက အစ်ကို လတ် အကျီ ချိတ်လေးကို မြင်ပြီး စိတ်ကိုလျော့လိုက်မှ ရင်ထဲ တော်တော်ဆို့သွားတယ်။။ နေမကောင်းဖြစ်နေတဲ့ အချိန် အမျိုးမျိုး ဂျီကျတဲ့ အစ်ကို ပုံတွေကို ပြန်မြင်ပြီး စိတ်ထဲ တော်တော် မကောင်းဖြစ်လာတယ်။ ငါ့အစ်ကို တကယ်မရှိတော့ပါလား ငါတို့ မိသားစုထဲကနေ မမြင်နိုင်တော့တဲ့ နေရာ တမလွန်ခရီးကို အစ်ကိုက တကယ်ပဲ ထွက်သွားပြီလားဆိုတာ တွေးပြီး ရင်ထဲမှာ မွန်းကျပ်လာတယ်။ ရင်တစ်ခုလုံးကို ဖိညှပ်လိုက်သလိုဖြစ်လာပြီး အရမ်းဝမ်းနည်းလာတော့ မျက်ရည် တွေ တွေတွေကျမိတယ်။ အဲ့တော့ အိမ်နားက အဒေါ်ဖြစ်သူက အလန့်တကြားနဲ့ ဟယ် ဆုမွန်က ငိုတယ် ဟုတ်လားတဲ့ နင့်ကို ပြောနေ ကြတာ အဲ့ကောင်မလေးက ဘယ်လောက်မာကျောသလဲဆို အစ်ကိုရင်း ဆုံးတာ တောင် အသုဘမှာ မျက်ရည်တစ်စက် မကျဘူးတဲ့ ကျန်တဲ့လူတွေက ကျူကျူပါ အောင် ငိုနေတာ တောင် သူက အကြောမာတယ်လို့  စကားတင်းဆို ပြောကြတယ်တဲ့။ ကျွန်မ မျက်စိကို မှိတ်ပြီး ခပ်ဖွဖွ ပြုံးမိတယ်။ ဘာမှလဲ ပြောပြချင်စိတ် မရှိတော့ဘူးလေ။။ ငိုချင်တဲ့ အချိန်မှာ ငိုဖို့ တောင် အချိန်မရဘူးဆိုတာ သူတို့ သိအောင် ရှင်းပြချင်စိတ်လဲ မရှိတော့ဘူး။ ဘာပဲ ပြော ပြော ဘ၀မှ မလုပ်ဖူးခဲ့ပေမယ့် မိသားစုထဲက မိသားစုဝင်တစ်ယောက်ရဲ့ နာရေးကို ဦးစီးဦးဆောင် လုပ်ပေး ခဲ့နိုင်တာပါပဲ ။။
ဒီလိုပါပဲ အမြဲတမ်းပါပဲ ကျွန်မ ဘ၀မှာ မိသားစုကိစ္စပဲဖြစ်ဖြစ် ဘယ်ကိစ္စပဲဖြစ်ဖြစ် တစ်ကြိမ်တစ်ခါမှ မလုပ်ဖူးတဲ့ အဦး အစ ပထမဆုံးကိစ္စတွေကို တစ်ခါမှ မလုပ်ဘူးပေမယ့် အမြဲ ကိုယ့်ဘာသာ ရအောင် မဖြစ်ဖြစ်အောင် လုပ်ပြခဲ့ ရတာတွေချည်းပါပဲ ဒါတွေဟာ ကျွန်မဘ၀နဲ့ ကံအကျိုးပေး ဘ၀ဇာတ်ဆရာအလိုကျဖြစ်ပါတယ်လို့ပဲ တွေးမိ ပါတော့တယ်။
ငိုဖို့အချိန်
Posted by မဆုမွန် at Sunday, March 08, 2009
Labels: ရင်ဖွင့်စာ
13 Comments:
မဆုမွန်ရေ...သူများတွေ စိတ်ရှိလက်ရှိ ငိုကြွေးနိုင်ဖို့ ကိုယ့်ရဲ့ငိုဖို့အချိန်လေးကို ပေးလိုက်ရတာပါလား..။ ဒါကလည်း တာဝန်ယူတတ်တဲ့သူတွေဆီမှာမှ တွေ့ရတတ်တာမျိုးကိုး။ လေးစားပါတယ်..။
အရက်ရဲ့ မကောင်းမှုကတော့ ဒီလိုပါပဲဗျာ။ သူငယ်ချင်းတွေရဲ့ ၀ိုင်းဝန်းကူညီ စောင်မ လုပ်ကိုင်ပေးတာကိုလည်း မြင်မိတယ်ဗျာ။ အစကနေ အဆုံးထိ တောက်လျောက် ဖတ်သွားတယ်။ အင်း... စာကတော့ အတော်ရှည်သဗျာ။
