တန်ရာ တန်ရာ

သူ လက်နဲ့ ညီမလေး ပုခုံးကို ဖိတွန်းချလိုက်တာ မြင်လိုက်ရချိန်မှာ မျက်စိထဲ ပြာကနဲ ဖြစ်သွားပြီး စီးထားတဲ့ ဖိနပ်ချွတ်ပြီး မျက်နှာတည့်တည့်ကို အားရပါးရ ပစ်ပေါက်ထည့်လိုက်ပါတယ်။ ခုံတော်တော်မြင့်တဲ့ ပုံတော်ဖိနပ်နဲ့ မျက်နှာ အောက်က မေးရိုးတည့်တည့်ကို ဖောင်းကနဲ မှန်သွားချိန်မှာတော့ သူ့မျက်နှာ လည်ထွက်သွားပါတယ်။ နောက်မှာ ကားနောက်တန်းကို ကိုင်ထားရာကနေ ကျွန်မကို တစ်ခုခု လုပ်ဖို့ ခုန်ဆင်းဖို့ပြင်တော့ ကားစပယ်ယာနဲ့ သူ့အပေါင်းအဖော်တွေက ဂုတ်ကနေ အတင်းဆွဲထားကြပြီ မောင်းဆရာ မောင်းမောင်းလို့ အော်ကြပါတယ်။

ကျွန်မလဲ ဖိနပ်ကို ကောက်လိုက်ပြီး မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးနဲ့ ကြည့်နေတဲ့သူကို အံကြိတ်ပြီး ကြည့်ရင်းက ဟေး မင်းသတ္တိရှိရင် ပြန်လာခဲ့ ငါ မြောက်ဥက္ကလာ အ၀ိုင်းကြီးမှာ နေ့တိုင်း ကားစီးတယ်လို့ အော်ပြောလိုက်တယ်။ ကားဂိတ်နားမှာ ဂိတ်ထိုးထားတဲ့ ဆိုက်ကားဆရာတွေက ကျွန်မတို့ ညီအစ်မကို ကြည့်နေကြပါတယ်။ တစ်ခုခုဖြစ်ရင် သူတို့ပုံစံက အဲ့ဒီ့လူကို ကူညီဆွမ်းကြီး ကူလောင်းပေးမယ့် ပုံတွေပါ။ သူတို့ ဘာဖြစ်မှန်းမသိပေမယ့် ကျွန်မ ဖိနပ်နဲ့ကောက်ပေါက်ရလောက်အောင် အဲ့စပယ်ယာ အကူကောင်တွေ တစ်ခုခုလုပ်လိုက်မှန်းတော့ ရိပ်မိပုံရပါတယ်။ ကျွန်မ မျက်နှာ အရမ်းတင်း အံကို တင်းတင်းကြိတ်ထားပြီး ဒေါသစိတ်နဲ့ အသားတွေပါ တဆတ်ဆတ်တုန်နေပါတယ်။ ကျွန်မ ညီမလေးကတော့ မျက်နှာငယ်လေးနဲ့ ကျွန်မဘေးမှာ ငြိမ်ငြိမ်လေး ရပ်နေပါတယ်။

ဖြစ်ပုံက ဒီလိုပါ၊။ ကျွန်မ ညီမလေး စီးပွားရေး အဝေးသင် ဒုတိယနှစ်တက်နေချိန်မှာ သူ သီရိမင်္ဂလာဈေး အပေါ်ဆုံး ထပ်က နစ်ကိုး ထီးထုတ်လုပ်ရေးမှာ စာရင်းကိုင်အဖြစ်နဲ့ အလုပ်လုပ်ရပါတယ်။ ကျွန်မက ကုမုဒြာဂျာနယ် ၅၂လမ်းမှာ လုပ်တော့ ညနေတိုင်းဆို ကျွန်မ သီရိမင်္ဂလာဈေးအပေါ်ကနေ ဈေးအောက်ကို ဆင်းဆင်းလာရတဲ့ ကျွန်မ ညီမလေးကို ဈေးထဲက သူတွေ စမှာ နောက်မှာ နှောင့်ယှက်မှာစိုးရိမ် စိတ်ပူလို့ ကျွန်မ အလုပ်ကနေ အမြဲ သွားသွားကြိုပါတယ်။

