နံမည်ဆိုတာ ပညတ်ချက်တစ်ခုပါတဲ့။ ဘလော့ခ်လည်သူ ပရိတ်သတ်ဘ၀ကနေ အစ်မညိုပြောဖူးသလို ဘလော့ခ်လေးမှ မရှိရင် မင်း လိပ်ကို ပက်လက် လှန်ထားသလို ယက်ကန် ယက်ကန် ဖြစ်နေမှာပေါ့ ဆိုတော့ ဘလော့ခ်လေးတစ်ခု စလုပ်မှာဖြစ်တော့မယ်လို့ ဆုံးဖြတ် လိုက်တဲ့ အခါ မဆုမွန်လို့ပဲ ခေါင်းစဉ်ပေးဖြစ်တယ် ကျွန်မ စိတ်တိုင်းကျ တည်ဆောက်မယ့် နိုင်ငံလေးမို့ ငါ့တိုင်းပြည်လေး မှာ လို့လဲ ပေးဖြစ်တယ်။ ဘလော့ခ်လေး စလုပ်ခဲ့တဲ့ အချိန်ကစပြီး အခုချိန်အထိ မဆုမွန်ဆိုတဲ့ ဘလော့ခ်ကာ လေးမှာ မိတ်ဆွေတွေ သူငယ်ချင်းတွေ အစ်ကိုတွေ မောင်တွေ ညီမလေးတွေ အစ်မကြီးတွေ အများကြီး ရခဲ့ပါတယ်ရှင်။ ကျွန်မမှာ နံမည်ပြောင်တွေ အများကြီးရှိဖူးတဲ့ အကြောင်း သူငယ်ချင်းတွေကို ပြောပြမယ်နော်။
အမေ့ဗိုက်ထဲမှာ နေကတည်းက ကျွန်မက အရမ်းသန်တယ် အရမ်းဆော့တယ်တဲ့။ အမေ ကျွန်မကိုလွယ်ထားတဲ့ ကိုယ်ဝန် နေ့စေ့ လစေ့ကြီး နဲ့မှာ ဆိုက်ကားပေါ် ထိုင်လိုက် လာရင်း ရုတ်တရက် ကျွန်မ ကန်လိုက်တာလား လူပ်လိုက်တာလား မသိဘူး အမေ အရမ်းလန့်ပြီး ဗိုက်ကို ကော့ လိုက်တာ အမေ့ ဗိုက်ကြီးသည် ၀ိတ်ကြီးနဲ့ ဆိုက်ကား ဂျွမ်းပြန်ပါလေရောတဲ့။ ဆိုက်ကားက အပေါ်မှာ အမေက အောက်မှာ ကံကောင်း လို့ ကျွန်မ အထဲက လူပ်လူပ် လူပ်လူပ် လုပ်လိုက်တာ အမေ တစ်ခုခုမဖြစ်တာလေ။ ငယ်ငယ် ကတည်းက လူပ်လူပ် ရွရွ နေတာ သိပ်ကြိုက်ခဲ့ပုံရတယ်။ အစ်မညို ခေါ်တာတော့ မျောက်မူးလဲတဲ့ တစ်စက်မှာ ငြိမ်ငြိမ်မနေလို့တဲ့ CBoxမှာ ရေးသွားသေးတယ် အမြဲမပြတ် အစားမပျက် အပွားမပျက်လို့ ဆိတ်ပါးစပ် မျောက်လက်တဲ့။ ထိုင်းဘုရင်မကြီး နေတဲ့ နွေရာသီ စံနန်းတော်ထဲက ဧရာမ ညောင်ပင်ကြီးပေါ်ကို တွယ်တက်ကြည့်နေတုန်း ဓာတ်ပုံရိုက်လို့ ဂိုဒ် ပေးနေတာပါ အပင်ကြီးက တော်တော်ကို မြင့်သလို ကျွန်မ တက်သွားတာလဲ ခပ်မြင့်မြင့်ကို ရောက်ပါ တယ်။
