ကျွန်မ စိတ်ပြေလက်ပျောက် ခရီး ထွက်ချင် နေတာ ကြာပါပြီ အလုပ်က နှစ်စ ကတည်းက ဆက်တိုက် လုပ်ရတာ စိတ်ပင်ပမ်း လူပင်ပမ်းနဲ့ တစ်စက်လေးမှ မနားရပဲ အလုပ်တွေချည်း လုပ်နေခဲ့ရပါတယ်။ နောက်ပြီး သင်္ကြန်တွင်း တုန်းကလည်း ဘန်ကောက်မှာ အနီတွေနဲ့ နှစ်ပါး သွားနေ ရတာနဲ့ ရေတောင် မစိုလိုက်ရဘူးလေ။ အခု ကျွန်မ သူငယ်ချင်းက လာအိုသွားဖို့ အဖော်စပ် လာပါတယ်။ လာအို ခရီးကို အင်မတန် စိတ်နာ ထားတဲ့ အခံရှိတော့ သိပ်တော့ မသွားချင်ဘူး ဖြစ်နေတယ်။ ချင်းကောင်းဆိုတဲ့ နယ်စပ်မြို့လေးကနေ တစ်ခေါက်သွားဖူးတော့ အခု ထပ်သွားရင် ကောင်းမလား မကောင်း ဘူး လားနဲ့ ချီတုံ ချတုံဖြစ်နေတုန်း အဖော်ကောင်းတာရယ် နောက်ပြီး မြို့တော် ဗီယမ်ကျင်းအထိ သွားရ မှာရယ် နောက် လမ်း စားရိတ်လဲ သိပ်မကုန် နိုင်တာ ကြောင့်ရယ် စိတ်တွေလဲ ပင်ပန်းနေပြီး ခရီးတစ်ခု ထွက်လိုက် ချင်တာ ကြောင့် ရယ်နဲ့ သွားဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်ပါတယ်။
အဲ့ဒီနေ့က အန်တီစုကို အကျယ်ချူပ်ချတာ ခြောက်နှစ် ပြည့်တဲ့နေ့ နောက် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကမ်ပိမ်း ရလဒ်ကို သတင်းစာ ရှင်းလင်းပွဲလုပ်တဲ့နေ့ နောက် အာဆီယံ အမတ်တွေ ပေါင်းပြီး အန်တီစုလွတ်မြောက်ရေး အရေးပေါ် ထုတ်ပြန် ကြေငြာချက် ထုတ်တဲ့ နေ့နဲ့ ပတ်သတ်ပြီး နိုင်ငံခြား သတင်းထောက်များကလပ် ဘန်ကောက်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ သတင်းစာ ရှင်းလင်းပွဲ ပြီးတာနဲ့ တန်းပြီး အင်မီဂရေးရှင်းပြေး Single Entry visa ယူလိုက်တယ်။ နောက် လမ်းတလျောက် ဘန်ကောက်ရဲ့ ကားလမ်းကျောတွေ တောက်လျောက် ပိတ်နေတာ တော်တော်စိတ်ရူပ်သွားသေးတယ်။ ငါတော့ ဒီဘန်ကောက် မြို့ပူ ကြီးထဲက ခဏလေး ထွက်ဖို့ ဆုံးဖြတ်တာ မှန်တယ်လို့ ကိုယ့်ဘာသာ ကိုယ် အဆိုပြုပြီး ကိုယ့်ဘာသာကိုယ် ထောက်ခံလိုက်ပါတယ်။