အိမ်အတွက်လည်း ကုန်ဒိုင်တွေက ပုတ်ပြတ်နဲ့ အပုံလိုက် ချရောင်းတဲ့ ဟင်းသီးဟင်းရွက်လေးတွေ ၀ယ်ရင်းပေါ့ အမြဲတမ်း ဈေးချိုချိုနဲ့ရလို့ အိမ်အတွက် ဘုရားပန်းတွေ ဟင်းသီးဟင်းရွက်တွေ မနိမ်မနင်းနဲ့ ကျွန်မတို့ ညီအစ်မ နှစ်ယောက် မြောက်ဥက္ကလာ ၄၃ကားစီးပြီး ဒဂုံမြောက်ပိုင်းကို ပြန်ပြန်လာလေ့ရှိပါတယ်။

အဲ့နေ့က သမိုင်းလမ်းဆုံကနေ ကားစီးဖြစ်တယ်။ နေ့လည်ခင်းကြီးဆိုတော့ ဒိုင်နာကားက တော်တော် ချောင်ပါတယ်။ ဒါပေမယ့် တက်လိုက်တဲ့အခါမှာတော့ ကျွန်မတို့ ညီအစ်မနှစ်ယောက် ထိုင်ခုံမရပါဘူး။ ကားကလည်း လူမပါသလောက်ရှိတော့ ရပ်နေရပေမယ့် သက်တောင့်သက်သာရှိလို့ ကျွန်မတို့လည်း စိတ်နည်းနည်း ချမ်းသာနေပါတယ်။ အဲ့မှာ ပြသနာက စတော့တာပါပဲ။ ကားစပယ်ယာ နောက်မှီးနားက ထိုင်ခုံအစွန်းဆုံးမှာ ထိုင်နေတဲ့ လူငယ်တစ်ယောက်က ကျွန်မ နဲ့ယှဉ်ရပ်နေတဲ့ ညီမလေးကို လက်ကို ရုတ်တရက်ဆွဲလိုက်ပြီး လာလာ ဒီမှာ လာထိုင် ညီမ ဆိုပြီး သူထိုင်ခုံမှာ ထိုင်ခိုင်းပါတယ်။ ညီမလေးလည်း ဘာပြောရမှန်းမသိတာနဲ့ အဲ့အစွန်းခုံမှာ ထိုင်လိုက်ပုံရပါတယ်။ နောက်သူက ညီမလေး နားမှာ ရပ်ပြီး ဘယ်ကျောင်းတက်နေတာလဲ ဘယ်က ပြန်လာတာလဲတဲ့။

ကျွန်မတို့ညီအစ်မ က ဘေးလွယ်ကျောင်းလွယ်အိတ်လေးတွေနဲ့ပဲ အလုပ်သွားလေ့ ရှိပါတယ်။ ညီမလေးက ဘာဖြေလိုက်လဲတော့ မသိပါဘူး။ ဒါပေမယ့် သူက ညီမလေးနားမှာ ရပ်ပြီး စကားတွေ ဆက်တိုက် ပြောနေတာ ကျွန်မ မြင်လိုက်တော့ ပထမ ဇဝေဇ၀ါဖြစ်သွားပါတယ်။ သူ့သူငယ်ချင်းလား ကျောင်းကလားဆိုပြီးတော့မှ နောက်မှာ စိတ်တော်တော်ကျဉ်းကျပ်နေပုံရတဲ့ ညီမလေးရဲ့ မျက်နှာကို မြင်တော့မှ ဒီကောင် ပုံစံမဟုတ်တော့ဘူး ဆိုတာ သိလိုက်တော့ ကျွန်မ မျက်နှာ ခပ်တင်းတင်းနဲ့ ဟေ့ မင်း ဘယ်မှာဆင်းမှာလဲ လို့မေးလိုက်တယ်။ သူ ရုတ်တရက် ကြောင်သွားပုံရပြီး ဂိတ်ဆုံးပဲတဲ့။