ကျွန်မ မွေးကင်းစ ပေါက်စနူးလေးတုန်းက အဖေ ရခိုင်ပြည်နယ် စစ်တွေဘက်ကို အလုပ်နဲ့ ထွက်ရတော့ ကျွန်မ ရက်သား လေးနဲ့ လေယာဉ် စီးရသတဲ့။ အင်္ဂါသမီးဦးလေးကို နံမည်ပေးမယ်ဆိုတော့ အဖေ့နံမည်ရယ် အမေ့ နံမည်ရယ် ပေါင်းပြီး ရခိုင်လူမျိုး ဦးကြီး အခင် က နံမည် မှည့်ပေးတာ စံနုအေး တဲ့။ မိစံလို့ခေါ်တာပေါ့။ ငယ်ငယ် ကတည်းက ကျွန်မက စကားပြော တတ်တာ မြန်သလို လမ်းလျောက် တတ် တာလဲ မြန်တယ်လို့ ပြောပါတယ်။ ကျွန်မ လမ်းလျောက် တတ်ခါစက ခြေကျင်းဝတ်မှာ ခြူလုံးတွေ ပတ်ပတ်လည် ချိတ်ပေးထားရပြီး ပျောက် သွားရင်း ခြူသံနဲ့လိုက်ရှာရလို့ ခြူလုံးလို့လဲ နံမည်ရှိတယ် ပြောပါတယ်။
နောက် သူငယ်တန်း စတက်တော့ စန္ဒာတင်အေးတဲ့။ ကျွန်မတို့ခေတ်က အဖေနံမည်တွေ နောက်က ထည့်တာ ခေတ်စား တယ်လေ။ ပြသနာ ဖြစ်တာက ကျွန်မ ခြောက်တန်းနှစ်မှာ ဒဂုံမြောက်ပိုင်းကနေ မြောက်ဥက္ကလာပ အလက(၃)ကျောင်းကို သွားတက်ရတော့ မြောက်ဥက္ကလာက ကျောင်းသားတွေက အရမ်း ရန်စကြမ်းတယ်။ ကျွန်မတို့ကိုလည်း ဒဂုံတောက လာတယ်ဆိုပြီး လိုက်လိုက် နောက်တယ်။ အပလာဆိုတဲ့ စကားလုံးက ခေတ်စား နေချိန် တစ်နေ့ ကြိုးတံတားကို ဖြတ်တုန်း အနောက်ကနေ ကျွန်မကို အပလာ တင်အေး အပလာ တင်အေးလို့ လိုက်စ တယ်။ သူတို့ ကံဆိုးချင်တော့ အဖေက ရုံးဆင်းတော့ ပြန်လာချိန်နဲ့ တိုက်ပြီး အဖေ နောက်က ပါလာတဲ့ အခါ သူ့နံမည်ကို အပလာ တင်အေးလို့ အာခေါင်ခြစ် အော်နေတာလဲ ကြားရော အဖေက သူတို့ကို ဂုတ်က ကိုင်ပြီး ကြိမ်းမောင်း လွှတ်လိုက်တာ နောက် ကျွန်မကို မြင်ရင် မစရဲတော့ဘူး။
နောက်တော့ ကျွန်မနံမည်က မဆုမွန်အေး ဆိုတာ ဖြစ်သွားပါလေရော။ ဒါပေမယ့် ကျွန်မနံမည်ကို မဆုမွန် ဆိုတာထက် ကျောင်းမှာ နံမည်ပြောင်တွေ အမျိုးမျိုးခေါ်ကြပါတယ်။ ငယ်ငယ်ကတည်းက ကစားကြတဲ့အခါ ကျွန်မကို သူတို့ဘက်ကို ခေါ်ချင်တဲ့သူများပါတယ်။ ကျွန်မက အရမ်း ကစားသန်တယ် အပြေးလဲမြန်တယ်။ နောက်ပြီး အရမ်းလဲ စွာတယ် နောက်ပြီး ဟီး အရမ်းလဲ အငြင်းသန်ပါတယ်။ တစ်ခါတစ်ခါငြင်းရင် အာခေါင် နီနီထဲက အာသီးတောင် အပြင်က မြင်ရအောင် အာပြဲကြီးနဲ့ ငြင်းတာပါ။ အဲ့တော့ ကျွန်မနံမည်က အာပြဲစိန်တဲ့ နောက် စွာတေးမ အသံအရမ်းဆူလို့ စာကလေးတဲ့ နောက် ဖိုက်တာ နောက် ဂျက်မလို့လဲ ခေါ်တယ်။