သွားခါနီး အထိတောင် သတင်းပို့ နေရလို့ နောက်ကျပြီး ရေ ကမန်းကတမ်း ချိုး ရေမခြောက်ခင် အ၀တ်တွေနဲ့ ပစ္စည်းတွေ တွေ့ရာ ကောက် ထည့်ပြီး အမြန် ပြေးတော့ ကျွန်မ အသိုက်လေးနဲ့ သိပ်မဝေးတဲ့ ဘန်ကောက်အဝေးပြေးကားဂိတ်မော်ချစ်ဂိတ်ကြီးကို ရောက် ပါတယ်။ အဲ့မှာ ဘန်ကောက်မြို့တော်ကနေ နယ်စပ်မြို့ဖြစ်တယ် (Nong Khai) နောင်ခိုင်မြို့ကို ကားလက်မှတ်ဖြတ်ပါတယ်။ ထွက်ခါနီး ကားရှိတယ် လို့ပြောလို့ ဈေးမေးလိုက်တော့ second class bus တဲ့ ဘတ် ၃၅၀တဲ့။ ကျွန်မလဲ ရောက်ဖို့က အဓိကပဲဆိုတော့ ကားလက်မှတ် ဖြတ် လိုက်တယ်။ ဈေးက ဘတ် ၃၅၀ဆိုပေမယ့် စီးရတဲ့ ကားက တော်တော်လေး ကောင်းပါတယ်။ ဒါပေမယ့် ဘာဝန်ဆောင်မူမှ မပါပါဘူး ရေတောင် မတိုက်ဘူး အေးရော ။ ကားထိုင်ခုံ တွေက တော့ လေးခုံတန်း ဆိုပေမယ့် ထိုင်ရတာ တော်တော်လေး သက်တောင့် သက်သာ ရှိပါတယ်။ အဲကွန်းကလဲ တော်လျောက် အေးတာမှ ကျွန်မဆို ခိုက်ခိုက်တုန်နေပါတယ်။
အိပ်တလှဲ့ ပျော်တလှဲ့နဲ့ နောင်ခိုင်မြို့လေးကို မနက် ၆နာရီမှာ ဆိုက်ပါတယ်။ နောင်ခိုင် မြို့ လေး ထဲကို ၀င်လိုက် တာနဲ့ တော်တော်လေး ချစ်ဖို့ ကောင်းတဲ့ ထူးထူးခြားခြား ဆိုင်ကယ်လက်ကိုင်နဲ့ မြင်းလှည်းလို ကားလေး တွေကို တွေ့ရတာပါပဲ။ ကားပေါ်က ဆိုက်တာနဲ့ နည်းနည်း စိတ် အနှောင့် အယှက် ဖြစ်စရာ ကောင်းအောင် အဲ့ဒီ့ ကား သေးသေး လေးတွေရဲ့ ဒရိုင်ဘာတွေက အထုတ်အပိုးတွေနဲ့ ဆင်းလာတဲ့ ကျွန်မကို ထန်းလျက်ခဲ တွေ့တဲ့ ပုရွတ်ဆိတ်တွေလို နို့ဆီတွေ့တဲ့ ယင်ကောင်လို တ၀ီဝီ တစီစီနဲ့ ပိုင်လာအို ပိုင်လာအို လို့ ၀ိုင်း အော်ကြတာပါပဲ။ ကျွန်မ မိတ်ဆွေတွေက ချင်းမိုင် ကနေ ဆင်းလာကြမှာဆိုတော့ သူတို့ကားက ဥထုံထနီကို ဖြတ်ပြီးမှ နောင်ခိုင်မြို့ကို ရောက်မှာဆိုတော့ ဘန်ကောက်ကနေ အစောကြီး ရောက်နေတဲ့ ကျွန်မ တမေ့ကြီး စောင့်ရ တော့တာပေါ့။
