တံလျပ်ရွှေပြည် ၎

အိမ်ပြန်ချင်တဲ့ အလွမ်းစိတ် တိတ်တဆိတ် ရောက်လာတယ်…

အိမ်ပြန်ချင်တဲ့အလွမ်း…ဆီးနှင်းတို့ကျစတညမှာ အိမ်ကိုပစ်ပြီးတော့

မပြေလည်နိုင်မဲ့ လမ်းမှန်း သိရက်နဲ့ ခရီးကြမ်းဖျက်ခါ အိမ်မပြန်နိုင်သေးခင်

အိမ်ပြန်ချင်တဲ့ အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်

စိန်ခေါ်နေတဲ့လမ်း…ဆူးခင်းနဲ့စီးချင်းထိုးကာ မြေလှန်ပစ်ပြီးတော့

စိုပြေနိုင်မယ့် နည်းလမ်း သိရက်နဲ့ မနီးစပ်သေးခင် ရှာဖွေနေဆဲက

အိမ်ပြန်ချင်တဲ့အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်…

အိမ်ပြန်ချင်တဲ့ အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်

အလွမ်း..ပြန်ချင်စိတ်ကြောင့်…အလွမ်း…ပြန်ချင်ဇောကြောင့်…

နေ့ခင်း အိမ်မက်ထဲမှာ…. အတွေး အိမ်မက်ထဲမှာ အိမ်ပြန်ဖြစ်တယ်

မိန်ရာသီရဲ့စန်း …နက္ခတ်နဲ့ လိုက်လို့ည§ိကာ အဖြေပြန်တွက်ပြီးတော့

အမေအိုမျှော်မယ်မှန်းလည်း သိရက်နဲ့ ခရီးကြမ်းဖျက်ကာ အိမ်မပြန်နိုင်သေးခင်

အိမ်ပြန်ချင်တဲ့ အလွမ်းစိတ် တိတ်တဆိတ် ရောက်လာတယ်..

လိဂစ်တာကို တလုံးချင်းတီးခတ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်၊ စိတ်နှင့်သာ တေးသီဆိုရင်း အမေ့ကို ဝေငြိမ်း လွမ်းနေပါသည်။ တောထဲမှာနေခဲ့စဉ် လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကထက် မလျှော့သောလွမ်းခြင်းမျိုးနှင့် အမေ့ကို လွမ်းပါသည်။ အမေ နေမကောင်းဖြစ်နေသည်ကြားရသည့်အတွက်လည်း အမေ့နားမှာ ခြေဆုပ်လက်နယ်ပြုနိုင်ခွင့်၊ အမေ့ကို ကြွေးဟောင်းဆပ်ခွင့်မရနိုင်သည့် အခြေအနေအရပ်ရပ်အပေါ်မှာ နောင်တမဟုတ်သည့်တိုင် နာနာကျင်ကျင်နှင့် ပူပူပင်ပင် လွမ်းပါသည်။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က တောနက်ထဲက သစ်ပင်ကြီးတွေအောက် စစ်သုံး အ၀တ်ပုခက်ပေါ်မှာ ကွေးရင်း ငှက်ဖျား မိ၍ ညည်းနေသော သူငယ်ချင်းတချို့၏ “အမေ..ရေ” ဆိုသည့် ခေါ်သံတွေက သူ့ရင်ကို ဆူးချွန်နှင့်ထိုးသလို နစ်နေအောင် နာကျင်ခဲ့ဖူးသည်။ တခါတခါကျတော့ သတိလစ်ကာ ကယောင်ကတန်းအော်နေမှန်း သိသိကြီးနှင့် မခံနိုင်လှစွာ “ဟေ့ ကောင် အဲလို မအော်နဲ့ ၊ မညည်းစမ်းနဲ့” ဟု အော်ဟစ် ငေါက်ငန်းပစ်လိုက်ချင်မိသည်။ အမေ…လို့ တမ်းတမ်းတတ ငိုသံတွေကို သူမကြားချင်။ ကိုယ့်ကိုကိုယ် သေလူ..ရယ်လို့ သဘောထားပြီး တောခိုလာသည့်တိုင်အောင် တကယ်တော့ သူတို့အသက်လေးတွေက နှစ်ဆယ်စွန်းစွန်းသာရှိသေးသည်။ တချို့ဆို ဆယ့်ရှစ်နှစ်ပင်မပြည့်တတ်သေး။ ရှားရှားပါးပါး ဆယ့်လေးနှစ်သမီးလေးတွေလည်း တဖွဲ့တလေမှာ ပါလာခဲ့တာရှိသည်။

