
လွှတ်ငါး
အမိမဲ့သား ရေနည်းငါးတဲ့
အဖမဲ့သား မြေလူးငါးပေါ့…..
တကယ်တော့ ……
အလှမွေးငါးဘ၀လည်း မရောက်ချင်
ငါ့မျိုးငါ့ဆွေ အတူနေတဲ့
မြစ်ဖြစ်ဖြစ် ချောင်းဖြစ်ဖြစ်
အိုင်ကလေးပဲဖြစ်ဖြစ်
အဲဒီနေရာလေးမှာ
အသက်ရှင်နေတဲ့ ဘ၀ကလွဲလို့
ဘာမှမလိုချင်ခဲ့။
ဘ၀မှာ သူတို့အလိုကျ
ငါ့အဖေကိုဖမ်း ငါ့အမေးကိုဖမ်း
ငါ့အမျိုး ငါ့အဆွေတွေကိုဖမ်း
နိုင်ငံတကာက ဈေးကွက်ထဲ
ဘယ်ငါးက ဘယ်ဈေး
ငါးအမျိုးအမည်လေးနဲ့
ကြိုက်ရောင်း ကြိုက်ဝယ်
ငါးစိမ်သည်တွေ အလုပ်ဖြစ်တဲ့
ငါးမျိုးနွယ်တွေပါ။
ခုတော့
အရွယ်မရောက်ခင်က
ငါ့ အမျိုးငါ့အဆွေနဲ့ ရှင်ကွဲကွဲ
ဈေးခင်းတဲ့ လမ်းကလေးထဲ
ဇလုံတလုံးထဲက ရေနည်းငါးဘ၀မှာ
ငါးခူဖြစ်ဖြစ် ငါးရံ့ဖြစ်ဖြစ်
ဘာငါးပဲဖြစ်ဖြစ်
အရှင်လတ်လတ်ဈေးတင်
အမြင်ရော အကြားပါ
ဘာတခုမှ မတရား
ကုသိုလ်ဖြစ် သက်စေ့လွှတ်ဖို့
ငါတို့ကိုများ လွှတ်ငါးတဲ့။ ။
April 21, 2010
လွှတ်ငါး
Posted by မဆုမွန် at Friday, April 23, 2010 5 comments
Labels: ကဗျာ
သွေးမျိုးဆက်ရဲ့ အုတ်မြစ်ကွန်ယက်
စနစ်
အဆိုးအကောင်းခွဲခြား
မတရားတာကို မတရားဘူးလို့
ရိုးရိုးကလေး အရေးဆို
နုပျိုနေတဲ့ လွယ်အိတ်ကလေးကနေ
ခွပ်ဒေါင်း တောင်ပံခတ်သံ
မိုးထိ တောင်တန်းတွေကို ကျော်ခဲ့
လေဟုန်စီးခဲ့တာမဟုတ်
အမှန်တရားအတွက်
လေဆန် ရေဆန်ကို
ပျံတက်ခဲ့တာ။
စနစ်တခုကနေ
စနစ်တခုကို ကူးပြောင်းဖို့
သွေးမြေခပြီး လမ်းပြခဲ့တာ။
ခေတ်…………
၂၁နှစ်ကြာခဲ့
၂၁နှစ်စာ သွေးမျိုးဆက်တွေ မွေးဖွားနေတာ။
ထုံးသုတ်လို့ မပျောက်ခဲ့တဲ့လမ်း
မှော်ကွန်းထိုးရင်း ဖြတ်သန်း
တဦးတည်း မှတ်တမ်းမဟုတ်
ဒါ သွေးမုန်တိုင်းရဲ့ ……..
အဲဒီခေတ် တခေတ်ထဲမှာပဲ
သူရဲကောင်းပေါင်း များစွာပေါ်ထွက်
မနက်ခင်းအတွက် နေတစင်း
ညခင်းအတွက် လတစင်း
တော်လှန်စစ် ခင်းရင်း နင်းလျှောက်
မတရားတဲ့ စနစ်ဆိုးအောက်မှာ
ဒူးထောက်စရာ အကြောင်းမရှိ။
ဇာတ်သိမ်း….
သူ့ဘာသာ ဖွဲ့စည်း
သူ့ဘာသာ အုပ်ချုပ်
ထင်တိုင်း လုပ်သမျှ
တသက်စာ မုသားလိမ့်လုံးတွေအောက်မှာ
သူ့ကျွန်လုံးလုံးဖြစ်နေရတဲ့
ပြည်သူတွေအားလုံးကသိ
တန်းညှိစရာမှမလိုတာ
သူတို့ ကျဆုံးမယ့်ရက်က နီးလာပြီ
အောင်ပွဲ
သတိရှိရမှာက ……
စားဖားတွေ ညီညွတ်ရေးမျိုးတော့
ငါတို့ …..
အလိုမရှိ။
Posted by မဆုမွန် at Tuesday, August 04, 2009 1 comments
Labels: ကဗျာ
July, August
တော်လှန်ရေးအုပ်စုထဲက
ရင်သွေးငယ်တယောက်
မိဘပျောက်လို့ တောင်းတဲ့ဆုဆိုလဲ
တောင်းတဲ့ဆုပြည်.ပါစေ ကလေးရယ်
နာဂစ်မုန်တိုင်းအောက်
တစစီပျောက်ခဲ့ရတဲ့ မိသားစုဘဝ
ပြန်ပေးပါလို့ တောင်းတဲ့ဆုဆိုရင်လဲ
တောင်းတဲ့ဆုပြည်.ပါစေ ကလေးရယ်
ဝါဆို ဝါခေါင်
ကျောင်းခေါင်းလောင်းသံကြားတာတောင်
ကျောင်းစာသင်ခွင့် မပြည်. ဝတဲ့ဘဝ
နောက်တခါမဖြစ်ပါရစေနဲ့လို့ တောင်းတဲ့ဆုဆိုရင်လဲ
တောင်းတဲ့ဆုပြည်.ပါစေ ကလေးရယ်
မိုးရွာရင်
နားခိုစရာမဲ့
ထမင်းရည်တောင်ရှာရခက်
ကျန်းမာရေးတွေကချို့တဲ့
မောင်ငယ် နှမငယ် အသက်ဆက်ခွင့်ပေးဖို့
တောင်းတဲ့ဆုဆိုရင်လဲ
တောင်းတဲ့ဆုပြည်.ပါစေ ကလေးရယ်
ဒီ ပုံ ကို ကြည့်ပြီးဘာခံစားရလဲတော့မသိဘူး မျက်ရည်တွေဝဲလာတယ်
မိုးရွာတုံး ဆုတောင်းနေတာဆိုတော့ အဓိပ္ပါယ်ရှိကိုရှိရမယ်လေ
ကျနော်ရေးသလို ဘဝဆိုးဆိုးမဟုတ်ပါစေနဲ့ဗျာ
ဘယ်လိုဖြစ်ဖြစ် သူရင်ထဲကတောင်းတဲ့ဆုမျိုးကျနော်တို့တောင်းဖူးကြမှာပါ
အဖိနှိပ်ခံလူတန်းစားချင်းတူတာကိုး
ကိုးကွယ်ရာကိုယုံကြည်စွာနဲ့ ဒုက္ခ ခံပြီး
တောင်းတဲ့ဆု
ဘာဆုဖြစ်ဖြစ် ပြည်.ဝပါစေ ကလေးငယ်
ကိုဖြိုးမော် (ကိုpm ) တင်ထားတဲ့ ဓာတ်ပုံလေးပါ။ ဓာတ်ပုံဆရာ Htaw Htaw ရဲ့ လက်ရာဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံ မြင် အပြီးမှာ ဘာမှန်း မသိတဲ့ ခံစားချက်ဆိုတာ ပြောရ တော်တော်ခက်ပါတယ် လို့ ကိုဖြိုးမော် (ကိုpm ) ကလည်း သူ့ပို့စ်လေးမှာ ရေးထားခဲ့ပါတယ်။
အပေါ်က ဓာတ်ပုံ လေးရယ် ကြယ်ကလေး ခံစား ထားတဲ့ ကဗျာလေးရယ်ကို စိတ်ထဲ တော် တော် ခံစားမိ ပါ တယ် ကြယ် ကလေး ဘလော့ခ်ကနေ ကဗျာလေးကို မျှဝေ ခံစားပါတယ်..
