အိမ်ကို လွမ်းရင် စာဖြစ်တယ်
ချစ်သူကို လွမ်းရင် ကဗျာဖြစ်တယ်
သူငယ်ချင်းတွေကို လွမ်းလို့
အခု ငါငိုချင်း ရေးနေတယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ဒီဇင်ဘာ နောက်ဆုံးရက်ကို ရောက်တိုင်း ငါလွမ်းနေမိတယ်
ငါတို့ သူငယ်ချင်းတွေအားလုံး နောက်ဆုံး ဆုံခဲ့ကြတာကိုပေါ့ …။
လဖက်ရည်ဆိုင်တွေမှာ ငါတို့ရယ်သံတွေ ရှိသေးတယ်
ငါတို့ စကားလုံးတွေက စားပွဲခုံတွေမှာ ပေကျံနေတုန်း
ငါတို့ပေါ့ … တချိန်တုန်းက ရွှေတိဂုံဘုရားမှာ ဓာတ်ပုံရိုက်ခဲ့ဖူးတယ်
ငါတို့ပုံရိပ်တွေ ကျောက်တိုင်သိတယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ငါတို့ပေါ့ အနောက်ရွှေဂုံတိုင် လမ်းမပေါ်မှာ
လမ်းတွေလျှောက်ခဲ့ဖူးတယ်
ငါတို့ခြေရာတွေ ကျန်နေသေးတယ်
သေချာတယ် …
ငါတို့ခြေရာတွေ ပြန်ကောက်ဖို့ ငါတို့ ပြန်လာမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
အခုတော့ တနေရာဆီ်
ရင်ကွဲ ...
ရှင်ကွဲပဲ …
ကျနော်တို့ဟာ သမိုင်းမှာတော့ ကျနော်တို့ ဖြစ်ခဲ့တယ်
ဇာတ်လိုက်တွေချည်းပဲ ပြောပြီး အော်အော်ရယ်ခဲ့တဲ့ ငါတို့
လူတွေရဲ့ အကြည့်အောက်မှာပဲ ရှင်သန်ခဲ့တဲ့ ငါတို့ 
လက်ကိုင် တုတ်တွေလည်း ဖြစ်ခဲ့ဘူးရဲ့
လက်ညှိုးထောင် ခေါင်းညိတ်တွေလည်း ဖြစ်ခဲ့ဖူးရဲ့…။
ဒါပေမယ့် အမေသိတယ် … ငါတို့ကို
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ထောက်လှမ်းရေးနောက်ကို ၀ိုင်းလိုက်နေတဲ့ သူငယ်ချင်းတွေကြားမှာ
အိမ်ပေါ်မှာ အိပ်နေတဲ့ သူငယ်ချင်းကို လွမ်းတယ်
၅၉ တိုးစီးတဲ့ သူငယ်ချင်းကို လွမ်းတယ်
တာမွေညတွေကို လွမ်းတယ်
အရည်ကျဲကျဲ မုန့်တီကို လွမ်းရင်းနဲ့
သူငယ်ချင်းတွေကလွဲရင်
သူစိမ်းကို ဆက်ဆံရေးကျဲတဲ့ သူငယ်ချင်းကို လွမ်းတယ်
ဆေးပေါ့လိပ် ကြိုက်ပြီး ကွမ်းမစားတဲ့ သူငယ်ချင်းကို လွမ်းတယ်
စကားလုံး အကြီးကြီးတွေ ပြောပြီး … လူကောင်သေးတဲ့ သူငယ်ချင်းကို လွမ်းတယ်
တာမွေညတွေကို လွမ်းတယ်
ကိုယ်တိုင်က ချစ်တတ်ပြီး မချစ်ရဘူးလို့ တားဆီးခဲ့တဲ့ သူငယ်ချင်းကို လွမ်းတယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
တခါတခါ အံ့သြတာတခု ရှိဖူးတယ်
ကိုယ့်ကိုယ်တိုင် သိတဲ့ ကိုယ့်ဝန်းကျင်ကို ကာကွယ်ပေးလွန်းတာ တခုပဲ
မထိနဲ့ ... မထိနဲ့ ...
