မဆုမွန်ရဲ့ တိုင်းပြည်လေးကို အချိန်ပေးပြီး လာလည်ခဲ့ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်တယ် တလက်စတည်း ကျွန်မ နုတ်ဆက်ပါတယ်...တစ်ချိန်ကျရင်တော့ ဘလော့ခ်လေးကို ပြန်လာနိုင်မယ်လို့ မျှော်လင့်တယ်..ဘလော့ခ်မှာ ရေးခဲ့တဲ့ ပို့စ်တွေထဲမှာ ဖတ်တဲ့သူတွေ ကို စိတ်အနှောင့်အယှက်ဖြစ်စရာ အကြောင်းအရာတွေများ ပါသွားခဲ့ရင် တကယ့်ကို အနူးအညွတ် တောင်းပန်တယ်. အားလုံး စိတ်ရော ကိုယ်ရော ငြိမ်းချမ်းကြပါစေရှင်။
ဒါ့အပြင် ..မဆုမွန် ဒီကနေ့ တန်ဆောင်မုန်း လပြည့်ကျော်သုံးရက်နေ့မှ စတင်ပြီးလည်း facebook အတွင်း Farm Town, Farm Ville, Yo Ville, Cafe World ဆော့ကစားခြင်းမှ ရာသက်ပန် အနားယူတော့မည်ဖြစ်ကြောင်း ဆော့ဖော် ဆော့ဖက် ၃၁ ဘုံသား ဝေနေယျ သတ္တ၀ါ အများကို အသိပေးအပ်ပါတယ်။
နုတ်ဆက်တယ်
Posted by မဆုမွန် at Wednesday, November 04, 2009 28 comments
Labels: နုတ်ဆက်ပို့စ်
လွမ်းမိတဲ့ အိုးပုတ် ဂျိုးရုပ်နဲ့ ပလုတ်တုတ်လေးများ
ငယ်ငယ်ကဆို သွားနဲ့နေပြီဆို လျှာလေးနဲ့ထိုးလိုက် ကလော်လိုက် နဲ့လိုက် ထွက်လာတဲ့ သွေးလေးတွေကို စုပ်လိုက်နဲ့ လူပ်တုပ် လူပ်တုပ် သွားလေးကို လျာလေးနဲ့စမ်းစမ်းပြီး အရသာခံနေပါတယ်။ ကျိုးခါနီးပြီဆိုရင်တော့ သွားအခြေရင်းကို အပ်ချည်ကြိုးဖြူလေးနဲ့ တုပ်နှောင်ပြီးတာနဲ့ အစ်ကိုတစ်ယောက်ယောက်က သွားကို ဆတ်ကနဲ ကြိုးနဲ့ ဆွဲနုတ်ပါတယ်။ တစ်ခါတစ်လေဆိုရင် အဖေက ကိုယ့်သွားလေးကို ကိုင်ပြီး မှန်းစမ်း မှန်းစမ်း ကိုင်ကြည့်မယ်ဆိုပြီး သွားကို ဆတ်ကနဲ ဆွဲနုတ်လိုက်တယ် ဆိုရင်ပဲ ပါသွားပါပြီ။ မျက်စိကိုစုံမှိတ် အားကနဲ အော်ပြီး မျက်ရည်လေးစမ်းစမ်းနဲ့ ရေနဲ့ပလုပ်ကျင်း လိုက်တယ်ဆိုရင်ပဲ သွားတစ်ချောင်းက ပြုတ်သွားပါပြီ။ အပေါ်သွားဆို မြေမှာ သွားမြုတ် အောက်သွားဆို မိုးပေါ်ပစ်ပြီး ကြွက်လေးရေ နင့်သွား ငါ့ပေး ငါ့သွား နင်ယူလို့ ငယ်သံပါအောင် အာခေါင်ခြစ်အော်တာ သတိရပါတယ်။
ကျွန်မ ငယ်ငယ်ကဆို တစ်မတ်တန် ရှားမီးသကြားလုံးကြီးကို သိပ်ကြိုက်ပါတယ်။ ပါးစောင်မှာ ငုံထားပြီး တမြုံ့မြုံနဲ့ အရသာခံရတာကိုက အရသာတစ်မျိုးပါ။ အဲ့တာကြောင့် ကျွန်မသွားတွေဆို အချိုကြိုက်လွန်းလို့ သွားပိုးစားပြီး ရှေ့သွားနှစ်ချောင်းက လေ၀င်ပေါက်လေးလို သွားကျိုးဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် မန်ကျည်းသီးစေ့လေးတွေကို လှော်ပြီး စက္ကူကန်တော့လေးနဲ့ ငါးပြားဖိုး ဆယ်ပြားဖိုး ရောင်းတဲ့အခါ မြုံ့ထားပြီးမှ တတောက်တောက်နဲ့ ကိုက်ဝါးရတာလည်း အရသာတစ်မျိုးပါပဲ။ နောက်တစ်မျိုးက ကုက္ကိုလ်စေ့သေးသေးလေးတွေကို လှော်စားတာလဲ ကြိုက်ပါတယ်။ နောက် ဗာဒံစေ့ကို အစေးအပေခံပြီးကို အုတ်နီခဲနဲ့ထုပြီး အထဲက အဆံဖြူဖြူလေးကို လက်သည်းမဲမဲလေးတွေနဲ့ ခွာစားရတာဆိုရင်ဖြင့် ဘယ်အရသာနဲ့မှ မလဲနိုင်ပါဘူး။
နောက်နည်းနည်းပိုက်ဆံရှိရင်တော့ ရေခဲစိမ်ကွမ်းယာကို ၀ယ်စားလေ့ရှိပါတယ်။ ဖရုံယို ဒူးရင်းယို နာနတ်ယိုလို အချိုလေးတွေ မြေပဲဆံလေးတွေ အစိမ်းရောင် ယိုလေးတွေ ထည့်ပြီး အချိုယာပေးထားတဲ့ ကွမ်းယာလေးတွေကို ရေခဲစိမ်ထားတာပါ။ နောက် နို့ဆီဆမ်းထားတဲ့ အစိမ်းတစ်ခြမ်း အနီတစ်ခြမ်း ရေခဲပေါက်စီကိုလည်း အရမ်းကြိုက်ပါတယ်။ ဓားလှီးမုန့်လို့ခေါ်တဲ့ အဖြူရောင်နို့အေးချောင်းကြီးကို လက်တစ်လုံးစာလေးတွေ ဖြတ်ဖြတ်ပြီး သစ်သားတုတ်နဲ့ထိုးရောင်းတာ နောက် စက်ဝိုင်းပုံစံ ဒလက်ကြီးကို တစ်ခါလှည့် တစ်မတ်ငါးမူးနဲ့လှည့်ပြီး ကျလာတဲ့ နံပတ်စဉ်အတိုင်း ဒါးလှီးရေခဲချောင်းစားရတာကိုလည်း သတိရပါတယ်။ တစ်ခါ ဘောလုံးကွင်းလို ကွင်းလေးထဲက ဖန်ဂေါ်လီလုံးလေးကို အခုဘိလိယက်ထိုးသလို တုတ်တံလေးနဲ့ ထိုးလိုက်ပြီး ဖန်ဂေါ်လီလုံး လေး လိမ့်တဲ့နေရာ တင်တဲ့ သံချောင်းလေးတွေပေါ်က နံပတ်အတိုင်းလည်း ရေခဲချောင်းကို စားရပါတယ်။ ကျွန်မငယ်ငယ်ကဆို ရိုးရိုးတန်းတန်း တစ်ခါမှ မုန့်ကို ၀ယ်မစားပါဘူး။ အဲ့လို ကိုယ်တိုင်ကစားပြီးမှ ရလာတဲ့ နံပတ်အတိုင်း စားရတာကို ပိုသဘောကျလေ့ရှိပါတယ်။
ကျွန်မ ကြိုက်တဲ့ မုန့်တစ်ခုက ဂျစ်တူးဇီးတော်ဖီမုန့် အိတ်ထဲမှာ ကာတွန်းစာအုပ်သေးသေးလေးပါပါတယ်။ နောက် ဆီးသီးအကြီးကြီးတွေကို ယိုရွှဲရွှဲထိုးထားတဲ့ စံရွှေမြင့် ရွှေအိုးဇီးထုပ် နောက် အ၀ါရောင် ထန်းလျက်ချောင်းအရှည်ကြီးတွေ ကိုလည်း အားပေးပါတယ်။ နောက် အုန်းသီးကပ်စေးနဲကို ဒန်ခွက်လေးနဲ့ချရောင်းပြီး တုတ်လေးနဲ့ ရစ်ကာ ပတ်ကာနဲ့ အခွေလိုက်လေး အုန်းသီးကပ်စေးနဲ တုတ်မုန့်လေးကိုလဲ ကြိုက်ပါတယ်။ နောက် ဂျုံနဲ့လုပ်ထားတဲ့ ဒုတ်ထိုး အရုပ်မျိုးစုံကိုလည်း အမြဲတမ်း အရုပ်သည်ကြီးဘေးမှာ ငုတ်တုတ်ထိုင်ြ့ပီး အားပေးပါတယ် အစိမ်းရောင်အနီရောင် အပြာရောင် ဒီဇိုင်းအစုံလုပ်ထားတဲ့ ကြက်တူရွေး နဂါး ဖား ကြက်ဖ စတဲ့အရုပ်လေးတွေရဲ့ အောက်မှာ ပီပီလေးတပ်ပေးထားပြီး အရုပ်အစုံလုပ်ရောင်းတာပါ။ ကလေးတွေ ၀ိုင်းဝိုင်းလည်တဲ့ အရုပ်သည်ကြီးပေါ့။
ကျွန်မ ကစားစရာတွေထဲမှာ အကြိုက်ဆုံးကတော့ ဂျင်ပေါက်တာပါပဲ။ စက်ဝိုင်းကြီးရဲ့အလည်မှာ ၀င်ဆို့ ထွက်ဆို့နဲ့ ခပ်မြန်မြန် ကြိုးကို ရစ်ပြီး ဆို့မြန်မြန် လု ရတာ၊ သေသေချာချာ ချွန်ထားတဲ့ သံချွန်ပါတဲ့ ကိုယ်ဂျင်လုံးနဲ့ ၀ိုင်းအလည်မှာ ချပေးထားရတဲ့ ဂျင်ထိပ်တည့်တည့်ကို ခွပ်ကနဲ ကွဲအောင် ပိတ်ပေါက်ရတဲ့ အရသာကို အကြိုက်ဆုံးပါ။ လေးခွသေးသေးလေးတွေနဲ့ လောက်စလုံးလုံးပြီး ဘေးလွယ်အိတ်ထဲ ထည့်ပြီး ရှိသမျ မြွေ ဖား ကင်းလိပ်ချော အိမ်မြှောင် စာကလေး ကျီးကနှ်းရှဥ့် အကုန်လိုက်ပစ်ရတာလည်း ကြိုက်ပါတယ်။ ကျွန်မတို့ခြံထဲက အပင်တွေမှန်သမျ ကျွန်မ မတက်ဘူးတဲ့ အပင်မရှိပါဘူး။ ဘယ်လောက် တက်ကစားကြသလဲဆိုရင် ပင်စည်တောင် ချောမွတ်နေပါတယ်။ ကျွန်မတို့ရဲ့ခြံလေးအကြောင်း ဒီမှာ ရေးဖူးပါတယ်။
နေအရမ်းပူရင်တော့ သစ်ပင်အရိပ်အောက်မှာ သားရေကွင်းတွေအများကြီးကို လက်ကောက်ဝတ်မှာ ၀တ်ထားပြီး ဂေါ်လီပစ်ရတာ ရမ်ဘိုရုပ်တွေ စစ်သားရုပ်လေးတွေကို ထောင်ပီး ခေါင်ထိကုန် ရအောင် ဂေါ်လီပစ်လေ့ကျင့်တာ.ထမင်းလုံးရယ် မှန်ကွဲစတွေရယ်နဲ့ သစ်ပင်တွေပတ်ပတ်လည်မှာ အပ်ချည်ကြိုးကို ချည်ပြီး မှန်စာတိုက်ပြီး စွန်ကို ကော့သွားအောင် ဖြတ်ရတဲ့အရသာ အဲ့လိုကစားနည်းတွေကို ကျွန်မ ငယ်ငယ်က အထက်ကို အစ်ကိုသုံးယောက်နဲ့ အပြိုင် အကုန်ဆော့ပါတယ်။ နောက် ၀ါးလုံးနှစ်ချောင်းရဲ့ အလည်မှာ သစ်သားတန်းလေးခံပြီး ကုလားမ ခြေထောက်တမ်း အပြိုင် ၀ါးလုံးတန်းပေါ် ကုတ်တက်ပြီး လမ်းလျောက်ပြိုင်တာ သစ်သားဖုလေး ကျွတ်ကျပြိး ပြုတ်ကျတုန်းကလည်း သွားကျွတ်ဖူးပါတယ်။
နောက်တစ်ခု ကျွန်မ အကြိုက်ဆုံး ပေါင်ပေါင်သေနတ်ပါ။ ပေါင်ပေါင်သိးလို့ခေါ်တဲ့ အသီးစိမ်းစိမ်းလေးတွေနဲ့ ပုလွေပုံစံဝါးစိမ်းလုံး အပေါက်လေးထဲကို အသီးလေး တေ့ပြီး ထည့် နောက် တုတ်တံသေးသေးလေးနဲ့ ဒုတ်ကနဲ ဆောင့်ထိုးလိုက်ရင် ပေါင်ကနဲ မြည်ပြီး မျက်နှာတည့်တည့် နဖူးတည့်တည့် နောက်စိတည့်တည့် မှန်ရင် မစားသာတာ အမှန်ပါ။ နောက်ဆုံး ကျွန်မတို့ ကလေးတန်းလေးတွေက ပေါင်ပေါင်သေနတ်ကိုင်ပြီး အကြမ်းဖက်လာလို့ မျက်စိတွေ သွားတွေအကုန် ပြုတ်ကုန်မှာစိုးလို့ ကျောင်းမှာ ပေါင်ပေါင်လက်နတ်ကိုင်ဆောင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒါပေမယ့် လွယ်အိတ်လေးတွေကို နောက်ပြန်ပစ်ပြီး ကျောပိုးလွယ်ထားတဲ့ ကျွန်မတို့ကတော့ ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ တရကြမ်း ပြေးထွက်လာပြီး ကျောင်းဝင်းအပြင်ဘက်ရောက်တာနဲ့ ပေါင်ပေါင်သေနတ်တိုက်ပွဲ ဆင်နွဲကြတော့တာပါပဲ။
