ဗီယန်ကျင်းက ပြန်ခဲ့တယ် (၂)

လာအိုမြို့ထဲကို ၀င်လိုက်တာနဲ့ ကျွန်မ သတိရမိတာ ပဲခူးလိုလို လှည်းကူးလိုလို နဲ့ မြန်မာပြည်ထဲက နယ်မြို့လေးတစ်မြို့ထဲကို ၀င်လိုက် ရသလိုပဲ။ အဌားယာဉ် အများစုက ကျွန်မ ပြောခဲ့တဲ့ ကားလိုလို မြင်းလှည်းလိုလို ဂျမ်ဘိုကားလေးတွေ တွေ့ရတယ်။ နောက် ကား အကောင်းစားတွေ အနည်းအကျဉ်း တွေ့ရတယ်။ လမ်းကျော ပိတ်ဆို့မူ တော့ မတွေ့ရဘူး။ ထူးခြားတာ ကတော့ ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ဖူး တဲ့ အတွက် အဆောက်အဦး ဆိုင်းဘုတ်တွေနဲ့ ဆိုင်တွေ လမ်းနံမည်တွေမှာ ပြင်သစ် ဘာသာစကားနဲ့ ယှဉ်ပြီး ရေးထားတာ သတိထားမိတယ်။

လာအိုထဲဝင်တော့ နေမွန်းတည့်နေပြီး ကျွန်မ မိတ်ဆွေ တွေက သူတို့သွားရမယ့် သံရုံးကို မမှီတော့ဘူး ဆိုတော့ ကျွန်မတို့ တည်းဖို့ နေရာ ရှာကြပါတယ်။ လာအို နယ်စပ် ကနေ မြို့တော် ဗီယမ်ကျင်း အထိ အုပ်စု လိုက် ဌားဖြစ်တော့ ကားခက တစ်ယောက်ကို ဘတ် ၃၀ ကျပါတယ်။ နောက် တည်းခိုခန်း Inn ဌားခက တစ်ရက်ကို နှစ်ယောက် ခန်း တစ်ခန်းကို လာအိုငွေ ခြောက်သောင်း (သို့ ) ဘတ် ၂၅၀(သို့) ဒေါ်လာ ၇ဒေါ်လာ ကျပါတယ်။ လာအို လူငယ်များ တည်းခိုခန်းလို့ ခေါ်ပါ တယ်။ မဆိုးပါဘူး ဈေးချိုပါတယ်။ အခန်းက နည်းနည်းကျယ်ပါတယ်။ ရေချိုးခန်း အိမ်သာ ပါတယ် နှစ်ယောက်အိပ် ကုတင် စားပွဲခုံတစ်လုံးနဲ့ ပန်ကာပါပါတယ်။ အနည်းဆုံး အခန်းခ က ဘတ်၁၀၀ ကနေ အထက် ရှိတယ်လို့ သိရပါတယ်။ ရေမိုးချိုး ပြီးတော့ ထမင်း စားဖို့ထွက်ကြပါတယ်။

လာအို ငွေလဲ ဌာန လေးပါ။ တစ် ဒေါ်လာ ကို လာအို ငွေ ကစ် ရှစ် ထောင့် ငါးရာ ထိုင်း ဘတ် ငွေ တစ်ဘတ် ကို ကစ် ၂၅၀ ၀န်း ကျင် ရှိပါ တယ်။ ဗီယန်ကျင်း မှာ ဒေါ်လာ နဲ့ ရှင်း လို့ ရသလို ထိုင်း ဘတ် ငွေနဲ့ လဲ ရှင်းလို့ ရပါတယ်။ ထိုင်း အစား အသောက် နဲ့ ပုံစံ တူပေမယ့် အရသာ တော့ နည်းနည်း ကွဲပါတယ်။ လာအိုမှာ နံမည်ကြီးတာကတော့ လာအို ဘီယာပါ။ စားပွဲ တိုင်းမှာ လာအို ဘီယာ ပုလင်းလေးတွေ တန်းစီ နေတာပါပဲ။ မြစ်ကမ်းတလျောက် တဲတန်းလျား လေးတွေနဲ့ ငါးကင်ဆိုင်တွေ အသီးအရွက်ပြုတ် ဆူရီဆိုင်တွေ အသားကင် ဆိုင်တွေ သဘောင်္သီးသုပ်ဆိုင်တွေ တန်းစီ နေပါတယ်။