ကျွန်မ လွယ်အိတ်လေးထဲမှာ သားရေပင် လေးဂွ လောက်စလုံးလေးတွေ အမြဲပါပါတယ်။ ဌက်ပစ်တာ ငါးနိုက်တာ ဂဏန်း ဖမ်းတာ ပုဇဉ်းဖမ်းတာ သတ္တ၀ါတွေကို ဖမ်းတာဆီးတာလဲ ၀ါသနာကြီးပါတယ်။ စွန်လွှတ် တာကတော့ ၀ါသနာ အပါဆုံးပါ။ စွန်မှန်ကြိုးကို တစ်နေကုန် ဖန်ကွဲစနဲ့ ထမင်းကို နှံ့အောင် နယ်ပြီး အိမ် တ၀င်းလုံးက သစ်ပင်တွေမှာ ချည်ပြီး မှန်ကြိုးတိုက် စွန်ဖြတ် ရတာကတော့ အကြိုက်ဆုံးပါပဲ။ အမေက ကျွန်မကို ပေးထားတာ ကတော့ မယ်ခွေပါတဲ့။ ဟိုခွေဒီခွေ အမြဲ လမ်းသလား လျောက်သွားနေတဲ့လို့ပါ။
ငယ်ငယ်ကတည်းက သီတင်းကျွတ်ဆို ကလေးမလေးတွေက မီးပုံးလှလှ လေးတွေ တွန်းလှည်းလေးတွေကို တွန်းရတာ ဂုဏ်ယူနေချိန်မှာ ကျွန်မက ဗြောက်အိုးဖောက်ရတာ မာကျူရီ အတောင့်လေးကို အောက်ကို ပြုတ်ကျချိန် တံတွေးနဲ့ထွေး ဖိနပ်နဲ့ကောက်ရိုက်ပြီး အသံမြည်အောင် တီးရတာ သိပ်ဝါသနာပါပါတယ်။ သူများတွေ အရုပ်မလေးတွေ ဟင်းချက်တမ်း အိမ်လည်တမ်းကစားနေချိန် ကျွန်မက ၀ါးလုံးနှစ်ဘက်ကို သစ်သားတုံးတပ်ပြီး ကုလားမခြေထောက်ပေါ် တက်ပြီး ခြေထောက်ချင်း ရိုက်ပြီး တိုက်ပွဲဝင်တာ ပိုကြိုက်ပါတယ်။
စွာချက် ကတော့ သူငယ်တန်းကတည်းက ကျောင်းအုပ်ကြီး ရုံးခန်းကို ရောက်ပါတယ်။ ကလေးအချင်းချင်း ခဲတံလေးတွေ ပေတံလေးတွေနဲ့ နယ်မြေ စည်း ခြားတဲ့ အခါ လက်ကျူး လက်ကို ထိုး ခြေကျူး ခြေကို ထိုးပါတယ်။ ကျွန်မကို အမြဲ ရန်စစတဲ့ ကောင်မလေး ကို ဘေးချင်းကပ် ထိုင်ရင်း သူ့လက်က တမင် လာကျော်တာကိုလဲ မြင်ရော ခဲတံနဲ့ ကောက်ထိုးလိုက်တာ တစ်ခါတည်း သူ အော်တာ ဆင်မလိုက် ၀က်သတ်ရုံက ၀က်အော်သလိုပဲ။ သူက ကျောင်းအုပ် ဆရာမကြီး မြေး အချစ်တော် ဖြစ်နေတော့ ကျွန်မကို ချက်ခြင်း ရုံးခန်းပို့ပါတယ်။ အဲ့တုန်းက ရုံးခန်းပို့တော့ တရားခံ မိလာသလို။ လူပိစိလေးကို ဆူပူတာခံရပါတယ်။ ကျွန်မက မငိုပဲ ခပ်တည်တည် နေပြီး မျက်စောင်းထိုးလို့ ကျွန်မကို နောက်ဆုံးတန်းမှာ သွားထားပြီး အပြစ်ပေးတာ ခံရပါတယ်။
ကျွန်မ ငယ်ငယ်ကတည်းက ဆရာမတွေရဲ့ အချစ်ကိုလဲ ခံရသလို သိပ်ကြည့်မရတဲ့ ဆရာမတွေရဲ့ နှိပ်ကွပ်ခြင်း ကိုလဲ ခံရပါတယ်။ ထိုင်ထကတော့ ရိုးနေပြီ လက်နှစ်ဘက်ကို ကားပြီး လေယာဉ်ပျံ စီးဖူးသလို နောက် နည်းနည်း အပြစ်ကြီးရင် ဒူးခေါင်းအောက်မှ ဆီးစေ့ခံပြီး ထောက်ရပါတယ်။ နောက် မတ်တပ်ရပ်ပြီး နားရွတ် ဆွဲ ထားရတာ။ စာတော် သလောက် အရမ်းကစားတဲ့ အရမ်းစွာတဲ့ မတရားတာ မြင်ရင် ယောက်ကျားလေးကိုလဲ မကြောက်ပဲ လစ်ရင်လစ်သလို ရရာလက်နတ် စွဲကိုင်ပြီး အသေ လုပ်တတ်တဲ့ ဆရာမတွေက အဲ့ကတည်းက နံမည် ပေးထား တာက တော့ အော့ကျောလန်တဲ့။