ဘယ်သူကမှ သူတို့ကို လက်နက်ကိုင်ဖို့ တိုက်တွန်းမောင်းထုတ်ခဲ့တာမဟုတ်။ ရင်ထဲ အသည်းထဲက နာကျည်းခံပြင်းမှု၏ စေ့ဆော်တိုက်တွန်းချက်ကြောင့် စစ်ရဲ့သားကောင်ဖြစ်ခဲ့ရ…ကလေးလက်နက်ကိုင်စစ်သည်တော်ဖြစ်ခဲ့ရသူတွေ….

သည်လိုနဲ့ အမေ့ကိုတမ်းတရင်း ဆေးရုံကိုတောင် မရောက်လိုက်နိုင်ဘဲ ငှက်ဖျားမိပြီး ဟောတယောက် ဟောတယောက်နဲ့ သူတို့ကိုရော တော်လှန်ရေးကိုပါ စွန့်ခွာခဲ့ရသည့် အမည်ပျောက် သူရဲကောင်းလေးတွေဆိုတာ နည်းခဲ့လို့လား။ အခုထိ သူကတော့ ဂစ်တာတလက်နှင့် အမေ့ကိုလွမ်းသည့် တေးတွေ သီနိုင်ခွင့်ရနေပါသေးသည်။ စိတ်ဖြေသာစရာ သမီးသားနှင့် ဇနီးမယားနှင့် လူလို သူလို ဘ၀တခုကို တည်ဆောက်ရှင်သန်နေနိုင်ပါသေးသည်။ အမေ့ကို မတွေ့ရတာနှင့် အမိမြေကို နင်းခွင့်မရသည့်အတွက်ဖြစ်ရသည့် နာကျင်မှုနှင့်အတူ ရှင်သန်နေထိုင်ခွင့်ဆိုတာက ဘုရားသခင်ပေးသနားသည့် သူတို့အတွက် မွေးရာပါ ခံစားခွင့်ပေပဲလားတော့ မသိ။

သည်လို နာကျင်စိတ်ပြင်းပြလာတိုင်း ထွက်လာနေကျ ကဗျာလေးတွေအတွက် သူ့နာကျင်မှုများကို သူစုစည်းကာ ဂစ်တာကိုအသာချလျှက် စာရေးစားပွဲဆီသို့ သူ နေရာရွှေ့ခဲ့သည်။

မြောက်ပြန်လေတွေပြန်လာတဲ့နေ့က
ဘယ်သူမှမပို့တဲ့
အီးမေးလိပ်စာကို
ဖွင့်ဖတ်မိတယ်…


စစ်ပွဲကြီးတခုပဲစတင်တော့မလိုလို
စစ်ပွဲကြီးတခုပဲပြီးဆုံးသွားခဲ့ပြီလိုလို
လမ်းတွေဟာ ဟာလာဟင်းလင်း
ဓာတ်ကြိုးတန်းတွေက အဝေးမှာနိမ့်ဆင်းသွား
ဘယ်ဆီများလဲ….

မပြောမဆို
တမြေ့မြေ့တိမ်တွေ
ခုချိန်သာဆို
ကန်သုံးဆင့်မြက်ခင်းပြင်ထဲမှာ
မြေ၀ပ်ငှက်ကလေးတွေ
အိမ်ပြန်ချိန်တဲ့
သွေးညှီနံရလို့
ညနေခင်းကိုရှိုက်သွင်းမိတော့ ….