ထူးခြား တာက လာအိုမြို့ထဲက အဆောက်အဦး တော်တော် များများဟာ ဆောက်လက်စ ပြုပြင်လက်စ တိုက်တွေ ဖြစ်နေ ပါတယ်။ သူတို့နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူရဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ နောက် အထုတ်အပိုး ကိုယ်စီနဲ့ ဘက်ပတ်လို့ခေါ်တဲ့ တိုးရစ်တွေ တော်တော်များများလဲ မြင်ရတယ်။ အောက် အနားရစ် ပါတဲ့ ချည်လုံခြည် တိုတို လေးတွေ ၀တ် ထားတဲ့ လာအိုမလေး တွေကတော့ တော်တော် လေးကို ချောပါတယ်။ ထိုင်း မလေး တွေလို ပေါင်တို ချက်ပြုတ် စွပ်ကျယ် ချိုင်းပြတ် လေးတွေ ၀တ်ပြီး အ၀တ်အစား အလန်အပျံနဲ့ လမ်း ပေါ်မှာ လမ်း သလားနေတာ သိပ်မတွေ့ပါဘူး။

လာအိုတွေ နုတ်ဆက်တဲ့ လာအိုစကားက Sapidee တဲ့ စပိုင်ဒီး စပိုင်ဒီးလို့ နုတ်ဆက်တော့ ကျွန်မရဲ့ ကိုယ် တော်လေး ကို မေးဖြစ်ပါတယ်။ (မိုးကောင်းသူ လေး ပြောတဲ့ ကိုယ်တော်ကြီးကို အားကျလို့ပါ) ထိုင်းလို နေ ကောင်း လားလို့ အဓိပ္ပါယ် ထွက်လို့ ငါရုပ်က နေမ ကောင်း တဲ့ ရုပ် ပေါက် နေလို့လား မသိဘူးလို့ မေး တော့ သူက ပြောတယ် အဲ့တာ လာအို နုတ်ခွန်းဆက် စကားပါ တဲ့။ နောက်လာအိုတွေက အ၈င်္လိပ်လို စကားပြောရတာ ထိုင်းလောက်နီးနီး ဝေးပါတယ်။ ခေါင်းခါး ခြေလက် အစုံ လုပ်ပြမှ ရေးရေး သိပါတယ်။

လာအိုမှာ နံမည်ဆိုးနဲ့ကျော်ကြား တာကတော့ တုတ်တုတ် လို့ အလွယ်ခေါ်တဲ့ ဂျမ်ဘိုကားသမားတွေပါပဲ။ သူတို့က လူလည် တော်တော်ကျပါတယ်။ ကားဌားရတဲ့နေရာမှာ အပြိုင် အဆိုင် လူခေါ်ကြတဲ့အခါ ဈေး အနည်း ဆုံး ပြောပြီး အတင်းအဓမ္မ မြူဆွယ်ပါတယ်။ ဈေးစကားပြော နှစ်ဦးသဘောတူလို့ ဌားခဲ့ပြီးမှ ခရီးလမ်း မဆုံးခင် ဈေးနောက်တစ်မျိုး ပြောပါတယ်။ အဲ့မှာ ခရီးသည်တွေ အများစုနဲ့ အကြီးအကျယ် စကားများ လေ့ရှိပါတယ်။ ထိုင်းလို ပြောရင်လည်း ရူးသလို ကြောင်သလို လုပ်တတ်ပါတယ်။ အင်္ဂလိပ်လိုပြောရင်လည်း ပေါတောတော လုပ် တတ် ပါတယ်။ ဒါကြောင့် ကားဌားတဲ့အခါ သူတို့ပြောတဲ့ဈေးနဲ့ သုံးပုံတစ်ပုံလောက် ဆစ်ချရပါတယ်။ နောက် ပြတ်ပြတ် သားသား မေးရပါမယ်။ ကျွန်မတို့အုပ်စုက ခရီးဆုံးရောက်အောင် အရင်ပို့ခိုင်းပြီး အရင်ဈေး အတိုင်း ပေးလိုက်တော့ ကားသမားက မကျေမနပ်ဖြစ်နေပါတယ်။ လာပြီး ခါးထောက် မိုက်ကြည့်ကြည့်လို့ ထပြီး နပမ်း သတ်ကြမလို ဖြစ်ပါတယ်။ လာအိုသွားဖူးတဲ့ မိတ်ဆွေတွေလဲ အဲ့သလို ကြုံရဖူး တယ်လို့ ပြော ပါတယ်။