တိုင်းပြည်ရဲ့ အနာဂတ် ရတနာလေးတွေဖြစ်တဲ့ ကျွန်မတို့ရဲ့ မျိုးဆက်သစ် ရင်သွေးငယ်လေးတွေ ကျွန်မတို့ရဲ့ ကလေးတွေအတွက် သူတို့ အားကိုးနိုင်မယ့် အကြင်နာလက်တွေ ကမ်းစေ မျဝေပေးစေချင်ပါတယ် ကလေးတွေ တောင်းတဲ့ ဆုတွေလည်း ပြည့်ပါစေလို့ ဆုတောင်းပါတယ်ရှင်။
ဒီလိုပဲ သောကတွေ ဒုက္ခအပူမီးတွေကြား ဗလောင်ဆူဝေနေရတဲ့ မိခင်တွေရဲ့ တောင်းဆုတွေလည်း ပြည့်ပါစေ..:(
ရင်ထဲ တကယ်မကောင်းပါ.... :(
Posted by မဆုမွန် at Wednesday, July 29, 2009 15 comments
Labels: ကဗျာ
ခွာချခြင်း ၀ါ ကွာချခြင်း
ကြာပြီ
တကယ်ဆို တကယ့်ကို
ပကတိတွေကို မမြင်ရတာ ကြာပြီပဲ
ဘာပဲဖြစ်ဖြစ် ညအိပ်ချိန်လေးတော့
မျက်နှာဖုံးလေး ခဏခွာချထားချင်ပါတယ်..
အသက်ရူရခက်တာလား အသက်ရူရကျပ်တာလား
သေချာတာတော့ အသက်ရူဖို့ မေ့နေကြတာပဲ
ပကတိ ဘ၀တွေထဲက မွန်းကျပ်မူတွေကလဲ
ပူပြင်း လောင်မြိုက် ပိတ်လှောင်လွန်းလိုက်တာ
မျက်နှာဖုံးတွေကို
ခဏလေးဖြစ်ဖြစ် ဖယ်ပေးပါ....
ခဏလေးပါ.
ခဏလေးပါ..
ခဏလေးပါ...
မျက်နှာဖုံးကို ဆွဲခွာချွတ်လိုက်တော့မှ
ဝင်လေ ထွက်လေကို အငမ်းမရ ရူရိုက်လိုက်ကာမှ
လန်းဆန်းလွန်းတဲ့ လေညှင်းက ဆူးမြှားတွေနဲ့ တရစပ် ပစ်လွှတ်လိုက်သလို
ပကတိ အသားစိုင်ကို ထိမှန်လို့ မခံနိုင်လောက်အောင် အေးမြစူးရှလွန်းနေလေရဲ့
ထင်မှတ်မထားတဲ့ နာကျင်မူတွေ.
ထင်မှတ်မထားတဲ့ နာကျင်မူတွေ..
တကယ့်ကို ထင်မှတ်မထားတဲ့ နာကျင်မူတွေ...
အား.........အာခေါင်ခြစ် အော်ဟစ်လိုက်ရုံ အားမရလို့
ဟန်ဆောင်ခြင်း အဆိပ်တွေ ရောမွှေ ထည့်ထားတဲ့ ၀ိုင်ခွက်တစ်ခွက်
ခပ်ဝေးဝေးကို အားနဲ့ အလွှင့်ပစ်ခံလိုက်ရလေရဲ့..
ဟော ဟိုးအဝေးက
ပူပြင်းလောင်မြိုက်နေတဲ့ သဲသောင်ပြင်ထက်မှာ
လူးကာ လွန့်ကာ လိမ့်ကာနဲ့ ခပ်ပါးပါး အရေခွံလေးတစ်ချပ်ကို
တစ်ရစ်ချင်း တစ်ထစ်ချင်း ခွာချသွားတဲ့ မြွေတစ်ကောင်
သူ့ အရေခွံဟောင်း ကို ချန်ထားခဲ့ပြီး
လျောကနဲပဲ လျောကနဲ နဲ့
လွတ်လပ် ကွင်းပြင် နေရာဆီကို
ကသောကမျော ကမူးရူးထိုး အပြေးအလွှားသွားနေလေရဲ့
စိမ်းမြ အေးစိမ့်တဲ့ မြက်ခင်းရှေ့နားအရောက်
လွတ်လပ်ကာစ ကိုယ်လုံးတီး ခန္ဓာကိုယ်တစ်ခု
ပျော်ရွှင်စွာ ပျော်ဝင်စွာနဲ့ လူးလွန့်တိုးဝင်လိုက်ချိန်
အလျားလိုက် စူးရှ ထက်မြက်လွန်းတဲ့ မြက်ပင်ရဲ့ အနားသားတွေက
သူ့ ပကတိ ရင်ခွင်ကို ထက်ခြမ်းကွဲသွားစေတယ်
သွေးစတွေ အသားစတွေ မွှန်းထားသလို .တဆတ်ဆတ်တုန်လို့
ဝမ်းဗိုက်တလျောက် စူးရှ နာကျင်တဲ့ ဒဏ်က လွတ်မြောက်ဖို့
အမောက်ကို ခပ်ပြင်းပြင်း ခပ်မြင့်မြင့် ပင့် ထောင်လိုက်ချိန်မှာမှ
ဦးခေါင်းထိပ်ကို ထွင်းဖောက်သံ တစ်ခု ဖောင်းကနဲပဲ
လွတ်မြောက် ပြေးလမ်းက ထင်မှတ်မထားတဲ့ ပစ်မှတ်တစ်ခု ဖြစ်သွားလေရဲ့
အနီရင့်ရင့် ၀ိုင်စတွေ ပေကျံနေတဲ့ ဖန်ကွဲစတွေနဲ့ အတူ
ဦးနှိမ်ကျိုးသွားတဲ့ ခန္ဓာ တစ်ခု တွန့်လိမ်ကောက်ကွေး လူးလိမ့်လို့
စိမ်းမြမြက်ခင်းထက်မှာ နီရဲစွေးနေတဲ့ သွေးစတွေ အရေခွံစတွေ မွစာကျဲလို့..
ထွက်သက်တစ်ခု ခပ်ပြင်းပြင်း မူတ်သံကြားလိုက်တယ်
နာကျင်စွာ ငြီးတွားသံ သဲ့သဲ့ ကြားလိုက်တယ်
နောက်...
အားလုံး ငြိမ်သက်တိတ်ဆိတ် တိုးတိတ်လို့..
ပကတိအတိုင်း ...
အရာအားလုံးဟာ ငြိမ်လို့.
အားလုံး ငြိမ်လို့..
ငြိမ်လို့...
ဟိုးအဝေးမှာ မြက်ပင်တွေထက်က လေညှင်းနဲ့အတူ
လွင့်မျောသွားတဲ့ ခပ်ပါးပါးအရိပ်တစ်ခု ခပ်ဝါးဝါးလေး မြင်လိုက်ရတယ်။
Posted by မဆုမွန် at Thursday, July 16, 2009 4 comments
Labels: ကဗျာ
ချည်တိုင်
ကျုံးသွင်းခံရတဲ့ ၀င်းထဲ
အတင်း နှင်တံထုတ်
ကျောတစ်ပြင်လုံး စုတ်အောင်
မောင်းသွင်းစရာတောင် မလိုပဲ
အသားကျနေတဲ့ ခြေလှမ်းတွေနဲ့
ထံပိုးထက်က တင်တဲ့ ၀န်အတွက်
အပြေးနှင်ရမယ့် အရေး
အတော်လေးကို ကျင့်သားရနေမှတော့
ဟော့ဒီ့ ရင်တစ်ရာ ကျောတစ်ရာ နှက်မယ့်
ကြိမ်ဒဏ်တွေ နှင်ဒဏ်တွေအတွက် မညည်းကြေးပေါ့ကွယ်..