“ဟာ….မေမေရေ…မေမေ့ကောင်ကြီးက ရေတွေ တကယ်လာဆင်းသောက်လိုက်တယ်။ ဒီမှာ ရေ လျော့တယ်။ မေမေ လာကြည့်…လာကြည့်။ မေမေ့ကောင်ကြီးအတွက် သားသား ရေထပ်ထည့်ပေးမယ်”

အငယ်ဆုံးကောင်၏ အားရပါးရ အော်ဟစ်လိုက်သံကြောင့် သူ့လက်တွေ တုန့်သွားသည်။ သားပြောသော “အမေ့ကောင်ကြီး ဆိုတာ ဘာကောင်ကြီးပါလိမ့်” ဟု သိချင်စိတ်နှင့် ခေါင်းက သားငယ်ဆီသို့ ချာကနဲ လည်သွားလေသည်။

မြတ်စွာ ဘုရား…

သားငယ်ခုန်ပေါက်နေတာက သူကိုယ်တိုင်ရိုက်ထားသည့် နံရံကပ် ဘုရားစင်သေးသေးလေးရှေ့မှာ။ သားငယ်မျက်လုံး မခွာနိုင်တာက ဘုရားရှင်ကို ရည်စူးကပ်လှူထားသည့် သောက်တော်ရေချမ်းဖန်ခွက်ငယ်…

အမေရိကန်ပေါက် သူ့သားငယ်က သူမြတ်နိုးအားထားကိုးကွယ်ရာ မြတ်စွာဘုရားကို ဘိုဆန်ဆန် အားရပါးရ ခေါ်လိုက်ပုံက “အမေ့ကောင်ကြီး” ဆိုပါလား။

သားတို့အမေက မီးဖိုထဲက ပြေးထွက်လာရင်း ၀မ်းသာအားရ ခုန်ပေါက်နေသည့် သားနှင့် သားကို လည်ပြန်လှည့်ကြည့်ရင်း ကြက်နာကြီးလို ငိုင်စင်းနေသော သူ့အား တချက်လှမ်းကြည့်လိုက်ကာ အဖေနှင့်သား…ရှင်းကြပေတော့ ဆိုသည့် ပုံနှင့် သူ့ဟင်းအိုးဆီ ပြန်လှည့်ပြေးသွားသည်။

သမီးကြီးယမုန်က “ဗညားလေး…ဘုရားကို အဲလိုမပြောကောင်းဘူး” ဟု ရယ်ချင်ပက်ကျိမျက်နှာပေးလေးနှင့် ဟန့်တားသည်။ သားလတ် “ကျန်စစ်” ကတော့ ဟားဟား…ဟု သဘောတကျ ရယ်နေသည်။

ကိုဝေငြိမ်းက စိတ်မသက်မသာကြားကပဲ သားငယ်အား ဦးစွာ ပြုံးပြလိုက်ပါသည်။ ထို့နောက်-

“သား…အဲဒီစင်ကလေးပေါ်က ရုပ်တုက ဖေဖေတို့ကိုးကွယ်တဲ့ ဘုရားကွ။ ဒီတော့ လူလူချင်း တရင်းတနှီးသုံးသလို ကောင်…ဆိုတဲ့ နာမ်စားနဲ့ သုံးရင် ကိုယ်ကိုးကွယ်တဲ့ ဘုရားအပေါ်မှာ မလေးစားရာကျတယ်။ ကောင်..ဆိုတဲ့ အသုံးက သိပ်ရင်းနှီးတဲ့ ရွယ်တူသူငယ်ချင်းချင်း ဒါမှမဟုတ် တိရိစ္ဆာန်တွေကိုသာ သုံးရတာ။ ကိုယ်ယုံကြည်ကိုးကွယ်တဲ့ ဘုရားကို ဘယ်ဘာသာမှာပဲဖြစ်ဖြစ် အဲဒီလို မခေါ်ကြဘူး”

“ဒါဖြင့် ဘယ်လို သုံးရမလဲ ဖေဖေ”

“ဘုရားဆိုရင် မြတ်စွာဘုရားလို့ခေါ်တယ်။ တယောက်လို့မပြောဘဲ တပါးလို့ပြောရတယ်”

“အဲဒီဘုရားရုပ်တုက ရေကို ဘယ်လိုကုန်းသောက်လိုက်လဲ ဖေဖေ။ ရေတွေလျော့နေပီ”

“ဘုရားက ပရိနိဗ္ဗာန်စံသွားပြီပဲ သားရယ်၊ ဘယ် လာပြီး ရေသောက်နိုင်မှာလဲ။ ဖေဖေတို့က နေ့စဉ်ရေချမ်းလဲကပ်ဖို့ မေ့နေ တော့ နွေရာသီဆိုတော့ အပူပြင်းလို့ ရေခန်းသွားတာပါ”

“နိဗ္ဗာန်စံတယ်ဆိုတာ ဘာလဲ ဖေဖေ”