ကျွန်မအစ်ကိုတွေက ကျွန်မတို့ မရမ်းကုန်း အောင်မင်္ဂလာရပ်ကွက်မှာဆိုရင် ကလေးဗိုလ် ဆရာကောင်တွေဖြစ်နေတော့ ကျွန်မကလည်း အစ်ကိုတွေနဲ့ အပြိုင် လူမိုက်ပါ။ သရဲအရမ်းခြောက်တဲ့ ဆိုတဲ့ ဦးရွှေ ဆီးခြံထဲမှာ ကလေးတွေကို အုန်းမူတ်ခွက် သရဲပြမယ် အုန်းမူတ်ခွက်ခုန်ခုန်ထလာတာကို တစ်ခါကြည့် တစ်မတ် ငါးမူးနဲ့ ပြတာ ကျွန်မက ငွေကောက်တဲ့သူပါ။ တကယ်တော့ မှောက်ထားတဲ့ အုန်းမူတ်ခွက်ထဲမှာ ဖားထည့်ထားတာပါ။ အစ်ကိုတွေက သူတို့သွားလေရာ ကျွန်မလိုက်တာ သိပ်မကြိုက်ပါဘူး။ ကျွန်မက တစ်ခုခုဆို အမူတွဲတူပေမယ့် အမေ့ကို အမြဲအတိုင်အတောထူလို့ပါ။ တစ်ခါလည်း မြကန်သာကန်ထဲမှာ သူတို့ရေကူးတာ ကျွန်မ အတင်းလိုက်သွားပြီး ကျွန်မအတွက် ငှက်ပျောတုံးလေး ခုတ်ပေးထားပြီး သူတို့ရေငုတ်ပြိုင်နေတုန်း ကျွန်မက ဌက်ပျော်တုံးပေါ်ကို ခွတက်ပြီး ဂျွမ်းထိုးတာ ရေနစ်လို့ ကျွန်မအစ်ကိုတွေ အကုန်လုံး တိုင်ကပ်ပြီး ဗြောအတီးခံရကတည်းက အစ်ကိုသုံးယောက်က တစ်ခုခုဆို ကျွန်မကို မျက်စိလှည့်ပြီး ထားထားခဲ့ပြီး ထွက်ပြေးသွားတတ်ကြပါတယ်။
ကျွန်မအစ်ကိုတွေက ကစားစရာလုပ်နည်း အကုန်ကျွမ်းပါတယ်။ ရော်ဘာဖိနပ်ဖင်ပေါက်နေတာလေးတွေကို စက်ဝိုင်းပုံစံ ကားဘီးလေးတွေ ဖြတ်ဖြတ်ပြီး ၀ါးချောင်းလေးတွေ သစ်သားချောင်းလေးတွေနဲ့ ကားပုံစံ လုပ်ပါတယ်။ ၀ါးလုံးရှည်ရှည်ကို ကားလက်ကိုင်လိုလုပ်ပြိး တွန်းပြီး ကားမောင်းပြိုင်ကြတာပါ။ ကျွန်မတို့ဆို အမြဲ ကားပုံစံ ပြိုင်ကြ မောင်းကြနဲ့ပါ ဒါပေမယ့် မီးထွန်းပွဲတွေဆို ကလေးတွေ အကုန် အ၀တ်သစ်အစားသစ် လှလှပပလေးတွေဝတ်ပြီး ယုံနားရွက်လေးတွေ ဆင်နားရွက်ပုံစံကြယ်ပုံစံ မီးပုန်းလေးတွေ ရောင်စုံ မှန်ကြည်စက္ကူလေးတွေနဲ့ လှလှလေးတွေ တွန်းပြီးလည်း အကြွားပြိုင်ကြပါသေးတယ်။ ကျွန်မကတော့ ဗြောက်အိုးဖောက်ရတာကိုပိုကြိုက်ပါတယ်။ ပိုကြိုက်တာကတော့ မာကျူရိလို့ခေါ်တဲ့ သတ္တုပြားလေးကို မီးရို့ပြီး အလင်းဆုံး တောက်ပြီး အတုံးလေး ပြုတ်ကျလာတာနဲ့ တံတွေးဆွတ်ထားတဲ့ သားရေဖိနပ်ဖင်နဲ့ ဖောင်းကနဲ ကောက်ရိုက်ရတာအချိန် မြည်တဲ့ အသံက ဗြောက်အိုးထက်ကျယ်ပါတယ်။
အရင်ကဆို အစ်ကိုသုံးယောက်နဲ့ သမီးဦးကျွန်မကို အကျီဆင်တူဝယ်ပေးလေ့ရှိလို့ ကျွန်မက အမြဲ ယောက်ကျားလေး အကျီလေးတွေ ၀တ်ရပါတယ်။ ညီမလေးမွေးလာတော့မှကျွန်မတို့ ညီအစ်မနှစ်ယောက် ဆင်တူ ဂါဝန်လေးတွေ ၀တ်ပြီး မိဘနှစ်ပါးရဲ့ လက်ကို ဘယ်ညာဆွဲကိုင်ပြီး ဘုရားပွဲဈေးတန်းတွေမှာ လိုချင်တာမှန်သမျ အကုန်လိုက်ပူဆာရတာ ကလေးအချင်းချင်းတွေ့ရင် ကိုယ့်လက်ထဲက အရုပ်ကိုမသိမသာ ကိုင်ပြပြီး ကြွားတာ မျက်စောင်းထိုးရတာ. ဘ၀မှာ အဲ့အချိန်တွေတုန်းကဆို မိဘရဲ့ရင်ခွင်အောက်မှာ စားချိန်တန် စား အိပ်ချိန်တန် အိမ် စာချိန်တန် ကစား ကစားချိန်တန် ကစား :)ဘာဆိုဘာမှ ပူပင်သောက ဗျာပါဒတွေဆိုတာ တစ်လုံးတစ်ပါဒမှ မရှိခဲ့တာအမှန်ပါ။ နေမကောင်းလို့ ဆေးခန်းသွားရရင် ဆေးထိုးအပ်အမျိုးမျိုးကို ကြည့်ပြီး အသေးဆုံးအပ်ကလေးနဲ့ထိုးပေးပါလို့ ဒေါက်တာကို ပြောရတာ အမေ့လက်ကို တင်းနေအောင်ဆုပ်ပြီး ဆေးထိုးခါနီး တင်ပါးကို လှန်လိုက်တာနဲ့ အသံပြဲနဲ့ ဆေးခန်းတစ်ခုလုံး ကြွက်ကြွက်ညံအောင် အော်ငိုတာ အမေ့ကို နေမကောင်းတာ အကြောင်းပြပြီး ကြက်စွပ်ပြုတ် ကော်ဖီ မုန့် အမျိုးမျိုး ပူဆာတာ အဲ့တာတွေ အကုန်လုံးဟာ အခုချိန်မှာတော့ ပြန်မရနိုင်တော့တဲ့ အချိန်တွေပါပဲ။
သွားဆေး သွားခြစ်ပြီးပြီ လို့ ထိုင်းဒေါက်တာမလေးက ပြောတော့ အဖော်မပါပဲဆေးခန်းလာရတဲ့ ကိုယ် ကိုယ့်ဘာသာ ကုတင်ပေါ်က အသာထပါတယ်။ နောက် ပစ္စည်းတင်တဲ့ ဗန်းလေးပေါ်က ပိုက်ဆံအိတ်ကို လှမ်းယူရင်း ဘယ်လောက်ကျလဲလို့ မေးလိုက်ပြီး ပိုက်ဆံရှင်းလိုက်ပါတယ်။ နောက် ဆေးခန်းတံခါးကို တွန်းဖွင့်ပြီး ငါသွားတွေလဲ ကြိမ်းနေတာ ဘာစားရင်ကောင်းမလဲလို့ ငူငူကြီး ရပ်ပြီး တွေးမိပါတယ်။ အခုချိန် အဖေသာရှိရင် ငါ့ကို အစာမာမာ စားခိုင်းမယ်မထင်ဘူး။ အမေကရော ငါ့ကို ဘာများ ချက်ကျွေးမလဲ ဂျီကျတဲ့ ဂျီးများတဲ့ ကျွန်မကို မိသားစုက ဘယ်လိုများ ပြုစုကြမလဲလို့ စိတ်ကူးယဉ်ပြီး တွေးမိနေတုန်း ဘေးနားကနေ ၀ူးကနဲ စက်သံကို အရှိန်မြင့်မြင့်နဲ့ ပွတ်မောင်းသွားတဲ့ ထိုင်းဆိုင်ကယ်တက်စီသမားရဲ့ ဟေးကနဲ သတိပေးသလို အော်သွားတဲ့ အသံကြောင့် ကျွန်မ အလန့်တကြား ကားလမ်းဘေးကို ပြေးကပ်လိုက်မိပြီးမှ လက်ရှိ အနေအထားကို သတိပြန်ဝင်မိပါတော့တယ်။
Posted by မဆုမွန် at Wednesday, October 28, 2009 27 comments
Labels: အတွေးစများ
ဖြူတုတ်လေးအတွက် တက်ခ်ပို့စ်
ညီမလေးဖြူတုတ် တပ်ခ်တဲ့ပို့စ်လေးကို ပြန်ကောက်ရရင် ချစ်ခင်နှစ်သက်မိတဲ့ အချက်လေးတွေ ပြောပြချင်တယ်။ ။ မဆုမွန် ချစ်တဲ့ အမျိုးသားအပေါ် နစ်သက်မိမယ့်အချက်တွေကတော့ မဆုမွန်ရဲ့ ချစ်သူဟာ ကမ္ဘာလောကကြီး အတွက် မဟုတ်ရင် တောင် ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် ကောင်းကျိုး ဆောင်ကျဉ်း ပေးနိုင်မယ့် နိုင်ငံသားကောင်း တစ်ယောက် ဖြစ်စေချင်တယ်။
မိသားစုကို ချစ်တဲ့ မိဘနှစ်ပါးကို အရိုအသေ ထားပြီး လေးစားတန်ဖိုးထားတဲ့ သားကောင်း တစ်ယောက်ဖြစ်စေချင်တယ်။ ညီအစ်ကိုမောင်နှစ်မတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်တဲ့ သွေးရင်း တစ်ယောက်လဲ ဖြစ်စေချင်တယ်။ ဆွေမျိုးညာတကာတွေရဲ့ အမျိုးဂုဏ်ကို မြှင့်တင်ပေးနိုင်မယ့် သားချင်းတစ်ယောက်လဲ ဖြစ်စေချင်တယ်။ ကြီးသူကိုရိုသေ ရွယ်တူကို လေးစားပြီး ငယ်သူအပေါ် ဂရုဏာထားပြီး စောင့်ရှောက် ကာကွယ်တတ်တဲ့ သူလဲ ဖြစ်စေချင်တယ်။ ကိုယ့်ရဲ့ နေ့စဉ်ကျင့်ကြံနေတဲ့ အလုပ်တွေအပေါ်မှာ ကိုယ့်ရဲ့ စိတ်လိပ်ပြာမှာပါ သန့်ရှင်းစင်ကြယ်ပြီး ကိုယ့်ကျင့်တရား ကောင်းမွန်တဲ့ အမျိုးကောင်းသား တစ်ယောက် ဖြစ်စေချင်တယ်။
မနှစ်သက်မိမယ့်အချက်ကတော့ ကိုယ့်ချစ်တဲ့ သူတွေအပေါ်မှာ အပြစ်ပုံချမယ့် စိတ်ဓာတ်တစ်ခု တော့ မရှိစေချင်ဘူး။ ဥပမာ သူလုပ်လိုက်ရတဲ့ အဖြစ်အပျက်တစ်ခုက သူ့ကြောင့်မဟုတ်ပါပဲနဲ့ တခြားသူအပေါ် ချစ်တဲ့စိတ် တစ်ခြားသူရဲ့ အလိုအတိုင်း လုပ်ပေးလိုက်ရတာပါလို့ ဆင်ဝှေ့ရန်ရှောင်ပြောတတ်တဲ့ ပုံချလွှဲချတတ်တဲ့ အကျင့်မရှိစေချင်ပါဘူး။ သူတို့ပြောလေ့ရှိတဲ့ မင်းသာ ငါ့ကို တစ်ခွန်းတည်းပြောလိုက် မင်းအတွက် ငါ မင်းလုပ်ခိုင်းတာမှန်သမျ အကုန်လုပ်မယ် ဆိုတာမျိုးပေါ့ ချစ်သူကို ချစ်လို့ပဲ လုပ်ပေးလိုက် ရသလိုလိုနဲ့ ပတ်ဝန်းကျင်က အပြစ်တင်လာနိုင်တဲ့ အဖြစ်တွေမှာ ကိုယ်ချစ်တဲ့သူတွေကို ကိုယ်တိုင်ကပဲ အမူတွဲခေါ်တဲ့ အပြုအမူမျိုးကို လက်ခံလို့မရတာ တစ်ခုတည်းပါပဲ။
ဥပမာ မိသားစုကို ကိုယ်တိုင်က အလုပ်အကျွေးပြုချင်လို့ လုပ်ကျွေးနေရတာကို ကိုယ်အပေါ် ၀န်တာကြီးနေတာ မိသားစုကြီးကို ထမ်းနေရလို့ဆိုတာမျိုး ပတ်ဝန်းကျင်မှာ သနားစရာဖြစ်အောင်လုပ်တာမျိုး ကိုယ်တိုင်က ရှောင်လွှဲလို့ရတဲ့ အဖြစ်တွေပေမယ့် သူများကို ထိုးချတဲ့ အဖြစ်မျိုး ကိုယ့်မိန်းမ ကိုယ့်ရည်းစားမကြိုက်ဘူး သူ့ကို ကြောက်ရတယ်ကွ ဆိုတာကို လူပုံအလည်မှာ ကိုယ့်ချစ်တဲ့သူကို သူများ အမြင်ကတ်အောင် လုပ်တာမျိုး တွေပါ။
နောက်တစ်ခုကတော့ အမျိုးသမီးတွေ အပေါ် မှာပဲဖြစ်ဖြစ် အမျိုးသားတွေအပေါ်မှာပဲဖြစ်ဖြစ် လိင်တူတွေပေါ်မှာပဲ ဖြစ်ဖြစ် ကိုယ့်ဘက်ကနေ မျက်ဝန်းအကြည့်နဲ့ဖြစ်စေ နူတ်ထွက် စကားအရဖြစ်စေ ကိုယ်အမူအယာ အားဖြင့်ဖြစ်စေ chat အားဖြင့် ဖြစ်စေ cbox အားဖြင့် ဖြစ်စေ အနိုင်ကျင့် နှိပ်ကွပ် စော်ကား နှိမ့်ချ တဲ့ ဘယ်လို အပြုအမူမျိုးကိုမှ ယောက်ျားကောင်းပီသတဲ့ စိတ်နဲ့ နှမချင်း ကိုယ်ချင်းစာနာ ထောက်ထားစိတ်တွေနဲ့ မပြုလုပ်စေချင်ပါဘူး။ လူပီသတဲ့စိတ်နဲ့ ကိုယ်ကိုတိုင်လည်း ဒီလိုမျိုး ပြုမူကျင့်ကြံပြီး ကိုယ့်ချစ်တဲ့သူအပေါ် ကိုယ့်နှစ်သတ်တဲ့ အမူအကျင့်လေးတွေကို နားလည်အောင် ပြုပြင်ပြောင်းလဲနိုင်ပေးမယ့် မေတ္တာစိတ်လေးတွေ မွေးနိုင်ကြပါစေလို့ ဆုတောင်းတယ် တက်ခ်အတွက် မဆုမွန် စိတ်ကူးရသလိုလေး ရေးဖြစ်တာ ညီမလေး ဖြူတုတ် ကျေနပ်မယ်ထင်ပါတယ်ရှင်။
Posted by မဆုမွန် at Tuesday, October 27, 2009 8 comments
Labels: တပ်ခ်
ထိုင်ထ အကြိမ်တစ်ထောင်နဲ့ ငါးခြောက်တစ်ပြား