ဒါပေမယ့်
အသက်သွေးချွေး ဘ၀တွေပေးပြီး
ခါးစီးခံနေတဲ့
အသက်သခင် ကျေးဇူးရှင်ကိုမှ
ချည်တိုင်မှာ အသေတုတ်
ကြိမ်ဒါဏ် နဲ့ အသေဖြုတ် တတ်တဲ့
အမျိုး ယုတ် တွေ အတွက်
တူသောအကျိုးထက် အဆ ကုဋေကုဋာ ဟာ
မဝေးတော့တဲ့ အနာဂတ် မှာ ပါ တဲ့
Posted by မဆုမွန် at Saturday, June 13, 2009 10 comments
Labels: ကဗျာ
you must have stout heart
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .
ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .
အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။
(ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်)


IF you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:
If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:
If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: 'Hold on!'
If you can talk with crowds and keep your virtue,
' Or walk with Kings - nor lose the common touch,
if neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And - which is more - you'll be a Man, my son!
(by Rudyard Kipling)
Posted by မဆုမွန် at Tuesday, May 19, 2009 7 comments
Labels: ကဗျာ
အမေ့လက်
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။
မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။
ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ "အလှ" "အလုပ်"
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။
ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)အမေ့လက်ကဗျာကို ပြန်လည်တင်ပြသည်။
Posted by မဆုမွန် at Tuesday, May 05, 2009 3 comments
Labels: ကဗျာ
နွေစိတ်ကူး

တနေ့ ပြီးတော့ တနေ့
ရက်ရွေ့သွားတာပါ
သက်စေ့နေရမယ်လို့
ဘယ်သူ ကြိုသိသလဲ။
အစိမ်းလည်းကြွေ
အမှည့်လည်းကြွေ
အဲဒီလို….. နွေလယ်ခေါင်
အကြွေတောမှာ……….
အနီရောင် စိန်ပန်းနဲ့ လက်ပံပွင့်
ရွှေဝါရောင် ငုပန်းနဲ့
ပိတောက်တွေ ဖြင့်
ပွင့်နေအုံးမှာသေချာတယ်။
ဟောဒီနွေနဲ့အတူ ပွင့်ဖူး
အဲဒီပန်းဦးကို ခူးခြွေချင်တဲ့သူတွေ
ကတ္တရာလမ်းပေါ်
မြင်းခွာသံ နစ်ကျန်ခဲ့သလို
ဘ၀က …ကျန်ခဲ့။
လိုရာတွန်းပို့ပေးနေတဲ့
မိခင် ဧရာဝတီလည်း
သောင်ထွန်းလိုထွန်း
အတင်းညှစ်ယူလို့ ရခဲ့တဲ့ နွားနို့ဟာ
သူ့သားတွေအတွက်
အဟာရဖြစ်တယ်ဆိုတော့
တရားသလား မှားသလား
ဘယ်သူစဉ်စားပေးတာကိုမှ လက်မခံချင်တော့။
အကြွေးဆိုတာ
နောင်သံသရာထိ ကူးတတ်ပါသလား
ပူလျှင်ပေါ့ပါး
အငွေ့ပျံတဲ့သဘောအတိုင်းဆိုရင်
ဗျာများခဲ့ရတဲ့
မုဆိုးမတယောက်ရဲ့ သောကတွေ
ဟောဒီ့ နွေညတွေထဲ
ဖိးနစ်ငှက်လို ပြာပုံထဲက ရုန်းထ
မိုးတပြိုက်အကျမှာ
နွေပိတောက်သစ်တွေပွင့်ဖူး
နှစ်ကူးကောင်းကြပါစေကွယ်။
Posted by မဆုမွန် at Monday, March 30, 2009 8 comments
Labels: ကဗျာ
အဖြူနဲ့အမည်း

When I born, I black :
When I grow up, I black :
When I go in Sun, I black :
When I scared, I black :
When I sick, I black :
And when I die, I still black :
And you white fellow :
When you born, you pink :
When you grow up, you white :
When you go in sun, you red :
When you cold, you blue :
When you scared, you yellow :
When you sick, you green :
And when you die, you grey :
And you calling me colored??
Nominated by UN as the best Poem of 2006
Written by an African Kid
(ကျွန်မ ကြိုက်တဲ့ ကဗျာတွေထဲက အကြိုက်ဆုံးကဗျာ တစ်ပုဒ်ပါရှင်)
Posted by မဆုမွန် at Monday, January 26, 2009 5 comments
Labels: ကဗျာ
ခါချဥ့်မာန်

နင်းစမ်း ငါ့ပုခုံးပေါ်
တစ်ထစ်ပြီး တစ်ထစ်
ချည်စမ်း ငါ့ကိုယ်ကို
တစ်ရစ်ပြီး တစ်ရစ်
ချစမ်း အနှောင်အဖွဲ့တွေ
တစ်နှစ်ပြီး တစ်နှစ်
ငါ့ရင်မှာ တဆစ်ဆစ်နာနေရက်နဲ့
ဖြစ်ဖြစ်မည်အောင် လျော့ထားရတဲ့ စိတ်တစ်ခုနဲ့
ငါ့ကိုယ်ကိုတော့ နင်တို့ ပြုချင်တိုင်း ပြုခဲ့
ဒါပေမယ့် ဘယ်တော့မှ (ဘယ်တုန်းကမှ)
ငါ့ဦးက အောက်မချ ငါ့ဒူးက ညွတ်မကျပဲ
ငါ့အလောင်း ငါ့သင်္ချိုင်းဆီ ငါပြန်သယ်နိုင်ဖို့
ငါ့အရိုး ငါကောက်နိုင်ဖို့
ငါ့လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ
ကျိန်းသေတယ် ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်
ဘ၀သံသရာ စက်ဝိုင်း တစ်ပတ်လည်မယ်
မကြာဘူးဆိုတာ ငါယုံတယ်
နင်တို့အတွက် အတုံ့အလှည့်ဆိုတာ လာမယ်
Posted by မဆုမွန် at Monday, January 19, 2009 7 comments
Labels: ကဗျာ
သက်သေ
ခန္ဓာကိုယ်
တိတ်တဆိတ်
အိပ်နေခွင့်ရတာတောင်
အဲဒီ ခန္ဓာကိုယ်နဲ့ တွဲယှက်
အသက်ဆက်ခဲ့တဲ့ စိတ်အစဉ်ဟာ
မိုးခေါင် ရေရှား
ဟိုး အညာတောက
နေလောင်ဒဏ် ခံနေရရှာတဲ့
အမေ့အိမ်ခေါင်းလေးထဲ
ခဏခဏ သွား
စကားများများ မပြောတတ်တဲ့ အမေက
တိတ်တိတ်ကလေး သားကိုငေး
သူအပေးနိုင်ဆုံး မေတ္တာနဲ့
ထမင်းခူးပြီးကျွေးနေသေးတော့တယ်။
PKU – December 10- 2008 ( အစ်ကိုမိုးကျော် စပ်တဲ့ ကဗျာ)
အမေရင်ခွင်ကနေ ခွာ အဝေးတစ်နေရာကို ထွက်သွားကြ ရရှာတဲ့ သားသမီးတွေဟာ အခုလို မိုင်ပေါင်းများစွာ ကွာဝေးတဲ့ နေရာမှာ အမေ့ကို ချန်ရစ်ခဲ့တာ အမေ့ဆီက ထွက်သွားရတာ အမေတွေကို ပစ်သွားကြတာ စွန့်ခွာသွားကြတာတွေဟာ သားတွေ သမီးတွေက မချစ်လို့ မနေချင်တော့လို့ မဟုတ်ဘူးဆိုတာ အမေတို့ကို သိစေချင်လိုက်တာ..
