တံလျှပ်ရွှေပြည် (၃)

နန်းမတော် မယ်နုကို သတ်တုံးက နန်းသွေးမို့ မြေမကျအောင် လည်မျိုကို တုတ်တိုနှင့်ရိုက်သတ်ခဲ့သလား။ ကားစင်တင်ပြီး တံကျင်ရှို မီးရှို့ခဲ့သလား။ ဒါမှမဟုတ် ကြိုးမိန့်နှင့် သေခဲ့သည့်တိုင်အောင် လောကကြီးကို ခေါင်းတချက်ဆတ်ကာ လျှာတစ် လစ်ထုတ်ပြပြီး မထေမဲ့မြင်ပြု သွားခဲ့လေသလား… နန်းမတော် မယ်နု လောကကြီးကို ဘယ်လို ကျောခိုင်းသွားလည်း ခင်လေး မသိပါ။ခင်လေး သိတာက အနောက်နန်းမတော်ကြီးကို သေဒဏ်ပေးရန် သူသတ်ကုန်းကို ခေါ်ရာလမ်းတွင် ဆရာရင်းဖြစ်သော ဆရာတော်ဦးဗုဓ်အား ၀င်ကန်တော့ပြီး သူ အသတ်ခံရတော့မည့်အကြောင်းလျှောက်ထားခန်းလေးပါ။ ဆရာတော်က စာဖတ်နေတော်မူရာက တချက်လောက်ပဲ မျက်လွှာလှန်ဝင့်ကြည့်ခဲ့ပြီး တခွန်းတည်းသော စကားကို ဆိုခဲ့သည်ဆိုပဲ။

“၀ဋ်ကြွေးရှိက ခံရသည် မိနု” …

ခင်လေးကတော့ ဘယ်ဘ၀က၀ဋ်ကြွေးကိုဆပ်ရန်လူလာဖြစ်နေခဲ့ရသလဲ…မသိပါ။ ကိုယ်လိုချင်တာမှန်သမျှ ဘာမှ လုပ်ခွင့် မရဘဲ ကိုယ်ကသာလျှင် လူတကာလိုအပ်သမျှ အရာရာကို မနိုင်ဝန်ထမ်းကာ ဖြည့်ဆည်းပေးရသည့် ပုံစံခွက်ထဲ ပုံလောင်း လွှတ်လိုက်သလို ခင်လေး ကံဇာတာမှာ တခါတည်း ကပ်လျှက်ပါလာခဲ့ပုံရလေသည်။ လဲကျခဲ့လျှင်တောင် ဥုံဖွ…ဟု အနာ သက်သာစေအောင် စိတ်ကိုလှည့်စားပေးမည့်သူမရှိခဲ့ဘဲ ကိုယ်ထူကိုယ်ထစနစ်နှင့် လူဖြစ်လာခဲ့ရသူ….။

လူမှန်းသိစကတည်းက အမေဈေးတောင်းခေါင်းရွက်ကာ အရပ်တကာလည် ဈေးရောင်းရာသို့ အပိုအရောင်းပစ္စည်း လေးတွေပိုက်ပြီး လိုက်ခဲ့ရတာ… အဲသည်တုံးက ပုံဖော်၍ မည်သို့မှမရနိုင်ခဲ့ သော အဖေ… ဆိုသူ တယောက် အ တွက် ထောင်ဝင်စာပံ့ပိုးရန်၊ အမေ့အတွက် အိမ်လခ၊ မီးဖိုချောင်စရိတ်တို့ကာမိစေရန် အိမ်နောက်ဖေးက မာလကာပင် လေးက မာလကာသီးကို ကျောင်းအားရက်တွေမှာ ဈေးထဲငုပ်တုပ်ကလေး သွားထိုင်ကာ ရောင်းခဲ့ရတာလည်း ခင်လေး ပါပဲ။

လမ်းထိပ်က ခရေပင်ကြီးက ခြွေချလေ့ရှိတဲ့ ခရေဖွေးဖွေးလေးတွေကို မနက် လေးနာရီမထိုးခင် သူများထက်ဦးအောင် တစ္ဆေမကြောက် မြွေမကြောက် ထထကောက်ပြီး ကိုယ့်ကျူရှင်စရိတ်ကိုယ်ရှာခဲ့ရတာလည်း ခင်လေးပါပဲ။

ခင်လေး ဘ၀မှာ ဘာအဖြစ်ချင်ဆုံးလည်း…ဟု ဂရုတစိုက်မေးမည့်သူရှိလျှင် ပညာကို ကိုယ့်စိတ်တိုင်းကျဉာဏ်စွမ်းရှိသရွေ့ ဆုံးခန်းတိုင်အောင် သင်ချင်ပါတယ်…ဟု သာဖြေချင်ပါသည်။ သို့သော် သည်မေးခွန်းအား မေးမည့်သူလည်း တယောက်မှ မပေါ်လာခဲ့ကြဖူးပါ။

လောကကြီးထဲကို လာရောက်ခဲ့ခြင်းသည် နာကျည်းခါးသည်းမှုများကို ခံစားရန် သက်သက်အတွက်လား၊ ငါ ဘာဖြစ်လို့များ အသက်ရှင်နေတာလဲ…ဟု အကြိမ်ပေါင်းမရေတွက်နိုင်အောင် မေးခွန်းထုတ်မိသည်။ ယောက်ကျားရှိပါလျှက် မုဆိုးမလို ရုန်းကန်နေရသူအမေ့အရိပ်မှာ အဖေရှိရက်နဲ့ အဖမဲ့ကလေးလို ကြီးပြင်းခဲ့ရသည့် လောကဒဏ်တရား၏စီရင်ချက်ဖြင့် ခင်ခင်လေး ဆိုသည့် မိန်းမငယ်လေးတယောက်သည် စကားပြောမချိုသာသော.. အရယ်အပြုံးမဲ့သော… လုပ်ငန်း စကား ကလွဲလျှင် ပေါ့ပါးပျော်ရွှင်ဖွယ်စကားကို မကြားတတ် မပြောတတ်တော့သူဖြစ်ခဲ့ရပြီး အဲဒါကိုက လူ့လောကထဲမှာ အပြစ်တခုနှယ် စကားတင်းအဆိုခံနေရပြန်ပါသည်။

သူလုပ်ချင်တာလုပ်ရင်း ထောင်ထဲမှာ နှစ်ရှည်လများ နေထိုင်ခဲ့ရသူအဖြစ် အဖေ့အား စာနာတတ်ကြ သနားတတ်ကြ ဖေးမ တတ်ကြသော လူ့အဖိုးတန်ကြီးများက အဖေ ဆိုသော သူတယောက်အား ဘယ်လိုပုံပန်းလည်းဆိုတာ မမြင်ဘူးသေးခင် အဲဒီ အဖေဆိုသူအတွက် ထောင်ဝင်စာပုံမှန်တွေ့ပေးနိုင်ရေးနှင့် မိသားစု၏ ၀န်ထုတ်ဝန်ပိုးကို အမေနှင့်အတူ အသက် ဆယ်နှစ်မပြည့်ခင်ကတည်းက ဈေးတောင်းခေါင်းရွက်ပြီး ထမ်းခဲ့ရသူတယောက်ကိုတော့ “သူရှာကျွေးနေရတယ်ဆိုပြီး မိဘကို မောက်မာဗိုလ်ကျသူ” ဟု ကင်ပွန်းတပ် တံဆိပ်ကပ်တတ်ကြသတဲ့။