ပြီးတော့ ကျွန်မတို့ လာအိုရဲ့ မြို့တော် ဗီယန်ကျင်းကို လှည့် လည်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဆိုင်ကယ် ဌားစီး လို့ ရပါတယ်။ တစ်ရက်ကို ကိုယ့် ဘာသာ ဆီ ထည့်ရင် ဘတ် ၁၅၀ ပါ။ တကယ်လို့ စက်ဘီး ဌားမယ်ဆိုရင် ကိုယ့် ဘာသာ နင်း တစ်ရက်ကို ဘတ် လေးဆယ်ပါ။ ကျွန်မ တို့ က တော့ ကားလဲ မဌားချင်တာနဲ့ လမ်းလျောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာကြောင့် ဆိုတော့ ကျွန်မတို့ တည်းခဲ့တဲ့ တည်းခိုခန်းက မဲခေါင် မြစ် ကမ်း နဖူးစပ်နားမှာ ရှိပါတယ်။ အဲ့ဒီ့ မြစ်ကမ်းစပ် နေရာမှာ ထိုင်း ဖုန်းလိုင်းလဲ မိလို့ ဖုန်းနဲ့ အချင်းချင်း ဆက်သွယ်လို့လွယ်ပါတယ်။

မဲခေါင် မြစ်ကမ်းနဖူးစပ်ကနေ လျောက်ကြည့်တော့ လမ်းဆုံး ကနေ မြင်ရတဲ့ မဲခေါင်မြစ်ကြီးက တော်တော် လေး ကျယ် ပါတယ်။ ဒါပေမယ့် မြစ်ပြင်ကြားထဲမှာ သဲသောင် တွေ ထွန်း နေတာ တွေ့ရပါတယ်။ မြစ်ရဲ့ နဖူးစပ် နားမှာ ငါးဖမ်း နေတဲ့ လူလေးတွေကို မသဲမကွဲ မြင်ရတယ်။ ဟိုမှာ ဘက် ကမ်း ကတော့ မဲခေါင်မြစ်ကို အပမ်း ဖြေရင်း ကြည့်ဖို့ ဆောက် ထားတဲ့ ဘန်ဂလိုလေး တွေ မြင်နေ ရတာက ထိုင်းနိုင်ငံ ဘက် ခြမ်းပါ။ မဲခေါင်မြစ် ကမ်း စပ်က စား သောက်ဆိုင် လေးမှာ မဲခေါင်မြစ်ကြီးကို ငေးကြည့် ထိုင်ရင်းနဲ့ အုန်းသီး စိမ်းရည် အေးအေး ချိုချို လေး ကို သောက်ပါတယ်။ တစ်လုံး ကို ဘတ်၂၅ပါ။ နည်းနည်း ဈေးကြီး တယ်။ နောက် လာအို သဘောင်္သီး သုပ်စပ်စပ် လေး စားပါတယ်။ တစ်ပွဲကို ဘတ်၂၅ပါပဲ။ အဲ့မှာ ပြသနာစ ပါတယ်။ အရမ်းစပ်လွန်းလို့ ဘာစားရင် ကောင်းမလဲ လိုက်ရှာတဲ့အခါ ဘဲဥဖြူဖြူ လေးတွေကို တောင်း လေး တွေ နဲ့ ချိတ်ထားပါတယ် အစပ်ပြေစားဖို့ ဈေး မေးကြည့်တော့ နှစ်လုံးကို ဘတ်၁၀ ဆိုတာနဲ့ ၀ယ်စား ဖြစ်ပါတယ်။ ပူစီနံပင်လေးတွေနဲ့ သံပုရာနံ့သင်းတဲ့ အချဉ်ရည်ရယ် ဘဲဥနှစ်လုံးရယ် လာချပါတယ်။