နောက် ကျွန်မမှာ အကျင့်တစ်ခုရှိပါတယ်။ အဲ့တာကတော့ အခုချိန်အထိပါပဲ နေ့လည်နေ့ခင်း လုံးဝ မအိပ် တတ်သလို ငြိမ်ငြိမ်လေး နေရခြင်းဟာ ကျွန်မအတွက် မဟာငရဲပါ။ အဲ့တော့ အတန်းထဲမှာ ဆရာမ အမှတ်ခြစ် နေတုန်း ဒါမှ မဟုတ် ဆရာမချင်းချင်း အတင်းတုတ် နေတုန်း မော်နီတာကင်ပေတိုင်ကို ငြိမ်ငြိမ်မနေတဲ့သူ စကားပြောတဲ့သူ ခေါင်းချအိပ်ခိုင်းတာကို ခေါင်းထောင်တဲ့သူ စသဖြင့် အပြစ်ကျူးလွန်ဖောက်ဖျက်သူတွေကို နံမည်မှတ်ခိုင်းထားပါတယ်။ ကျွန်မ နံမည်က အမြဲတမ်း နံပတ် ၁ဖြစ်ပါတယ်။ ကျွန်မနံမည်ကို အပြစ်တောင် မလုပ်ရသေးပဲ အရင် မှတ်ပစ် တာတောင် ခံရဖူးပါတယ်။ နင်ဘာလို့ မှတ်တာလဲလို့အော်တော့ အေး နင်အခု စကား ပြောပြီတဲ့ အဲ့လို ကျောင်းသားအချင်းချင်း ကလိမ်ကကျစ်လုပ်လေ့ရှိတဲ့သူ့ကို ကလဲ့စားချေတဲ့အနေနဲ့ စာပြိုင် မေး ဖြေ လုပ်ရတဲ့ အခါတိုင်း မော်နီတာကိုပဲ ရွေးမေးပြီး သူနားမလည်တဲ့ အသံနဲ့ တရစပ် ဖြေလိုက်ပြီး သူ့အလှည့်မှာ သည် ကအစ အလွဲမခံပဲ နှိပ်ကွပ်ပေးတယ် နောက် သူ့ကို နားရွက်ဆွဲပီး ကျောင်းခန်းတွေကို ပတ်ပြရ တဲ့ အရသာကို ကြိုက်လို့လေ။ သူခေါ်တဲ့နံမည်ကကျတော့ ပိန်သေး စာကလေး စွာတေးတဲ့လေ။
နောက် စက်ဘီးစီး ရတာလည်း ငယ်ငယ် ကတည်းက အရမ်းဝါသနာပါပါတယ်။ အဲ့တာကြောင့်လည်း ခြေတစ်ဘက်က ဒူးကနေ သွင်သွင် ကျိုးခဲ့ဘူး ပါတယ်။ BMX ဘီး ဘီအမ်အိတ်စ်တွေ ပေါ်ကာစ တစ်နာရီ တစ်ကျပ် နှစ်ကျပ်ဆို ပိုက်ဆံစုပြီး စီးကြတယ်။ ခြောက်တန်းနှစ် အဘွားတို့အိမ်မှာ နွေကျောင်းပိတ်ရက် သွားနေ တုန်း စက်ဘီးစီးရင်း ကြည့်မြင့်တိုင် ဗားဂရာချောက် ထဲကို အဆင်း အတက် စီးနေတဲ့ အချိန် တစ်ဘက်က လာတဲ့ ကားကို ရုတ်တရက် မြင်လိုက်တော့ ဘရိတ်ကို ဆွဲအုပ် လိုက်တာမှာ စက်ဘီးကျန်ခဲ့ပြီး တစ်ကိုယ်လုံးပစ်ကျလို့ ဒူးခေါင်းနဲ့ ချောက်နံရံ ပစ်ရိုက်တာ ဒူးခေါင်း မွမွ ကျေသွားပြီး တွဲလောင်းဖြစ် မေ့သွားပါတယ်။ အဲ့တုန်းက တစ်ခါတည်း ခြေထောက် ဖြတ်ရမလို ဖြစ်ချိန်မှာ အဘွားက ကျွန်မ လောက် လမ်းထွက်တဲ့ ဆော့တဲ့ ကလေးတစ်ယောက် ခြေသာ ဖြတ်လိုက် ရရင် အလိုလို သေသွား နိုင်တယ် ဆိုတာသိလို့ ပိုက်ဆံ အရမ်း ကုန်တဲ့ ရန်ကုန်မှာ ပထမဆုံး ခြေကျိုးလက်ကျိုးတွေကို စတီးချောင်းတွေ စထည့်ပြီး စမ်းနေတဲ့အချိန် ကျွန်မ ဒူးနဲ့ ခြေထောက်ကို စတီးထည့်ပေးထားပါတယ်။ အရမ်းကြမ်းကြမ်းတမ်းတမ်း မဆော့ရဘူး ခြေထောက်ကို အရမ်းမခိုင်းရဘူးလို့ ဆရာဝန်က သတိပေးထားပေမယ့် အခု အသက်ကြီးတဲ့အထိ တစ်စက်မှာ မနားသေးတာတော့ အမှန်ပဲ။
နောက်ပိုင်း ရှစ်တန်းမှာ သီလရှင် ၀တ်လိုက်ပြီး ထွက်လာတော့ စိန်ဂတုံးမတဲ့။ ဂတုံးပြောင်ကို ကျောင်းရှေ့မှာ ဂတုံးမဆိုပြီး ဆယ်တန်းက ကျွန်မ အစ်ကိုအငယ့် သူငယ်ချင်း မောင်မောင်လတ်ဆိုတဲ့ လောရှည်ကြီးက ဂတုံးကို ဖတ်ကနဲ ဆို ရိုက်ပြီး ထွက်ပြေး သွားတာ ခံရတော့ ကျွန်မ အတန်းထဲကို ၀င်သွားပြီး ခေါက်ထီးတစ်လက်ယူ ပြီး ဆယ်တန်း အခန်းတွေကို ခပ်တည်တည်နဲ့ လျောက်လာတော့ သူက ပြူတင်းဝမှာ ကျောပေးပြီး စကားပြော နေတာကိုလည်း မြင်ရော သူ့ရဲ့ ခေါင်း ထိပ်တည့်တည့်ကို ထီးနဲ့ခေါက်ချ လိုက်တာမှာ အောင်မလေးဗျာဆိုပြီး တစ်ချက်ထဲ အော်သွားတာ။ ခေါင်းပေါက် သွားတော့ ဆရာမတွေ ချက်ခြင်းပဲ ဒေသန္တရဆေးခန်းပို့ပြီး စစ်ချက် ယူတော့ ဆော့ရင်း ဖြစ်တာပါလို့သူက ဖြေရှာပါတယ်။ ကျောင်းရောက်တော့ ခြေသလုံးကို ကြိမ်ထိပြီး ရှစ်တန်း ကျောင်းသူလးက ဆယ်တန်း ကျောင်းသားကြီးကို ခေါင်းလာခွဲတယ် ဆိုတဲ့ သတင်းကတော့ ကြီးသွားပြီး ဘယ်သူမှ မစရဲတော့ဘူး။ အဲ့မှာပေးတဲ့ နံမည်က ဖိုက်တာ ဂျက်မ နောက် အာနိုးတဲ့။ နောက် ဆယ်တန်းတုန်းက လမ်းလျောက်နေတဲ့ ကောင်လေးတစ်ယောက်ကို စက်ဘီးနဲ့ စာလိုက်ပေးလို့လဲ သူက ငိုပြီး ကျောင်းအုပ်ကို တိုင်လို့ ကျောင်းသားဘ၀ နောက်ဆုံး အရိုက်ခံခဲ့ရပါတယ်။ စာပေးတယ်ဆိုလို့ တစ်မျိုးမထင်နဲ့နော် သူက အရမ်း အတိုင် အတော ထူတယ် နောက်ပြီး ကောင်လေးတွေဆို အရေးပေးတယ် ကနွဲ့ကလျနဲ့မို့ ဆုံးမစာ ရေးပြီး လိုက်ပေးတာ အဲ့တာသူက ငိုပြီး သွားတိုင်လို့ပါ။ အခုတော့ သူက မေမြို့စစ်သင်တန်းကျောင်းမှာ စစ်ရေးပြဗိုလ် ဖြစ်နေလေရဲ့။ သူခေါ်တာကတော့ ကျွန်မကို အော့ကျောလန်မ ဂျမ်းတောမတဲ့။