မထောက်မညာစတမ်း ပြောရမည်ဆိုလျှင် ဤ မှန်သောသစ္စာစကားကြောင့်…ဟူ၍ပင် သစ္စာတိုင် တည်နိုင်လောက်အောင် ခင်လေး၏ရပ်တည်မှုက ဖခင်တယောက်နှင့် အလှမ်းကွာဝေးခဲ့သည်။ အဖေ့လုပ်စာနှင့် ကျောင်းလခ တခါမှပင်မပေးဘူးခဲ့။ နိုင်ငံ့သားကောင်းတယောက်ဖြစ်ရန် နိုင်ငံ့အရေးကို ကိုယ်ရောစိတ်ပါ သွန်ထည့်နှစ်မြုပ်ပြီး ကြိုးစားနေတာကို ခင်လေး အသိအမှတ်ပြုပါသည်။ သို့သော် လူမှန်လျှင် တာဝန်မှန်သမျှကိုတော့ အတတ်နိုင်ဆုံး ကျေပွန်ရပါလိမ့်မည်။ နိုင်ငံ့သား ကောင်းတယောက်ဖြစ်အောင်ကြိုးစားနေရသည့်အတွက် ဖခင်ကောင်းတယောက်အဖြစ်ကို စွန့်လွှတ်မည်ဆိုလျှင် သားသ မီးများကို အစကတည်းက မွေးဖွားမလာစေသင့်ပါ။ ခင်လေးသက်တမ်း၏ တ၀က်မျှ ထောင်ထဲမှာ အဖေနေခဲ့ရတာ မပြောလို။ ထောင်အပြင်ဘက်ရောက်နေချိန်မှာတော့ မိသားစုစီးပွားရေးကို စိတ်ဝင်စားသင့် ကူညီသင့်သည်ဟူ၍။

အဖေ့လိုပဲ ထောင်နှစ်ရှည်ကျသည့် အဖေ့မိတ်ဆွေများ အိမ်လာလည်လေ့ရှိတတ်သည်။ တချို့က ထောင်ကထွက်ရခိုက် ခဏပင်ဖြစ်စေ မိသားစုစီးပွားရေးကို ဦးဆောင်လျှက် အခြေတကျဖြစ်စေခဲ့ကြသည်။ တချို့ကတော့ ဦးဆောင်သူ မဟုတ် သည့်တိုင်အောင် နောက်ကနေ ကူညီပံ့ပိုးမှုတွေ အလိုက်တသိပေးကြသည်။ အနည်းစုကတော့ သူတို့သားသမီးတချို့ နိုင်ငံခြားကို ရောက်သွားကြတာခပ်သဲ့သဲ့ပြောသံတွေလည်းကြားနေရသည်။

တချို့က အောက်လမ်းက ထွက်သွားကြတာတဲ့။ အောက်လမ်းဆိုသည်က တရားမ၀င် နိုင်ငံခြားကို ခိုးကူးသွားတာဖြစ်ပြီး တချို့ကျတော့ နိုင်ငံခြားရောက်သွားသည့် မိတ်ဆွေများအဆက်အသွယ်ဖြင့် ထောက်ပံ့ကူညီမှုများဖြင့် ကျောင်းတက်ခွင့်ရ အောင်ကြိုးစားပြီး ထွက်ခွာသွားကြတာဟုဆိုသည်။ သားသမီးတယောက် နိုင်ငံခြားမှာ အလုပ်လုပ်နေပြီဆိုလျှင် ငွေကြေး တန်ဖိုး ကွာခြားမှုအရ ဒေါ်လာအနည်းအကျဉ်းမျှသော ထောက်ပံ့မှုသည် မိဘများအတွက် အနည်းဆုံး မီးဖိုချောင်စရိတ်နှင့် ကျန်းမာရေးစရိတ်တို့ကို ရင်ထိတ်ပူပင်နေစရာ လျှော့ကျသွားသည်။

အဲသည်အကြောင်းပြောပြတော့ အဖေက သူ့ပင်ကိုယ် မထုံတက်တေးအမူအယာနှင့် အဖေ သိပါတယ်… ဟုခပ်တိုးတိုးနှင့် အေးအေးလေးပဲပြန်ပြောကာ သူ့ရေဒီယိုပေါက်စလေးက တဂျစ်ဂျစ်မြည်နေသည့်ကြားက ဘီဘီစီသတင်းကို နားနားကပ် ပြီး နားထောင်နေခဲ့သည်။ မတုန်တလှုပ်နိုင်လှသော အဖေ့ကြောင့် ပိုပိုပြီးတော့လည်း ငရဲကြီးလာသည်ဟု ခံစားရသည်။

