မတူညီမူတွေထဲက

ကျွန်မရဲ့ ကိုယ်ပိုင် အလုပ်ခန်း ကွန်ပျူတာလေးထဲမှာ
ခေါင်းနှစ်ပြီး လုပ်ရတဲ့အခါ အဆင်မပြေမူတွေနဲ့  စိတ်ရှုပ်လာတိုင်း....
ကျွန်မရဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ အသက်ရှုကျပ်လာတိုင်း ...
ဘန်ကောက်ရဲ့ပူလောင်မူတွေအောက်မှာ....စိတ်ထဲမှာမွန်းကျပ်လာတိုင်း...
အဲ့မွန်းကျပ်ပိတ်လှောင်မှုတွေကနေ ခဏလေးဖြစ်ဖြစ် ထွက်ပြေးပြီး
အမြဲသွားထိုင်နေကျ နေရာလေးတစ်ခုရှိတယ်...

ကားသံ လူသံ ဆူညံမူတွေတိတ်ဆိတ်နေတဲ့ သစ်ပင်အုပ်အုပ်ကြီးတွေ
တစ်ကန့် စီ တစ်ကန့် စီ စိုက်ထားတဲ့ ရောင်စုံပန်းလေးတွေ သစ်ခွပန်းလေးတွေ
အလှစိုက်ထားတဲ့ ယုဇနပန်းလို အပွင့်သေးသေးဖြူဖြူလေးတွေ
အမျိုးအမည်မသိတဲ့ လှပဆန်းကြယ်လွန်းတဲ့ ပန်းကော်ဇောကြီးကို
ဖြတ်သန်းလာတဲ့ ပန်းရနံ့ မွှေးမွှေးလေးတွေကို ရူရိုက်ရင်း
မြက်ခင်းစိမ်းစိမ်းနုနုလေးပေါ်မှာ ထိုင်ရင်း...


ပြာလဲ့နေတဲ့ရေကန်လေးကို ငေးကြည့်နေရင်းက ကမ်းနဖူးစပ်မှာ..
ထိုင်းမလေးလှလှလေးတွေကျွေးနေတဲ့ ပဲစေ့လေးတွေကို
တနင့်တပိုးစားနေတဲ့ ခိုပြာလေးတွေကို အားကျပြီး ကြည့်မိတယ်
သူတို့ မှာ ဘာမှအားထုတ်စရာမလိုပဲ စားစရာအဆင်သင့် နားခိုစရာ သစ်ပင်တွေမှ အများကြီး..

ဘ၀တွေများပြောပါတယ်။
စိတ်တွေက ဟိုးတစ်ဘက်ခြမ်း အဝေးကိုပြေးထွက်သွားတယ်...

ရန်ကုန်မှာတုန်းက ကျွန်မစိတ်ထဲ မွန်းကျပ်လာတိုင်း ကျားကုတ်ကျားခဲ
လိုက်ထားတဲ့ စာမူလေးတွေ အနီထိသွားချိန်တိုင်း..
တိုက်မှာ သတင်းလိုက်ဖို့ ခရီးစားရိတ်တောင်းလို့  ငြူစူတဲ့မျက်နှာကို ဘ၀င်မကျတိုင်း...
လိုင်းကားပေါ် တွဲတက်လို့ တောင် မရတော့ပဲ
ငေးကြည့်ကျန်ခဲ့ရတဲ့အချိန်တွေ စိတ်လာတိုင်း..
ပုံမှန်လစာအပ်ချိန် အမေက
ဒီရေအလား တစ်နေ့ တစ်ခြား တိုးတက်လာတဲ့
ဈေးစာရင်းတွေကိုကြည့်ပြီး ညည်းတိုင်း
ဖုန်ထူ ဗွက်နစ်တဲ့ မြို့ သစ်ရဲ့ပူလောင်မူတွေအောက်မှာ...
စိတ်ထဲမှာမွန်းကျပ်လာတိုင်း...
အဲ့ဒီလို မွန်းကျပ်ပိတ်လှောင်မူတွေကနေ
ခနလေးဖြစ်ဖြစ် ထွက်ပြေးပြီး
အမြဲသွားထိုင်နေကျ နေရာလေးဖြစ်တဲ့ ရပ်ကွက်လက်ဘက်ရည်ဆိုင်လေးရှိတယ်.....

ကျွန်မထိုင်နေကျ ထောင့်ခုံပုပုလေးနံဘေးမှာ
ကွမ်းတံတွေးပျစ်ပျစ်တွေ ၀ါးထားတဲ့ ပါးစပ်နီနီထဲက
တံတွေးတွေနဲ့ သုတ်ပြီး ရေတွက်နေတဲ့
ဖန်တရာတေအောင်ဆုတ်ကိုင်ခံထားရတဲ့ ငွေစက္ကူရွက်တွေရဲ့
စိမ်းရွှေရွှေအနံ့ တွေ အဆီပြန်နေတဲ့ မျက်နှာတွေ ပြာမူန့်တွေကပ်နေတဲ့ဆံပင်တွေ
နေလောင်နေတဲ့ ခန္ဓာကိုယ်အနံ့တွေ ..အသားမာတက်နေတဲ့ခြေဖနောင့်တွေကို ခပ်ကြမ်းကြမ်းစီးချက်လိုက်နေရင်း လက်သည်းတွေကို သွားနဲ့ဖိကိုက်ရင်း
ဂျီးဝနေတဲ့ဂုတ်မည်းမည်းကို ခပ်ကြမ်းကြမ်းသုတ်လိုက်တဲ့
မျက်နှာသုတ်ပ၀ါသေးသေးလေးက ပျံ့လာတဲ့ချွေးတွေ...
လက်ဘက်ခြောက်အရောင်ပျောက်နေတဲ့ ရေနွေးအိုးနှူတ်ခမ်းက ရေဂျိုးအနံ့ တွေ...

အဲ့သလို ရနံပေါင်းစုံ ထုံမွှမ်းနေတဲ့ ကျမအမြဲ သွားထိုင်ဖြစ်တဲ့ လက်ဘက်ရည်ဆိုင်လေးထဲကနေ..ကြည့်လိုက်ရင်း..အမြဲမြင်နေခဲ့တဲ့ မြင်ကွင်းတစ်ခုရှိတယ်

ကျန်မတို့ မြို့ လေးမှာလဲ ကျီးကန်းတွေရှိတယ်
မိုးရွာတဲ့အချိန်ဆို ဌက်ရုပ်က ကြွက်စုတ်လိုပဲ

သူကလဲ သူ မီးကြိုးပေါက်နေတဲ့ လျှပ်စစ်ကြိုးတန်းပေါ်မှာ
ကုန်းလိုက် ကော့လိုက် မတည်မငြိမ် ရပ်နေရင်းက..
မျက်စိကလည်းတကယ့်ကို ကျီးကန်းတောင်းမှောက်...

ဟိုဟိုဒီဒီ ကြည့်ပြီး သူတို့ တွေ ရုတ်ခနဲဆို..သုတ်ပြီး.လှစ်လှစ်ပါအောင် ပြေးပြီဆို
လူတွေက တစ်ခုခုချီသွားပြီဆိုတာ သိတယ် ၀ိုင်းပြီး သြဘာပေးလိုက်တာ
ဖိနပ်ပျံတွေ ခဲပျံတွေ ....ဘ၀တွေများပြောပါတယ်...

တစ်ရံတစ်ခါများဆို ပြည်လမ်းမကြီးပေါ်မှာ
ကားကားကြီး ရင်ပွင့် တောင်ပံစွင့်ရင်း
ဘ၀ပြောင်းသွားတဲ့ ကျီးကန်းအပြားလိုက်ကို မြင်ယောင်မိတော့...

ကျပ်သူကျပ်ပန်းခြံထဲမှာခုန်ဆွခုန်ဆွနဲ
့မူယာမာယာများနေတဲ့ ထိုင်းခို၀၀တုတ်တုတ်ကြီးတွေကို
ကျွဲဂျိုသားရေလေးခွနဲ့ ဆွဲချင်လိုက်တာ ပြောမနေနဲ့တော့
မြန်မာပြည်ဖြစ် ထန်းရေနဲ့ဖြစ်ဖြစ် ထိုင်းစပိုင်နီလေးနဲ့ဖြစ်ဖြစ် မြည်းချင်တာ တစ်ခုတည်းပါ...

ဘ၀တွေများပြောပါတယ်။
အသက်ရူကျပ်လို့ ရေးမိတယ်။

အရင်ရေးထားဖူးတဲ့ ပို့စ်လေးကို ပြန်တင်ဖြစ်တယ်

Read More...

ငါးညရဲ့ သွေးပျက် ည

ရင်ခေါင်းကနေ ရုတ်တရက် စူးစူးဝါးဝါး ထိုးအောင့်လာလို့ ထမင်းစားတာကို ခဏရပ်လိုက်တယ်။ ရင်ဝကို လက်ဖနောင့်လေးနဲ့ ထောက်ပြီး ငြိမ်ငြိမ်လေး နေလိုက်တယ်။ တင်ပလ္လင်ခွေထိုင်ပြီး ခေါင်းကို အမြဲငုံ့စားနေတော့ ဗိုက်ခေါက်ပြီး လေခံတာလားလို့ ထင်မိတယ်။ နောက် မှ တဖြည်းဖြည်းနဲ့ ရင်ဝကနေ ၀မ်းဗိုက်အောက် ဘယ်ဘက်ခြမ်းက စူးပြီး အရမ်းထိုးအောင့်လာတော့ စားလက်စ သံပန်းကုန်ပြားလေးကို အခန်းထောင့်ကို တွန်းရွှေ့လိုက်ပြီး ပလက်စတစ်ရေပုလင်းနဲ့ လက်ကို ဆေးလိုက်တယ်။

ခါးကို ကိုင်းကိုင်းလေးလုပ်ပြီး ခပ်ကုန်းကုန်းလျောက်လာတော့ ထမင်းစားလက်စ ဖြစ်နေတဲ့ အတူနေတဲ့ အန်တီက သမီးဆုမွန် ဘာဖြစ်လဲတဲ့..ဗိုက်အောင့်တယ်လို့ လေသံပျော့လေးနဲ့ပြောတော့ သူ မျက်လုံးပြူး သွားတယ်။ သမီး နံရံကို မှီပြီး ခဏလေး မှီနေလိုက်တဲ့။ သူ့သစ်သားပြားခေါင်းရင်းဘက်ခြမ်းက အုတ်နီခဲတုံးလေး ပေါ်တင်ထားတဲ့ ပရုတ်ဆီပုလင်းလေးထဲက အကတ်အသတ် ပရုတ်ဆီလေးတွေကို ကျွန်မ ၀မ်းဗိုက်ပိန်ပိန် လေးကို လှန်ပြီး ချက်ထဲကို ထည့်ပေးတယ်။

ဗိုက်ကို လက်တင်လိုက်တော့မှ အထိမခံနိုင်အောင် နာမှန်း ပိုသိသာလာတယ်။ သူ့လက်ကို တွန်းဖယ် လိုက်ပြီး နာနာကျင်ကျင်နဲ့ သမီး ဗိုက်ကို ထိရင် အရမ်းနာတယ် အန်တီ..လို့ ငိုမဲ့မဲ့ပြောတော့ သူပိုလန့်သွားပုံရတယ်။ ဒါကြောင့် သမီးကိုပြောတာ အစားကို ပုံမှန်စားပါလို့ ညည်းက မစားရင် ထိုင် နေတာကိုးလို့ တဗျစ်ဗျစ် တောက်တောက် ပြောရင်း သူ သံတိုင်တွေကို အားယူကိုင် ထပြီး အပြင်ကို မျော်ကြည့်တယ်။

ဆရာမ ဆရာမ..ခပ်အုပ်အုပ်ခေါ်လိုက်တဲ့ အန်တီ့အသံကြောင့် အကျဉ်းခန်းတွဲတွေရဲ့ အလယ်တည့်တည့်က သစ်သားကုတင်ပေါ်မှာ စုဝေးပြီး စကား တင်းဆိုနေတဲ့ ထောင်ဝါဒါမတွေထဲက တစ်ယောက်က စိတ်မရှည်တဲ့ လေသံနဲ့ ဘာလဲ ဘာလဲ တဲ့။ ဒီမှာ ဆုမွန် ဗိုက်အောင့်လို့တဲ့။ သူတော်တော် အောင့်နေတယ်။ ဟင် ညနေပိုင်းကြီး ဗိုက်လာ အောင့်ရသလား ပါဆယ်တွေ စွတ်စားပြီး ဖြစ်ပြီ နင်တို့ကတော့ တဲ့. ဆောင့်ဆောင့် အောင့်အောင့်နဲ့အော်ပြီးမှ ငြိမ်ငြိမ်နေလိုက် မနက်ဖန် မနက် ဆေးမူးလာရင်ထွက် ပြလိုက်တဲ့။

စူးရှကျယ်လောင်လွန်းတဲ့ အသံက သံရည်ပူနဲ့ နားဝကို လောင်းချလိုက်သလို ဒေါသက တဖျင်းဖျင်း ထွက်လာတယ် ၀မ်းဗိုက်က နာကျင်မူနဲ့အတူ နာကျည်းမူက ပိုလာမယ်ထင်တယ်။ ဒေါသနဲ့အတူ နာကျင်မူတွေနဲ့ အသက်ရူကျပ်အောင်ကို ရင်ခွင်တစ်ခုလုံး တင်းတင်းကျပ်ကျပ်ကြီး ဖြစ်သွားတယ်။ မျက်စိကို အသာ မှေးမှိတ် လိုက်တော့မှ မျက်ရည်ပူတွေက နားထင်တလျောက် လျောကျဆင်းသွားတာ သိလိုက်တယ်။ မငိုပါနဲ့ဆုမွန်ရယ်တဲ့ လျက်ဆားလေး စားလိုက် လေခံတာဖြစ်မယ် သမီး လမ်းလေး လျောက်ကြည့်ပါလားဆိုလို့ နံရံကို အားယူကိုင်ပြီး ထလိုက်တော့မှ ဗိုက်တပြင်လုံး အရမ်းထိုးအောင့်လာလို့ အသက်ရူကျပ်လွန်းလို့ အံကြိတ်ရင်းက မချိမဆန့်ငြီးမိတယ်။

ဆရာမ ဆရာမ သူတော်တော်ဖြစ်နေတာ တစ်ခုခုဖြစ်မှာစိုးတယ် လုပ်ပါဦးလို့ အန်တီက အော်တော့မှ သော့ခလောက်သံ တချွင်ချွင်နဲ့ ထောင်ဝါဒါမ ၀၀တုတ်တုတ်ကြီး ရောက်လာတယ် မခံမရပ်နိုင်အောင် ဗိုက်အောင့်နေမှန်း သိသာတဲ့ ကျွန်မပုံစံကို မြင်တော့မှ ဆေးမူးခေါ်ပေးမယ် ခဏစောင့်တဲ့ ညနေပိုင်း ထောင်ပိတ်ချိန် ရောက်နေပြီ နင်တို့ကလဲ နည်းနည်းပါးပါး အစားဆင်ခြင်မှပေါ့တဲ့။

အစား ဆင်ခြင်မှာပေါ့ ဆိုတဲ့ စကားကြောင့် ခပ်မဲ့မဲ့ပြုံးမိတယ်။ ဖုန်မူန့်တွေ ပိုးမူန့်တွေ ဂုန်နီကြိုးတွေ ရောထွေး ပါလာတဲ့ ပဲဟင်းဆိုရုံ အရည်ကျဲကျဲ ဖြူဖျော့ဖျော့အရည်တစ်ခွက် ငါးပိတစ်တုံး ဆားတစ်ပုံနဲ့ မနက်စာ အရိုးအရင်း အရွက် အတုံးလိုက် အတစ်လိုက် ခုတ်ထစ်ချက်ထားတဲ့ အရွက်စုံဟင်းချိုတစ်ခွက်နဲ့ ငါးပိတစ်တုံး ဆားတစ်ပုံ ထမင်းကလဲဆိုတာ ရောင်စုံထမင်း အေးသွားရင် ထိုးမရ ဖဲ့မရ အညိုညစ်ညစ် ထမင်းတုံးတစ်တုံး။
လမ်းလျောက်ဖို့တောင် မေ့နေလောက်အောင် မိလ္လာသွန်ချိန်နဲ့ ရေချိုးချချိန် တစ်ခုပဲ အပြင်ထွက်ရတဲ့ ဘ၀မှ အခန်းကျဉ်းလေးထဲ ပတ်ပတ်လည် မူးနောက်နေအောင် လျောက်မှ အစာကြေရုံရှိတဲ့ နေရာတစ်ခုက လူတွေရဲ့ အစာအိမ်ခြေဖျက်မူဟာ ပုံမှန်ဖြစ်ပါ့မလားဆိုတာ သူတို့ လည်းသိရက်နဲ့ အံကို တင်းတင်းကြိတ်ရင်း မျက်စိကိုသာ စုံမှိတ်ထားလိုက်ပါတယ်။

ခပ်ဆောင်ဆောင့်ဆွဲဖွင့်လိုက်တဲ့ သံချေးတက်နေတဲ့ သံတံခါးချက်ဖွင့်သံ ဂျောင်းခနဲ ဂျူန်းခနဲ အသံကြားမှ အပြင်မှ ဗထလလို့ခေါ်တဲ့ ဗဟိုထောက်လှမ်းရေးက လူတွေနဲ့ ထောင်ဝါဒါမတွေ နောက် ၀တ်စုံအဖြူဝတ် ထောင်အကျဉ်းသား ဆရာဝန်နဲ့ ဆေးမူးကို မြင်ရတယ်။ အပြင်ကို တွဲထွက်ဖို့ အခန်းထဲက အတူနေ အန်တီက ချိုင်းကနေ မပြီး တွဲထွက်တော့ ရှင်က ဘာထွက်လုပ်မှာလဲ အထဲပြန်ဝင်နေ သူ့ဘာသာ ထွက်လာလိုက်မယ်လို့ ဟောက်လိုက်တော့ မျက်နှာပျက်သွားတဲ့ အန်တီကို ကြည့်ပြီး နေ နေ ရတယ် အန်တီ သမီး ဘာသာ ထွက်မယ် စိတ်မပူနဲ့နော်လို့ ပြောရင်း ဗိုက်အောင့်လွန်းလို့ ခပ်ကုန်းကုန်းဖြစ်နေတဲ့ ဗိုက်ကို လက်တစ်ဘက်က အသာ ထောက်ပြီး သံတံခါးကို လက်တစ်ဘက်နဲ့ဆုပ်ကိုင်ရင်းက အုတ်လှေကားအထစ်ကို မနည်း တွယ် ဆင်းရပါတယ်။

ကျွန်မ ၀မ်းဗိုက်ပြင်ကို လက်ချောင်းတွေနဲ့ ခပ်ဖိဖိ နှိပ်ရင်း ဒီနားလား ဟိုနားလား လို့ ထိုးပြီး မေးနေတဲ့ ထောင်ဆေးမူးကို ကျွန်မ ပြန်တောင် မပြောနိုင်လောက်အောင် နာတယ်လို့ပဲ တတွင်တွင်အော်နေမိတယ်။ ကျွန်မရဲ့ တင်းမာ ပြောင်တင်းနေတဲ့ နံရိုးအပြိုင်းပြိုင်းနဲ့ ၀မ်းဗိုက်ပူပူလေးကို ကြည့်ပြီး သူမျက်နှာ နည်းနည်းပျက် သွားတယ်။ နောက် သူ ဗထလက ထောက်လှမ်းရေးတွေနားကို သွားပြီး တစ်စုံတစ်ရာ ခပ်တိုးတိုးပြောနေတာ တွေ့တယ်။ နောက် ထောင်ဝါဒါမတွေကို ခေါ်ပြီး သူတို့ ဆွေးနွေးနေကြတယ်။

သူ ထောင်မကြီး ဆေးရုံသွားရမယ်တဲ့ နောက် ကျွန်မ အခန်းဘက်ကို ထောင်ဝါဒါမတစ်ယောက်က ခပ်သွက်သွက် လျောက်သွားပြီး ဆုမွန် အ၀တ်တွေ နည်းနည်း ထုတ်ပေးလိုက်တဲ့။ အန်တီကြီးက ထောင်ဝတ်စုံ အဖြူလေး တွေနဲ့ ဖလံထည် အနွေးထည်လေးတစ်ထည် အောက်ခံအကျီလေးတွေကို အဖြူရောင် ပုံစံ လုံခြည်လေးနဲ့ ထုတ်ပေးလိုက်တယ်။ နောက်သူတို့တွေ အကုန် အပြင်ထွက်သွားကြတယ်။ အထုတ် အဖြူလေးကို ပိုက်ပြီး ထိုင်နေတဲ့ ကျွန်မ အပြင်ရောက်တော့ ဗိုက်က ပိုပိုပြီး ထိုးအောင့်လာသလိုပဲ။

ကျွန်မကို ဘာဆေးမှလည်း မပေးသေးဘူး လက်နဲ့ ဖိသွားတာတစ်ခုပဲ ရှိတယ်။ ကျွန်မ မသိမသာ ကုန်းကုန်းလေး လုပ်နေပြီး ညည်းတော့ အကျဉ်း အခန်းတွေက ခေါင်းလေး ပြူတစ် ပြုတစ်နဲ့ ရပ်ကြည့်နေကြတဲ့ ကျွန်မ ရဲဘော်တွေ ဆုမွန်သက်သာလား ဘယ်လိုနေလည်း ဆေးရုံရောက်ရင်တော့ သက်သာမှာပါ အားမငယ်နဲ့နော် စသဖြင့် တီးတိုးတီးတိုး အားပေးစကား လှမ်းပြောနေကြတာကို ဟဲ့ ဘာဖြစ်နေကြလဲ နင်တို့ကို ဘယ်သူ က စကားပြောခိုင်းလို့လဲ ငြိမ်ငြိမ်နေကြစမ်း ဟဲ့ ကောင်မလေး နင့်ကို ဆေးရုံကား လာခေါ်လိုက်မယ် ခဏစောင့်ရမယ် သောက်စကားမများနဲ့ နင့်အပြင်ထုတ်တာ နေမကောင်းလို့ စကားပြောဖို့မဟုတ်ဘူး ဆိုတဲ့ ဌက်ဆိုးထိုးသံကြီးက အောက်ကလိ အောက်ကလာ ထွက်လာတယ်။

အပြင်မှာ နာရီဝက် တစ်နာရီလောက် ကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်နေရတယ်။ သူတို့လည်း သူတို့ခေါင်းစဉ်တွေနဲ့ သူတို့ စကားပြောမပျက်ကြဘူး။ ကိုယ့်ရောဂါတောင် ကိုယ်မေ့သလိုဖြစ်လာတယ်။ ငါအပြင်ကို ဘာထွက်လုပ်နေပါလိမ့်လို့တောင် ထင်လာမိတယ်။ ခနနေတော့ တံခါးပွင့်သံ ဂျူန်း ဂျူန်း ဂျိမ်းဂျိမ်း ကြားရတယ်။ ဂူးဂူးဂဲဂဲ အသံကြီး ကြားတော့မှ ကြောက်စိတ်တွေဝင်လာတယ် သစ်သားတံခါးလေး ပွင့်သွားပြီး ထောင်ဝန်ထမ်းတွေ ၀င်လာတယ် ဆေးရုံသွားရမယ်တဲ့။

ထမ်းစင်တွေများ ပါလာမလားလို့ အသာကြည့် လိုက်သေးတယ်။ နောက်မှ လိုက်ခဲ့တဲ့ ဆိုပြီး ခြေလှမ်းကျဲကျဲနဲ့ ထွက်သွားတဲ့နောက်ကို အထုတ်လေးပိုက်ပြီး ခပ်ကုန်းကုန်းလေး လိုက်သွားတော့ အန်တီက သံတိုင်လေးကို ဆုပ်ကိုင်ပြီး စိုးရိမ်တကြီး မျက်နှာနဲ့ ကြည့်နေတယ် မျက်ရည်အ၀ိုင်းသားနဲ့ ကျွန်မ လှည့်ကြည့်တော့ သူ က မျက်နှာငယ်လေးနဲ့ပေမယ့် အားမငယ်နဲ့ဆိုတဲ့ သဘောနဲ့ သူ့လက်မလေး ထောင်ပြတယ်။ ကျွန်မကို လက်မောင်းရင်းက ကိုင်ပြီး ခြေလှမ်းကျဲကျဲ လှမ်းတဲ့ ထောင်ဝါဒါမတစ်ယောက်က ဘေးက ပါလာတယ်။ အပြင်ကိုရောက်လို့ ထောင်ဗူးဝနားမှာ စစ်ကားရိန်းဂျားကားကြီးတစ်စီး ရပ်ထားတာ တွေ့ရတယ်။ ကားခေါင်းခန်းကို လျောက်သွားတော့ ဟဲ့ နောက်က တက်တဲ့။

ကျွန်မ ကားကြီးရဲ့ နောက်မှီးကို ကြည့်တော့ အားနဲ့ ဆွဲတက်ရတဲ့ သံလက်ကိုင်တန်းတွေနဲ့ သံလှေကားထစ် တွေကို မြင်ရတယ်။ နောက်ဘက်မှာ ဆောက်လုပ်ရေးပစ္စည်းတွေလို ပစ္စည်းအတိုအစတွေ စက္ကူဗုံးတွေ နောက် ပုလင်းတွေ ကျွန်မ အထုတ်လေးကို ပစ်တင်လိုက်ပြီးမှ ဗိုက်အောင့်နေတာတောင် မေ့သွားပြီး သံလှေကားကို အားနဲ့ တွယ်တက်ရတယ်။ ထောင်ဝါဒါမကတော့ ကားခေါင်းခန်းပေါ်ကို စတိုင်လ်အပြည့်နဲ့ ထိုင်လိုက်ပါတယ်။ နောက်မှ စက်ကို ဆောင့်နိုးတော့ ချက်ခြင်းကားက စက်မနိုးလို့ ဂူးဂဲလ် ၀ူးဝဲလ်နဲ့ ရှေ့တိုးနောက်ဆုတ် သုံးလေးကြိမ်ဖြစ်ပြီးမှ အရှိန်နဲ့ ဆောင့်ထွက်သွားတော့ ပြုတ်မကျအောင် ဆွဲမိဆွဲရာ ဆွဲကိုင်လိုက်ရပါတယ်။ ဗိုက်အောင့်နေတဲ့ လူနာကို လာခေါ်တဲ့ ရိန်းဂျားကားကြီးရဲ့ ဘေးနံရံကို တင်းနေအောင် ဆုပ်ကိုင်ရင်း မျက်စိကိုသာ စုံမှိတ်ပြီး ဆောင့်ဆောင့်လေး ထိုင်ပြီး လိုက်သွားပါတော့တယ်။

စကာထဲ ဆီးဖြူသီး ထည့်လိမ့်သလို အလူးအလူးအလိမ့်လိမ့် ပါလာပြီးမှာ သံတံခါးမကြီးတွေ အထပ်ထပ် ဖြတ်ကျော်ပြီးမှာ တစ်နေရာမှ ကားကို ဆောင့်ရပ်လိုက်ပါတယ်။ ထောင်ဝါဒါမက ဒီတစ်ခါတော့ ကျွန်မ ကားပေါ်က အဆင်းကို ပျာပျာသလဲနဲ့ ကြိုစောင့်နေပါတယ်။ အော် ငါ့ကို ဆေးရုံနားရောက်လို့ ဂရုစိုက်တယ် မှတ်တယ်လို့ ထင်ပြီး သံလှေကားထစ်ပေါ်က အဆင်းလဲကျရော ခေါင်းစွပ်အပြာကြီးကို ခေါင်းက စွပ်ချလိုက်ပါတယ်။ စစ်ကြောရေးဝင်နေကြလိုပါပဲ ခေါင်းကနေ စွပ်ချထားတဲ့ အတွက် အရှေ့ကို မြင်အောင် လက်မထိပ်လေးနဲ့ အစွပ်ကို ကိုင်ပြီး ရှေ့တစ်လှမ်းစာကို ကြည့် လက်တစ်ဘက်က အထုတ်လေးကို ကိုင်ပြီး တရွတ်စွဲ လျောက်နေတဲ့ ကျွန်မကို လက်မောင်းရင်းကနေ ထောင်ဝါဒါမက ခပ်တွန်းတွန်း ဆွဲခေါ်လာပါတယ်။

ထောင်ဗူးဝကြီးတစ်ခုကို ခေါင်းငုံ့ပြီး အဖြတ်မှာတော့ မီးတွေ လင်းထိန်နေတဲ့ တိုက်တန်းလျားတစ်ခုရှေ့ကို ရောက်လာတယ်။ အဲ့ဒီ့မှာ တာဝန်ကျနေတဲ့ ထောင်ဝါဒါမကတော့ ကျွန်မတို့နဲ့ ရင်းရင်းနီးနှီးနေလေ့ရှိတဲ့ မထွေးထွေး ဖြစ်ပါတယ်။ သူက ရယ်ကာ မောကာနဲ့ ဟော သာလိကာ ဘာဖြစ်လာတာတုန်းတဲ့။ အရေးတယူမေးတဲ့သူရှေ့ ရောက်ကာမှ ငိုချင်စိတ် နည်းနည်း ပေါက်သွားတယ် ကျွန်တော် ဗိုက်အောင့်လို့ အစ်မ လို့ဆိုတော့ အေးအေး သက်သာသွားမယ်တဲ့ ထောင်ဆေးရုံကတော့ တက်ချင်တဲ့သူတွေ တန်းစီနေတာ ပိုက်ဆံပေးပြီးတောင် တက်ရတာ ဆိုပဲ။ ပြောပြောဆိုဆိုနဲ့ ကျွန်မကို လက်မောင်းကို သွေးပေါင်ချိန် ကိုယ်အလေးချိန် ပေါင်ချိန် စာရင်းတွေ မှတ် အသက်မေးတော့ ၁၉နှစ်လို့ ဖြေလိုက်တယ်။ စာရင်းမှတ်နေတဲ့ နှစ်ရစ်နဲ့ အဘွားကြီးက မျက်လုံး ပင့်ကြည့်တယ်။ ဟဲ့ ကောင်မလေး နင်ကလဲ လူကဖြင့် နှပ်ချေးတောင် မစင်သေးဘူး သေးသေးလေးနဲ့ ငါးည ဖြစ်ရသလားတဲ့။ နောက် ခေါင်းက ခါပြီးတော့ စာရင်းတွေ ဆက်မှတ် တယ်။

နောက် ပြီးပြီ လာ လိုက်ခဲ့ဆိုပြီး ခပ်ကိုင်းကိုင်းဖြစ်နေတဲ့ ကျွန်မကို ကန့်လန့်ကာကာထားတဲ့ အခန်းထဲကို ထည့်လိုက်ပါတယ်။ သံတံခါးနှစ်ဆင့် ခတ်ထားတဲ့အပြင် ကန့်လန့်ကာ အမည်းကြီးပါ ထပ်ကာထားတဲ့ အခန်းကျယ်ကြီးပါ။ ကုတင်လေးတစ်လုံးပဲ ရှိပါတယ်။ နောက် မိလ္လာကုလားထိုင်လို့ယူဆရတဲ့ ခုံတစ်လုံးရယ် ဒါပဲရှိပါတယ်။ ညီစို့စို့အနံ့ကြီးရယ် ပိုးသတ်ဆေးအနံ့ကြီးရယ် ရူရိုက်မိပြီး ဆိတ်ငြိမ်နေတဲ့ အခန်းကျယ်ကြီးကို ပတ်ချာလည် ကြည့်ပြီး ဘာရယ်မှန်းမသိ ကြက်သီးဖြန်းဖြန်းထသွားတယ်။

ဆေးဗန်းသေးသေးလေးထဲက ဆေးသေးသေးလေး နှစ်လုံးကို တိုက်ပြီး ကဲ အိပ်တော့ မနက် ဆရာဝန်လာရင် သေချာ ကြည့်ပေးလိုက်မယ်တဲ့။ အခန်းကျယ်ကြီးအလည်က ကုတင် သေးသေးလေးမှာ ကျွန်မ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်။ သံတံခါးနှစ်ထပ်ကို အဆင့်ဆင့် ဆွဲပိတ်ပြီး သော့ခတ်လိုက်တဲ့အပြင် ကန့်လန့်ကာကြီးကိုလဲ ဆွဲပိတ်လိုက်တဲ့ အသံ နောက် အားလုံး ငြိမ်သက် တိတ်ဆိတ် သွားပါတော့တယ်။ မီးလုံး နီကျင်ကျင်လေးအောက်မှာ ကုတင်ပေါ် ပက်လက်ကလေး အိပ်နေရင်း နောင်တ အကြီမ်ကြိမ်ရမိပါတယ်။ ကြောက်စိတ်က တဖြေးဖြေး လွှမ်းမိုးလာပါတယ်။ သေပါပြီ ဒုက္ခပါပဲ ငါတော့ အခုနေ သေသွားရင်တောင် လူသိမယ် မထင်ဘူး ငါ့ဘာသာ ငါ့အကျဉ်းခန်းထဲ ငါ့အခန်းဖော်နဲ့နေရင်တောင် အသေဖြောင့်ဦးမယ်လို့ တောင်စဉ်ရေမရတွေ တွေးမိပါတယ်။

နောက်မှ ဘုရားတရားကို အာရုံပြု ဘုရားဂုဏ်တော်တွေ ရွတ်ရင်းက ခေါင်းတစ်ခုလုံး လေးလေးကြီး ဖြစ်လာပြီး တဖြေးဖြေး မျက်တောင်က စင်းလာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့တယ်။

အိပ်နေရာကနေ ဆတ်ကနဲ ရုတ်တရက် ကုတင်ကို နောက်ကနေ ဆွဲဆောင့်လိုက်သလို ကုတင်ပေါ်က ပြုတ်ကျသလို အေးကနဲ ဖြစ်သွားပါတယ်။ မျက်စိနှစ်လုံးကို ဖြတ်ကနဲပွင့်တော့ ဘာဆို ဘာမှ မမြင်ရပဲ ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းနေပါတယ်။ ခြေထောက်ကို စုံညှစ်ကိုင်ပြီး ဆွဲချနေသလို ခံစားရလို့ ခြေထောက်ကို ဆောင့်ကန်ပြီး ရုန်းထွက်တော့ တင်းတင်းညှစ်ထားတဲ့ လက်အစုံကို သတိထားမိသလို ဖြစ်ပြီး ကုတင်ခြေရင်းကို ခေါင်းမတ်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့...

