ကမ္ဘာသိ လျို့ဝှက်ချက်များ

တခါတလေမှာ တချို့စကားလုံးတွေက မလိုအပ်ဘဲ မပြောသင့်ပါဘူး
ကိုယ့်အကြောင်းကို ကိုယ်မှလွဲရင် တခြားဘယ်သူမှ ခရေစေ့တွင်းကျမသိပါဘူး
ကိုယ့်အကြောင်းကို ကိုယ်ကိုယ်တိုင်ပြောမှပဲ သူများက သိတာပါ

ကိုယ်က တကူးတက စကားမစပ် ပြောရဦးမယ်ဆိုပြီး
မြှားဦးလှည့် အကုန်အစင်ပြောပြီးကာမှ
ဒါကို ဟိုလူ့တော့ မသိပါစေနဲ့ ဒီလူ့ကိုတော့ မပြောပါနဲ့
ထားလိုက်ပါ ဒီလောက်တော့ နားလည်ပေးနိုင်ပါတယ်
လူတိုင်းမှာ လျှို့ဝှက်ထားချင်တာလေးတွေ ရှိနိုင်ပါတယ်.

ဒါပေမဲ့ TOP SECRET, TOP BIG ISSUE ဆိုပီး
ကမ္ဘာနဲ့တောင် ချီလောက်တဲ့ လျှို့ဝှက်ချက်တွေကို
ဘယ်သူမှ မသိပါစေနဲ့နော် ဒါကလေ အရမ်းအရေးကြီးတဲ့ကိစ္စမို့လို့ပါ သူများတွေသိလို့မဖြစ်ဘူး.
ဆိုပြီး လုပ်ပြီးကာမှ ကမ္ဘာလုံးဆိုင်ရာ OPEN SECRET လုပ်တတ်ပါတယ်…

လူတိုင်းကို မသိလဲ မသိစေချင်
သူလုပ်တယ် ဆိုတာကိုလဲ လူတိုင်းကို သိစေချင်ပါတယ်
ဒါကို OPEN SECRET လို့ ကျမကတော့ အမည်တပ်ထားပါတယ်

ဒါပေမဲ့ သူပြောလိုက်တဲ့သူကို အမူတွဲ ဆွဲတတ်ပါတယ်။
နင့်မို့ပြောတာသိလား ဆိုပြီး ကိုယ်အပါအ၀င် ကိုယ်နဲ့အမူတွဲ နင် တွေ တန်းစီနေတတ်ပါတယ်။

ဒီသတင်းပေါက်ကြားရင် ပြောခံရသူ သူအမူတပ်ချင်သူကို လက်ညှိးထိုးပြီး မင်းကပဲ ဖွတာဆိုပီး တရားခံခေါင်းတပ်လိုက်တာပါ.

အစကတည်းက လူတွေမသိစေချင်ရင် ဘာလို့ပြောကြပါသလဲ
နောက်ပီး ဘယ်သူမှ ဘယ်သူ့ကိုမှ အတင်း
အစ်အောက် ရိုက်နှက်ပီး မေးနေတာမဟုတ်ဘူး.
စကားကြုံလို့ ပြောလိုက်ရတာလဲ မဟုတ်ဘူး.

တမင်တကာ လာပြောပြီးကာမှ သူများ ကို သွားမပြောပါနဲ့နော်ဆိုတဲ့ စကား လောက် အခံရခက်တာ စော်ကားတာလည်း ရှိမယ်မထင်ဘူး ကိုယ့်ဘာသာနေရင်းတန်းလန်းနဲ့ လာပြီး အမူတွဲဆွဲတဲ့ သဘောပါပဲ

သိစေချင်လို့ လာဖွပီးကာမှ ပြန်ပိတ်တတ်တာလောက် ရိုင်းစိုင်းတဲ့ အပြုအမူလည်းမရှိပါဘူး။

လူတိုင်းဟာ ကိုယ့်အလုပ်နဲ့ ကိုယ် ကိုယ့်ဘဝနဲ့ကိုယ်
ကိုယ်အသက်ရှင်မှုနဲ့ ကိုယ် ကြိုးစားရုန်းကန် နေရတဲ့သူတွေချည်းပါပဲ

ကိုယ့်နှာခေါင်းပေါက်တောင် ကိုယ့်ဟာကို တခါတလေ အသက်ရှုလို့ မဝပါဘူး
သူများနှာခေါင်းကို အသက်ကူမရှုပေးနိုင်ပါဘူး.