ပြောင်ချော်ချော်ပြန်ဖြေတဲ့ ရုပ်ကို သေသေချာချာ ကြည့်ပြီး ကျွန်မ ညီမလေး ကို ခပ်မာမာနဲ့ နင်ထပေးလိုက် သူ့ဘာသာ ထိုင်ပစေ ထရပ်လိုက် နင်လာထိုင် လိုက် လို့ ကျွန်မပြောလိုက်ပါတယ်။ ညီမလေးက ထရပ်လိုက်တော့ သူက ဘာဖြစ်တာလဲ ထိုင်စေချုင်လို့ ပေးထိုင်တာ ဘာပဲများတာလဲ တဲ့ မဖွယ်မယာ မလေးမခန့်နဲ့လာပြောတော့ ကျွန်မ မျက်လုံးကို မှေးပြီး အဲ့လူကို မိုက်ကြည့်ကြည့်ကြည့်ပေးလိုက်ပါတယ်။ နောက် သူက စပယ်ယာနဲ့အတူ မြောက်ဥက္ကလာ သုဓမ္မာ သုဓမ္မာလို့ ငယ်သံပါအောင် အော်တော့မှ စပယ်ယာအကူလိုမျိုး ကားနဲ့ ပတ်သတ်တဲ့ လူဆိုတာ သတိထားမိတယ်။

တစ်လမ်းလုံး လူခေါ်သလိုလိုနဲ့ ကျွန်မတို့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ နောက်တီးနောက်တောက် စကားလုံးတွေနဲ့ ပြောင်လှောင်နေတာကို သတိထားမိပါတယ်။ ကျွန်မ တို့ မြောက်ဥက္ကလာပ အ၀ိုင်းကြိး ဆင်းခါနီးမှာ ကျွန်မတို့ ညီအစ်မ ကားအပေါက်ကို တိုးထွက်လာတော့ သူ ကားနောက်မြီးကို တွယ်လိုက်တာ သတိထားမိပါတယ်။ ကျွန်မ စိတ်ထဲ သူတစ်ခုခုလုပ်နိုင်တာကို သဘောပေါက် ထားတော့ ကျွန်မ ညီမလေးကို ကာပြီး အရင်ဆင်းဖို့ ပြင်ထားလိုက်ပါတယ်။

ုဖြစ်ချင်တော့ အ၀ိုင်းကြီးမှာ လှည့်ကင်းရှိတယ် ဆရာရေ မှတ်တိုင်ရောက်အောင် မောင်းဆိုတော့ လူတွေက မှတ်တိုင်မှာ ရပ်လေ့မရှိပဲ လူများတဲ့နေရာပဲ စုနေတာကြောင့် ကားရပ်လိုက်တဲ့နေရာက လူရှင်းတဲ့ နေရာ ဆိုက်ကားဂိတ် တည့်တည့် ဖြစ်နေပါတယ်။ ရှေ့ဆုံးကလူတွေကို မြန်မြန်ဆင်း မြန်မြန်ဆင်းဆိုတော့ ကျွန်မလည်း အောက်ကို အရင်ခုန်ချလိုက်ပြီး ညီမလေးကို လက်ကမ်းဖို့ စောင့်နေတုန်း သူက ကျွန်မကို တွန်းချချိန် မရလိုက်ပဲ ညီမလေးအ လှည့်ရောက်တဲ့အချိန် ပုခုံးကို ဖိတွန်းချလိုက်ချိန်မှာတော့ မျက်စိထဲ ဘာမှ မမြင်တော့ပဲနဲ့ ဖိနပ်ကို ချွတ်ပြီး မျက်နှာတည့်တည့်ကို ပစ်ပေါက်ထည့်လိုက်တာဖြစ်ပါတယ်။ သူလဲ ဘယ်လိုမှ ထင်မထားပုံ ရတာကြောင့် မေးရိုးအစပ်ကို ဖောင်ကနဲနေအောင် ထိသွားချိန်မှာတော့ ကျွန်မစိတ်ထဲ တော်တော် အားရ ကျေနပ်သွားပါတယ်။ ကျွန်မက လက်သိပ်မြန်သလို လက်လည်း တော်တော်တည့်ပါတယ်။ တည့်ဆို ငယ်ငယ်ကတည်းက လေးခွတစ်လက်နဲ့ အစ်ကိုတွေနဲ့ လိုက်ပစ်နေကျ လက်ဖြစ်လို့ပါ။