Read More...

အမိုက်ပုံကျောင်းလေး

အမိုက်ဆိုတာ စွန့်ပစ်ပစ္စည်းပါ။ အမိုက်ပုံးဆိုတာလည်း နေအိမ်က စွန့်ပစ်ပစ္စည်း အစုတ်တွေ သားငါး ဟင်းသီး ဟင်းရွက် အပုတ် အပွ စားကြွင်းစားကျန်တွေ မလိုအပ်တော့တဲ့ အရာတွေ အစုံပလုံ အမိုက်တွေ ကို ထည့်တဲ့ အရာပါ။ အမိုက်ပုံ ဆိုတာကတော့ ရှိရှိသမျ စွန့်ပစ်ပစ္စည်း အမိုက် မှန်သမျကို လူသေကောင်ကလွဲရင် အပုတ် အပွ မှန်သမျ တစ်နေရာတည်းမှာ စုပုံထားရှိတဲ့ နေရာပါ။ အိမ်မှာ အမိုက်ပုံးထားတဲ့နေရာဆိုရင် တော်တော်လေး ကို ချောင် ကျတဲ့ မီးဖိုချောင်သို့မဟုတ် လူမမြင် ကွယ်ရာ ချောင် တစ်ခုခုမှာ ထားတတ်ကြတယ်။ နောက် အမိုက်ပုံး ထဲမှာ လျှံနေပြီ ဆိုရင် အနံ့က အရင် ရ နေပါပြီ။ သွန်ဖို့ အော်ကြ ဟစ်ကြပြီပေါ့ အနံ့ မခံနိုင်ကြလို့လေ။

လမ်းထဲ ရပ်ကွက်ထဲမှာ အမိုက်ပုံထားတဲ့အခါ သတင်းစာတွေမှာ လူထုအော်သံမှာဆို လမ်းထိပ်အမိုက်ပုံ ပုံမှန် လာမရှင်း အနံ့ဆိုးဝါး လူထုမခံနိုင် စသဖြင့် အော်ဟစ်စာတွေ ကို တွေ့ရလေ့ရှိပါတယ်။ နောက်တစ်ခါ အမိုက်ပုံ နားက ဖြတ် သည်ဖြစ်စေ ကိုယ့်ဘေးမှာ အမိုက်ကား ဖြတ်သွားရင် အနံ့မခံနိုင်လို့ နှာခေါင်း လေးတွေ ပိတ်ပြီး ရူံ့ရူံ့မဲ့မဲ့ လုပ်တတ်တာ ကျွန်မလဲ ရှေ့ဆုံးကပါပါတယ်။ ကျွန်မ နှာခေါင်းက အနံ့ တစ်ခုခုဆို ချက်ခြင်း အလာဂျစ် ဖြစ်ပြီး နှာဆက်တိုက်ချေတတ်တာမှ ဂျွမ်းတောင်ပြန်လို့ပါ။

ဆိုတော့ အမိုက်ဆိုတဲ့ အမိုက်ရဲ့ အကြောင်းကို ရှည်ရှည်ဝေးဝေး ရှင်းပြရတဲ့အကြောင်းကတော့ အမိုက်ပုံမှာ နေထိုင် ပျော်မွေ့နေကြတဲ့ လူတွေအကြောင်း အမို်က်ပုံလေးကို အိမ်လုပ်နေကြတဲ့ မြန်မာမိသားစုတွေနဲ့ အမိုက်ပုံလေးနားက မြန်မာလေးတွေအတွက် စာသင်ကျောင်းလေးအကြောင်း ပြောပြချင်လို့ပါ။

မြန်မာသီချင်းသံ မြိုင်မြိုင်ဆိုင်ဆိုင်ကို နားထောင်ရင်း ပဲပြုတ် နံပြားနဲ့ မြန်မာလဘက်ရည် ချိုကျတစ်ခွက်ကို ဇိမ်ခံ သောက် နေတုန်း လက်ဘက်ရည် ဆိုင်ထဲကို ချွေးသံရွှဲရွှဲနဲ့ လူတစ်ယောက် ၀င်လာပါတယ်။ ကျွန်မကိုလဲ မြင်ရော သူက ရုတ်တရက် လန့်အော်ပါတယ်။ ဟယ် ဆုမွန် နင် မဲဆောက်ရောက်နေတယ် ဟုတ်လား။ ဟုတ်တယ် မယ်တော် ဆေးခန်းကို အင်တာဗျူး လာကြတာလို့ဖြေရင်း နုတ်ခမ်းမွှေး ထူထူ နဲ့ အသားညိုညို မျက်လုံး ပြူးပြူး နဲ့သူ့ကို မနည်းစဉ်းစားရပါတယ်။

ကျွန်မလည်း သူ့ကို ရုတ်တရက် မမှတ်မိပေမယ့် သူ့အသံကိုတော့ ကျက်မိလိုက်ပါတယ်။ ရန်ကုန်မှာတုန်းက အဖွဲ့ချူပ် ရုံးမှာ ကဗျာရွတ်ပွဲ တွေဆို အမြဲ လာလေ့ရှိတဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်ပါတယ်။ သူ မိတ်ဆက် ပေး တော့မှ ကျွန်မရဲ့ အစ်ကို ဆရာလွဏ်းနဲ့ မိတ်ဆွေတွေက ကျွန်မကို အဖွဲ့ဝင်ဖြစ်ဖူးမှန်း သိကြတယ်။ သူနဲ့ ကျွန်မတို့ စကားလက်ဆုံကျရင်းက သူက ကျွန်မကို သူအခု ဦးဆောင်ပြီး လုပ်နေတဲ့ ကျောင်းလေးကို အလည် ခေါ် ဖိတ်ပါတယ်။ အခု သူ အဲ့ကျောင်းလေးကို ကျောင်းသုံးပစ္စည်းတွေနဲ့ အိမ်ဆောက် ပစ္စည်း တစ်ချို့ သွားပို့ မလို့ပါတဲ့။

အဲ့ဒီ့မှာ အစ်မခွာညို ရေးဖူးတဲ့ Blue Sky School ကောင်းကင်ပြာဆိုတဲ့ စာသင်ကျောင်းလေးအကြောင်း ကို သွား သတိရမိတယ်။ တကယ်တော့ ကျွန်မလဲ အဲ့ကျောင်းလေးကို သွားချင်နေတာ မဲဆောက်နဲ့ နည်းနည်း အလှမ်း ဝေးပြီး မိုးတွင်းပိုင်း ဖြစ်နေလို့ သွားလာရ ခက်ခဲတဲ့ နေရာလေးတစ်ခု ဖြစ်တယ် မိုးတွင်းပိုင်း မဟုတ်လဲ လူသူ အရောက် အပေါက် နည်းပြီး ကားဌားရင်လည်း မလိုက်ချင်တဲ့ နေရာတစ်ခု ဆိုတာ သိရပါတယ်။

ကားခေါင်းခန်းမှာ ကျွန်မရယ် အစ်မရယ် ထိုင်စီးလာကြရင်း အဲ့ကျောင်းလေးအကြောင်း စကားပြော ဖြစ်ကြတယ်။ ကားလမ်းပေါ်က ဖဲ့ဆင်းလာပြီး လမ်းကြမ်းကြမ်းထဲ ၀င်လာတဲ့အခါ နဘေးဝဲယာမှာ ဆူးခြုံတွေ ခြုံပုတ် ထူထူ ထပ်ထပ်တွေ နောက် ဓနိလိုလို အုန်းပင်လိုလို အခက်တွေနဲ့ အပင်တွေလဲ ပိတ်နေတာ တွေ့ရတယ်။ လမ်းကတော့ တော်တော်လေးဆိုးပါတယ်။ ကားအမြင့်တောင် အိုင်ခွက်ထဲ ၀င်သွားရင် မနည်း ရုန်းထွက် ရပါတယ်။ နောက်က ဟွန်းသံတတီတီကြားလို့ နောက်ကြည့်မှန်က ကြည့်မိတော့ အမိုက် ကားကြီး တစ်စင်း လမ်းတောင်းနေတာ တွေ့ရပါတယ်။ဘေးက ဖြတ်သွားချိန်မှာတော့ သိသိသာသာ အနံ့ဆိုးကြီးက ကပ်ပါလာပါတယ်။

အစ်မက ကျွန်မကို ရုတ်တရက် လှမ်းပြောပါတယ်။ အဲ့ကျောင်းလေး ဖွင့်တဲ့နေ့က ကလေးတွေ အရမ်း ပျော်နေကြတယ် ကျောင်းတက်ဖို့ သူတို့ အရမ်းစိတ်လူပ်ရှားနေကြတယ် အဲ့ဒီ့နေ့က ကလေးတစ်ယောက် ကျောင်းတက်ဖို့ လာရင်း အမိုက်ကား အကြိတ်ခံရလို့ သေသွားတယ် ညီမလေးတဲ့.....

မိနစ်အနည်းငယ်အကြာမှာတော့ ကျွန်မတို့ မဲဆောက်မြို့ရဲ့ တစ်မြို့လုံးက စွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်ရာ အမိုက်ပုံကြီးဆီကို ချဉ်းနင်း ၀င်ရောက်လာခဲ့ပါပြီ။ နေရာ ပတ်ဝန်းကျင်တစ်ခုလုံး အမိုက်ပေါင်းစုံက ထွက်တဲ့ အနံ့ဆိုးတွေကတော့ သိသိသာသာ ပုတ်အဲ့ ညှီဟောင် နေပြီး အမိုက်တွေ ဆွေးမြေ့နေတဲ့ ပုတ်အဲ့အဲ့ ညှီဆို့ဆို့ အနံ့ဆိုးကြီးက နာခေါင်းဝကို တိုးဝှေ့ဝင်လာပါတယ်။ ကျွန်မတို့ ကားဝင်လာ တယ်ဆိုရင်ပဲ ခပ်လှမ်းလှမ်းမှာရှိတဲ့ အမိုက်ပုံပေါ်မှာ တကုတ်ကုတ်နဲ့ ပစ္စည်းတွေ ရွေးကောက်နေတဲ့ အိတ်ကိုယ်စီနဲ့ လူတွေနဲ့ ကလေးတစ်သိုက်က အော်ဟစ် လက်ပြကြတယ် အမိုက်ပုံအပေါ်နဲ့အောက် ပြေးလွှား ခုန်ပေါက်နေကြတာ တွေ့ရပါတယ်။

မဲဆောက်မြို့ပေါ်က အမိုက်ပုံကြီးမှာ နယ်စပ်လမ်းကြောင်းတွေက မြန်မာပြည်ထဲမှာ ဘယ်လိုမှ လုပ်ကိုင် စားသောက်လို့ မရနိုင်လွန်းလို့ တရားမ၀င် ရောက်ရှိလာကြတဲ့ ရွှေ့ပြောင်းမြန်မာတွေရှိတယ်။ အဲ့ဒီ့အထဲကမှ စီးပွားရေးလည်း မလုပ်စားနိုင် စက်ရုံအလုပ်ရုံမှာလည်း လုပ်လို့မရ ထိုင်းရဲလည်း အဖမ်းခံ ရနိုင်ချေ နည်းတဲ့ ၀င်ငွေလည်း စားလောက်ရုံ ရနိုင်တဲ့ နေစရာလည်း တဲထိုးလို့ ရနိုင်တဲ့ ဒီအမိုက်ပုံကြီးပေါ်မှာ စုဝေးနေထိုင် လုပ်ကိုင် စားသောက် နေကြလေရဲ့။ လူတကာက စွန့်ပစ်ထားတဲ့ အမိုက်တွေ စုပုံထားရှိရာ အဲ့ဒီ့အမိုက်ပုံကြီးပေါ်မှာ သူတို့ကမ္ဘာ သူတို့ နေရာလေး မှာတော့ သူတို့ ကျင်လည် ကျက်စား ပျော်ရွှင်စွာ တစ်ဝမ်း တစ်ခါး အတွက် ရုန်းကန်လူပ်ရှား ရှာဖွေ နေကြတာပေါ့။အမိုက်ကားတစ်စီး ဆိုက်လာတိုင်း ၀မ်းသာအားရ အော်ဟစ်ကြ အမိုက်တွေ လုကောက်ကြ ရန်ဖြစ် တွန်းထိုးကြ နောက် အဲ့အထဲ ကမှ စားလို့ရနိုင်တဲ့ စားကြွင်းစားကျန်မျိုးတွ ၀တ်လို့ရနိုင်တဲ့ အ၀တ်အစား အဟောင်း အနွမ်းတွေ သူတို့အတွက် သုံးစွဲတာမျိုး ရှိသလို ကစားစရာလေးတွေ နေအိမ်သုံး ပစ္စည်း အဟောင်းလေးတွေကို ကိုယ်နေတဲ့ တဲလေး တွေကို သယ်ပြီး အလှဆင်ထားတာရှိပါတယ်။ အဲ့ဒီ့မိသားစုတွေရဲ့ ၀င်ငွေဟာ အမိုက်ရတဲ့အပေါ် မူတည်ပြီး ရလာတဲ့ ဘတ်စလေးတွေဟာ သူတို့မိသားစုအတွက် ၀မ်းဝအောင်တော့ ရပါတယ်တဲ့။ မြန်မာပြည်မှာ ဆို တစ်ဝမ်းတစ်ခါးပြည့်ဖို့ မနည်း ရုန်းကန် လူပ်ရှား နေခဲ့ကြရတယ်တဲ့လေ။

Blue Sky School ကျောင်းလေးကို ရောက်ပါပြီ။ ၀ါးလုံးနံရံတွေက လူကြီးခါးတစ်ရပ်စာပဲ ကာထားပြီး အကာတွေ ဖွင့်ထားတဲ့ ဓနိမိုးတဲခပ်ကြီးကြီးတစ်ခုပါ။ သူ့ရဲ့နံဘေးပတ်ပတ်လည်မှာ မီးခိုးလေးတွေ တလူလူနဲ့ တဲ သေးသေးလေး တွေ တန်းစီပြီး ၀န်းရံတည်ရှိနေကြပါတယ်။ ကျောင်းအဆောက်အဦးထဲမှာ အရွယ်စုံ ကလေးသေးသေးလေးတွေ အ၀တ်အစား နွမ်းနွမ်းစုတ်စုတ် လေးတွေနဲ့ သစ်သား စာသင်ခုံလေး တွေပေါ်မှာ တန်းစီ ထိုင်ရင်း ကျွန်မတို့ကို အထူးအဆန်းကြည့်နေကြပါတယ်။ ကျိန်းသေ တာတော့ သူတို့အတွက် လက်ဆောင် စားစရာ တစ်ခုခု သယ်လာတဲ့ ဧည့်သည်တွေမှန်း သိကြပုံပဲ မျက်ဝန်း ကြည်ကြည် တောက်တောက် လေး တွေနဲ့ အပြူးသားလေးတွေ ကြည့်နေတဲ့ ကလေးတွေကို ကျွန်မတို့က မင်္ဂလာပါလို့ အော်လိုက်တော့ အားရပါးရ ပြုံးပြရင်း လက်အုပ်လေးတွေ ချီပြီး တစ်ပြိုင်နက် တည်း အော်လိုက်ကြတာ ဆ၀ါဒီးခါးတဲ့......

နောက် ကျောင်းအုပ်ဆရာ တစ်ယောက်ရှိတယ်။ သူကလည်း အရင်က တော်လှန်ရေး ထဲမှာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် တစ်ယောက်ပါပဲ။ ထိုင်းနိုင်ငံကို ရောက် လာတဲ့ မြန်မာ ကလေးတွေ အဲ့ကလေးတွေ ထဲကမှ မိသားစုလိုက် အမိုက်ပုံမှာ လာပြီး အမိုက်ရှာရင်း ၀င်ငွေရှာ နေတဲ့ ကလေးတွေအတွက် တကယ်လိုအပ်တဲ့ ပညာရေး စနစ် တစ်ခုကို ပြုစုပျိုးထောင်ပေးဖို့ သူ အချိန်တွေ ပေးပြီး စေတနာ့ဝန်ထမ်း လာလုပ်နေတာ ဖြစ်ပါတယ်။ နောက် ထိုင်းစာ အတွက် ထိုင်း တစ်ယောက် ထိုင်းစာ လာသင် ပေးတာရှိတယ်။ ထိုင်းမှာနေမယ်ဆို ထိုင်းလိုလဲ ပြောတတ် ဖတ်တတ် စေချင်တယ် ဥပမာ သတိပေး ဆိုင်းဘုတ်လိုမျိုး ဆေးရုံလိုမျိုးမှာ ရေးထား တာမျိုး တွေ ဖတ် စေချင်တယ်။ ခေါင်းကိုသာ အဆက် မပြတ် ငြိမ့်နေတယ် ရင်ထဲမှာတော့ အတွေးပေါင်းစုံ ဗလောင် ဆူနေ ပါတယ်။ကျွန်မ အမှန်အတိုင်း ပြောရရင် စာသင်ခုံပေါ်မှာ ငုတ်တုတ်လေးတွေ ထိုင်နေတဲ့ ကလေးလေးတွေကို ပြုံးသာ ပြနေရတယ် ရင်ထဲမှာ တော့ တကယ့်ကို ၀ုန်းဒိုင်းကျဲနေပါတယ်။ အသက်ရူမရဖြစ်ပြီး ဘာမှန်းမသိတဲ့ ဆို့နစ် ကြေကွဲမူတွေနဲ့ အာခေါင်တစ်ခုလုံး အက်ကွဲ ခြောက်သွေ့လာတယ်။ မျက်ရည်ပါ အလိုလို ကျချင် လာတယ်။ ဂယောင် ဂတမ်းနဲ့ အပြင်ကို ထွက်လာတော့ အမိုက်ပုံ အနံ့က အလုံး အရင်းလိုက် နှာခေါင်းထဲ ၀င်လာတယ် မျက်ရည်စ ကို တစ်ရူးစနဲ့ သုတ်မိချိန်မှာတော့ ဆရာက ထွက်လာပြီး ဆရာမလေး အနံ့မခံနိုင်ဘူး ထင်တယ်တဲ့ ဒီအနံ့ကလဲ တော်တော်လေး ကျင့်သားရမှဗျတဲ့။

ကျွန်တော့်ကျောင်းမှာတော့ အမေတွေ အဖေတွေက အမိုက်ပုံရောက်နေတော့ တစ်ချို့ ကလေးတွေကို ကျောင်းမှာ လာထားကြတယ် သူတို့လဲ စိတ်ချရ ကလေးတွေလဲ ပညာရပေါ့ဗျာတဲ့။ ကလေး နည်းနည်းကြီးလို့ အမိုက် ကောက် တတ်ပြီဆိုရင်တော့ အိတ်တစ်လုံးနဲ့ ဆူးထိုး ချိတ်တစ်ချောင်း ပေးလိုက်တယ် အမွေသဘောပေါ့ အဲ့တာ အမိုက်လိုက် ကောက်တော့တာပဲ တစ်ခါတစ်လေ ကလေးတွေက ပိုစူးစမ်း မြင်တဲ့အတွက် မိဘတွေထက် သူတို့က ရောင်းတမ်းဝင်တဲ့ ပစ္စည်း ကောင်းကောင်း လေးတွေ ရတာများတယ်။ အဲ့လို ကလေးမျိုး ဆို ကျောင်းမှာ အဖေတွေ အမေတွေက သိပ်မထားချင်ကြဘူး အဓိက သူတို့ စားဝတ်နေရေးအတွက်ပေါ့ဗျာ။ အဲ့တော့ သူတို့ အတွက် ညနေပိုင်းမှာ အချိန်ပေး သင်ပေးတယ်။ အဓိကကတော့ သူတို့ စာနည်းနည်း ဖတ်တတ်ရင် ဘယ်အမိုက် ဟာ အန္တရယ်ရှိတယ် ဘယ်ဆိုင်းဘုတ် ဘယ်တံဆိပ်က ဘာဆိုတာ သူတို့ ဖတ်လို့ ရမယ်လေ။

စကား ဖြတ်ပြီး တစ်ခုလောက် ပြောပြချင်တယ်။ ပြီးခဲ့တဲ့နှစ်က မဲဆောက်အမိုက်ပုံပေါ်မှာ သပ်သပ်ယပ်ယပ် ထုတ်ပိုး ထားတဲ့ အထုတ်လေးတစ်ခုကို ကလေးတွေ ကောက်မိပြီး ဖွင့်ကြည့်မိရာက ဗုန်းဖြစ်နေလို့ ကလေးတွေ သေတဲ့ သူသေ ဒဏ်ရာရတဲ့ရ ဖြစ်ခဲ့ကြရသေးတာ မှတ်မိသေးတယ်။

ကျွန်မတို့တွေ အထဲကို ပြန်ဝင်လာပြီး ကျောင်းက ကလေးတွေအတွက် စာအုပ်စာတမ်းတွေ ကျောင်းသုံး ပစ္စည်း တွေနဲ့ လက်ဆောင်မုန့်လေးတွေ သကြားလုံးလေးတွေကို ဝေဌပေးတော့ အရမ်း ပျော်ရွှင်နေကြတဲ့ ကလေး တွေကို ကြည့်ပြီး သူတို့ကို ဂရုစိုက်တာ အရမ်းခံချင်ကြတာ ဆရာမလေးရဲ့တဲ့။ အားရပါးရ ဆရာ ရှေ့က တိုင်ပေး သမျ မြန်မာစာ တွေကို အော်ဟစ်ဆိုပြနေကြတဲ့ သနပ်ခါးပါး ကွက်ကြားလေးတွေနဲ့ကလေးတွေကို အကြောင်သား ငေးကြည့်မိတယ်။ ပါလာတဲ့ အစ်မက ကျွန်မကို လက်တို့ခေါ်ပြီး အနောက်မှာ ကလေး ပိစိလေးတွေ ရှိသတဲ့။

တဲနောက်ဘက်ကို ၀င်လိုက်တဲ့အခါမှာတော့ ဖျာကြမ်းလေးပေါ်မှာ မိန်းမကြီးသုံးလေးယောက်နဲ့ စုဝေး ထိုင်နေကြတဲ့ လသားကလေး အပါအ၀င် ကလေးပိစိကွေးလေးတွေ ကို တွေ့ရပါတယ်။ အမေတွေ အမိုက် ကောက်နေတုန်း မူကြို သဘောမျိုး ကလေးတွေကို ပြုစုစောင့်ရှောက်ထားတာလဲ ရှိသတဲ့။ ကလေး အချင်းချင်း ကြည့်ခိုင်းထားရင် ကလေးတွေက အဆော့မက်တော့ အမိုက်ပုံ တဲအိမ်လေး ထဲက ကလေး တစ်ခုခု ကောက် စားမိတာ ပစ္စည်းပျက်ပုံတွေကြား ပိသေမှာ စိုးရိမ်တဲ့အတွက်ဖြစ်တယ်လို့သိရပါတယ်။

ရယ်စရာတစ်ခုပြောပြပါဦးမယ် ရင်ခွင်ပိုက် ကလေးတစ်ယောက်ကို လက်ကလေးကို ကြင်ကြင်နာနာ အုပ်ကိုင်ပြီး ကျွန်မ ပြုံးပြတော့ သူ အာခေါင်ခြစ်ပြီး ငိုလိုက်တာမှ ကျွန်မတို့တောင် လန့်သွားပါတယ်။ ကျွန်မ လက်လွှတ် လိုက်တော့ သူပြန်ငြိမ်ပါတယ်။ တစ်ခါ ကျွန်မ ငုံ့ကြည့် တော့ အကုန် ထအော်ငိုကုန်ကြပါတယ်။ နောက်မှာ သူတို့ မျက်မှန်နဲ့ လူကို မမြင်ဘူးလို့နေမယ်တဲ့ ဆိုလို့ မျက်မှန် ချွတ်လိုက်မှ ကလေးတွေ အငိုတိတ်ပြီး ကျွန်မ အကိုင်ခံပါတယ်။ နောက် တစ်ခါ ကျွန်မ မျက်မှန်နဲ့ ခေါင်းက အသံဖမ်း နားကျပ် အကြီးကြီး တပ်လိုက်ပြီး မိုက်မည်းမည်းလေးနဲ့ ထိုးလိုက်တဲ့ အခါမှာတော့ ဘာကောင်ကြီးမှန်းမသိ ဖြစ်သွားပုံရလို့ ကလေးတွေ စီစီလောင်လောင်နဲ့ကို အော်ငိုကြပါ တော့တယ်။ ဒါတောင် ကျွန်မ လုံခြည်လေးနဲ့ အကျီအဖြူလေးကို ၀တ်လာလို့ပါ။ ပါလာတဲ့ အစ်မဆိုတာ ရယ်တာ ဗိုက်တောင် အောင့် သွား ပါတယ်။

ကျွန်မ အဲ့တာနဲ့ လက်လျော့ပြီး စာသင်ခန်းက ကလေးတွေဆီကို ပြန်လာခဲ့ပါတယ်။ ကလေးတွေက ကျွန်မ မျက်မှန် နားကျပ် အသံဖမ်းစက် နာရီ လက်စွပ် သေးသေးလေးကို ကိုင်ကြည့်ကြပါတယ်။ နောက် သူတို့ ကင်မရာကို ငုံ့ကြည့်ပြီး သဘောတကျ အော်ကြ ဟစ်ကြ တွန်းထိုးကြ လုပ်ကြပါတယ်။ မိန်းကလေးတွေကတော့ ကျွန်မကို သူတို့ ဆွဲထားတဲ့ ပုတီးလေးတွေ ကလစ်လေးတွေ လက်ကောက်လေးတွေ ပြပါတယ်။ နောက် ဂုဏ်ယူ ၀ံ့ကြွားတဲ့ လေသံနဲ့ သမီး အဲ့တာလေးတွေ အမိုက်ပုံက ရလာတာ ဆရာမတဲ့။ နောက်တစ်ယောက်က အလု အယက် ၀င်ပြောတယ် သူကောက်ရတာမဟုတ်ဘူး သူ့အမေ သူများဆီက တောင်းလာတာတဲ့။ သမီးဟာကမှ ကိုယ့်ဘာသာ ရှာလာတာ ကြည့်ပါဦးတဲ့ ။ ဆရာမ ဆရာမ သူ့အဖေနဲ့သူအမေ ရန်ဖြစ်တယ် သိလား အခု သူနေတာ သူ့အဖေမဟုတ်ဘူး ငါ့အဖေပါကွ မင်းနော် စသဖြင့် စုံစိနဖာ မိသားစုအကြောင်းတွေပါ အလုအယက် လုပြောကြရင်းနဲ့ ကျွန်မကိုလည်း မေးခွန်းတွေ မေးကြပါတယ်။

အဲ့ထဲကမှ ချောင်လေးထဲမှာ ကုတ်နေတဲ့ သနပ်ခါးအဖွေးသားနဲ့ ကလေးမလေးတစ်ယောက်ကို မြင်လို့ သူ့ကို ကျွန်မ မိုက်လေးကိုင်ပြီး သမီး ကြီးလာရင် ဘာလုပ်မလဲ မေးတော့ သူက ဘာမှ မဖြေပဲ ကျွန်မထက် ကင်မရာကို စိတ်ဝင်တစား ကြည့်ပြီး ပို့စ်ပေးနေပါတယ်။
ကလေးတွေကို ကျွန်မ မေးခွန်းတစ်ခုပဲ မေးခဲ့ပါတယ်။ အဲ့တာကတော့ သားတို့သမီးတို့ ကြီးလာရင် ဘာလုပ်မလဲ ဆိုတော့ ကလေးအများစုက ဆရာ ဖြစ်ချင်ပါတယ်တဲ့။ ဘာဖြစ်လို့ ဆရာ ဖြစ်ချင် တာလဲဆိုတော့ ဆရာ လိုမျိုး စာသင်ချင်လို့ပါတဲ့။ သူတို့မြင်ဖူးတဲ့အထဲမှာ ဆရာဆိုတဲ့ ဆရာကိုပဲ အမြင့်မြတ်ဆုံး အကြီးကျယ်ဆုံး အနေနဲ့ မြင်ဖူးလို့ ဆရာဖြစ်ချင်ကြတာလို့ဖြေတာ သိလား ဆုမွန်တဲ့ ကျွန်မကို သူငယ်ချင်း ကျောင်းဆရာ တစ်ဖြစ်လဲ ကဗျာဆရာ က ပြောတယ် မင်းမေးကြည့် ဆရာဝန်ဖြစ်ချင်လား အင်ဂျင်နီယာ ဖြစ်ချင်လားလို့ သူတို့ မသိကြ ဘူးတဲ့ တစ်ချို့ ဖြေလိုက်မယ် ဘာဖြစ်ချင်တယ်ဆိုတာ သိရင် အရမ်းအံ့သြမယ်တဲ့.. ကျွန်မ ခပ်တည်တည် ကလေးတွေကို မေးတော့ အမိုက်ကား ဆရာ ဖြစ်ချင်တယ်တဲ့ ခပ်သွက်သွက် ကလေးလေးတွေကို မေးလိုက်တဲ့ အခါ...ထိုင်းရဲ ဖြစ်ချင်တယ်တဲ့...ရှင်။ နောက် လူဖိ ဖြစ်ချင်တယ်တဲ့....အလုပ်ရှင် အလုပ်ခေါင်း ထိုင်းတွေကို လူဖိ မြန်မာလို သူဌေးလို့ ခေါ်တာပါရှင်။။။။။

ကလေးတွေက နောက်လဲ လာပါနော် ဆရာမ ဆိုတဲ့ လက်ပြနုတ်ဆက်သံတွေ ကို ကျောခိုင်းရင်း အမိုက်နံ့ လိုင်လိုင်နေတဲ့ Blue Sky လို့ခေါ်တဲ့ အမိုက်ပုံကျောင်းလေးကနေ ထွက်လာတဲ့အခါမှာ အတွေးစတွေ တစ်သီချည်း ပါလာပြီး နုတ်ဆိတ်လာမိပါတယ်။ အားလုံးက အတွေး ကိုယ်စီနဲ့ပါ။ မဲဆောက်အဝေးပြေး လမ်းမကြီးပေါ်ကို ကားက ထိုးတက်သွားတဲ့အခါမှာတော့ သန့်ရှင်းလတ်ဆတ်တဲ့ လေနုအေး က ဖြန်းပက် ကြိုလိုက် တယ် လယ်ကွင်းပြင်တွေကို ဖြတ်တိုက်လာတဲ့ စိမ်းလမ်းစိုပြေ လတ်ဆတ်တဲ့ လေက အရှိန်ပြင်းပြင်း ရူရိုက်ခွင့် ရကာမှ ကျွန်မ ရုတ်တရက် လန့်ပြီး အသက်အောင့်လိုက်မိတာ အသက်ရူ တောင် တော်တော်ကျပ် သွားတယ်။

ကျွန်မ အသက်ရှင်နေထိုင်ဖို့ စက္ကန့်တိုင်းမှာ ၀င်လေထွက်လေတိုင်း ရူရိုက်မိတဲ့ လေကို ကျွန်မ ပထမဆုံး စပ်ဆုတ်မိသွားတယ်။ ဒါပေမယ့် လုံခြည်ဝတ် မြန်မာတွေ သနပ်ခါးပါးကွက်ကြားလေးတွေနဲ့ မိန်းမပျိုလေးတွေ ကိုယ်စီကိုယ်စီ လျောက်သွားနေတဲ့ မဲဆောက် မြို့လေးထဲကို အ၀င်မှာတော့ ..ကျွန်မတို့ အားလုံး ပုံမှန် နေသားတကျ ဖြစ်သွားကြလေရဲ့။ ဒီလိုနဲ့ ပဲ ဒီလိုပါပဲ ဆိုပြီး ကျွန်မတို့တွေ မေ့ပစ်ခဲ့ကြတဲ့ အဖြစ်တွေ သိပ်များလွန်းနေပြီ။

(The Boy in the striped Pyjamas နာဇီအဖေနဲ့အတူပါလာရတဲ့ ဂျာမန်ကလေးလေးနဲ့ အကျဉ်းထောင် စခန်းထဲက ဂျူးကလေးလေးနဲ့ ကားကို ဒီနေ့ကြည့်မိတယ် ထိုင်းစကားပြောပဲ ရလို့ တစ်လုံးစ နှစ်လုံးစ သာ နားလည်ပေမယ့် အဖော်မင်ကြတဲ့ ဂျူးလေးရော အိမ်လိုက်လည်မိတဲ့ ဂျာမန်လေးပါ အဆိပ် ငွေ့ခန်းထဲ ထည့်သတ် ခံလိုက်ရတဲ့ ဇာတ်သိမ်းခန်းကို ရင်ထဲ စိတ်မကောင်း အတော်ဖြစ်မိတယ်။ အဲ့ကလေးလေးတွေလိုပဲ မိဘတွေနဲ့ မိသားစုနဲ့အတူ ဒေါင်ကျကျ ပြားကျကျ လိုက်လာပြီး အသက်မွေးနေရတဲ့ ကျွန်မတို့ရဲ့ လူမမည် ရွှေ့ပြောင်းမြန်မာ ကလေးတွေအတွက် စိတ်အတွေးထဲ မကောင်းဖြစ်နေချိန်မှာ မဲဆောက်မြို့က အမိုက်ပုံကျောင်းလေးအကြောင်းကို မှတ်မိသလောက် ပြန်ရေးဖြစ်ပါတယ်။)

Read More...

enough is enough

ဖြစ်လေရာ ဘ၀ ဆက်တိုင်း ဆက်တိုင်း တွေ့ခွင့်ရတဲ့ လူတိုင်း လုပ်ရမယ့် လုပ်ငန်းခွင်တိုင်း အသက်ရှင်နေရမယ့် ကာလပတ်လုံး မသေသေးခင် အထိ လူရယ်လို့ ကြုံတွေ့ရမယ့် နေရာတိုင်းမှာ အမှန်တရားအပေါ် မိတ္တူကူးတဲ့လူရယ် ပလာတာရောင်းတဲ့လူရယ်နဲ့ မဆုံပါရပါစေနဲ့လို့ ဆုတောင်းပါတယ်။

အမှန်တရားကို မူရင်းကို ချုံ့လို့တစ်မျိုး ချဲ့လို့တစ်ဖုံ အမျိုးမျိုးအဖုံဖုံ လုပ်တတ်ပါသော မိတ္တူကူးသူများနဲ့ သံသရာအဆက်ဆက် မဆုံပါရပါစေနဲ့

အမှန်တရားကို ပလာတာလို အချပ်လိုက် အကောင်းပကတိကို လက်ဖနောင့်နဲ့ထုထောင်း လက်ဖ၀ါးပေါ်တင် ထုနှက် အပြန်ပြန် အလှန်လှန် မွမွကျေအောင် တစ်စစီ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ထုခြေပြီးမှ အပေါ်က သကြားဆမ်း နို့ဆီဖြူးလုပ်တတ်သူတွေနဲ့ သံသရာအဆက်ဆက် မကြုံရပါစေနဲ့ လို့ ဆုတောင်းပါတယ်။

လူဆိုတာ သည်းခံတယ်ဆိုတာ အတိုင်းအတာတစ်ခုအထိ ရှိတယ် ယုံကြည်မူ ပျက်စီးသွားရင် ပြန်တည်ဆောက်ဖို့ အတော်ခက်ပါတယ် နောက်ပြီး အကြည်ညိုပျက်ရင် ပြန်လေးစားနိုင်ဖို့ဆိုတာလည်း အတော်ခက်ပါတယ်။ မေတ္တာပျက်သွားရင်တော့ အဆိုးဝါးဆုံးပါ။

မျက်နှာဖုံးတစ်ခုကို စွပ်ထားပြီး ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတာ မြန်မာပြည်ထဲမှာပဲရှိတယ် ဒီလို ကြီးနိုင်ငယ်ညှင်း ဗြောင်လိမ် ဗြောင်စား ကလိမ်ကကျစ် အကျင့်တွေကို မကြိုက်လို့ အပြင် ထွက်လာကာမှ .. ကြုံရသေးတယ် ဒုက္ခ။

Read More...

ကျွန်မနဲ့ နံမည်ပြောင်များ

နံမည်ဆိုတာ ပညတ်ချက်တစ်ခုပါတဲ့။ ဘလော့ခ်လည်သူ ပရိတ်သတ်ဘ၀ကနေ အစ်မညိုပြောဖူးသလို ဘလော့ခ်လေးမှ မရှိရင် မင်း လိပ်ကို ပက်လက် လှန်ထားသလို ယက်ကန် ယက်ကန် ဖြစ်နေမှာပေါ့ ဆိုတော့ ဘလော့ခ်လေးတစ်ခု စလုပ်မှာဖြစ်တော့မယ်လို့ ဆုံးဖြတ် လိုက်တဲ့ အခါ မဆုမွန်လို့ပဲ ခေါင်းစဉ်ပေးဖြစ်တယ် ကျွန်မ စိတ်တိုင်းကျ တည်ဆောက်မယ့် နိုင်ငံလေးမို့ ငါ့တိုင်းပြည်လေး မှာ လို့လဲ ပေးဖြစ်တယ်။ ဘလော့ခ်လေး စလုပ်ခဲ့တဲ့ အချိန်ကစပြီး အခုချိန်အထိ မဆုမွန်ဆိုတဲ့ ဘလော့ခ်ကာ လေးမှာ မိတ်ဆွေတွေ သူငယ်ချင်းတွေ အစ်ကိုတွေ မောင်တွေ ညီမလေးတွေ အစ်မကြီးတွေ အများကြီး ရခဲ့ပါတယ်ရှင်။ ကျွန်မမှာ နံမည်ပြောင်တွေ အများကြီးရှိဖူးတဲ့ အကြောင်း သူငယ်ချင်းတွေကို ပြောပြမယ်နော်။

အမေ့ဗိုက်ထဲမှာ နေကတည်းက ကျွန်မက အရမ်းသန်တယ် အရမ်းဆော့တယ်တဲ့။ အမေ ကျွန်မကိုလွယ်ထားတဲ့ ကိုယ်ဝန် နေ့စေ့ လစေ့ကြီး နဲ့မှာ ဆိုက်ကားပေါ် ထိုင်လိုက် လာရင်း ရုတ်တရက် ကျွန်မ ကန်လိုက်တာလား လူပ်လိုက်တာလား မသိဘူး အမေ အရမ်းလန့်ပြီး ဗိုက်ကို ကော့ လိုက်တာ အမေ့ ဗိုက်ကြီးသည် ၀ိတ်ကြီးနဲ့ ဆိုက်ကား ဂျွမ်းပြန်ပါလေရောတဲ့။ ဆိုက်ကားက အပေါ်မှာ အမေက အောက်မှာ ကံကောင်း လို့ ကျွန်မ အထဲက လူပ်လူပ် လူပ်လူပ် လုပ်လိုက်တာ အမေ တစ်ခုခုမဖြစ်တာလေ။ ငယ်ငယ် ကတည်းက လူပ်လူပ် ရွရွ နေတာ သိပ်ကြိုက်ခဲ့ပုံရတယ်။ အစ်မညို ခေါ်တာတော့ မျောက်မူးလဲတဲ့ တစ်စက်မှာ ငြိမ်ငြိမ်မနေလို့တဲ့ CBoxမှာ ရေးသွားသေးတယ် အမြဲမပြတ် အစားမပျက် အပွားမပျက်လို့ ဆိတ်ပါးစပ် မျောက်လက်တဲ့။ ထိုင်းဘုရင်မကြီး နေတဲ့ နွေရာသီ စံနန်းတော်ထဲက ဧရာမ ညောင်ပင်ကြီးပေါ်ကို တွယ်တက်ကြည့်နေတုန်း ဓာတ်ပုံရိုက်လို့ ဂိုဒ် ပေးနေတာပါ အပင်ကြီးက တော်တော်ကို မြင့်သလို ကျွန်မ တက်သွားတာလဲ ခပ်မြင့်မြင့်ကို ရောက်ပါ တယ်။
ကျွန်မ မွေးကင်းစ ပေါက်စနူးလေးတုန်းက အဖေ ရခိုင်ပြည်နယ် စစ်တွေဘက်ကို အလုပ်နဲ့ ထွက်ရတော့ ကျွန်မ ရက်သား လေးနဲ့ လေယာဉ် စီးရသတဲ့။ အင်္ဂါသမီးဦးလေးကို နံမည်ပေးမယ်ဆိုတော့ အဖေ့နံမည်ရယ် အမေ့ နံမည်ရယ် ပေါင်းပြီး ရခိုင်လူမျိုး ဦးကြီး အခင် က နံမည် မှည့်ပေးတာ စံနုအေး တဲ့။ မိစံလို့ခေါ်တာပေါ့။ ငယ်ငယ် ကတည်းက ကျွန်မက စကားပြော တတ်တာ မြန်သလို လမ်းလျောက် တတ် တာလဲ မြန်တယ်လို့ ပြောပါတယ်။ ကျွန်မ လမ်းလျောက် တတ်ခါစက ခြေကျင်းဝတ်မှာ ခြူလုံးတွေ ပတ်ပတ်လည် ချိတ်ပေးထားရပြီး ပျောက် သွားရင်း ခြူသံနဲ့လိုက်ရှာရလို့ ခြူလုံးလို့လဲ နံမည်ရှိတယ် ပြောပါတယ်။

နောက် သူငယ်တန်း စတက်တော့ စန္ဒာတင်အေးတဲ့။ ကျွန်မတို့ခေတ်က အဖေနံမည်တွေ နောက်က ထည့်တာ ခေတ်စား တယ်လေ။ ပြသနာ ဖြစ်တာက ကျွန်မ ခြောက်တန်းနှစ်မှာ ဒဂုံမြောက်ပိုင်းကနေ မြောက်ဥက္ကလာပ အလက(၃)ကျောင်းကို သွားတက်ရတော့ မြောက်ဥက္ကလာက ကျောင်းသားတွေက အရမ်း ရန်စကြမ်းတယ်။ ကျွန်မတို့ကိုလည်း ဒဂုံတောက လာတယ်ဆိုပြီး လိုက်လိုက် နောက်တယ်။ အပလာဆိုတဲ့ စကားလုံးက ခေတ်စား နေချိန် တစ်နေ့ ကြိုးတံတားကို ဖြတ်တုန်း အနောက်ကနေ ကျွန်မကို အပလာ တင်အေး အပလာ တင်အေးလို့ လိုက်စ တယ်။ သူတို့ ကံဆိုးချင်တော့ အဖေက ရုံးဆင်းတော့ ပြန်လာချိန်နဲ့ တိုက်ပြီး အဖေ နောက်က ပါလာတဲ့ အခါ သူ့နံမည်ကို အပလာ တင်အေးလို့ အာခေါင်ခြစ် အော်နေတာလဲ ကြားရော အဖေက သူတို့ကို ဂုတ်က ကိုင်ပြီး ကြိမ်းမောင်း လွှတ်လိုက်တာ နောက် ကျွန်မကို မြင်ရင် မစရဲတော့ဘူး။

နောက်တော့ ကျွန်မနံမည်က မဆုမွန်အေး ဆိုတာ ဖြစ်သွားပါလေရော။ ဒါပေမယ့် ကျွန်မနံမည်ကို မဆုမွန် ဆိုတာထက် ကျောင်းမှာ နံမည်ပြောင်တွေ အမျိုးမျိုးခေါ်ကြပါတယ်။ ငယ်ငယ်ကတည်းက ကစားကြတဲ့အခါ ကျွန်မကို သူတို့ဘက်ကို ခေါ်ချင်တဲ့သူများပါတယ်။ ကျွန်မက အရမ်း ကစားသန်တယ် အပြေးလဲမြန်တယ်။ နောက်ပြီး အရမ်းလဲ စွာတယ် နောက်ပြီး ဟီး အရမ်းလဲ အငြင်းသန်ပါတယ်။ တစ်ခါတစ်ခါငြင်းရင် အာခေါင် နီနီထဲက အာသီးတောင် အပြင်က မြင်ရအောင် အာပြဲကြီးနဲ့ ငြင်းတာပါ။ အဲ့တော့ ကျွန်မနံမည်က အာပြဲစိန်တဲ့ နောက် စွာတေးမ အသံအရမ်းဆူလို့ စာကလေးတဲ့ နောက် ဖိုက်တာ နောက် ဂျက်မလို့လဲ ခေါ်တယ်။

ကျွန်မ လွယ်အိတ်လေးထဲမှာ သားရေပင် လေးဂွ လောက်စလုံးလေးတွေ အမြဲပါပါတယ်။ ဌက်ပစ်တာ ငါးနိုက်တာ ဂဏန်း ဖမ်းတာ ပုဇဉ်းဖမ်းတာ သတ္တ၀ါတွေကို ဖမ်းတာဆီးတာလဲ ၀ါသနာကြီးပါတယ်။ စွန်လွှတ် တာကတော့ ၀ါသနာ အပါဆုံးပါ။ စွန်မှန်ကြိုးကို တစ်နေကုန် ဖန်ကွဲစနဲ့ ထမင်းကို နှံ့အောင် နယ်ပြီး အိမ် တ၀င်းလုံးက သစ်ပင်တွေမှာ ချည်ပြီး မှန်ကြိုးတိုက် စွန်ဖြတ် ရတာကတော့ အကြိုက်ဆုံးပါပဲ။ အမေက ကျွန်မကို ပေးထားတာ ကတော့ မယ်ခွေပါတဲ့။ ဟိုခွေဒီခွေ အမြဲ လမ်းသလား လျောက်သွားနေတဲ့လို့ပါ။

ငယ်ငယ်ကတည်းက သီတင်းကျွတ်ဆို ကလေးမလေးတွေက မီးပုံးလှလှ လေးတွေ တွန်းလှည်းလေးတွေကို တွန်းရတာ ဂုဏ်ယူနေချိန်မှာ ကျွန်မက ဗြောက်အိုးဖောက်ရတာ မာကျူရီ အတောင့်လေးကို အောက်ကို ပြုတ်ကျချိန် တံတွေးနဲ့ထွေး ဖိနပ်နဲ့ကောက်ရိုက်ပြီး အသံမြည်အောင် တီးရတာ သိပ်ဝါသနာပါပါတယ်။ သူများတွေ အရုပ်မလေးတွေ ဟင်းချက်တမ်း အိမ်လည်တမ်းကစားနေချိန် ကျွန်မက ၀ါးလုံးနှစ်ဘက်ကို သစ်သားတုံးတပ်ပြီး ကုလားမခြေထောက်ပေါ် တက်ပြီး ခြေထောက်ချင်း ရိုက်ပြီး တိုက်ပွဲဝင်တာ ပိုကြိုက်ပါတယ်။

စွာချက် ကတော့ သူငယ်တန်းကတည်းက ကျောင်းအုပ်ကြီး ရုံးခန်းကို ရောက်ပါတယ်။ ကလေးအချင်းချင်း ခဲတံလေးတွေ ပေတံလေးတွေနဲ့ နယ်မြေ စည်း ခြားတဲ့ အခါ လက်ကျူး လက်ကို ထိုး ခြေကျူး ခြေကို ထိုးပါတယ်။ ကျွန်မကို အမြဲ ရန်စစတဲ့ ကောင်မလေး ကို ဘေးချင်းကပ် ထိုင်ရင်း သူ့လက်က တမင် လာကျော်တာကိုလဲ မြင်ရော ခဲတံနဲ့ ကောက်ထိုးလိုက်တာ တစ်ခါတည်း သူ အော်တာ ဆင်မလိုက် ၀က်သတ်ရုံက ၀က်အော်သလိုပဲ။ သူက ကျောင်းအုပ် ဆရာမကြီး မြေး အချစ်တော် ဖြစ်နေတော့ ကျွန်မကို ချက်ခြင်း ရုံးခန်းပို့ပါတယ်။ အဲ့တုန်းက ရုံးခန်းပို့တော့ တရားခံ မိလာသလို။ လူပိစိလေးကို ဆူပူတာခံရပါတယ်။ ကျွန်မက မငိုပဲ ခပ်တည်တည် နေပြီး မျက်စောင်းထိုးလို့ ကျွန်မကို နောက်ဆုံးတန်းမှာ သွားထားပြီး အပြစ်ပေးတာ ခံရပါတယ်။

ကျွန်မ ငယ်ငယ်ကတည်းက ဆရာမတွေရဲ့ အချစ်ကိုလဲ ခံရသလို သိပ်ကြည့်မရတဲ့ ဆရာမတွေရဲ့ နှိပ်ကွပ်ခြင်း ကိုလဲ ခံရပါတယ်။ ထိုင်ထကတော့ ရိုးနေပြီ လက်နှစ်ဘက်ကို ကားပြီး လေယာဉ်ပျံ စီးဖူးသလို နောက် နည်းနည်း အပြစ်ကြီးရင် ဒူးခေါင်းအောက်မှ ဆီးစေ့ခံပြီး ထောက်ရပါတယ်။ နောက် မတ်တပ်ရပ်ပြီး နားရွတ် ဆွဲ ထားရတာ။ စာတော် သလောက် အရမ်းကစားတဲ့ အရမ်းစွာတဲ့ မတရားတာ မြင်ရင် ယောက်ကျားလေးကိုလဲ မကြောက်ပဲ လစ်ရင်လစ်သလို ရရာလက်နတ် စွဲကိုင်ပြီး အသေ လုပ်တတ်တဲ့ ဆရာမတွေက အဲ့ကတည်းက နံမည် ပေးထား တာက တော့ အော့ကျောလန်တဲ့။

နောက် ကျွန်မမှာ အကျင့်တစ်ခုရှိပါတယ်။ အဲ့တာကတော့ အခုချိန်အထိပါပဲ နေ့လည်နေ့ခင်း လုံးဝ မအိပ် တတ်သလို ငြိမ်ငြိမ်လေး နေရခြင်းဟာ ကျွန်မအတွက် မဟာငရဲပါ။ အဲ့တော့ အတန်းထဲမှာ ဆရာမ အမှတ်ခြစ် နေတုန်း ဒါမှ မဟုတ် ဆရာမချင်းချင်း အတင်းတုတ် နေတုန်း မော်နီတာကင်ပေတိုင်ကို ငြိမ်ငြိမ်မနေတဲ့သူ စကားပြောတဲ့သူ ခေါင်းချအိပ်ခိုင်းတာကို ခေါင်းထောင်တဲ့သူ စသဖြင့် အပြစ်ကျူးလွန်ဖောက်ဖျက်သူတွေကို နံမည်မှတ်ခိုင်းထားပါတယ်။ ကျွန်မ နံမည်က အမြဲတမ်း နံပတ် ၁ဖြစ်ပါတယ်။ ကျွန်မနံမည်ကို အပြစ်တောင် မလုပ်ရသေးပဲ အရင် မှတ်ပစ် တာတောင် ခံရဖူးပါတယ်။ နင်ဘာလို့ မှတ်တာလဲလို့အော်တော့ အေး နင်အခု စကား ပြောပြီတဲ့ အဲ့လို ကျောင်းသားအချင်းချင်း ကလိမ်ကကျစ်လုပ်လေ့ရှိတဲ့သူ့ကို ကလဲ့စားချေတဲ့အနေနဲ့ စာပြိုင် မေး ဖြေ လုပ်ရတဲ့ အခါတိုင်း မော်နီတာကိုပဲ ရွေးမေးပြီး သူနားမလည်တဲ့ အသံနဲ့ တရစပ် ဖြေလိုက်ပြီး သူ့အလှည့်မှာ သည် ကအစ အလွဲမခံပဲ နှိပ်ကွပ်ပေးတယ် နောက် သူ့ကို နားရွက်ဆွဲပီး ကျောင်းခန်းတွေကို ပတ်ပြရ တဲ့ အရသာကို ကြိုက်လို့လေ။ သူခေါ်တဲ့နံမည်ကကျတော့ ပိန်သေး စာကလေး စွာတေးတဲ့လေ။
နောက် စက်ဘီးစီး ရတာလည်း ငယ်ငယ် ကတည်းက အရမ်းဝါသနာပါပါတယ်။ အဲ့တာကြောင့်လည်း ခြေတစ်ဘက်က ဒူးကနေ သွင်သွင် ကျိုးခဲ့ဘူး ပါတယ်။ BMX ဘီး ဘီအမ်အိတ်စ်တွေ ပေါ်ကာစ တစ်နာရီ တစ်ကျပ် နှစ်ကျပ်ဆို ပိုက်ဆံစုပြီး စီးကြတယ်။ ခြောက်တန်းနှစ် အဘွားတို့အိမ်မှာ နွေကျောင်းပိတ်ရက် သွားနေ တုန်း စက်ဘီးစီးရင်း ကြည့်မြင့်တိုင် ဗားဂရာချောက် ထဲကို အဆင်း အတက် စီးနေတဲ့ အချိန် တစ်ဘက်က လာတဲ့ ကားကို ရုတ်တရက် မြင်လိုက်တော့ ဘရိတ်ကို ဆွဲအုပ် လိုက်တာမှာ စက်ဘီးကျန်ခဲ့ပြီး တစ်ကိုယ်လုံးပစ်ကျလို့ ဒူးခေါင်းနဲ့ ချောက်နံရံ ပစ်ရိုက်တာ ဒူးခေါင်း မွမွ ကျေသွားပြီး တွဲလောင်းဖြစ် မေ့သွားပါတယ်။ အဲ့တုန်းက တစ်ခါတည်း ခြေထောက် ဖြတ်ရမလို ဖြစ်ချိန်မှာ အဘွားက ကျွန်မ လောက် လမ်းထွက်တဲ့ ဆော့တဲ့ ကလေးတစ်ယောက် ခြေသာ ဖြတ်လိုက် ရရင် အလိုလို သေသွား နိုင်တယ် ဆိုတာသိလို့ ပိုက်ဆံ အရမ်း ကုန်တဲ့ ရန်ကုန်မှာ ပထမဆုံး ခြေကျိုးလက်ကျိုးတွေကို စတီးချောင်းတွေ စထည့်ပြီး စမ်းနေတဲ့အချိန် ကျွန်မ ဒူးနဲ့ ခြေထောက်ကို စတီးထည့်ပေးထားပါတယ်။ အရမ်းကြမ်းကြမ်းတမ်းတမ်း မဆော့ရဘူး ခြေထောက်ကို အရမ်းမခိုင်းရဘူးလို့ ဆရာဝန်က သတိပေးထားပေမယ့် အခု အသက်ကြီးတဲ့အထိ တစ်စက်မှာ မနားသေးတာတော့ အမှန်ပဲ။

နောက်ပိုင်း ရှစ်တန်းမှာ သီလရှင် ၀တ်လိုက်ပြီး ထွက်လာတော့ စိန်ဂတုံးမတဲ့။ ဂတုံးပြောင်ကို ကျောင်းရှေ့မှာ ဂတုံးမဆိုပြီး ဆယ်တန်းက ကျွန်မ အစ်ကိုအငယ့် သူငယ်ချင်း မောင်မောင်လတ်ဆိုတဲ့ လောရှည်ကြီးက ဂတုံးကို ဖတ်ကနဲ ဆို ရိုက်ပြီး ထွက်ပြေး သွားတာ ခံရတော့ ကျွန်မ အတန်းထဲကို ၀င်သွားပြီး ခေါက်ထီးတစ်လက်ယူ ပြီး ဆယ်တန်း အခန်းတွေကို ခပ်တည်တည်နဲ့ လျောက်လာတော့ သူက ပြူတင်းဝမှာ ကျောပေးပြီး စကားပြော နေတာကိုလည်း မြင်ရော သူ့ရဲ့ ခေါင်း ထိပ်တည့်တည့်ကို ထီးနဲ့ခေါက်ချ လိုက်တာမှာ အောင်မလေးဗျာဆိုပြီး တစ်ချက်ထဲ အော်သွားတာ။ ခေါင်းပေါက် သွားတော့ ဆရာမတွေ ချက်ခြင်းပဲ ဒေသန္တရဆေးခန်းပို့ပြီး စစ်ချက် ယူတော့ ဆော့ရင်း ဖြစ်တာပါလို့သူက ဖြေရှာပါတယ်။ ကျောင်းရောက်တော့ ခြေသလုံးကို ကြိမ်ထိပြီး ရှစ်တန်း ကျောင်းသူလးက ဆယ်တန်း ကျောင်းသားကြီးကို ခေါင်းလာခွဲတယ် ဆိုတဲ့ သတင်းကတော့ ကြီးသွားပြီး ဘယ်သူမှ မစရဲတော့ဘူး။ အဲ့မှာပေးတဲ့ နံမည်က ဖိုက်တာ ဂျက်မ နောက် အာနိုးတဲ့။ နောက် ဆယ်တန်းတုန်းက လမ်းလျောက်နေတဲ့ ကောင်လေးတစ်ယောက်ကို စက်ဘီးနဲ့ စာလိုက်ပေးလို့လဲ သူက ငိုပြီး ကျောင်းအုပ်ကို တိုင်လို့ ကျောင်းသားဘ၀ နောက်ဆုံး အရိုက်ခံခဲ့ရပါတယ်။ စာပေးတယ်ဆိုလို့ တစ်မျိုးမထင်နဲ့နော် သူက အရမ်း အတိုင် အတော ထူတယ် နောက်ပြီး ကောင်လေးတွေဆို အရေးပေးတယ် ကနွဲ့ကလျနဲ့မို့ ဆုံးမစာ ရေးပြီး လိုက်ပေးတာ အဲ့တာသူက ငိုပြီး သွားတိုင်လို့ပါ။ အခုတော့ သူက မေမြို့စစ်သင်တန်းကျောင်းမှာ စစ်ရေးပြဗိုလ် ဖြစ်နေလေရဲ့။ သူခေါ်တာကတော့ ကျွန်မကို အော့ကျောလန်မ ဂျမ်းတောမတဲ့။

နောက် ကျွန်မက ငယ်ငယ်က အရမ်းပိန်ပါတယ် ပိန်တာမှ လက်မောင်းရိုးလေးတွေဆို သေးသေးလေးတွေ ကိုယ်လေးကလဲ ပိန်ညောင်လေး နောက် လုံခြည်ဝတ်ရင်လည်း ခါးရိုးလေးတွေ နှစ်ဘက်ကို ချွန်နေတာပဲ။ ဆယ်တန်းအထိ ရှင်မီးလေးနဲ့နေတုန်း။ အဲ့လို သန်မာထွားကျိုင်း အလှတိုး တာလေ။ သီလရှင်ဝတ်ပြီးကတည်းက အရပ်ကတော့ ရှည်ထွက်လာတာ လူကလဲ ပိန်ပိန်နဲ့ဆိုတော့ သိပ်မျက်နှာ ငယ်ရတာပေါ့ မြန်မာစာသင်တော့ ဦးဖိုးကျားရဲ့ မြို့က မိန်းမတွေရဲ့အလှနဲ့ တောသူတွေရဲ့ သဘာဝအလှကို ဖော်ကျူးတဲ့စာက ပိချပ်ပြား ငါးဖောင်ရိုးဆိုတဲ့ နေရာဆို ကျွန်မကို စောင်းပြီး အော်ကြတာ ခဏခဏ ခံရတယ်လေ။ အဲ့တုန်းက နံမည်က အရပ်ရှည်လို့ လန်ဘား ကြောင်လျာသီး ပိန်လွန်းလို့ ငါးဖောင်ရိုး အရိုး စကမ်လမ်တန် စသဖြင့်ပေါ့လေ။

ဆယ်တန်းထုတ်ချင်းပေါက်အောင်လို့ ဒဂုံမှာ ဒေးတက္ကသိုလ်တက်တဲ့အခါမှာ တော့ မဆုမွန်ဆိုတဲ့ နံမည်လေးကို ပြန်ရပါတယ်။ နင်နဲ့ငါနဲ့ အစား မင်းနဲ့ကိုယ်နဲ့ မဘယ်သူ ကိုယ်ဘယ်သူ ခင်ဗျား ကျွန်တော် စသဖြင့် လျှာခပ်ယားယားနဲ့ လူကြီးလို စကားတွေ စပြောဖြစ်ကြတယ်။ နောက်ရင်းနှီးလာတော့ နင် ငါ မ-ာ စသဖြင့် ငယ်ကျိုးငယ်နာတွေ ပြန်ဖော်ပြီး အော်ကြဟစ်ကြပြန်တော့တာပါပဲ။ အဲ့မှာ ကျွန်မကို သိတဲ့နံမည်ကတော့ စပဲရိုးလို့ခေါ်တဲ့ စာကလေးပါပဲ။ ကျောင်းခန်းထဲကို ဖလူး ဖလူးနဲ့ ၀င်လာပြီး ဖလူးဖလူးနဲ့ ပြန်ထွက်သွားတတ်လို့ပါတဲ့။ အသံကလဲ ရောက်တဲ့အရပ် ပိကျိ ပိကျိ ပိကျိနဲ့စီစီလောင်လောင် အော်ဟစ်ဆူညံတတ်တဲ့ အကျင့်ကလဲ မဖျောက်တော့ စာကလေးဆိုတဲ့ ကျွန်မ နံမည်ရခဲ့ပါတယ်။ စိတ်ဆိုး စိတ်ကောက်မြန်လွန်းလို့လဲ ကောက်တေး စာကလေးလို့ ခေါ်တတ်သေးတယ်။ဒါက ကိုထိုက်လေး ကယ်ရေကယ်ချာ ဆွဲပေးထားတဲ့ပုံပါ ရယ်ရတယ်နော်။

နောက် ထောင်ထဲ ရောက်ပြန်တော့လည်း သံတိုင်ကို နဖူးနဲ့ ထိပြီး မှီထိုင်ရင်း နေ့တိုင်း သီချင်းတကြော်ကြော်ဆို တတ်လို့ ထောင်ဝါဒါမ ၀၀တုတ်တုတ်ကြီးက ကျွန်မကို ကြက်တူရွေးတဲ့ နောက် သာလိကာတဲ့လေ။
ကျွန်မ ကဗျာလေးတွေ စာလေးတွေ စမ်းရေးတတ်လာပြီး ကလောင်နံမည်ကို မင်းဆုမြတ်လို့ ပေးလိုက်တယ်။ နွေဦးအိုးဝေစာစောင်မှာ အန်တီစုကိုယ်တိုင်ပေးတဲ့ အကြိုက်ဆုံး ကဗျာဆုရတော့ မင်းဆုမြတ်ဆိုတဲ့ ကလောင်နံမည်နဲ့ပါ။ နောက် အသက်၂၂နှစ်မှာ ကျောင်းတက်ရင်းနဲ့ ကုမုဒြာဂျာနယ်မှာ သတင်းထောက် ဖြစ်တော့ ကျွန်မရဲ့နံမည်လေးကို ကလောင်နံမည်ရွေးတော့ မင်းဆုမြတ်လို့ ပထမရေးပေမယ့် နောက်ပိုင်း ဆုမွန်အေးဆိုတဲ့ နံမည်အရင်းနဲ့ပဲ သတင်းတွေရေးဖြစ်ခဲ့ပါတယ်။ နောက် အကြောင်းအမျိုးမျိုးကြောင့် နံမည်ကို ခင်မုဒြာဆိုတဲ့ နံမည်နဲ့ရေးဖြစ်သေးတယ် ခဏပါပဲ။ နောက်ပိုင်း ဆုမွန်အေးနဲ့ပဲ ရေးဖြစ်တယ်။

နောက် ထိုင်းနိုင်ငံကို သတင်းစာသင်တန်းလာတက်တော့နံမည်အရင်းအစား တစ်မျိုးသုံးကြရင် ကောင်းမယ် ဆိုတော့ စန္ဒာလို့ ခေါ်ပါဆိုတော့ စန္ဒာဆိုတာ ဘာလဲဆိုတော့ လမင်းကို ပါဌိလို ခေါ်တာပါဆိုတော့ Sandar Moon ပေါ့တဲ့။ မြန်မာလိုဆိုရင်တော့ စန္ဒာလပေါ့လေ။ ဒီဘက်မှာ အဲ့နံမည်နဲ့ နေခဲ့ပြီး ထိုင်းကိုတစ်ခေါက် အပြီး ပြန်ထွက် လာတဲ့ အချိန်မှာတော့ မင်းဆုမွန်ဆိုတဲ့ နံမည်လေးနဲ့ ဘီဘီစီမှာ အလုပ်လုပ်ဖြစ်တယ်။ နောက် ဌာနတစ်ခု ပြောင်းတော့ အာရ်အက်ဖ်အေမှာ မဆုမွန်ဆိုတဲ့ နံမည်အရင်းကိုပဲ သုံးချင်တယ်လို့ပြောပြီး သတင်းပေးပို့တဲ့အခါ သတင်းထောက် မဆုမွန်ဆိုတာလေးကိုပဲ မြတ်မြတ်နိုးနိုးသုံးဖြစ်ခဲ့တယ် အခုထက်ထိပဲပေါ့။

တစ်ခါတစ်ရံ ပွဲတွေ အခမ်းအနားတွေမှာ မဆုမွန်ဆိုရင် အော် ဘလော့ခ်လားလို့ ပြောရင် သိပ် ပျော်မြူးတာပေါ့။ အော် ဆန္ဒပြပွဲတွေမှာ စီစီလောင်လောင်နဲ့ အော်တတ်တဲ့ သတင်းထောက် မဆုမွန်လား ဆိုရင်လည်း ပြုံးမိ တာပေါ့ရှင်။

ကျွန်မရဲ့ နံမည်ပြောင်တွေနဲ့ မောင်ငယ်လေး မောင်သက်ပိုင်သူ တပ်ခ်တဲ့ မမဆွမ်မုအတွက် nick nameတက်ခ်ပို့စ် ကို စိတ်အတွေးအတိုင်း ပို့စ်အရှည်ကြီး ရေးမိတာကို စိတ်ရှည်လက်ရှည်ဖတ်ပေးလို့ မိတ်ဆွေတို့ကို ကျေးဇူး အထူးတင်ပါတယ်ရှင်။

Read More...