သူများကိစ္စတွေကို တတ်နိုင်ရင် ၀င်မပါတာ အကောင်းဆုံးပါပဲ
ဖြစ်နိုင်ရင် နားတောင် မထောင်သင့်ပါဘူး။

ကျွန်မတို့ကို အဖေ အမြဲပြောတဲ့ စကားတခွန်းရှိပါတယ်။

“သမီးတို့ သူများ ကိုယ်ပျက်တိုင်း မပျက်နဲ့ ကိုယ်ပါ လိုက်ပီး ကိုယ်ပျက်တတ်တယ်.
ကိုယ်ပျက်တယ်ဆိုတာ နူတာပဲတဲ့. ဘယ်တော့မှ အနူမဖြစ်စေနဲ့တဲ့လေ.”

ညီမငယ်ပြည့်စုံ ကို ကျွန်မက သူ့ဘလော့ခ်မှာ ဆရာလုပ်ပြီး ဆုံးမခဲ့တဲ့ ပို့စ်လေးတစ်ခုပါ
ချစ်သော ကျွန်မရဲ့ တစ်ဦးတည်းသော ညီမငယ်ဟာ ကျွန်မနဲ့ လားလားမှ မဆိုင်အောင်
ငယ်ငယ်ကတည်းက စကားအင်မတန်နည်းပါတယ် အပေါင်းအသင်းလည်း နည်းပါတယ်.
လူတွေနဲ့လည်း စကားရောရောထွေးထွေးနေလေ့မရှိပါဘူး ဆွေမျိုးအရင်းအချာတွေနဲ့ပါတောင် မေးထူးခေါ်ပြောမရှိပါဘူး။

သူ လူလားမြောက်စပြုလို့ လုပ်ငန်းခွင်ထဲ လူတွေထဲ ရောက်သွားတဲ့အခါမှာတော့..သူ စကားနည်းနည်းများလာပါတယ်..နောက် သူဟာ သူ့အပေါင်းအသင်းတွေကြားမှာ ပုဏားတိုင်ကြီးတစ်ခုလို အလိုလိုဖြစ်လာပါတယ်။

သူ့ကို သူ့ပတ်ဝန်းကျင်က လူတော်တော်များများက အပူတွေ အန်ပေးပါတယ်
သူက နောက်တော့ သစ်ပင်လိုဖြစ်လာပါတယ်
အောက်ဆီဂျင်တွေ ထုတ်ပေးမပေးတော့ မသိပါဘူး
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုတော့ တော်တော်များများ လက်ခံပါတယ်.

အောက်ဆီဂျင်ဆိုတာ အသက်၀၀ရူရိုက်ဖို့နဲ့ အသက်ရှင်နေထိုင်ဖို့ပါ
နောက်တစ်နည်းက အောက်ဆီဂျင်ဟာ မီးလောင်ခြင်းကို အားပေးပါတယ်

ဒါကြောင့် ကိုယ့်ကြောင့် မီးလောင်ခြင်းကို အားမပေးပါနဲ့ မီးလောင်ခြင်းကိုလည်း ကြိုတင်ကာကွယ်ပါလို့ သူ့ကို အခု ကျွန်မ ဆုံးမခဲ့ပါတယ်။

ပြောသာပြောတာ ကျွန်မ မဆုမွန်ဆိုရင် တစ်နေ့တစ်နေ့ ကိုယ်ကရို့လိုက် ကိုယ့်ကို လာရို့လိုက်နဲ့ လောင်လိုက်တဲ့ မီးတွေဆိုတာ ဟုန်းဟုန်းကို တောက်နေတာပါပဲရှင် ဟီး

ပြောချင်တာကတော့ ပတ်ဝန်းကျင်က လူတော်တော်များများက အပူတွေ အန်ပေးပါတယ် ကိုယ်ကလဲ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို တော်တော်များများ လက်ခံမိပါတယ်. နောက် သစ်ပင်လိုဖြစ်လာပြီး အောက်ဆီဂျင်တွေ ထုတ်ပေးမပေးတော့ မသိပါဘူး မီးတွေ မလောင်စေချင်တာတော့အမှန်ပါပဲ။
အခုတင်တဲ့ပို့စ်ကလေးက ငမိုက်သား ကိုယ့်ကိုကိုယ်ပါ ပြန်ဆုံးမတဲ့ စာဖြစ်ပါတယ်။

11 Comments:

လင်းဒီပ said...

ကောင်းပါတယ် ဗျာ..အခုမှ ကိုယ့်ကိုကိုယ် သစ်ပင်တစ်ပင်မှန်းသိတော့တယ်။...ကိုယ့် အောက်ဆီဂျင်နဲ့ ဘယ်လောက်တောင် မီးတွေလောင်ခဲ့ပြီးပြီလဲ မသိ။ ကိုယ်တိုင်လည်း သူများ အောက်ဆီဂျင်တွေနဲ့ လောင်ကောင်းနေတုန်း...

chocothazin said...