သူဘာပဲပြောပြော ကားပေါ်က လိုင်းကားတိုးစီးရတဲ့ မိန်းကလေးတွေကို နုတ်မစောင့်စီး လက်မစောင်းစီး နှမချင်းကိုယ်ချင်းမစာနာ အောက်တန်းကျကျ လုပ်ရပ်အတွက် သူ့သူငယ်ချင်းတွေ ကြားထဲမှာတော့ ဒီကောင်တော့ ကောင်မလေးတွေကို သွားစတာ ဟိုက သူ့မျက်နှာကို ဖိနပ်နဲ့ ကောက်ပစ် ပေါက်ခံလိုက်ရတယ် ဆိုတဲ့ စကားတစ်ခွန်းကတော့ သေတဲ့အထိ အရှက်ရစရာ ကျန်သွားမှာဖြစ်လို့ ရှက်တတ်ရင်တော့ တစ်သက်လုံးစာအတွက် တန်ဖိုးမဲ့တဲ့သူတွေအတွက် တန်ရာ တန်ရာ ဖိနပ်စာမိမယ်ဆိုတဲ့ သင်္ခန်းစာ ယူသွားနိုင်မှာဖြစ်ပါတယ်။

အိမ်ပြန်ရောက်တော့ အမေနဲ့အဖေက ဘုရား ဘုရား သမီးကြီးရယ် ဖိနပ်နဲ့တောင် လုပ်ရသလားဆိုပြီး ရင်ဖိနေကြပါတယ်။ သမီးက အမြဲတမ်း လိုင်းကားတိုးစီးရတာ အဲ့ကောင်တွေနဲ့ ပြန်တွေ့လို့ တွန်းချသတ်ရင် ကိုယ်ပဲ ဒုက္ခရောက်မယ်ဆိုပြီးပြောတော့ ကျွန်မက ဘာမှ မပြောပဲ မျက်စောင်းထိုးလိုက်ပါတယ်။ နောက်တစ်ခါ ဓားဆောင်ထားမယ်လို့ အံကြိတ်ပြီး ပြောတော့ သူတို့ အသာလေး တိတ်သွားကြပါတယ်။ ကျွန်မ ရှေ့မှာ မတရားမှန်သမျ လုပ်နေတာမြင်ရင် သွေးထဲက ဆူတက်လာပါတယ် ချက်ခြင်း လက်တုန့်ပြန်တတ်လွန်းလို့လဲ မနည်း စိတ်ကို ထိန်းထိန်းထားရတာတွေ မနည်းတော့ပါဘူး။

ညီမလေးကတော့ ပိန်ညော်ညော် လက်မောင်းရိုးကလေးတွေနဲ့ ကျမ အမဟာ တကယ့်ကို ပိန်တာရိုးလေးပါ. အဲ့ဒီ အရိုးပိန်ပိန်လေးထဲမှာ ပုန်ကန်ချင်တဲ့စိတ်တွေ မတရားမှုကို ငုံ့မခံချင်တဲ့စိတ် လူလူချင်းဖိနှိပ်မှုကို လက်မခံနိုင်တဲ့စိတ် လူတွေကို လူလူချင်း တန်ဖိုးထားကာ အရာရာ သူ့ခန္ဓာလေးနဲ့ မလိုက်ဖက်အောင် လုပ်ပေးချင်တဲ့စိတ်တွေ အပြည့်အဝ ရှိပါတယ်. သူ့ခန္ဓာ ပိန်ပိန်လေးနဲ့ မလိုက်ဖက်လိုက်အောင် စိတ်ကလဲ ကြီးလှသေးတယ်.လို့ သူ့ပို့စ်လေးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

လူဆိုတာ စကားနဲ့ တန်တဲ့သူကို စကားနဲ့။ ဓားနဲ့တန်တဲ့ သူကို ဓားနဲ့။ ဖိနပ်နဲ့တန်တဲ့သူကို ဖိနပ်နဲ့ တုန့်ပြန်ရမယ်ဆိုတဲ့ အသိက အခုထက်တိ စိတ်ထဲမှာ စွဲမြဲနေတုန်းပါပဲ။

11 Comments:

ရွှေရတုမှတ်တမ်း said...

ငါ့တူမရဲ့...စိတ်ဆိုးတာတော့..ဆိုးပါ..
သူ့အကုသိုလ်နဲ့သူ သွားပါလိမ့်မယ်...

MieMie said...

ငါ့ညီမ မှန်တယ်..အဲလို ပညာပေးရမှာ..ဒါပေမယ့် သတိထားဦး..

mie nge

kiki said...

အွန် မ ငီးးး
လက်သံပြောင် လှ ချေ လားးး
မဆုမွန် ရယ် ....
ဖိနပ်တွေရော ဒါးတွေ ဒုတ်တွေ သေနတ်တွေ ရော ....

ပြန်အုံး မယ် နော် ။။။
စိတ်ထိန်းပါ ကွယ် .. စိတ် ထိန်းးးးး

Anonymous said...