ကျွန်မလဲ စကား ပြောရင်းနဲ့ ဘဲဥခွံကို ခွာလိုက်တဲ့ အခါ..အကောင် ဖြစ်လုဆဲဆဲ အမွှေးလေးတွေပါ ပေါက်နေတဲ့ မျက်လုံး ပြူး ပြူး လေးနဲ့ ဘဲလေးလား ကြက်လေးလား အကောင်လေး တစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ဘဲဥခွံမှာ လည်း သွေးကြော မျင်လေးတွေ ကပ်နေပါတယ်။ ကျွန်မလဲ အလန့်တကြားနဲ့ စားပွဲထိုးကို ခေါ်ပြီး အနိ ကင်ဒိုင်း ကင်ဒိုင်း လို့ (ဒါက စားလို့ရလားလို့) လက်ညိုးထိုးပြီး မေးတော့ သူကပြောတယ် လာအိုရဲ့နံမည်ကျော် ဘဲဥ(လု) သားလေး ပါတဲ့။ ကျွန်မလဲ အသည်းယားလို့ ဆက်မကြည့်ချင်တော့နဲ့ စားလက်စာတွေကိုပါ ရှင်းပြီး ထွက်လာခဲ့ ပါတယ်။

ကျွန်မတို့ မဲခေါင်မြစ် ကမ်းကနေ ဆက်လျောက်လာကြရင်း လမ်းမတစ်ခုထက်မှာ လာအို အနုပညာ ပြခန်းကို တွေ့ ပါတယ်။ လာအို ကျောင်းသူ ကျောင်းသားတွေ ရဲ့ အနပညာ လက်ရာတွေ ပါတဲ့။ လမ်း တလျောက် တွေ့ ရတဲ့ ဘုရား စေတီတွေ ဘုန်းကြီး ကျောင်းတွေရဲ့ ရှေ့မျက်နှာစာမှာ ဂျပန်နဲ့လာအို ချစ်ကြည်ရေးအနုပညာ တည် ဆောက်မူ ဆိုင်းဘုတ်လေးတွေ ရေးထားတာ တွေ့တယ်။ ညနေစောင်းလာတာနဲ့အမျှ နောက် ဗီယန်ကျင်းရဲ့ ညနေခင်းက ကားတွေလဲ တိတ် လူတွေလဲ တိတ်နဲ့ သိပ်ဆိတ်ငြိမ်လွန်းအားကြီးပါတယ်။
နံမည်ကျော် ဗီယမ်ကျင်း တိုင်းမ် သတင်းစာတိုက်ပါ။ သူ့ ရဲ့ ရှေ့တည့်တည့်က ရေပန်းကြီးမှာ အမောဖြေ ထိုင်နား ဖြစ်ပါ တယ်။ မီးတိုင်လေးတွေ မူန်ပျပျရဲ့ အောက်မှာ ရေပန်းဖွားကြီးတွေကျနေတာကို ထိုင်ကြည့်ရင်း သတိထားမိ တာ က တော့ ဘန်ကောက်က ပန်းခြံတွေမှာ လေပူတွေ တိုက်နေတဲ့အောက်ထိုင်ရတာနဲ့ မတူပဲ မဲခေါင်မြစ် ရနံ့ ပါတဲ့ ရူရိုက်ရတဲ့လေက သိပ်လတ်ဆတ် အေးမြလွန်းတယ် သစ်သားခုံလေးတွေပေါ်မှာ ထိုင်နေရ တာကိုက ရာသီဥတု က ပူပြင်း မနေပဲ သောက်တောင့် သက်သာ ဖြစ် နေပါတယ်။ ပြီးတော့ မဲခေါင် မြစ်ကမ်း တလျောက် လမ်းဆက် လျောက် လာရင်း မီးချောင်းတွေ ထိန်ထိန်ညီးနေတဲ့ ထိုင်းဘက်ကမ်းနဲ့ မီးသီးလေးတွေ မှိတ်တုပ် မှိတ်တုပ် ဖြစ်နေတဲ့ လာအို ဘက် ကမ်းကို ယှဉ်ပြီး ကြည့်မိပါတယ်။ လာအိုရဲ့ တစ်နေ့တာကတော့ မဲခေါင်မြစ်ကြီးကို တစိမ့်စိမ့် ကြည့် ဖြစ် တာနဲ့ အဆုံးသတ် လိုက်ပါတယ်။

နောက်တစ်နေ့ မနက်စောစော အိပ်ယာက နိုးတဲ့အခါ တည်းခိုခန်း အောက်က ဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးမှာ ကစ်၈၀၀၀ တစ်ဒေါ်လာတန် Espresso coffee ခွက်ပိစိ လေးတစ်ခွက် သောက်ပါတယ်။ နောက် ထိုင်းသံရုံး ဘက်ကို ချီတက်ကြတဲ့အခါ တစ်ယောက်ကို ကစ်ငါးထောင်နူန်းနဲ့ ဂျမ်ဘိုလေး ကို စီးပြီး သွား ပါတယ်။ လမ်းတလျောက် ကားပေါ်ကနေ ဗီယမ်ကျင်းကို သေသေ ချာချာ လေ့လာဖြစ်ပါတယ်။ ကျောင်းသူလေးတွေရော ၀န်ထမ်းတွေ အကုန်လုံး အနားရစ်ပါတဲ့ လုံခြည်တိုတိုလေးတွေ ၀တ်ကြပါတယ်။ လမ်းပေါ်မှာ လာအိုရဲကို မမြင်ရသလောက်ပါပဲ။ တယ်လီဖုန်းရုံလေးတွေကို မြင်ရတယ်။ နောက် လမ်းတိုင်း လိုလိုမှာ ကော်ဖီဆိုင်တွေ Free Wireless လို့ ရေးထားတဲ့ အင်တာနက်ဆိုင် နည်းနည်း တွေ့တယ်။

ထိုင်းသံရုံးမှာ ထိုင်းဗီဇာ အခမဲ့ ပေးနေတဲ့အတွက် ဗီဇာ လာယူတဲ့ အဖြူ အမည်း အညို အ၀ါ အနက် စတဲ့ လူတန်း ကြီးက နဂါးမြီးကြီးလို အရှည်ကြီး ဖြစ်နေပါတယ်။ နံပတ်စဉ် အရဆိုရင် အနည်း ဆုံး လူ၇၀၀ ကျော် လောက် ရှိမယ် ထင် ပါတယ်။ လာအို ဗီဇာပွဲစားတွေ ခြေရူပ် နေတဲ့ နေရာပေါ့။ ကား ရပ် လိုက်တာနဲ့ တတွတ်တွတ်နဲ့ လာအော်နေကြတာ နားကို အူ နေ တာပါပဲ။ တကယ်တော့ ကိုယ့်ဘာသာပဲ ကိုယ်လုပ်တာ အကောင်းဆုံးပါ။

အဲ့ဒီ့က ကိစ္စတွေ ပြီးပြတ်တော့ ကျွန်မတို့ အုပ်စု ဗီယန်ကျင်းမြို့ရဲ့ ဈေး သလာ့ဆိုင်းကို ဆက် ချီတက်ကြပါတယ်။ အဲ့ဒီ့ဈေးကို ထိုင်းသံရုံးကနေ သွားတာ တစ်ယောက်ကို ကစ်လေးထောင် ကျပါတယ်။ ဈေး ထဲမှာ အောက်ထပ် ကတော့ စက်ပစ္စည်းတွေ ချည်း သပ်သပ် ရောင်းပါတယ်။ အများစုကတော့ ယိုးဒယား ထုတ် တွေပါ။ ဈေး အပေါ်ထပ်မှာတော့ လာအိုရိုးရာ ယဉ်ကျေးမူ အ၀တ်အစားတွေ လက်ဆောင် ပစ္စည်းတွေ ရောင်းပါတယ်။နောက် အဲ့မှာ မြွေတွေ ကင်းတွေ ထည့်စိမ်ထားတဲ့ ပုလင်း သေးသေးလေး တွေလည်း တွေ့မိပါတယ်။လာအိုမလေးတွေရဲ့ ရိုးရာဝတ်စုံပါ သိပ်လှပါတယ် အကွက်လေးတွေကလဲ တကယ့်ကို အဆင်ဆန်းလေးတွေပါ ဈေးတော့ ကြီးပါတယ်။ ကချင် လုံချည် ကွက်ဆင်လေးတွေနဲ့လည်း တူပါတယ်။ လုံခြည်က တိုတာတော့ တော်တော် တိုပါတယ်။

