စောင့်ဆိုင်းရခြင်းတွေမှာ..



---------------------
စောင့်ဆိုင်းရခြင်းတွေမှာ

ငါတို့အတွက်တော့ စောင့်ဆိုင်းရခြင်းတွေမှာ အသားကျနေကြပြီ

လူ့လောကထဲရောက်ဖို့ ကိုးလ စောင့်ရတယ်
စကားပြောတတ်ဖို့ တနှစ်ခွဲလောက် စောင့်ရတယ်

စာသင်ကျောင်းရောက်ဖို့ ငါးနှစ် စောင့်ရတယ်
ကြီးကောင်ဝင်ဖို့ 14 နှစ်လောက် စောင့်ရတယ်

အဆင့်မြင့်တက္ကသိုလ်ဆိုတာ တက်ရဖို့ ဆယ်တန်းအောင်တဲ့အထိ စောင့်ရတယ်
ကံကောင်းရင်ပေါ့လေ ဘွဲ့ရဖို့ 3 နှစ်လောက်တော့ စောင့်ရမယ်

အလုပ်ရဖို့ဆိုလဲ ခန့်မယ့်သူကိုစောင့်ရသေးတယ်
သွားလိုရာရောက်ဖို့ ကျောက်ချထားတဲ့လိုင်းကားပေါ်မှာ ထိုင်စောင့်ရတယ်

အီးမေးတခါပို့ဖို့ ကော်နက်ရှင်ကောင်းတာကို စောင့်ရတယ်
သတင်းဆိုက်တခု ဖတ်ရဖို့ ဆိုင်ကလူအလစ်ကို စောင့်ရတယ်

လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် စားပွဲထိုး လာအမေးကို စောင့်ရတယ်
ချစ်သူရဖို့တောင် သူ့အဖြေကို ရင်ခုန်စွာ စောင့်နေရသေးတာပဲ

ဟုတ်တယ်
ဒါဟာ ပုံသေကားချပ်ပဲ
စောင့်ရမယ်

ပြောင်းလဲဖို့အတွက်ဆို အပြောင်းအလဲကို စောင့်ကိုစောင့်ရမယ်
စနစ်ဆိုးတခုကလွတ်မြောက်ဖို့ မျိုးဆက်တွေတခုစာမက စောင့်နေရဆဲပဲ

အချင်းချင်းညီညွတ်ဖို့တဲ့
တွေ့ဆုံဆွေးနွေးပွဲတွေ တခုပြီး တခု စောင့်ရသေးတာပဲကွယ်

ဒီမိုကရေစီရဖို့အတွက်ဆိုရင်တော့ စောင့်ကို စောင့်ရမှာပေါ့
ဟော ယုံကြည်မှုတခုအတွက်တဲ့ 65 နှစ်စာ စောင့်ရပြန်ဦးမယ်

ငါတို့အတွက်ကတော့ စောင့်ဆိုင်းရခြင်းတွေမှာ အသားကျနေကြပြီပဲလေ……..။

မိုးဆွေ (19-11-2007, 12:00 PM)

ကျွန်မတို့ အားလုံးဟာ တစ်စုံတစ်ခုအတွက် တစ်စုံတစ်ရာကို တစ်စုံတစ်ယောက်ဆီက စောင့်ဆိုင်း နေရသူတွေ သာ ဖြစ်ပါတယ် စောင့်ဆိုင်း နေသူများ အတွက် ကျွန်မ ညီမလေး မိုးဆွေက သူတစ်ချိန်လုံး စောင့်နေရ တာတွေကို စိတ်ကူး ကွန့်မြူးလိုက်တဲ့ ကဗျာလေးကို ကျွန်မ ဘလော့ လေး မွေးနေ့ နှစ်လပြည့် အမှတ်တရ တင်လိုက်ပါတယ် မျိုးဆက်သစ် လူငယ်လေး တစ်ယောက် ဆီက တကယ့်ကို မထင်မှတ်ပဲ သူတို့ အတွေးလေးတွေနဲ့ မထင်မှတ်ပဲ ရေးထားတဲ့ ကဗျာလေး အတွက် မျိုးဆက်သစ် တွေအပေါ် အခုထိ တာဝန်မကျေခဲ့တဲ့ ကိုယ့်ကို ကိုယ်ပဲ အပြစ်တင်မိတယ်..

12 Comments:

Anonymous said...

ကဗျာလေးက တော်တော်ကောင်းတယ်
အတွေးလဲ ကောင်းတယ်
ဟုတ်တယ် ကျွန်တော်တို့အားလုံးဟာ တစ်စုံတစ်ခုအတွက် စောင့်ဆိုင်းနေရတဲ့သူတွေချည်းပါပဲ.....တစ်နေ့နေ့ပေါ့ဗျာ..

Anonymous said...

မိုးဆွေရေ
၆၅နှစ် မစောင့်ရနိုင်ပါဘူးကွာ..သူတို့ အဲ့ဒီ့လောက်ခံမယ် မထင်ဘူး...ကဗျာလေးကို ထပ်တူ ခံစားသွားတယ်

ဖိုးဂျယ် said...

ကောင်းလိုက်တဲ့ အတွေးလေးဗျာ
အချိန်နည်းနည်းတော့ စောင့်လိုက်တာပေါ့။

အိပ်မက်နိဒါန်း said...

ကဗျာကောင်းလေး တစ်ပုဒ်ကိုခံစားသွားပါတယ်...

ဟန်လင်းထွန်း said...

မစောင့်ချင်ရင် တစ်ခုတော့ရှိတယ်၊။ ကောင်းတယ်

ဟန်လင်းထွန်း said...

မစောင့်ချင်တာ တစ်ခုတော့ရှိတယ်။။ စတာ ကောင်းတယ် ကဗျာလေး

Anonymous said...

ဟုတ်တယ် ဒေါ်စုရေ လူအားလုံးဟာ စောင့်စားနေကြသူတွေချည်းပါ။
အားလုံးတူညီတဲ့ စောင့်စားခြင်းကတော့ သေမဲ့နေ့ကိုပေါ့
ဒီလို စာလေးတွေဖတ်ရတာ အရသာရှိတယ်ဗျာ ဆက်ရေးပါ

ခေါင်ခေါင် said...

ကဗျာလေးက အရမ်းအတွေးလေးကောင်းတယ်...
ဘယ်ထိစောင့်နေရဦးမလဲ..

Anonymous said...

စာလေးကတော်တော်ကောင်းတယ်ဗျာ
ကျတော်တို့မျှော်လင့်နေတာလည်းတခုရှိတယ်
အမှောင်ကြားကမြန်မာပြည်ကြီး အလင်းကိုရောက်ဖို့ပေါ့

Anonymous said...

စာလေးကတော်တော်ကောင်းပါတယ်
ကျတော်တို့မျှော်လင့်နေတာတခုရှိတယ်
အမှောင်ကြားက မြန်မာပြည်ကြီး အလင်းမြန်မြန်ရောက်ဖို့ပေါ့

ငှက်ငယ်လေး said...

အတွေးလေးက မိုက်ရယ်...မွေးနေ့ မြန်မြန်ရောက်ချင်နေပြီ လက်ဆောင်လို ချင်လို့ ဟီးး..စောင့်လိုက်ဦးမယ်

ငှက်ငယ်လေး said...

အတွေးလေးက မိုက်တယ်...မွေးနေ့ မြန်မြန်ရောက်ချင်ပီ... လက်ဆောင်လို ချင်လို့ ...စောင့်ရဦးမယ် ဟီးး