ကိုင်း ဘာဆက်လုပ်ကြမလဲ

ငရဲခွေးကြီး လွတ်နေပြီ.လို့ အဘိုးအောင်ဆန်း ခေတ်က ရဲရဲတောက် အိုးဝေမှာ ရေးခဲ့တယ်..

.အမေ ဒေါ်အောင်ဆန်းစုကြည် ခေတ်မှာ လက်တွေ့ မြင်နေရပြီ။ အခု ငရဲခွေးတင် မဟုတ်ဘူး အဝီစိက တက်လာတဲ့ ခွေးဝဲစားကြီးတွေ ခွေးဘီလူးကြီးတွေ ခွေးသဘက်ကြီးတွေ လွတ်ရုံ မ ဟုတ် ဘူး လိုက်ကိုက်နေတာ လိုက်ဆွဲနေတာ အမေ သူတို့လေ မဲမဲမြင် လိုက်ကိုက်နေတာမှ ပြည်သူ တွေ တင်မကဘူး ပြည်သူ့ ခေါင်းဆောင်ကိုပါ အသေလိုက်ဆွဲနေပြီဆိုတာ

အမေ့ကို နှစ်ရှည်လများ နေအိမ်တွင်း အကျဉ်းချထားတာတောင် အားမရ မကျေနပ်နိုင်သေးလို့ မတရား အမူဆင် ကလိမ်စေ့ငြမ်းဆင်ပြီး မတရား အစွဲခံလိုက်ရတဲ့ အမေ့ကို ချစ်တဲ့ ပြည်သူတွေ အမေကို ယုံကြည်တဲ့ အဖွဲ့ချူပ်အဖွဲ့ဝင်တွေ ဘဘ ဦးဝင်းတင် ကိုယ်တိုင် ဦးဆောင်ပြီး အမေ့ကို အားပေးဖို့ ထောင်ဗူးဝမှာ စောင့်နေကြတယ် အမေ အမေ ဘေးနား အနီးနားလေးမှာ သူတို့ ဇွဲရှိရှိစောင့်နေကြတယ် ထောင်ချီတဲ့ပြည်သူတွေ အမေ့အနားမှာ ရှိနေကြတယ် အမေ့သတင်း စကားကို နေပူကျဲကျဲ မိုးရွာလည်း မမူပဲ ရေဗူးလေးတွေ အဆာပြေ အသီးအနှံလေးတွေ စားပြီး စောင့်နေကြတယ် အမေ။ကိုင်း ငါတို့ ဘာဆက်လုပ်ကြမလဲ ငါတို့ ဒီအတိုင်း ကြည့်နေလိုက်ရတာတွေ သိပ်များနေပြီ ပေးဆပ်ရတာတွေ သွေးပျက်ခဲ့ ရတာတွေ သိပ်များနေပြီ ပြည်သူတွေရဲ့ ရင်ထဲက အပူလိုင်းတွေကလဲ အလျံညီးညီး မီးဟုန်းဟုန်း တောက်နေပြီ ပြည်သူသွေးကို အေးမအေး စမ်းကြည့်ပြန်တာလား။

အန်တီ့ကို ဖမ်းပြီ အန့်တီကို ထောင်ထဲထည့်လိုက်ပြီ တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးသလို ပူပင်သောကကြီးစွာနဲ့ ဟိုက ဒီက တီးတိုး တီးတိုး သဖမ်းထိုး မေးကြ မြန်းကြ စုံစမ်းကြတဲ့လေသံတွေ တိုင်းပြည်တစ်ခုလုံး အုန်းအုန်း ကြွက်ကြွက် ပူပင်သောကတွေနဲ့တစ်စ ထက် တစ်စထက် တစ်စ ကျယ်လောင်လာတယ်။

အမေ့အပေါ် ထားတဲ့ ချစ်ခြင်းတရားတွေ မေတ္တာတရားတွေ အမေ့အကြောင်း သိချင်လို့ ညနေစောင်းရင် ရေဒီယို ဖမ်းသံတွေ တေဂၚေဂၚတဂြီဂြီ သံတွေ လမ်းတိုင်း ညံနေတယ်တဲ့ ဖုန်းလိုင်းတွေ ပြတ်တောင်း ပြတ်တောင်း ဖြစ်ကုန်တယ် ပြည်ပက ဖုန်းတွေ ၀င်လာတိုင်း အမေ နေကောင်း သားနေကောင်း ပိုက်ဆံ တောင်းတာထက် အန်တီ အခြေအနေ ဘာထူးလဲဆိုတာ မေးကြတယ်။ အင်တာနက်ပေါ်တက်ရင်လည်း အမေ့သတင်း ဘာထူးလဲတဲ့ အမေ။

အိမ်ရှင်မတွေ ၀န်ထမ်းတွေ ကျောင်းသားတွေအချင်းချင်းတွေ့ကြတဲ့အခါ ဈေးထဲ ကျောင်းထဲ အရပ်ထဲ အန်တီ့သတင်း ဘာထူးလဲ အန်တီ အန်တီ အန်တီ တစ်နိုင်ငံလုံး အန်တီ အန်တီ အန်တီ ဆိုတဲ့ အသံ ဘ၀ဂ်ပါ ညံနေပြီ။ ဒင်းတို့ မြင်ပြီမဟုတ်လား အန်တီ့အပေါ် တစ်တိုင်းပြည်လုံးက ထားတဲ့ မေတ္တာ ချစ်ခြင်း တရားတွေကို..စစ်မှန်တဲ့ ချစ်ခြင်းနဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ အန်တီငြိမ်းချမ်းမှာပါတဲ့ အမေ။

အန်တီရေ တရားကို နတ်စောင့်ပါတယ်လို့ပြောပေးပါတဲ့ ဒင်းတို့ဘ၀ဇာတ်သိမ်းချိန် နေ၀င်ချိန် နီးပါပြီ အန်တီ ကျမ်းမာပါစေ လို့ ဆုတောင်းနေတဲ့သူတွေ အများကြီးပါ အမေ နိုင်ငံတကာမှာလည်း အမေ့ကို အမြန်ဆုံး လွတ်ပေးဖို့ ဆနပြပွဲတွေ လုပ်နေကြတယ်အမေ။

အမေ ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဘယ်သူတွေ ဆနပြကြတယ် ထင်လဲ အမေကို ချစ်တဲ့ ထိုင်းတွေ အမေ ထိုင်းတွေ အမေ့ကို အမြန်ဆုံးလွှတ်ပေးဖို့ ဆနပြကြတယ်။ ထိုင်းအစိုးရ၀န်ကြီးချူပ် ကိုယ်တိုင် စိုးရိမ်မကင်း ဖြစ်တယ်ဆိုတာကို အရင်ဆုံး အိမ်နီးချင်းနိင်ငံတွေထဲက ပထမဆုံး သဘောထား ထုတ်ပြန်တာပဲ ဘာပဲဖြစ်ဖြစ် တကမ္ဘာလုံးအတိုင်းအတာနဲ့ အမေ့ကို စောင့်ကြည့်နေကြတယ် အမေ့ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုနေကြတယ် အမေ့ကျမ်းမာရေးအတွက် အရမ်းစိတ်ပူပင်နေကြတယ် အမေ။

အမေ အမေ့ကို အင်းစိန်ထောင်ထဲမှာ အထူးတရားရုံးတင်မယ်လို့ ရက်ချိန်းသတ်မှတ်လိုက်တဲ့ တနင်္လာနေ့မှ အာဏာကိုင်တွေက အင်းစိန်ပတ်ပတ်လည်ကို လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားလိုက်တယ် အမေ အင်းစိန်ဈေးကို ပိတ် အင်းစိန်ပန်းခြံပိတ် အင်းစိန်လမ်းမကြီးကို ပိတ် သွေးရူးသွေးတမ်း လုပ်နေကြလေရဲ့။

အမေကို မတရားချူပ်ထားတဲ့ အင်းစိန်ထောင်နားက ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်း၊ ဆရာတော်ကြီး ဘုန်းကြီးကျောင်းစတဲ့ အင်းစိန် ထောင်ရှေ့ရှိ ဘုန်းတော်ကြီး ကျောင်းဝင်းတွေထဲမှာလည်း လက်ပတ်နီတွေနဲ့ စစ်တပ်က တပ်စွဲထားပြီး အင်းစိန်ထောင် ဘေးပတ် ပတ်လည်မှာလည်း လုံထိန်းအပြည့် တင်ထားသော ရဲကားတွေကို အမေ့ကို တရားစွဲတဲ့ မေလ ၁၄ ရက်နေ့ ကတည်းက ချထားတယ်တဲ့ အမေ။

သူတို့ဘယ်လောက်များ အရှက်ကင်းမဲ့သလဲဆိုရင် အမေ့ရုံးချိန်းကို တရားကြားနာဖို့လာတဲ့ ယူကေ၊ ပြင်သစ်၊ ဂျာမနီ ။ အီတလီ နိုင်ငံ သြစတေးလျနိုင်ငံက သံတမန်တွေကို လားရာလမ်းက ပြန်လွှတ်သတဲ့လေ။ တရားတယ်လို့ယူဆရင် လူအများပေးသိရမှာပေါ့ အမေ အခုဟာက မတရားသဖြင့် လိမ်ကောက်ကျစ်ထားတဲ့ အမူလိမ်ဆင်ကြီးကို အများကိုလဲ ချမပြရဲ ဆုပ်လဲရူး စားလဲဆူးဖြစ်နေကြတယ် အမေ။

သူတို့တွေလဲ သွေးပျက်နေပြီလေ။ လူထုက ပြည်သူက အမေ့ကို ဘယ်လောက်ချစ်တယ် စိုးရိမ်တယ် ပူပင်တယ် မေတ္တာထားတယ်ဆိုတာ မျက်ဝါးထင်ထင် မြင်နေရလို့လေ အမေ။

ဒီနေ့ တနင်္လာနေ့မှာ လုပ်တဲ့ အင်းစိန် အကျဉ်းထောင် အထူးတရားရုံးက အမေ့ အမှု ရုံးချိန်းကို မနက်ဖြန် နံနက်ကို ပြောင်းချိန်းဆိုလိုက်တယ်လို့ သိရတော့ သက်ပြင်းမောတွေ ချမိတယ်။

ဒီနေနေ့နံနက် ၁ဝ နာရီခွဲကတည်း ရုံးချိန်းစခဲ့ပြီး နေ့လည် ၁၂ နာရီခွဲမှာ ထမင်းစားချိန် ခေတ္တနား မွန်းလွဲ ၃ နာရီ ခွဲမှ အမူကို အဆုံးသတ်ခဲ့တယ်။ အပြင်မှာတော့ အမေ့အကြောင်း ကောလဟာလတွေ အမျိုးမျိုး ပျံ့နေတယ် အမေ အံတကြိတ်ကြိတ် လက်သီးတစ်ဆုပ်ဆုပ်နဲ့ အားလုံးမျက်နှာက တူညီစွာပဲ တင်းမာနေလေရဲ့။ ခပ်လှမ်းလှမ်းက လုံခြုံရေးဆိုတဲ့ ဒီငတိတွေရဲ့ရုပ်ကတော့ သိတဲ့အတိုင်းပဲ အမေ မြို့မေတ္တာခံယူထားလေတဲ့ ပြည်ချစ် သားကောင်းတွေကို ပြည်သူတွေက ရရာလက်နတ်နဲ့နှံမှာကြောက်လို့ အပ်တစ်ချောင်းတောင် ဆောင်ဖို့ ခက်တဲ့ လူတွေကို ကာကွယ်ဖို့တဲ့ တုတ်ဓားလက်နတ် အပြည့်အစုံတွေနဲ့ လေ။

တရားခွင်မှအပြန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သတင်းစာ ရှင်းလင်းပွဲကို ရုံးချုပ်တွင် ပြုလုပ်ခဲ့တယ် အမေ အားလုံးက အရမ်းစိုးရိမ်နေကြတဲ့ အမေဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း ထဲ့သွင်း ပြောသွားလို့ သောကလျော့ရပေမယ့် ထောင်ထဲအထည့်ခံထားရတဲ့ အမေ့အတွက် ရတက် မအေး နိုင်ကြသေး တာတော့ အမှန်ပါပဲ အမေ။ လောကပါလ တရားစောင့်နတ်တွေ ဒီတစ်ခါ မျက်ကွယ် မပြုပါစေနဲ့လို့ ဆုတောင်းလိုက်ပါရဲ့ အမေ။

Read More...

အမေ

အမေ နုပျိုစဉ်က အမေဟာ ပန်းလေးတွေပျိုးခဲ့တယ်။

အမေ့ရင်ခွင် မြေပြင်ထက်က ပေါက်ဖွားလာတဲ့ ပန်းလေးတွေကို အမေ့နို့ ရည်နဲ့ ပက်ဖျန်းပြီး ရှင်သန် လန်းဆန်းစေခဲ့တယ်။ အမေဟာ ပန်းတောထဲမှာပဲ သူ့သက်တမ်း တလျောက်လုံး နစ်မျောနေခဲ့တယ်။
အမေဟာ နှစ်လ တွေကို မေ့နေခဲ့တယ်။ အမေဟာ နေ့ည တွေကို မေ့ခဲ့တယ်။

အမေ ပျိုးထောင်ခဲ့တဲ့ ပန်းလေးတွေ အညောင့်ပေါက်ကတည်းက ပိုးမထိ ခရုမကိုက်အောင် အမေ့ ညတွေပေးခဲ့တယ်။ အမေ့ပုခုံးတွေ ပေးခဲ့တယ်။ မြေသြဇာကောင်းဖို့ အမေ့သွားတွေ ၀ါးကျွေးခဲ့တယ်။

အမေ့ပန်းလေးတွေ ညိုးနေရင် အမေ့ မျက်ရည်စက်တွေနဲ့ ပြန်လန်းစေခဲ့တယ်။ အမေ ပျိုးခဲ့တဲ့ ပန်းလေးတွေ မွှေးနေရင် အမေပျော်မယ် အမေပျိုးခဲ့တဲ့ ပန်းလေး ရော်နေရင်လဲ အမေရင်မောရှာမယ်။ အမေဟာ ပန်းတွေ ပျိုးခဲ့တယ်။

အမေ့ အတွက် လှပ လန်းဆန်း မွှေးပျံ့လွန်းတဲ့ ပန်းပွင့် လေးတွေ ရခဲ့တယ်။
အမေ့ အတွက် လှပ ပေမယ့် မွှေးရနံ ကင်းတဲ့ ပန်းလေး တွေလဲ ရခဲ့တယ်။
အမေ့ အတွက် ပွင့်ဖတ် မစုံတဲ့ ပိုးကိုက်တဲ့ ပန်းလေးတွေ ရခဲ့တယ်။
အမေ့ အတွက် မူးမိုက် စေတဲ့ ဆူးစိုက် စေတဲ့ ပန်းလေး တွေလဲ ပွင့်ခဲ့တယ်။
အမေ့မှာ မပွင့် သေးတဲ့ ပန်းဖူးလေး တွေလဲ ရှိနေသေးရဲ့။

အမေ ပျိုးခဲ့တဲ့ ပန်းလေးတွေ အတင့်တယ်ဆုံး ပွင့်လန်းလာလို့ အလှပဆုံး အချိန်မှာ အမေ့ ပန်းလေးတွေကို ဈေးဗန်းပေါ် တင်ရတယ်။ အဲ့အချိန်တွေမှာ အမေ့ရင် ဘယ်လိုရှိရှာမလဲ ဘယ်လို မချိရှာမလဲ ဘယ်သူသိနိုင်မလဲ။
ဈေးဗန်း ပေါ်မှာ ရောင်းပန်းလှတဲ့ ပန်းလေးတွေအတွက် အမေ မော်နိုင်ပေမယ့် ဈေးဘောင်ကျိုး တဲ့အထိ ၀ယ်သူမဲ့ ပန်းလေးတွေ အတွက် အမေ နာကျင်ရှာမယ်။

နေထိပန်းလို နွမ်းလျပျော့ခွေနေတဲ့ ပန်းလေးတွေကို အမေရင်က နှလုံးသွေးနဲ့ ရေ ဆက်ဖြန်း ပေးခဲ့တယ်။ စိတ်တိုင်းကျ အရွေးခံ လိုက်ရတဲ့ ပန်းပွင့်လေးတွေက မျက်နှာ ခပ်မော်မော်နဲ့ အမေ ရင်ခွင် ကခွာပြီး အအေးခန်းက ကြွေပန်းအိုး လှလှလေး ပေါ်မှာ တင့်တယ်နေတယ်။

ဒါပေမယ့် ဒီပန်းလေးတွေဟာ အကိုင်း အခက် ဖြတ်တောက် ခံရပြီး ကတည်းက အမေ့ရင်ခွင် မြေပြင်နဲ့ ဝေးကုန်တော့ လူတွေရဲ့ မျက်စိအေးအောင် အပြခံရတဲ့ ပန်းလေးတွေ လူ့အပူလိုင်းမိပြီး မြန်မြန် နွမ်းကုန်တာ အမေ သိမယ်မထင်ဘူး။

ဈေးကောင်းရတဲ့ အမေ့ ပန်းဖိုးလေးတွေ ရေတွက်ရတိုင်း အမေ ရင်ချိရှာမယ်မထင်ဘူး။ ပေါင်းသင်း မြေဆွ ပျိုးခဲ့ရတဲ့ အမေ့ လက်အရေခွံ တွန့်တွန့်တွေကြားထဲက သစ်လွင် နေတဲ့ ငွေစလေး တွေကို အမေကြည့်ရင်း အမေ့ရင်မှာ ဘာရှိတယ်ဆိုတာ ဘယ်သူ သိနိုင်မလဲ။ အမေ့ခြံထဲက နွမ်းလျော်စ ပြုနေတဲ့ အမေ့ပန်းလေးတွေ အတွက်လည်း အမေ ဟာ မလျော့တဲ့ ဇွဲနဲ့ ပန်းဖိုးထဲက ရလာတဲ့ ငွေစလေးတွေနဲ့ မြေသြဇာထည့်ပေးနေဆဲပဲ။

အမေ ပန်းတွေ ပျိုးခဲ့တယ် ပြီးတော့ ပန်းတွေ အမေ ဆက်ပျိုးနေဆဲပဲ အမေ့ ပန်းပျိုး လက်တွေ ခိုင်မာနေဆဲပဲ အမေက ပန်းတွေ ပျိုးခဲ့တယ်...အမေလေ ပန်းတွေ ပျိုးနေတုန်းပဲ..



ဒို့မေမေ

ကျွေးမွေးသုတ်သင် သက်ဆုံးပင်
ချစ်ခင်ရှာပေ ဒို့မေမေ။

ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမခဲ့ပေ ဒို့မေမေ။

အရွယ်ရောက်လာ ကျောင်းအပ်ကာ
ပညာပေးပေ ဒို့မေမေ။

ကျမ်းမာဖို့ရေး သင့်ရာကျွေး
လေးစားအပ်ပေ ဒို့မေမေ။

ဝတ်စားဆင်ယင် မြတ်နိုးကြင်
ချစ်ခင်အပ်ပေ ဒို့မေမေ။

Read More...

မြင်ချင်သောသူများစာရင်း

ညီမငယ်လေးမိုးခါး တက်ခ် ထားတဲ့ အမြင်ချင်ဆုံး ၁၀ယောက် ဆိုတဲ့ ခေါင်းစဉ်လေးကို ကြည့်ပြီး အတွေး ၀င်မိ ပါတယ်။ ကီးဘုတ်ပေါ် လက်တင်ပြီး ငါဘယ်သူကို အမြင်ချင်ဆုံးပါလိမ့်လို့ စဉ်းစားမိတော့....နောက် မိုးခါး ဘလော့လေးကို သွားပြန် ဖတ်မိပြန်တယ် ညီမလေး ပြောထားတာ ဘလော့ကာတွေပဲလား အပြင် လူတွေ ပါလား ဆိုတာလည်း စဉ်းစားမိတယ်။ ကဲ ဘာပဲဖြစ်ဖြစ် အမြဲတမ်း စိတ်ထဲရှိတာ လုပ်လေ့ရှိတဲ့ အကျင့်အတိုင်း ကိုယ့် စိတ်ထဲက တကယ်မြင်ဖူး တွေ့ဖူးချင်တဲ့သူ စာရင်းကို ချရေးမိပါပြီ။ အမှန်အတိုင်းပြောရရင် တွေ့ချင်သူတွေကတော့ မြန်မာဘလော့ကာတွေ အကုန်လုံးပါပဲ။ ၁၀ယောက်ဆိုတော့လည်း ၁၀ယောက်စာ ချရေးပေးရမယ်လေ။

(ပြောဖို့မေ့သွားလို့ အခု ရေးထားတဲ့သူတွေ ရော လာဖတ်တဲ့သူတွေရော အကုန် တက်ခ်တယ်နော် အားရင် ရေးပေးကြပါ)


ကိုရင်တုတ်ကြီး ပါ သူကတော့ ကျွန်မ အစ်ကိုအရင်းလိုပါပဲ အရမ်းလဲ ခင်ဖို့ကောင်းပါတယ်။ ဘုတ်အီးလို့ခေါ်တဲ့ ကျွန်မကို ညီမလေးအရင်းလို စောင့်ရှောက်တဲ့ အစ်ကိုပါ။ ကျွန်မရဲ့ အစ်ကို့ကို လည်း အပြင်မှာ မမြင်ဘူး သေးပါဘူး။ သူ့ကိုလည်း တွေ့ချင်ပါသေးတယ်။

မိုးခါး အဲ့ဒီ့ ညီမငယ်လေးကို သတိထားမိတာ ကိုယ့်လုပ်ရပ်ကိုယ်စစ် ဆိုတဲ့ ပို့စ်လေးမှာ စသတိထားမိတာပါ။ ပြည်ပ ရောက်နေတဲ့ မြန်မာအမျိုးသမီးလေးတွေအတွက် ကောင်းသောစိတ်စေတနာလေးနဲ့သူရဲ့ အမေ့ ဆုံးမစကားကို ပြန်ပြောပြ ပေးတဲ့ ညီမငယ်လေးကို စိတ်ထဲက အလိုလို လေးစားမိသွားပါတယ်။ နောက်ပိုင်း လူချင်းလဲ မမြင်ဘူး အင်တာနက်မှာလည်း စကားမပြောဖူးပဲ ဘလော့ခ်ကနေ စကားလုံးတွေ ချန်ချန်ပြီး ဆက်သွယ်တာကနေ စိတ်ထဲ ရင်းနီးသွားတာပါ။ အပြင်မှာ ဆုံချင်ပါတယ်။ အရမ်းခင်ပေမယ့် နံမည်မပါတဲ့သူတွေကတော့ အပြင်မှာ မြင်ဖူးတဲ့သူတိုင်းပါပဲ ။

ငပေါများဂေဟာ က ဂေဟာသူ ဂေဟာသားတွေ အကုန်လုံးကို မြင်ဖူးချင်ပါတယ်။ ငပေါများဂေဟာစတဲ့အချိန်မှာ ကျွန်မစိတ်ထဲမှာ သူတို့ရဲ့ အစုအဖွဲ့လေးက ပျော်ရွှင်ခြင်းတွေကို အတူ မျှဝေခံစားချင်တဲ့ စိတ်နဲ့ မွေးမြူရေး ၀န်ကြီး အဖြစ်နဲ့ နို့စားရေသူမ မွေးမြူရေး ဥစားငါးသလဲထိုး အသားစား အိမ်မြှောင် မွေးမြူရေး လုပ်ငန်းတွေ အဓိက ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်း အလုပ်တွေလဲ ရူပ် လူလဲ မအား စိတ်လဲ မအားဖြစ်တာနဲ့ အချိန်ပေးပြီး သူတို့လေးတွေရဲ့ လူပ်ရှားမူမှာ သိပ်မပါဖြစ်တော့ပေမယ့် အမြဲ သွားသွားချောင်းဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ငပေါများဂေဟာရဲ့ အထူးအစည်းအဝေးမှာ အားလုံးကို တပြိုင်တည်း တွေ့ဆုံချင်ပါတယ်။

အစ်မ အိမ်လွမ်းသူ နဲ့ ဦးဂင်ကြီး နဲ့ ပေါ့အိုင်း ပိအိုင်း ညီအစ်မ သူတို့မိသားစုလေးကို ဘလော့ခ်ကနေ တစ်ဆင့် သိတာကနေ အခုဆိုရင် တကယ့်ကို အစ်ကိုအရင်း အစ်မအရင်း မိသားစုအရင်းအချာလိုမျိုး ချစ်ခင် သံယောဇဥ်ရှိကြပါတယ်။ အစ်ကိုနဲ့ အစ်မက ကျွန်မကိုလည်း ညီမလေးအရင်းလို စောင့်ရှောက်ဖေးမတာတွေ ဆုံးမ အကြံပေးတာတွေ လုပ်ပါတယ်။ ကျေးဇူးအတင်ဆုံးကတော့ ကျွန်မ မိခင်ကြီး ဆေးလာကုတုန်းက အမေ့ အတွက် လိုအပ်တဲ့ ဆေးစစ်ကိရိယာလေးကို စေတနာအပြည့်နဲ့ ဟိုးအဝေးကြီးကနေ လှမ်းပို့ပေြး့ပီး ကူညီပေးတာပါ။ ပေါ့နဲ့ ပိ ညီမလေးတွေကလဲ ကျွန်မကို သူတို့ အစ်မအရင်းလို အရမ်းချစ်ကြပါတယ်။ ကျွန်မနဲ့ သူတို့ ကြားမှာ ရှိတဲ့ သံယောဇဉ်ကြိုးကတော့ မိသားစုလိုက်ကို ခိုင်မြဲပါတယ်။ သူတို့မိသားစုလေးကို အပြင်မှာ အရမ်း တွေ့ဖူးချင်ပါတယ်။

အစ်မသိင်္ဂီ နွယ် ဟိုးရှေးရှေးတုန်းက ပုံလေးနဲ့ အခု ကလေးသုံးယောက် မာတာဆိုတဲ့ပုံလေးကို တွဲတင်ထားတာလေးကို သိပ်သဘောကျမိတယ် နောက် ကော်မန့်တွေမှာလည်း အမြဲ မှတ်မှတ်ရရ ဆွေးနွေးသွားတတ်တဲ့ အကတော်တဲ့ အစ်မကို အပြင်မှာ မြင်ဖူးချင်ပါတယ်။

ကယ်ရေကယ်ချာဆွဲတဲ့ကိုထိုက် ပါ ကျွန်မနဲ့ ဘလော့ခ်မှာ ခင်မိကြပြီး ပို့စ်တင်ပြီး ကျွန်မပုံ ကယ်ရေကယ်ချာ လေးကို အမှတ်တရ ဆွဲပေးတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့က မောင်ငယ်လေးပါ။ ကယ်ရေကယ်ချာ ပုံဆွဲတာကိုမှ မက်မက်မောမော ၀ါသနာကြီးတဲ့ မောင်ငယ်လေးက သူသိထားတဲ့ ကယ်ရေကယ်ချာရေးဆွဲနည်း ပန်းချီပညာလေးတွေကိုလည်း အသေးစိတ် ပို့စ်တင်ပြီး ပညာရပ်တွေကို အမြဲ မျဝေပေးတဲ့ လူငယ်လေးတစ်ယောက်ပါ။ သူ့ကိုလည်း အပြင်မှာ မြင်ဖူးချင်ပါတယ်။ ကယ်ရေကယ်ချာ ရုပ်လေးများ ဖြစ်နေမလား ထင်မိပါတယ်။

အစ်ကိုအိုးဝေအောင်ပါ အစ်ကိုအိုးဝေအောင်ကို ဘလော့်ခ်ထဲကနေပဲ ခင်ပါတယ်။ သူတို့ မိသားစုကိုလည်း အပြင်မှာ မြင်ဖူးချင်ပါတယ်။ သူရဲ့သားငယ်လေးကိုလဲ ဓာတ်ပုံထဲမှာပဲ မြင်ဖူးပေမယ့် အရမ်းချစ်စရာကောင်းမယ့် ကလေးလေးကို အပြင်မှာ မြင်ဖူးချင်တာပါ။ အစ်ကိုအိုးဝေအောင်က ကျွန်မရေးတဲ့ပို့စ်တွေကို ဖတ်ပြီး အမြဲတမ်း စတတ်ပါတယ်။ ကျွန်မအတွက် အမှတ်တရ နှစ်သစ်ကူးလက်ဆောင်ကို ၀ိပသနာတရားထိုင်နည်း တရားခွေတွေကို ပေးပို့ပေးခဲ့တဲ့ အစ်ကိုအရင်းလို ခင်မင်ရတဲ့ အစ်ကိုကြီးကို အပြင်မှ မြင်ဖူးချင်ပါတယ်။