ဈေးလေးထဲမှာ လာအို ရိုးရာ အစားအစာတွေ စားဖြစ်ကြပါတယ်။ ကျွန်မကတော့ ၀က်ခေါင်းသုပ်လို အသုပ် တစ်ပွဲ ဘတ် ၆၀နဲ့ ပေါင်မုန့်မီးကင် အစုံထည့် တစ်ချောင်း ကစ်၆၀၀၀ တန်ကို စားဖြစ် ပါတယ်။ အဲ့ဒီ့ ကနေ တဆင့် ကျွန်မ တို့ တည်းခို ခန်း ဘက်ကို မြေပုံ ကြည့်ပြီး လမ်းလျောက် ကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဈေးရှေ့ မျက်နှာ စာမှာ အဝေး ပြေး ကားဂိတ် လေးရှိပါတယ်။ တစာစာ အော်နေတဲ့ ဂျမ်ဘို ကားမောင်း သမားတွေနဲ့ ဘတ်စ် ကား ဂိတ်မှာ ကားအိုအို ကြီးတွေ စုဝေး ရပ်ထားတာ တွေ့ရပါတယ်။ တောသူ တောင်သား ဟန် ပေါက်တဲ့ လာအိုသူ လာအိုသား တွေလဲ အထုတ်အပိုး ကိုယ်စီနဲ့ ထိုင်နေကြရင်း တိုးရစ်တွေကို လိုက် အကဲခတ် နေတာ တွေ့ရ ပါတယ်။ ကား အ၀င် အထွက်ကို အချိန်အလိုက် နေရာတွေကို စာရင်း ဇယား ကွက်ကြီးနဲ့ ပြထားတာ တွေ့ရပါတယ်။ ကားဂိတ်ကနေ ညာဘက်ကို ကွေ့တက်သွားတဲ့အခါမှာတော့ ဈေးဆိုင်တန်းကြီးကို တွေ့ပါတယ်။
ထူးထူး ခြားခြား ပေါင်မုန့်ရှည် ကြီး တွေ အပုံလိုက် ရောင်း နေတာ တွေ့ရပါတယ်။ လာအိုဟာ ပြင်သစ် လက် အောက်ခံ ဖြစ်ခဲ့တဲ့အတွက် ပြင်သစ် အစားအစာ ပေါင်မုန့်နဲ့ ကော်ဖီကို မက်မက် မောမော စားသောက် နေ ကြ တုန်း ဖြစ် တယ် လို့ ပြော ပါ တယ်။ မီးကင် ထား တဲ့ ပေါင် မုန့် တောင့် အရှည် ကြီး တွေ ထဲကို အသား ဖတ်တွေ အချဉ် ရည် တွေ သခွားသီး တွေ ဂေါ်ဖီရွက် ဆလပ် ရွက် တွေ ထည့်ပြီး အစာ သွပ် ပေး ထားတာပါ။ အရမ်း လဲ စားလို့ ကောင်းသလို ဈေးလဲ တန်ပါတယ်။
နောက် ဆက် လျောက် ခဲ့ တော့ လမ်း တလျောက် ဒေသထွက် ဟင်းသီး ဟင်းရွက် တွေ ရိုးရာ ဆေးမြစ် ဆေးဥ အရောင်းဆိုင် တွေ ရိုးရာ ထွက်ကုန် ချည်ထည် ပစ္စည်း လေး တွေကို အပုံ လိုက် လေး တွေ ချ ရောင်း နေ တာ တွေ့ ခဲ့ရပါတယ်။
ကျွန်မ ဓာတ်ပုံရိုက်တော့ လန့်သွားပုံပဲ သူတို့တွေ ဗေဒင်တွက်နေတယ် ထင်တယ်။ ချဲတွက်တာလည်း ဖြစ်နိုင်တယ်။ ဖလံ တောင်ဝှေးတွေလို့ထင်ပါတယ်။ (အစ်မ အိမ်လွမ်းသူပြောတယ် မျှစ်သေးသေးလေးတွေတဲ့) ဟင်းသီးဟင်းရွက်တွေ ချရောင်းနေတဲ့ လာအိုအမျိုးသမီးလေးပါ။

