မတူညီမူတွေထဲက

ကျွန်မရဲ့ ကိုယ်ပိုင် အလုပ်ခန်း ကွန်ပျူတာလေးထဲမှာ
ခေါင်းနှစ်ပြီး လုပ်ရတဲ့အခါ အဆင်မပြေမူတွေနဲ့  စိတ်ရှုပ်လာတိုင်း....
ကျွန်မရဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ အသက်ရှုကျပ်လာတိုင်း ...
ဘန်ကောက်ရဲ့ပူလောင်မူတွေအောက်မှာ....စိတ်ထဲမှာမွန်းကျပ်လာတိုင်း...
အဲ့မွန်းကျပ်ပိတ်လှောင်မှုတွေကနေ ခဏလေးဖြစ်ဖြစ် ထွက်ပြေးပြီး
အမြဲသွားထိုင်နေကျ နေရာလေးတစ်ခုရှိတယ်...

ကားသံ လူသံ ဆူညံမူတွေတိတ်ဆိတ်နေတဲ့ သစ်ပင်အုပ်အုပ်ကြီးတွေ
တစ်ကန့် စီ တစ်ကန့် စီ စိုက်ထားတဲ့ ရောင်စုံပန်းလေးတွေ သစ်ခွပန်းလေးတွေ
အလှစိုက်ထားတဲ့ ယုဇနပန်းလို အပွင့်သေးသေးဖြူဖြူလေးတွေ
အမျိုးအမည်မသိတဲ့ လှပဆန်းကြယ်လွန်းတဲ့ ပန်းကော်ဇောကြီးကို
ဖြတ်သန်းလာတဲ့ ပန်းရနံ့ မွှေးမွှေးလေးတွေကို ရူရိုက်ရင်း
မြက်ခင်းစိမ်းစိမ်းနုနုလေးပေါ်မှာ ထိုင်ရင်း...


ပြာလဲ့နေတဲ့ရေကန်လေးကို ငေးကြည့်နေရင်းက ကမ်းနဖူးစပ်မှာ..
ထိုင်းမလေးလှလှလေးတွေကျွေးနေတဲ့ ပဲစေ့လေးတွေကို
တနင့်တပိုးစားနေတဲ့ ခိုပြာလေးတွေကို အားကျပြီး ကြည့်မိတယ်
သူတို့ မှာ ဘာမှအားထုတ်စရာမလိုပဲ စားစရာအဆင်သင့် နားခိုစရာ သစ်ပင်တွေမှ အများကြီး..

ဘ၀တွေများပြောပါတယ်။
စိတ်တွေက ဟိုးတစ်ဘက်ခြမ်း အဝေးကိုပြေးထွက်သွားတယ်...

ရန်ကုန်မှာတုန်းက ကျွန်မစိတ်ထဲ မွန်းကျပ်လာတိုင်း ကျားကုတ်ကျားခဲ
လိုက်ထားတဲ့ စာမူလေးတွေ အနီထိသွားချိန်တိုင်း..
တိုက်မှာ သတင်းလိုက်ဖို့ ခရီးစားရိတ်တောင်းလို့  ငြူစူတဲ့မျက်နှာကို ဘ၀င်မကျတိုင်း...
လိုင်းကားပေါ် တွဲတက်လို့ တောင် မရတော့ပဲ
ငေးကြည့်ကျန်ခဲ့ရတဲ့အချိန်တွေ စိတ်လာတိုင်း..
ပုံမှန်လစာအပ်ချိန် အမေက
ဒီရေအလား တစ်နေ့ တစ်ခြား တိုးတက်လာတဲ့
ဈေးစာရင်းတွေကိုကြည့်ပြီး ညည်းတိုင်း
ဖုန်ထူ ဗွက်နစ်တဲ့ မြို့ သစ်ရဲ့ပူလောင်မူတွေအောက်မှာ...
စိတ်ထဲမှာမွန်းကျပ်လာတိုင်း...
အဲ့ဒီလို မွန်းကျပ်ပိတ်လှောင်မူတွေကနေ
ခနလေးဖြစ်ဖြစ် ထွက်ပြေးပြီး
အမြဲသွားထိုင်နေကျ နေရာလေးဖြစ်တဲ့ ရပ်ကွက်လက်ဘက်ရည်ဆိုင်လေးရှိတယ်.....

ကျွန်မထိုင်နေကျ ထောင့်ခုံပုပုလေးနံဘေးမှာ
ကွမ်းတံတွေးပျစ်ပျစ်တွေ ၀ါးထားတဲ့ ပါးစပ်နီနီထဲက
တံတွေးတွေနဲ့ သုတ်ပြီး ရေတွက်နေတဲ့
ဖန်တရာတေအောင်ဆုတ်ကိုင်ခံထားရတဲ့ ငွေစက္ကူရွက်တွေရဲ့
စိမ်းရွှေရွှေအနံ့ တွေ အဆီပြန်နေတဲ့ မျက်နှာတွေ ပြာမူန့်တွေကပ်နေတဲ့ဆံပင်တွေ
နေလောင်နေတဲ့ ခန္ဓာကိုယ်အနံ့တွေ ..အသားမာတက်နေတဲ့ခြေဖနောင့်တွေကို ခပ်ကြမ်းကြမ်းစီးချက်လိုက်နေရင်း လက်သည်းတွေကို သွားနဲ့ဖိကိုက်ရင်း
ဂျီးဝနေတဲ့ဂုတ်မည်းမည်းကို ခပ်ကြမ်းကြမ်းသုတ်လိုက်တဲ့
မျက်နှာသုတ်ပ၀ါသေးသေးလေးက ပျံ့လာတဲ့ချွေးတွေ...
လက်ဘက်ခြောက်အရောင်ပျောက်နေတဲ့ ရေနွေးအိုးနှူတ်ခမ်းက ရေဂျိုးအနံ့ တွေ...

အဲ့သလို ရနံပေါင်းစုံ ထုံမွှမ်းနေတဲ့ ကျမအမြဲ သွားထိုင်ဖြစ်တဲ့ လက်ဘက်ရည်ဆိုင်လေးထဲကနေ..ကြည့်လိုက်ရင်း..အမြဲမြင်နေခဲ့တဲ့ မြင်ကွင်းတစ်ခုရှိတယ်

ကျန်မတို့ မြို့ လေးမှာလဲ ကျီးကန်းတွေရှိတယ်
မိုးရွာတဲ့အချိန်ဆို ဌက်ရုပ်က ကြွက်စုတ်လိုပဲ

သူကလဲ သူ မီးကြိုးပေါက်နေတဲ့ လျှပ်စစ်ကြိုးတန်းပေါ်မှာ
ကုန်းလိုက် ကော့လိုက် မတည်မငြိမ် ရပ်နေရင်းက..
မျက်စိကလည်းတကယ့်ကို ကျီးကန်းတောင်းမှောက်...

ဟိုဟိုဒီဒီ ကြည့်ပြီး သူတို့ တွေ ရုတ်ခနဲဆို..သုတ်ပြီး.လှစ်လှစ်ပါအောင် ပြေးပြီဆို
လူတွေက တစ်ခုခုချီသွားပြီဆိုတာ သိတယ် ၀ိုင်းပြီး သြဘာပေးလိုက်တာ
ဖိနပ်ပျံတွေ ခဲပျံတွေ ....ဘ၀တွေများပြောပါတယ်...

တစ်ရံတစ်ခါများဆို ပြည်လမ်းမကြီးပေါ်မှာ
ကားကားကြီး ရင်ပွင့် တောင်ပံစွင့်ရင်း
ဘ၀ပြောင်းသွားတဲ့ ကျီးကန်းအပြားလိုက်ကို မြင်ယောင်မိတော့...

ကျပ်သူကျပ်ပန်းခြံထဲမှာခုန်ဆွခုန်ဆွနဲ
့မူယာမာယာများနေတဲ့ ထိုင်းခို၀၀တုတ်တုတ်ကြီးတွေကို
ကျွဲဂျိုသားရေလေးခွနဲ့ ဆွဲချင်လိုက်တာ ပြောမနေနဲ့တော့
မြန်မာပြည်ဖြစ် ထန်းရေနဲ့ဖြစ်ဖြစ် ထိုင်းစပိုင်နီလေးနဲ့ဖြစ်ဖြစ် မြည်းချင်တာ တစ်ခုတည်းပါ...

