မုန့်ဟင်းခါးစားရအောင်လေ

ကဲ ဒီစနေ တနင်္ဂနွေ အားလပ်ရပ်မှာ တော့ အိမ်မှာ မုန့်ဟင်းခါးချက် စားဖြစ်ပါတယ်ရှင်။ အခုတလော မုန့်ဟင်းခါး လုပ် စားချင်စိတ်တွေပဲ ပေါ်နေတယ်လေ။ အမှန်အကန် စားသုံးသူ မုန့်ဟင်းခါးချစ်သူ ညီမလေးကို မုန့်ဟင်းခါး ချက်ကျွေးဖို့ တစ်ယောက် တည်း စိတ်အေးလက်အေးနဲ့ မုန့်ဟင်းခါး ချက်စားဖြစ်ပါတယ်။ ကျွန်မ ချစ်သူ ကတော့ မုန့်ဟင်းခါးဆို မြင်တာနဲ့ စိတ်ပျက်လက်ပျက် ဒီနေ့တော့ သေပါပြီ အာခေါင်ခြစ် အော်ပါ တော့ တယ်။ ကျွန်မ ကြိုက်လွန်းလို့ တစ်နေ့တစ်နေ့ ဘယ်လောက် ချက်စားဖြစ်လဲဆိုရင် မုန့်ဟင်းခါးတောင်း သေးသေး လေး တွေကို ထပ်ထပ်ပြီး ကြွပ်ကြွပ် အိတ်ကြီးနဲ့ထည့်ထားတာ လျှံနေပါပြီ။

မုန့်ဟင်းခါး ချက်နေရင်း သူငယ်ချင်းတွေကို မုန့်ဟင်းခါး အလွယ် ချက်နည်းလေး ပြောပြမယ်နော်။ အရင်ဆုံး ဂျင်းတက်လေး နည်းနည်း၊ စပါးလင်နည်းနည်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ပဒဲကောတက်လေး ကျန်လို့သူ့ပါ နည်းနည်း ထည့်နွှာလိုက်တယ်။ အကုန်နွှာပြီးချိန် မှာတော့ အကုန် ပေါင်းပြီး ညက်နေအောင် ထောင်း လိုက်တယ်။ ကြက်သွန်နီ ကိုတော့ လေးစိတ်လေး တုံးထား တယ်။
နောက်ပြီးတော့ နုတ်ခမ်းမွှေးနဲ့ငါး ငါးခူထင်တယ်နော် အဲ့တာကို မီးကျပ်တိုက်ကင်ထားတာ တစ်ကောင် ၀ယ် ထား တာကို အရေခွံ လေးတွေ ခွာပြီး အသားလေးတွေချည်း မျှင်ယူတယ်။ ထိုင်းမှာက ငါးအရှင်တွေကိုပဲ ထု ထောင်း ရိုက်နှက်ပြီး ရောင်းပေးလို့ အရင်က ငါးအရှင် ခေါင်းထုကို ပြုတ်ချက်ရတာ စိတ်ထဲ တော်တော်လေး မကောင်း တာနဲ့ နောက်ပိုင်း ငါး ကျပ်တိုက် ကင်လေး တွေပဲ ၀ယ်စားဖြစ်တော့တယ်။ ကဲ ဟင်းချက်ဖို့ အသင့်ဖြစ်ပြီဆိုတော့ မြန်မာပြည်ကလာတဲ့ မွှေးတံဆိပ် ပဲအကျက်မူန့်ကို ရေအေးအေးနဲ့ ဖြေးဖြေး ချင်း မွှေပြီး ချေထားတယ်။နောက် ကြက်ဥလေးတွေကို ပြုတ် နှစ်ခြမ်း လေးတွေ အရင်ခွဲပါတယ်။ ပြီးရင် တော့ ပါးပါး လေးတွေ တစ်ချို့ လှီး တစ်ချို့ လေးစိတ် ခွဲထည့်မှာပါ။ဟင်း စချက် ပါတော့မယ်။ ဆီထည့်ပြီး ဆီကျက်ပြီ ဆိုတာနဲ့ ခုနက ညက် နေအောင်ထောင်းထားတဲ့ ကြက်သွန်ဖြူ ဂျင်းတက် စပါးလင် တွေကို ထည့်မွှေ ပါတယ်။ နနွင်းမူန့်နဲ့ ငရုတ်သီး အစိမ်းမူန့်ကို ထည့်မွှေ ပါတယ်။ နောက် ပုဇွန်ငါးပိ နည်းနည်း ထည့်ပါတယ်။ အားလုံး ကြွပ်နေအောင် ဆီသတ်ပြီးချိန်မှာတော့ ခုနက ငါးအသားမျှင် လေး တွေကို ထည့်ပြီး ဆီနာနာသတ်ပါတယ်။ ငါး အသား ကျေ သလောက် ရှိပြီ ဆိုရင်တော့ ခုနက ငါးခေါင်း လေးတွေ အရိုးလေး တွေ ကျန်တာကို ထောင်းထားတဲ့ ငါးရည်ကို စစ်ပြီး ထည့်ပါတယ်။ နောက် ပဲမူန့် ဖျော်ရည် ကို ထည့် ပါတယ်။ ရေအလောတော် လောက်လေး ထည်ပြီး ဟင်းအိုးကို ဖြေးဖြေး ချင်း မွှေပြီးချိန် မှာတော့ အချိုမူန့် ဆား နည်းနည်း ငံပြာရည် အချိုရည်ကို အပေါ့အငံ လိုသလို မြည်းပြီး ထည့်ပါတယ်။