အသက်၁၃နှစ်အရွယ် အလယ်တန်း ကျောင်းသူလေးနှစ်ယောက်ကို သင်္ချာမတွက်နိုင်လို့ ဆရာမက ထိုင်ထ အကြိမ် တစ်ထောင် ဒဏ်ပေးလိုက်တယ်တဲ့.. အဲ့ဒီ့သတင်းလေးကို ဖတ်မိတာ နည်းနည်းတော့ ကြာပါပြီ။ ထိုင်ထ အကြိမ် တစ်ထောင် ထိုင်ထ အကြိမ်တစ်ထောင် ဘုရား ဘုရား ဘယ်လိုစိတ်မျိုးနဲ့များ ဒီဒဏ်ကို ဆရာမ ချပါလိမ့်လို့ ဖတ်ပြီးတဲ့အချိန်ကတည်းက ရင်ထဲဝင်လာတဲ့ အတွေးတွေက အခုထက်ထိ ဖျောက်ဖျက်လို့မရသေးတာအမှန်ပါ။
တနင်္သာရီတိုင်း ကော့သောင်းမြို့က အေးရိပ်ငြိမ် အထက်တန်းကျောင်းက အလယ်တန်းပြ သင်္ချာဆရာမက ခုနှစ်တန်း ကျောင်းသူ မဇာလွင်နဲ့ မဇင်နိုင်ကိုတို့နှစ်ယောက်ကို မသင်ရသေးတဲ့ ပုစ္ဆာတွေ တွက်ခိုင်းပြီးတော့ မရတဲ့အခါ ထိုင်ထ အကြိမ်တစ်ထောင်စီ အပြစ်ဒဏ်ပေးခဲ့ပါတယ်တဲ့။
ကလေးမလေးတွေက ထိုင်ထ လုပ်နေရတဲ့အချိန် မဇာလွင်က အကြိမ် ၈၀၀ နဲ့ မဇင်နိုင်က အကြိမ် ၂၀၀ကျော်ပြည့်တဲ့အချိန် ကျောင်းဆင်းခေါင်းလောင်းထိုးတော့ ရပ်နားခဲ့ရတယ် အရမ်းလဲ ရှက်ရတယ် ဆရာမက အဲ့လို လုပ်ခိုင်းလို့ ၀မ်းလဲနည်းတယ် အခု လမ်းတောင် ကောင်းကောင်းမလျောက်နိုင်တော့ဘူး လို့ ကျောင်းသူလေး တွေက ငိုရိုက်ရင်း မိဘတွေကို ပြန်ပြောခဲ့ပါတယ်။
နှစ်တိုင်း ဆုရခဲ့တဲ့ ကျောင်းသူပေမယ့် အဲ့သင်္ချာဆရာမဆီမှာ ကျူရှင်မယူတဲ့အတွက် စာတော်တဲ့ ကျောင်းသူကျောင်းသားတွေကို ရွေးပြီး နှိပ်ကွပ်ခဲ့တာဖြစ်တယ်လို့လဲ သတင်းထဲမှာ ပါရှိပါတယ်။ နောက်ဆုံးမှာတော့ ကျောင်းသားမိဘတွေက တိုင်ကြားတဲ့အတွက် ကျောင်းမှာ အထူးအစည်းအဝေး လုပ်ပြီးကျောင်းအုပ်ဆရာကြီးက အဆိုပါ ဆရာမကို သူငယ်တန်းပြအဖြစ် ပြောင်းရွှေ့ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုလို ဆရာမတစ်ယောက်ရဲ့ ကျောင်းသားတွေအပေါ်မှာ ပြုမူကျင့်ကြံလိုက်တဲ့ လုပ်ရပ်ကို တွေးမိပြီး ရင်ထဲမှာ စဉ်းစားစရာတွေ အများကြီး ၀င်လာပါတယ်။ ကျွန်မတို့အပေါ် အမျိုးမျိုး အနစ်နာခံ အပင်ပမ်းခံ အဆင်းရဲခံပြီး အနန္တောအနနဂိုဏ်းဝင် သင်ဆရာ မြင်ဆရာ ကြားဆရာတွေ အားလုံး ကို ကျွန်မ တကယ်ပဲ ဦးညွတ် ကန်တော့ပါတယ်။ ရိုသေလေးစားပါတယ်။
ဒါပေမယ့် ငါးခြောက်ပြားတစ်ချပ်တောင် လုံခြုံအောင် မသိမ်းနိုင်ရင် မင်းတိုင်း ပြည်ဘယ်လိုအုပ်ချူပ်မလဲလို့ ဆိုပြီး ကြိမ်နဲ့ဆော်တဲ့ ဆရာတော်ရဲ့ စေတနာကိုလည်း အခုချိန်အထိ မှားလား မှန်လားဆိုတာ ကိုယ်ပိုင်အတွေးနဲ့ တွေးမိနေတုန်းပါပဲ။
ဒါပေမယ့် အိမ်မှာ အဆင်မပြေလို့ ကျောင်းရောက်ရင် ကျောင်းသားတွေကို မဲရိုက်တတ်တဲ့ ဆရာ ဆရာမတွေ. သူတို့ဆီမှာ ကျူရှင်မယူလို့ ကျောင်းသားကို အပြစ်ရှာတတ်တဲ့ အထက်ပါ ဆရာမလို ဆရာမျိုးတွေ မိမိကို ကန်တော့လက်ဆောင်များများပေးနိုင်တဲ့ ကျောင်းသားအပေါ် မျက်နှာသာပေး ဆက်ဆံတာမျိုးတွေ. ပြောရရင်တော့ အများကြီးပါပဲ။ ကလေးနဲ့ အပြစ်နဲ့မတန်အောင် ရိုက်နှက်ဆုံးမတတ်တဲ့ ဆရာ ဆရာမတွေလဲ ကြုံခဲ့ဖူးပါတယ်။ မိဘတွေကိုယ်တိုင်ကလဲ အရိုက်ကြမ်းတဲ့ ဆရာ ဆရာမကိုမှ ရွေးအပ်နှံတာမျိုးလဲ ရှိပါတယ်။
လက်ရေးဝိုင်းဝိုင်းကြီးကြီးတွေ ရေးတတ်တဲ့ ကျွန်မကို နင့်လက်ရေးက လှလိုက်တာလို့ ပြောတိုင်း ကျွန်မ ငယ်ငယ်ကဆို လက်ရေးမလှလို့ဝလုံးမ၀ိုင်းလို့ လက်ဆစ်ထိပ်ကို ပေတံစောင်းနဲ့ခေါက်ခဲ့တဲ့ ဆရာမကို အခုထက်ထိ သတိရတုန်းပါပဲ။ ငယ်ငယ်ကတည်းက ဆရာမက စာမသင်ချင်ရင် ခေါင်းချအိပ် ခေါင်းထောင်ရင် စကားပြောရင် နံမည်မှတ်လို့ ပြောလိုက်တာနဲ့ ဆရာမအလိုတော်ရိ မော်နီတာရဲ့ နံမည်စာရင်းရဲ့ နံပတ်တစ်က ဘယ်လိုမှ ဦးခေါင်းကို မအိပ်ချင်ပဲနဲ့ နှိမ်ပြီး ငုံ့ထားရမှာ မကြိုက်တာ စကားမပြောရပဲ ပါးစပ်ပိတ်ထားရတာကို မလွန်ဆန်နိုင်တာ အရိုက်ခံရရင် ကိုယ်ပဲ အမြဲရှေ့ဆုံးက ဖြစ်ခဲ့တာ။
နားထင်စပ်က ဆံစကို ဆွဲနုတ်တာ. ဗိုက်ခေါက်ကို လက်နဲ့ညှပ်ပြီး အသားနီလန်အောင် ဆွဲစိတ်တာ. မျက်နှာကို ဘောဖျက်နဲ့ ကောက်ပေါက်တာ အတန်းရှေ့ထွက်ပြီး ဂါဝန်မခိုင်းပြီး တင်ပါးကို အရိုးရာထင်အောင် ရိုက်တာ..အားလုံးဟာ ကျောင်းသားတွေအပေါ် ဖြစ်ထွန်းစေချင်တဲ့ စေတနာလဲ ပါမယ်ထင်ပါတယ်။
ဒါပေမယ့် တစ်ခါတစ်လေ သိပ်ရက်စက်လွန်းတဲ့ ဒဏ်တွေ ပေးတာမျိုးကျတော့ ရင်ထဲ နာကျင်ရတာအမှန်ပါပဲ။ ကျွန်မဆို သူငယ်တန်းကတည်းက သူများကို ခဲတံနဲ့ ထိုးလို့ ကျောင်းအုပ်ကြီးရုံးခန်းရောက်တာ ၁၀တန်းအထိ ကျောင်းသားလေးကို ဆုံးမစာလိုက်ပေးလို့ ကြိမ်နဲ့ အတွယ်ခံရ အရိုက်ခံရတုန်းပါပဲ။ကျောင်း စာမရလို့ထက် ပြောစကားနားမထောင်လို့ ဒူးခေါင်းအောက် ဆီးစေ့ထားပြီးးဒူးထောင်ခိုင်းထားရင်းက လက်နှစ်ဘက်ကို ဆန့်ကားပြီး လေယာဉ်ပျံ မောင်းခိုင်းတာမျိုး ကြုံရသလို ကျွန်မကိုယ်တိုင်က လိုလိုချင်ချင်ကို ကျောင်းစာမရတဲ့သူကို နားရွက်ဆွဲပြီး တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ပြရတာ ကျေနပ်ခဲ့တာမျိုးလဲ ရှိပါတယ်။ ပိုဆိုးတာက ကျောင်းအိမ်သာကို သွားရင် လူများလွန်းလို့ဆိုပြီး တစ်လှည့်စီထွက်ရတဲ့အခါ အပြင်ထွက်တဲ့သူပြန်မလာသေးရင် ဘယ်လိုပဲ လက်ညိုးလေးထောင်ပြီး အပြင်ထွက်ချင်တယ်လို့ ပြောပေမယ့် ပေးမထွက်လို့ ဆရာမကို ကြောက်ပြီး ဖင်လိမ်ထားတာကနေ အတန်းထဲမှာ သေးပေါက်ချပစ်လိုက်ရတာ မျိုး တွေ ကြုံဖူးပါတယ်။
နောက်တစ်ခုက ကျွန်မတို့ အလက (၅) မရမ်းကုန်းကျောင်းမှာ မနက်ပိုင်း ကျောင်းတက်တဲ့အချိန် ကျောင်းမှာ အင်္ဂလိပ်ဆရာမက စာသင်နေတုန်း အမြဲတမ်း ကျွန်မတို့ကို စာလုပ်ခိုင်းထားပြီး စားပွဲပေါ်မှာ အကြော်အစုံထည့်ထားတဲ့ မုန့်ဟင်းခါး အမြဲစားပါတယ်။ ဆရာမစားတဲ့ မုန့်ဟင်းခါးနံ့ဟာ မနက်ပိုင်း အစာမစားခဲ့နိုင်တဲ့ ကျောင်းသားတွေရဲ့ နှာခေါင်းကို အမြဲတမ်းနှိပ်စက်ပါတယ်။ တစ်ခါတစ်လေ ဗိုက်တဂွီဂွီဖြစ်နေတဲ့ သူ့ကို မျှော်ကြည့်နေတတ်တဲ့ ကျွန်မတို့အားလုံးရဲ့ ရှေ့မှာ သူအမြဲတမ်း မုန့်ဟင်းခါးစားပါတယ်။ အဲ့တာကိုပြောရင် သိပ်ကလေးဆန်တယ် အဓိပါယ်မရှိဘူးလို့ ဆိုနိုင်ပေမယ့် အဲ့သလို ကလေးတွေရဲ့ရှေ့မှာ ကျောင်းတက်နေတဲ့အချိန် အစားတစ်ခုကို မြိန်ရည်ရှက်ရေ စားတတ်တဲ့ ဆရာမကို ကျွန်မ စိတ်ထဲ ခါးသီးတာ အဲ့တုန်းကတည်းကပါ။
နောက် ကျွန်မကိုယ်တွေ့အရ အရမ်းစိတ်ဆိုးခဲ့ရတာရှိပါတယ်။ ကျွန်မတို့ မောင်အငယ်ဆုံးလေးက ငယ်ငယ်ကတည်းက ကျမ်းမာရေး မကောင်းပဲ အမြဲ ချူချာပါတယ်။ အိမ်မှာ ရာသီပြောင်းတိုင်း သူ့ကို အမြဲတမ်း ဂရုစိုက်ရပါတယ်။ ငယ်ငယ်တုန်းက တစ်ကိုယ်လုံး ရေနွေးပူလောင်လို့ လက်တစ်ခြမ်းက သိပ်မသန်ပါဘူး။ တစ်နေ့ မောင်လေး ကျောင်းကပြန်လာတော့ တစ်ကိုယ်လုံး ညစ်ပတ် ပေတူးပြီး ချွေးတွေနဲ့စိုရွှဲလာပါတယ်။ နောက် သူတစ်ညလုံးဖျားပါတယ်။
ကျွန်မ အလုပ်ကပြန်လာတော့ မောင်လေး နေမကောင်းဘူးဆိုတော့ ဘာဖြစ်လို့လဲမေးတော့ သူတို့ကို အချိန်ပိုကြေး ပိုက်ဆံကောက်တာ ပါမလာလို့ ခုံပေါ်မှာ လက်မြှောက်ခိုင်း ထားတဲ့အပြင်မှာမှ ကျောင်းဝင်း တစ်ခုလုံးက မြက်တွေရှင်းခိုင်းပြီး အမိုက်ကောက်ရပါတယ်တဲ့။ နေပူပြီး ခြေထောက်အေးတော့ သူ အအေးပတ်ပြီး ဖျားတော့တာပါပဲ။ ကလေးက စည်းကမ်းဖောက်တာလဲ မဟုတ် စာမေးပွဲကျတာလည်းမဟုတ် အချိန်ပိုကြေး ပါမလာတာ နောက်နေ့ ယူလို့မရဘူးလား ဘာဖြစ်လို့ ကလေးတွေကို ညှင်းဆဲရသလဲဆိုတာ တွေးပြီး ကျွန်မအရမ်းဒေါသဖြစ်လို့ ကျောင်းကို တိုင်ဖို့စဉ်းစားပါတယ်။ ဒါပေမယ့် အမေက ကိုယ်လုပ်လိုက်ရင် ကိုယ့်ကလေးကို ပိုညိုးမှာပေါ့ သမီးတဲ့ ကျွန်မ ဘာမှ မပြောချင်လောက်အောင် ခြေကုန်လက်ပမ်း ကျသွားမိပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်ဟာ ကျွန်မတို့ရဲ့ရင်သွေးလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မူပေါ်မှာအများကြီး မူတည်ပါတယ်တဲ့။ အဲ့ဒီ့ကလေးတွေ ကို ပုံသွင်းတဲ့ ဆရာ ဆရာမတွေရဲ့ ကိုင်တွယ်ဆုံးမမူမှာလည်း အများကြီး မူတည်တယ်လို့ထင်ပါတယ်။ စေတနာတစ်ခုကြောင့်ဖြစ်စေ စိတ်စေရာတစ်ခုကြောင့်ဖြစ်စေ သိပ် ကြမ်းတမ်းလွန်းတဲ့ ပြစ်ဒဏ်တွေ ပေးလိုက်တဲ့အခါ ငယ်ရွယ်နုနယ်လွန်းတဲ့ ကလေးတွေရဲ့ စိတ်ခံစားချက်မူတွေမှာစိတ်ဒဏ်ရာ အနာတရတွေ မစွန်းထင်မိပါစေနဲ့ လို့ပဲ ဆုတောင်းချင်ပါတယ်။
