စနစ်
အဆိုးအကောင်းခွဲခြား
မတရားတာကို မတရားဘူးလို့
ရိုးရိုးကလေး အရေးဆို
နုပျိုနေတဲ့ လွယ်အိတ်ကလေးကနေ
ခွပ်ဒေါင်း တောင်ပံခတ်သံ
မိုးထိ တောင်တန်းတွေကို ကျော်ခဲ့
လေဟုန်စီးခဲ့တာမဟုတ်
အမှန်တရားအတွက်
လေဆန် ရေဆန်ကို
ပျံတက်ခဲ့တာ။
စနစ်တခုကနေ
စနစ်တခုကို ကူးပြောင်းဖို့
သွေးမြေခပြီး လမ်းပြခဲ့တာ။
ခေတ်…………
၂၁နှစ်ကြာခဲ့
၂၁နှစ်စာ သွေးမျိုးဆက်တွေ မွေးဖွားနေတာ။
ထုံးသုတ်လို့ မပျောက်ခဲ့တဲ့လမ်း
မှော်ကွန်းထိုးရင်း ဖြတ်သန်း
တဦးတည်း မှတ်တမ်းမဟုတ်
ဒါ သွေးမုန်တိုင်းရဲ့ ……..
အဲဒီခေတ် တခေတ်ထဲမှာပဲ
သူရဲကောင်းပေါင်း များစွာပေါ်ထွက်
မနက်ခင်းအတွက် နေတစင်း
ညခင်းအတွက် လတစင်း
တော်လှန်စစ် ခင်းရင်း နင်းလျှောက်
မတရားတဲ့ စနစ်ဆိုးအောက်မှာ
ဒူးထောက်စရာ အကြောင်းမရှိ။
ဇာတ်သိမ်း….
သူ့ဘာသာ ဖွဲ့စည်း
သူ့ဘာသာ အုပ်ချုပ်
ထင်တိုင်း လုပ်သမျှ
တသက်စာ မုသားလိမ့်လုံးတွေအောက်မှာ
သူ့ကျွန်လုံးလုံးဖြစ်နေရတဲ့
ပြည်သူတွေအားလုံးကသိ
တန်းညှိစရာမှမလိုတာ
သူတို့ ကျဆုံးမယ့်ရက်က နီးလာပြီ
အောင်ပွဲ
သတိရှိရမှာက ……
စားဖားတွေ ညီညွတ်ရေးမျိုးတော့
ငါတို့ …..
အလိုမရှိ။
သွေးမျိုးဆက်ရဲ့ အုတ်မြစ်ကွန်ယက်
Posted by မဆုမွန် at Tuesday, August 04, 2009
Labels: ကဗျာ
1 Comment:
ဘယ်တော့မှဒူးမထောက်ဘူးအမ
Post a Comment