လေးစားပါတယ် ညီမရေ။ တခါတလေ စိတ်မှာသိပ်ခံစားနေရပေမယ့် ထိမ်းချုပ်မူတွေများနေရင်လည်း မငိုမိကြဘူး၊ စိတ်လျှော့လိုက်မှဘဲ ငိုချမိလိုက်တာ မျိုးလေးတွေဖြစ်တတ်တယ်၊ ညီမဟာ မိသားစုအပေါ်မှာ တာဝန်ကျေပွန်တဲ့ သမီးပါ။
မဆုမွန်ရေ
တကယ့် အဖြစ်မှန်ကို ရေးထားတာကိုပဲ ရသတွေ အများကြီးပါပါတယ်။
လေးစားပါတယ်ခင်ဗျာ။
စိတ်မကောင်းစရာကို ထိမ်းချုပ်နိုင်တာ ညီိမဆုမွန်ကိုချီးကျူးပါတယ်ကွယ် အကိုတို့လဲညီမနဲ့ထပ်တူခံစားရပါတယ် မိသားစုအပေါ်မှာတာဝန်ကြေတာ မွန်မြတ်တဲ့အလုပ်ပါကွယ်။
မျက်ရည်လွယ်တဲ့ ကျွန်တော် ဒီပို့စ်ကိုဖတ်ပြီး ငိုလိုက်ရတယ်ဗျာ
မိသားစုအပေါ်တာဝန်ယူနိင်တဲ့စိတ် မိမိကိုယ်တိုင်က အရာရာကို အရှုံးမပေးချင်စိတ်ရှိသူတွေအတွက် အောင်မြင်မှုတွေက လက်တကမ်းအလိုမှာပါ။
ကိုယ့်စိတ်ကိုယ်ထိန်းပြီး လုပ်သင့်လုပ်ထိုက်တာတွေကို စနစ်တကျ လုပ်သွားနိုင်တဲ့ အစ်မကို တကယ်လေးစားပါတယ်ရှင်။ ဖတ်ပြီး ရင်ထဲနင့်သွားတယ်
မမရေ..
မမအကိုလတ်အတွက် စိတ်မကောင်းပါဘူး။
ထမီတိုတိုဝတ်ပြီး မမအော်လိုက်တာလေးကိုလည်း မြင်ယောင်နေမိတယ်။ အကိုလတ်ရဲ့နောက်ဆုံးခရီးက မမအတွက် ပိုပင်ပမ်းခဲ့မှာပဲ။
လိုအပ်တဲ့ အချိန်မှာ မျက်ရည်တစ်စက်ထက် လိုအပ်တဲ့ အင်အားကိုပဲ ပြလိုက်တာ.... အတုယူလိုက်ပါတယ်။
စိတ်ဓါတ်ခိုင်မာတယ်ပြောရမလား...
လုပ်သင့်တာကို ရွေးတတ်တယ်ပြောရမလား....
ဘာပဲဖြစ်ဖြစ်...ယူ...တော်တယ်...your mind is very clever...great........
ဖတ်နေရင်းနဲ့သေခြင်းတရားကို မြင်ယောင်သွားမိတယ် အမရေ.
ငိုဖို့တောင်အချိန်မပေးနိုင်တဲ့ ညီမရဲ့ မိသားစုအပေါ်တာဝန်ယူနိုင်တဲ့ စိတ်ဓာတ်ကိုလေးစားတယ် ညီမရေ... ဒီပိုစ့်လေးဖတ်ပြီး မိသားစုကို သိပ်ချစ်တဲ့ ညီမစိတ်ဓာတ်ကို ခံစားမိတယ်...။ ခံစားရတာတွေအတွက် စိတ်မကောင်းလည်းဖြစ်မိတယ်ညီမရေ... အစစအဆင်ပြေပါစေညီမရေ...
"သားတစ်ယောက်ကို မွေးကတည်းက ကလေး လေးကို ပိုက်ပြီး ကျွေးမွေးပြုစု ယုယကြင်နာ လုပ်ကျွေးခဲ့ပြီး ကိုယ့်ထက်အရင် တမလွန်ကို စောထွက် သွားတဲ့ သားရဲ့ နောက်ဆုံး ခရီးအတွက် လိုက်ပို့ရတဲ့ သူတို့ရင်ထဲ ဘယ်လောက်နာကျင် နေရှာမလဲဆိုတာ တွေးမိတယ်။"
ရသတွေ အများကြီးပါတယ်။
လေးစားပါတယ်။ညီမနဲ့ထပ်တူခံစားရပါတယ်........
Post a Comment