Posted by မဆုမွန် at Wednesday, January 14, 2009 5 comments
Labels: ကဗျာ
ဘ၀နဲ့ရင်းပြီး ခံစားနှစ်သက်တဲ့ အကြိုက်ဆုံး ကဗျာလေးတစ်ပုဒ်
အမြဲတမ်းဘ၀မှာ ရုန်းကန် လူပ်ရှား ကြီးပြင်း လာရတဲ့ အချိန်တွေမှာ တစ်ခုခု ဖြစ်လိုက်တိုင်း တစ်ခုခု ခံစား လိုက်ရတိုင်း တစ်ခုခုအတွက် ထွက်ပေါက်မဲ့နေတဲ့အချိန် စိတ်ဓာတ်ကျ ထိခိုက် ၀မ်းနည်း နာကျင် ခံပြင်း နာကျည်း ရတိုင်း အမြဲ ဖတ်ဖြစ်တဲ့ အကြိုက်ဆုံး ကဗျာလေးတစ်ပုဒ်ပါ ဘ၀မှာ အဖော်မွန်တစ်ယောက်လိုကို ခံစားလို့ရတဲ့ အားပေးဖော် ကဗျာလေး တစ်ပုဒ်ပါ..မောင်ငယ်လေး ဂျဲဂျဲ တက်ခ်ထားတဲ့ အကြိုက်ဆုံး ကဗျာအတွက်လဲ ပို့စ်လေးအဖြစ် အမှတ်တရ တင်လိုက်ပါတယ်..
အင်္ဂလိပ်ကဗျာမူရင်း
IF.....
IF you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:
If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:
If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: 'Hold on!'
If you can talk with crowds and keep your virtue,
' Or walk with Kings - nor lose the common touch,
if neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And - which is more - you'll be a Man, my son!
(by Rudyard Kipling)
အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .
ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .
အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။
(ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်)
Posted by မဆုမွန် at Wednesday, December 10, 2008 5 comments
Labels: ကဗျာ
စောင့်ဆိုင်းရခြင်းတွေမှာ..

---------------------
စောင့်ဆိုင်းရခြင်းတွေမှာ
ငါတို့အတွက်တော့ စောင့်ဆိုင်းရခြင်းတွေမှာ အသားကျနေကြပြီ
လူ့လောကထဲရောက်ဖို့ ကိုးလ စောင့်ရတယ်
စကားပြောတတ်ဖို့ တနှစ်ခွဲလောက် စောင့်ရတယ်
စာသင်ကျောင်းရောက်ဖို့ ငါးနှစ် စောင့်ရတယ်
ကြီးကောင်ဝင်ဖို့ 14 နှစ်လောက် စောင့်ရတယ်
အဆင့်မြင့်တက္ကသိုလ်ဆိုတာ တက်ရဖို့ ဆယ်တန်းအောင်တဲ့အထိ စောင့်ရတယ်
ကံကောင်းရင်ပေါ့လေ ဘွဲ့ရဖို့ 3 နှစ်လောက်တော့ စောင့်ရမယ်
အလုပ်ရဖို့ဆိုလဲ ခန့်မယ့်သူကိုစောင့်ရသေးတယ်
သွားလိုရာရောက်ဖို့ ကျောက်ချထားတဲ့လိုင်းကားပေါ်မှာ ထိုင်စောင့်ရတယ်
အီးမေးတခါပို့ဖို့ ကော်နက်ရှင်ကောင်းတာကို စောင့်ရတယ်
သတင်းဆိုက်တခု ဖတ်ရဖို့ ဆိုင်ကလူအလစ်ကို စောင့်ရတယ်
လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် စားပွဲထိုး လာအမေးကို စောင့်ရတယ်
ချစ်သူရဖို့တောင် သူ့အဖြေကို ရင်ခုန်စွာ စောင့်နေရသေးတာပဲ
ဟုတ်တယ်
ဒါဟာ ပုံသေကားချပ်ပဲ
စောင့်ရမယ်
ပြောင်းလဲဖို့အတွက်ဆို အပြောင်းအလဲကို စောင့်ကိုစောင့်ရမယ်
စနစ်ဆိုးတခုကလွတ်မြောက်ဖို့ မျိုးဆက်တွေတခုစာမက စောင့်နေရဆဲပဲ
အချင်းချင်းညီညွတ်ဖို့တဲ့
တွေ့ဆုံဆွေးနွေးပွဲတွေ တခုပြီး တခု စောင့်ရသေးတာပဲကွယ်
ဒီမိုကရေစီရဖို့အတွက်ဆိုရင်တော့ စောင့်ကို စောင့်ရမှာပေါ့
ဟော ယုံကြည်မှုတခုအတွက်တဲ့ 65 နှစ်စာ စောင့်ရပြန်ဦးမယ်
ငါတို့အတွက်ကတော့ စောင့်ဆိုင်းရခြင်းတွေမှာ အသားကျနေကြပြီပဲလေ……..။
မိုးဆွေ (19-11-2007, 12:00 PM)
ကျွန်မတို့ အားလုံးဟာ တစ်စုံတစ်ခုအတွက် တစ်စုံတစ်ရာကို တစ်စုံတစ်ယောက်ဆီက စောင့်ဆိုင်း နေရသူတွေ သာ ဖြစ်ပါတယ် စောင့်ဆိုင်း နေသူများ အတွက် ကျွန်မ ညီမလေး မိုးဆွေက သူတစ်ချိန်လုံး စောင့်နေရ တာတွေကို စိတ်ကူး ကွန့်မြူးလိုက်တဲ့ ကဗျာလေးကို ကျွန်မ ဘလော့ လေး မွေးနေ့ နှစ်လပြည့် အမှတ်တရ တင်လိုက်ပါတယ် မျိုးဆက်သစ် လူငယ်လေး တစ်ယောက် ဆီက တကယ့်ကို မထင်မှတ်ပဲ သူတို့ အတွေးလေးတွေနဲ့ မထင်မှတ်ပဲ ရေးထားတဲ့ ကဗျာလေး အတွက် မျိုးဆက်သစ် တွေအပေါ် အခုထိ တာဝန်မကျေခဲ့တဲ့ ကိုယ့်ကို ကိုယ်ပဲ အပြစ်တင်မိတယ်..
Posted by မဆုမွန် at Friday, November 21, 2008 12 comments
Labels: ကဗျာ
အငိုဒုက္ခ တိုင်းပြည်
အငိုဒုက္ခ တိုင်းပြည်
လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။
တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။
ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။
သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။
သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။
အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။
သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။
တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။
ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။
ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။
ကောင်းကင်ကို
ကောင်းကင်ကိုရဲ့ ပြောင်မြောက်လွန်းတဲ့ စကားလုံးတွေနဲ့ စီချယ်ထားတဲ့
ကဗျာလေးကို ကြိုက်လို့  ကောင်းကင်ကို ခွင့်ပြုချက်နဲ့ တင်လိုက်ပါတယ်..