ထိုင်ထအကြိမ်တစ်ထောင်သတင်းကို ဒီမှာ ဖတ်လို့ရပါတယ်။
Posted by မဆုမွန် at Wednesday, October 21, 2009 18 comments
Labels: ဆလိမ်နဲ့စတဲ့ ဆရာ
ကြွက်မြီး၁၀ချောင်း= မြန်မာငွေနှစ်ထောင်
သတင်းတွေ သတင်းတွေ ဖတ်လိုက် ကြားလိုက် မြင်လိုက်တာနဲ့ စိတ်ချမ်းသာစရာတစ်ကွက်မှ မမြင်ဘူး သတင်းတွေကို ကြာတော့ မဖတ်ချင် မကြားချင် မမြင်ချင်တော့လောက်အောင်ကို စိတ်ထဲက ခံစားလာရတယ်။ အဲ့ထဲကမှ မနေ့က ထူးထူးဆန်းဆန်း သတင်းလေးတစ်ခုကို ဖတ်မိတော့ မပြုံးပဲ ၀ါးလုံးကွဲရယ်မိပါတော့တယ်။ နောက် ကြံကြံဖန်ဖန် ရွှေညဏ်တော်စူးရောက်တဲ့ ညဏ်ကြီးရှင်တွေရဲ့ ဦးနှောက်ကိုလဲ ရွှေချချင်စိတ် ပေါက်မိပါတယ်။
ကြွက်မြီး ၁၀ချောင်း သို့မဟုတ် ဒဏ်ငွေ နှစ်ထောင်ကျပ်တဲ့လေ အခုလိုမျိုး စနစ်တကျ တိုက်ကွက်ဆင်ပြီး ကြွက် အမြစ်ဖြုတ်ရေး အာဏာပိုင်တွေရဲ့ ကြွက်မြီး စစ်ဆင်ရေးစီမံချက်ကို ရယ်ချင်ပက်ကျိဖြစ်စွာ အံ့မခန်း သိလိုက်ရပါတယ်။
စပါးစိုက်မရလို့ စိတ်ပိန်နေရတဲ့အထဲ အခုလိုမျိုးကြွက်မြီးစစ်ဆင်ရေးလုပ်ခိုင်းတာဟာ တကယ်တမ်း ကြွက်နှိမ်နှင်းရေးအတွက် မထိရောက်ဘူးလို့ ဒေသခံလယ်သမားဦးကြီးက ပြောပါတယ်။ လယ်ထဲကို ကြွက်တွေက တပ်စိတ်လိုက် အုံလိုက် ကျင်းလိုက် လာလာပြီး စပါးတွေကိုဖျက်ဆီးနေတဲ့အတွက် လယ်တွေအကြီးအကျယ် ပျက်လို့ လယ်သမားတွေ စိတ်ဆင်းရဲနေကြပါတယ်။
အခုလိုမျိုး နာဂစ်ဒေသမှာ ကြွက်တွေ သောင်းကျန်းနေတာဟာ နာဂစ်ဖြစ်တုန်းက လူသေအလောင်းတွေ ကျွဲနွားအလောင်းတွေ စနစ်တကျ သေသေချာချာ မမြုတ်နှံနိုင်ခဲ့တဲ့အတွက် တူးဖော်စားသောက်ရာကနေ ရာထောင်ချီပြီး ကြွက်မျိုးပွားလာရတယ်ဖြစ်တယ်လို့လဲ ပြောပါတယ်။ အခုချိန်အထိလည်း အရိုးကျနေတဲ့ အရိုးအပိုင်းအစတွေ အ၀တ်စတွေက လယ်ကွင်းတွေထဲမှာ ရှိနေတုန်းပဲဖြစ်ပါတယ်။
ဆိုတော့ နာဂစ်ဒေသမှာ ကြွက်ကျလို့ တခြား ကြွက်ကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါတွေအတွက် ကြိုတင်တွေးပြီး စိတ်ညစ်နေကြရတဲ့အထဲ ကြွက်မြီးဖြတ်ခိုင်းနေတဲ့အတွက် ခလေးလူကြီး ပါမကျန် ကြွက်ဖမ်းဆီးရေးအတွက် ထောင်ချောက်ဆင်ပြီး ကြွက်မြီးဖြတ်နိုင်ရေး လယ်ကွက်တွင်း စစ်ဆင်ရေးဆင်းဖို့ ပြင်ဆင်နေရတဲ့အတွက် စပါးပြန်စိုက်နိုင်ဖို့ မိသားစု စားဖို့အတွက် ပိုက်ဆံရှာဖို့ အချိန်မပေးနိုင်ဘူးဖြစ်နေပါတယ်ရှင်။
မဆုမွန် စဉ်းစားတာတော့ စီးပွားရေးသမား ဂွင်ဆင်ပြီး ကြွက်မြီးဆယ်ချောင်း ဒဏ်ငွေနှစ်ထောင်ဆိုတော့ ကြွက်မြီးတစ်ချောင်းကိုအနည်းဆုံး တစ်ရာ ငါးဆယ်နူန်းနဲ့များ လိုက်ရောင်းနေတဲ့ စီးပွားရေးဈေးကွက် ကြီး နာဂစ်ဒေသမှာ ဖြစ်လာလေမလားလို့ တွေးရင် ညဏ်ကြီးရှင်တွေရဲ့ ကြွက်မြီးစစ်ဆင်ရေးစီမံချက်အတွက် ရယ်ရမလို ပြုံးရမလို ဖြစ်မိပါတယ်ရှင်။
သတင်းအပြည့်အစုံကို ဒီမှာ ဖတ်လို့ရပါတယ်။
Posted by မဆုမွန် at Friday, October 16, 2009 12 comments
Labels: ဟာသ
သားပျောက်ရှာရင်း အသက်ပျောက်ရတဲ့ဖခင်
နောက်သတင်းတစ်ခု ပြည့်ပြည့်စုံစုံတက်လာတဲ့အခါမှ တစ်ဦးတည်းသောသားဖြစ်သူက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကန်ပိန်းလှုပ်ရှားမိလို့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ဖမ်းခံထားရတဲ့ သားလေး အတွက် သတင်းသွားမေးတဲ့အဖေဦးကျော့မောင် (အသက် ၅၆ နှစ်)..........
သားအတွက် အပူသောကဝေနေတဲ့ အဲ့ဒီ့ ဖခင်ကို မှ ရဲတပ်သား ပန်းသီးဆိုတဲ့ မျိုးမစစ် အယုတ်တမာရဲနဲ့ လက်ကိုင်တုတ် ရယက ရာအိမ်မှူးဟောင်း ကိုဝင်းချိုဆိုသူတွေက နေ့ခင်းကြောင်တောင် မြောက်ဥက္ကလာပလို လူစည်ကားတဲ့ မြို့နယ်ရဲ့ သုမာလာ လမ်းဆုံလမ်းခွမှာ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲက ရိုက်သတ်လိုက်တာဖြစ်ပါတယ်။
သားဖြစ်သူ မောင်သက်ဦးမောင်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့ ဆုတောင်းပွဲမှာ ပါဝင်တဲ့သူတစ်ဦးဖြစ်ပါတယ်။
“အဖေက ခေါင်းထဲ သွေးခဲပြီး ဆုံးသွားတယ်လို့ ဆရာဝန်က ပြောပါတယ်။ မြောက်ဥက္ကလာ ဆေးရုံ တင်လိုက်ရတာက ၈ ရက်နေ့ ည ၁၀ နာရီလောက်က တင်လိုက်တာ။ ဆရာဝန်က ဦးနှောက်နဲ့ အာရုံကြော ရန်ကုန် ဆေးရုံကို ပို့ရမယ် ပြောတယ်။ မပို့ခင် ၉ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ်မှာ ဆုံးသွားတာပါ”တဲ့...အာဏာပိုင်တွေရန်မူမှာစိုးလို့ အမည်မသုံးပါရစေနဲ့လို့ သတင်းဌာနတွေကို ပြောပါတယ်။ ဆိုတော့ ကိုယ့်အတွက်နဲ့ ကိုယ့်ဖခင်တစ်ယောက်လုံး အသက်ဆုံး ကိုယ်တိုင်လည်းအဖမ်းချူပ်ခံနေရတဲ့ မောင်သက်ဦးမောင်ရဲ့ရင်ထဲမှာ အခုချိန်လောက်ဆိုရင် ဘယ်လောက်များနာကျင်ခံစားနေရမလဲဆိုတာ ထပ်တူခံစားဝမ်းနည်းမိပါတယ်။
ဖြစ်ပျက်ခဲ့တာတွေကို မျက်မြင်ဖြစ်ခဲ့သူတစ်ယောက်က “သုမာလာ လမ်းဆုံနား ရောက်တော့ ကိုဝင်းချိုနဲ့ ရဲက လက်ထိပ်ခတ်လိုက်တယ်။သူက (ဦးကျော့မောင်က) ဘာလို့ လက်ထိပ်ခတ်တာလဲလို့ ပြောတော့။ ရဲက အမှတ်တမဲ့ ပါးစပ်ကို ထိုးချလိုက်တော့ ပစ်လဲသွားတယ်။ နောက် လည်ပင်းကို တက်နင်း တယ်။ ဗိုက်ကိုကန်လိုက်တော့ သတိလစ်သွားတယ်။ ဆံပင်ကို ကောက်ဆွဲပြီးတော့ လွှဲချလိုက် တယ်။ ခေါင်း ကို ကတ္တရာလမ်းနဲ့ စောင့်ရိုက်သလို ဖြစ်သွားတယ်” တဲ့လို့  ပြောခဲ့တယ်။
ကျွန်မရင်ထဲမှာ အဲ့တာကို နားထောင်လိုက်ရတဲ့အခါ သတင်းတွေကို ဖတ်လိုက်ရတဲ့အခါ စိတ်ထဲ တော်တော်လေးကိုမှ ဖခင်ချင်းကိုယ်ချင်းစာနာစိတ် ၀မ်းနည်းစိတ်တွေနဲ့ နာကျင်ခံစားမိပါတယ်. စဉ်းစားကြည့်ကြပါဦးရှင် အသက်ငါးဆယ်ခြောက်နှစ်အရွယ် လူကြီးတစ်ယောက်ကို လူမဆန်တဲ့ ရိုက်နှက်ချက်တွေနဲ့ မတရားနှိပ်စက်ညှင်းပမ်းတာကို လူတွေက ရပ်ကြည့်နေခဲ့ကြသလား ၀င်မပါရဲလို့ ရပ်ကြည့်တယ် ဆိုရင်လည်း ဒါဟာ မင်းမဲ့ဆန်လွန်းတဲ့ ဥပဒေမဲ့လွန်းတဲ့ မိုက်ရိုင်း ရက်စက်ယုတ်မာ လွန်းတဲ့ ပြရုပ်တစ်ခုဖြစ်ပါတယ်။
ဦးကျော့မောင်ဟာ ကိုယ်ပိုင်ကားဖြင့် ကျောင်းကားပြေးဆွဲနေသူဖြစ်ပြီး ကိုယ်ထူကိုယ်ထ လမ်းပြုပြင်ရေး ကော်မတီ ဥက္ကဌဖြစ်သော ဦးကျော့မောင်ရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေကတော့ မြောက်ဥက္ကလာ ရဲစခန်းမှာ လူသတ်မှုဖြင့် ရဲတပ်သားနှင့် ရယကဟောင်းကို အမှုဖွင့်ထားပါတယ်ဆိုပေမယ့် ...တရားမဲ့ နေတဲ့ မင်းမဲ့စရိုက်တွေ လွှမ်းမိုးနေတဲ့ တိုင်းပြည်မှာ တရားစောင့်နတ် လောကပါလစောင့်နတ်တွေက မျက်ကွယ်ပြုထားတာတွေ သိပ်များလွန်းနေပြီလို့ထင်ပါတယ်။ ၀ိုင်းရိုက်တဲ့ ကိုဝင်းချိုကို မြောက်ဥက္ကလာရဲစခန်းက ဖမ်းဆီးထားသော်လည်း ရဲတပ်သား ပန်းသီး ဆိုတဲ့ လူမဆန်တဲ့ ရဲကတော့ လွတ်မြောက်နေဆဲ ပဲလို့သိရတယ်။
ဆေးရုံရှိ ဦးကျော့မောင်၏ ရုပ်အလောင်းကို သေမှုသေခင်း စစ်ဆေးခဲ့ကြပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က ရေဝေးသုသာန်သို့ ပို့ဆောင် သဂြိုလ်ခဲ့ပါတယ်။ သားဖြစ်တဲ့သူ အသုဘပို့ဆောင်ခွင့်ရှိမရှိကိုတော့ မသိခဲ့ရပါဘူး။
ပြီးခဲ့တဲ့၇ ရက်နေ့က မြောက်ဥက္ကလာမှ မြင့်မြတ်လက်ဖက်ရည်ဆိုင်ရှေ့မှာ မြောက်ဥက္ကလာ အထက်တန်းကျောင်းက ၉ တန်း ကျောင်းသားတွေ ရန်ဖြစ်တဲ့အထဲ ပါတယ်ဆိုပြီး မောင်သက်ဦးမောင်ကို ရဲစခန်းက ဖမ်းဆီးထားခဲ့တာ့ဖြစ်ပါတယ်။
ကွယ်လွန်သူ ဦးကျော့မောင်မှာ ဇနီးသည်၊ သားဖြစ်သူ ကိုသက်ဦးမောင်နှင့် သမီး ၂ ဦး ကျန်ရစ်ခဲ့ ပါတယ်။ သားဖြစ်သူက အချူပ်မှာ ခင်ပွန်းဖြစ်သူက အသက်ဆုံး ကျန်ရစ်တဲ့ သမီးလေးနှစ်ယောက်ရဲ့ ဗျာပါဒတွေနဲ့အတူ သက်ဦးမောင်ရဲ့ မိခင်ဖြစ်သူရဲ့ ပူပင်သောကတွေ သမီးဖြစ်သူတွေရဲ့ ၀မ်းနည်းကြေကွဲမူတွေ သားဖြစ်သူရဲ့ နာကျင်မူတွေအတွက် ကျွန်မ စိတ်ထဲမှာ တော်တော်လေး မကောင်းဖြစ်မိပါတယ်။ လုပ်ခဲ့တဲ့သူတွေမှာလည်း လူဖြစ်နေမှာတော့ ဖခင်ရှိမှာအမှန်ပါပဲ။ ကိုယ့်ဖခင်ကိုသာ သူများက ဒီလို လုပ်သွားခဲ့တယ်ဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာတရားလေးသာ ရှိခဲ့ရင် ဒီလို ယုတ်မာရက်မလားလို့ တွေးမိပါတယ်။