မဲခေါင်မြစ်ကမ်းဘေးက နယ်စပ်မြို့လေး နောင်ခိုင်ရဲ့ ကားဂိတ်သေးသေးလေးထဲမှာ စောင့်နေတုန်း ကျွန်မက ထိုင်းစကားနဲ့ ဘေးနားမှာ လာထိုင်ပြီး ဘလာ ဘလာ လာမေးနေတာနဲ့ ငါ မသွားဘူးဟယ် သူငယ်ချင်းတွေ စောင့်နေ တယ်လို့ အင်္ဂလိပ်လို ပြောလဲ နားလည်တဲ့ ပုံ မပေါ်ပဲ သွားမလား သွားမလား ဆက် မေးနေတာနဲ့ ထိုင်းလို ရော လက်ဟန်ခြေဟန်နဲ့ရော ရှင်းပြတာလည်း မရတော့ ခပ်တည် တည်နဲ့စိုက်ကြည့်ပြီး မျက်စောင်း ပစ် ထိုးလိုက်တယ်။ နောက် ဆက်မထိုင်ချင်တော့နဲ့ ကျောပိုးအိတ်ကို လွယ်ပြီး ကားဂိတ်လေးဘေးက သစ်သီး ဈေးလေးထဲကို ၀င်ကြည့်မိပါတယ်။ ဘန်ကောက်ဈေးနဲ့ လားလားမှ မဆိုင်အောင်ကို ရာသီပေါ် ပန်းဈေး သစ်သီးဈေး ဟင်းသီး ဟင်းရွက် ဈေးတွေက အရမ်း ဈေးချိုပြီး တော်တော်လေး လတ်ဆတ်တဲ့ပုံ ရှိပါတယ်။ နောက် ဒေသခံ အဘွားကြီးတွေ ချရောင်း နေတဲ့ ငါးတွေလဲ အပုံလိုက်လေးတွေ လတ်လတ် ဆတ်ဆတ် တွေ့ရပါတယ်။ ကျွန်မ အထင်တော့ မဲခေါင်မြစ်ထဲက ဖမ်းလာပုံရပါတယ်။
ဈေးထဲ ဟိုကြည့်ဒီကြည့် နဲ့ လိုက်ကြည့်နေပြီး ကားဂိတ်ကို ယောင်လည်လည် ပြန်ရောက်လာတော့ ကျွန်မကို ကားသမားတွေက မှတ်မိ နေပုံ ရတယ် ဘာမှ လာမမေးတော့ဘူး ကျွန်မလဲ နားကျပ်တပ် သီချင်း နားထောင်ပြီး ကားမှတ်တိုင် အနေအထားကို ထိုင်ပြီး လိုက် စပ်စုပါတယ်။ ကားတစ်စင်း ဆိုက်လာလိုက်တာနဲ့ ကားသမားတွေက ဝေါကနဲ ပြေး လူခေါ် ဈေးတွေဆစ် ထွက်ပြေးတဲ့သူက ထွက်ပြေး လိုက်တဲ့သူက ပါသွား လူမရတဲ့သူက မိုင်ကျန်ခဲ့ တကယ့်ကို သူတို့ရဲ့ စီးပွားကွက် ပုံမှန်မြင်ကွင်းက ယိမ်းတိုက်နေသလို သရုပ် ပီပြင် လှပါတယ်။ အဲ့ကားဂိတ်မှာပဲ အသံစီစီ လောင်လောင် အော်ဟစ်ကြွေးကြော် လာတဲ့ ရွှေမြန်မာမိတ်ဟောင်း ဆွေဟောင်းတွေနဲ့ ဆုံဖြစ်ပါ သေးတယ်။ ဒီဘက်လမ်းကို မကျွမ်းကျင်တဲ့ ကျွန်မကို လာအိုသွား အမှာစကားတွေ ပါးကြရင်း သူတို့လဲ အထုတ်အပိုး ကိုယ်စီနဲ့ အပြေးအလွှား ထွက်သွားကြလေရဲ့။
