အမေ့လက်


မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။

မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။

ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ "အလှ" "အလုပ်"
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။

ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)အမေ့လက်ကဗျာကို ပြန်လည်တင်ပြသည်။

3 Comments:

Sein Lyan Tun said...

ခံစားသွားပါသည်

tg.nwai said...

ကဗျာလေး လာဖတ်သွားပါတယ်.. ချစ်သူရဲ့လက်တွေလည်း အတွေ့အကြုံတွေရင့်ကျက် အချိန်ကာလတွေ တိုက်စားသွားတဲ့ တနေ့ အမေတစ်ယောက်ရဲ့ လက်တွေ ဖြစ်လာနိုင်တာပဲလို့ ဆက်တွေးလိုက်ရင်း..

မိုးခါး said...

ဒီကဗျာလေး ညီမတခါဖတ်ဖူးတယ်
အရမ်းလည်း သဘောကျတယ်
ကမ္ဘာ့အမေများနေ့မှာ အမေတွေအားလုံး ငြိမ်းချမ်းပါစေ ..