ဒီလိုမျိုး တတိုင်းပြည်လုံးက ပြည်သူပြည်သားတွေရဲ့ မိသားစုတွေရဲ့ သောကအပူလိုင်းတွေအောက်မှာ အပြုံးမပျက်နေရဲတဲ့ အာဏာကိုင်တွေရဲ့ မိသားစုတွေအခုလိုမျိုး အပူမီးတွေ တစ်ချိန်မှာ အတုန့်အလှည့်ဆိုတာ ရှိလာတဲ့အခါ အခုချိန်လိုပဲ အပြုံးမပျက်နေနိုင်ပါစေ လို့ ဆုတောင်းပါရဲ့။
Posted by မဆုမွန် at Thursday, October 15, 2009 9 comments
Labels: ၀မ်းနည်းခြင်း
ဒဏ်ရာ မှတ်တမ်းအပိုင်းအစများ
ချက်ခြင်းဆိုသလို သူမ မျက်နှာကို လွှဲပြီး ကိုယ်ရှေ့က ဖြတ်လျောက်သွားချိန်မှာတော့ သာမာန် မိန်းကလေးတွေ ထက် မြင့်မားတဲ့အရပ်ကို သတိထားမိလိုက်ပါတယ်။ ကိုယ်ပိုက်ဆံရှင်းပြီး သူမ နောက် ကနေ မသိမသာ လိုက်လာမိတယ်။ ဘာကြောင့် သူမနောက်ကို လိုက်လာမိသလဲဆိုတာတော့ စဉ်းစားချိန် မရလိုက်ပါဘူး။ ဖိနပ်ဆိုင်ရှေ့မှာ သူမရပ်နေပါတယ်။ ဒီဇိုင်းဆန်းဆန်းနဲ့ လှပသေသပ်လွန်းတဲ့ အားကစား ဖိနပ်ခုံမြင့်မြင့်လေးတွေရဲ့ ဦးထိပ်ကို သူမရဲ့ လက်ညိုးလေးနဲ့ ထိတို့ရင်း သူမရဲ့မျက်နှာမှာ ပြုံးယောင်သန်း လာတာကို တွေ့လိုက်ရချိန် မှာတော့ ကိုယ့်နှလုံးသားတစ်ခုလုံး ရုတ်တရက် အေးစက်သွားပြီး ထူးဆန်းစွာနဲ့ ရင်တွေ တဒိပ်ဒိပ် ခုန်လာတာကို သတိထား မိလိုက်ပါတယ်။
နောက် ဖုန်းခေါ်သံလေးမြည်လာတဲ့အချိန် သူမရဲ့ ဘောင်းဘီအိတ်ထဲက ဖုန်းအဖြူလေးကိုထုတ်ကိုင်ပြီး စကားပြော လိုက်ချိန်မှာတော့ ကိုယ့်ရင်ထဲမှာ အရမ်းပျော်ရွှင်သွားမိပါတယ်။ သူက မြန်မာမလေး တစ်ယောက်ပါပဲ။ ဖုန်းလေးကို နားနားကပ်ပြီး ပြောနေတဲ့အချိန် သူမရဲ့မျက်နှာလေးက ရယ်မောနေတဲ့ အသွင်လေးကို မြင်ရတော့ ကိုယ် စိတ်ထဲ တော်တော်လေး ရင်ခုန်လူပ်ရှားမိနေပါပြီ။ သူမရှေ့ကနေ ဖြတ်ကျော် တက်ရင်း ကိုယ်ခေါင်းကုတ်လိုက်ပါတယ်။ ဘေးဘီဝဲယာကို ကြည့်ရင်း အကူအညီတောင်းချင်သလို ပုံစံနဲ့ သူမရဲ့ ရှေ့တည့်တည့်မှာ ရပ်လိုက်ပါတယ်။
တဆိတ်လောက် ကူညီနိုင်မလားလို့ အင်္ဂလိပ်လိုမေးတော့ သူမရဲ့မျက်နှာလေးက ချက်ချင်းဆိုသလို တည်သွားပြီ ရပါတယ်။ ပြောပါ သူဘာကူညီရမလဲလို့ ပြန်မေးတဲ့ အင်္ဂလိပ်အသံထွက်က တော်တော်လေးကို အဆင့်မြင့်တဲ့ လေယူလေသိမ်းတစ်ခုပါ။ ကိုယ်လဲ မြန်မာလို ဟိုလေ..ဘာပြောရမလဲ မသိဘူး။ sorry .. ကွန်ပျူတာ ပြင်တဲ့ နေရာကို သွားမလို့ ရှာမတွေ့လို့လို့ အင်္ဂလိပ်တစ်ပိုင်း မြန်မာတစ်ပိုင်း ပြောလိုက်တယ်။
သူမရဲ့ မျက်ခုံးထူထူလေး တစ်ချက်ပင့်သွားပြီးမှ ယူက မြန်မာလားလို့ မေးပါတယ်။ ကိုယ်လဲ ရုတ်တရက် ၀မ်းသာသွားတဲ့ပုံစံနဲ့ ဟာ ညီမလေးက မြန်မာလားလို့ ခပ်သွက်သွက် မေးလိုက်တယ်။ သူမရဲ့မျက်နှာလေး ပြုံးသွားပြီး ဟုတ်တယ် ကျွန်မ မြန်မာပဲလို့ ဖြေပါတယ်။ ကိုယ့်လက်ထဲမှာဘာမှ ပါမလာတာကို သတိထားမိပုံနဲ့ ကွန်ပျူတာ ပြင်ချင်တာလားတဲ့။ ပြင်တဲ့ဆိုင် လိုက်ရှာနေတာလို့ပြောလိုက်တော့ သူမက ကိုယ့်ကို မြို့လည်က ကွန်ပျူတာ မောလ်ကို သွားသင့်တယ်လို့ ညွှန်းပါတယ်။ နောက် သူမနဲ့စကားတွေ ပြောဖြစ်ပါတယ်။ ထူးဆန်းတာက ကိုယ်နဲ့စကားပြောရင်း လမ်းလျောက်နေပေမယ့် သူမရဲ့ပုံစံက ဈေးဆိုင်တန်းတွေကို ငေးရင်း သက်တောင့်သက်သာပုံစံနဲ့ပဲ မိတ်ဆွေတစ်ယောက်နဲ့ လမ်းသွားနေသလို အေးအေးလူလူ ရှိလှပါတယ်။
ကျွန်မ ကော်ဖီသောက်မယ်.နည်းနည်းညောင်းပြီ.လို့ ပြောရင်း သူမက ကော်ဖီဆိုင်လေးတစ်ခုထဲကို ၀င်သွားပါတယ်။ ကိုယ်လဲ လိုက်ဝင်ရင်း သူမသောက်တဲ့ ကောပူချီနိုကော်ဖီနဲ့ ကိုယ့်အတွက် အမေရိကာနို ကော်ဖီအတွက် ပိုက်ဆံရှင်းဖို့ လုပ်တော့ သူမက မုန့်လေးတွေ ကို လိုက်ကြည့်နေရင်းက မရှင်းပါနဲ့ ကိုယ့်ဘာသာ ရှင်းမယ်လို့ဆိုတော့ မိတ်ဖြစ်ဆွေဖြစ်ပါခင်ဗျာလို့ပြောတော့ သူမက ကိုယ့်ကို ခပ်တည်တည် ကြည့်ရင်းက ခုနကတင် ကော်ဖီသောက်ထားတာ ဟုတ်လား ဆက်တိုက် ကော်ဖီသောက်ရင် ကြာရင် ကျမ်းမာရေး ထိခိုက်မယ်လို့ ပြောပါတယ်။ ကိုယ် အသံထွက်ပြီး ရယ်လိုက်ရင်းက နည်းနည်း ရှက်သွားမိတယ်။ ကိုယ်ကော်ဖီဆိုင်ထဲမှာ ထိုင်ရင်း သူ့နောက်လိုက်လာတာကို သူသိတယ်လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာပါပဲ။ အမြင် စူးရှလွန်းတဲ့ သူမကို နည်းနည်းတော့ လန့်သွားမိတယ်။
အဲ့ဒီ့နေ့က သူမနဲ့ကိုယ်နဲ့ ကော်ဖီဆိုင်လေး တစ်ခုမှာ အတူထိုင်ရင်း စကားတွေ ပြောဖြစ်တယ်။ ကော်ဖီကို တစိမ့်စိမ့် အရသာခံသောက်ရင်းက တီးလုံးသံလေးတွေကို မျက်စိလေးမှိတ်ပြီး နားထောင်နေတဲ့ သူမပုံစံလေးကို ငေးစိုက်ကြည့်ရင်းက သူမကို ကိုယ့်စိတ်ထဲမှာ မြင်မြင်ချင်းမှာပဲ တကယ်ကို ချစ်မြတ်နိုးစိတ် ဖြစ်ပေါ်လာမိတယ် ဆိုတာ သေချာသွားပါတယ်။
အဲ့ဒီ့နေ့က လမ်းခွဲကြတဲ့အချိန် သူမရဲ့ဖုန်းနံပတ်ကို ကိုယ်တောင်းလိုက်တော့ သူမက ကိုယ့်ကို ခပ်စိုက်စိုက်ကြည့်ရင်းက ဖုန်းနံပတ်လေးကို ရွတ်ပြပါတယ်။ ကိုယ်လဲ ဖုန်းနံပတ်လေး မှတ်ရင်း သူမရဲ့မျက်နှာလေးကို ငုံကြည့်ပြီး ဒီနေ့တွေ့ဆုံခွင့် ရတာလေးကို ကိုယ်တကယ်ကျေနပ်ပါတယ်လို့ ပြောတော့ သူမရဲ့မျက်နှာလေးလဲ ပြုံးယောင်သန်း သွားပါတယ်။ လက်ဝါးလေး ကို အသာထောင်ပြရင်းက ချာကနဲ လှည့်ထွက်သွားတဲ့ သူမရဲ့ ကျောပြင်ကို ကိုယ်ရပ်ကြည့် ငေးမောကျန်ရစ်ခဲ့ချိန်မှာတော့ ကျန်ရစ်ခဲ့ရသလို ချန်ထားခံခဲ့ရသလိုမျိုး ဘာရယ်မဟုတ်တဲ့ ၀မ်းနည်းကြေကွဲမူကို ခံစားလိုက်ရသလိုပါပဲ။
အမှတ်တမဲ့ ဆုံခဲ့ကြတဲ့ ကိုယ်တို့နှစ်ယောက် နောက်တစ်ကြိမ် ပြန်ဆုံခွင့်လေး ရမယ်လို့ မျှော်လင့်မိပါတယ် ကောင်မလေးရေ။
နောက်တစ်ကြိမ် ပြန်ဆုံချိန်ကတော့ တကယ့်ကို အထူးအဆန်းပါပဲ။ အလုပ်တွေ ဆက်တိုက်ရူပ်နေတာကြောင့် ကိုယ်အလုပ်နားချိန်ဟာ အမြဲတမ်း ညသန်းခေါင်ချိန်ဖြစ်နေတော့ သူမရဲ့ဖုန်းနံပတ်လေးကို ကြည့်နေရင်းက သူမလေးအတွက် အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဖုန်းမဆက်ဖြစ်တော့ပဲ သက်ပြင်းချရင်းက အိပ်ယာဝင်ဖြစ်လိုက်တာ များပါတယ်။
ဒီနေ့တော့ ကမ္ဘာကြီးပူနွေးလာမူနဲ့ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစာတမ်းအတွက် ကိုယ်က ဦးဆောင်ပြီး ဆွေးနွေးရမှာဖြစ်ပါတယ်။ အစည်းအဝေးခန်းထဲကို ၀င်လိုက်ချိန်မှာတော့ သတင်းမီဒီယာတွေကိုပါ တွေ့လိုက်ပါတယ်။ ကိုယ်လဲ တက်ရောက်လာတဲ့ သူတွေကို ပရိဂျက်တာကတဆင့် ကိုယ့်တို့စုစည်းထားတဲ့ စာတမ်းကို စိတ်ပါလက်ပါ ဆွေးနွေးနေတဲ့အချိန်မှာပဲ စိတ်ထဲမှာ တစ်ယောက်ယောက်က စူးစိုက်ကြည့်နေသလို ခံစားရပါတယ်။ ပရိတ်သတ်ဘက်ကို မျက်စိတစ်ချက် ဝေ့ကြည့်လိုက်ချိန်မှာတော့ ဗီဒီယိုကင်မရာအကြီးကြီးကို ကွယ်ပြီး ရိုက်နေတဲ့ နားကျပ်လေး တပ်ထားတဲ မျက်နှာလေး တစ်ခြမ်းကို အမှတ်မထင် သတိထား လိုက်မိ ပါတယ်။
အစည်းအဝေးပြီးသွားချိန်မှာတော့ ကိုယ့်ကို သတင်းမီဒီယာတွေက ၀ိုင်းပြီး အင်တာဗျူးလုပ်နေတဲ့အချိန် ကိုယ်ကလဲ နောက် အစိုးရပိုင်းက လူကြီးတွေနဲ့ ချိန်းထားတာတစ်ခုအတွက် အမြန်ပြေးရမယ့်အချိန်ဖြစ်နေတော့ အားလုံးကို ခပ်တိုတိုဖြတ်ရင်း ထွက်ခွာဖို့ ပြင်လိုက်ပါတယ်။ ကျွန်မတို့အတွက် အချိန်နည်းနည်းလောက် ပေးနိုင်မလားရှင် ခပ်ထောင့်ထောင့် လေသံလေးနဲ့ မေးလာတဲ့ အသံကို ကိုယ်လှည့်မကြည့်မိပဲ ဆောရီးပါခင်ဗျာ ကျွန်တော် အခု သွားရတော့မှာမို့ပါ။ ကျွန်တော်ကို ဆက်သွယ်ရမယ့် နံပတ်လေး တစ်ချက်ယူထားပေးပါ။ ကျွန်တော် နောက်တစ်ကြိမ် အချိန်ပေးနိုင်အောင် ကြိုးစားပါမယ့်လို့ ပြောလိုက်ပါတယ်။ နောက်မှ ရုတ်တရက် လှည့်ကြည့်မိတော့ ဗီဒီယိုကင်မရာကို ကိုင်ထားရင်းက ကိုယ့်ကို ရပ်ကြည့်နေတဲ့ သူမကို တွေ့လိုက်ပါတယ်။ မပြုံးမရယ် သူမမျက်နှာလေးကို တွေ့လိုက်ရချိန်မှာ ကိုယ့်ရင်ထဲမှာ လိုင်းထန်သလို ခံစားလိုက်ရပါတယ်။