နောက် ကျွန်မက ငယ်ငယ်က အရမ်းပိန်ပါတယ် ပိန်တာမှ လက်မောင်းရိုးလေးတွေဆို သေးသေးလေးတွေ ကိုယ်လေးကလဲ ပိန်ညောင်လေး နောက် လုံခြည်ဝတ်ရင်လည်း ခါးရိုးလေးတွေ နှစ်ဘက်ကို ချွန်နေတာပဲ။ ဆယ်တန်းအထိ ရှင်မီးလေးနဲ့နေတုန်း။ အဲ့လို သန်မာထွားကျိုင်း အလှတိုး တာလေ။ သီလရှင်ဝတ်ပြီးကတည်းက အရပ်ကတော့ ရှည်ထွက်လာတာ လူကလဲ ပိန်ပိန်နဲ့ဆိုတော့ သိပ်မျက်နှာ ငယ်ရတာပေါ့ မြန်မာစာသင်တော့ ဦးဖိုးကျားရဲ့ မြို့က မိန်းမတွေရဲ့အလှနဲ့ တောသူတွေရဲ့ သဘာဝအလှကို ဖော်ကျူးတဲ့စာက ပိချပ်ပြား ငါးဖောင်ရိုးဆိုတဲ့ နေရာဆို ကျွန်မကို စောင်းပြီး အော်ကြတာ ခဏခဏ ခံရတယ်လေ။ အဲ့တုန်းက နံမည်က အရပ်ရှည်လို့ လန်ဘား ကြောင်လျာသီး ပိန်လွန်းလို့ ငါးဖောင်ရိုး အရိုး စကမ်လမ်တန် စသဖြင့်ပေါ့လေ။
ဆယ်တန်းထုတ်ချင်းပေါက်အောင်လို့ ဒဂုံမှာ ဒေးတက္ကသိုလ်တက်တဲ့အခါမှာ တော့ မဆုမွန်ဆိုတဲ့ နံမည်လေးကို ပြန်ရပါတယ်။ နင်နဲ့ငါနဲ့ အစား မင်းနဲ့ကိုယ်နဲ့ မဘယ်သူ ကိုယ်ဘယ်သူ ခင်ဗျား ကျွန်တော် စသဖြင့် လျှာခပ်ယားယားနဲ့ လူကြီးလို စကားတွေ စပြောဖြစ်ကြတယ်။ နောက်ရင်းနှီးလာတော့ နင် ငါ မ-ာ စသဖြင့် ငယ်ကျိုးငယ်နာတွေ ပြန်ဖော်ပြီး အော်ကြဟစ်ကြပြန်တော့တာပါပဲ။ အဲ့မှာ ကျွန်မကို သိတဲ့နံမည်ကတော့ စပဲရိုးလို့ခေါ်တဲ့ စာကလေးပါပဲ။ ကျောင်းခန်းထဲကို ဖလူး ဖလူးနဲ့ ၀င်လာပြီး ဖလူးဖလူးနဲ့ ပြန်ထွက်သွားတတ်လို့ပါတဲ့။ အသံကလဲ ရောက်တဲ့အရပ် ပိကျိ ပိကျိ ပိကျိနဲ့စီစီလောင်လောင် အော်ဟစ်ဆူညံတတ်တဲ့ အကျင့်ကလဲ မဖျောက်တော့ စာကလေးဆိုတဲ့ ကျွန်မ နံမည်ရခဲ့ပါတယ်။ စိတ်ဆိုး စိတ်ကောက်မြန်လွန်းလို့လဲ ကောက်တေး စာကလေးလို့ ခေါ်တတ်သေးတယ်။ဒါက ကိုထိုက်လေး ကယ်ရေကယ်ချာ ဆွဲပေးထားတဲ့ပုံပါ ရယ်ရတယ်နော်။
နောက် ထောင်ထဲ ရောက်ပြန်တော့လည်း သံတိုင်ကို နဖူးနဲ့ ထိပြီး မှီထိုင်ရင်း နေ့တိုင်း သီချင်းတကြော်ကြော်ဆို တတ်လို့ ထောင်ဝါဒါမ ၀၀တုတ်တုတ်ကြီးက ကျွန်မကို ကြက်တူရွေးတဲ့ နောက် သာလိကာတဲ့လေ။