လေးနာရီကျော် ငုတ်တုတ်ထိုင် စောင့်နေရပြီးမှ ချင်းမိုင်က ကျွန်မ မိတ်ဆွေတွေရောက်လာတော့ ခုနက တုတ်တုတ်ကားလေးနဲ့ ဆင်သလိုလို ရှိတဲ့ ဆိုင်ကယ်ပုံစံ မြင်းလှည်းပုံစံ ဂျမ်ဘိုကားလေးကို တစ်ယောက်ကို ဘတ် ၃၀နူန်းနဲ့ ဌားပြီး လာအို ထိုင်း နယ်စပ်က ချစ်ကြည်ရေး တံတားကို ချီတက်ကြပါတော့တယ်။ လှည်းလေးက ခေါင်းလေးထောင်ပြီး အပြိုင်မောင်းကြတာ စက်သံကိုက အူမြူးချင်စရာ တော်တော် ရယ်ရပါတယ်။ နယ်မြေအသစ် ခရီးအသစ်မှာ ဟိုကြည့် ဒီကြည့်နဲ့ ကျွန်မကတော့ တော်တော် ပျော်နေမိပါတယ်။ ကျန်တဲ့သူတွေ ကတော့ သူတို့ သွားရမယ့် ရုံးချိန် မမှီမှာကို စိတ်ပူနေကြလေရဲ့။
ထိုင်းလာအိုတံတားကို မဖြတ်ခင် ထိုင်းအင်မီဂရေးရှင်းကို ဖြတ်ရပါတယ်။ အထွက်တံဆိပ်တုံးထုပြီး လမ်းနည်းနည်း ဆက်လျောက်တော့ ချစ်ကြည်ရေး တံတားကို ကားဖြတ်ခ ၁၅ဘတ် နူန်းကောက်ခံပါတယ်။ အဲ့ဒီ့မှာလည်း ကားဌားဖို့ ဟစာစာနဲ့ လိုက်မေးနေတဲ့ သူတွေကြောင့် တော်တော်လေး နားအူပါတယ်။ နောက် ကားနဲ့ မဲခေါင်မြစ်ကြီးကို ဖြတ်ပြီး ကူးပြီး လာအိုနယ်စပ်ဘက် ရောက်တဲ့အခါ ကျွန်မတို့ တွေ လာအို ဆိုက်ရောက် ဗီဇာယူရပါတယ်။ ဖြည့်စရာရှိတဲ့ ဖောင်တွေဖြည့်ပြီး လာအိုဆိုက်ရောက်ဗီဇာအတွက် အင်မီ ဂရေးရှင်း မှာ ပိုက်ဆံပေးရတဲ့အခါ ကျွန်မတို့မိတ်ဆွေတွေထဲက ဂျပန်ကောင်မလေးကို ဗီဇာအလကားပေးပါတယ်။ တရုတ် ကောင်လေး ကိုတော့ ဒေါ်လာ ၁၇ဒေါ်လာပဲယူပါတယ်။ နောက် ကနေဒါနဲ့ အမေရိကန်သားတွေကိုတော့ ၃၅ဒေါ်လာယူပါတယ်။ အာဆီယံနိုင်ငံဖြစ်လို့တဲ့ ကျွန်မတို့ ရွှေမြန်မာတွေကို ဒေါ်လာ ၃၀ယူပါတယ်။
အဲ့သလို နိုင်ငံပေါ်မူတည်ပြီး ပိုက်ဆံတွေ ပေးရပြီးတဲ့နောက်မှာ လာအိုအင်မီဂရေးရှင်း တံဆိပ်တုံးထုပြီးတာနဲ့ နယ်စပ် ရောဂါ ထိန်းချူပ်ရေး ဌာနမှာ နိုင်ငံခြားသားတွေ အတွက် ကျမ်းမာရေး ထပ်စစ်ရပါသေးတယ်။ လာအိုအမျိုးသမီး ၀န်ထမ်းတွေ မေးတဲ့ မင်းမှာ ဘာရောဂါပါလဲ မင်းဘာဖြစ်လဲ ငါညာဖြစ်လဲ စသဖြင့် သူဘာမေးလဲ ကိုယ်ဘာဖြေလဲ မသိပဲနဲ့ ရောဂါ အမျိုးစုံ ရှိမရှိ ဖောင်တစ်ခုကို ရောဂါမရှိ အားလုံးကောင်းပါသည် နိုးနိုးနိုးလို့ အမှတ်ခြစ်ပြီး ပြန်ပေးခဲ့ပါတယ်။ နောက် လာအိုနိုင်ငံရဲ့ မြို့တော် ဗီယမ်ကျင်းကို ချီတက်ကြဖို့ ကားဌားရပြန်ပါတယ်။ အဲ့မှာ ထိုင်း လာအို အင်တာနေရှင်နယ်ဘတ်စ်ကားတွေပေါ် တက်စီးဖို့ ကြံစည်ပေမယ့် ကျွန်မတို့ ဖြတ် စီးလို့ မရဘူးလို့ပြောလို့ ပြန်ဆင်းခဲ့ရပါတယ်။
နောက် တစာစာ လိုက်မေးနေတဲ့ ဂျမ်ဘိုကားလေးတွေထဲက ခပ်စုတ်စုတ် ကားလေးတစ်စီးက တစ်ယောက်ကို ဘတ်သုံးဆယ်နူန်းနဲ့ မြို့တော်ဗီယမ်ကျင်းအရောင် လိုက်ပို့ပေးဖို့ သဘောတူညီချက်နဲ့ ချီတက်ကြ ပါတော့တယ်။ လမ်းတလျောက် ဆိုင်ကယ်တွေ ပြည့်ညက်နေတဲ့ တိုးရစ်ကားတွေ တန်းစီနေတဲ့ လာအိုမြို့တော် ဗီယမ်ကျင်း ခရီးစဉ်ကတော့ မိုးဖွဲဖွဲလေးတွေနဲ့ စခဲ့ပါပြီ။
ဗီယမ်ကျင်းက ပြန်ခဲ့တယ်
Posted by မဆုမွန် at Saturday, May 30, 2009
Labels: ခရီးသွားမှတ်တမ်း
5 Comments:
စိတ်ဝင်စားစရာပဲ... တချို့တွေ လာအိုမှာ တိုင်သွားပတ်ကြတယ် ဆိုတာတော့ ကြားဖူးတယ်...
အခုလိုခရီးမျိုးလဲ ထွက်ချင်ပါတယ်..
အခုမှ ခရီးစဉ်အစ ပေါ့..ဆက်ဖတ်ဖို့ မျှော်နေမယ်နော်..
မ ရေ... လာအိုကို စိတ်ဝင်စားနေတာ ... လုံချည်ဝတ်တာတွေ... ဘာသာရေးရော တူလို့ ....
စောင့်ဖတ်နေမယ်နော်...မ။
မမဆုမွန်ရေ
ဆက်ရေးနော်
ဗီယက်ကျင်းကို သွားချင်တာ ကြာလှပြီ .. မရောက်သေးဘူး
Buddha Park နဲ့ ပသတ်လောင်ဘုရားဆိုတာ ရှိတယ်
သွားဖူးချင်နေတာ
နောက်ကျနေပေမယ့် ဒီ ပို့စ်လေးကို ဖတ်ချင်လွန်းလို့ ပြန်လာရှာဖတ်တာ ...
ကျွန်တော်က ခရီးသွား ပို့စ်လေးတွေ ဓာတ်ပုံများများလေးနဲ့ဆို သိပ်သဘောကျတာ ...
ကိုယ်မရောက်ဖူးတဲ့ နေရာဆိုပေမယ့် စာလေး တစ်ပုဒ်လောက်နဲ့ ကိုယ်မရောက်ဖူးတဲ့ ဒေသအကြောင်း အပြည့်အစုံ သိသွားနိုင်တယ်လေ ...
အစ်မဆုမွန် ကျေးဇူးပါ
နောက်အပိုင်းတွေကိုလည်း တစ်နေ့ နဲနဲချင်းစီ ပြန်ဖတ်မယ် ...
နေဒေးသစ်။
Post a Comment