ကိုယ်အကြာကြီး သူမမျက်နှာလေးကို ငေးစိုက်ကြည့်ရင်းက ဘာပြောရမှန်းမသိဖြစ်သွားပြီး ကိုယ့်ရဲ့ အတွင်းရေးမူးမလေး ကို ခေါ်လိုက်ပါတယ်။ နောက် အစည်းအဝေးကို ဆယ်မိနစ်လောက်နေမှ ရောက်နိုင်မယ်လို့ အကြောင်းကြားပေးပါလို့ ပြောလိုက်ပြီး သူမကို ကိုယ်မင်းအတွက် အချိန် ပေးပါမယ်လို့ ပြောလိုက်တော့ သူမက မျက်နှာလေးကို မဲ့သလိုလေး ပြုံးရင်းက သူမရဲ့ သတင်းထောက်ကို ကိုယ့်ကို မေးဖို့ ပြောပါတယ်။ ကင်မရာကိုင်ပြီး ကိုယ့်ကိုရိုက်နေတဲ့ သူမရဲ့မျက်နှာတည့်တည့်ကို ကိုယ်ကြည့်ရင်း သူတို့မေးတဲ့မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ဖြေလိုက်ပါတယ်။
အင်တာဗျူးပြီးသွားချိန်မှာတော့ ကိုယ့်ကို ဂရုမစိုက်တော့ပဲ ကင်မရာကို ဖြုတ်သိမ်းနေတဲ့ သူမအနားကို ကိုယ် သွားပြီး ကိုယ်မင်းနဲ့ တစ်ခါလောက် ပြန်ဆုံချင်တယ် ဘယ်လိုလုပ်ရမလဲလို့ မေးတော့ အခုတောင် မိနစ်ပိုင်း တောင် အချိန်မပေးနိုင်တာ ပြန်ဆုံမယ့်အချိန်ကို ပြောတော့ ရယ်စရာကြီးလို့ ရယ်ပြီး ပြန်ပြောလိုက်တဲ့ ကောင်မလေးကို ကိုယ်မချင့်မရဲနဲ့ အံကြိတ်ပြီး အိုကေ ဒီည မင်းနဲ့ကိုယ်နဲ့ တစ်နေရာမှာဆုံမယ် မင်းကိုယ့်ကို အချိန်ပြန်ပေးရမယ်လို့ ပြောလိုက်ပါတယ်။ အိုကေလေ ဖုန်းဆက်လိုက်ပါ လို့ပြောပြီး သူမက သူ့အဖွဲ့ဆီကို ထွက်သွားပါတယ်။
ကိုယ်လဲ ကိုယ်ခရီးဆက်ရမယ့်နေရာကို အပြေးအလွှားလှည့်ထွက်လာပြီးတစ်လမ်းလုံး အမှတ်မထင်ပြန်ဆုံဆည်းခွင့် အတွက် တကယ့်ကို ၀မ်းသာနေမိပါတယ်။ ကိုယ့်အတွင်းရေးမူးမလေးက ကိုယ့်မျက်နှာ ပြုံးနေတာ မတွေ့ဖူးတာမို့ ဆရာ ဘာတွေ ဒီလောက်သဘောကျနေတာလဲ ခါတိုင်းဆို အစည်းအဝေးတွေ ဆက်တိုင်း မျက်နှာက မူန်ကုတ်နေတာပဲလို့ ပြောတော့ ခေါင်းအသာယမ်းပြရင်းက အသံထွက်ပြီး ရယ်လိုက်ပါတယ်။
တကယ်တမ်း အဲ့ဒီ့နေ့က ကိုယ်အလုပ်တွေ အကုန်လုံး ပြီးပြတ်ချိန်ဟာ ည ၁၂နာရီကျော်နေပြီဖြစ်ပါတယ်။ လူတစ်ကိုယ်လုံး ပင်ပမ်းနွမ်းလျလွန်းတာကြောင့် အချိုရည်သောက်ရင်းက သူမရဲ့ ဖုန်းနံပတ်လေးကို အသာနှိပ်ရှာ လိုက်ပါတယ်။ ခလုတ်ကို နှိပ်သင့် မနှိပ်သင့် စဉ်းစားနေရင်းက သူမကို အရမ်းပြင်းပြင်းထန်ထန် တွေ့ချင်စိတ် ဖြစ်လာတာနဲ့ ခလုတ်လေးကို အသာနှိပ်လိုက်တော့ တူဆိုပြီး ဖုန်းမြည်သံနဲ့အတူ တီးလုံးသံလေးတွေ မြည်လာပါတယ်။ ရုတ်တရက်တီးလုံးသံလေးတွေ ရပ်သွားပြီ ဟဲလို..ဆိုတဲ့ အသံခပ်ထောင့်ထောင့်လေး ကို ကြားလိုက်ရပါတယ်။ သူမရဲ့အသံကို ကြားလိုက်ရချိန်မှာတော့ အသက်ကို ခပ်ပြင်းပြင်းရူရင်း ဘာပြောရမှန်းမသိ ဖြစ်သွားပါတယ်။ ဟဲလို..ဆိုပြီး သူမ ထပ်ခေါ်တော့ ကိုယ် ပြန်ထူးလိုက်ပါတယ်။
ကိုယ်ပါ...အရမ်းနောက်ကျသွားတာ ခွင့်လွှတ်ပါနော်..အခုမှ အလုပ်ပြီးလို့ပါခင်ဗျာ လို့ပြောတော့ သူမက အသံထွက်ပြီး ရယ်ပါတယ်။ မခွင့်လွှတ်ပါဘူးတဲ့။ အခုထက်ထိ ကျွန်မ ဘာမှ မစားရသေးဘူး စောင့်နေတာလို့ ပြန်ပြောလိုက်တော့ ကိုယ့်စိတ်ထဲ အရမ်းအံ့သြသွားတယ်။ ကိုယ်အခုထွက်လာခဲ့မယ် ဘယ်မှာ ဆုံမလဲလို့မေးတော့ ညလုံးပေါက်ဖွင့်တဲ့ စားသောက်ဆိုင်လေးတစ်ခုကို သူချိန်းပါတယ်။ ကိုယ်လဲ ကမမ်းကတမ်း ကားပြင်ခိုင်းပြီး အမြန်မောင်းခိုင်းလိုက်ပါတယ်။
ကိုယ်ရောက်တဲ့အချိန်မှာ စားသောက်ဆိုင်မှာ လူရှင်းနေပါတယ်။ သူမကို ရှာမတွေ့လို့ ဖုန်းခေါ်မလို့ ပြင်တုန်းမှာပဲ စက်အင်ဂျင်သံ ကျယ်လောင်စွာနဲ့ မော်တော်ဆိုင်ကယ်အကြီးတစ်စီး ခပ်ကြမ်းကြမ်း မောင်းဝင် လာတာကို တွေ့လိုက်ပါတယ်။ ဆိုင်ကယ်ဦးထုပ်ကို ဆွဲချွတ်လိုက်တဲ့အချိန်မှာတော့ ကိုယ်ရဲ့ သူမ ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ သူမနားကို ကိုယ် ပြေးသွားလိုက်ပြီး ဟေး မင်းဆိုင်ကယ်မောင်းတာ ကြမ်းလှချည်လား တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ မေးတော့ ဘာမှ မပြောပဲ သူမက မျက်ခုံးပင့်ပြီး ရယ်နေပါတယ်။
ကျွန်မဗိုက်ဆာပြီလေကွယ်လို့ သူမပြောရင်းက ကိုယ်နဲ့သူနဲ့ ညစာကို မှာကြပါတယ်။ အစားအစာတွေ ရောက်လာချိန်မှာတော့ သူရော ကိုယ်ရော ဗိုက်ဆာဆာရှိတာနဲ့ စကားမပြောပဲ အားရပါးရ စားဖြစ်ကြပါတယ်။ ကိုယ့်အတွက် တော့ အလုပ်ပင်ပမ်းလာတဲ့အချိန်ကိုယ့် ချစ်သူနဲ့ အတူစားခွင့်ရတဲ့ တကယ့်ကို အရသာရှိလှတဲ့ ညစာလေးပါ။ စပျစ်ဝိုင်ကို အသာလေး မျက်စိမှိတ်ပြီး အရသာခံ သောက်နေတဲ့ သူမကို ကိုယ်ချစ်ခြင်းများစွာနဲ့ ငေးမောကြည့်နေမိပါတယ်။ နောက်မှ သူမ နဲ့ ကိုယ်နဲ့ ကိုယ်စီရဲ့ အလုပ်ကိစ္စနဲ့ပတ်သတ်တာတွေ မိသားစုနဲ့ ပတ်သတ်တာတွေ စကားလက်ဆုံကျဖြစ် ပါတယ်။ စကားတပြောပြောနဲ့ နေလာလိုက်တာ သတိထားမိတဲ့ အချိန်မှာတော့ မနက်လေးနာရီလောက်ရှိနေပါပြီ။
ပြန်ဖို့ နုတ်ဆက်ချိန်မှာတော့ သူမက ထုံးစံအတိုင်း ကိုယ့်ကို ချာကနဲ ကျောခိုင်းပြီး ဆိုင်ကယ်ဆီကို ခပ်မတ်မတ် လျောက်သွားပြီး ဆိုင်ကယ်ကို မောင်းဖို့ အသင့်ပြင်ချိန်မှာပဲ ကိုယ်သူမအနားကို သွားရပ်မိပါတယ်။
ဆိုင်ကယ် ဦးထုပ်စွပ်ခါနီး ကိုယ်ရောက်လာတော့ သူမက ကိုယ့်ကို ငဲ့ကြည့်ပါတယ်။ ခေါင်းကို ဆတ်ပြီးမေးတော့ ကိုယ် သူမကို အကြာကြီး စိုက်ကြည့်ရင်းက ဆိုင်ကယ်ကို သတိနဲ့မောင်းနော် ဒီနေ့ညလေးအတွက် ကိုယ့်ဘေးမှာ နေပေးတာ တကယ် ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါတယ်။ သူမက မျက်နှာလေးကို မဲ့သလိုလေး ပြုံးရင်းက ဟုတ်ကဲ့ပါလို့ ဖြေပြီး ဟဲလ်မတ်ကို စွပ်ပြီး ဆိုင်ကယ်ကို တရကြမ်း မောင်းထွက်သွားပါတယ်။ သူမရဲ့ ဆိုင်ကယ်နောက်မြီးကို ငေးကြည့်ရင်းက ကိုယ့်ရင်ထဲမှာ ဟာပြီး ကျန်ခဲ့ပါတယ်။ ကားပေါ် ရောက်တဲ့ အချိန်မှာတော့ ကိုယ် မောမောနဲ့ လုံးဝ အိပ်မောကျသွားပြီဖြစ်ပါတယ်။
အခုချက်ခြင်း ခရီးထွက်ရမယ် ဟုတ်လား ကိုယ်လဲ မသိရပါလားလို့ ကိုယ့်အတွင်းရေးမူးမလေးကို မေးတော့ ဟုတ်တယ် ဆရာ နှစ်ပတ်ကြာမယ် အကုန်လုံးစီစဉ်ပြီးပြီ ပြီးတာနဲ့ နောက်တစ်နေရာကို ခရီးဆက်ရမယ်။ အချိန်ဇယားတွေနဲ့ ခရီးစဉ်တွေကို ပြောနေတဲ့အချိန်မှာတော့ ကိုယ်နဖူးကို လက်ထောက်ပြီး စဉ်းစားနေပါတယ်။ သူမကို ဘယ်လို နုတ်ဆက်ရမလဲဆိုတာ တွေးပြီး အခု အပြင်ခဏထွက်မယ်လို့ပြောတော့ လေယာဉ်ချိန်က အရမ်းကပ်နေပြီဆရာတဲ့။ ကိုယ်မျက်နှာ ပျက်သွားတော့ ဒါပေမယ့် တစ်နာရီလောက်တော့ ရမယ်ထင်တယ်လို့ ဖြေလိုက်ချိန်မှာပဲ ကိုယ်ချက်ခြင်း အလုပ်ခန်းကနေ အပြင်ကို ထွက်လိုက်ပါတယ်။ ဖုန်းနံပတ်လေးကို နှိပ်တော့ Busy နေတယ်လို့ ပြောပါတယ်။ ကိုယ်ဆက်ခါ ဆက်ခါ နှိပ်လိုက်ချိန်မှာတော့ ဖုန်းလေးက လုံးဝ ပိတ်သွားပါတယ်။ အခန်းထဲကို ပြန်ဝင်လာပြီး ကိုယ် ထိုင်ခုံနှောက်ကို မှီထိုင်ရင်း သက်ပြင်းချမိပါတယ်။
လေယာဉ်ကွင်းကို ဆင်းလာတဲ့အချိန်မှာတော့ ကိုယ့်ရဲ့ အလုပ်မိတ်ဆွေတွေနဲ့ နုတ်ဆက်စကားဆိုရင်း အထဲကို ၀င်လာတော့ လေယာဉ်ကို တက်ဖို့ စောင့်ဆိုင်းနေတဲ့နေရာမှာရှိတဲ့ မှန်သားပြင်ကြီးတွေ အပြင်ဘက်က အတက်အဆင်း လုပ်နေတဲ့ လေယာဉ်တွေကို ငေးမောနေမိပါတယ်။ ပြေးလမ်းပေါ် ထိုးတက်ပြီး လေယာဉ်ဘီး ခေါက်သိမ်းသံ ဒုတ်ဒုတ်ဆိုတဲ့ အသံကြားလိုက်ရတဲ့အခါမှာတော့ တိမ်လွှာတွေကို ငေးစိုက်ကြည့်ရင်းက သူမရဲ့ ပုံစံလေးကို မျက်စိထဲ မြင်ယောင်လာတော့ စိတ်ထဲ နာကျင်လာတာနဲ့ မျက်စိကို တင်းတင်းမှိတ် ထားလိုက်ပါတော့တယ်။
ခရီးစဉ်တွေ ဆက်တိုက်သွားနေရင်းက လူရော စိတ်ရော ပင်ပမ်းလှတာမို့ အပြင်းဖျားဖျားပါတော့တယ်။ ဆေးရုံမှာ တက်ပြီး အနားယူသင့်တယ်လို့ ပြောလို့ သီးသန့်ခန်းလေးထဲမှာ ဆေးကုသမူခံနေတဲ့အချိန် ၀ရံတာလေးမှာ ရပ်ပြီး ကြည့်နေတုန်း အရေးပေါ်ကားတစ်စီး ဆေးရုံဆင်ဝင်အောက်ကို ဆိုက်လာတာ တွေ့လိုက်ရတယ်။ မနက်ခင်း နေရောင်ခြည်နွေးနွေးအောက်မှာ ဆေးရုံ အရှေ့မြက်ခင်းပြင်ကို ဆင်းပြီး နေရောင်ခြည်ခံဖို့ ဆင်းလာတဲ့အချိန် မဆုံဖြစ်တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ကို ရေးကြီးသုတ်ပြာပုံစံနဲ့ ကောင်တာမှာ ရုတ်တရက်တွေ့လိုက်ရတယ်။ ကိုယ့်ကိုမြင်တော့ သူပြေးလာတယ် မင်းဆေးရုံတက်နေတာလားတဲ့ အေး ငါ နှလုံးက သိပ်အလုပ်မလုပ်လို့ ခဏ အလုပ်နားပြီး ဆေးရုံမှာ အနားယူနေတာလို့ဖြေလိုက်တယ်။
မင်းကရောဆိုတော့ သက်ပြင်းချပြီး ငါ့ညီမလေးတစ်ယောက်ပါကွာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်လို့ အဲ့တာ ဆေးရုံကို ပြေးလာကြည့်တာ အခု ခွဲခန်းထဲမှာတဲ့။ အခြေအနေတော့ သိပ်မကောင်းဘူးထင်တယ်။ ဟုတ်လား မျက်စိထဲမှာ ဆိုင်ကယ်ကို ခပ်ကြမ်းကြမ်းမောင်းတတ်တဲ့ သူမပုံစံကို မြင်ယောင်မိပြီး ရင်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ စူးအောင့်လာပါတယ်။ ဟုတ်လား ခဏလေး ဟိုမှာ ဆရာဝန်ထွက်လာပြီ ပြောပြောဆိုဆို ပြေးထွက်သွားတဲ့ သူငယ်ချင်း နောက်ကျောကို ငေးကြည့်မိပါတယ်။ နောက် အသာလေး လှည့်ထွက်လာရင်း မြက်ခင်းပြင်စပ်က ခုံတန်းလေးမှာ ထိုင်ရင်း ဖုန်းနံပတ်လေးတစ်ခုကို နှိပ်လိုက်ပါတယ်။ ကြားနေကျအတိုင်း ဖုန်းပိတ်ထားတယ် လို့ စက်က ပြန်ဖြေသံကြားလိုက်ပါတယ်။ ခပ်လှမ်းလှမ်းက သစ်ပင်အုပ်အုပ်ကိုငေးမောကြည့်ရင်းက သက်ပြင်းမော ချမိပါတယ်။
ဘေးမှာ ၀င်ထိုင်တဲ့အရိပ်ကြောင့် လှည့်ကြည့်တော့ သူငယ်ချင်း။ တော်သေးတယ် ကွာ ဘာမှ မဖြစ်တာ ခြေထောက်နဲ့လက်တော့ အရိုးထိသွားတယ်ပြောတယ် လနဲ့ချီပြီး အနားယူရမယ်တဲ့ အဲ့တာမှ လည်း ကောင်မလေး အနားယူဖြစ်မယ် နို့မို့ရင် တစ်နေကုန် တစ်နေခမ်း အလုပ်လုပ်တာကွ။ လုံးဝ မနားဘူး။ သူ့စိတ်ကို သူ ပြန်ပြီး ညှင်းဆဲနေသလိုပဲ။ ဟုတ်လား သူက ဘာအလုပ်လုပ်လဲ။ သူက ရုပ်မြင်သံကြား သတင်းထောက်လေ။ မင်း သူ့နံမည် သိလား။ သူလေ..အံသြစိတ်နဲ့စိုးရိမ်စိတ်တွေနဲ့အတူ ကိုယ်လူပ်လူပ်ရှားရှားဖြစ်သွားတယ်။
နောက်မှ စိတ်ကို ထိန်းပြီး သူမအကြောင်း သိလိုစိတ်နဲ့ မင်းနဲ့သူနဲ့က သိတာကြာပြီလား။ သိတာကြာပြီလား ဆိုတော့ သူငယ်ငယ်လေးကတည်းက ဆိုပါတော့ကွာ။ သူက အရမ်းစိတ်ကြီးတယ် ထက်လဲ ထက်တယ်။ မဟုတ်မခံစိတ် ပြင်းတယ်ကွ။ သူ့မိဘတွေက တော်တော်ချမ်းသာကြတယ်။ အခု သူက မိဘတွေနဲ့လည်း အဆက်အသွယ်ဖြတ်ထားတယ်။ အမွေဖြတ်ခံရပြီးကတည်းကပဲ။ ဟုတ်လား ဘာဖြစ်လို့လဲ။ သူတို့ သဘောမတူတဲ့ ကောင်လေးနဲ့ယူလို့လေ။
မျက်စိထဲ ပြာကနဲဖြစ်သွားပါတယ်။ ရုတ်တရက်ထိုးအောင့်လာပြီး အသက်ရူရပ်မတတ်ဖြစ်သွားလို့ ရင်ဝကို လက်ဖနောင့်နဲ့ ဖိလိုက်တော့ သူငယ်ချင်းက ရုတ်တရက်စကားကို ရပ်ပစ်လိုက်ပါတယ်။ ဘာဖြစ်လဲ သူငယ်ချင်း ဆောရီးဆောရီး ငါဘာတွေ ပြောမိမှန်းမသိဘူး စိတ်မချမ်းမသာစရာတွေ။ ရပါတယ်ကွ ပြောပါ ငါစိတ်ဝင်စားတယ်။ အခုသူက အိမ်ထောင်နဲ့လား။ မဟုတ်ဘူး သူ့ကောင်လေးက ဆုံးသွားပြီ။ ဟင် ဘာဖြစ်လို့လဲ ထောင်ထဲမှာ ဆုံးတာလေ။ ထောင်ထဲမှာ နှစ်ကြီးကျတာ နှိပ်စက်ခံရတဲ့ ဒဏ်နဲ့ပဲ ဆုံးသွားတာ ။ အဲ့ကတည်းက သူ အပြင်ကို ထွက်လာတာ အခုထက်ထိ မြန်မာပြည်ကိုလည်း မပြန်ဘူး သူ့မိဘတွေနဲ့လည်း မဆက်သွယ်ဘူး။ ငါတို့ပဲရှိတာဆိုတော့ တစ်ခုခုဆို ငါတို့လိုက်စောင့်ရှောက်ပေးနေတာပေါ့ကွာ။
သူ့ကောင်လေးက ဘာဖြစ်လို့ ထောင်ကျတာလဲ။ အင်း တကယ်တော့ သူနဲ့ကောင်လေးနဲ့က သူငယ်ချင်းအရင်းချာတွေကွ တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်ချစ်ကြတယ်။ သူတို့တက္ကသိုလ် တက်နေတဲ့အချိန်မှာ ကောင်လေးက ကျောင်းသားအရေးအခင်းမှာ ခေါင်းဆောင်လုပ်တယ်။ ကောင်မလေးက အဲ့အရေးအခင်းမှာ ဗီဒီယိုနဲ့မှတ်တမ်းတင်ပြီး အပြင်ကို ဖြန့်ပေးတယ်။ အဲ့မှာ ကောင်လေး အဖမ်းခံရတော့ သတင်းတွေ အပြင်ရောက်တဲ့ကိစ္စတွေပါစွဲချက်တင်ပြီး ထောင် နှစ်၂၀ကျော်လောက် ချခံလိုက်ရတယ်။ အဲ့မှာ ကောင်မလေးက ထောင်ထဲရောက်သွားတဲ့ ကောင်လေးကို ထောင်ဝင်စာတွေ့နိုင်အောင် လက်ထပ်မယ်လို့ သက်ဆိုင်ရာကို တောင်းဆိုတယ်။ အဲ့တာ ကောင်မလေး မိဘတွေက ဘယ်လက်ခံမလဲ နောက် တော်တော်လေး အခြေအနေတင်းမာပြီး ကောင်မလေးက အတင်းလုပ်ဖို့ ကြိုးစားတော့ ကောင်မလေး မိဘတွေက အမွေဖြတ်လိုက်တယ်။ အဲ့မှာ ကောင်မလေးက သက်ဆိုင်ရာက ခွင့်ပြုချက်ရဖို့စောင့်နေတုန်း ကောင်လေးက ဆုံးသွားတာ. အတွင်းကြေဒဏ်ရာတွေလို့ပြောတယ် ကောင်မလေးနဲ့ပတ်သတ်တာကို မေးတော့ မရလို့ ရိုက်စစ်တာကနေ လက်လွန်သွားတာပြောတယ် အဲ့ကတည်းက သူ ထွက်သွားတာ အပြင်ကို။ သူလူတွေနဲ့ လုံးဝ မဆက်သွယ်တော့ဘူး။
ဒါပေမယ့် ကောင်လေးကို ပေးထားတဲ့ ကတိအတိုင်း သူ ဗီဒီယိုသတင်းထောက်တော့ ဆက်လုပ်တယ်။ အလုပ်ကလွဲရင် တစ်ယောက်တည်းပဲ နေလေ့ရှိတယ်ကွ။ အခုလည်း ဆိုင်ကယ်မှောက်တာ ခဏခဏပဲ ။ငါက သူ့နောက်လိုက် ရှာရတာ မောပြီ။ အရေးပေါ်ကွန်တက်နံမည်မှာ ငါ့နံမည်ပေးထားတာပဲ ကံကောင်းလှပြီ သတ်မှတ်ပါတယ်ကွာ။ စကားတွေ ဆက်တိုက်ပြောပြီး အတွေးကိုယ်စီနဲ့ ငြိမ်နေပြီးမှ ငါသူ့ကို လိုက်ကြည့်ချင်တယ်။ မင်းငါ့ကို ခွင့်ပြုပါလို့ပြောတော့ ရတယ် လိုက်ခဲ့လေဆိုတော့ ဆေးရုံအဆောက်အဦးထဲကို ပြန်ဝင်လာခဲ့ကြပါတယ်။
ပတ်တီးတွေ အဖွေးသားနဲ့ နှစ်နှစ်ခြိုက်ခြို့က်အိပ်ပျော်နေတဲ့ အပြစ်ကင်းစင်တဲ့ သူမမျက်နှာလေးကို ငေးစိုက်ကြည့်ရင်း ကိုယ့်ရင်ထဲမှာ သနားစိတ်တွေ ၀င်လာမိပါတယ်။ သူငယ်ချင်းက ဆေးဗူးလေးတွေ သယ်လာရင်း ငါခန ဆရာမကို သွားမေးလိုက်ဦးမယ်နော်။ မင်းခနလေးစောင့်ပေးလို့ ပြောရင်း ထွက်သွားတဲ့အချိန် ဘေးခုံလေးမှာ ထိုင်ရင်း သူမမျက်နှာကို တစိမ့်စိမ့်စိုက်ကြည့်မိပါတယ်။ သူမ ခဏနေတော့ လူးလွန့်လာပါတယ် မျက်လွှာလေးက ဖြေးဖြေးချင်းပွင့်လာတော့ သူ ကိုယ့်ကိုလည်း မြင်ရော မျက်လုံးလေးက ပြူးသွားပါတယ်။ နောက် အကြာကြီး ကိုယ့်ကို စူးစိုက်ကြည့်ပြီးမှာ ရုတ်တရက် မျက်လုံးက အရောင်ပြောင်းသွားပြီး ကိုယ့်ကို မျက်နှာလွှဲလိုက်ပါတယ်။
ဘာဖြစ်မှန်းမသိတော့ ကိုယ်လဲ ဘာပြောရမှန်းမသိ ဖြစ်နေတဲ့အချိန် သူငယ်ချင်းက ပြန်ဝင်လာပြီး. ကျေးဇူးရှင်လေး နိုးပြီလား ညည်းအနားယူရမယ် ဆိုင်ကယ်စီးခွင့်ပါမစ်ပိတ်တယ် ညနေကျရင် ညည်းအစ်မလာလိမ့်မယ် အခု သူက ကလေးတွေ ကျောင်းပို့ဖို့ လုပ်နေလို့ ဟုတ်လား။ ဆေးသောက်ရမယ်အခု အော် ဒါနဲ့မိတ်ဆက်ပေးရမယ် ဒါ အစ်ကိုသူငယ်ချင်း နောင်မင်းမြတ်တဲ့ ဒါ ငါ့ရဲ့ ညီမဆိုးလေးပေါ့ နံမည်က ဆုမေအောင်တဲ့။
မသိချင်ပါဘူး တဲ့ မျက်နှာကို လွှဲထားရင်းက ခပ်ဆောင့်ဆောင့်လေသံနဲ့ပြောတော့ ကိုယ့်စိတ်ထဲမှာ မကောင်းခြင်းကြီးစွာဖြစ်သွားပြီး ဘာဖြစ်လို့လဲလို့မေးလိုက်ပါတယ်။ အေးအေး ဒါဆို ငါတို့သွားမယ် ညနေ မင်းအစ်မ လာမယ်နော် ပြောပြောဆိုဆိုနဲ့ ကိုယ့်လက်ကို ဆွဲခေါ်ပြီး အပြင်ရောက်တော့မှ သူငယ်ချင်း သူက ဒီလိုပဲ သူစိမ်းတွေဆို သိပ်စကားကောင်းကောင်းမပြောဘူးကွ။ ကိုယ်လဲ ရှက်ပြုံးပြုံး မိပါတယ်။
ညနေနေရီရီချိန်လေးမှာ ၀ရံတာလေးမှာ ထွက်ရပ်ရင်း သူမအကြောင်းကို ကိုယ် စဉ်းစားနေမိပါတယ်။ သူမရဲ့ကောင်လေးအပေါ် ခံစားချက်တွေ အခုချိန်လောက်အထိ နာကျင်နေတုန်းပဲရှိမယ်လို့ တွေးမိတော့ ဖေးမကြင်နာချင်စိတ်တွေ ပေါ်လာပါတယ်။ ဒါပေမယ့် သူမ ဘာဖြစ်လို့ သူ့အပေါ်မှာ ပြောင်းလဲသွားသလဲဆိုတော မတွေးမိဘူးဖြစ်နေပါတယ်။
အခန်းတံခါးကို ခပ်ဖွဖွလေး ခေါက်တော့ ဘာတုန့်ပြန်သံမှ မကြားရဘူး။ အဲ့တာ တံခါးကို အသာလေး ဖွင့်လိုက်တော့ ပွင့်သွားပါတယ်။ ကုတင်ပေါ်မှာ ကျောကို ခေါင်းအုံးလေးတွေ ခုထားပြီး ထိုင်ပြီး ပြူတင်းပေါက်ကို ငေးကြည့်နေတဲ့ သူမကို မြင်တော့ ကိုယ် ပြုံးပြလိုက်ပါတယ်။ မရယ်မပြုံးမျက်နှာတည်တည်လေးနဲ့ ကိုယ့်ကို လှမ်းကြည့်ပြီး မျက်နှာကို ချက်ခြင်း လွှဲလိုက်ပါတယ်။ ကိုယ်ကုတင်ဘေးနားမှာ သွားရပ်ပြီး သူမမျက်နှာကို ငုံ့ကြည့်လိုက်ပါတယ်။ လိုတာထက်ပိုပြီး စိမ်းကားသွားတဲ့ သူမရဲ့အမူအယာတွေအောက်မှာ ကိုယ်ရင်ထဲမှာ အရမ်းနာကျင်ရတာအမှန်ပါ။
ဆုမေ.အကြင်နာကြီးစွာနဲ့ ခေါ်လိုက်တဲ့ ကိုယ့်လေသံကို ကိုယ်တောင် အံ့သြမိတယ်။ သူရုတ်တရက် ကိုယ့်ကို မော့ကြည့်လာပါတယ်. ဘာဖြစ်လို့ ကိုယ့်ကို ဒီလိုဆက်ဆံတာလဲ ကိုယ်နဲ့မင်းနဲ့က မိတ်ဆွေတွေ ဖြစ်ခဲ့တယ် မဟုတ်လား...သူမ မျက်နှာလေးကို ပြန်လှည့်ထားပြီး ဘာတစ်ခွန်းမှ ဆက်မပြောပါဘူး။ သူမကို အကြာကြီး ရပ်ကြည့်နေပြီးမှ ကိုယ်တစ်ကယ်စိတ်မကောင်းဘူး..ပြောပြီး သူမရဲ့အမူအယာအတွက် မခံစားနိုင်တော့လို့ ကိုယ်လှည့်ထွက်မိတယ်။