မျဝေခံစားကြည့်ပါနော် နေရာတကျလေးပေါ့
Posted by မဆုမွန် at Friday, November 14, 2008 4 comments
Labels: ကဗျာ
အဝေးချစ်
နွေရိပ်အလွန်
လွမ်းဆွတ်ခြင်းတို့
အလေ့ကျ တောင်ပံခတ်တိုင်း
ငါ့ရဲ့သစ်ရွက်စိမ်းကလေး
တရိပ်ရိပ်ကြွေ။
သူရဲကောင်းဆန်ဆန်
နေထိုင်စားသောက်ကြရာမှာ
ဒဏ်ရာအမျိုးမျိုး
ထိုးထိုးကျွေးရပြီး
တခါတရံ
မြစ်ကျိုးအင်းတွေထဲလည်း
လက်ပစ်ကူးရသတဲ့
ဒီလိုနဲ့ …
ငါ့ရဲ့ လင်းတ၀က်မှောင်တ၀က် လမ်းဟောင်းကလေး
ရွှဲရွဲစိုခဲ့။
ငါက မုန်းပြီး
ငါ့ကို ချစ်တဲ့
စည်းအပြင်က တေးသွားထဲ
ဖြူဖြူစင်စင် ကျွမ်းလောင်ပစ်လိုက်ရတဲ့အခါ
အဲဒီ့ရာသီမှာ
ပန်းနုရောင်တွေ အက်ကြောင်းထလို့
မှုန်ပြပြ အလင်းရိပ်တိုင်းကိုလည်း
ငါ့ရဲ့ဆိပ်ကမ်းက
အခါခါ ငြင်းဆန်ခဲ့ပါလျက်နဲ့ …။
အလွမ်းသင့်ချိန်
အရောင်စုံအသွေးစုံ ဖူးပွင့်ချင်ပေမယ့်
ငါ့ရင်နဲ့ အနီးဆုံးက
အဝေးဆုံးဆိုတာ …
ချစ်ခြင်းမေတ္တာရဲ့ ဆယ့်နှစ်ကြိုးကို
ငါနားမလည်ခဲ့တာ အမှန်ပဲ။
ဂငယ်ကွေ့မကွေ့ခင်
တံခါးချပ်အားလုံးပိတ်ပြီး
ရယ်ကြမောကြသတဲ့လား
ဟောဒီ့ကောင်းကင်တခုလုံးသိရဲ့
…………………………
………………………………
ငါကိုယ်တိုင် မခူးဆွတ်နိုင်ပေမယ့်
ငါကိုယ်တိုင် အမည်ပေးခွင့်ရှိတဲ့ ကြယ်ကလေးကို
ဒီည …
အမှတ်တရ ပြောဖြစ်တာတွေပါ ...။ ။
မွန်ဒရာ
ဒေါက်တာ လွဏ်းဆွေဘလော့ဂ်မှ ကူးယူသည်။
Posted by မဆုမွန် at Thursday, October 02, 2008 0 comments
Labels: ကဗျာ
ရွှေဝါရောင်လိုင်းလုံးများ
အဲ့ဒီနေ့ ကမိုးတွေအရမ်းရွာတယ်
ဘန်ကောက် ကောင်းကင်ကြီးတစ်ခုလုံး လျှပ်စီးကြောင်းတွေနဲ့ လင်းလင်းတောက်နေတယ်။
အ၀ါတွေ အ၀ါတွေ အ၀ါလိုင်းကြီးတွေ နိမ့်လိုက်မြင့်လိုက်နဲ့
ဘန်ကောက်မြို့ လည်က ရပ်ဂျထီမွန်လမ်းမကြီးတစ်လျောက်ပြန့် ကျဲနေလေရဲ့ ။။
ဒီမိုကရေစီကျောက်တိုင်အောက်မှာ ဆနပြကားကြီးတွေ စီတန်းနေကြတယ်
အသံနူန်းမြင့် စပီကာကြီးတွေ လေးဘက်လေးတန်တပ်ဆင်ပြီး အော်နေလိုက်ကြပုံများ
(ချွေးဒွေ ချွေးဒွေ ချွေးဒွေ)
ကယ်ပါ ကယ်ပါ ကယ်ပါတဲ့
အသုရာနဲံ့ သိကြားမင်းစစ်ခင်းသလို မိုးကြိုးပစ်သလို အုံးအုံးကြွက်ကြွက်နဲ့ ပေါ့ ။။
မတရားမူတွေ နှောင့်နှေးမူတွေ ဖိနှိပ်မူတွေ ချိုးဖောက်ခံရမူတွေတဲ့ အဂတိလိုက်စားမူတွေတဲ့။။
စီးနင်းထားတဲ့ အစိုးရအိမ်တော်ထဲကနေ တညီတညွတ်တည်း
စပီကာတွေနဲ့ ချိန်ပြီးအော်ဟစ်နေလိုက်ပုံများ
(ချွေးဒွေ ချွေးဒွေ ချွေးဒွေ)
ကယ်ပါ ကယ်ပါ ကယ်ပါတဲ့
ထိုင်းတွေများပြောပါတယ်
ဒါတောင်အစိုးရအိမ်တော်ဆိုတာကို သူတို့က ၀င်စီးနင်းထားပြီး
လုံခြုံရေးတုတ် ဒါးအပြည့်ကိုင်ထားတာနော်
နေပူလိုက် မိုးရွာလိုက် ဘန်ကောက်ရဲ့အစိုးမရတဲ့ရာသီကြားမှာ
ဆနပြသူတွေက သိပ်ပြီး သန့်ပြန့်တောက်ပြောင် လှပလွန်းနေတာတစ်ခုပဲ
ကျဲကျဲတောက်နေအပူရှိန်တွေကြား အ၀ါရောင်ဆင်တူဝတ်စုံတွေကလဲ ဖိတ်ဖိတ်တောက်လို့ 
ခပ်ရွယ်ရွယ်ထိုင်းမလေးတစ်ယောက် ချွေးစို့ လိုမိတ်ကပ်တို့နေလေရဲ့ ။
ဆနပြပွဲလည်ခေါင်မှာပဲ ပို့ စ်ပေးပြီး ပေါ့ထရိတ် ပုံတူ ခဲပန်းချီဆွဲသူက ဆွဲ အနှိပ်ခံပြီးဇိမ်ယူနေသူကလည်း ရှိရဲ့..