“ပရိနိဗ္ဗာန်စံတယ် ဆိုတာ လူလိုဆိုရင်တော့ သေသွားတာကိုပြောတာ၊ ဘုရားကိုကျ ပရိနိဗ္ဗာန်ပြုတယ်လို့ ပြောကြတယ်။ ရဟန်းတွေဆိုရင် ပျံလွန်တော်မူတယ်လို့ ပြောတယ်။ လူဆိုရင်တော့ ကွယ်လွန်တယ်၊ သေတယ်၊ ဆုံးတယ် အဲလို ပြော ကြတယ်..ပေါ့ကွာ”

ဒီအခိုက်အတန့်လေးမှာ သူ အလုပ်လက်မဲ့ဖြစ်နေရတာကိုပဲ ကြံဖန်ဝမ်းသာမိလိုက်တော့သည်။ သားတို့မေးသမျှ ဖြေရန် အသင့်ရှိနေနိုင်ခြင်းကြောင့်ဖြစ်ပါသည်။ အမေရိကန်မှာ မွေးဖွားကြီးပြင်းသည့် ကလေးများ၏ အားသာချက်က ဒါပါပဲ။ လွတ်လပ်စွာ တွေးတောကြံဆမည်။ တန်ပြန်မေးခွန်းများရှိမည်။ သေချာမှ ယုံကြည်မည်။

“ဒါဖြင့် အသက်မရှိတဲ့ ဘုရားကို ဘာဖြစ်လို့ မေမေက ရေနဲ့ ထမင်းတွေ ချကျွေးသလဲ ဖေဖေ”

“ဒါက ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ထုံးတမ်းစဉ်လာတခုအနေနဲ့ပေါ့သားရယ်။ ဘုရားက သင်ကြားပေးခဲ့တဲ့ ဆုံးမစကားတွေ ကို ဖေဖေတို့ လိုက်နာကျင့်ကြံပြီး လူကောင်းဖြစ်အောင် ကြိုးစားနေသရွေ့ ဖေဖေတို့စိတ်ထဲမှာ ဘုရားက အမြဲ အသက်ရှင် နေတယ်လို့ ခံစားပြီး၊ အသက်ရှိတယ်လို့ သဘောထားပြီး ဖေဖေတို့ရဲ့ စားဦးစားဖျားကို ကပ်ပေးရတာပေါ့။ ဘုရားကို ကျတော့ ဆွမ်းကပ်တယ်လို့ ပြောကြတယ် သားရဲ့။ ထမင်းကျွေးတယ်လို့ မပြောရဘူးနော်။ မှတ်မိလား သား။ ဆွမ်းကပ် တာနော်…ဘုန်းကြီးတွေကိုလည်း ဆွမ်းကပ်တယ်လို့ပဲ ပြောတယ်လေ။ သားသိတယ်မို့လား”

ဗညားငယ်က အားလုံးကို ယောင်ဝါးဝါးနှင့် သူ့ကို ခေါင်းငြိမ့်သည်။

“ဖေဖေ။ သားသားသူငယ်ချင်း လက်မတို့ ဘုရားသခင်ကတော့ ၀က်သားစားတာမကြိုက်ဘူးတဲ့။ သူ ၀က်သားမစား ရဘူး ဖေဖေ။ ဖေဖေတို့ ဘုရားကရော ၀က်သားမစားနဲ့လို့ပြောလား။ သားသား ၀က်သားကြိုက်တယ်။ သူက မစားနဲ့ပြောလည်း စားချင်တယ်”

ဘယ်သူတားတား စားမှာပဲ ဆိုသည့် ပေကက်ကက် တဇွတ်ထိုးရုပ်ကလေးနှင့် အရေးဆိုနေသော သားငယ်ကို စွေ့ကနဲ မြှောက်ချီကာ လေထဲ ဝှေ့ရမ်းပစ်လိုက်ပြီး ကိုဝေငြိမ်းက ရယ်မောလိုက်ပါသည်။ ဗညားပြောစကားတွေ နားထောင် နေရတိုင်းမှာလည်း ကိုဝေငြိမ်း အမေ့ကို သတိရမိပါသည်။ ဝေငြိမ်းငယ်ငယ်က တဇွတ်ထိုး ပေကတ်ကတ် နိုင်တာတွေကို အမေက သူ့ငယ်သူငယ်ချင်းများနှင့်တွေ့တိုင်း သူဘယ်လို အကျပ်ရိုက်ခဲ့ရတာတွေကို ပြန်ပြောပြလေ့ရှိသောကြောင့်ပါ။ အမေက သူ့မြေးငယ် ဗညားကိုသာ မြင်ရလျှင် “ဝေငြိမ်းအသေးစားလေး” …လို့ ပြောမည်မှာ မလွဲ။