သက်ပိုင်သူပါ ဂျူးရဲစကားပွင့်များကို ဖန်ဆင်းခြင်းဆိုတဲ့ ဂျူး ၀တ္တူကိုကျောင်းပရိုဂျက်လုပ်တဲ့နေရာမှာ ခင်းကျင်း ပြသခဲ့တဲ့ အနုပညာလက်ရာလေးကို စဖတ်မိတဲ့အချိန်ကစပြီး သူ့ဘလော့ခ်ကို အမြဲတမ်း သွား လေ့လာဖြစ်ပါတယ်။ ပုလင်းကွဲကချေသည်ကိုတော့ အကြိုက်ဆုံးပါ။ အဲ့လိုမျိုး အနပညာအပြည့်နဲ့ အရမ်း စာရေး ကောင်းတဲ့ မောင်လေးသက်ပိုင်သူကို အပြင်မှာ မြင်ဖူးချင်ပါတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ပို့စ်လေးတွေထက် သူကိုယ်တိုင် ပြောပြတဲ့ အနပညာဆန်တဲ့ အဖြစ်အပျက်လေးတွေကိုလည်း အပြင်မှာ နားထောင်ချင်ပါတယ်။

အစိမ်းရောင်ကောင်မလေး
ပါ ဘလော့ခ် လုပ်ခါစမှာ အမြဲတမ်းလာလည်ပြီး အားပေးတတ်တဲ့ ညီမငယ်လေးပါ။ သူရေးတဲ့ပို့စ်လေးတွေကလဲ အတွေးကောင်းကောင်းနဲ့ တကယ့်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ မိသားစုအကြောင်းလေးတွေ မောင်လေးအကြောင်း နောက်ချစ်သူအကြောင်း မိတ်ဆွေတွေအကြောင်းကို အမြဲတမ်း စိတ်ဝင်စားစရာကောင်းအောင် စာဖတ်သူပါ မြင်ယောင်လာနိုင်အောင် ရေးအားကောင်းတဲ့ ညီမလေးပါ။ သူ့ကိုလည်း အပြင်မှာ မြင်ဖူးချင်ပါတယ်။

မိုးမြင့်တိမ် ပါ တိမ်ညိုတွေ ပြိုသွားတဲ့ ကောင်းကင်ဆိုတဲ့ ဘလော့ဒီဇိုင်း ဆန်းဆန်းရှင်းရှင်းလေးထဲက ပို့စ်တွေ ကဗျာတွေထဲက အင်မတန် ဖတ်လို့ကောင်းတဲ့ ရင့်ကျက်တဲ့ အတွေးအခေါ်တွေ စာအရေးအသား သိမ်မွေ့မူတွေနဲ့ အရေးကောင်းတဲ့ ဘလော့ခ်မိတ်ဆွေတစ်ယောက်ပါ။ သူရေးတဲ့စာတိုင်းကို အမြဲဖတ်တိုင်း တစ်စုံတစ်ခု ရသကို ပေးစွမ်းနိုင်ပါတယ်။ဖြစ်နိုင်ရင် သူတို့ နေရာလေးမှာရှိတဲ့ ဘလော့ခ် မိတ်ဆွေ မောင်နှစ်မတွေကို အပြင်မှာ မြင်ဖူးချင်ပါတယ်။

နောက်မြင်ဖူးချင်တာကတော့ မိုးကောင်းသူဆိုတဲ့ ထမင်းအိုးလေးနဲ့ မေတ္တာရပ်ဝန်းမီးဖိုဆောင်က စားဖိုမူးလေး လုလုပါ။ ကျွန်မ အင်တာနက်ထဲ စာဖတ်တိုင်း အစားအသောက်ဘလောခ့်လေးတွေကို သိပ်စိတ်ဝင်စားပါတယ်။ သူတို့တွေက အိမ်တွေ မိသားစုတွေ အမေ့လက်ရာနဲ့ဝေးနေရတဲ့ ပြည်ပရောက်မြန်မာတွေကို ကိုယ် ချက်တတ်တဲ့ ဟင်းချက်နည်းလေးတွေကို ဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံ နည်းစနစ်တကျ အပင်ပမ်းခံပြီး ပို့စ်ရေးပေးတတ်လို့ပါ။ ကျွန်မဆို တစ်ခုခုစားချင်တိုင်း သူတို့ရဲ့ ဘလော့ခ်လေးတွေ သွားမွှေနှောက် သွားရေကျမိပါတယ်။ နောက် သူတို့ဆီက နည်းကို ယူပြီး အမြဲ တစ်ခုခုလုပ်စားလေ့ရှိပါတယ်။ သူတို့ကိုလည်း အပြင်မှာ မြင်ဖူးချင်ပြီး သူတို့ချက်ကျွေးတာ စားချင်ပါတယ်။

အားအားယားယားစာမျက်နှာများကို ရေးလေ့ရှိတဲ့ ညီမငယ် ခိုင်စိုးလင်း(Lung) လို့ အသံထွက်ပါလို့ အသံထွက်ပါ တစ်ခါတည်း သင်ပေးတဲ့ ညီမပါ။ မရေးရမနေနိုင်ရ်ျမနေနိုင်တိုင်းရေးမိသော ညီမငယ်ခိုင်စိုးလင်းကို အပြင်မှာ မြင်ဖူးချင်ပါတယ်။ စာတွေကို စိတ်ရှိတဲ့အတိုင်း ခပ်သွက်သွက်ရေးတတ်တဲ့ ပွင့်ပွင့်လင်းလင်း ပုံစံရှိတဲ့သူ့ကို အပြင်မှာ သူ့ဆံပင်ပုံစံကို မြင်ဖူးချင်တာရယ် သူ့စကားပြောဟန်ကို နားထောင်ချင် တာကြောင့်ရယ်ပါ။ အပြင်မှာတွေ့ဖူးချင်ပါတယ်။

နွေးနေခြည် ဆိုတဲ့ ညီမငယ်လေးကိုတော့ ခရီးသွားပုံလေးတွေကို စဖတ်မိတာက စပြီး သူ့ဘလော့ခ်ကို အမြဲ အလည်ရောက်ပါတယ်။ ကိုယ် တက်ခဲ့တဲ့ ကွန်ပျူတာ ကျောင်းအကြောင်းကို သေသေချာချာ တန်ဖိုးထားပြီး ရေးခဲ့တဲ့ ညီမဖြစ်လို့လဲ အမှတ်တစ်ရဖြစ်မိပါတယ်။

ရေးရင်း ရေးရင်းနဲ့ အများကြီး ဖြစ်သွားပြီ။ တကယ့်က ကျွန်မဖတ်ဖူးတဲ့ ဘလော့ခ်စာမျက်နှာတိုင်းက ဘလော့ခ်တွေ ဘလော့ခ်တွေကို အမြဲ လာအားပေးတဲ့ အွန်လိုင်းက အယောက်ရှိတိုင်းသော ကျွန်မရဲ့ ဘလော့ခ်မိတ်ဆွေတွေ အကုန်လုံး (အားလုံး)ကို အပြင်မှာ မြင်ဖူးချင်ပါတယ်ရှင်။

တိုင်းပြည်လေးထဲမှာ ကျွန်မရေးသမျ စာတွေကို အမြဲအားပေး ဝေဖန်ဖတ်ရူတဲ့သူတွေ ကျွန်မ နေမကောင်း ဖြစ်ချိန်မှာ မေတ္တာနဲ့ အကြံပေး ဂရုစိုက်တဲ့သူတွေ ကျွန်မ သတင်းလိုက်ချိန် စိုးရိမ်စိတ်တွေနဲ့ ဆုံးမ စကား ပြောတဲ့ သူတွေအားလုံးကို ဒီနေရာကနေ စိတ်ကျမ်းမာခြင်း ကိုယ်ကျမ်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်။

လက်အနာကတော့ နည်းနည်းမှ မလျော့သေးပါ။ လက်ဖျံဘက်ကို လှည့်သွားနေတဲ့ ယောင်ြ့ပီး ကိုက်နာနေတဲ့ လက်တစ်ဖက်ကို ဖိလိုက် ညှစ်လိုက် နှိပ်လိုက် လုပ်ရင်း ညီမငယ်လေး မိုးခါးတက်ခ်ထားတဲ့ ပို့စ်လေးကို အမှတ်တရရေးပေးလိုက်ပါတယ်။

Read More...

အစားမတော် တစ်လုပ် အသွားမတော် တစ်လှမ်း

ညီမငယ် မိုးခါး ရေးထားတဲ့ ကိုယ့်လုပ်ရပ် ကိုယ်စစ် ဆိုတဲ့ ပို့စ်လေးကို ဖတ်ပြီး တွေးစရာတွေ အများကြီး ပါလာတယ်။ ညီမငယ် ပို့စ်လေးရဲ့ ပထမဆုံး ကော်မန့်မှာ ညီမလေး အမေပြောသလို ယောက်ကျားလေး တစ်ယောက်က ကိုယ့်ကို ချဉ်းကပ်ရင် တကယ် မြတ်နိုးလို့လား အလွယ်ရမယ် ထင်လို့လားဆိုတာဟာ အမေတစ်ယောက်ရဲ့ သမီးတွေ အကုန်လုံးကို ပြောလိုက်တဲ့ သိပ်တန်ဖိုးရှိတဲ့ ဆုံးမ စကားဖြစ်တယ် နောက်ပြီး အထူးသဖြင့် အပြင်ရောက်နေတဲ့ မြန်မာအမျိုးသမီး တွေအနေနဲ့ လွတ်လပ် ပွင့်လင်း ရိုးသားခြင်းနဲ့ အတူ ကိုယ့်တန်ဖိုး ကိုယ် ထိန်းသိမ်းသင့်ပြီးတော့ မြန်မာအမျိုးသားတွေအနေနဲ့လည်း နှမချင်း စာနာတဲ့ စိတ်နဲ့ စောင့်ရှောက်ဖို့လည်း လိုပါတယ်လို့ ကျွန်မ ကော်မန့်မှာ ပြောခဲ့တယ်။ ညီမငယ်ရဲ့ ပို့စ်လေးကို Welcomeကလဲ ရိုးသားတဲ့ မိန်းကလေးတွေ အနေနဲ့ ကိုယ်ရဲ့ သာယာမှု၊ ပျော်ရွှင်မှု ခင်မင်မှု တစ်ခုတည်းနဲ့ ဘယ်ယောက်ျားကိုမှ အားမနာသင့်၊ မယုံကြည် သင့်ကြောင်း ပြောချင်ပါတယ်လို့ ပြောခဲ့ပြန်တယ်။ အရမ်းကို တန်ဖိုးရှိတဲ့ အကြံပေးမူတွေပါပဲ။

ကိုယ့်လုပ်ရပ် ကိုယ်စစ်ဆိုတဲ့ ပို့စ်လေးကို ဖတ်ပြီး နောက်မှာ ကျွန်မအတွက် စဉ်းစားစရာတွေ ပါလာတယ် ဆိုတာဟာ ကျွန်မ ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုက လတ်တလော ရက်ပိုင်းလေးမှာပဲ ဖြစ်ပျက်ခဲ့လို့ပါပဲ။ ကျွန်မကိုယ်တိုင် မသိခဲ့တဲ့ ကျွန်မရဲ့ လုပ်ရပ် အပြုအမူ အပေါ် တစ်ဖက်သားက နားလည်မူ မှားယွင်း ချွတ်ချော်မူ တစ်ခု က လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဖြစ်ပျက်ခဲ့ ပါတယ်။ ကိုယ်လုပ်ရပ် ကိုယ်ပြန်စစ်ရမယ့် အဖြစ်တွေကို ပြန်စဉ်းစားမိနေပါတယ်။ အခုပြောမယ့် အဖြစ်တွေမှာ တိုက်ဆိုင်မူရှိရင် အဲ့ဒီ့လူကို သာ ကျွန်မ တည့်တည့် ရည်ညွန်းပါတယ်။

ကျွန်မဟာ ငယ်ငယ်ကတည်းက လွတ်လပ်မူ ပွင့်လင်းမူကို မြတ်နိုးပါတယ်။ နောက် သူငယ်ချင်း အပေါင်းအသင်း အရမ်းမင်ပါတယ်။ နောက်ပြီး မိသားစုထဲမှာ အစ်ကိုသုံးယောက်ရှိခဲ့ပြီးမှ ပထမဆုံး မွေးတဲ့ မိန်းကလေးဖြစ်ခဲ့လို့ အစ်ကိုတွေနဲ့တန်းတူ ခုန်ပေါက် ပြေးလွှား ထိုးကြိတ်တမ်း ကစားခဲ့တာ ကျားကျားယားယားနေခဲ့တာ အခုချိန်ထိပါပဲ။ အမျိုးသားအားကစားပွဲတော် ရှစ်တန်းနှစ်က ရန်ကုန်မှာ လုပ်တော့ ကျွန်မ ရွေးချယ်ခဲ့တဲ့ အားကစားက တစ်ခုတည်းရှိပါတယ်။ အဲ့တာ မြန်မာ့သိုင်း ဓားသိုင်းနဲ့ လှံသိုင်း အလှပြပါ။ ထိုးလိုက် ကြိတ်လိုက် ကန်ကျောက်လိုက်နဲ့ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် မိန်းကလေးဆိုတာတောင် မေ့နေခဲ့ပါတယ်။ ကျွန်မမှာ အခင်ဆုံး အရင်းနီးဆုံး သူငယ်ချင်းတွေထဲမှာ မိန်းကလေးသူငယ်ချင်းက တစ်ယောက်ပဲ ပါပါတယ်။ ကျန်တာ ယောက်ျားလေး သူငယ်ချင်းတွေ များပါတယ်။ သူငယ်ချင်းတွေထဲက ကျွန်မအပေါ် စိတ်ပြောင်းလာရင်လည်း ကျွန်မရဲ့ စိတ်ဓာတ်အရင်းခံကို သိတော့ ပုံမှန် ပြန်ဖြစ် သွားကြပြီး အရင်ကထက်ကို ပိုချစ်ကြ ပိုနားလည်ကြ ပိုပြီး သံယောဇဉ်ဖြစ်လာကြပါတယ်။

ကျွန်မကလဲ ခင်ရင် အားလုံးကို စိတ်ရော ကိုယ်ရော နှစ်ပြီး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးပေါင်းသင်း ဆက်ဆံလေ့ရှိပါတယ်။ အားလုံး မရှိအတူ ရှိအတူ ကျောင်းသား ဘ၀ကတည်းကရော လူပ်ရှားမူတွေမှာ ရှိနေတဲ့အချိန်မှာရော ရဲဘော်ရဲဘက် သူငယ်ချင်း အပေါင်း အသင်းတွေနဲ့ ထမင်း တစ်ပန်းကန် ကိုလည်း ဇွန်းတပ်ပြီး လေးငါးခြောက်ယောက် စုစားတတ်သလို လက်ဘက်ရည် ကော်ဖီသောက်ရင် လည်း တစ်ခွက်တည်းကို တစ်ငုံစီ စုသောက်လေ့ရှိပါတယ်။ အားလုံးဟာ ရဲဘော်ရဲဘက်စိတ် အပေါင်းအသင်းစိတ် လက်ရည် တစ်ပြင် တည်း စိတ်တွေ ထားခဲ့မယ်လို့ ကျွန်မ ယုံကြည်ခဲ့ပါတယ်။ ထားလည်း ထားခဲ့ ကြပါတယ်။

ဒါပေမယ့် တစ်ချို့လူတွေ အတွက်မှာတော့ ဒီလို ရင်းနှီးချစ်ကြည်မူနဲ့ မထိုက်တန်ဘူး ဆိုတာ စိတ်မကောင်းခြင်းကြီးစွာနဲ့ သိခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက သိပ် ရင်းနှီးတဲ့ သတင်းထောက် အစ်ကိုတစ်ယောက်က ညီမရေ ညီမလေးကို သိတဲ့ မိတ်ဆွေဟောင်း တစ်ယောက် က ညီမ မေးလ် လိပ်စာကို တောင်းနေတယ် ပေးလိုက်ရမလားတဲ့။ အခုဆိုရင် ချက်မှာ တော်ရုံ Accept လာလုပ်တဲ့ သူတွေကို လက်မခံ တာ များပါတယ်။ အခုလို တစ်ဆင့် ခွင့်တောင်းလာတော့ ကျွန်မ ဘယ်သူများပါလိမ့်ဆိုတဲ့ စူးစမ်းချင်စိတ်နဲ့ လက်ခံလိုက်ပါတယ်။

သူ့ကို လက်ခံလိုက်ချိန်မှာပဲ သူဟာ ကျွန်မရဲ့ အရင်တုန်းက လူပ်ရှားမူ လုပ်ခဲ့တုန်းက မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်နေပါတယ်။ တကယ့်ကို မိတ်ဆွေဟောင်းတွေကို ပြန်ဆုံတော့ ကျွန်မစိတ်ထဲ တော်တော် ၀မ်းသာ သွားမိပါတယ်။ သူ့နံမည်ကို သိပ်မမှတ်မိ ပေမယ့် သူ့အကြောင်း မှတ်မှတ်ရရဖြစ်မိတာကတော့ သူ့ကျမ်းမာရေးကိုပါပဲ။ ဆိုတော့ ပထမဆုံးမေးမိတာကတော့ အခုကျမ်းမာရေး အခြေအနေ ဘယ်လိုရှိလဲ လို့ပါပဲ။ သူပြန်ဖြေတယ် နေကောင်း ကျမ်းမာပေါ့ ဒါပေမယ့် သူ့ရဲ့ပထမဆုံးမေးခွန်းကတော့ ကျွန်မ အိမ်ထောင်ကျပြီလားတဲ့. ကိုယ်ရေးကိုယ်တာကိစ္စတွေ အရင်စမေးတာမျိုးဆိုတော့ ကျွန်မခပ်ပြတ်ပြတ် ဖြေလိုက်တယ် ကျပြီလို့ ဆိုတော့ သူ့ကို လဲ ရှာပေးပါဦးတဲ့ ထိုင်းမှာ အခြောက်တွေပေါတယ် ညီမ အမျိုးသားရော ဘယ်လိုလဲတဲ့...ကျွန်မ ရုတ်တရက် အံ့သြစိတ်နဲ့ ဘာမှ ပြန် မဖြေ လိုက်ဘူး။

ကျွန်မ မှတ်မိသလောက် သူနဲ့ကျွန်မဟာ ယုံကြည်ချက်တစ်ခုအတွက် ခရီးတစ်ခုကို အတူလျောက်ခဲ့တဲ့ ရဲဘော်ဖြစ်ခဲ့တယ်။ အဲ့ဒီ့မှာ သူ ပြောလာတာက ကျွန်မက သူ့ကို အစိမ်းလိုက် ဖြတ်သွားတယ်တဲ့။ ကျွန်မ နိုင်ငံခြားကို ထွက်သွားတဲ့အချိန်မှာ သူမသိလိုက်ဘူးပေါ့နော် အဲ့တာကို ဆိုလိုတယ်လို့ ထင်ပါတယ်။ ညီမ က ဖြတ်သွားပေမယ့် အစ်ကိုကတော့ တန်းလန်းကြီး ဖြစ်ကျန်ခဲ့တယ်တဲ့ အဲ့ဒီ့မှာ နည်းနည်း ထူးခြား တာကို သတိထားမိလာတယ်။ တဖြေးဖြေးနဲ့ သတိထားမိလာတာက သူမေးတာတွေ သူပြောတာတွေက ချက်ရင်းနဲ့ ပါးစပ် အရသာခံတဲ့ အောက်တန်းကျကျ စကားလုံးတွေ ပါလာတာကို သတိထားမိ လာတယ်။

အရင်တုန်းကဆို သူဟာ အင်မတန်ကို ငြိမ်သက်အေးဆေးပြီး လူတွေနဲ့လဲ သိပ်မပေါင်းပါဘူး။ လူတွေကလဲ သူ့ကို သိပ်မပေါင်းဘူး။ ဘာဖြစ် လို့လဲဆို သူက အဆုတ် ရောဂါသည် တစ်ယောက်ဖြစ်လို့ပါ။ ကျွန်မ စိတ်ထဲ အတွေးတွေ ၀င်လာတာ သူနဲ့ ကျွန်မ အဲ့သလောက် ရင်းနီး ခဲ့သလားလို့ပါပဲ။ ကျွန်မချစ်တဲ့ သူငယ်ချင်း အချင်းချင်းဆို အမြဲ စနောက်နေကြပေမယ့် သူနဲ့က ဒီလောက် ရင်းနီးတဲ့ အဆင့် မဟုတ်ဘူး ဆိုတာ လဲ ကျိန်းသေ နေပါတယ်။

ကျွန်မ နုစဉ်ကာလက အရင်က ကိုယ့်ဘက်က စိတ်ဝင်စား သူ့ဘက်က စိတ်ဝင်စားလို့ အလုပ် မဟုတ်တဲ့ ပေါက်ကရ ရှစ်ဆယ် အီစီကလီ လုပ်ဖူးတဲ့ သူတွေ တကယ်ပဲ ရှိပါတယ်။ ဒါပေမယ့် မှတ်မိသလောက်တော့ အဲ့ဒီ့ စာရင်းထဲမှာ လည်း သူ မပါ တာတော့ သေချာပါတယ်။ (အခုချိန်အထိ ကျွန်မ ချက်တင်းတက်တာဟာ သတင်းမေးဖို့အတွက် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အဆက်အသွယ် လုပ်ဖို့ကလွဲပြီး မဖွယ်မရာ စဖြစ်လာရင် ရင်းနီးတဲ့သူတွေပါ အကုန် ဘလော့ပစ် တာပါ)

အဲ့မှာ သူဆက်ပြောလာတာကတော့ သူနဲ့ ကျွန်မ နှစ်ယောက် အရင်က အကြောင်းတွေကို အခုထိ မေ့လို့မရဘူးတဲ့။ ကျွန်မကိုယ်တိုင် ဇဝေဇ၀ါ ဖြစ်သွားပါတယ်။ သူ ဆက်ပြောတဲ့ စကားတွေကို မြင်တော့မှ အိုးမိုင်ဂေါ့ဖ်လို့သာ တမိပါတယ်။ အံ့သြခြင်း ကြီးစွာနဲ့ ငါမှာြး့ပီ ငါမှားပြီ ငါမသိတဲ့ ငါလုပ်ခဲ့တဲ့ ငါ့လုပ်ရပ်တွေအပေါ် ထင်သလို စွဲချက်တင်နေတဲ့ အမူတွဲတွေ ဘယ်လောက်များ ရှိသေးလဲလို့ တွေးမိပါတယ်။

ကျွန်မတို့ ရင်းနှီးခဲ့တဲ့အချိန်တွေမှာ ကျွန်မနဲ့ သူ ထီးတစ်ချောင်းထဲ ဆောင်းခဲ့တာတွေ ထမင်းတစ်ပန်းကန်ထဲ အတူစားခဲ့တာ နောက် အအေးတစ်ပုလင်းကို အတူ သောက်ခဲ့တာတွေကို သူ မေ့လို့မရဘူးတဲ့။ သူ နေထိုင် မကောင်းဖြစ်လို့ ဆေးရုံတက်ရတဲ့ အချိန်တွေမှာ အလုပ်ကနေ ကျွန်မ အပြေးအလွှား လာကြည့်တာတွေ သူစားဖို့ သစ်သီးဝလံ မုန့်တွေ သယ်လာပေးတာတွေ ကြင်နာ ဂရုစိုက် တာတွေ အတွက် သူ့ စိတ်ထဲမှာ ကျွန်မအပေါ် မရိုးသားတဲ့ စိတ်မျိုးဖြစ်ခဲ့ပါတယ်တဲ့.ဒါကြောင့် ကျွန်မ ဘယ်ရောက်နေလဲ ဘာဖြစ် နေလဲ ဆိုတာ သူ လိုက်စုံစမ်းနေတာပါတဲ့။

အလို မြတ်စွာဘုရား ဆိုပြီး အံ့သြ တုန်လူပ်ခြင်းကြီးစွာနဲ့ ခဏ ဆွံအ သွားမိပါတယ်။။ ကျွန်မစိတ်ထဲ တော်တော်လေးကို အံ့သြ နာကျင်သွားမိပါတယ်။ နောက် ရွံရှာစိတ်တွေလည်း တဖွားဖွားဖြစ်မိပါတယ်။ ကိုယ့်ကို ချဉ်းကပ်ရင် တကယ် မြတ်နိုးလို့လား အလွယ်ရမယ် ထင်လို့လားဆိုတဲ့ ညီမငယ် မိုးခါးရဲ့ မိခင် ပြောစကားအတိုင်းပါပဲ ခင်မင်မူနဲ့ ရင်းနီးမူ စေတနာနဲ့ ပေးခဲ့တဲ့ လုပ်ရပ်အပေါ် အလွယ် ရမယ်ထင်လို့ စော်ကားမူ တစ်ခုလို့ပဲ မြင်မိပါတယ်။

ဥပမာ ကျွန်မကို ရိုးရိုးသာမာန် ချစ်တယ် ကြိုက်တယ် စိတ်ဝင်စားတယ် ဆိုရင်တောင် ကျွန်မ ဒီလောက် စိတ်မကောင်းဖြစ်မိမယ် မထင်ပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားတယ် ဆိုတာလည်း ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ ကျွန်မ အတွက်တော့ သိပ်ထူးဆန်းတဲ့ ကိစ္စ မဟုတ်ဘူး။ ကျွန်မကိုယ်တိုင်ကလဲ အဲ့သလိုပြောလာတဲ့သူတွေအပေါ် အမြဲ ပြောင်ပြောင်နောက်နောက် နဲ့ တားမြစ် နယ်မြေ မကျူးကျော် ရဘူးကွယ် အခုမှ လာပြောရသလား နေရာမရှိတော့ဘူးကွယ် စသဖြင့် ခပ်ရွတ်ရွတ် တုံ့ပြန်ခဲ့တာပါပဲ။။

ဒါပေမယ့် သူဟာ ကျွန်မနဲ့ ယုံကြည်ချက်တူတဲ့ မိတ်ဆွေဖြစ်တယ် သူ့အပေါ် ကျွန်မက တကယ့်ကို ရိုးရိုးသားသားနဲ့ ဂရုစိုက်ခဲ့တဲ့ အပေါ်ကို ပုံစံတစ်မျိုးနဲ့ တို့တွေ ထမင်းတစ်ပန်းကန်တည်း အတူ လက်စုံစားခဲ့တာတွေ မမေ့နိုင်သေးဘူး ဘာညာနဲ့ ရွံစရာ ပြောလာတဲ့အပေါ် အန်ချင်စိတ်တွေ တစ်ဖွားဖွားပေါ်လာပါတယ်။ နောက်ပြီး သူဟာ ကျမ်းမာရေးမကောင်းတဲ့သူ နောက်ပြီး သူ့မိသားစုကပါ သူ့ကို ဂရုမစိုက်နိုင် တော့ အရပ်သားက လာတဲ့ သူ့ကို ကျောင်းသားအုပ်စုတွေဖြစ်တဲ့ ကျွန်မတို့က နေထိုင်မူ ပုံစံ စရိုက်ချင်း မတူ တာတောင် သူ့ကို ထမင်း စားဖို့က အစ ရေသောက်ဖို့ အဆုံး ဂရုစိုက်ကြလေ့ရှိပါတယ်။ ကျွန်မတို့ တစ်နပ်ငတ်တာ အစာအိမ် ဖြစ်ရုံ ကလွဲပြီး ပြသာနာ မရှိပေမယ့် ရောဂါသည် သူ့အတွက် အငတ်ခံပြီး ကျွေးခဲ့ကြပါတယ်။ တကယ်တော့ ခပ်ရိုင်းရိုင်း ပြောရရင် ငတ်နေတဲ့ သူတစ်ယောက်ကို အစာစားနိုင်ပါစေ စာနာစိတ်နဲ့ ကိုယ်စားမယ့် အထဲက ပေးကမ်း စွန့်ကြဲမူတစ်ခု သပ်သပ်သာ ဖြစ်ပါတယ်။

အထူးသဖြင့် အဆုတ် ရောဂါ ဖြစ်နေတဲ့ သူ့နဲ့ အတူ သူများတွေက အစားအသောက်က အစ သိပ်မစားချင်ကြဘူး။ ကျွေးစရာရှိတာ ကျွေး ပေမယ့် သူ့ကို သိပ်မရောကြဘူး။ ကျွန်မတို့က မြင်နေတော့ စိတ်မကောင်းဖြစ်မိတယ်။ အထူးသဖြင့် ကျွန်မမှာ ခံစားချက် ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အဖေ့မှာ တီဘီဖြစ်တုန်းက အားလုံးက ခွဲပြီးနေရမယ်ပြောတဲ့အချိန်မှာ ကျွန်မနဲ့အတူ မိသားစု တစ်ခု လုံးက အဖေ့ဘေးမှာ အားပေးခဲ့တယ် အဖေ့ ကျမ်းမာရေးဟာ အံ့သြစရာကောင်းလောက်အေင် ပြန်ကောင်း လာခဲ့ တယ် အဲ့တော့ အဖေလို ရောဂါမျိုး ဖြစ်နေတဲ့ မိတ်ဆွေ တစ်ယောက်အပေါ် သူများတွေက မသွားဖို့တားတာတောင် အားပေးကူညီချင်စိတ် တစ်ခု တည်းနဲ့ စောင့်ရှောက်ပေးခဲ့တာပဲ။ မနိုင်းအပ်တဲ့ လူပုဂိုလ်အပေါ်ကို မတန်မရာ သွားနိုင်းယှဉ်ပြီး လုပ်ပေးခဲ့တာကိုက ကိုယ့်မဟာအမှားပဲ။

အဲ့မှာ ကျွန်မ ကိုယ်တိုင် လည်း နေကောင်းတာ ခံနိုင်ရည်အား ကောင်းတာ မဟုတ်ပဲနဲ့ သွေးပါ အန်နေတဲ့ အဆုတ်နာ ရောဂါသည် တစ်ယောက်ဆီကို ဘာဖြစ်လို့ သွားနေတာလဲလို့ မေးတဲ့အခါ လူနာမေးမယ့် သူမရှိလို့ မျော်နေတဲ့ မိတ်ဆွေ တစ်ယောက် အပေါ် တကယ့် ဖြူစင်တဲ့ စိတ်နဲ့ သွားအားပေးခဲ့တာ တစ်ခုပါပဲလို့ အခုချိန်အထိလဲ လိပ်ပြာသန့်သန့် ဖြေရဲပါတယ်။

အဲ့ဒီ့လို အသုတ်တစ်ပွဲအတူစား ထီးတစ်ချောင်းထဲ အတူဆောင်း အအေး တစ်ပုလင်းထဲ အတူသောက်ခဲ့တယ်ဆိုတာ သာမန် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း အတွက်ဆိုရင်တော့ ဒါ ဟာ မရိုးသားမူတစ်ခုကို အစပျိုးအောင် မိန်းကလေးဘက်က လုပ်တာပဲ ဒါမျိုး အခွင့်အရေး မပေးသင့်တာပေါ့ ဒါပေမယ့် ကျွန်မတို့ရဲ့ အသိုင်းအ၀ိုင်းမှာ အထူးသဖြင့် ကျောင်းသား အသိုင်းအ၀ိုင်းမှာ တော့ ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုပဲလေ သူငယ်ချင်း အချင်းချင်း ပြောစရာကို မလိုပါဘူး။။ အခုဟာက သူမှာ စားစရာမရှိဘူး ကျွန်မမှာ ရှိတယ် ဒါပေမယ့် ကျွန်မမှာလဲ တစ်ယောက်စာပဲ ရှိတယ် ကျွန်မ စားမယ့်အထဲက သူ့ကို တစ်ဝက်ခွဲကျွေးတာပဲ။ ပြောရရင် စေတနာ အလျောက် အန်ကျွေးခဲ့တာပဲ။ နောက် မိုးရွာတဲ့အခါ နေပူတဲ့အခါ သူ့မှာ ဆောင်းစရာ ကာစရာပါမလာလို့ သွားရတဲ့အခါ သူငယ်ချင်း မိတ်ဆွေ တစ်ယောက် အပေါ် အထူးသဖြင့် ကျမ်းမာရေး မကောင်းတဲ့သူ တစ်ယောက်အပေါ် စာနာ မိတာပါပဲ။ ဒါပါပဲ ။ တကယ့်ကို ရိုးရိုး ရှင်းရှင်းလေးပါ။

ကျောချင်းကပ် ရင်ချင်းအပ်ပြီး ရုန်းကန်ခဲ့ရတဲ့ ကျွန်မသူငယ်ချင်းတွေနဲ့ဆို သေအတူ ရှင်မကွာ မိုးထဲလေထဲ ရေထဲမှာ လက်ချင်းဆုပ်ပြီး လူပ်ရှား ခဲ့ရတာပဲ။ တစ်ခါတစ်လေ တစ်ကိုယ်လုံး စိုရွှဲနေလို့ သူတို့ အကျီအ၀တ်အစားတွေ တောင် ကိုယ် ၀တ်ရတာ သူငယ်ချင်း တွေစုပြီး အဖမ်းခံရမှာစိုးလို့ ပုန်းရှောင် အိပ်ရတဲ့အခါ ခေါင်းချင်းဆိုင်ပြီး သူတို့ အနားမှာ ရှိတယ် ဆိုတဲ့ လုံခြုံမူနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် ခဲ့တာတွေရှိပါတယ်။

သူ့အပေါ်မှာတော့ ကျမ်းမာရေး မကောင်းတဲ့သူအပေါ် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ညီအစ်ကို မောင်နှစ်မလိုပဲ သဘောထားခဲ့တာပဲ။ သူကျမ်းမာရေး အခြေအနေအရ ကျွန်မတို့က တော်ရုံ တန်ရုံ လူပ်ရှားမူမျိုးမှာ ဆိုလည်း သိပ်ပြီး ဖိအားပေး ခေါ်ဆောင်တာမျိုး မလုပ်ခဲ့ပါဘူး။ မိတ်ဆွေတွေနဲ့ ဝေးခဲ့ရတဲ့ ငါးနှစ်ကျော် ကာလမှာ အခုလိုမျိုး ကိုယ့်စေတနာလုပ်ရပ်အပေါ် သူ သတ်မှတ်ထားတဲ့ အနေ အထား တစ်ခုကို သူကိုယ်တိုင် ဖွင့်ဟချက်နဲ့ ပြန်သိလိုက်ရတော့ တော်တော်ကြီးကို အံ့သြတုန်လူပ်မိပါတယ်။ နောက်ပြီး ကိုယ့်မှာ ပိုင်ဆိုင်သူ ရှိပါတယ် ဆိုတာ ပြောထားတာတောင် အရှက်မရှိ ဒီလို မဖွယ်မရာ မပြောသင့်တဲ့ စကားကို လာပြောနေသေးတယ် ဆိုကတည်းက သူလိုလူကို ဘယ်လို ဆက်ဆံသင့်တယ်ဆိုတာ သူ့တန်ဖိုးသူ သတ်မှတ်ပြီးသား ဖြစ်နေပါပြီ။

အဝေးကို ရောက်နေတဲ့ အချိန်မှာ အမေဟာ ကျွန်မကို သိတ် စိတ်ပူပါတယ်။ နေလို့ မဖြစ်တော့လွန်းလို့သာ သူတို့ရင်ခွင်ကနေ ပေးပြီး အဝေးကို သွားခွင့် ပေးတာပါ။ အခုဆိုရင် အမေက ကျွန်မတို့နဲ့ လပိုင်းလောက် အတူလာနေသွားတော့ ကျွန်မရဲ့ ဘ၀လက်တွဲဖော်ရဲ့ အကြောင်းကိုလည်း သူ သိတန်သလောက် သိသွားတယ် နောက် ကျွန်မ မိသားစုအတွက် ကျွန်မ ဘ၀ရပ်တည်ရေးအတွက် ဘယ်လိုမျိုး ရုန်းကန်လူပ်ရှား တည်ဆောက်နေရတယ်ဆိုတာလည်း သူသိသွားတော့ သူ စိတ်ချသင့်သလောက်တော့ စိတ်ချသွားပါတယ်။

ကျွန်မလဲ အပြင်မှာနေတာ ကြာလာတော့ ဘယ်သူ့ကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ သိနေပါပြီ။ ကိုယ့်တန်ဖိုး ကိုယ် ဘယ်လို မြင့်တင်ရမလဲ ဆိုတာ အထူးသဖြင့် ကိုယ်ကျင့် သိက္ခာပိုင်း ဆိုင်ရာ ထိခိုက်မူမရှိအောင် လူတိုင်းကို အမြဲ သတိထားပြီး ဆက်ဆံပါတယ်။
ပြည်ပမှာ နေရတဲ့အခါ ကိုယ့်အနေအထိုင် ကိုယ့်အပြုအမူတစ်ခုမှာ သူများပြောစရာ ဖြစ်အောင် သူများ အမြင်မှာ ကိုယ့်အတွက် သူတို့လည်း အကုသိုလ်မဖြစ်အောင် တော်တော်လေး သတိထာြး့ပီး နေရပါတယ်။

အဲ့ဒီ့မှာ ကျွန်မ ကိုယ်တွေ့နဲ့ယှဉ်ပြီး ညီမလေးတွေ အစ်မကြီးတွေကို ပြောချင်တာကတော့ ကိုယ့်ဘက်က ဘယ်လောက်ပဲ ရိုးသားတယ် စိတ်ဖြူစင်တယ်လို့ပဲ တွက်ထား တွက်ထား ကိုယ့်အနေအထိုင် ကိုယ့်အပြုအမူ ကိုယ့်အမူအယာ အပေါ် သူတို့ဘက်က လိုသလို ကောက်ချက်ချနိုင်သလို ကိုယ့်စေတနာ ကိုယ့်မေတ္တာပေါ်မှာလည်း စော်ကားတာတွေ ကြုံရလာနိုင်တဲ့အတွက် အမြဲ ပိုတယ်လိုတယ် မရှိအောင် သတိထားပြိး ဆက်ဆံသင့်ပါတယ်။ ဒါပေမယ့် ကိုယ်တွေအပေါ်မှာ တကယ့်ကို မောင်နှစ်မလို မိသားစုလို ကိုယ့်သွေးသားရင်းလို သဘောထားတဲ့ ကာကွယ်စောင့်ရှောက်ပေးတဲ့ လေးစားဖို့ကောင်းတဲ့ အစ်ကိုတွေ မောင်လေးတွေ ဦးလေးတွေ သူငယ်ချင်းကောင်လေးတွေလဲ ရှိနိုင်ပါတယ်။

ပတ်ဝန်းကျင်ဆိုတာ ယောက်ျားလေးတွေ ခြေလှမ်းများရင် ဒီကောင် သိပ်စွံတာလို့ ချီးကျူးစကား ပြောကြတယ် မိန်းကလေး တစ်ယောက် အနေအထိုင် မဟုတ် ရင်တော့ ကျိန်းသေပေါက် အရက်ဝိုင်း ဘီယာဝိုင်းတွေ မှာ ၀ိုင်းပြီး လေနဲ့ အားမနာ လျှာမကျိုး မစားရ ၀ခမန်း မြည်းကြမယ်ဆိုတာ မမေ့စေချင်ပါဘူး။ မြန်မာနိုင်ငံသား အချင်းချင်းကိုလည်း မေတ္တာရပ်ခံချင်တာက ဘာပဲပြောပြော လူတိုင်းမှာ ကိုယ့်မွေးမြေကို စွန့်လာပြီး တိုင်းတစ်ပါးမှာ လာ နေရတဲ့အခါ ဘ၀မျိုးစုံ အခက်အခဲမျိုးစုံ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင် ရုန်းကန်နေ ကြရပါတယ်. အချင်းချင်း ဖေးမစောင့်ရှောက်မူ မလုပ်နိုင်ရင်တောင် ကိုယ်ကြောင့် သူများကို နစ်နာအောင် မလုပ်ကြစေချင်ပါဘူးရှင်..

Read More...

အမှတ်တရ ပုံစံစာ လေးများ

ကျွန်မ ဘလော့ လိုက်လည်ရင် အဓိက ဦးစားပေးလည်ဖြစ်တာ အစားအသောက် လုပ်နည်းတွေကို တကယ့် စေတနာအပြည့်နဲ့ ချက်နည်း ပြုတ်နည်းလေးတွေကို အပြည့်အစုံ တင်ပေးထားတဲ့ ဘလော့ လေးတွေကိုပါ။ လုလု ဘလော့ ကတော့ ဦးစားပေးပေါ့။ ဒီနေ့ စုဗူးအိမ် ဘလော့လေးမှာ မြင်းခွာရွက် သုတ်ထားတာ သွားငမ်းပြီး အပြန် ဘလော့ကာ သူငယ်ချင်း ကေလာက သူ့ဂျီတော့ စတေတပ်မှာ အမဲသားဟင်း ချက်နေတယ်တဲ့။ အမဲသား ဟင်း စားချင်စိတ် တစ်ဖွားဖွား ပေါ်လာတယ်။ ခက်တာက အမဲသားကို စားပဲ စားတတ်ပြီး မချက် တတ်တာ ပြသနာပါ။ ဘာဖြစ်လို့ မချက်တတ်လဲဆို အမဲသားကို စစားဖူးတာ အသက် ၁၈နှစ် ကျော်ကျော်မှာမှ စစား ဖူးတာ။ ကျွန်မတို့အိမ်မှာက ၀က်သား အမဲသား လုံးဝ မစားပါဘူး။ ကျွန်မကိုယ်တိုင်က အမဲသားကို စားရမှာ လည်း လန့်တာပါပါတယ်။ အဘွားကလဲ ပြောဖူးတယ် အမဲသားက နွားကို သတ်ပြီး ရလာတာမို့ ကျေးဇူးရှင် အသား မစားရဘူးတဲ့။

အမဲသားစစားဖြစ်ပုံကတော့ လွန်ခဲ့တဲ့ ၉နှစ်ကျော်လောက်က အင်းစိန်ထောင် သီးသန့်စစ်ထောင်ထဲမှာ ထောင်ကျ နေတုန်းကပါ။ ၂၀၀၀ပြည့်နှစ် သင်္ကြန်အကျနေ့ ဧပြီ၁၃မှာ အင်းစိန် သီးသန့်ထောင် ရောက်ပါတယ်. ၁၂ခန်းတွဲ ကြိုးတိုက်မှာ နေရပါတယ် လွတ်တဲ့ အထိပါပဲ ကျွန်မက ထောင်တရားဝင်တော့ အချမခံရပါဘူး အထိန်းသိမ်းခံပါ။

ထောင်ထဲက ထောင်ပုံစံ ထမင်းဟင်းကတော့ ပြောရင် ယုံမယ် မထင်ဘူး။ ရေခွက်နဲ့ အများဆုံး နှစ်ခွက်နဲ့ ခပ်ထည့်ပေးတဲ့ ထောင်ပုံစံထမင်းက မာလွန်းလို့ ပူနေတုန်းပဲ သူ့ကို ခြေလို့ရတယ်။ နည်းနည်း ကြာ သွားရင် သူက အခဲလိုက်ကြီးဖြစ်သွားတယ်။ တော်ရုံအားနဲ့ ဖိခြေလို့မရဘူး။ အဲ့တော့ မနက်ပုံစံ ပဲဟင်းကို အပေါ်က ဆမ်းချလိုက်ပြီး စားမှ လည်ချောင်းထဲဝင်တယ်။ နောက် လက်မလောက် ငါးပိတုံးလေး ကို ခြေပြီး ထည့်စား တယ်။ (စကားချပ်-အဲ့ဒီကတည်းက ပဲဟင်းကို မုန်းလိုက်တာမှ ကျွန်မ အခုထက်ထိ အိမ်မှာ ဘာပဲ ချက်ချက် ဂျီးမများပဲ စားပါတယ် နောက်ဆုံး ထန်းညက်နဲ့ ထမင်းဆိုရင်တောင် စားပါတယ်။ ဒါပေမယ့် ပဲဟင်း ချက်တဲ့နေ့ ဆို မျက်ရည် ပေါက်ပေါက် ကျအောင်ကို စိတ်ဆိုးပါတယ်။)

ထောင်မှာ ညနေဆိုရင် တာလပေါဟင်းလို့ ထောင်နံမည် ပေးထားတဲ့ ဟင်းနုနွယ်ပင်တွေကို အ၀ိုင်းလိုက် ခုတ်ပြီး ဟင်းချို ချက် ထားတာ စားရပါတယ်။ ဟင်းနုနွယ်တုံးတွေက အ၀ိုင်း လိုက်ကြီး တွေဆိုတော့ နည်းနည်း အံ့သြ ကြမယ် ထင်ပါတယ်။ လက်ကောက်ဝတ်လောက်ရှိတဲ့ ဟင်းနုနွယ် အရိုင်းပင်ကြီး တွေကို ခုတ်ထစ် ချက်တယ် လို့တော့ ယူဆပါတယ်။ သူက မနက်ပဲဟင်းထက်စာရင် ကျွန်မ နည်းနည်း စားလို့ ရပါသေးတယ်။ မနက် ပဲဟင်း။ ညနေ တလပေါဟင်း ငါးပိတစ်တုံး ဆားတစ်ပုံ (ဆားက နည်းနည်းပဲရပါတယ် ဆားများများပေးရင် ဆားတွေ စုထားပြီး ထောင်သံတိုင်အောက်ခြေကို ပုံပြီး ထောင်ဖောက်ပြေးမှာ စိုးလို့ပါတဲ့) ဒါက နေ့တိုင်း ထောင်က ကျွေးတဲ့ မရိုးတဲ့ ဟင်းတွေပါ။

ဒါပေမယ့် ထောင်မှာ တစ်ပတ် တစ်ခါတော့ အသားစားရပါတယ်။ ကြာသပတေးနေ့ ညနေကျရင် အမဲပြုတ်ရည် အိုးထဲ ထည့်ပြုတ် ထားတဲ့ ကြက်ဥနဲ့ အမဲသား ကြိုက်ရာ ရွေးစားလို့ရပါတယ်။ အမဲသား မစားတဲ့လူက ကြက်ဥ တစ်လုံး ရပါတယ်။ အမဲ ပြုတ်ရည် ထဲ ထည့်ပြုတ်တော့ နဂိုကမှ အနံညှီတဲ့ ကြက်ဥက အမဲပြုတ်ရည် နံ့နဲ့ ဆိုတော့..ကျွန်မ သုံးလေးပတ် လောက်တော့ ကြက်ဥကို စားကြည့်ပါသေးတယ်။ ဒါပေမယ့် ကြာလာတော့ ကျွန်မနဲ့နေတဲ့ အခန်းဖော်က ညီမလေး အမဲသား ပြောင်းစားကြည့်ပါလားတဲ့ အမဲသား ညီမ မစားဘူး အစ်မ ဆိုတော့ သူက စမ်းစားကြည့်တဲ့. အမဲသားက အာဟာရလဲဖြစ်တယ် သွေးအားလဲ ကောင်း တယ်တဲ့. အခု ငါ့ညီမလေးက အစားမှန်မှန် မစားတော့ ငါးဖောင်ရိုးဖြစ်နေပြီတဲ့ အစ်မ ညီမလေးကို အမဲပြုတ်ရည် တောင်းပြီး ဗူးဝမှာ သံပုရိုပင် အညွန့်လေးတွေ ခြေပြီး အမဲစွပ်ပြုတ် လုပ်တိုက်မယ်တဲ့။ အဲ့တာနဲ့ ကျွန်မလဲ အမဲသား စားဖို့ ဆုံးဖြတ်လိုက်တယ်။

နောက် ကြာသပတေးနေ့ ဟင်းအလှည့်ရောက်တော့ ကျွန်မ ပန်းကန်ထဲကို ကြက်ဥတစ်လုံး ပစ်ထည့်တယ် ကျွန်မက အမဲသားလို့ ပြောတော့ မျက်ခုံးပင့်ကြည့်တယ် အဲ့တာနဲ့ တစ်တုံးယူဆိုတော့ ကျွန်မမျက်စိကို ပြူး ကြည့်ပြီး အမဲသား အတုံး အကြီးကြီးကို လက်ညှိုး ထိုးပြ လိုက်တယ်။အစ်မက ညီမလေး မယူနဲ့ အဲ့တာ အရွတ်ကြီး တဲ့။ ဒါပေမယ့် ကျွန်မပန်းကန်ထဲကို အမဲတုံးကြီး ရောက်နေပါပြီ။ အမဲတုံးကြီးကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေတဲ့ အချိန်မှာ အစ်မက ရယ်ပြီးတော့ ညီမလေးတဲ့ အမဲသား ယူတဲ့အခါ အတုံး သေးရင် သေးပါစေ အသားပါတာ ယူတဲ့ အရွတ် တုံးကြီးဆို ကိုက်မရ ဖဲ့မရနဲ့တဲ့ ဒါပေမယ့် ငါ့ညီမ အပျင်းပြေ ၀ါးလို့ ရတာပေါ့တဲ့ အစ်မ အမဲပြုတ်ရည် စီစဉ်လိုက်ဦးမယ် ဆိုပြီး ဖင်ဖြတ် ထားတဲ့ ရေသန့်ဘူးထဲက အမဲပြုတ်ရည် ထဲကို ဆားနည်းနည်း အချိုမူန့်(ဖွက်ထားတဲ့) နောက် သံပုရိုပင် အညွန့်လေးတွေနဲ့ မွှေလိုက်တယ်။ စားကြည့် ညီမလေးဆိုတော့ သောက်ကြည့်တော့ အသားနဲ့ဝေးနေတာ ကြာတဲ့ အချိန်မှာ အသား ပြုတ်ရည် ဆိုတော့ အရသာ ရှိ လိုက်တာမှ ပြောမနေ ပါနဲ့တော့။ ကိုယ့် ရေသန့်ဗူး ပိုင်းလေးထဲက အမဲ ပြုတ်ရည်ကို ကိုင်ပြီး တဂွတ်ဂွတ်နဲ့ မော့သောက်လိုက်တယ်။ နောက် အမဲသားတုံးကို လက်နှစ်ဘက်နဲ့ကိုင်ပြီး ကိုက်တာမှာ သွားထဲ ညှပ် သွားပြီး ပြန်ဆွဲထုတ်လို့မရ ဘူး ဖြစ်သွား ပါတယ်။ နေက် အမျိုးမျိုး လှည့်ပတ်ကိုက်တာ ဘယ်လိုမှ အဆင် မပြေ တာနဲ့ အမဲပြုတ်ရည်နဲ့ ထမင်းနဲ့ ဆမ်းပြီး စားလိုက်ပါတယ်။ အမဲသားတုံး ကိုက်မရတာကလွဲရင် တော်တော် လေး အရသာရှိတဲ့ ညနေစာ လေး စစား ရတာပါပဲ။

နောက် ထမင်းကို အကုန်စားပြီးတော့ အမဲသားကို ပြန်ကိုင်ပါတယ်။ သံတိုင်ကို မှီပြီး ကိုက်တာမှ အားမရ လို့ သံတိုင်ကို ခြေထောက်နဲ့ကန်ပြီး အမဲသားကို ဆွဲဖဲ့ပါတယ်။ ကိုယ်က ဆွဲလိုက် သူက ရုန်းလိုက် သူက ရုန်းလိုက် ကိုယ်က ဆွဲလိုက်နဲ့ နောက်ဆုံး အမဲသား အရွတ်တုံး နည်းနည်း ပဲ့ပြီး ပါးစပ်ထဲ ရောက်သွားပါတယ်။ အဲ့တာကို ပါးစပ်ထဲ ထည့်ပြီး ကြေအောင် ကြိတ်တာမှာ.တော်တော်နဲ့ မရပဲ ပါးစပ်ထဲမှာပဲ ရှိနေပါတယ်။ အမဲသား တစ်တုံးနဲ့ အလုပ်ရူပ်နေတဲ့ ကျွန်မကို ကြည့်ပြီး သဘောကျလို့ အစ်မက ရယ်ပါတယ်။

အိမ်မှာ အစား စားရင် လည်း ၀ါးနေတာ တော်တော်နဲ့ မပြီးလို့ အမေက အမြဲဆူပါတယ်။ အစားလဲမက်တဲ့ ကျွန်မကို ကြည့်ရင် အမြဲ ပါးစပ်လေး လူပ်စိ လူပ်စိနဲ့ တမြုံ့မြုံ့ ဖြစ်နေလို့ နွားလိုပဲ စားမြုံ့ပြန်နေတယ်လို့ အစ်ကို တွေက အမြဲစ ပါတယ်။

နောက်ရက် တွေမှာတော့ ကျွန်မ အမဲသားကို ဘယ်လိုရွေးရမယ်ဆိုတာ ကောင်းကောင်း သိနေပါပြီ။ သီးသန့် ထောင်ထဲမှာ အသက်အငယ်ဆုံး ဖြစ်တဲ့ ကျွန်မ ထမင်းလာပို့တဲ့ ထောင်ဝါဒါတွေကလဲ ကျွန်မကို အမဲသားတုံး ကောင်းကောင်း လေး တွေ ဖယ်ဖယ်ပြီး ပေးတတ်လာပါတယ်။ ကြာသပတေးညတွေကတော့ ထောင် တံခါးမကြီး နံရံကို မှီ အမဲသားတုံးလေး ကိုက်မြုံ့ပြီး အရသာခံတဲ့ အချိန်တွေပဲပေါ့။

နောက် ထောင်ထဲမှာ စားဖြစ်တာ လမ်းလျောက်မြက်ပင်အုပ်အုပ်လေးတွေကို သုတ်စားတာပါ။ နေမကောင်း တဲ့ လူဆို ရေနွေးအဖြူတစ်ဗူးရပါတယ်။ အဲ့ဒီ့ရေနွေးနဲ့ ရေချိုးချတုန်း နတ်ထားတဲ့ မြက်ပင်အညွန့်လေးတွေကို ဖျော လိုက် ပါတယ်။ နောက် ငါးပိရည် အချိုမူန့်ရယ် ငရုတ်သီးမူန့်လေးတွေရယ်နဲ့ ရောသုတ်လိုက်တယ်။ တစ်ခါ တစ်ရံ ရေချိုး ချတုန်း အ၀တ်လျော်ပြီး လှမ်းရတဲ့အခါ တစ်ချို့ကို ဒီအတိုင်း မြေကြီးမှာ လှမ်းရပါတယ် အကျီတွေ ကို တော့ သီးသန့်ထောင် ထောင့်စွန်းနားမှာ ပေါက်နေတဲ့ သံပုရိုပင်အုပ်မှာ လှမ်းရတော့ ၀ါဒါမတွေ မမြင် လိုက်ပဲ ခူးလို့ ကျန်တဲ့အထဲက သံပရိုသီးလေးတွေ ရတတ်ပါတယ်။အဲ့တာလေးတွေ ညှစ်ပြီး သုတ် ကျွေးတာ အရမ်းစားလို့ကောင်းပါတယ်။

နောက် အသုတ်တစ်ခုကတော့ ကန်စွန်းရွက် အစိမ်းသုတ်ပါ။ ကန်စွန်းရွက်အညွန့်လေးတွေကို ညနေ မိလ္လာချတဲ့ ချိန် အ၀တ်ပါ ပေးရုပ်ရင် အချိန်ရတုန်း မြေပြင်မှာ ကပ်ပေါက်နေတဲ့ ကန်စွန်းရွက်ညွန့်လေးတွေကို ခူးခဲ့ပြီး ရှိတဲ့ ငပိ ဆား အချိုမူန့်လေးတွေနဲ့ သုတ်စားတာ လဲ အရမ်းကို အရသာရှိပါတယ်။

နောက် ပဲဟင်းထဲက ပဲခြမ်းတွေကို ရေနဲ့ သေသေချာချာ စင်အောင်ဆေးပြီး ရလာတဲ့ ပဲတွေကို ပလက်စတစ်စလေး တွေပေါ် တင်ပြီး နေပြ (နေလှမ်း)ပါတယ်။ နေပူတဲ့အချိန်ဆို ပဲလေးတွေ ထုတ်ထုတ် လှမ်းကြပါတယ်။ တစ်ခါ တစ်လေ ခိုတွေ ကျီးကန်းတွေက သူတို့ကို ကျွေးတယ် ထင်ပြီး လာလာ တီးသွားရင်တော့ ကုန်သ လောက် ပါပဲ။ နောက် လေးငါးရက် လောက် နေပြပြီး ရလာတဲ့ ပဲတွေကို ထောင်တစ်ခုလုံး တိတ်ဆိတ်နေတဲ့ နေ့လည် အချိန်တွေမှာ တံခါးမကို ကာထားတဲ့ သံတိုင်ဘေးကို မှီပြီး တကျွပ်ကျွပ်နဲ့ ထိုင်ဝါးရတဲ့ အရသာကလဲ ဘယ်ဟာနဲ့မှ မလဲနိုင်ပါဘူး။

ထောင်ထဲမှာနေတုန်းက အပြင်ရောက်ရင်တော့ ဟိုဟာလေးကို ဟိုလို စားမယ် ဒီဟာလေးကို ဒီလို စားမယ် စသဖြင့် အစား အသောက် နံမည်တွေ မေ့သွားမှာစိုးလို့ အချင်းချင်း အပြိုင် နံမည်မှတ်မိပြိုင်တမ်း ကစားဖူး ပါတယ်။ ဥပမာ တစ်ယောက်က အုန်းနို့ခေါက်ဆွဲလို့ အော်ရင် ကျွန်မက ရွှေတောင်ခေါက်ဆွဲ တစ်ယောက်က မုန့်ဟင်းခါးဆို တစ်ယောက်က မုန့်တီ စတာမျိုးလေးတွေ နံမည်လေးတွေ အပြိုင် ရွတ်ပြီး ရယ်စရာဟာသ လုပ်ကြတိုင်း ကျွန်မက မုန့်နံမည် အများဆုံးနဲ့ အမြန်ဆုံး ရွတ်နိုင်တဲ့ သူဖြစ်ပါတယ်။

ထောင်ကနေ ထွက်ရင် အစားကို အကုန်စားပစ်မယ်လို့ ကြွေးကြော်ခဲ့ပေမယ် ထောင်ကနေ တကယ်တမ်း ပြန်ထွက် လာတဲ့အခါ အိမ်ရောက်တော့ ကျွန်မ ရဲ့ အသားကျနေတဲ့ အစာအိမ်က အရသာတွေ အနံ့တွေ ကို မခံစား နိုင်ပါဘူး။ ထမင်း ပျော့ပျော့လေးကို တစ်လုပ် နှစ်လုပ်စားရင်ကို ပျို့လာပြီး ဟင်းတွေကို ကြည့်ပြီး တော့လည်း မစားနိုင်ပါဘူး။ နောက် နည်းနည်း လေးစားရုံနဲ့ ဗိုက်က ပြည့်လာပြီး ဘာမှကို ဟုတ်တိ ပတ်တိ မစားချင် တော့ပါဘူး။ ထိုင်တာ များပြီး အလူပ်အရှားမရှိတဲ့ အတွက် ခြေထောက်တွေက ဆွဲပြီး နည်းနည်း လျောက်တာနဲ့ ယောင်လာပါတယ်။ နောက် မျက်စိကလဲ နဂိုက မျက်မှန်တပ်ရတော့ အလင်းကို သိပ်ကြည့် လို့မရဘူးဖြစ်နေပါတယ်။ အဆိုးဝါးဆုံးကတော့ ညအိပ်ချိန်တွေပါပဲ..အမြဲ အိမ်မက်တွေ မက်ပြီး ဇောချွေးတွေနဲ့ လန့်နိုးတိုင်း ငါ အခု ဘယ်ရောက်နေတာလဲ ထောင်ထဲမှာပဲလား ဆိုတဲ့ အတွေးက အရမ်းဆိုးပါတယ်။

အခုချိန်မှာ အပြင်မှာ စားချင်တာ စား လုပ်ချင်တာ လုပ် သွားချင်ရာ သွားနေရပေမယ့် အခုချိန်ဆို ထောင်ထဲက အကျဉ်းသား တွေ ဘယ်လိုများ စားနေရ ရှာပါလိမ့်ဆိုတဲ့ အတွေးက ရင်ကို တော်တော် နာကျင်စေပါတယ်။ ဒီ အမှတ်တရ အတို အထွာ ထောင်ပုံစံစာ ဖြစ်တဲ့ အစားအစာလေးတွေဟာ အခုချိန်မှာ ပြန်တွေး ကြည့်ရင် တော့..ပြုံးချင် စရာဖြစ်ပေမယ့်..အခုချိန်အထိ အဲ့ဒီ့တုန်းက အားရပါးရ မက်မက်မောမော စားခဲ့ရတဲ့ အရသာတွေကို မမေ့နိုင်သေးပါဘူး။

Read More...

ကန်စွန်းရွက် အဲကွန်းစက် နဲ့ ဒညင်းဂွက်

ဒီအသံကတော့ တော်တော့လေးကို လွန်လွန်းနေပြီကွယ် ဒီနေ့ပါနဲ့ဆို သုံးရက်ရှိပြီ နေ့ရော ညရော နားတွေ အူနေတာ. ဘန်ကောက်ရဲ့ နွေအပူရှိန်ကလဲ ရူးမလောက် ပူလောင် ကျွမ်းမြိုက် အိုက်စက်နေရတဲ့အထဲမှာ နေကပူ အသံက ဆူနဲ့ နားဒုက္ခရောက်ရတာ တော်တော် ကို ဆိုးဝါးတယ်။

ဖြစ်ပုံက ဒီလိုပါ။ ကျွန်မရဲ့ ဘေးခန်းက ထိုင်းဂေးတွေ နေတဲ့အခန်းက လေအေးပေးစက် ပျက်နေပုံရပါတယ်။ လေအေးပေးစက်ကလဲ ၂၄နာရီ ဖွင့် ထား ပါတယ်။ အဲ့တော့ အပြင်ထုတ်ထားတဲ့ စက်က ကျွန်မအခန်း ခေါင်းရင်း ထိပ်တည့်တည့်မှာပါ။ စက်က ပုံမှန် လေမူတ်စက်သံ တ၀ူးဝူးကနေ နံရံကို လွန်ပူစက်နဲ့ ထိုးသလို ဂျီဂျီဂျီ ဆိုတဲ့ အသံက စူးစူးရှရှ ထွက်လာ ပါတယ်။ အဲ့ဂျီဂျီဂျီ အသံ က သိပ်ကြာ သွားရင် တရုတ် နှစ်သစ်ကူး တွေမှာ ဗင်ထု သလို လင်ပန်းတီးသလို ဒုန်းဒုန်း ဒုန်း ချမ်းချမ်းချမ်းဆိုတဲ့ အသံကို ပြောင်း သွား တယ် အဲ့ဒီ့လို ကုလား နှဲမူုတ်သံ နဲ့ တရုတ် ဘင်ထုသံ အသံပေါင်းအော်နေတဲ့ အသံက နားတွေ အူပြီး လူတောင် ရူးချင်တယ် အဲ့ဒီ့ အသံက အောက်ထပ်က သူတို့ကွန်ဒို ရုံးခန်းက အထိလဲ ကြားရတယ်။ ညကလဲ တစ်ညလုံး အိပ်မရ ပူကလဲ အရမ်းပူ အသံကလဲ အရမ်း ဆူ ဆိုတော့ အဲ့တာနဲ့ ရုံးခန်းကို သွားပြောမှရတော့မယ်လို့ ဆုံးဖြတ် လိုက်တယ်။

ရုံးခန်းက ထိုင်းစာရေးမတွေကလဲ အင်္ဂလိပ်စာ ညံ့ချက် က ကိုယ့်ထက်ဆိုးတယ် အခန်းမှာ ရေမလာလို့ သွား ပြော တာ waterတောင် မသိဘူး မီးပျက်လို့ သွားပြောလဲ နားမလည် အမြဲ တိုင် တွေ ပတ်နေတာ ဟိုတစ်ခါ လည်း တံခါးချက် ကျပ်ပြီး ထိုးမရတာ အောက်က ကွန်ဒို ရုံးခန်းကို သွားပြော တော့ နားမလည်ဘူး ဂျက်ထိုး မရတာကို အဲ့တာနဲ့ Body Language နဲ့ ပြောမှဖြစ်မယ်ဆိုပြီး လက် တစ်ဖက်ကို အ၀ိုင်းလေး လုပ် ။ ကျန်တဲ့ လက်ညိုးနဲ့  အ၀ိုင်းလေး ထဲကို ထိုးပြီး မိုက်ဒီ မိုက်ဒီ (ထိုးလို့ မရဘူး) လို့ လဲပြောလိုက်တော့ ၀ိုင်းရယ် လိုက်ကြ တာ စိတ်တောင်တိုတယ် ။အရင်မီးပျက်ရင် ခေါ်ရခက်တဲ့ ယမ်းတွေ (ထိုင်း လုံခြုံရေး တွေ)က လိုက်ကြည့်မယ် ဆိုတာချည်းပဲ.

အဲ့.ပြောလက်စ ပျောက်သွားပြီ အဲ့တာနဲ့ စကားပြန်ရှိမှ ဖြစ်မယ်ဆိုပြီး ဖုန်းနဲ့ ထိုင်းစကား ပြောတတ်တဲ့ သူငယ်ချင်း ကို အကူအညီ တောင်းပြီး ငါ အိပ်လို့လဲ မရဘူး စာကျက်လို့လဲ မရဘူး နားတွေ အူနေပြီလို့ ပူရတဲ့ အထဲ ဆူညံနေတာ ရူးတော့မယ်လို့ ပြောပေးပါ ဆိုပြီး ရုံးခန်းက စာရေးမကို ဖုန်းပဲ ထိုးပေးပြီး ပြောခိုင်း လိုက် တယ် ထိုင်းစာရေးမက ဖုန်းကို ယူပြီး ခါးခါး ခါးခါးနဲ့ ညောင်နာနာ ပျစ်ချွဲချွဲ အသံနဲ့ ပြောပြီး ကျွန်မဆီ ဖုန်းပြန် ပေးပါတယ်။

အဲ့တာ သူငယ်ချင်းက စကားပြန်ပေးပါတယ် သူတို့က အစ်မကို ကန်စွန်းရွက်တွေ နုတ် ပေးပါတဲ့..ဟေ လို့ ဘာဖြစ်လို့လဲ လို့ မေးတော့ ကျွန်မ အခန်း ၀န်ရံတာက ကန်စွန်း ရွက်တွေ နုတ်ပေးပါတဲ့ ပြီးတော့ သူတို့ အဲ့ ကွန်း အသံ ညံနေတာ သိတယ်ပေါ့ ပြင်ပေးမယ်တော့ မပြောဘူး ကျွန်မ အိပ်လို့ မရဘူး ပြောတာ ကို ရယ်နေတယ်တဲ့ ကျွန်မလဲ ဖုန်းကို ယူပြီး အပေါ်က ပြန်ပြေးတက်သွားလိုက်တယ်။

အခန်းဝံရံတာကို ထွက်ပြီး ကျွန်မ စိုက်ထားတဲ့ အပင်လေးတွေကို သေချာလိုက် ကြည့်ပါတယ်။ သံဇကာမှာက သစ်ခွလေး တွေပါ အုတ်ဘောင်ပေါ်မှာက နှင်းဆီပင်လေးတွေနဲ့ စံပယ်ပင်လေးတွေပါ ဘေးထောင့်နားလေးမှာ မြင်ရတာ အဲ့ဒီ့ အသံစုံ မြည်တဲ့ အဲကွန်းစက်ပါ အဲ့စက်ကို တုတ်နဲ့တောင် ထိုးချချင်တယ် တကယ်ပဲ..
သူတို့နုတ်ခိုင်းတဲ့ ကန်စွန်း ပင်လေး တွေက စားလို့မရလို့ ရင့်တာလေး တွေကို လွှင့်မပစ်ပဲ စံပယ်အိုးနဲ့ နှင်းဆီအိုး ပဒဲကော ပင်ပေါက် လေးတွေ ငရုတ်ပင်ပေါက်အိုး လေးတွေပေါ်မှာ မြေသြဇာ ထည့် ထားတာ အပင် ပေါက်ပြီး အိုးပေါ်ကနေ သံဇကာပေါ်မှာ နွယ်တက်ပြီး ခရမ်းရောင် ကန်စွန်း အပွင့်တွေ ပွင့် နေတာ အဲ့တာကို နုတ်ခိုင်း တာ သိပ်လဲ မများပါဘူး ဒေါသထွက်ထွက်နဲ့ ၀ရံတာပေါ်က အိုးတွေထဲက အဲ့ဒီ့ စံပယ်ပင်ကလွဲရင် အကုန် နုတ်ပစ်လိုက်တယ် အောက်က ရုံးခန်းဝက အမိုက်ပုန်းမှာ သွားသွန်ပစ်လိုက်တယ် တကယ်တော့ အမိုက်ပစ်ခန်း သပ်သပ်ရှိတယ်လေ ကွန်ဒိုမှာက အဲ့တော့ ရုံးခန်းထဲက ၀န်ထမ်းတွေက ပြူးကြည့်နေတယ်လေ ကျွန်မလဲ ပြောလိုက် တယ် ကဲနုတ်ပြီးပြီ နင်တို့ အဲ့အသံကို ပိတ်ခိုင်းမလား မပိတ်ခိုင်း ဘူးလား ပြင်ခိုင်းမလား မပြင်ခိုင်းဘူးလား ပြောလို့ ပြော လိုက်တယ် အင်္ဂလိပ်လိုပဲ ပြောတာပဲ နားလည်လား မလည်လား တော့ မသိဘူး ကျွန်မလဲ တစ်ကိုယ်လုံး ဖုန် အလိမ်းလိမ်းနဲ့လေ ညကလဲ မအိပ်ရတော့ မျက်စိကလဲ အကွင်းလိုက် ချောင် နေတာ ဒေါသကလဲ ထွက် ပိုဒေါသထွက်တာက အဲကွန်းသံ ညံလို့ ပြောတာကို မဆီမဆိုင် ကန်စွန်းပင် နုတ်ခိုင်းလို့ ပါ အဲ့တာနဲ့ သူတို့ က ကျွန်မကို အခု ပြင်ပေးမယ် ဘာညာလို့ ယူဆရတဲ့ အိညောင် အိညောင် အသံနဲ့ လာ ပြောကြတယ်။

ဘန်ကောက်က အရမ်းပူ လွန်း တော့ သူတို့လည်း အဲကွန်းဖွင့်ရမယ် ဆိုတာ နားလည်ပါတယ် ဒါပေမယ့် လူမရှိလဲ အဲကွန်းကို ဖွင့်ခဲ့ တယ် ၂၄နာရီ လုံးလုံး ဒီလောက် အသံကြီး မရပ်မနား အော်နေတာကို ဘယ်လိုမှ သည်းမခံ နိုင်ဘူး ဖြစ်နေတယ် အဲ့တာနဲ့ အပေါ်ကို ပြန်တက် လာပြီး အခန်းထဲ ၀င်ခါနီးကျတော့ ဘေးခန်းက ထိုင်းဂေးမတွေ ကွက်ကြည့် ကွက်ကြည့် လုပ်နေတယ် မျက်စောင်း ပိတ်ထိုးပြီး တော့ တံခါးကို ကန်ပြီး ပိတ်လိုက်တာ အရှိန်လွန်ပြီး ခြေမ ပဲ့သွားတယ် နာလိုက်တာ မပြောပါနဲ့တော့ ကိုယ့်ဒေါသနဲ့ကိုယ် မျက်ရည် တောင် ကျတယ် နောက် ချက်ခြင်း ဆိုသလို အဲကွန်းသံက တိကနဲ အသံရပ်သွားတယ်။

အဲ့ထိုင်းဂေးမမတွေနဲ့ ကိုယ်နဲ့က ရာဇ၀င်ရှိဖူးတယ်လေ။ ဟိုးတစ်ခါတုန်းက မဲဆောက်ကနေ သူငယ်ချင်း တစ်ယောက်က ဒညင်းသီးတွေ ၀ယ်လာ ပေးဖူးတယ်။ ဒညင်းဂွက်ကြီးတွေမှ အကြီးကြီးတွေပဲ စားလို့လဲ ကောင်းမှ ကောင်း ထုပြီး ကြော်စားတာလေ။ တစ်ချို့ကို ဆားရည်စိမ် ထားလိုက်တယ်။ အခန်းထဲမှာ ထားရင် အနံ့က ဆိုးလို့ သူ့ကို ဘယ်ကို ထားရင် ကောင်းမလဲ စဉ်းစားတော့ ကျွန်မတို့ အခန်းရှေ့မှာ ရေပိုက်တွေ ထားတဲ့ အပေါက် သေးသေး လေးရှိတယ်။ အဲ့အထဲမှာ သူတို့ ပိုက်ပြင်တဲ့ အချိန်မှာပဲ လာဖွင့်တာဆိုတော့ ကျောက်ပြား လေး တစ်ချပ်ကို ချထားပြီး အဲ့အပေါ်မှာ ဒညင်းသီး ဆားစိမ်ဗူးလေးကို ထည့်ထားလိုက်တယ်။ ထမင်းစား ခါနီးကျမှ အပြင်ကို ပန်းကန်လေး ကိုင် ထွက်ပြီး အဲ့အပေါက်လေးထဲ သွားသွားနိုက်တယ်။ တစ်ရက် တော့ နေ့ခင်းဘက်ကြီးမှာ ကျွန်မ ဒညင်းသီး နိုက်နေတုန်း နောက်ကနေ တစ်ယောက် ယောက် ကြည့် နေသလို ခံစားရတော့ အမှောင်ရိပ်ထဲမှာ မားမားကြီးရပ်နေတဲ့ ထိုင်းဂေးမမကြီး လို့ ယူဆရတဲ့ လူတစ်ယောက် ရပ် နေတယ်။ သူ ကျွန်မကို ရာဘ ဆေးတွေ များဖွက်နေသလား ဘာညာနဲ့ မသင်္ကာလို့ ကြည့်နေတယ် ဆိုတာ ရိပ်မိ တော့ စချင်တာနဲ့ ဒညင်းသီး ပန်းကန်လေးကို အသာဖွက်လိုက်ပြီး အခန်းထဲ ဖြတ်ကနဲဆို ခိုးကြောင် ခိုးဝှက်ပုံနဲ့ ၀င်လိုက်တယ်။အရင်ကဆို ဒညင်းသီးထည့်ထားတဲ့ အခန်းထဲက ဂျက် သေးသေး လေးကို ထိုးခဲ့တယ် အခုတော့ ဂျက်ကလေးကို မထိုးပဲ ထားခဲ့လိုက်တယ်။

အခန်းထဲမှာ ထမင်းစားဖို့စောင့်နေတဲ့ ကျွန်မသူငယ်ချင်းက ရယ်ချင် ပက်ကျိဖြစ်နေတဲ့ ကျွန်မရဲ့ ခိုးကြောင် ခိုးဝှက်ပုံကို နားမလည်သလို ကြည့်နေတုန်း သူ့ကို ရူး တိုးတိုးနေ လို့ ပြောလိုက်တယ်။ ရယ်ချင်စိတ်ကို မနည်း ထိန်းပြီး တံခါးဝနားကို နားကပ်ပြီး ပြန်နားထောင်တော့ တံခါးဖွင့်သံ သဲ့သဲ့လေးကြားတယ်။ နောက် အလိုင်နားးးးးးးး (ဘာကြီးလဲ) ဆိုတဲ့ အသံကျယ်ကြီး ကြားလိုက်တယ် နောက် တဒေါက်ဒေါက်နဲ့ ထွက်ပြေး သွားတဲ့ အသံကို ကြားလိုက်တယ်။ ကျွန်မလဲ အားရပါးရ ရယ် လိုက်တယ် ဗူးကို ဖွင့်လိုက်တော့ ထွက်လာတဲ့ အနံ့ ဆိုးချက် ကို သိထားတော့ စပ်စုချင်တဲ့ ထိုင်းဂေးမကြီး တော့ ဒညင်းသီး ဗုန်း မှန်သွားပြီလို့။ နောက်ပိုင်း ကျွန်မကို မြင်ရင် နှာခေါင်း ရူံ့ ချင်တယ်လေ ဓာတ်လှေကားတောင် အတူတူမစီးဘူး ချန်ချန်ခဲ့တယ် ကျွန်မကလဲ မျက်နှာ ခပ်မော့မော့နဲ့ ပဲ တက်သွားတယ် အဲ့လို ထိုင်းတွေနဲ့က ရာဇ၀င်ရှိတယ်။

အခု စာရေးနေရင်း တန်းလန်း ဘေးခန်းကနေ ဒုန်းဒုန်းဒိုင်းဒိုင်း အသံတွေ ကြားရတယ် ထွက်ကြည့်လိုက်တော့ လေအေးပေးစက် ပြင်တဲ့ ထိုင်းတွေ ရောက်လြာ့ပီး ပြင်နေတာ တွေ့တယ်။ စိတ်ထဲ တော်တော် ချမ်းသာ သွားတယ်။ အသံတိတ်သွားတော့ ကျွန်မနားချမ်းသာသွားပြီလေ ဒါပေမယ့် မျက်စိအေးအောင် စိုက်ထားတဲ့ အလှပန်းပင်အိုးလေးတွေတော့ ကျွန်မလက်ချက်နဲ့ ပြောင်သွားပါပြီကွယ်။ ဟူးး သက်ပြင်းမူတ်လိုက်တယ် အော် အဲကွန်းစက်နဲ့ ကန်စွန်းရွက်...ဘာမှလဲ မဆိုင်ပါလားနော်

Read More...

အရွက်မှာ လက်ဖက်


မဲဆောက်က အပြန် ဘာမှာဦး မလဲလို့ လှမ်းမေးတဲ့ မိတ်ဆွေကို အမြဲ ခေါင်းထဲမှာ အသင့် ရှိနေတဲ့ စကားလုံးကို ပြောလိုက်တယ် လက်ဖက် ၀ယ်ခဲ့ပါ လက်ဖက် ၀ယ်ခဲ့ပေးပါ ကွယ်လို့ ရယ်ပြီး ပြောလိုက်တယ် သူက ခဏလေး တိတ်သွားပြီး...မဆုမွန်ရေ မင်းမ ကြား သေးဘူး လားတဲ့ မြန်မာ နိုင်ငံက ရောင်းနေတဲ့ လက်ဖက်တွေမှာ အ၀ါရောင် ဆိုးဆေး Auramin o တွေ့လို့ စားဖို့ မသင့်တော်ဘူးတဲ့ မတ်လ ၁၂ရက်နေ့ထုတ် မြန်မာ သတင်းစာတွေမှာ ဇယားကွက်နဲ့ ပါတယ်တဲ့..ကြားကြား ချင်း မယုံနိုင်သလို ခံစားရတယ် နောက် ငိုချင် သလို လဲ ဖြစ်သွားတယ်။ တေပါပြီလို့။ အစိုးရက ကြေငြာချက် ထုတ်တဲ့ အထဲမှာ ဒီတစ်ခါ ကြေငြာချက်ကတော့ အထိဆုံးပဲ..:)

အခုရက်ပိုင်း အလုပ် နည်းနည်း ရူပ်နေလို့ သတင်းလဲ မလုပ်ဖြစ် သတင်းလဲ မဖတ်ဖြစ် တာကြာပြီလေ. အင်တာနက် ကို ဖွင့်ဖတ်လိုက်မှ ဇယား ကွက်နဲ့ ထင်းထင်းကြီးတွေ့တယ်။ လက်ဖက် အမျိုးပေါင်း ၄၃သုံးမျိုးမှာ ချည် သိုးမွှေး ပိုးထည် စက္ကူ သားရေတွေမှာ ဆိုးတဲ့ အ၀ါရောင် ဆိုးဆေးတွေ ပါသတဲ့။

ကြေငြာတဲ့ အထဲမှာ တကယ့် ဈေးကွက်ဝင် နံမည်ကြီးတဲ့ အရီးတောင်း လက်ဖက် ပင်ပျိုရွက်နု လက်ဖက်တွေ ပါပါတယ် ဆိုးကျိုး တွေကို ဆက်ဖတ် ကြည့်တော့ နည်းနည်း ရယ်ချင်သွားတယ်။ လတ်တလောတော့ အဆိပ် အတောက် မဖြစ်နိုင်ပါဘူးတဲ့ ရေရှည်မှာ ခနာကိုယ် ကြီးထွားမူကို ထိခိုက်စေ တယ်တဲ့ အဲ့တာတော့ နည်းနည်း စဉ်းစားစရာပဲ နောက် အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက် စေတယ် ဒါတော့ တကယ် အန္တရာယ်ရှိတယ် နောက် ကင်ဆာတဲ့ အဆိုးဆုံးပေါ့..

လက်ဖက်... လက်ဖက်... အန္တရာယ်ရှိတယ် ဆိုပဲ ဟူးးးး သက်ပြင်းကို ခပ်လေးလေး မူတ်ထုတ်လိုက်ပြီး အခန်းထဲမှာ ပါကင်ဗူး လိုက်လေး တွေ တန်းစီထားတဲ့ အရောင် ဒီဇိုင်း လှလှလေးတွေနဲ့ သပ်သပ် ရပ်ရပ် လုပ်ထားတဲ့ နိုင်ငံခြား ပို့ကုန် လက်ဖက်ဗူး လေးတွေကို သေချာ ကိုင်ပြီး လှည့်ကြည့်မိတယ် ပစ်ရမှာလည်း အဆီနဲ့ တစ်ဝင်းဝင်း စားရမှာလည်း သဲနဲ့ ရှပ်ရှပ်ပါလား...ြ့ပီးခဲ့တဲ့ လက အန်တီ ခင်မင်းဇော် လက်ဆောင်ပေးလိုက်တဲ့ လက်ဖက် အညွန့်ဖူးဖူးလေးတွေ ထည့်ထားတဲ့ လက်ဖက် ဗူးလေးကိုလည်း သေသေ ချာချာ လှည့်ကြည့် မိတယ် သက်ပြင်းကို ခပ်လေးလေး ထပ်ချတယ်..ဘာလုပ်ရပါ့ ဘာလုပ်ရပါ့.. ခေါင်းကို ခပ်လေးလေး ခါပြီး .ဒါ သိပ် အရေးကြီးတယ် ပြည်ပရောက် မြန်မာတွေအတွက် သိပ်ကြီးတဲ့ ပြသနာတစ်ခုပဲ..အစိုးရကတော့ အကြံအစည် တစ်ခုခုရှိပုံပဲ.. ငါတို့ကို မြန်မာစာ တွေ မစားစေချင်လို့ လား စသဖြင့် စသဖြင့် မေးခွန်းတွေ တန်းစီ ထွက်လာတယ်

သူများ နိုင်ငံက အစား အစာတွေ မစားချင်ရင် ဒါမှ မဟုတ် စားစရာ မရှိရင် လက်ဖက်လေး သုတ်ပြီး ထမင်းပူပူလေးနဲ့ စားရတဲ့ အရသာ လောက် မြိန်တယ် မထင်ဘူး တစ်ခါ တစ်လေ လက်ဖက် ခြောက် မရရင်တောင် ရေနွေး ကြမ်းကို လက်ဖက် အသားလေး ခတ်ပြီး လက်ဖက်နံ့ သင်းသင်းလေးနဲ့ အရောင် စိမ်းရွှေရွှေ လေးကို မူတ် သောက်ရတဲ့ အရသာ ကတော့ ဘယ်နိုင်ငံခြားဖြစ် လက်ဖက် ခြောက်မှ မှီမယ် မထင်ဘူး။ သူငယ်ချင်း အချင်းအချင်း ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဆို လာဟေ့ အိမ်က လက်ဖက်တွေ ပို့ထားတယ် သုတ်စား ရအောင် ဆိုလို့ ကတော့ ကမူးရူးထိုးနဲ့ ပြေးလွှားပြီး စားကြ သောက်ကြ ပွားကြနဲ့ ကြက်သွန်ဖြူ လေး ကိုက်လိုက် ငရုတ်သီး စိမ်းလေး ကိုက်လိုက် နဲ့ လက်ဖက်သုတ် စားရတဲ့ အရသာ ကတော့ ဘယ်ဟာနဲ့မှ မလဲနိုင်ပါဘူးလေ..အခန်းထဲမှာ ခေါက်တုန့် ခေါက်ပြန် လျောက်ရင်း လက်ဖက် ဗူးလေး တွေကို ကြည့်လိုက် ဇယား ကွက်ကို ကြည့်လိုက်နဲ့ သေသေ ချာချာ ခေါင်းတစ်ငြိမ့်ငြိမ့် ခေါင်း တစ်ခါခါနဲ့ လှည့် စဉ်းစားခန်းထုတ်နေမိတယ်။

ဖြစ်နိုင်ခြေရှိတဲ့ ပြသနာကို ထပ်စဉ်းစားမိတယ်.. ဆိုးဆေးတွေ ကြောင့် ရေရှည်မှာ ခနာကိုယ် ကြီးထွားမူ့ကို ထိခိုက်စေတယ်တဲ့... ကိုယ့်ကို ကိုယ် မှန်ထဲ ပြန်ကြည့်မိတယ်..ဟုတ်တယ် အဲ့တာ အမှန်ပဲ.အခုချိန်အထိ အသက်သုံးဆယ် ကျော်သာဆိုတယ် လူတိုင်းက ပြောတယ် ၁၈နှစ်ထက် ပိုတယ် မထင်ဘူးတဲ့ ခနာကိုယ် ကြီးထွားမူကို ထိခိုက်စေတဲ့ လက်ဖက်ကို စွဲစားမိတဲ့အတွက်ပေါ့

ကျွန်မ ငယ်ငယ် သွားမပေါက်ခင် ကတည်းက အဘွား မြုံ့ တတ်တဲ့ လက်ဖက် အသားလေးကို ကိုယ့် ပါးစပ်ထဲ ခွံ့ခွံ့ထည့်ကျွေးတာ သတိရမိတယ်..အော် အဘွားတို့များ အသက်၈၀ကျော် နေသွားပြီး သူ တစ်သက်လုံး စားခဲ့တဲ့ လက်ဖက်ထဲမှာ အန္တရာယ်ရှိတဲ့ ဆိုးဆေး ပါတယ် ဆိုတာ မသိ သွားရှာဘူး ကံကောင်းတာပဲ ဒါပေမယ့် ကံဆိုးတာက အဘွားမှာ သေသာ သွားရော အခုလို လူထုကို ကျမ်းမာရေး ဂရုစိုက်တဲ့ အစိုးရနဲ့ မတွေ့လိုက်ရရှာဘူး။ သူတို့မှာ နှစ် ၂၀ကျော် ကြာအောင် လူထုရဲ့ ကျမ်းမာရေး အတွက် လက်ဖက် အမျိုးအစား ၄၃မျိုးကို စနစ်တကျ စားလိုက် စစ်လိုက် နှစ်ရှည် စစ်ဆေး ဖော်ထုတ် လုပ်ရာကနေ လက်ဖက်ဆိုတာရဲ့ ဆိုးကျိုးတွေကို နံမည်နဲ့ တကွ တင်ပြနိုင်တာပဲ..စေတနာတွေ စေတနာတွေ .

အင်း..အင်း. ခေါင်းတငြိမ့်ငြိမ့်နဲ့ စဉ်းစားရင်း...အသည်းနဲ့ကျောက်ကပ်..အင်း ဒါကတော့ အရက်သမား တွေ ပြီးရင် လက်ဖက် သမားတွေ ဖြစ်လာ နိုင်မယ့် ရောဂါပဲ အမြဲ လက်ဖက် စွဲစားတဲ့ ဖေဖေမေမေ သက်သက်လွတ် သက်သက်လွတ် ဆိုပြီး အမြဲစားတဲ့ ဦးဦး ဒေါ်ဒေါ် လက်ဖက်ကို အရက်နဲ့ မြည်းလေ့ ရှိတဲ့ ဘကြီး ဘလေးတွေ လူစုံပြီးလားဆို လက်ဖက်ကိုပဲ သုတ်သုတ်စားတတ်တဲ့ မြန်မာဆန်တဲ့ ကိုကို မမတွေရဲ့ ကျမ်းမာရေးကို ရင်လေးမိတယ်။

ဟူးးး သက်ပြင်း တစ်ခါချရင် တစ်ခါ အသက်တိုတယ် ဆိုပဲ နဂိုကမှ လက်ဖက်ကို အသေရရ အရှင်ရရ စားလာခဲ့မိလို့ အသက်တိုရတော့မယ် အထဲ သက်ပြင်း မမူတ်မိ အောင်နေမှ..လက်ဖက်ဘူးကို ကြည့်ပြီး အခုချိန် လက်ဘက် စားရင် ဘာများဖြစ်မလဲဆိုတာ နည်းနည်း သိချင်လာတယ်..တတ်သည့်ပညာ မနေသာ ဆိုသလို လက်ဘက်ဗူးလေးကို အမြတ်တနိုး ခပ်ဖွဖွလေးကိုင်ပြီး အဖုံးကို ဖွင့်လိုက်တယ်..နှမ်းဆီ စစ်စစ်နဲ့ အိနေ အောင် နှပ်ထားတဲ့ လက်ဖက် အညွန့်လေးတွေကို စတီးဇွန်းနဲ့ နှစ်စွန်း ခတ်လိုက်တယ် ကြွေပန်းကန် လေးထဲ ထည့်ပြီး မွှေးကြည့်တော့ အနံ့လေးက အီနေတာပဲ...လက်ဖက် အသားလေး တွေချည်းပဲ ဇွန်း သေးသေးလေးနဲ့ ကလော်ပြီး စားလိုက်တယ်..ပါးစပ်ထဲ ရောက်တာနဲ့ ဆိမ့်ပြီး ပျော်သွားတာပဲ လက်ဖက် အရသာက ခါးသက်သက်လေးမှာ နှမ်းဆီ အရသာ ဆိမ့်ဆိမ့်လေးနဲ့ ခတ်လိုက် စားလိုက် ကလော်လိုက် စားလိုက်နဲ့ ကြက်ဥလုံး လောက်ရှိတဲ့ လက်ဖက် အသားလေး ကုန်သွား ပါရော ကွယ်။ ကုန်သွားတဲ့ လက်ဖက် ပန်းကန်လေးကို ကြည့်ပြီး နုတ်ခမ်းမှာ ပေနေတဲ့ လက်ဖက်အသားလေးကို လျှာလေးနဲ့ သပ်လိုက် တယ်။ ဟီးဟီး စမ်းစား ကြည့်တာတော့ ကုန်သွားပြီ..

လက်ဖက် ပန်းကန်လေးကို ဆေးပြီး အသာလေး တီဗွီရှေ့မှာ ထိုင်ကြည့် တော့ ထိုင်းမင်းသမီး မင်းသားတွေရဲ့ ပြောင်မြောက်တဲ့ အော်ချက် ဆော်ချက် ရိုက်ချက် နှက်ချက်တွေ ပါတဲ့ ဇာတ်လမ်းတွဲ တွေကို ကြည့်ပြီး ကိုယ်ပါ အော်ချင်ဟစ်ချင် ချချင် နှက်ချင်စိတ်တွေ ပေါက်လာတယ်။ ထိုင်းတွေက တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ကုတ်ကြ ဖဲ့ကြ ဆံပင်တွေ ဆွဲဆုပ် ပါးတွေ ရိုက် ခြေထောက်နဲ့ ကန် လက်လိမ်ချိုး သံပြိုင်အော် ကြည့်ရင်း ကြည့်ရင်း ထိုင်နေရင်း နဲ့ ရုတ်တရက် ရင်ထဲ ပူသလိုလို ဖြစ်လာတယ်.. လက်တွေ လည်း ကတုန်ကယင် ဖြစ်လာ သလိုပဲ ချွေးစီး တွေပါ ပြန်ချင်သလိုလို..အန်ချင်သလိုလို ခေါင်းမူးသလိုလို ဖြစ်လာတယ် ရင်တွေလဲ တဒိန်းဒိန်းနဲ့ တုန်လာတယ်။ ငါမှားပြီ ငါမှာြး့ပီလို့ တွေးမိတယ်။ လူက ရပ်လို့ မရ ထိုင်လို့ မရ ကတုန်ကယင်နဲ့ လက်တွေ ခြေထောက်တွေ တုန်လာတယ် ရင်ထဲမှာ လည်း တလှပ်လှပ် ဖြစ်လာတယ်. မျက်စိတွေလဲ ပြာလာတယ်။

မြန်မာ သတင်းစာကနေ မတ်၁၂ရက်နေ့ကမှ ကြေငြာတယ် လက်ဖက်ဆိုးကျိုးကို မတ်လ ၁၃ရက်နေ့ညမှာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ လက်ဖက်ခရဇီတစ်ဦး မကျေနပ်လို့ လက်ဖက်စားပြီး သေတယ်ဆိုရင် ငါတော့ သတင်းဖြစ်ပြီ သတင်းဖြစ်ပြီလို့ တွေးမိတယ်..

ဘုရားစင် အောက်က ဆေးစင်ကို ဒယီးဒယိုင် လှမ်းသွားရင်းက ဆေးစင်ပေါ်က ချစ်စွာသော မြန်မာပြည်က အမေပို့ထားတဲ့ မြောက်မြား လှစွာ သော မြန်မာ ဆေးဗူး တွေကို တစ်ခုချင်း လိုက်ကြည့်မိတယ် မျက်စိတွေ ကလည်း ပြာနေပါပြီ။ စုစုအေးအောင် လေးဘက်နာ ပျောက်ဆေး ကေသီပန် သွေးပုတ်ချဆေး ဇာပျံလေး ကတိုးလျက်ဆား ကွမ်းရွက်ပုံ ချောင်းဆိုး ပျောက်ဆေး ဦးအောင်မြင့်ရဲ့ လူပျံတော် သွေးဆေး လေမင်းသား အစာကြေလေကွဲဆေး ဂြိုလ်တု ၀မ်းနူတ်ဆေး ကိုးပါးဆေး လျက်ဆား တော့ယူနန် လိမ်းဆေး မိဂသီလိမ်းဆေး စတဲ့ စတဲ့ မြန်မာပြည် ထုတ် မြန်မာဆေးတွေကို တန်းစီ ကြည့်နေမိတယ်။ သူတို့ထဲမှာ လက်ဖက် အစားလွန်လို့ ပျောက်နိုင်တဲ့ ဆေး ဘာဆေးများ ပါမလဲ လို့ပေါ့။။ နောက်ဆုံး တော့ယူနန် လိမ်းဆေးကို ယူ ဗိုက်ကို နာနာလူး ပ၀ါလေးနဲ့ ပတ်ထားလိုက်တယ် နောက် အစာကြေ လေနိုင်ဆေး ကို ရေနွေးနဲ့ (လက်ဘက်ခြောက် အစိမ်း ခတ် ထားတဲ့) သောက်ချ လိုက်တယ်။ ရင်တွေက တဒိန်းဒိန်း ခုန်နေ တုန်း။။

ညသန်းခေါင်ယံ တစ်နာရီ ကျော်တဲ့ အထိ ခေါင်းထဲမှာ ချွေးစီးတွေပြန်ပြီး အန်ချင်နေတုန်းပဲ ..အခုနေများ ငါ သေများ သွားရင်....လူတွေ ကတော့ ငါအရွဲ့တိုက်ပြီး လက်ဖက်စား သေကြောင်း ကြံ တယ် ထင်ကြ တော့မှာပဲ ဆိုတဲ့ အတွေးနဲ့ ငြိမ်ငြိမ်လေး ပက်လက် ကလေး လှန် တွေးနေမိတယ်..လားရာ ကောင်းပါ့မလားဆိုတဲ့ အတွေးလဲ တွေးမိတယ်..ဂယောင်ခြောက်ခြားနဲ့ အိပ်တစ်ဝက် နိုးတ၀က် မေ့ကနဲ ဖြစ်သွားပါတယ်။.....