သူမဆီက အသံတိုးတိုးလေး ထွက်လာပါတယ်။ တကယ်ပဲ မိတ်ဆွေတွေလို့ သဘောထားခဲ့တယ်ဆိုရင် ဒီလောက်အချိန်အကြာကြီး ဘာဖြစ်လို့ မဆက်သွယ်သလဲ အောင့်ကို လူတွေက လိုတဲ့အချိန် ဆက်သွယ် မလိုတဲ့အချိန် ပစ်ထား အဲ့လို သဘောထားမယ့် မိတ်ဆွေမျိုးကို မခင်ချင်ဘူး..မာကျောကျောလေး ပြောလာတဲ့ သူမရဲ့စကားလုံးတွေကြောင့် ကိုယ် ပြုံးမိပါတယ်။ သူမနားကို ပြန်သွားရပ်ရင်းက ရင်ထဲမှာ ချစ်မြတ်နိုးစိတ်တွေ ၀င်လာလို့ စိတ်လွတ်သွားပြီး သူမရဲု့ ဆံပင်လေးကို အသာလေး ပွတ်လိုက်ပါတယ်။ ခင်ဗျားလေးကို ကျူပ်ဆက်သွယ်တယ်လေ ဖုန်းက ဘယ်လိုမှ ဆက်လို့မှ မရတာပဲလို့ ပြောတော့ သူမရဲ့ မျက်စောင်းလှလှလေး ကို ကိုယ်ရလိုက်ပါတယ်။ အိုကေလေ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ပေမယ့် ကျွန်မ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်တဲ့။ နောက်သူမ ရယ်ပါတယ်။
အခန်းလေးထဲမှာ သူမဘေးနားမှာ ထိုင်ရင်း စကားတွေ အကြာကြီးပြောဖြစ်တယ်။ နောက် သောက်ထားတဲ့ ဆေးအရှိန်နဲ့ အိပ်မောကျသွားတဲ့ သူမ မျက်နှာလေးကို တစိမ့်စိမ့်ငေးမောကြည့်ရင်း ကိုယ်အခန်းကို ပြန်လာခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ ၀ှီးချဲလေးပေါ်မှာ ထိုင်နေတဲ့ သူမကို ကိုယ်တွန်းရင်း မြက်ခင်းပြင် စိမ်းစိမ်းလေးပေါ်မှာ နေပူဆာလူံရင်း စကားတွေ ပြောကြ နေ့လည်စာ အတူစားရင်း ရယ်စရာတွေပြောကြ ညဘက်မှာ ရောက်တက်ရာရာ စကားတွေပြောရင်း တီဗီအတူကြည့်ရင်းနဲ့ ဆေးရုံပေါ်က အနားယူရမယ့် အချိန်တွေကို နှစ်ယောက်သား ကုန်လွန်ခဲ့ကြပါတယ်။
ဆေးရုံက ဆင်းတဲ့အချိန်မှာတော့ နှစ်ယောက်သား ရဲ့ အပျော်ချိန်တွေ ရပ်တန့်သွားသလို ခံစားလိုက်ရပေမယ့် သူမရဲ့နေရာလေးကိုတော့ သိခွင့်ရလိုက်ပါတယ်။ ကိုယ်လာလည်လို့ရမလားလို့မေးတော့ ခဏတော့ တွေတွေလေး စဉ်းစားဟန်ပြုပြီးမှ ရပါတယ် လာခဲ့ပါတဲ့။
သူမရဲ့အခန်းလေးဟာ တိတ်ဆိတ်လွန်းတဲ့ ရပ်ကွက်ထဲက သုံးထပ်တိုက်လေးရဲ့ အပေါ်ဆုံးလွှာတစ်ခုဖြစ်ပါတယ်။ ဘေးပတ်ပတ်လည် အကုန်လုံးနီးပါးက မှန်သားပြင်ချပ်တွေဖြစ်ပြီး တစ်ခန်းလုံးအပြည့်နံရံတွေမှာ သူမရဲ့သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေ ချိတ်ဆွဲထားပါတယ်။ နောက် သူမနဲ့ ကောင်လေးတစ်ယောက်ရဲ့ ပြုံးပျော်ရွှင်မြူးနေတဲ့ ရယ်စရာ စတိုင်လ်အမျိုးမျိုးလေးတွေ ထုတ်ပြီး ရိုက်ထားတဲ့ပုံလေးတွေကလဲ ကားချပ်ကြီးတွေနဲ့ ချိတ်ထားပါတယ်။
အခန်းလေးထဲမှာ အသေးစားရုပ်ရှင်ပြစက်လို စက်အကြီးကြီးဆင်ထားပြီး ဆောင်းဘောက်စ်အကြီးတွေလဲ ထားထားပါတယ်။ နောက် ဗီဒီယိုကင်မရာ ဒေါက်တိုင် စက်ကြိုးတွေ စတဲ့ နည်းပညာဆိုင်ရာ ပစ္စည်းတွေကတော့ ခမ်းလုံးပြည့်ပါပဲ။ သိပ်ပြီး မိန်းမဆန်ဆန် အလှဆင်ထားတာ မရှိပေမယ့် ရှင်းရှင်းလေးနဲ့ သပ်သပ်ရပ်ရပ် အနောက်တိုင်းဆန်တဲ့ အပြင်အဆင်မျိုးနဲ့အလှဆင်ထားတဲ့ အခန်းလေးပါ။ သူမရဲ့ ဝေယျာဝစ္စတွေကို ပြုစုပေးမယ့် အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ယောက်ရှိပါတယ်။ နေ့တိုင်းလာပြီး လုပ်ကိုင်ပေးနေတာဖြစ်ပေမယ့် ညဘက်မှာတော့ သူမတစ်ယောက်တည်း နေလေ့ရှိပါတယ်။
သူမရဲ့အခန်းထောင့်မျက်နှာစာ နှစ်ခုမှာ ၀ရံတာလေးနှစ်ခုပါရှိပါတယ်။ လအရမ်းသာတဲ့ညတွေ ကြယ်တွေ အစုံလင်းတဲ့ ညတွေဆိုရင် ဒရင်းမ်ဘတ်လေးပေါ်မှာ လဲလျောင်းရင်း သူမ မိုးကောင်ကင်ကြီးကို မော့ကြည့်လေ့ရှိတယ်လို့ပြောပါတယ်။ ကိုယ်နဲ့သူနဲ့ ၀ရံတာလေးမှာ ထိုင်ရင်း စကားလက်ဆုံ အမြဲကျဖြစ်ပါတယ်။ အများအားဖြင့် ကိုယ်က ပြောတာများပြီး သူမကတော့ မရယ်မပြုံးမျက်နှာလေးနဲ့ နားထောင်လေ့ရှိပ်ါတယ်။ သူမ သဘောကျလို့ ပြုံးလိုက်ရင်တော့ တော်တော်လေးကို ချစ်ဖို့ကောင်းပါတယ်။ ရယ်လိုက်ရင်တော့ သွားဖွေးဖွေးလေးတွေ ပေါ်အောင်ကို အသံထွက်ပြီး ရယ်လေ့ရှိပါတယ်။
ကိုယ့်ရင်ထဲက အကြင်နာတွေနဲ့ချစ်ခြင်းမေတ္တာတွေ အန်ထွက်လာတဲ့နေ့ကတော့ မိုးသည်းသည်းမည်း ရွာသွန်းတဲ့နေ့လေးတစ်နေ့ပါ။ အဲ့နေ့က ကိုယ် အလုပ်ခန်းကို ကားနဲ့ထွက်လာတုန်း မိုးတွေ သည်းသည်းမည်းမည်းရွာတော့ ကားလမ်းတွေ ပိတ်ဆို့ကျပ်နေပါတယ်။
ကားတန်းကြီးကို စိတ်မရှည်သလို ကိုယ်စောင့်ကြည့်နေရင်း ကိုယ့်ကားနံဘေးကနေ ပွတ်ပြီး မောင်းထွက်ဖို့ ဆိုင်ကယ်ဦးကို လှည့်နေတဲ့ ဆိုင်ကယ်သမားကို မြင်တော့ ကိုယ်အသာလေး လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူမဖြစ်နေပါတယ်။ သူမရဲ့ဆိုင်ကယ်နဲ့ ဆိုင်ကယ်ဦးထုပ်ကို ကိုယ်မှတ်မိနေပါတယ်။ ကိုယ့်ကားဘေးကနေ ကျော်ထွက်ပြီး ဘေးလမ်းကို ချိုးလိုက်တဲ့အချိန်မှာ ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့ မောင်းထွက်လာတော့ သူမဆိုင်ကယ်ကို ချိတ်မိသွားပါတယ်။ မိုးတွေ သည်းသည်းမည်းမည်းရွာနေတဲ့အတွက် ဘရိတ်မမိ ပဲ ဆိုင်ကယ်နဲ့လူနဲ့ တရွတ်ဆွဲပြီး တစောင်းလဲသွားပါတယ်။
ကိုယ့်မျက်စိထဲ ပြာကနဲဖြစ်သွားပြီး ကားတံခါးကို ဆွဲဖွင့်ပြီး မိုးရေထဲက ထွက်သွားပြီး လဲကျသွားတဲ့ သူမကို ပွေ့ပြီး အော်လိုက်ပါတယ်။ သူမကလဲ ကိုယ့်ရင်ခွင်ထဲကနေ အတင်းရုန်းထွက်ပြီး ကုန်းရုန်းထပါတယ်။ နောက် ကိုယ်သူမရဲ့ ဆိုင်ကယ်ကို ထူပြီး လမ်းဘေးမှာ သွားရပ်လိုက်ပါတယ်။ ဆိုင်ကယ်သော့ခတ်ပြီး သူမကို အတင်းပွေ့ချီပြီး ကားထဲကို ခေါ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မီးပိုင့်ကလဲ စိမ်းသွားပြီမို့ ကားတန်းကလဲ ရွေ့လျားသွားပါတယ်။ ကားပေါ်ရောက်တော့မှ သူမ ကိုယ့်မျက်နှာကို မြင်ပုံရပါတယ်။ ဘာမှစကားမပြောပဲ အံကို တင်းတင်းကြိတ်ရင်း ကိုယ်ကားကို ဂရုစိုက်မောင်းနေတော့ သူမလဲ ဘာမှ မပြောပဲ ငြိမ်ငြိမ်လေး လိုက်လာပါတယ်။
သူမရဲ့ တိုက်ခန်းကို ဦးတည်မောင်းပြီး ပေါ်တီကိုအောက်ရောက်တော့ သူမ ဆင်းဖို့ကြိုးစားပေမယ့် ခြေထောက်က ထောက်မရပဲဖြစ်နေပုံရပါတယ်။ ကိုယ်လဲ သူမကို ပွေ့ချီပြီး အပေါ်ထပ်ကို တက်လာခဲ့ပါတယ်။ အခန်းရောက်တော့ ကုတင်ပေါ်ကို ပစ်ချပြီး ကိုယ်ခါးထောက်ပြီး သူ့ကို စိတ်ဆိုးမာန်ဆိုးကြည့်ပါတယ်။ သူမ အ၀တ်လဲနေတဲ့အချိန် ကိုယ်ကော်ဖီဖျော်ပြီး ရေနွေးပူပူလေးနဲ့ အတူ သူမကို တိုက်ပါတယ်။ တစ်ကိုယ်လုံးချမ်းလို့ ခိုက်ခိုက်တုန်နေတဲ့ သူမကို ကိုယ်ကြည့်ပြီး စိတ်ထဲ အရမ်းခံစားလာရတာနဲ့ စိတ်လွတ်သွားပြီး သူမတစ်ကိုယ်လုံးကို ကိုယ်တင်းနေအောင် ပွေ့ဖက်ထားလိုက်ပါတယ်။ ငါကြာရင် မင်းဒီလိုတွေ လုပ်တာနဲ့သေမယ် သိလား ဆုမေလို့ပြောပြီး ကိုယ်သူ့ကို အတင်းထွေးပွေ့ထားတော့ သူမက ဘာတစ်ခွန်းမှ မပြောပဲ ငြိမ်သက်နေပါတယ်။
ကိုယ့်ပုခုံးစွန်းမှာ စိုစွတ်လာတော့ သူမမျက်နှာကို အတင်းဆွဲမော့တဲ့အခါမှာတော့ မျက်ရည်စတွေ စွန်းထင်နေတဲ့ သူမကို မြင်လိုက်တဲ့အခါမှာတော့ သူမမျက်နှာတစ်ပြင်လုံးကို နမ်းရိုက်ရင်း ကိုယ်ပါ ရင်ခွင်တစ်ခုလုံး လိုင်းထန်သလို ခံစားလာရပြီး သူမနဲ့အတူ မျက်ရည်ကျမိပါတယ်။ မင်းသိလား ငါမင်းကို ဘယ်လောက် ချစ်တယ်ဆိုတာ မင်းသိလား မင်းကို ငါစိုးရိမ်ရတာတွေ ပူပင်ရတာတွေအတွက် ကြာရင် ငါသေမယ် လို့ တတွတ်တွတ်ပြောမိပါတယ်။ နောက် သူမကလဲ ကိုယ့်ကို တင်းနေအောင် ပြန်ဖက်တွယ်ထားပါတယ်။ နောက်မှ လေသံတိုးတိုးလေးနဲ့ ကျေးဇူးတင်ပါတယ်တဲ့ ကျွန်မကို အခုလို ချစ်တဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်တဲ့။
ကိုယ့်ရင်ခွင်ထဲမှာ သောက်ဆေးအရှိန်နဲ့ ခွေခွေလေး အိပ်ပျော်နေတဲ့ သူမမျက်နှာလေးကို တစ်စိမ့်စိမ့်ကြည့်ရင်း ဆံစလေးကို အသာလေး နမ်းရိုက်မိပါတယ်။ တကယ့်ပီဘိကလေးတစ်ယောက်လို အပြစ်ကင်းလှတဲ့သူမလေး တစ်ယောက်တည်း မိဘရဲ့ရင်ခွင်မဲ့ သူစိမ်းတွေရဲ့အလည်မှာ ရပ်တည်နေရတာ သူမရဲ့အထီးကျန်မူတွေ နာကျင်ခံစားမူတွေအတွက် အတူ မျှဝေခံစားပေးမယ် သူမကို တစ်သက်လုံးအတွက် စောင့်ရှောက်ပေးသွားမယ်လို့ ရင်ထဲမှာ ပိုင်နိုင်စွာ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမယ့် ကံကြမ္မာက ကိုယ်တို့နှစ်ယောက်ကို မျက်နှာသာမပေးခဲ့ပါဘူး။.......
Posted by မဆုမွန် at Wednesday, October 14, 2009 10 comments
Labels: ၀တ္တုဟု ယူဆရသည်