ဘ၀တွေများပြောပါတယ်။
အသက်ရူကျပ်လို့ ရေးမိတယ်။

အရင်ရေးထားဖူးတဲ့ ပို့စ်လေးကို ပြန်တင်ဖြစ်တယ်

7 Comments:

ခြေလှမ်းသစ် said...

အမရေ စပိုင်နီဆိုလို့ ထိုင်းရဲ့  အမှတ်တရတွေကို သတိလာပေးနေသလို ဖြစ်နေပြီ .. ဘယ်လိုပဲ ဖြစ်ဖြစ် လူတွေအတွက် စိတ်ထွက်ပေါက်တွေ တနည်းမဟုတ် တနည်း လိုအပ်လှပါတယ် ...

ကိုလူထွေး said...

ပြောတော့ စိတ်ပြေသွားပြီဆို...

မွန်းကျပ်နေဆဲပဲလား...

အောက်စီဂျင်ဗူး ပို့ပေးမယ်...

းဝ)

tg.nwai said...

ပင်ပန်းနေပြီတယ်ထင်တယ် ညီမလေးရေ...မွန်းကျပ်နေတာလား..စိတ်လေးကိုလျှော့ပြီး ကိုယ့်ဘ၀မှာ ပျော်ခဲ့တဲ့ အချိန်လေးတွေကို ပြန်သတိရကြည့်ပါလား..

Yu Ya said...

ဟုတ်တယ် အစ်မရေ.. တစ်ခါတစ်လေ အသက်ရှုကျပ်တဲ့ နေ့ရက်တွေကို ခါးသီးနေမိတယ်။

yu ya

myatlayngon said...

ညီမလေးရေ ဖတ်ပြီးမျှဝေ ခံစားသွားပါတယ်။
အဆင်မပြေတဲ့ အခါမှာဖြစ်တတ်တဲ့ အမလဲ
တယောက်တည်းသာနေချင်ခဲ့တာပါဘဲ။

Thu said...

စိတ်ထားတတ်မှ စိတ်ချမ်းသာမယ်

ယောနိသောမရှိတဲ့သူ၊ စိတ်မထားတတ်တဲ့သူဟာ
ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာအောင်မနေတတ်သလို
ကိုယ့်ပတ်ဝန်းကျင်ကိုလည်း
စိတ်ချမ်းသာအောင် ဖန်တီးမပေးနိုင်ဘူး ..။
ဒါကြောင့် မိမိရော၊ မိမိ ပတ်ဝန်းကျင်ပါ
စိတ်ချမ်းသာမှု အမြဲ ရှိစေဖို့ အတွက်
လူသားတိုင်း
စိတ်ကျန်းမာရေးကောင်းအောင်
ကြိုးစားဖို့ လိုအပ်လှပါတယ် ..။
သိပ်မခက်ခဲပါဘူး
အရာရာကို ယောနိသောမနသိကာရ ထားလိုက်ယုံပါပဲ ။
စိတ်ထားတတ်ရင် စိတ်ကျန်းမာပါတယ် ။
ယောနိသောမနသိကာရ ဆိုတာ
စိတ်ထားတတ်တာကိုပြောတာပါ ..။
ကောင်းတဲ့အခြေအနေနဲ့ ပဲ တွေ့ တွေ့ ၊
ဆိုးတဲ့ အခြေအနေနဲ့ ပဲ တွေ့ တွေ့ ၊
တွေ့ သမျှ အခြေအနေထဲက ကောင်းတဲ့အချက်ကို
မရရအောင် ရှာကြံတွေ့ ပြီး
စိတ်ချမ်းသာအောင် ထားတတ်တာကို
စိတ်ထားတတ်တယ်လို့ ခေါ်ပါတယ် ။
စိတ်ထားမတတ်ရင်
စိတ်ချမ်းသာစရာနဲ့  တွေ့ နေတာတောင်မှ
စိတ်ဆင်းရဲ နေတတ်ပါတယ် …။
(အရှင် ဆနာဒိက)

ဖြူတုတ်လေး said...

ဆုမွန်တို့များ ပုံပေါ်အောင်ရေးတတ်လိုက်တာနော်။ ဖြူတုတ်လဲ မျှဝေခံစားသွားတယ်။ ပျော်ရွှင်ပါစေ။