လာအိုမလေးက အကျီလေးတွေ ချရောင်းနေတယ် ကျွန်မ ၀ယ်ခဲ့တာ ရှမ်းတိုက်ပုံ ပင်နီအနက်နဲ့ အနီင်္ နှစ်ထည်ကို ဘတ် ၁၅၀ပါ။
လာအို အဘွားကတော့ တက်တက်ကြွကြွ ဆေးမြစ် သစ်ဥ သစ်ဖုတွေ ရောင်းနေလေရဲ့ သူ့ဘေးဆိုင်က လာအိုမလေးကတော့ အိမ်မက်တောင် မက်နေတယ် ထင်တယ်။
ဗီယမ်ကျင်း မြို့ တစ်ပတ် အေးအေး ဆေးဆေး လျောက် သွား နေပြီးတော့ လမ်းတလျောက် မြင်မြင် သမျ ဟိုရိုက် ဒီရိုက် ဟိုကြည့် ဒီကြည့်နဲ့ လျောက်သွားကြရင်း နောက်ဆုံး မှာ တော့ ဗီယမ်ကျင်း တိုင်းမ် သတင်းစာ တိုက် ဘက်ကို ရောက် တော့ လေအေး ပေးစက် ဖွင့်ထားတဲ့ ကော်ဖီ ဘားလေးမှာ အေးအေး ဆေးဆေးထိုင်ပြီး သတင်းစာ ဖတ် ဖြစ် ပါတော့တယ်။

ဗီယမ်ကျင်းရဲ့ ဒုတိယနေ့ကတော့ မြို့ပတ် လမ်းပေါ်မှာ အချိန်ကုန် သွားပါတယ်။ ညနေခင်းမှာတော့ ထုံးစံအတိုင်း မဲခေါင်မြစ်ကမ်းဘေးမှာ ကစ်ငါးထောင်တန် လာအို ရေနွေးကြမ်း တစ်ခွက်နဲ့ BBQ ငါးကင် တစ်ကောင်ကို ထိုင်းဘတ်ငွေ ၁၅၀ကျော်ပေးရပြီး လတ်လို့ခေါ်တဲ့ လာအို အသုပ်အမျိုးမျိုးကို မှာစားရင်း ဘီယာဆိုင်တွေရှေ့တစ်ချို့ လာအိုမ မဲမဲ တူးတူး ၀တုတ် ဗိုက်ပူလေးတွေ လမ်းသလားပြီး လူထွက်ရှာ နေပုံရတဲ့ မဲခေါင်မြစ်ကမ်းက ဗီယမ်ကျင်းရဲ့ ညချမ်းကို ခံစားလိုက်ပါတယ်။

12 Comments:

Anonymous said...

ညီမလေးဆုမွန်ရဲ့  ဘလော့ဂ်ကို အမြဲဖတ်နေသူပါ.. ခရီးသွား ဆောင်းပါးတွေကို ကြိုက်တယ်..ဆက်ရေးပါနော်...ကြုံဖူးတယ် မြန်မာပြည်မှာတုန်းက တို့အမေ ဈေးကနေ၀ယ်လာတဲ့ ဘဲဥလား ကြက်ဥလားမမှတ်မိဘူး ညီမကြုံသလိုဘဲ အကောင်ပေါက်ကလေးတွေဖြစ်နေလို့ ( ရန်ကုန်မှာလိမ်ရောင်းတာ ) ကြောက်ကြောက်နဲ့ လွှတ်ပစ်လိုက်ရတာကို ညီမပို့စ်ကအမှတ်ရစေတယ်...မြန်မာပြည်ကလူတွေက အဲဒီလိုမျိုး တော်တော်များများမစားရဲကြဘူး...ဒါပေမဲ့ လူသတ်ဖို့ ရဲဝံ့တဲ့လူတစုတော့ ရှိနေတယ်လေ.... ( ma mie nge )

Anonymous said...

လာအိုခရီးစဉ်ကို လိုက်ပါခံစားလိုက်ရပါတယ်။ အခွင့်သင့်ရင်ရောက်ဖူးချင်တယ်ဗျာ

ခင်မင်းဇော် said...