ဟင်းရည် ပွက်ပွက် ဆူ လာတဲ့ အချိန်မှာ ကြက်ဥခြမ်း လေးတွေ ကို အစိတ် သေးသေး လေးတွေ စိတ်ပြီး ဟင်းရည် ထဲကို ထည့်ပါတယ်။ နောက် ဟင်းရည် ကျက်တဲ့အချိန်မှာတော့ ကြက်သွန်ဥနီ စိတ်လေးတွေ ကို ထည့် ပါတယ်။ နောက်ဆုံးမှာတော့ ငရုတ် ကောင်းစေ့ လေးတွေကို မူန့်ညက်နေအောင် ထောင်းထားကို အပေါ်က ဖြူးလိုက် ပါတော့ တယ်ရှင် ကဲ မုန့်ကျက်ပြီ နော်။ မုန့်ဟင်းရည် ကျအောင်တော့ နည်းနည်းလေး စောင့်ပေး ပါဦး နော်။
ကဲ ဒါတွေကတော့ မုန့်ဟင်းခါးထဲ ထည့်စားဖို့ အဆာပလာလေးတွေပါ။ ကြက်သွန်နီနဲ့ အအီပြေ သံပုရာသီး စိတ်လေး တွေပါ။ ကျွန်မ ကတော့ မုန့်ဟင်းခါးပဲ ဖြစ်ဖြစ် မုန့်တီပဲ ဖြစ်ဖြစ် အုန်းနို့ ခေါက်ဆွဲပဲ ချက်စားစား ဘာပဲ စားစား ကြက်သွန်နီ ပါးပါး လှီးတာကို ထည့်စားပါတယ်။
ဒါကတော့ နံနံပင် လတ်လတ် ဆတ်ဆတ် အရွက် ဖားဖားလေးတွေနဲ့ ပဲသီးစိမ်း တောင့် ကြွပ်ကြွပ် လေးတွေ။ နောက် ကျွန်မ ကြိုက်လို့ သိပ်ချိုတဲ့ ထိုင်းပဲပင်ပေါက် ဖြူဖြူ ထွားထွားလေးတွေ ထည့်စားပါတယ်ရှင်။
ကဲ စားကြစို့နော် မုန့်ဟင်းခါးဖတ် စား နိုင်သ လောက်လေး ထည့် ကြိုက် တတ်ရင်တော့ ဟင်းရည်ထဲက ဘဲဥဖတ် များများ ကြက်သွန်နီဥ များများ ထည့်နော် နံနံပင်လေး ညှပ်ထည့် ပဲသီးလေး ပါးပါးလှီးထည့် ပဲပင်ပေါက်နဲ့ ကြက်သွန်နီကြိုက်ရင် ထည့်ပေါ့။ ဆီချက် လေးလဲ ထည့်စားနော် မွှေးမွှေး ချိုချိုလေး နောက် သံပုရာသီးလေး တစ်စိတ် လောက် ညှစ်ထည့် မွှေးလဲ မွှေးတယ် အအီလဲ ပြေတယ်။ နောက်ဆုံးကတော့ မဆုမွန် အကြိုက် ငရုတ်သီးမူန့် တစ်ဇွန်း အပြည့် မောက်မောက် လေး ထည့်စားတယ်။ ကဲ မြန်မာပြည် အလွမ်းပြေ မုန့်ဟင်းခါးလေး ချက်စားဖြစ်တယ် ကိုယ့်လက်ရာ တော့ ကိုယ် အမြဲကြိုက်တယ် အားပေးတယ် ဘယ်သူစားစား မစားစား ပေါ့။ ညီမလေးနဲ့ ကိုယ်နဲ့ အပြတ် တီးတာ တစ်ယောက် သုံးပန်းကန် ဒယ်အိုးကို တစ်ဝက်ကျိုးရောပဲ။ အစ်မညို အတွက်ကတော့ ပန်းကန်လုံး ရှိဘူးကွယ် ပန်းကန်ပြားသလိုလို လုံးသလိုလို လေးပဲရှိတယ် ဒါလေးနဲ့ပဲ စားနော် အအေးမြန်တယ်။ ကျွန်မ ဘလော့ခ် လေးကို အလည်လာတဲ့ သူငယ်ချင်းတွေလဲ အ၀စားသွားကြနော်။

10 Comments:

chocothazin said...

ဟီး စားချင်လိုက်တာနော်

မင်းအိမ်ဖြူ said...