မရေ.....
မတူတာ သိနေတာပဲလေ မတုပါနဲ့ ..မမရဲ့
မြန်မာစာရေးတတ်ကတည်းကမြန်မာပေါ့
ကိုယ့်လူမျိုးကို စောင့်ရှောက် ရမဲ့အစား
စော်ကားနေတာ တာသာကြည့်
ဒီလိုလူတွေကြောင့် မြန်မာပြည်
ပိုပျက်စီးနေတာ...သွားပြေားမနေပါနဲ့
မမ..ပါ အဲ့ဒီအဆင့်အတန်းထဲရောက်သွားမှာပေါ့

Nge Naing said...

မဆုမွန်ရေ
ဒေါသ သိပ်မထားနဲ့လေ။ ဟုတ်တယ် ကိကိ ပြောသလိုပဲ လက်သံပြောင်လိုက်တာ။ လက်ကလည်း မှန်လိုက်တာ။ သေနတ်နဲ့ဆိုရင်တော့ ပွဲချင်းပြီးပဲ ထင်တယ်။ အစ်မကတော့ စစ်သင်တန်းတက်ဖူးတုန်းက သေနတ်ပစ်မှာ အလယ်က ဆုံချက်ကို ၀င်ဖို့နေနေသာသာ အပြင်ဘက်ကျဆုံး အ၀ိုင်းထဲကိုတောင် တချက်မှ မ၀င်ဘူး။ မဆုမွန်ဆို လက်ဖြောင့်တပ်သားဆု ရနိုင်တယ်။

ကိုယ်မှန်တယ် ယူဆလို့ တန်ရာ တန်ရာ ဆိုပြီး လုပ်လိုက်တာက အကြောင်း မဟုတ်ပေမယ့် ဒေါသကြောင့် ဆိုရင်တော့ ကိုယ်လုပ်လိုက်တာနဲ့ ရတာနဲ့ မတန်ပဲ ဖြစ်တတ်ပါတယ်။ သတိတော့ထားပါ ညီမရေ။

AMK said...

လက်တည့် လိုက်တာ အစ်မရေ. ဟုတ်တယ် အဲဒီလိုဆော်ပေးမှ

AMK said...
This comment has been removed by the author.
လော said...

ကောင်းတယ်။
ပုံလည်းကောင်းတယ်။
စာလည်းကောင်းတယ်။
လုပ်ရပ်လည်းကောင်းတယ်။
ဒါမှ လောကကြီး လူလိမ်မာများလာမှာ။

Unknown said...

ဒေါသ ထိန်းပါ လို့ သူများကို အလွယ်လေး ပြော တတ် ကြ ပေမဲ့ ကိုယ် ကိုယ်တိုင် ကြုံ ရတော့ ခက် သားလား၊
ဒီနေရာမှာ.......ဘာမှ မတုန့် ပြန်ပဲ နေနီုင်တဲ့ သူ က ၂ မျိုး ရှိ မယ်။ ၁ က တော့ အရိယာ မို့ သည်းခံ လိုက်တာ။ ၂ ကတော့ ကြောက်လို့။
မဆုမွန် လုပ်ရပ် မှန်တယ်ဗျာ။ အဲ ဒါခွတ်ဒေါင်း စိတ်ဓါတ်။ လေးစားပါတယ်။

ကိုလူထွေး said...

လက်သံပြောင်လှချည်လား မဆုမွန်ရဲ့...
စိတ်နဲနဲလျော့ပါဦး...
အခုတော့ အဲလောက်ကြီးမဟုတ်တော့ဘူး မဟုတ်လား...

(ရေးရတာတောင် ခပ်လန့်လန့်ရယ်...)

းဝ)

purplemay said...

ဖိနပ်နဲ့တော့မပေါက်ဖူးဘူးအစ်မရေ...ဒေါက်ဖိနပ်နဲ့ခုန်ပြီး နင်းခဲ့ဖူးတယ် ။ ထမင်းချိုင့်ပူပူနဲ့ လက်မောင်းကိုအားရပါးရကပ်ပစ်ဖူးတယ် ...။ ဘတ်စ်ကားစီးရတဲ့ မိန်းကလေးတွေဘ၀ကို ရေးချင်တာတွေမှအများကြီး....။ အစ်မပိုစ့်ဖတ်ရတာ အားရလိုက်တာ...။