လာအိုမြို့တော် ဗီယန်ကျင်းရဲ့ တတိယနေ့ နံနက်ခင်းပါ။ မနက်စောစော အိပ်ယာက ထပြီး မဲခေါင်မြစ်ကမ်း ဘေးကို လျောက်ဖြစ်တယ်။ မြူခိုးတွေ သဲ့သဲ့ ဆိုင်းနေတဲ့ မဲခေါင်မြစ်ပြင်ကြီးက ၀ိုးတ၀ါးဖြစ်နေတယ်။ တိုက်ခတ် လာတဲ့ မြစ် လေနုအေး ကတော့ သိပ်ကို အေးမြ လွန်းတယ်။ မမျှော်လင့်ပဲ မဲခေါင်မြစ်ကမ်းဘေးက ကော်ဖီဆိုင် လေးမှာ ထိုင်နေတဲ့ မြန်မာ မိတ်ဆွေ တစ်ယောက်နဲ့ ဖြတ်သွားရင်း ဆုံတယ်။ ကျွန်မတို့က ရှေးဟောင်း ပြတိုက်နဲ့ နန်းတော် ဘက် သွားမယ်ပြောတော့ သူလည်း လိုက်ခဲ့မယ် ဆိုတာနဲ့ တိတ်ဆိတ် ငြိမ်သက် လွန်းတဲ့ ဗီယန်ကျင်း မနက်ခင်းရဲ့ လေအေးအေးလေး နေအေးအေးလေး အောက်မှာ တိတ်တိတ် ဆိတ်ဆိတ် အတွေး ကိုယ်စီနဲ့ လမ်း လျောက်ဖြစ်ကြတယ်။ ဗီယန်ကျင်းမြို့တော်ရဲ့ နံမည်ကြီး H၀ Phrakeo Temple ပါ။ နိုင်ငံခြားသား ၀င်ကြေး ထိုင်းဘတ် ၂၅ လာအိုငွေ ကစ်ငါးထောင် လာအိုနိုင်ငံသား ကစ် နှစ်ထောင်ပေးရပါတယ်။ ။ဖွင့်ချိန် ပိတ်ချိန် သတ်မှတ်ချက်ရှိပါတယ်။ နေ့စဉ်ဖွင့်ပြီး မနက် ၈နာရီကနေ ၁၂နာရီအထိ နေ့လည် ၁နာရီကနေ ညနေ ၄နာရီအထိ ပါ။(Haw Phra Kaew was built between 1565 and 1556, on the orders of King Setthathirath. The temple housed the Emerald Buddha figurine, which Setthathirath had brought from Chiang Mai, then the capital of Lanna, to Luang Prabang. When Vientiane was seized by Siam (now Thailand) in 1778, the figurine was taken to Thonburi. It now resides in Wat Phra Kaew, Bangkok.) (ဗဟုသုတ)
သမိုင်းအဆိုအရ ၁၅၆၅ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဗုဒ္ဓ ရုပ်ပွားတော်တွေ တည်ထား ကိုးကွယ်ရာ ရှေးဟောင်း ဗုဒ္ဓ ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ ထူးဆန်းတဲ့ ထိုင်းတွေနဲ့ လာအိုတွေရဲ့ သမိုင်းကြောင်းရှိပါတယ်။ အခုချိန်ထိ ရှေးဟောင်းလက်ရာတွေ အမြောက်အမြားရှိသေးတဲ့ နေရာပါ။ ဂ၀ံကျောက်လို ကျောက်တုံး ကျောက်စိုင်တွေ အဆင့်ဆင့်နဲ့တည်ဆောက်ထားပြီး ၀င်းနှစ်ဆင့် ထပ်ထားပြီး လှေကား အတက် အဆင်းတိုင်း ရဲ့ မုဒ်ဦးဝ က အသက် ၀င်လွန်းတဲ့ နဂါးရုပ်တုအကြီးကြီးတွေ ရှိပါတယ်။ ထူးခြားတာက အုတ် လှေကား ရင်းက နဂါးကို ငုံထားတဲ့ တိုးနယားသတ္တ၀ါပုံဖြစ်ပြီး သူ့ လက်တစ်ဘက်စီက ငါးလေးတစ်ကောင်စီကို ဖမ်းဆုပ် ထားပါတယ်။ ဘုရားကျောင်း ပတ်ပတ်လည်မှာ တန်းစီထားတဲ့ သံနဲ့လား ကြေးနဲ့လား မသိ သွန်းထားတဲ့ ရှေးဟောင်း ဗုဒ္ဓ ဆင်းတုတော် တွေ ရှိပါတယ်။ တစ်ချို့ ရှေးဟောင်း ဆင်းတုတော်တွေကတော့ ကိုယ်လုံးတော်နဲ့ ပလ္လင်ပုံ ပျက်နေတာတွေ တွေ့ရပါတယ်။ဘုရားကျောင်း ရဲ့ အ၀င် မျက်နှာစာမှာ ကျောက်စာချပ်တွေ စာထွင်းထားတဲ့ ကျောက်တုံးတွေ အများကြီး တွေ့ ရ ပါတယ်။ ပါဠိဘာသာနဲ့ ရေးထားတယ်လို့ ယူဆရတဲ့ ကျောက်စာချပ်တွေပါ။ နောက်ပြီး သစ်သားသေတ္တာကြီးတွေ အဆင့်လိုက်နဲ့ သစ်သားဗီရိုကြီးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အားလုံးကို သော့ခတ် ထားပါတယ်။ သော့ကတော့ အခုခေတ်သော့လို့ထင်ပါတယ်။ သစ်သားသေတ္တာအဆင့်လိုက် ထပ် ထားတာကို သွားဖွင့်ကြည့်ပါသေးတယ်။ ဆွေးမြေ့လို့ ပေါက်နေတဲ့ အပေါက်လေးတွေ မြင်ရပေမယ့် အထဲမှာ အကောင် ရှိနေမှာစိုးလို့ မနိုက်ကြည့်ဖြစ်ပါဘူး။ရှေးဟောင်း ဘုရားကျောင်းရဲ့ အ၀င် မုဒ်ဦးတံခါးမကြီးကတော့ ရွှေရောင်သစ်ဆေး ထပ်သုတ်ထားတယ်လို့ ထင်ပါတယ်။ သမင်လို အကောင်လေး တွေပေါ် ရပ်နေတဲ့ နတ်မင်းနှစ်ပါး ပုံက အရမ်းလက်ရာမြောက်ပြီး ခိုင်ခန့်လွန်းတာ သိသာပါတယ်။ဘုရားကျောင်းထဲ အ၀င်ဝမုဒ်ဦးနားက မတ်ရပ် ရုပ်ပွားတော်ခြေရင်းမှာ ဧရာမ ကျောက်လိပ်ကြီး တစ်ကောင် ရှိပါတယ်။ နောက် ခြင်္သေသေးသေးတစ်ကောင် တွေ့ ပါတယ်။ မြေနီမူန့်တွေ ပေကျံနေတဲ့ မတ်ရပ် ဆင်းတုတော်တွေ ကိုလည်း ဖူးရပါတယ်။
ဘုရားကျောင်းဝင်း ပထမအဆင့်ရဲ့ ပတ်ပတ်လည်မှာ မတ်ရပ် ရုပ်ပွားတော်တွေ အများကြီး ရှိပါတယ်။ လက်ကောက် ၀တ်ကနေ တိတိပြတ်နေတဲ့ ဆင်းတုတော်တွေလဲ ဖူးခဲ့ရပါတယ်။ ဘုရားကျောင်း အတွင်းပိုင်းမှာ ဓာတ်ပုံမရိုက်ရဘူးလို့ တားမြစ်ထားပါတယ်။ဓာတ်ပုံရိုက်ခွင့်မရတဲ့ မှောင်မည်းနေတဲ့ ရှေးဟောင်းဘုရားကျောင်းတံခါးမကြီးအထဲကို တံခါးတစ်ပေါက်တည်း ဖွင့်ထားပေးတဲ့နေရာကနေ ဒူးဆစ်လောက်မြင့်တဲ့ အုတ်အတား တံခါးမ အောက်ခြေဘောင်ကို ကျော်ဝင်လိုက်တဲ့ အခါမှာတော့ ဘုရားပန်းခိုင်တွေနဲ့ ဖယောင်းတိုင်တွေ ထွန်းညှိပေးနေတဲ့ ဘုရားအစောင့်တစ်ဦးတည်းကို မြင်ရပါတယ်။ မှောင်မည်းနေတဲ့ အခန်းထဲကို ရောက်သွားတဲ့အချိန် စိတ်ထဲ တစ်မျိုးဖြစ်သွားပြီး ရုတ်တရက် နံဘေး မော့ကြည့်လိုက်တဲ့ အခါမှာတော့ မြေတိုက်ကြီးထဲက ကြီးမားလွန်းတဲ့ အမည်းရောင် ဆင်းတုတော် အကြီးကြီးကို ဘေးတိုက် ဖူးမြင်ရပါတယ်။ ပတ်ပတ်လည်မှာ ပန်းဖူး ပန်းငုံတွေအဆင့်ဆင့်တွေ ဆီချယ်ထားပြီး ဖယောင်းတိုင်တွေ ထွန်းညှိထားပါတယ်။ အလင်းရောင်မရှိတဲ့ မြေတိုက် အုတ်တိုက် အခန်းပေမယ့် လေ၀င်လေထွက်ကောင်းပြီး အသက်ရူကျပ်တာမျိုးမရှိပဲ နေရတာ သက်တောင့်သက်သာရှိပါတယ်။
ကော်ဇောနီခင်းထားတဲ့အခန်းကျယ်ကြီးထဲမှာ ရှေးဟောင်းအမွေအနှစ် အနုပညာလက်ရာတွေကို အမြောက်အများ တွေ့မြင်ရပါတယ်။ အံ့မခန်း ရှေးလက်ရာတွေနဲ့ ရင်သပ် ရူမောဖွယ်ရာ အနုပညာ လက်ရာတွေလို့ ပြောရင် လွန်မယ် မထင်ပါဘူး။ ကျွန်မ အတွက်တော့ ဒီလို ထူးဆန်းတဲ့ ရှေးဟောင်း အနုပညာ လက်ရာတွေကို ဒီတစ်ခါအစုလိုက် အပြုံလိုက် မြင်ဖူးတာပါပဲ။ ကြက်သီးဖြန်းဖြန်း ထလောက်အောင် ဘုရား ဆင်းတုတော်တွေ ရှေးဟောင်းလက်ရာ အသုံးအဆောင်ပစ္စည်းတွေ နောက် နဂါးခေါင်းတွေ စီတန်းယိမ်းထိုး အုပ်မိုးနေတဲ့ ဆင်းတုတော်တွေ အများကြီးကို တွေ့ရပါတယ်။ ရှေးဟောင်းပစ္စည်းတွေကို စနစ်တကျ နံပတ်စဉ်တွေနဲ့ သိုမှီးထားတာ မြင်ရလို့ ရှေးဟောင်း အမွေအနှစ်လက်ရာကို မြတ်မြတ်နိုးနိုး တန်ဖိုးထား သိမ်းဆည်း ထားတယ်လို့ ယူဆရပါတယ်။
ပရိတ်ကြိုးမျင်အဖြူလေးတွေကို မြတ်စွာဘုရားဆင်းတုတော်ရဲ့ မုဒြာလက်ဖ၀ါးပေါ်မှာ တင်လှူထားတာတွေ့ရလို့ အစောင့်ဆီက လက်ဟန်ခြေဟန်နဲ့တောင်းပြီး လက်နှစ်ဘက်စလုံးမှာ ချည်ထားလိုက်ပါတယ်။ ရုပ်ပွားတော် အကြီးကြီးကို ဖူးလို့ မ၀သလို အေးချမ်းလွန်းတဲ့ ဘုရားကျောင်းထဲကလဲ ထွက်ချင်စိတ်တောင် မရှိပဲ ကြည်နူးစိတ် အတော်ကြီးကို ဖြစ်မိပါတယ်။ ဘုရားကျောင်းအပြင် ကို မထွက်ချင် ထွက်ချင် ထွက်လာပြီးတဲ့အခါမှာတော့ ဘုရားကျောင်း အပြင်ဘက် ပထမအဆင့်က အုတ်ရိုးတွေရဲ့ အခြေမှာ အစောင့်လို့ထင်တဲ့ ဒီရုပ်တုလေးရှိပါတယ်။ ဘုရားကျောင်းဝင်းထဲက ပန်းခင်းတွေ ကြားထဲက မြင်ရတဲ့ ဘုရားကျောင်းရဲ့ မုဒ်ဦး ကို မြင်ရတဲ့ မြို့ရိုးလို တစ်နေရာပါ။ အုတ်ရိုးတွေ အဆင့်ဆင့် ခတ်ထားပါတယ်။ အုတ် တိုင်လုံးကြီးတွေကလည်း အများကြီးပါပဲ။ပန်းခြံထဲက နတ်ရေတွင်းလို့ ယူဆရတဲ့ တွင်းတစ်တွင်းပါ။ အထဲမှာ ငွေအကြွေစေ့တွေ ပစ်ချထားတာ တွေ့ရပါတယ်။ ရေတော့ မရှိပါဘူး။ သေသေချာချာ ခေါင်းထည့်ပြီး ငုံ့ကြည့်တော့ လေပိတ်လို့ထင်တယ် နားအူသွားပါတယ်။
ဒါကတော့ ပြန်ခါနီး အထွက်ဂိတ်ကနေ ဗီယန်ကျင်းမြို့တော်ရဲ့ နံမည်ကြီး Haphrakeo Temple ကို ပြန်ကြည့်ဖြစ်တဲ့အခါ လွမ်းစရာ ရှေးဟောင်း ဗုဒ္ဓကျောင်းတော်ကြီးကို အခုလို တွေ့ရပါတယ်။
ကျွန်မတို့ နောက်တလှည့်လှည့်ကြည့်ပြီး ပြန်ခဲ့ပါတယ်။ စိတ်ထဲမှာ နေချင်သေးပေမယ့် ခရီးဆက်စရာရှိသေးပါတယ်။ မျက်နှာချင်းဆိုင်တည့်တည့်မှာတော့ နံမည်ကျော် The Laos national monument အမျိုးသားပြတိုက်ဟောင်းရှိပါတယ်။ လမ်းမရဲ့တစ်ဖက်ခြမ်းကို ဖြတ်ကူးလိုက်တဲ့အခါမှာတော့ မုဒ်ဦးဝကို တွေ့ရပါပြီ ကဲ မြန်မာလက်ရာတွေ အများကြီးရှိတယ်လို့ နံမည်ကြီးတဲ့ အဲ့ဒီ့အမျိုးသားပြတိုက်ထဲကို ၀င်သွားလိုက်ကြရအောင်နော်။
(ကျွန်မကတော့ လက်စွဲတော် ကင်မရာတစ်လုံးနဲ့ မြင်မြင်သမျ လိုက်ရိုက်တာပါပဲ။ အခုတင်ထားတဲ့ ပုံတွေက ကျွန်မပုံပါတာကလွဲရင် ကျွန်မ လက်ရာတွေချည်းမို့ သိပ်မကောင်းရင်တော့ ကင်မရာမင်းကို သည်းခံပေးနော်။)
ဗီယန်ကျင်းက ပြန်ခဲ့တယ် (၃)
Posted by မဆုမွန် at Monday, June 01, 2009
Labels: ခရီးသွားမှတ်တမ်း
8 Comments:
ဓာတ်ပုံဆရာလဲတော်ပါတယ်... ဓာတ်ပုံတွေလဲကောင်းပါတယ်... ရိုက်ပြထားတာတွေလဲ လှပါတယ်... ဗဟုသုတလဲ ရပါတယ်...
မမဆုမွန်ရေ
ဓါတ်ပုံတွေ အကုန်ကောင်းပါတယ်
ကန့်လန့် ကန့်လန့် ကောင်မလေးချောချောလေးတစ်ယောက် ပါနေတာ တစ်ခုပါ.... ကျန်တာ အကုန်ကောင်း၏
ဟီး
မခေါ်ဘူးတော့ ..း(
:P
ဓာတ်ပုံတွေရော မျှဝေတာရောအားလုံးကောင်းပါ၏.. ဆက်ရန်မျှော်နေပါသည်။
ကျွန်မပါတဲ့ပုံတွေပဲ မကောင်းတာဆိုရင် ကျွန်မရိုက်တဲ့ ပုံတွေ ကောင်းတယ်လို့ သွယ်ဝိုက် ချီးကျူးတာ ဖြစ်သွားမလားဟင်...
ကျွန်တော် ဘာမှ မပြောဘူးနော်။ မေးကြည့်တာပါ။ အဟီး...
မဆုမွန်ရေ အရမ်းကိုကျေးဇူးတင်မိတယ။်
ကိုယ်မရောက်ဘူးတဲ့နေရာဒေသအကြောင်းအသေးစိတ်ရေးထားတာ တကယ်သွားနေရသလိုခံစားလာရတယ်။
ကျွန်မ ဓာတ်ပုံရိုက်ခြင်းကို ၀ါသနာအရမ်းကြီးပါတယ် ကျွန်မက ကျွန်မကို ရိုက်ပေးရင်လည်း စေတနာပါပါ အသေအချာ ရိုက်ပေးစေချင်သလို ကျွန်မရိုက်ရင်လည်း ဟုတ်တာ မဟုတ်တာ အပထား သေသေချာချာ ရိုက်ပါတယ် မြင်မြင်ရာ ရိုက်တာမှ လမ်းပေါ် ဖြတ်သွားတဲ့ ကင်းကောင် တီကောင်က အစ မကျန်ရိုက်တတ်ပါတယ်.
ကျွန်မ စာရေးတာ သိပ်မရှင်းဘူး ဖြစ်သွားတယ် ထင်တယ် ကိုဂျူလိုင် ထင်သလို ကိုယ့်ကိုကိုယ် သွယ်ဝိုက်ချီးကျူးတာ လုံးဝ မဟုတ်ရပါနော် ကျွန်မက အမြဲ ကိုယ့်ကိုကိုယ် တိုက်ရိုက်ချီးကျူးပါတယ် ဟီးဟီး
ရေးထားတာက (အခုတင်ထားတဲ့ ပုံတွေက ကျွန်မပုံပါတာကလွဲရင် ကျွန်မ လက်ရာတွေချည်းမို့ သိပ်မကောင်းရင်တော့ ကင်မရာမင်းကို သည်းခံပေးနော်။)
ကျွန်မလက်ရာတွေချည်းမို့ ကင်မရာမင်းကို သည်းခံပေးဆိုတာ ကိုယ့်ကိုကိုယ် ပြောတာပါရှင့်။
အတိတ်ကို လွမ်းစေခဲ့ပါတယ်။ ကျေးဇူးပါ။
Post a Comment