အဲဒီက တုတ်တုတ်တွေကတော့ ပြောစမှတ်ပဲ။ အန်တီတို့ တုန်းကလဲ ရန်ဖြစ်သလား မမေးနဲ့။ ဟဲ့ ငါတို့ကို ပြောတုန်းက တမျိုး ခုတမျိုး မပေးဘူး ဘာညာနဲ့ စကားတွေများခဲ့ရတယ်။ သိပ်လူလည်ကျတယ် ။ သူတို့ပုံစံတွေ ကြည့်တော့ မအူမလည်တွေနဲ့နော်။
ပြီးတော့ လာအိုမှာ ထိုင်းစကား တတ်ရင်လဲ အလုပ်ဖြစ်တယ်။ စကားရော စာရောက တော်တော် ဆင်တယ်လေ။

tg.nwai said...

လာအိုဘက် မရောက်ခဲ့ဘူး။ ဖတ်လို့ကောင်းလိုက်တာ..ကိုယ်တိုင်ရောက်သွားသလိုပဲ..:)

လာအိုအမျိုးသမီးလေးတွေက ချစ်စရာလေးတွေနော်..။ ကြက်ဥ(လု)တဲ့လား.. အသဲယားစရာ.. မစားရဲပေါင်..။

ဗဟုသုတရပြီး စိတ်ဝင်စားစရာ အတူလိုက်လည်ရတဲ့ ဗီယန်ကျင်းပို့စ်လေးအတွက် ကျေးဇူးး..။

နောက်လည်း များများခရီးသွားနိုင်ပြီး ခရီးသွားဆောင်းပါးတွေ များများရေးနိုင်ပါစေ..:)

မသက်ဇင် said...

ဆုမွန်ရေ
ဗဟုသုတတွေဖတ်သွားတယ်
ကျေးဇူးပါ

ကိုလူထွေး said...

ဗဟုသုတရစရာမို့လို့ ထပ်လာဖတ်ပါတယ် ဆုမွန်ရေ...

ငွေလဲနှုန်းတွေကလဲ မိုးပေါ်ပျံလို့ပါလား...

မြန်မာငွေကတောင် တန်ဖိုးနဲနဲ ပိုရှိသွားသယောင်ယောင်...

အကောင်ပေါက်ခါနီး ဘဲဥကတော့ ရက်စက်တယ်...

သမိုင်းဝင် မဲခေါင်မြစ်ကြီးကိုတော့ တစ်ခေါက်လောက် လိုက်ကြည့်ချင်ပါတယ်...

အခုတစ်ခေါက်ခေါ်သွားပေတဲ့အတွက်လဲ ကျေးဇူး ဆုမွန်ရေ...

nwelay said...

good, good, nyimalay. may i know who is your "Aphaw lay" Ko Daw Lay? :) :) These days I can't click on your "read more". :(

ခမ်းကီး said...

ဟုတ်တယ်နော်...
ကိုယ့်၇ပ်ဒေသက နယ်မြို့လေးလိုပါပဲ။

ဒေသခံလူတွေကလဲ ကိုယ့်တိုင်းရင်းသားတွေလိုပဲ။
ချစ်ဖို့ကောင်းတယ်။

သက်ပိုင်သူ said...

မမဆုမွန်ရေ
ဈေးတော်တော်သက်သာတယ်နော်..
ရန်ကုန်ထက်တောင် အပုံကြီး သက်သာသေးတယ်
မီးလည်းမှန်မှန်လာတယ်မလား

မိုးခါး said...

လာအိုဝတ်စုံလေးတွေ လှတယ်နော် ..း)

အိမ်လွမ်းသူ said...

ညီမရေ.. ဟိုဟာက ဖလံတောင်မွေးမဟုတ်ဘူး.. မျှစ်သေးသေးလေးတွေ.. ဒီကလာအိုတွေက အဲဒီမျှစ်သေးသေးလေးတွေ တအားစားတယ်.. အမတို့ရောက်စကလဲ အကောင်ပေါက်ဘဲဥနဲ့ တွေ့ဖူးတယ်..။ မစားရဲလို့ အကုန်လုံးပစ်လိုက်ရတယ်..

မိုးကောင်းသူ said...

မဆုမွန်ရဲ့ ကိုယ်တော်လေးတဲ့လား။
ဘဲဥအကောင်ပေါက်တော့ စားရဲမယ်မထင်ဘူး။ (ပိုးကောင်းကြော်တာ စားရဲတာ) :D