ကျွန်မ ကဗျာလေးတွေ စာလေးတွေ စမ်းရေးတတ်လာပြီး ကလောင်နံမည်ကို မင်းဆုမြတ်လို့ ပေးလိုက်တယ်။ နွေဦးအိုးဝေစာစောင်မှာ အန်တီစုကိုယ်တိုင်ပေးတဲ့ အကြိုက်ဆုံး ကဗျာဆုရတော့ မင်းဆုမြတ်ဆိုတဲ့ ကလောင်နံမည်နဲ့ပါ။ နောက် အသက်၂၂နှစ်မှာ ကျောင်းတက်ရင်းနဲ့ ကုမုဒြာဂျာနယ်မှာ သတင်းထောက် ဖြစ်တော့ ကျွန်မရဲ့နံမည်လေးကို ကလောင်နံမည်ရွေးတော့ မင်းဆုမြတ်လို့ ပထမရေးပေမယ့် နောက်ပိုင်း ဆုမွန်အေးဆိုတဲ့ နံမည်အရင်းနဲ့ပဲ သတင်းတွေရေးဖြစ်ခဲ့ပါတယ်။ နောက် အကြောင်းအမျိုးမျိုးကြောင့် နံမည်ကို ခင်မုဒြာဆိုတဲ့ နံမည်နဲ့ရေးဖြစ်သေးတယ် ခဏပါပဲ။ နောက်ပိုင်း ဆုမွန်အေးနဲ့ပဲ ရေးဖြစ်တယ်။
နောက် ထိုင်းနိုင်ငံကို သတင်းစာသင်တန်းလာတက်တော့နံမည်အရင်းအစား တစ်မျိုးသုံးကြရင် ကောင်းမယ် ဆိုတော့ စန္ဒာလို့ ခေါ်ပါဆိုတော့ စန္ဒာဆိုတာ ဘာလဲဆိုတော့ လမင်းကို ပါဌိလို ခေါ်တာပါဆိုတော့ Sandar Moon ပေါ့တဲ့။ မြန်မာလိုဆိုရင်တော့ စန္ဒာလပေါ့လေ။ ဒီဘက်မှာ အဲ့နံမည်နဲ့ နေခဲ့ပြီး ထိုင်းကိုတစ်ခေါက် အပြီး ပြန်ထွက် လာတဲ့ အချိန်မှာတော့ မင်းဆုမွန်ဆိုတဲ့ နံမည်လေးနဲ့ ဘီဘီစီမှာ အလုပ်လုပ်ဖြစ်တယ်။ နောက် ဌာနတစ်ခု ပြောင်းတော့ အာရ်အက်ဖ်အေမှာ မဆုမွန်ဆိုတဲ့ နံမည်အရင်းကိုပဲ သုံးချင်တယ်လို့ပြောပြီး သတင်းပေးပို့တဲ့အခါ သတင်းထောက် မဆုမွန်ဆိုတာလေးကိုပဲ မြတ်မြတ်နိုးနိုးသုံးဖြစ်ခဲ့တယ် အခုထက်ထိပဲပေါ့။
တစ်ခါတစ်ရံ ပွဲတွေ အခမ်းအနားတွေမှာ မဆုမွန်ဆိုရင် အော် ဘလော့ခ်လားလို့ ပြောရင် သိပ် ပျော်မြူးတာပေါ့။ အော် ဆန္ဒပြပွဲတွေမှာ စီစီလောင်လောင်နဲ့ အော်တတ်တဲ့ သတင်းထောက် မဆုမွန်လား ဆိုရင်လည်း ပြုံးမိ တာပေါ့ရှင်။
ကျွန်မရဲ့ နံမည်ပြောင်တွေနဲ့ မောင်ငယ်လေး မောင်သက်ပိုင်သူ တပ်ခ်တဲ့ မမဆွမ်မုအတွက် nick nameတက်ခ်ပို့စ် ကို စိတ်အတွေးအတိုင်း ပို့စ်အရှည်ကြီး ရေးမိတာကို စိတ်ရှည်လက်ရှည်ဖတ်ပေးလို့ မိတ်ဆွေတို့ကို ကျေးဇူး အထူးတင်ပါတယ်ရှင်။
ကျွန်မနဲ့ နံမည်ပြောင်များ
Posted by မဆုမွန် at Monday, May 25, 2009
Labels: ရင်ဖွင့်စာ
16 Comments:
အိုး များလှချည်လား အစ်မရယ် နာမည်တွေ
လာဖတ်သွားပါတယ်..........