တမင်တကာ လာပြောပြီးကာမှ သူများ ကို သွားမပြောပါနဲ့နော်ဆိုတဲ့ စကား လောက် အခံရခက်တာ စော်ကားတာလည်း ရှိမယ်မထင်ဘူး ကိုယ့်ဘာသာနေရင်းတန်းလန်းနဲ့ လာပြီး အမူတွဲဆွဲတဲ့ သဘောပါပဲ
ဆိုတဲ့ စကားလေးက တကယ်မှန်တယ်အမရေ။
မှတ်သားသွားပါတယ် မဆုမွန်ရေ၊ သဇင်က ဟိုစပ်စပ်ဒီစပ်စပ် ပါတတ်လွန်လို့  ကိုယ့်ကိုကိုယ်သတိထားလိုက်ပါဦးမယ်။

Yu Ya said...

အစ်မဆုမွန်ရေးတဲ့ ဆောင်းပါးလေးကို O2 အဖြစ်နဲ့ မှတ်ရှုသွားပါတယ်ဗျာ။

ကျေးဇူးတင်စွာဖြင့်
yu ya

မိုးခါး said...

ညီမလည်း ကိုယ့်ကိုကိုယ်ဆုံးမနေရတယ်

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျွန်တော် အစ်မရဲ့ ဆုံမစာလေး လာဖတ်သွားပါတယ်၊၊
အင်းကောင်းပါတယ် ၊၊ ခေါင်းစီးလေး ကြိုက်ပါတယ်၊၊
ကမ္ဘာသိ လျှို့ဝှက်ချက်များ ဆိုတဲ့ ခေါင်းစီးလေး တော့ ပိုကြိုက်မိသလိုပဲ ၊၊ နောက် ရှိသေးတယ်

လူတိုင်းကို မသိလဲ မသိစေချင်
သူလုပ်တယ် ဆိုတာကိုလဲ လူတိုင်းကို သိစေချင်ပါတယ်
ဒါကို OPEN SECRET လို့ ကျမကတော့ အမည်တပ်ထားပါတယ်

အဲဒါလေးလည်းကောင်းတာပဲ ၊၊ ဒါမျိုးကတော့ ကိုယ်တိုင် ခံစားဖူးတဲ့သူတွေသာ ရတဲ့ အသိမျိုးဖြစ်မယ်၊၊

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

ကိုလူထွေး said...

ရင်ဖွင့်တယ်ဆိုတာတော့ လက်ခံပါတယ်...

ဆုမွန်ပြောသလိုပဲ ကိုယ့်အကြောင်းတွေ အူမချေးခါးကအစ လူပုံအလယ်မှာ ချပြရတော့ ...

တချိန်တခါရောက်မှ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာကို ပြန်ရှာလို့ မရတော့တဲ့အခါမျိုးမှာ ခက်မယ်လေ...

ငြိမ်းဝေ said...

ကျနော့်ကို စာလုံးလေးတွေ သေးတယ်လို့ အုကံပြုခဲ့တာ
ကျေးဇူးတင်တယ်။ မလိုက်နာနှိုင်ခဲ့တာ ခွင့်လွှတ်ပါ။
ခင်ဗျားဆီကိုလည်း ပို့ စ်အသစ်တင်တိုင်းလာလည်းပါတယ်ယ်။

ငြိမ်းဝေ said...

ကျနော် လာလည်ပါတယ်။ နှတ်မဆက်မိပေမယ် မုကာခဏ လာရောက် လေ့လာပါတယ်။ ကျနော့်ကို
စာလုံးလေးတွေ သေးတယ်လို့ အုကံပြုခဲ့တာ ကျေးဇူးတင်တယ်။ မလိုက်နာနှိုင်ခဲ့တာကိုတော့ ခွင့်လွှတ်ပါ
ခင်ဗျား...။

မြစ်ကျိုးအင်း said...

တော်တော်မှန်တဲ့ အကြောင်းတွေကို ကျွန်တော် ကြုံခဲ့ဖူးပါတယ်...။တကယ်အမှန်ပါပဲ အမရေ..။
ဖြစ်နိင်ရင် သူများပြောတဲ့အတွင်းရေးတွေကို နားမထောင်တာအကောင်းဆုံးပါပဲ...။

စည်သူ said...

အော်..

အောာ်ဆီဂျင်.. အောက်ဆီဂျင်

သဘောပေါက်သွားတယ် အမရေ...

Younggun said...

အစ်မရေ ဒီပို့စ်ကိုတော့ သေချာကို ဖတ်ပြီး အဟုတ်ကို ကြိုက်သွားတယ် လောကပတ်ဝန်းကျင်မှာ ဖြစ်နေကြတဲ့ လူမှုရေးပြဿနာတချို့ကို ဒီပို့စ်ကနေ မြင်လိုက်ရတယ်။ ဆရာတော်ဦးဇောတိကပြောသလိုပဲ အရှုပ်ထဲမှာ ရှင်းအောင်နေကြည့်မယ်ဗျာ။