ဟာဟ စားရပြန်ပြီ မုန်.ဟင်းခါး ၊၊ ကျေးဇူးပါ မနေ.က GoldenMind ဆိုတဲ့ ယိုးဒယားကုန်တိုက် ကို ရောက်တော့ အစ်မပြောတဲ့ မုန်.တီ ပလတ်စတစ် ခြင်းလေးတွေ တွေ့တော့ အစ်မကိုတောင် ပြေးပြီးသတိယမိသေးတယ် ၊၊ သင်္ဘောသီးတောင်း သွားစားတိုင်းရောက်တယ် သတိမထားမိဘူး အစ်မစာ ဖတ်ပြီးမှ သတိထားပြီးမြင်တယ် ၊၊ ၃ကျပ်ခွဲ ပေးရတယ် တစ်ခြင်း ကို ....သေသေသပ်သပ်လေးတွေ လုပ်ထားတာ .... ယိုးဒယားသင်္ဘောသီထောင်းလေး လုပ်ပါအုံး ၊၊ သင်္ဘောသီးသုတ်ကြိုက်တယ် ၊၊ ဒီမှာ ၀ယ် ခဲ့တာ ခပ်လတ်လတ်တစ်လုံးကို ၂ကျပ်နီးပါးပေး ခဲ့ရတယ် ၊၊ သရက်သီစိမ်းက တစ်လုံးတစ်ကျပ်လောက် ကျတယ် အလေးချိန်နဲ့ရောင်းတာ....... ချဉ်စပ်သင်္ဘောသီးတောင်းလေး တစ်ပွဲ လောက် ရောင်းပါ အုံး ဟာဟ ........

မိုးကောင်းသူ said...

အိုးဘဲဥနဲ့ တစ်ပွဲပေးပါ။ ပဲသီး၊ ပဲပင်ပေါက်၊ နံနံအကုန်ထည့်နော်။ :D

အိမ်လွမ်းသူ said...

ညီမရေ.. မုန့်ဟင်းခါးကတော့ ဘယ်အချိန်စားစား မဝဘူးညီမရေ.. အခုလည်းကြည့်ပြီး တဝကြီးစားချင်သွားပြီ...

tg.nwai said...

ဟိုတနေ့က ရခိုင်မုန့်တီ.. ဒီနေ့ မုန့်ဟင်းခါးပါလား။ တို့လည်း မုန့်ဟင်းခါးကြိုက်တယ်။ ကြက်သွန်နီပါးပါးလှီးထားတာတော့ အုန်းနို့ခေါက်ဆွဲထဲမှာပဲ ထည့်စားဖူးတာ.. အထူးအဆန်းပဲ..စားကြည့်ဦးမှ..။ ပဲပင်ပေါက်တွေထည့်စားတာကတော့ သူတို့ရဲ့ ခနုမ်ကျင်း ပုံစံမျိုးနဲ့ တူနေမလားပဲနော်..။ သူတို့မုန့်ဟင်းခါးအဖတ်ကတော့ မြန်မာမုန့်ဟင်းခါးအဖတ်နဲ့တော့ သိပ်အရသာမတူလှဘူးနော်..မဆုမွန်တို့ဆီမှာတော့ ဘယ်လိုလည်း မသိဘူး။ စားကောင်းမယ့်ပုံပဲ.. စားကြပါ..အမိမြေနဲ့ ဝေးနေတဲ့သူတွေအတွက် မ၀ ဘဲနေမှာစိုးလို့ ငမ်းရုံလေးပဲ.. :))

မယ့်ကိုး said...

ကြက်သွန်နီပါးပါးရောထားတဲ့ မုန့် ဟင်းခါး တစ်ခါမှ မစားဖူးဘူး။
စားကောင်းလား မ...

ကောင်းကင်ပြာ said...

မုန့်ဟင်းခါး လာစားတယ် မဆုမွန်ရေ၊ ကောင်းလိုက်တာ မြင်တာနဲ့ တော်တော် စားချင်စရာပါ

ကိုလူထွေး said...

စားချင်စရာကြီးမို့  မနေနိုင်ဘူး...

တစ်ပွဲပေးပါ...

PAUK said...

မုန့်ဟင်းခါးဆို အသားကုန်ကြိုက်..
ဒီနေ့တောင် မြန်မာတန်းသွားပြီး
မုန့်ဟင်းခါးစားလာခဲ့သေးတယ်..
မဆုမွန်လုပ်သလို လုပ်စားကြည့်ချင်တယ်..

မိုးခါး said...

စားချင်လိုက်တာ ...
ညီမကတော့ အပျင်းထူတာလေ .. အဲလိုမျိုးဆိုချက်ကိုစားဖြစ်မှာမဟုတ်ဘူး .. အမြဲရယ်ဒီမိတ်ပဲ .. ဒါတောင် အမတွေလုပ်ပေးမှစားတာ .. ကိုယ်တိုင်ချက်ဖို့ စိတ်ကိုမကူးဘူး .. ဟီး :D
စားလို့ကောင်းမယ်ပုံပဲ .. စားချင်တာ ခုဗိုက်ဆာနေတား( (သနားဘာဒယ်နော် .. :P)