ရေပူရေအေးကမ်းလှမ်းသူတွေ အစားအစာထမင်းဟင်းလိုက်ပေးနေသူတွေ
ထိုင်းမှာ ဆနပြရတာပျော်စရာကြီးနော်တဲ့။။
ပျော်စရာကြီးနော်တဲ့။။
ပျော်စရာကြီးနော်တဲ့။။
သူတို့ နဲ့ နယ်ခြားစည်းလေး တစ်ဖတ်သာခြားတဲ့ ငါတို့ မြေမှာလဲ အဲ့သလိုပဲ အ၀ါရောင်တွေလွှမ်းခဲ့တယ်
စက်တင်ဘာမိုးရေဖွေးဖွေးမှာ
သင်္ကန်းစိုတွေနဲ့ ချီတက်လမ်းလျောက် ပြာနှမ်းနေတဲ့နူတ်ခမ်းအစုံ
မေတာပို့နေတဲ့သံဃာတွေ ခြေဗလာနဲ့ နောက်မတွန့်တမ်းလျောက်လှမ်းနေတဲ့
တံလျပ်တွေငြီးငြီးလောင်နေတဲ့ လမ်းမထက်မှာ သွေးချင်းချင်းနီနေတဲ့ ဖ၀ါးစုံ
လက်အုပ်ချီနေတဲ့ အဘွားအိုတွေ အံကြိတ်တောက်ခေါက်နေတဲ့ အဘိုးအိုတွေ မျက်ရည်သွင်သွင်ကျနေတဲ့ အမေတွေ လက်တွေမြဲမြဲချိတ်ပြီး လိုက်ပါသွားတဲ့ အမေတွေရဲ့ ရင်သွေးလေးတွေ
မီးခိုးငွေ့ တွေကြား လူသူကင်းနေတဲ့ လမ်းမထပ်မှာ
ပိုင်ရှင်မဲ့ဖိနပ်အမြီးပြတ်လေးတွေပဲ ကျန်တော့တယ်
ရဲရဲနီးစွေးတဲ့သွေးစက်တွေကတော့
နူတ်ခမ်းပဲ့နေတဲ့ လမ်းဘေးမြောင်းတလျောက် စီးမျောနေလေရဲ့ 
ဆွမ်းကပ်သူ ထောင်ထဲထည့် ရေကပ်သူထောင်ထဲထည့် သာသနာဖျက် အကြည်ညိုဖျက်စေတဲ့အမူဆိုပဲ
လက်ခုတ်တီးအားပေးသူ အတွက်က ၀ါးရင်းတုတ်ဆု
ဆနပြရင်တော့ မျက်ရည်ယိုဗုံးနဲ့ ကံထူးသူက ကျည်ဆံဆုတဲ့
အနီဝတ်ရင် ရိုက် အဖြူဝတ်ရင်ရိုက် အ၀ါရောင်လိမော်သီးတွေကို တိုက် တဲ့
သွေးအလိမ်းလိမ်းနဲ့ အ၀ါရောင် အဖြူရောင် အနီရောင်လူ့ လိုင်းလုံးကြီးတွေ
မျက်စိစုံမှိတ် စူးစူးဝါးဝါး အော်မိတယ်
(ချွေးဒွေ ချွေးဒွေ ချွေးဒွေ)
ကယ်ပါ ကယ်ပါ ကယ်ပါ
မိုးကြိုးကတော့ ၀တ်တရားအရ သွေးစွန်းနေတဲ့ ရွှေတိဂုံကုန်းတော်ထက်ကပဲ ထစ်ချုံးသွားလေရဲ့ 
ထိုင်း မြန်မာဆိုင်မဆိုင်တော့မသိပါ။။
မြန်မာဝန်ကြီးချုပ့်ကတော အချက်အပြုတ်ဝါသနာကြီးတဲ့ ထိုင်းဝန်ကြီးချုပ် ရာထူးအပြုတ်ခံပြီး
ကျွေးတဲ့ညစာကို မိန်မိန်ကြီးစားခဲ့ဖူးတယ်တဲ့။
Posted by မဆုမွန် at Wednesday, September 24, 2008 2 comments
Labels: ကဗျာ
ရွှေဂုံတိုင်ကို လွမ်းတယ်
အိမ်ကို လွမ်းရင် စာဖြစ်တယ်
ချစ်သူကို လွမ်းရင် ကဗျာဖြစ်တယ်
သူငယ်ချင်းတွေကို လွမ်းလို့
အခု ငါငိုချင်း ရေးနေတယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ဒီဇင်ဘာ နောက်ဆုံးရက်ကို ရောက်တိုင်း ငါလွမ်းနေမိတယ်
ငါတို့ သူငယ်ချင်းတွေအားလုံး နောက်ဆုံး ဆုံခဲ့ကြတာကိုပေါ့ …။
လဖက်ရည်ဆိုင်တွေမှာ ငါတို့ရယ်သံတွေ ရှိသေးတယ်
ငါတို့ စကားလုံးတွေက စားပွဲခုံတွေမှာ ပေကျံနေတုန်း
ငါတို့ပေါ့ … တချိန်တုန်းက ရွှေတိဂုံဘုရားမှာ ဓာတ်ပုံရိုက်ခဲ့ဖူးတယ်
ငါတို့ပုံရိပ်တွေ ကျောက်တိုင်သိတယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ငါတို့ပေါ့ အနောက်ရွှေဂုံတိုင် လမ်းမပေါ်မှာ
လမ်းတွေလျှောက်ခဲ့ဖူးတယ်
ငါတို့ခြေရာတွေ ကျန်နေသေးတယ်
သေချာတယ် …
ငါတို့ခြေရာတွေ ပြန်ကောက်ဖို့ ငါတို့ ပြန်လာမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
အခုတော့ တနေရာဆီ်
ရင်ကွဲ ...
ရှင်ကွဲပဲ …
ကျနော်တို့ဟာ သမိုင်းမှာတော့ ကျနော်တို့ ဖြစ်ခဲ့တယ်
ဇာတ်လိုက်တွေချည်းပဲ ပြောပြီး အော်အော်ရယ်ခဲ့တဲ့ ငါတို့
လူတွေရဲ့ အကြည့်အောက်မှာပဲ ရှင်သန်ခဲ့တဲ့ ငါတို့ 
လက်ကိုင် တုတ်တွေလည်း ဖြစ်ခဲ့ဘူးရဲ့
လက်ညှိုးထောင် ခေါင်းညိတ်တွေလည်း ဖြစ်ခဲ့ဖူးရဲ့…။
ဒါပေမယ့် အမေသိတယ် … ငါတို့ကို
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ထောက်လှမ်းရေးနောက်ကို ၀ိုင်းလိုက်နေတဲ့ သူငယ်ချင်းတွေကြားမှာ
အိမ်ပေါ်မှာ အိပ်နေတဲ့ သူငယ်ချင်းကို လွမ်းတယ်
၅၉ တိုးစီးတဲ့ သူငယ်ချင်းကို လွမ်းတယ်
တာမွေညတွေကို လွမ်းတယ်
အရည်ကျဲကျဲ မုန့်တီကို လွမ်းရင်းနဲ့
သူငယ်ချင်းတွေကလွဲရင်
သူစိမ်းကို ဆက်ဆံရေးကျဲတဲ့ သူငယ်ချင်းကို လွမ်းတယ်
ဆေးပေါ့လိပ် ကြိုက်ပြီး ကွမ်းမစားတဲ့ သူငယ်ချင်းကို လွမ်းတယ်
စကားလုံး အကြီးကြီးတွေ ပြောပြီး … လူကောင်သေးတဲ့ သူငယ်ချင်းကို လွမ်းတယ်
တာမွေညတွေကို လွမ်းတယ်
ကိုယ်တိုင်က ချစ်တတ်ပြီး မချစ်ရဘူးလို့ တားဆီးခဲ့တဲ့ သူငယ်ချင်းကို လွမ်းတယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
တခါတခါ အံ့သြတာတခု ရှိဖူးတယ်
ကိုယ့်ကိုယ်တိုင် သိတဲ့ ကိုယ့်ဝန်းကျင်ကို ကာကွယ်ပေးလွန်းတာ တခုပဲ
မထိနဲ့ ... မထိနဲ့ ...
တကယ်ဆို ကိုယ်ကိုယ်တိုင် သိနေခဲ့တာပဲလေ
ရွှေဂုံတိုင်ကိုလွမ်းတယ် …။
လူတိုင်းကို လူတွေလို့ နားလည်တယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
အင်း … အုပ်စုထဲမှာ ခွဲထွက်ခဲ့သူတွေရဲ့ သမိုင်းအကြောင်း ပြောပြမယ်
အင်မတန် ပြဿနာရှာသော … ကောင်မလေးက အခု သတင်းထောက်တဲ့၊
အင်မတန် ကြီးကျယ်သော ကောင်ကလေးက
ကလေးတွေကို စာပြပေးနေရင်းက ဆရာလုပ်တယ်၊
သူတို့နှစ်ယောက် တချိန်ကျရင် ခွဲရမယ်တဲ့ …
ကောင်လေးက ဒုက္ခသည်စခန်းမှာ နေထိုင်ရင်း
ကောင်မလေးကတော့ တရားမ၀င် နေထိုင်ရင်း
သူတို့ ဘာဆက်ဖြစ်ကြမယ် မသိဘူးတဲ့လေ …။
တခါမှ အလုပ်မလုပ်ဖူးတဲ့ ကောင်လေးက အန်ဂျီအိုမှာ ၀န်ထမ်းတဲ့
အေအိုင်ဒီအက်စ် ဝေဒနာသည်တွေ အတွက်တဲ့လေ
လှိုင်သာယာကို လွမ်းတယ် …။
နောက်တယောက်ကတော့ စေတနာ့ဝန်ထမ်းတဲ့
လေလှိုင်းတွေမှာ လေမိုးထန်တတ်တဲ့ ကောင်လေးပေါ့၊
နောက်တယောက်ကတော့ ယုံကြည်ချက်အတွက် နေထိုင်နေတုန်းတဲ့
နောက်တယောက်ကတော့ အမေရဲ့ မျှော်လင့်ချက်တွေကို ငွေယူပြီး ဖြည့်ဆည်းပေးနေတုန်း
ထမင်းစားပွဲမှာစောင့်ပြီး … သားပြန်အလာမှာ သတင်းထူး စောင့်နေတုန်းတဲ့
တွံတေး ဒလကားဈေးတွေသာ တက်တက်လာတယ် သူကတော့ မပြောင်းလဲသေးဘူးလေ
တွံတေးကို လွမ်းတယ် …။
အင်း .. နောက်တယောက်ကတော့ ဘုဘောက်ပြောနေရင်း ကျူရှင်ဆရာ ဖြစ်သွားသတဲ့
စကားပြောရင်းတောင် စိတ်မရှည်တတ်တဲ့ ကျနော်တို့ရဲ့ လူမိုက် အခုတော့ပုံစံက ဆရာလိုပါတဲ့
...........
ဘာဖြစ်ဖြစ်
ဘာကြီးတွေပဲ ဖြစ်ဖြစ် ...
သေချာတယ် ...
ဒေါင်းအလံအောက်မှာပဲ တွေ့ခဲ့ကြတယ်
ငါတို့ ဒေါင်းအလံအောက်မှာပဲ ပြန်ဆုံမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ငါတို့တွေ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ
တွံတေးသိန်းတန် သီချင်းကိုပဲ ဆိုရတော့မပေါ့
ဒါမှမေ့ချင်ယောင် ဆောင်နေသူတွေကို ပြန်သတိရစေမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ကျနော်တို့ဟာ ကျနော်တို့ဖြစ်တယ် ဆိုတာလေးပဲ ပြောချင်ပါတယ်
ငါတို့ဟာ ဘုရားသခင်တောင် မမြင်နိုင်တဲ့ ကြိုးနဲ့ ချည်နှောင်ထားတဲ့ လူငယ်တွေ ဖြစ်တယ်တဲ့ …။
လာဗျာ … ကဗျာရွတ်ရအောင်
ငါတို့ အတူတူဖြစ်တယ်
ငါတို့ဟာ တူညီတဲ့ မတူညီမူတွေ ဖြစ်တယ်
ငါတို့ဟာ မတူညီခဲ့တဲ့ နေရာတွေကနေ တူညီခဲ့တယ် …။
ဒါဟာ ငါတို့အတွက်တော့ အားပေါ့
ကွဲပြားမှုတွေကို ကျေနပ်စွာ လက်ခံရင်းနဲ့
ငါတို့ဟာ တူညီမှုတွေကြားကကို မတူညီမူတွေကို ရှာကြမယ်
ပြီးရင် ပြန်တူညီရမယ်
ဒါ … ငါတို့ ဖြစ်တည်မှု ဖြစ်တယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ဘ၀ရဲ့ အချိန်တော်တော်များများကို ဖြတ်သန်း
ငါတို့ခရီးတွေ ကြမ်းခဲ့ကြပေမယ့်
ငါတို့ဟာ ဇတ်လိုက်တွေ ဖြစ်တယ်
သိပ်သေချာတာ နောက်တခုရှိတယ်
ငါတို့ဟာ ဘယ်တုန်းကမှ ဇာတ်ရံတွေ မဖြစ်ခဲ့ဘူး …။
မယိုင်မလဲ ခိုင်မြဲသော လက်တို့ဖြင့် ဆက်ဖောက်မယ် သူငယ်ချင်း
ငါတို့ဟာ ခေါင်းဆောင်ကောင်းတွေ ဖြစ်နိုင်တယ်၊ နောက်လိုက်ကောင်းတွေလည်း ဖြစ်တယ်
သေချာတယ် ငါတို့ဟာ အမေတူ သားသမီးတွေဖြစ်တယ်
ဒါဟာ သမိုင်းကပေးတဲ့ လက်ဆောင်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ငါတို့ဟာ တနေရာစီ စီးမျောချင် စီးမျောနေမယ်
သေချာတယ် ပြန်ကပ်မယ့် ကမ်းဟာ တခုတည်း ဖြစ်တယ်
ငါတို့ ပြန်လာမယ်
တန်ဖိုးထားတတ်အောင် ထားကြရမယ်
ငါတို့ရဲ့ အရိပ်တွေကို ဆေးမသုတ်နဲ့ မဖျောက်ဖျက်နဲ့ ငါတို့ပြန်လာမယ်
စွန့်ခွာခဲ့တာ မဟုတ်ဘူး ဆိုတာတခုပဲ အရင်ပြောမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ငါတို့ ပြန်လာမယ်
ငါတို့ ကတိပေးတယ်
ငါတို့ရဲ့ အရေခွံတွေကို ခွာခဲ့ပေးမယ်
ဝပ်ကျင်းဟောင်းလေးမှာ .. ငါတို့ရဲ့ ဥခွံဟောင်းတွေ ရှိသေးတယ်
ငါတို့ ပြန်လာမယ်
သိပ်သေချာတာ တခုထပ်ပြောမယ်
ငါတို့ဟာ ငါတို့ဖြစ်တယ်
ကောင်းလိုက်တဲ့ ဒီဇင်ဘာညတည ဖြစ်ခဲ့ပြီ သူငယ်ချင်းရေ …
အိုကေ … သူငယ်ချင်း ...
မြန်မာပြည်က ကောင်းကင်နဲ့ ထိုင်းနိုင်ငံက ကောင်းကင်
သေချာတယ် အခုချိန်ဆို အရောင်တူနေမှာ ...
ဝမ်းနည်းစရာတော့ တွေ့မယ်
သူငိုချင်လို့ မိုးတော့ညို့နေမယ်
ပြီးရင် ရောင်နီလာမယ်
ငါတို့ ပြန်ဆုံမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
အဲဒီအချိန်ကို ငါစောင့်နေမယ် သူငယ်ချင်း
၂၀၀၈ကို အတူကြိုမယ် .. သေချာတယ်
လိုင်သာယာရဲ့ အဝေးပြေးလမ်းမကြီး တနေရာမှာ
တေးသံတွေ အခုထိ ပဲ့တင်သံ ကြားနေတုန်းပဲတဲ့ ...
နှစ်သစ်ကူးတွေဟာ အဲ့တုန်းကလိုပဲ လှနေမယ်ဆိုတာ ယုံကြည်တဲ့နေ့ ငါတို့ ပြန်လာမယ်
သေချာတာပေါ့ ဒီနှစ်ဟာ ငါတို့ဖြစ်ရမယ်
မျက်နှာသစ်ပြီး ငါတို့ လက်ဖက်ရည် သောက်ကြမယ် ...