ဟား...တကယ့် နံမယ်များပိုင်ရှင်ပါလား.. တွေ့ရတာ..အဲ..သိရတာ ၀မ်းသာပါတယ်ရှင်..။
နာမည်တွေအများကြီးပဲနော် မဆုမွန်
မမရဲ့ နာမည်ပြောင်တွေကို သိသွားပြီ။ ဒါပေမယ့် မမဆုမွန် ဆိုတာလေးပဲ ကြိုက်တယ်။ ခေါ်လို့လည်း ကောင်းတယ်။
ဖတ်လို့ကောင်းတယ် ညီမလေးဆုမွန်ရေ....တကယ်ကိုယုံလိုက်ပါပြီ ငါ့ညီမဘယ်လောက် အငြိမ်မနေလဲဆိုတာကိုပေါ့...။ အမရဲ့  သမီးလေးကို တအားဆော့တယ် ထင်ထားတာ အခုညီမရဲ့  ပို့စ်ကိုဖတ်တော့မှဘဲ .....။
အေးနော်...
ဒီလောက်များတဲ့နံမည်တွေနဲ့
ညည်းအမေရိကားကို လာဖို့စိတ်မကူးနဲ့-
ကျုပ်တောင် သတိပေးခံနေရတယ်။ နံမည်သုံးမျိုးဆိုရင် မဟုတ်တာလုပ်ဖို့ နံမည်တွေလျှောက်မှည့်ထားတယ်ထင်လို့ စုံစမ်းစစ်ဆေးခံရမယ်ဆိုပဲ။
ဒီမှာ နံမည်များများသုံးတဲ့သူက ရာဇ၀တ်မှု ကျူးလွန်တဲ့သူအဖြစ် စောင့်ကြည့်ခြင်းခံရသူစာရင်းဝင်တယ်ဆိုပဲ။
အမှုတွဲလိုက်အုံးမလားဟေ့...
နာမည်ပြောင်တွေ အများကြီးထဲမှာ မဆုမွန် ဆိုတဲ့နာမည် က လွဲ ပြီး ဘယ်တခု ကို အကြိုက် ဆုံးလဲ ဟင် ။
ဟူး.. မူးနောက်သွားတာပဲ .. နာမည်ပြောင်လေးတွေ ဖတ်ပြီး.. ဟီးဟီး....
အခုမှပဲ မမဆုမွန် .. အရင်တုန်းက ကိုယ်တွေလက်တွေနာတဲ့ တရားခံ သိရတော့တယ်..
ခြေထောက်က ဒဏ်ရာကြောင့်.. ဟုတ်တယ်ဟုတ်....
နောက်ဆို မမကို နာမည်များရှင်ဘွဲ့ပေးရမယ်
နာမည်တွေ နည်းသေးတယ်။ :)
ဒါနဲ့ သစ်ပင်ပေါ်ကနေလဲ ပြုတ်ကျအုံးမယ်နော်။ သေချာကိုင်ထားအုံး။ :D
နာမည်များနဲ့ညီမငယ်ကိုဘယ်လိုခေါ်ရပါ့???း)
ခင်တဲ့
နှင်းဆီနက်
အပေါ်ဆုံးကပုံကြည့်ပြီးကတည်းက ဆက်ဖတ်သမျှ ယုံသွားပါသည်ခင်ဗျား။
:D
အောင်မြန်လေး... ခေါင်းတောင်မူးတယ်...း)
ညီမရေ.. ပြန်မရောက်သေးဘူးလား... သူ့အဓိပ္ပါယ်နဲ့သူ နံမည်ပြောင်တွေက များလှချည်လားညီမရေ... ခြေထောက်မှာ စတီးရိုးထည့်ထားပြီး အမြင့်တွေတက်နေတာ သိပ်မလုပ်ပါနဲ့ညီမရေ.. မတော်တဆပြုတ်ကျနေပါမယ်.. အသက်ကြီးလာရင်အရိုးတွေက ငယ်ငယ်ကလို မြန်မြန်ပြန်ကောင်းဖို့ခက်တယ်... ကျန်းမာရေးလဲဂရုစိုက်ဦးနော်..
ဓာတ်ပုံတွေ ကြည့်သွားတယ်... တော်တော်ဆော့မဲ့ပုံပဲ.. ပေါင်းလို့ရမှာသေချာတယ်.. ဟီး... ဟီး..
မမရေ
နံမယ်တွေကတော့ ရှယ်တွေပဲ ..း)
တွေ့ချင်တယ်ဗျို့ .. အပြင်မှာ (အိပ်မက်ထဲမဟုတ်ဘူး :D)
မဆုမွန်ရေ
ဖတ်မဝလို့ စာလာနွှေးသွားတယ်။ ကျန်းမာပါစေနော်။
Post a Comment