“ဖေဖေတို့ ဘုရားက ဟိုဟာမလုပ်နဲ့..ဒီဟာမလုပ်နဲ့လို့လည်း ဘာကိုမှ မပိတ်ပင်ခဲ့ပါဘူး။ ဒါလုပ်ရင်တော့ မကောင်း ဘူး…လို့သာ မကောင်းတာကို မကောင်းတဲ့အကြောင်းပြောခဲ့တာပါ။ ဒီတော့ မကောင်းမှန်းသေချာတာကို ဖေဖေတို့က မလုပ်ဘဲ ရှောင်ကျဉ်လိုက်တော့ ဖေဖေတို့က လူကောင်းတွေဖြစ်လာတာပေါ့။ ဥပမာကွာ ဘုရားက ပြောတယ်။ သူများ ပစ္စည်းခိုးတာ မကောင်းဘူးတဲ့။ တကယ်လို့ ဖေဖေက သူခိုးဆိုရင် သားကို သားသူငယ်ချင်းတွေက သူခိုးသား..လို့ ပြောမှာ ပေါ့။ ဖေဖေ့ သားသမီးတွေ လူလည်ခေါင်မှာ မျက်နှာမငယ်ရအောင် ဖေဖေက ဘယ်သူ့ပစ္စည်းကိုမှ မခိုးဘူး။ ဘုရားစကား ကိုနားထောင်တော့ ဖေဖေက လူကောင်းတယောက်ဖြစ်လာတယ်။ သားတို့အတွက် ဖခင်ကောင်းတယောက်ဖြစ်လာတယ်။ အဲဒီလိုမျိုးပဲရှိပါတယ်။ သား ၀က်သားစားလို့ရပါတယ်။ အခုလည်း သားကို မေမေက ချက်ကျွေးနေတာပဲ မဟုတ်လား”

“Yap. But I want to make sure, ဖေဖေ”

သားက အမေရိကန်ရောက်မှ မွေးဖွားပြီး အင်္ဂလိပ်စကားပြောကသာ သူ့မိခင်ဘာသာစကားလိုဖြစ်နေသောကြောင့် မြန်မာစကားပြောသောအခါ အလွန် ထောင့်တောင့်တောင့်နိုင်နေပြီဖြစ်သည်။ ဒါတောင်မှ အိမ်မှာ မြန်မာလို မပြောမနေရ အမိန့်ဆန်ဆန် သတ်မှတ်ထားခြင်းကြောင့် ဒီလောက်ပြောနိုင်နေတာဖြစ်သည်။ တချို့ သူငယ်ချင်းတွေရဲ့ သားသမီးတွေများ အညာသားရုပ် မည်းကျုပ်ကျုပ်နဲ့ ရွှတ်ယှက် ဒွတ်ဒက်တွေချည့် ထွက်ကျ…တခါတရံများ သူတို့ကိုထိန်းဖို့ မြန်မာပြည်ကနေ လှမ်းခေါ်လို့ နေရရှာတဲ့ မြေးကလွဲရင် အပျင်းပြေစကားပြောစရာမရှိတဲ့ အဖိုးဖြစ်သူကို “အဖိုးကြီး ပါးစပ်ပိတ်ထား” ဟု အော်ဟစ်သံများကိုလည်း သူတို့အိမ်သွားတိုင်း ကြားရတတ်ခဲ့သည်။