ဘာဖြစ်ဖြစ် .. အခါးရေအိုးတွေကတော့ တာဝန်ကျေနေဦးမှာပဲ ငါတို့သိတယ်
ငါတို့ ပြန်လာမယ်
ဟုတ်ပြီ သူငယ်ချင်း
သေချာတယ်
ငါတို့ တနေ့ ပြန်ဆုံမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။ ။
မင်းဆုမြတ်
Posted by မဆုမွန် at Tuesday, September 23, 2008 2 comments
Labels: ကဗျာ
နယူးရီးယားည ထိုင်းမှာသာတဲ့လ
ကောင်းကင်ကြီးကို ကြည့်ပြီး ကြေကွဲနေတာလေ
ဘန်ကောက်မှာ ကောင်းကင်ကြီးကို မီးပန်းတွေနဲ့ ပစ်ပေါက်ကြတော့မယ်
ကောင်းကင်ကြီးက ပြောတယ်
ငါ့ရင်ကို မီးနဲ့ပေါက်မှ ပျော်မယ်ဆိုရင် ပျော်ပါတဲ့ …။
ကောင်းကင်ကြီးက ပြောတာပါ
ကောင်းကင်ကြီးက သူ့ဘာသာသူ နေနေတာပါ
ငါ့ရင်ကို မီးနဲ့ပေါက်မှ ပျော်မယ်ဆိုရင် ပျော်ပါတဲ့
ဘန်ကောက် ကောင်းကင်ကြီးကို မကြည့်ရက်ဘူး
မိုးမင်းကြီးက ကောင်းကင်ကြီးကို မကြည့်ရက်ပေမယ့်
ဆောင်းနတ်မင်းကြီးက နှင်းမှုန်လေးတွေ ဖြန်းပေးပါမယ်တဲ့
နှစ်သိမ့်ပုံများ ပြောပါတယ် …။
အလန့်တကြား ထအော်လိုက်တယ်
‘ဟက်ပီး နယူးရီးယား’တဲ့
ကောင်းကင်ကြီးမှာ မီးတွေ ဖြာကျနေလိုက်တာ
နောက် သူများက ‘ဟက်ပီး နယူးရီးယား’
ငါက ‘ဖရီးဘားမား’ တဲ့ …။ ။
Posted by မဆုမွန် at Tuesday, September 23, 2008 1 comments
Labels: ကဗျာ
ကြွေလွင့်ကြယ်တစ်ပွင့်
အခုတလော ကြယ်တွေ သိပ်ကြွေလွန်းတယ်….
နက်မှောင်နေတဲ့
ဟော့ဟိုကောင်းကင်ကြီးမှာပေါ့…..
ပိန်းပိတ်နေတဲ့ကြားက အလင်းလက်ဆုံးတောက်ပနေလိုက်ကြတာ
တစ်ချို့ကြယ်စင်တွေ အလင်းဆုံးတောက်လောင်ပြီးမှ ကြွေကျသွားတယ်…..
အခုတလော ကြယ်တွေကြွေလိုက်တာ…………
အခုတလော နွေနေကလဲ သိပ်ပူလွန်းတယ်
ပူပြင်းလောင်ကျွမ်းနေတဲ့
ဟော့ဟို မြန်မာပြည်ဘက်ခြမ်းမှာပေါ့….
မြန်မာ့မူမြန်မာ့သွေး မြန်မာ့အရေး အမြဲရှေ့ တန်းကပါတဲ့
အဲ့ဒီ့မနလာမှာလောင်ခဲ့သမျ..မီးထဲမှာ.. ဒီအပူမီးအကြီးဆုံးပဲ..
ကျမျက်ရည်တွေဆိုတာလဲ ငြိမ်းလို့ ကိုမနိုင်ဘူးတဲ့…
အခုတလော မီးတွေလောင်လိုက်တာ…
အမေ..
ကွဲလွဲမူတွေသိပ်များလွန်းတဲ့ ဒီနေရာမှာ တူညီမူကတစ်ခုတည်းရှိတယ်..
အားလုံးရဲ့ တူညီတဲ့နူတ်ဖျားကထွက်တဲ့ နာမ်စားက
အားလုံးအတွက်
ငါတို့ အမေ…တဲ့..
အမေ…..ငြိမ်းချမ်းတဲ့ဘုံဘ၀မှာအေးချမ်းစွာ အနားယူနိင်ပါစေ…..
အမေ့ရှေးစကားနဲ့ လူဖြစ်လာတဲ့
သမီးမဆုမွန်
Posted by မဆုမွန် at Tuesday, September 23, 2008 1 comments
Labels: ကဗျာ
ခွဲခွာခြင်းနိမိတ်
တွေ့ဆုံပြီးရင် ကွဲကွာခြင်းဆိုတာ
မဖြစ်မနေရှိလာမှာပါ
ဒါပေမဲ့ အဲဒီနိယာမတွေထဲမှာ
သံယောဇဉ်တွေမပါခဲ့ရင် သိပ်ကောင်းမှာပဲ
အခုတော့
အမှတ်တရတွေက ခြေရာအထပ်ထပ်ထင်လို့
အမှောင်ထဲမှာ
မကြားရတဲ့လှိုင်းပုတ်သံကို နားစွင့်ခဲ့တဲ့ညတွေ
အလဲအကွဲငြင်းခုန်ခဲ့တဲ့ စကားသံတွေ၊ ဇာတ်ကြောင်းတွေ
ဟာရီယို၊ ဒိုင်ကြောင်၊ ကက်ပချီနို အားလုံးက
ငါ့မှတ်ဉာဏ်မှာ ပြိုးပြက်လို့
ဒီမှာ စက္ကန့်တိုင်းသတိရနေမယ်ဆိုတာ ညာတာ
ဒါပေမဲ့
လစ်ဟာသွားတဲ့နေရာကိုမြင်တိုင်း
အကြင်နာစစ်ရင် ကို ကြားတိုင်း
မျက်ရည်မဝိုင်းမိစေဖို့ဖြေဆေး
ငါတို့ကို ပေးခဲ့စမ်းပါ
စုကလေး
(ကျွန်မညီမလေး စုကလေးရဲ့ ကျွန်မအတွက် ရေးပေးတဲ့ ကဗျာလေးပါ။
ကျွန်မတို့ ဇန်နဝါရီရဲ့ အေးချမ်းတဲ့နေ့ရက်တစ်နေ့မှာ ငွေဆောင်ကမ်းခြေကိုရောက်ခဲ့ကြတယ်။
ညတိုင်း အိပ်ဖို့ကို မစဉ်းစားဖြစ်ခဲ့ဘဲ ပင်လယ်ပြင်ကြီးဆီကနေ မမြင်ရတဲ့လှိုင်းပုတ်သံကို နားစွင့်ခဲ့ရင်း ရင်ပွင့်ခဲ့တဲ့ညတွေနဲ့ ပြန်ပြောင်းပြောဖြစ်ခဲ့တဲ့ အတိတ်ဇာတ်ကြောင်းတွေ၊
မယုံနိုင်လောက်အောင် ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းတွေ၊ ကျွန်မတို့ရဲ့ အကိုတွေရယ်နဲ့ အကြင်နာစစ်ရင် သီချင်းကို အမြဲတမ်းလွမ်းဆွတ်နေမိခဲ့ပါတယ်။
ရန်ကုန်ကိုပြန်ရောက်ခဲ့တဲ့နောက်မှာတော့ ကျွန်မတို့ ဟာရီယို ဆိုတဲ့ ကော်ဖီဆိုင်လေး မှာ ထိုင်ဖြစ်ခဲ့ကြတယ်။ ကော်ဖီခါးခါးကို ကြိတ်မှိတ်သောက်ရင်း အမြှုပ်ကော်ဖီလို့ ကက်ပချီနို ကော်ဖီကို ခေါ်ခဲ့ကြတယ်။ နောက်ပြီး လပ်ကီးဆဲဗင်းလက်ဖက်ရည်ဆိုင်လေးကိုလည်း လွမ်းမိပါတယ်။
အခုချိန်မှာ ပြန်ရဖို့ မလွယ်ကူတဲ့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ခွင့်လေးရယ်၊ ကော်ဖီဆိုင်က ဆေးခါးကြီးလို့ နာမည်ပေးထားတဲ့ ကက်ပချီနိုကော်ဖီရယ်၊ M3 ရဲ့သံစဉ်ညတွေရယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ တောဂေါ်လီနဲ့ ဖုတ်လှိုက်ဖုတ်လှိုက်ရယ်ကို လွမ်း ဆွတ်နေမိပါတယ်)
Posted by မဆုမွန် at Friday, September 19, 2008 1 comments
Labels: ကဗျာ