မနက် သုံးနာရီ လောက်မှာ ဗိုက်ထဲက ထိုးပြီး ရစ်ရစ်နာလာတော့မှ အိမ်သာကို ကမူးရူးထိုးပြေးရပါတယ်.....အချိန်နာရီဝက်ခန့်အကြာမှ အိမ်သာထဲက ဒယီးဒယိုင် ပြန်ထွက်လာတယ်..နောက် တစ်ခါ ကွန်ပျူတာ ခုံရှေ့မှာ အိပ်ချင်မူးတူး ငူငူုကြိး ထိုင် နေတုန်း..တစ်ခါ ၀င်ပြေး ရပြန်ရော.. နောက် တစ်ခါ ပြန်ထွက်လာ..အိပ်ယာ ပေါ် ခွေခွေလေး လှဲနေတုန်း.တစ်ခါ ရစ်နာ ပြန်ပြေးနဲ့ မရပ်မနား အရစ်ခံ ရတဲ့ ဒုက္ခကို ပိုပြီး သိလာပါတယ်..

မနက်မိုးလင်းသောအခါ...ချက်တင်း ထိုင်တဲ့ ဗိုက်ကလေးလဲ တော်တော်လေး ပြေလျော့သွားပြီး ခေါင်းလောင်းပြီး ရေမိုးချိုးလိုက်တော့ လူက တော်တော် လေး လန်းလန်း ဆန်းဆန်းဖြစ်သွားပါပြီ.. လက်ဖက် ဗူးကို စိတ် နာနာနဲ့ ကြည့်မိတဲ့ အခါကျမှ...တရားခံကို တွေ့ပါ တော့တယ်...နှမ်းဆီနဲ့ ဗူးထဲ ထည့် နှပ်ထားတဲ့ လက်ဖက်အသားတွေထဲကမှ ဆီမထိတဲ့ အပေါ်ယံအလွှာလေးမှာ အဖြူရောင် မိုပွင့်လေး တွေ တန်းစီပြီး လှပစွာ ဖူးပွင့် နေတာ ကို မြင် လိုက် ရပါ တော့တယ်။ မိုတက် လက်ဖက်စားမိရင်..နောက်တစ်ခု ဆိုးကျိုး ဖြစ် နိုင်တာ ကတော့ ရင်ပူ ဗိုက်နာ အရစ်ခံ ရနိုင်ခြင်းပါပဲလို့..တွေးမိပါတော့တယ်။

Read More...

ငိုဖို့အချိန်

ဘ၀တလျောက်လုံး အမြဲတမ်းလိုလိုပဲ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးခဲ့တာ. ဖြစ်သင့်တာကိုပဲ မဖြစ် ဖြစ်အောင် လုပ်ပေးခဲ့ရတာ မရရအောင် ကြိုးစား ရုန်းကန်ပေးရတာ ဘ၀ပေး အခြေအနေ တစ်ခု ဖြစ်မယ်ထင်တယ် အဲ့ဒီ့အတွက် ပေးဆပ်ရတာ တွေက ဘ၀နဲ့ထပ်ပြီးတော့ ကို ရင်းနီးခဲ့ရတာပါ။ အဖြစ်အပျက်လေးတစ်ခု ပြောပြချင်ပါတယ်။ လုပ်သင့် လုပ်ထိုက်တာကို ဦးစားပေးလုပ်ခဲ့ရလို့ ငိုရမယ့်အချိန်မှာ ငိုဖို့တောင် အချိန် မရခဲ့တဲ့ အဖြစ်လေးပါ။

သတင်းတွေ သတင်းထောက်တွေနဲ့ အမြဲတမ်း အလုပ်များနေတဲ့ အလုပ်ရူပ်နေတဲ့ ဂျာနယ်တိုက်တစ်ခုကို ဖုန်းကော တစ်ခုဝင်လာတာ သိပ်ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အစ်မဆုမွန် ဖုန်းတဲ့ ခပ်ကျယ်ကျယ် အော်ခေါ်ပြီး လုပ်လက်စအလုပ်ကို ဆက်လုပ်နေတဲ့ သတင်းထောက် ညီမငယ်ကို အေးအေးလို့ ပြောပြီး ခပ်သွက် သွက် ဖုန်းကိုင်လိုက်ပါတယ်။ မမကြီးလားတဲ့ မောင်အငယ်ဆုံးလေး အသံကို ကြားတော့ ရုတ်တရက် ရင်ထိတ်သွားတယ်။

ဒီနေ့က မြို့သစ်လေးကနေ မနက်မိုးမလင်းခင်ကတည်းက ကျွန်မ ဆယ်တန်း အောင်ပြီးစ ညီမငယ်လေးကို လက် ဆွဲပြီး သူ ပညာရေးတက္ကသိုလ်ဝင်ခွင့်ရဖို့ ကျွန်မ ဆရာရဲ့ ဆရာသမား ပါမောက္ခဆီကို အကူအညီ တောင်း ဖို့ ထွက်လာခဲ့တာပါ။ လက်ဆောင် ပစ္စည်း ကြီးကြီးမားမား မပါလာတဲ့ ကျွန်မတို့ ညီအစ်မကို သဘော လောက်ပဲ စကား ပြောပြီး အလုပ် သွားဖို့ စိုင်းပြင်းနေတဲ့ ဆရာ့ ဆရာကို နုတ်ဆက်ပြီး ပြန်လာခဲ့ချိန်မှာ ညီမလေး ကို အိမ်ပြန်ဖို့ လိုင်းကား ပေါ် တင်ပေးပြီး အလုပ်ကို အချိန်မှီပြန်ပြေးလာတဲ့အချိန်မှာ ဗိုက်ထဲမှာ အစာတစ်စက်မှ မ၀င်သေးပါဘူး။

ဖုန်းကို ငုံ့ကိုင်လိုက်ချိန်မှာ ခပ်ရိပ်ရိပ်မူးဝေသွားပေမယ့် နားထင်ကို လက်နဲ့ထောက်ပြီး ပြောလေ မောင်လေး အိမ်မှာ ဘာဖြစ်လဲလို့ ခပ်သွက်သွက်မေးလိုက်တော့ အစ်ကိုလတ် ဆုံးပြီတဲ့ ..ရင်ထဲ အောင့်ကနဲ ဖြစ်သွား ပါ တယ်။ မမကြီးနဲ့ မမလေး အိမ်က ထွက်သွားကတည်းက အစ်ကိုလတ်ကို ခေါ်လို့မရတော့ပဲ အိပ်နေရင်း ဆုံးသွား တာတဲ့ မမကြီးတို့ကို လိုက်ပြေးခေါ်တော့ ကားပေါ်တက်သွားကြပြီတဲ့ အရက်ဖြတ်လိုက်ရာကနေ နာတာ ရှည် ရောဂါသည်ဖြစ်နေတဲ့ အစ်ကိုလတ်ဖြစ်သူရဲ့ နောက်ဆုံး ခရီးက ဒီလောက်မြန်မယ်လို့ မထင်ခဲ့တာ တော့ အမှန်ပါပဲ။ အိမ်မှာ မိသားစုထဲမှာ သေမင်းဆိုတဲ့ သေခြင်းတရားကို ဒါပထမဆုံး ရင်ဆိုင်ရတာပါပဲ။ ရုတ် တရက် သားသမီးတွေကို အရမ်းချစ်တဲ့ အဖေနဲ့ အမေကို စိတ်ပူသွားတယ်။

အေးအေး မောင်လေး မမကြီး အမြန်ပြန်ခဲ့မယ်နော် အမေနဲ့အဖေရော ဘယ်လိုလဲ အဖေကြီးကို ကြည့်ထား ဦးနော် မမကြီး ချက်ခြင်းပြန်လာခဲ့မယ် သိလား လို့ ပြောလိုက်တယ်။ ဖုန်းကို ခပ်လေးလေး ချလိုက်ပြီး ထိုင်ခုံပေါ် ပြန်ထိုင် လိုက်ချိန်မှာတော့ ရုံးခန်းထဲမှာတော့ အားလုံးက ပုံမှန်လည်ပတ်နေပါတယ်။ ကိယ့်ပစ္စည်းလေးတွေကို တစ်ခုချင်း ကောက်သိမ်း ရှင်းလင်းပြီးတော့ အံဆွဲထဲ ကောက်ထည့်ပြီး သော့ခတ်လိုက်ပါတယ်။ နောက် အပေါ်ထပ် ကို ခပ်လေးလေး တက်ခဲ့တော့ အယ်ဒီတာက မျက်ခုံးပင့်ကြည့်တယ်။ သူ့ကို ပြုံးပြလိုက်တယ် ပြီးမှ ဦးဝေလျံ ကျွန်တော် ခွင့်ယူချင်လို့ပါ ဆိုတော့ သူက အံ့သြဟန်နဲ့ ဘာဖြစ်လို့လဲ သမီးတဲ့ ကျွန်တော် အစ်ကို ဆုံးလို့ပါလို့ ပြောလိုက်တယ်။ သူက ကျွန်မ ခပ်တည်တည် ပုံစံကို ကြည့်ပြီး နည်းနည်းတော့ မယုံချင် သလို ဖြစ်သွား တယ်။ အေးအေး သမီးတဲ့ ဘာလိုလဲတဲ့ ကျွန်တော် ပိုက်ဆံကြိုထုတ်ချင်ပါတယ် ဦးလို့ပြောတော့ ပိုက်ဆံ အထပ် နည်းနည်း ထုတ်ပေးပါတယ်။

လက်ထဲကို ရောက်လာတဲ့ ကြိုတင်လစာကို ကြည့်ပြီး ကျေးဇူးတင်ပါတယ် ဦးလို့ ပြောပြီး အောက်ထပ်က သူငယ် ချင်း တွေကို ငါအိမ်ပြန်တော့မယ် လို့ ပြောတယ်။ သူတို့က ဘာဖြစ်လို့လဲတဲ့ ငါ့အစ်ကိုဆုံးလို့ဟ ပြောပြီး လွယ် အိတ် လေး လွယ် ထွက်သွားတဲ့ ကျွန်မကို သူတို့ ကြည့်ပြီး ကျန်ခဲ့တယ်။

နေပူပြင်းပြင်းအောက်မှာ ဆူးလေမှတ်တိုင်မှာ မြောက်ဥက္ကလာပ အဲကွန်းဘတ်စ်ကို စောင့်နေမိတယ်။ တက်စီ တက်စီလို့ ခေါ်နေတာကို ကြားပေမယ့် လိုင်းကားခနဲ့ တက်စီကားခ ၂၀နဲ့ ၅၀၀ ကွာခြားမူ ကို တွက်နေမိတယ်။ အိမ်မှာ ပိုက်ဆံဘယ်လောက်ရှိမလဲဆိုတာ တွေးပြီး လည်ပင်းက ဆွဲကြိုးမျင်မျင်လေးကို စမ်းမိတယ်။ ကားပေါ်မှာ တိုးတက် ခဲ့ပြီးမှ တံတားလေးကုန်းဆင်း ၂ရပ်ကွက် ဈေးမှတ်တိုင်မှာ တိုးဆင်းလိုက်တယ်။ အပေါင်ဆိုင် ရောက် တော့ ဆွဲကြိုးလေးက တစ်သိန်းဝန်းကျင်ရတယ်။ လက်ထဲက ပိုက်ဆံထုတ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဒဂုံမြို့သစ် မြောက်ပိုင်းကို သွားတဲ့ ၄၉ ဒိုင်နာကားကို တွဲတက်ပြီးပြန်ခဲ့တယ်။

အိမ်ကို ပြန်ရောက်တော့ အိမ်ထဲမှာ လူစုစု စုစု ဖြစ်နေတာတွေ့ရတယ် သမီးကြီး ပြန်လာပြီ ပြန်လာပြီ တဲ့ နား ထဲမှာ မသဲမကွဲ ကြားရတယ်။ အမေကို ဧည့်သည်တွေနဲ့စကားပြောနေတာတွေ့တယ်။ အဖေကတော့ စကား မဆိုပဲ ငူငူကြီး။ အားလုံးကို နုတ်ဆက်ပြီး လွယ်အိတ်ကို အိမ်ခန်းထဲထည့် ပိုက်ဆံတွေကို အမေ့လက်ထဲ ထည့်လိုက်တယ်။

ခါးလယ်လောက်ရှိတဲ့ ဆံပင်ကို ဘီးဇပတ်ပတ်ပြီး ရှပ်အကျီလက်ရှည်ကို ခေါက်ဝတ်ပြီး ထမီတိုတိုဝတ်လိုက်ပြီး အိမ်ရှေ့က ပစ္စည်းတွေ အိမ်ခန်းတွေထဲ သွင်း ဧည့်ခန်းကို လိုက်ရှင်းတယ်။ အားလုံး စီစဉ်စရာရှိတဲ့ ဟာကို တောက် လျောက် စီစဉ်ရတယ်။ နာရေးကူညီမူ ကားအစီအစဉ်နဲ့ နေ့ချင်း အသုဘချဖို့ စီစဉ် အသုဘ လိုက်ပို့မယ့် ကားဌားခတွေအတွက် အစ်ကိုကြီးကို ပေး။ အစ်ကိုငယ်ကို တာလဖျင်းတွေ ပန်းကန်ခွက်ယောက် ထိုင်ခုံ စားပွဲတွေ ဌားဖို့ လုပ်ဖို့ ပိုက်ဆံပေး အားလုံး အဆင်သင့်ဖြစ်အောင် စီစဉ်စရာရှိတာ လိုက်စီစဉ် လိုက်တယ်။။

အစ်ကိုလတ်နေတဲ့အိမ်ခန်းထဲကို ၀င်လိုက်တော့ ပက်လက်ကလေး အသက်ပျောက်နေပြီ ဖြစ်တဲ့ အစ်ကိုလတ်ကို တွေ့တယ်။ အသက်မဲ့နေတဲ့ အစ်ကိုဖြစ်သူကို တွေ့လိုက်ရချိန်မှာတော့ ရင်ထဲမှာ ဆို့နင့်တက်သွားပေမယ့် ကျလုလု မျက်ရည်ကို ခတ်သိမ်းပြီးမှ အခေါင်းထဲကို ထည့်ဖို့ပြင်နေတဲ့ သူ့သူငယ်ချင်းတွေကို ထည့်ဖို့ အကျီ ပိုက်ဆံ ခြေမ လက်မ ချည်ဖို့ကြိုးတွေကို လိုက်စီစဉ်ပေးလိုက်တယ်။

အသုဘကားဆိုက်လာချိန်မှာ ရေအိုးခွဲဖို့ ခေါင်းသယ်ဖို့ လိုက်လုပ်ပေးရင်းက အမေနဲ့အဖေ သက်တောင့် သက်သာ သားဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်ပို့နိုင်အောင် စီစဉ်ပေးရတယ်။ မောင်ငယ်လေးနဲ့ ညီမလေး ကတော့ တိုလီမုတ်စလေးတွေ လိုက်လုပ်ပေးရင်းက ယောင်ခြာခြာဖြစ်နေကြတယ်။ အားလုံး အသုဘ သွားရတဲ့ အခါ အိမ်မှာကျန်ခဲ့မယ့် လူတွေအတွက် လိုအပ်တာ ကုန်ကျစရာတွေကို ဘေးစောင်းလွယ်ထားတဲ့ လွယ်အိတ် ထဲက ပိုက်ဆံတွေ နိုက်နို်က်ပေးရင်းက ဒေါင့်စေ့အောင် စီစဉ်ပေးရတယ်။ ကားထွက်မယ်ဆိုတော့မှ မမကြီး မမကြီး ကျန်သေးတယ်လို့ အော်ကြတော့ အပြေးတစ်ပိုင်း ပြေးလိုက်ရတယ်။ ဘတ်စကားပေါ်ပြေးတက်တော့ အသုဘရှင် ကားရှိတယ် အသုဘရှင်ကားတဲ့။ ခေါင်းခန်းကနေ ပြေးထိုင် လိုက်တော့ ဗိုက်ထဲမှာ အစာက တစ်စက်မှ မရှိတော့ ခေါင်းက အရမ်းမူးနေပြီ မျက်စိကို မှိတ်ထားတော့ တစ်ခုခုဆို အမြဲ ပရောဂလား သရဲလား စုန်းလား လို့ တစ်မျိုးတစ်မည် ထင်တတ်တဲ့ အမေက ကျွန်မခေါင်းကို ဖွဖွ လာလုပ်တယ် ကျွန်မ ပြုံးပြ ရသေးတယ်။ အစ်ကိုလတ် အသုဘက ရုတ်တရက်စီစဉ်ရတာပေမယ့် တော်တော်လေးကို စည်ပါတယ်။ သောက်ဖော် သောက်ဖက် သူ့အပေါင်းအသင်း ရောင်းရင်းတွေနဲ့တင် ကားနှစ်စီးစာလောက်ရှိတယ်။ လမ်းရှင်း တဲ့လူနဲ့ ကားဆင်းတားပေးတဲ့သူနဲ့ ဟုတ်နေတာပဲ။ ယက်တောင်ဝေတာ ရေဘူးကမ်းတာ သူတို့ပဲ လုပ်ကြ တယ်။ တက်ညီလက်ညီပဲ။

မြောက်ဥက္ကလာပ ရေဝေးသုသန်ကို ရောက်တော့ ကျွန်မ အရင်ပြေးပြီး ရုပ်ကလာပ်တင်ထားတဲ့ စတီးစင်ပေါ်က အစ်ကိုကို နေရာတကျဖြစ်အောင် တင်ထားတာကို အပြေးတစ်ပိုင်း ထုံးစံလို ထည့်ပေးရတဲ့ ပစ္စည်းတွေကို စစ်ကြည့်ရတယ်။ အစ်ကိုနှစ်ယောက်က အစ်ကိုလတ် ကို ဖက်ပြီး ကျူကျူပါအောင်ငိုကြတယ် သောက်ဖော် သောက်ဖက် ရန်ဖြစ်ဖော် ရန်ဖြစ်ဖက် သူတို့ရဲ့ ညီနောင်တစ်ယောက် ဆုံးသွားတော့ တော်တော်လေး ၀မ်းနည်းပုံ ရတယ်။ အစ်ကိုလတ်ရဲ့ သောက်ဖော်သောက်ဖက် အရက်သမားသူငယ်ချင်းတွေကလဲ အံတွေကြိတ် လက်သီး တွေ ဆုပ်ပြီး ယူကျုံးမရငိုကြွေးကြတယ်။ ကျွန်မကတော့ သားရဲ့ ရုပ်အလောင်းကို ဘေးကနေ တွေတွေလေး ရပ်ကြည့် နေတဲ့ အဖေနဲ့ အမေ တစ်ခုခုဖြစ်မှာကိုပဲ စိုးရိမ်နေပါတယ်။ ကန်တော့ကြ ကန်တော့ကြလို့ ပြောတော့ ဆက်ကနဲ ဒူးတုပ်ပြီး ကျွန်မတို့ မောင်နှစ်မတွေ ငုတ်တုတ်လေးတွေ ထိုင်ကန်တော့ရတယ်။

ကိုကြီးဝင်းကိုရေ နင့်ကို ပြောမှားဆိုးမှား လုပ်မိတာတွေအတွက် ငါကန်တော့တယ်လို့ စိတ်ထဲက ပြောလိုက် ချိန်မှာ ရင်ထဲမှာ ကျိန်းစပ်နာကျင်လာတယ် အသက်ရူမ၀သလို ရင်ဘက်တွေပါ ထိုးအောင့်လာတယ်။ မောင်လေးနဲ့ ညီမလေး ကတော့ ယောင်ခြာခြာရပ်နေတယ် အစ်ကိုကြီးနဲ့ အစ်ကိုငယ်က ၀င်းကိုကြီး မင်းကွာ မင်းကွာဆိုပြီး ကုန်းကုန်းအော်နေတယ် မီးသဂြိုလ်စက်ထဲထည့်မယ်လို့ အော်လိုက်ရော သူ့သူငယ်ချင်းတွေက ရုတ်တရက် ၀ရုန်း သုန်းကားနဲ့ ၀င်းကိုကြီးကို မထည့်ပါနဲ့ မထည့်ပါနဲ့ မလုပ်ပါနဲ့လို့ ငယ်သံပါအောင်အော်ပြီး အလောင်း စင်ကို အတင်းဆွဲတယ်။

အခြေအနေက ၀ရုန်းသုန်းကားဖြစ်ကုန်တော့ ထုံးစံအတိုင်း ဆူတဲ့ ညံတဲ့ အော်တဲ့ အသုဘဆို လူကလဲ သိပ် စိတ်ဝင်စား တယ်လေ ကျွန်မ၀င်မှ ဖြစ်တော့မယ် လုံခြည်ကို တိုတိုဝတ်ပြီး သူတို့ကြားထဲ ၀င်ရပ်လိုက်တယ်။ ကဲ ဒါဆို ၀င်းကို အလောင်း ဘယ်သူယူမလဲ ပြော ဘယ်သူယူမလဲ ပြော ဒီအလောင်းမထည့်နဲ့ဆို ဘယ်သူပြန် သယ်မလဲ ဘယ်သူယူမလဲ ပြော လို့ အသံကျယ်ကြီးနဲ့လဲ အော်လိုက်ရော သူကောင့်သားတွေ မျက်ထောင့်နီ ကြိးတွေနဲ့ အံတကြိတ်ကြိတ် လုပ်နေရင်းက အလောင်းစင်ဘေးက ရှဲသွားကြတယ် ပြီးတာနဲ့ တစ်ခါတည်း အလောင်းစင်ကို ကိုယ်တိုင် ၀င်တွန်းပြီး မီးစက်အ၀ အထိ လိုက်ပို့ပေးလိုက်တယ်။

ကျွန်မတို့ အသုဘကားတွေ တောင် ကားဝင်းထဲ အကုန်မရပ်သေးဘူး အလောင်းက မီးထဲရောက်သွားပါပြီ။ မီးခိုးတန်း ကြီးကို အပြင်ကနေ အမေနဲ့အဖေက ရပ်ကြည့်နေတယ်။ သားတစ်ယောက်ကို မွေးကတည်းက ကလေး လေးကို ပိုက်ပြီး ကျွေးမွေးပြုစု ယုယကြင်နာ လုပ်ကျွေးခဲ့ပြီး ကိုယ့်ထက်အရင် တမလွန်ကို စောထွက် သွားတဲ့ သားရဲ့ နောက်ဆုံး ခရီးအတွက် လိုက်ပို့ရတဲ့ သူတို့ရင်ထဲ ဘယ်လောက်နာကျင် နေရှာမလဲဆိုတာ တွေးမိတယ်။ အစ်ကိုလတ်ဆုံးတော့ အသက် ၃၂ပါ။ အကုန်တစ်မျိုးစီ ဆိုးကြတဲ့ မောင်နှစ်မတွေထဲမှာ သူက ပိုအဆိုးဆုံး ခေါင်းအမာဆုံး လုပ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ် အသန်မာ အထွားကြိုင်းဆုံး အစ်ကိုလတ်ဟာ အရက်ရဲ့ ကျေးကျွန် ဘ၀နဲ့ စောစောစီးစီး မိုက်ဇာတ်သိမ်းသွားတာဖြစ်ပါတယ်။။

အသုဘချပြီး အိမ်ကိုပြန်ရောက်ပြန်တော့. အမောမဖြေအားဘူး။ ဌားရမယ့် ပန်းကန်ခွက်ယောက်တွေ တာလပတ် တွေ စုံမစုံ စာရင်းတွေ ယူ ပိုက်ဆံတွေရှင်း ရက်လည်ဆွမ်းအတွက် ဆွမ်းကပ်ဖို့ပြင် သက်ပျောက် ဆွမ်း အတွက် လုပ် အစ်ကိုလတ်အတွက် သယ်လာတဲ့ ပန်းလေးကို သူ့အကျီတစ်စုံပေါ်မှာတင် အစာရေ ချထားပေး။ ဒီတစ်ရက်နဲ့တင် မပြီးဘူးလေ။ နောက်လာဦးမယ် ရက်လည်အတွက်ရော စီစဉ်စရာရှိတာ စီစဉ် ရမယ် မဟုတ်ပါလား။ အရေးအကြီးဆုံးက ပိုက်ဆံဖြစ်ပါတယ်။ နာရေးတစ်ခုဖြစ်ရင် ပိုက်ဆံက ရေလို တရဟော ထွက်ပါတယ်။ အမေနဲ့အဖေ သားတစ်ယောက် ဆုံးရူံးရလို့ စိတ်နှလုံးပင်ပမ်းနေတဲ့အချိန်မှာ သူတို့ကို ပေး မပူပင် စေချင် ပါဘူး။ အစ်ကိုငယ်နဲ့ အစ်ကိုကြီးကတော့ ဖဲဝိုင်းအတွက် ပြင်ဆင်နေပါပြီ။ ကျွန်မက လုပ်ခွင့် မပေးချင် ပေမယ့် ရပ်ကွက်က ထုံးစံဖြစ်တယ် အရပ်က လူတွေက အသုဘစောင့်ရမယ်လို့ တောင်းဆိုလာတော့ ကျွန်မ ခွင့်ပြု ပေးလိုက်ပါတယ်။ အဲ့ဒီ့လူတွေ အတွက် စားဖို့သောက်ဖို့ ကိစ္စတွေအတွက်ပါ စီစဉ်ပေးရပါတယ်။ အစ်ကို့နာရေးမှာ အဓိက အပင်ပမ်းခံပြီး ကူညီလုပ်ကိုင်ပေးကြတာ အစ်ကိုရဲ့ သောက်ဖော် သောက်ဖက်တွေပါ။ ရပ်ကွက်က သူတို့တွေကို အရက်သမားတွေမို့ ကြည့်မရကြပေမယ့် ဒီလို နာရေးကူညီဖို့ အလုပ်မျိုးတွေဆို သူတို့အိမ်တွေမှာတောင် ဒီလောက် ကူ လုပ်ကြဟန်မတူဘူး ဒီမှာတော့ တကယ့်ကို နေ့ကိုညပါ ကူညီလုပ်ကိုင် ပေးကြပါတယ်။ အရပ်က အော့ကျောလန်တွေပေမယ့် သူတို့ရဲ့ စိတ်ဓာတ် အရိုးခံတွေကိုလည်း မြင်ခဲ့ရပါတယ်။

ရက်မလည်ခင်အချိန်အထိ အိမ်မှာ နေတဲ့ ဧည့်သည်တွေ အမျိုးတွေ ဝေယျာဝစ္စတွေ အမေနဲ့အဖေအတွက် လိုအပ် တာတွေ တရစပ် လိုက်လုပ်ပေးရင်းက ပိုက်ဆံမလောက်တော့လို့ ထိုင်းပညာသင်ခရီးထွက်ဖို့ စုထားတဲ့ အစိမ်း ငွေလေးတွေ သွားရောင်းရပါသေးတယ်။ ဒေါ်လာဝယ်တဲ့ မီးနင်းကုလားတွေ ငွေထုတ်ကို သားရေပင်ပတ် နှစ်ရွက် ခေါက်ပြီး ငွေလိမ်လိုက်တဲ့အတွက် တစ်သိန်းအုပ်မှာ တစ်သောင်းစီထုတ်ထားလို့ ငွေနှစ်သောင်းကျော် နစ်နာ ခဲ့ရပါသေးတယ်။ သူများနာရေးငွေကို မတရားလိမ်လိုက်တဲ့အတွက် သူတို့ ပြန်မခံရပါစေနဲ့လို့ မီးနင်း ကုလားနတ်တွေနဲ့ စိတ်ပေါက်ပေါက်နဲ့ကျိန်စာတိုက်ခဲ့သေး တယ်။ အစိမ်းကို ခိုးကြောင်ခိုးဝှက် ရောင်းရ ၀ယ်ရ တော့ မစစ်နိုင်ခဲ့တာလဲ ပါပါတယ်။

ဒါပေမယ့် အစ်ကိုလတ်ဟာ သူ့နာရေးခရီးအတွက် သူပြန်လုပ်ပေးတယ်လို့ အမေက ပြောရလောက်အောင် ရက်လည်နေ့မှာတော့ သူ့ကို အရပ်က ကူငွေတွေ တော်တော်လေး ပြန်ရပါတယ်။ နာရေးကိစ္စပြီးလို့ အားလုံး ငွေစာရင်းရှင်းပြီးချိန်မှာ လူမော စိတ်မော အားလုံး ဖတ်ဖတ်မောပြီးကျန်ခဲ့ပါတယ်။ နာရေးအိမ်တွေရဲ့ ထုံးစံ အတိုင်း ဧည့်သည်တွေ ရှင်းသွားချိန်မှာတော့ ခြောက်ကပ်ပြီး ကျန်ခဲ့ပါတယ်။

အဲ့တော့မှ အစ်ကိုလတ် အသက် ပျောက်သွားတဲ့ အိပ်ခန်းလေးထဲမှာ သားအမိတွေ ဖျာလေးတွေ ခင်းပြီး လှဲနေကြချိန်ကျမှ ခေါင်မိုးနားက အစ်ကို လတ် အကျီ ချိတ်လေးကို မြင်ပြီး စိတ်ကိုလျော့လိုက်မှ ရင်ထဲ တော်တော်ဆို့သွားတယ်။။ နေမကောင်းဖြစ်နေတဲ့ အချိန် အမျိုးမျိုး ဂျီကျတဲ့ အစ်ကို ပုံတွေကို ပြန်မြင်ပြီး စိတ်ထဲ တော်တော် မကောင်းဖြစ်လာတယ်။ ငါ့အစ်ကို တကယ်မရှိတော့ပါလား ငါတို့ မိသားစုထဲကနေ မမြင်နိုင်တော့တဲ့ နေရာ တမလွန်ခရီးကို အစ်ကိုက တကယ်ပဲ ထွက်သွားပြီလားဆိုတာ တွေးပြီး ရင်ထဲမှာ မွန်းကျပ်လာတယ်။ ရင်တစ်ခုလုံးကို ဖိညှပ်လိုက်သလိုဖြစ်လာပြီး အရမ်းဝမ်းနည်းလာတော့ မျက်ရည် တွေ တွေတွေကျမိတယ်။ အဲ့တော့ အိမ်နားက အဒေါ်ဖြစ်သူက အလန့်တကြားနဲ့ ဟယ် ဆုမွန်က ငိုတယ် ဟုတ်လားတဲ့ နင့်ကို ပြောနေ ကြတာ အဲ့ကောင်မလေးက ဘယ်လောက်မာကျောသလဲဆို အစ်ကိုရင်း ဆုံးတာ တောင် အသုဘမှာ မျက်ရည်တစ်စက် မကျဘူးတဲ့ ကျန်တဲ့လူတွေက ကျူကျူပါ အောင် ငိုနေတာ တောင် သူက အကြောမာတယ်လို့  စကားတင်းဆို ပြောကြတယ်တဲ့။ ကျွန်မ မျက်စိကို မှိတ်ပြီး ခပ်ဖွဖွ ပြုံးမိတယ်။ ဘာမှလဲ ပြောပြချင်စိတ် မရှိတော့ဘူးလေ။။ ငိုချင်တဲ့ အချိန်မှာ ငိုဖို့ တောင် အချိန်မရဘူးဆိုတာ သူတို့ သိအောင် ရှင်းပြချင်စိတ်လဲ မရှိတော့ဘူး။ ဘာပဲ ပြော ပြော ဘ၀မှ မလုပ်ဖူးခဲ့ပေမယ့် မိသားစုထဲက မိသားစုဝင်တစ်ယောက်ရဲ့ နာရေးကို ဦးစီးဦးဆောင် လုပ်ပေး ခဲ့နိုင်တာပါပဲ ။။

ဒီလိုပါပဲ အမြဲတမ်းပါပဲ ကျွန်မ ဘ၀မှာ မိသားစုကိစ္စပဲဖြစ်ဖြစ် ဘယ်ကိစ္စပဲဖြစ်ဖြစ် တစ်ကြိမ်တစ်ခါမှ မလုပ်ဖူးတဲ့ အဦး အစ ပထမဆုံးကိစ္စတွေကို တစ်ခါမှ မလုပ်ဘူးပေမယ့် အမြဲ ကိုယ့်ဘာသာ ရအောင် မဖြစ်ဖြစ်အောင် လုပ်ပြခဲ့ ရတာတွေချည်းပါပဲ ဒါတွေဟာ ကျွန်မဘ၀နဲ့ ကံအကျိုးပေး ဘ၀ဇာတ်ဆရာအလိုကျဖြစ်ပါတယ်လို့ပဲ တွေးမိ ပါတော့တယ်။

Read More...