တကယ်ဆို ကိုယ်ကိုယ်တိုင် သိနေခဲ့တာပဲလေ
ရွှေဂုံတိုင်ကိုလွမ်းတယ် …။
လူတိုင်းကို လူတွေလို့ နားလည်တယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
အင်း … အုပ်စုထဲမှာ ခွဲထွက်ခဲ့သူတွေရဲ့ သမိုင်းအကြောင်း ပြောပြမယ်
အင်မတန် ပြဿနာရှာသော … ကောင်မလေးက အခု သတင်းထောက်တဲ့၊
အင်မတန် ကြီးကျယ်သော ကောင်ကလေးက
ကလေးတွေကို စာပြပေးနေရင်းက ဆရာလုပ်တယ်၊
သူတို့နှစ်ယောက် တချိန်ကျရင် ခွဲရမယ်တဲ့ …
ကောင်လေးက ဒုက္ခသည်စခန်းမှာ နေထိုင်ရင်း
ကောင်မလေးကတော့ တရားမ၀င် နေထိုင်ရင်း
သူတို့ ဘာဆက်ဖြစ်ကြမယ် မသိဘူးတဲ့လေ …။
တခါမှ အလုပ်မလုပ်ဖူးတဲ့ ကောင်လေးက အန်ဂျီအိုမှာ ၀န်ထမ်းတဲ့
အေအိုင်ဒီအက်စ် ဝေဒနာသည်တွေ အတွက်တဲ့လေ
လှိုင်သာယာကို လွမ်းတယ် …။
နောက်တယောက်ကတော့ စေတနာ့ဝန်ထမ်းတဲ့
လေလှိုင်းတွေမှာ လေမိုးထန်တတ်တဲ့ ကောင်လေးပေါ့၊
နောက်တယောက်ကတော့ ယုံကြည်ချက်အတွက် နေထိုင်နေတုန်းတဲ့
နောက်တယောက်ကတော့ အမေရဲ့ မျှော်လင့်ချက်တွေကို ငွေယူပြီး ဖြည့်ဆည်းပေးနေတုန်း
ထမင်းစားပွဲမှာစောင့်ပြီး … သားပြန်အလာမှာ သတင်းထူး စောင့်နေတုန်းတဲ့
တွံတေး ဒလကားဈေးတွေသာ တက်တက်လာတယ် သူကတော့ မပြောင်းလဲသေးဘူးလေ
တွံတေးကို လွမ်းတယ် …။
အင်း .. နောက်တယောက်ကတော့ ဘုဘောက်ပြောနေရင်း ကျူရှင်ဆရာ ဖြစ်သွားသတဲ့
စကားပြောရင်းတောင် စိတ်မရှည်တတ်တဲ့ ကျနော်တို့ရဲ့ လူမိုက် အခုတော့ပုံစံက ဆရာလိုပါတဲ့
...........
ဘာဖြစ်ဖြစ်
ဘာကြီးတွေပဲ ဖြစ်ဖြစ် ...
သေချာတယ် ...
ဒေါင်းအလံအောက်မှာပဲ တွေ့ခဲ့ကြတယ်
ငါတို့ ဒေါင်းအလံအောက်မှာပဲ ပြန်ဆုံမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ငါတို့တွေ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ
တွံတေးသိန်းတန် သီချင်းကိုပဲ ဆိုရတော့မပေါ့
ဒါမှမေ့ချင်ယောင် ဆောင်နေသူတွေကို ပြန်သတိရစေမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ကျနော်တို့ဟာ ကျနော်တို့ဖြစ်တယ် ဆိုတာလေးပဲ ပြောချင်ပါတယ်
ငါတို့ဟာ ဘုရားသခင်တောင် မမြင်နိုင်တဲ့ ကြိုးနဲ့ ချည်နှောင်ထားတဲ့ လူငယ်တွေ ဖြစ်တယ်တဲ့ …။
လာဗျာ … ကဗျာရွတ်ရအောင်
ငါတို့ အတူတူဖြစ်တယ်
ငါတို့ဟာ တူညီတဲ့ မတူညီမူတွေ ဖြစ်တယ်
ငါတို့ဟာ မတူညီခဲ့တဲ့ နေရာတွေကနေ တူညီခဲ့တယ် …။
ဒါဟာ ငါတို့အတွက်တော့ အားပေါ့
ကွဲပြားမှုတွေကို ကျေနပ်စွာ လက်ခံရင်းနဲ့
ငါတို့ဟာ တူညီမှုတွေကြားကကို မတူညီမူတွေကို ရှာကြမယ်
ပြီးရင် ပြန်တူညီရမယ်