ဒါမျိုးတော့ ဘယ်တော့မှ သူ့သားသမီးတွေကို အဖြစ်မခံဟု သူ မောင်းတင်ထားသည်။ ထားသာထားရ အထက်တန်း ရောက်နေသည့် သမီးကြီးကို စိတ်မချ။ အမည်းကောင်တကောင်ကောင်နဲ့များ ညိသွားမလား။ အဖြူကောင်နောက်များ ပါ သွားမလား….တထိတ်ထိတ်။ အပြင်ထွက်လို့ လမ်းမမှာ သမီးအရွယ် ကောင်မလေးတွေ သူတို့ ရည်းစားတွေနဲ့ ဘိုဆန်ဆန် နှုတ်ဆက်နေတာများမြင်ရင် ရင်ထဲကို ပူပူသွားရတာပါပဲ။ ဖြူဖြူသွယ်သွယ် ဆံပင်နက်နက်နဲ့ ကောင်မလေး တယောက် ယောက်ကို အဲလိုအနေအထားနဲ့တွေ့လိုက်တိုင်း သမီးများလား…လို့ ဥစ္စာခြောက်ပြီး ပြူးတူးပြဲတဲ လှမ်းကြည့်မိသည့်အခါ လည်း ရှိခဲ့ဖူးရဲ့။ သို့သော် အခုအချိန်အထိတော့ သူ ကံကောင်းနေသေးသည်။ သမီးက ယောက်ကျားလေးတွေကို ထူးခြား စွာ စိတ်ဝင်စားပုံမပြ။ သူ့စာသူသာ ကုန်းရုန်းကြည့်သည့် စာဂျပိုးမလေးဖြစ်နေသည်။

သူငယ်ချင်းတွေထဲက သားရှိသူမှန်သမျှကို လိုက်ရေတွက်ကာ ဘယ်ကောင့်ကို ခမည်းခမက်တော်ရမလဲ တွေးရ ရွေးရ တာကလည်း သူ့ဆံပင်တွေဖြူစပြုလာရခြင်း အကြောင်းများအနက် တခုအပါအ၀င်ဖြစ်တော့သည်။

သမီးယမုန်ကို အဲဒီလိုတွေပြောပြတော့ “ဖေကြီးကလည်း” ဟု ရှက်စနိုးနှင့် ရယ်မောရင်း ထပြေးသွားတတ်သောအခါ မြန်မာဆန်ဆန် ရှက်တတ်နေသေးသော သမီးကြီးအတွက် စိတ်ထဲ ချမ်းမြေ့လိုက်တာ မပြောပါနှင့်တော့။

တခါတရံမှာတော့ “ဗမာယောက်ကျားတွေက အရပ်နည်းနည်းပုတယ် ဖေကြီးရ။ အရပ်ပုတဲ့ယောက်ကျားတော့ သမီး မ ကြိုက်ပါဘူး” …ဟု သူ့အရပ် ငါးပေ လေးလက်မခွဲကို မာန်တက်သံစွက်ပြီးတော့ ဖအေကို ကြည်စယ်တတ်ပါသည်။ သားတွေကိုတော့ မြန်မာမလေးတွေနှင့်သာ ရှာဖွေ ပေးစားဖို့ ဖြစ်မှ ဖြစ်ပါ့မလား…ဟုလည်း သူ ကြိတ်ကာ ပူပင်မိသည်။ ရွာနားကမြက် ရွာနွား မစား…ဆိုသလို သူတို့တွေကြည့်ရတာ တယောက်ကို တယောက် ကြိုက်ကြချစ်ကြလိမ့်မည်ဟု သူမထင်နိုင်ဘဲလည်း ဖြစ်နေရပြန်သည်။

သားငယ်က ကလေးပီပီ အတွေးတခုကို ကြာရှည် တွေးတော ထိန်းသိမ်းမထားဘဲ သူ့ကစားစရာတွေဆီ စိတ်ရောက်သွား သည်။ သို့သော် ကိုဝေငြိမ်းဆီမှာတော့ သားသမီးများကို မြန်မာနံ့ထွက်အောင် ဘယ်လိုနည်းနဲ့များ မသိမသာ ပုံစံချ ကျုံးသွင်းရပါ့မလဲ တွေးရင်း ကဗျာဆက်ပြီး မရေးနိုင်တော့ဘဲ ဖြစ်သွားရလေသည်။

ခွာညို

စက်တင်ဘာလ (၄) ရက်။ ၂၀၀၉ ခုနှစ်။

(စကားချပ်။ ။ “ဆောင်း” အမည်ရ ကဗျာအား သုံးစွဲခွင့်ပြုခဲ့သော ဆရာ သစ်ကောင်းအိမ်အား ကျေးဇူးအထူးတင်ရှိပါသည်။)

0 Comments: