လာအိုမြို့တော် ဗီယမ်ကျင်းရဲ့ နံမည်ကျော် ရှေးဟောင်း အနုပညာပြတိုက်ဟောင်းပါ။ သူရဲ့ဖွင့်ချိန် ပိတ်ချိန်က မျက်နှာချင်းဆိုင်မှာရှိတဲ့ ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းတော်နဲ့ အတူတူဖြစ်ပါတယ်။ ပြတိုက်ရဲ့ ၀င်းထဲကို ၀င်လိုက် တာနဲ့ ခရေပန်းလေးတွေ တဖြုတ်ဖြုတ် ကြွေကျနေတဲ့ ခရေပင်အကြီးကြီးတွေနဲ့ ထိုင်းမှာမှ ကျွန်မစားဖူးတဲ့ လွိုင်မြိုင်သီးပင်ကြီး တွေကို တွေ့ရပါမယ်။ ခြံဝင်းကြီးတစ်ခုလုံးက မြက်ရိုင်းပင်တွေ ပေါက်နေပါတယ်။ ဌက်သံလေးတွေ သဲ့သဲ့နဲ့ သစ်ရွက် လေတိုးသံက လွဲရင် ငြိမ်သက်တိတ်ဆိတ် စိမ်းမှောင် နေတာပါပဲ။ ကိုယ့်ခြေသံတောင် ကိုယ်ပြန်ကြား ရနိုင် ပါတယ်။ ၀င်ဝင်ချင်း ညာဘက်ခြမ်းမှာ နဂါးကြီး နှစ်ကောင် တန်ဆောင်းအတိုင်း ဆင်းနေတဲ့ ပြသာဒ်ကြီးပေါ်မှာ စည်ကြီးအကြီးကြီးတစ်လုံးကို စင်မြင့်ပေါ် တင်ထားပါတယ်။ပြတိုက်ဝင်းထဲမှာ အရိုးအိုးစေတီပုံစံလေးတွေ တန်းစီပြီး မြင်ရပါတယ်။ လာအိုရဲ့ဘုရားကျောင်းတော်တွေ ဘုန်းကြီးကျောင်းတွေရဲ့ ၀င်းခြံစည်းရိုးတောက်လျောက် မြင်ရနိုင်တဲ့ စေတီလေးတွေပါ။နောက် ရှေးဟောင်းစေတီကြီးတွေ ကို ဖုးရပါတယ်။ စေတီရဲ့ဘေးမှာ နဂါးရုံဘုရားတွေ တည်ထားတာ ဖူးရပါတယ်။ဘုန်းကြီးကျောင်းတွေရဲ့လက်ရန်းတွေမှာလည်း နဂါးစောင်းတန်းတွေ ထားရှိပါတယ်။ မြင်မြင်ရာ နဂါးတွေ ချည်းပါပဲ။ နဂါးတွေ မြူးတဲ့ နဂါးတို့ နေရာကို ရောက်သွားရသလိုပါပဲ။ ဒါကတော့ ရှည်လျားလွန်းတဲ့ နဂါးကိုယ်လုံးကြီးကို သစ်သားနဲ့ လက်ရာမြောက်အောင် ထုထားတာပါ။ ဘယ်လောက်တောင် နဂါး များသလဲဆိုရင် လမ်းမီးတိုင်တွေ ဆိုင်းဘုတ်တွေမှာတောင် နဂါးရုပ်တုတွေနဲ့ ထုဆစ်ထားပါတယ်။ ပြတိုက်ဝင်းရဲ့ ဘယ်ဘက်ခြမ်းမှာတော့ စေတီဟောင်းကြီးတစ်ဆူရဲ့ဘေးက မြက်ခင်းတွေ ကနေ ဖြတ်လျောက်သွားရင် အရိုးအိုးစေတီတွေ စီတန်းပြီးရှိပါတယ်။ လမ်းမနဲ့ကပ်ရပ်မှာ လာအိုအခေါ် Ho Tai ပိဌကတ်သုံးပုံပြတိုက် စာကြည့်တိုက်ဟောင်းကြီးကို တွေ့ရပါမယ်။ ဘုရားစာပေတွေကို သိမ်းဆည်း ထားရာ နေရာလို့ သိရပါတယ်။ မြန်မာ အနုပညာ လက်ရာတွေ ဖုန်းလွှမ်းနေတဲ့ ရှေးဟောင်းစာတိုက်ကြီးလို့ အင်္ဂလိပ်လို မှတ်တမ်း ရေးထားတာတွေ့ရပါတယ်။စာပေတိုက်ဟောင်းကြီးက အဆင့်သုံးဆင့်ရှိပါတယ် သစ်သားတွေလား သံနဲ့လား မသိ ထုလုပ်ထားတဲ့ သေတ္တာခွံကြီးပါ. သစ်သားအဆင့်တွေ အားလုံးက ဆွေးမြေ့ပြိုကျလု ဖြစ်နေပေမယ့် ရှေးဟောင်းလက်ရာအတိုင်း လက်ရာ ခြေရာမပျက်ထားရှိတာကို တွေ့ရပါတယ်။ပြတိုက်ဝင်းအပြင်ဘက်က နေရာစုံသလောက် လိုက်လေ့လာပြီးချိန်မှာတော့ ရှေးဟောင်း ပြတိုက် ဟောင်း လေး ထဲကို ၀င်ကြပါတယ်။ ၀င်ကြေးက ကစ်ငါးထောင်ပါ ထိုင်းဘတ်ငွေ ၂၅ဘတ်ပါ။ ပြတိုက်ရဲ့ ဖွဲ့စည်း တည် ဆောက်ပုံက ထိုင်းနိုင်ငံမှာ တွေ့ရလေ့ရှိတဲ့ စေတီစောင်းတန်းတွေ လေးဘက်လေးတန် ကာရံထားပြီး အလည်ခေါင်မှာ ဘုရားဆင်းတုတော် ထားရှိတဲ့ နန်းတော်ပုံစံ ဘုရားကျောင်းကြီးပါ။ ပြတိုက် အလည်က ဘုရားကျောင်းထဲမှာ စိတ်ကြိုက် ဓာတ်ပုံရိုက်ပြီးမှ အ၀င်တံခါးမမှာ ဓာတ်ပုံမရိုက်ရဆိုတာ မြင်မိတယ်။ ဘန်ကောက် မြဘုရား တည်ရှိပုံ တည်ဆောက်ပုံနဲ့ တစ်ပုံစံတည်းပါပဲ။ ပြတိုက်ထဲကို ၀င်ဝင်ချင်း ကနေ ဘယ်ဘက်ကို ချိုးလိုက်တယ်ဆိုရင်ပဲ ဘုရားအဆူ သေးသေးလေးတွေကို မြေသားနံရံပေါ် ကပ်ထားတာ ကို ဖူးတွေ့ရပါမယ်။ မြေနံရံရဲ့ မျက်နှာစာမှာတော့ ဘုရားဆင်းတုတော်တွေ တန်းစီနေပါတယ်။ဆင်းတုတော် တော်တော်များများကတော့ ပုံစံပျက်နေပြီး တစ်စစီ ပျက်စီးနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဆင်းတုတော်တွေကို ရှေးဟောင်းအတိုင်း လက်ရာခြေရာမပျက် ထားရှိပေးထားပါတယ်။ အခု ကျွန်မ ပို့စ်ရေးနေရင်းနဲ့ လာအိုရဲ့ မြန်မာ့လက်ရာ ဖုံးလွှမ်းမူရှိတယ်ဆိုတဲ့ သူတို့ရဲ့ ရှေးဟောင်း လက်ရာတွေရဲ့ ပုံတွေ တင်နေရင်းနဲ့ ကျွန်မတို့ ပြည်က ထုံးသုတ်ခံလိုက်ရတဲ့ မြန်မာလက်ရာ ရှေးဟောင်း အမွေအနှစ်တွေ အကြောင်း အတွေးထဲ ၀င်လာမိတယ်။ မျက်ဝါးထင်ထင် မြင်ခွင့်တောင် ရှိတော့မယ် မထင်ပါဘူး ကော်မန့်တစ်ခုမှာ ဖတ်လိုက်ရသလို ပုံဂံမှာ မြေတော့ ကျန်ခဲ့မှာပါဆိုတာလေ။ ဟူး ကဲ ပြတိုက်ဟောင်းလေးထဲ ပြန်ဝင်ရအောင်ပါ ဘုရားရေ ဒီအခန်းလေးက ဘာပါလိမ့်။ ဘုရားဆင်းတုတော်တွေ အကုန်လုံး သော့ခတ်ခံ ထားရပါလား။ မြင်ကွင်းက မသက်သာလိုက်တာနော်။ကျွန်မ ရင်ထဲ တော်တော် မကောင်းဖြစ်သွားတယ်။ ငါ့နှယ်ဟယ် ဒီအခန်းမှ သွားချောင်းမိရက်သားဖြစ်တယ်လို့ အတွေးထဲမှာ မျက်ရည်ဗုံးခိုးတွေကြားက အစိတ်စိတ်အမြွာမြွာချေမွခံလိုက်ရတဲ့ ဘုရားရုပ်ပုံကားချပ် စက်တင်ဘာ ပုံရိပ်တွေကို မြင်မိတယ်။ ပါလာတဲ့ သူငယ်ချင်းတွေက နင်ကလဲ စိတ်မကောင်းဖြစ်စရာမဟုတ်တာ ဒီဘုရားတွေကို သော့ခတ်ထားတယ်ဆိုတာ အခိုးခံရမှာစိုးလို့ ယဉ်ကျေးမူ အမွေအနှစ် ရှေးဟောင်း လက်ရာတွေကို သော့ခတ်ပြီး ထိန်းသိမ်း ထားတာဟတဲ့။ အခုက လာအိုမှာ ရှေးဟောင်းလက်ရာတွေကို ခိုးထုတ်ပြီး ထိုင်းနိုင်ငံဘက်ကို ရှေးဟောင်းမှောင်ခို အကြီးအကျယ်လုပ်နေကြလို့တဲ့လေ။
ကျွန်မ သိပ် ဆက်ကြည့်ချင်စိတ် မရှိတော့တာနဲ့ ကြည့်စရာလည်း ကုန်သလောက်ရှိတာနဲ့ နည်းနည်းလဲ မျက်စိညောင်း လက်ညောင်း ခြေညောင်းဖြစ်လာတာနဲ့ ခေါင်းငိုက်စိုက်ချပြီး ပြန်လှည့်ခဲ့တယ်။ စိတ်ထဲမှာတော့ ရှေးဟောင်းလက်ရာတွေကို ကြည့်ခွင့်ရတဲ့ ပီတိစိတ်လို့ခေါ်နိုင်တဲ့ မပြောပြတတ်တဲ့ ခံစားချက်တစ်မျိုးလေးကို ခံစားရပါတယ်။ စကားတောင် ပြောချင်စိတ်မရှိတော့အောင် အတွေးတွေ ခံစားချက်တွေက ပြည့်နှက်နေပါတယ်။ ထုံးစံအတိုင်း တည်းတဲ့ နေရာနဲ့နီးတဲ့ နံမည်ကျော် ဗီယမ်ကျင်းတိုင်းမ် သတင်းစာတိုက်မှာ လာအိုကော်ဖီလေး သောက်ပြီး သတင်းစာ ဖတ်လိုက်ပါတော့တယ်။ ခဏနေရင် အလုပ်ကနေ ခဏလေး အဖော်ကောင်းလို့ ထွက်ပြေးလာတာဖြစ်လို့ လာအိုမြို့တော်က ထိုင်းဘက်ကို ပြန်ရပါ တော့မယ်ရှင်။
ဗီယမ်ကျင်းက ပြန်ခဲ့တယ်(၄)
Posted by မဆုမွန် at Tuesday, June 02, 2009
Labels: ခရီးသွားမှတ်တမ်း
6 Comments:
ဘုရားဆင်းတုတော်တွေ အဲလိုကြီး ပျက်စီးနေတာ တွေ့ရတော့ စိတ်ထဲ မကောင်းဘူး...
သော့ပါခတ်ခံလိုက်ရသေးတယ်ဆိုတော့ သြော် မသက်သာလှပါလား.. လို့
ဒီကြားထဲ ဆုမွန်ရေးထားတဲ့စာပါ ဖတ်လိုက်ရတော့... ဟင်းးးးး သက်ပြင်းရှည်ကြီးချမိတယ်...
ဗီယမ်ကျင်းကိုလိုက်လည်ခဲ့ပါတယ်
သွားချင်လိုက်တာ ....း)
အခွင့်ရရင် သွားချင်လိုက်တာ.. တို့တိုင်းပြည်က ရှေးဟောင်းအမွေအနှစ်တွေကတော့ လူတစုရဲ့ဖျက်ဆီးမှုကိုခံနေရတယ်... စဉ်စားလိုက်တိုင်း ဘယ်အရာမှ စိတ်ချမ်းသာစရာမရှိပါဘူးညီမရေ...
ကိုမရောက်ဖူးတဲ့နေရာမို့လို့ ပုံတွေကော စာတွေနဲ့ ရှင်းပြထားတာပါ သေချာဖတ်သွားပါတယ်။ အခုလိုမျှဝေပေးတာ ကျေးဇူးပါ အမရေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ဓါတ်ပုံများအတွက် ကျေးဇူးပါ။
အဲဒီမြစ်က မီးလုံးမှုတ်ထုတ်တဲ့ နဂါးရာဇ၀င်လေး ရေးပေးပါဦး။
မျှော်နေပါမည်။
Post a Comment