ဒါ … ငါတို့ ဖြစ်တည်မှု ဖြစ်တယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ဘ၀ရဲ့ အချိန်တော်တော်များများကို ဖြတ်သန်း
ငါတို့ခရီးတွေ ကြမ်းခဲ့ကြပေမယ့်
ငါတို့ဟာ ဇတ်လိုက်တွေ ဖြစ်တယ်
သိပ်သေချာတာ နောက်တခုရှိတယ်
ငါတို့ဟာ ဘယ်တုန်းကမှ ဇာတ်ရံတွေ မဖြစ်ခဲ့ဘူး …။
မယိုင်မလဲ ခိုင်မြဲသော လက်တို့ဖြင့် ဆက်ဖောက်မယ် သူငယ်ချင်း
ငါတို့ဟာ ခေါင်းဆောင်ကောင်းတွေ ဖြစ်နိုင်တယ်၊ နောက်လိုက်ကောင်းတွေလည်း ဖြစ်တယ်
သေချာတယ် ငါတို့ဟာ အမေတူ သားသမီးတွေဖြစ်တယ်
ဒါဟာ သမိုင်းကပေးတဲ့ လက်ဆောင်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ငါတို့ဟာ တနေရာစီ စီးမျောချင် စီးမျောနေမယ်
သေချာတယ် ပြန်ကပ်မယ့် ကမ်းဟာ တခုတည်း ဖြစ်တယ်
ငါတို့ ပြန်လာမယ်
တန်ဖိုးထားတတ်အောင် ထားကြရမယ်
ငါတို့ရဲ့ အရိပ်တွေကို ဆေးမသုတ်နဲ့ မဖျောက်ဖျက်နဲ့ ငါတို့ပြန်လာမယ်
စွန့်ခွာခဲ့တာ မဟုတ်ဘူး ဆိုတာတခုပဲ အရင်ပြောမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ငါတို့ ပြန်လာမယ်
ငါတို့ ကတိပေးတယ်
ငါတို့ရဲ့ အရေခွံတွေကို ခွာခဲ့ပေးမယ်
ဝပ်ကျင်းဟောင်းလေးမှာ .. ငါတို့ရဲ့ ဥခွံဟောင်းတွေ ရှိသေးတယ်
ငါတို့ ပြန်လာမယ်
သိပ်သေချာတာ တခုထပ်ပြောမယ်
ငါတို့ဟာ ငါတို့ဖြစ်တယ်
ကောင်းလိုက်တဲ့ ဒီဇင်ဘာညတည ဖြစ်ခဲ့ပြီ သူငယ်ချင်းရေ …
အိုကေ … သူငယ်ချင်း ...
မြန်မာပြည်က ကောင်းကင်နဲ့ ထိုင်းနိုင်ငံက ကောင်းကင်
သေချာတယ် အခုချိန်ဆို အရောင်တူနေမှာ ...
ဝမ်းနည်းစရာတော့ တွေ့မယ်
သူငိုချင်လို့ မိုးတော့ညို့နေမယ်
ပြီးရင် ရောင်နီလာမယ်
ငါတို့ ပြန်ဆုံမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
အဲဒီအချိန်ကို ငါစောင့်နေမယ် သူငယ်ချင်း
၂၀၀၈ကို အတူကြိုမယ် .. သေချာတယ်
လိုင်သာယာရဲ့ အဝေးပြေးလမ်းမကြီး တနေရာမှာ
တေးသံတွေ အခုထိ ပဲ့တင်သံ ကြားနေတုန်းပဲတဲ့ ...
နှစ်သစ်ကူးတွေဟာ အဲ့တုန်းကလိုပဲ လှနေမယ်ဆိုတာ ယုံကြည်တဲ့နေ့ ငါတို့ ပြန်လာမယ်
သေချာတာပေါ့ ဒီနှစ်ဟာ ငါတို့ဖြစ်ရမယ်
မျက်နှာသစ်ပြီး ငါတို့ လက်ဖက်ရည် သောက်ကြမယ် ...
ဘာဖြစ်ဖြစ် .. အခါးရေအိုးတွေကတော့ တာဝန်ကျေနေဦးမှာပဲ ငါတို့သိတယ်
ငါတို့ ပြန်လာမယ်
ဟုတ်ပြီ သူငယ်ချင်း
သေချာတယ်
ငါတို့ တနေ့ ပြန်ဆုံမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။ ။
မင်းဆုမြတ်
ရွှေဂုံတိုင်ကို လွမ်းတယ်
Posted by မဆုမွန် at Tuesday, September 23, 2008
Labels: ကဗျာ
2 Comments:
I also miss. :'(
ကဗျာလေးက ကောင်းလိုက်တာ
Post a Comment