ခင်လေးက နိုင်ငံရေးအကြောင်းကို သိပ်ပြီးကြီးကြီးကျယ်ကျယ်ကြီး မတွေးတတ်ပါ။ လက်တွေ့ကျသော မိသားစု အငတ် ဘေးနှင့် လမ်းပေါ်မရောက်ရေးကိုသာ ရင်ဆိုင်ဖြေရှင်းခဲ့ရသောအတွေ့အကြုံအရ ကွန်မြူနစ်ပဲဖြစ်ဖြစ်.. ဒီမိုကရေစီ ဘက် တော်သားပဲဖြစ်ဖြစ်.. ကျောင်းဆရာပဲဖြစ်ဖြစ်… လူမှန်လျှင် အချိန်မှန် ထမင်းစားရန်လိုပြီး အမိုးအကာအောက်မှာ နေထိုင် ရန်နှင့် လူမြင်တင့်တယ်ရန်အ၀တ်အထည်များလည်း လိုအပ်သည်ဆိုသည်ကိုပင်။ ဘုန်းကြီးတောင်မှ သူ့ဆွမ်းကို သူထွက် ခံရသေးတာပဲ။ ကွန်မြူနစ်ပါတီဝင်ဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများလည်း စားရေးသောက်ရေး ဖန်တီး စဉ်းစားရမည်ဟု ရိုးရိုးလေးပဲမြင်သည်။

ထောင်ကျနေချိန်တွေကို မဆိုလိုချင်ရိုးအမှန်ပါ။ သို့သော် ခင်လေး ဆယ်တန်းဖြေကာနီးဝန်းကျင် အဖေ ပြန်လွတ်လာ စဉ်က စာမေးပွဲအတွက်အရေးကြီးနေသော သမီးကိုယ်စား အဖေက အမေ့ကိုဈေးကူရောင်းပေးလိမ့်မည်ဟု ယုံကြည်မျှော် လင့်ခဲ့ဖူးပြီး ထိုမျှော်လင့်ချက်ကလေး အကောင်အထည်ပေါ်မလာသောအခါ ဈေးရောင်းရင်း စာကျက်ရင်း မျက်ရည် အိုင်ထွန်းခဲ့ရတာကိုတော့ ခင်လေး မာနဖြင့် အဖေ့ကိုပေးမသိစေခဲ့ပါ။ အမေ့ကိုလည်း စိတ်ဆင်းရဲမှု ပိုမိုမှာစိုးသောကြောင့် ခင်လေးမျက်ရည်ကို အမေမမြင်စေခဲ့ရပါ။

အရက်မသောက်ဘူး…ဖဲမရိုက်ဘူး…မိန်းမ မလိုက်စားဘူး...မိသားစုဝင်တွေကို မနှိပ်စက်ဘူး…ငါ ဘာမကောင်းတာများ လုပ်နေလို့လဲ….ဟု အမေနှင့်စကားများတိုင်း ပြောတတ်သည့် သူကိုယ်တိုင်ပြောသော အဖေ၏ကောင်းကွက်များကို ခံစား နိုင်လောက်အောင် ခင်လေး မရင့်ကျက်ခဲ့ပါ။ ဒါလောက်နှင့်တော့ အိမ်ထောင်ဦးစီးကောင်းတယောက် မဖြစ်သေး တာကို အဖေ၀န်ခံဖို့လည်း လိုပါလိမ့်မည်။ ခင်လေး ခံစားရသည်က သားသမီးသုံးယောက်နှင့် နိုင်ငံရေးသမား လင်ယောက်ကျား အတွက် ကျွဲလို နွားလို ရုန်းကန်နေရသည့် အမေ့အနားမရသော အချိန်များနှင့် အမေ့မျက်ရည်များသာဖြစ်ပါသည်။

ခင်လေးကိုယ်တိုင် ပညာဆက်လက်သင်လိုစိတ်..အမေ့အား မတောင့်မတ မကြောင့်မကျ နေထိုင်စေလိုစိတ်တို့ဖြင့် ခင်လေး နိုင်ငံခြားကို သွားပြီး အလုပ်လုပ်ချင်ခဲ့ပါသည်။ ထို့ကြောင့် အဖေ့အား တကြိမ်တောင်းဆိုခဲ့ဖူးသည်။

“အဖေ။ သူများတွေ သွားနိုင်ရင် ကျမလည်း သွားချင်တယ်။ ကျမကို အဲဒါလေးတခု မကူညီနိုင်ဘူးလား”

အဖေက ရေဒီယိုကို နားမှခွာပြီး ခင်လေးကို တချက်ဝေ့ကြည့်ပါသည်။

“ဘာဖြစ်လို့သွားချင်တာလည်း သမီးရယ်၊ ကိုယ့်တိုင်းပြည်က အကောင်းဆုံးပါ” ဟု တိုးတိုးလေး ဖျောင့်ဖျသည်။

“ကျမ ပညာဆက်သင်ချင်တယ်။ ဒီမှာ နေထွက်ကနေ၀င်လုပ်နေရလို့လည်း အိမ်လခအလျှဉ်မမှီ၊ မီးဖိုချောင် စရိတ်ပြတ်တဲ့ အခါပြတ်၊ နေမကောင်းရင်တောင် ဆေးကုစရာပိုက်ဆံမရှိဘူး။ အဲလိုဘ၀မျိုးကို ကျမလူမှန်းသိစကတည်းက ခါးစည်းခံ လာခဲ့ရတာ အခု အသက် အစိတ်ကျော်လာပြီ။ ကျမ အခြေတကျဘ၀တခုကို တည်ဆောက်ချင်တယ်။ လက်လှုပ်မှ ပါးစပ် လှုပ်နိုင်တဲ့ ဘ၀ကို စွန့်လွှတ်ချင်ပီ။ ပညာလည်းဆက်သင်ချင်တယ်။ ဒီမှာနေရင် ဘွဲ့တခုရပီးတာနဲ့ ပညာရေးက လမ်းမ ဆုံးချင်လည်း ဆုံးနေတာပဲ။ ဒီဘာမှသုံးလို့မရတဲ့ ဘွဲ့အတွက်တောင် ကျမမှာ ပိုက်ဆံမတတ်နိုင်တာအဖေ။ ကျမ ထပ်သင် ချင်တဲ့အဆင့်မြင့်ပညာရေးအတွက် ကျမ ပိုက်ဆံရှာဖို့လိုတယ်။ ပြီးတော့ မိသားစုထဲမှာ တယောက်ယောက်အမာခံ စီးပွား မရှာနိုင်၊ ပညာမသင်နိုင်ရင် ကျမတို့မိသားစု ဘယ်တော့မှ စီးပွားရေး၊ ပညာရေး နလံထူလာနိုင်တော့မှာမဟုတ်ဘူး။ ကျမ တို့မျိုးဆက်က တဆင့်ထက် တဆင့်နိမ့်ကျသွားဖို့ပဲရှိတယ်။ ကျမကို ကူပါအဖေ”

ခင်လေးက အသင့်ရှာဖွေ ကော်ပီကူးထားသည့် နိုင်ငံရေးခိုလှုံခွင့်လျှောက်လွှာလေးကို အဖေမြင်သာအောင် ရှေ့သို့ ထိုးပေး လိုက်သည်။ အဖေက အဲသည်လျှောက်လွှာကို မသတီစရာ အကောင်တကောင်ကို တွေ့လိုက်သည့်နှယ် စိတ်မသက် မသာနှင့်ကြည့်နေလေသည်။

“ကျမ တသက်မှာ အဖေ့ကို တခါမှ ဘာမှ မတောင်းဆိုဘူးခဲ့ပါဘူး။ ဒီတခါလောက်တော့ အဖေ မွေးထားတဲ့ သမီး တယောက်အတွက် လုပ်ပေးလိမ့်မယ်လို့ ကျမ မျှော်လင့်ပါရစေ အဖေ၊ ကျမ သွားချင်နေတာ ချမ်းသာချင်လွန်းလို့ ရယ် လို့လည်း မဟုတ်ဘူး။ နိုင်ငံရေးပဲလုပ်လုပ်၊ ပညာရေးပဲလုပ်လုပ်၊ ပိုက်ဆံမရှိရင် ဘာမှလုပ်လို့မရဘူးအဖေ။ ဒါကြောင့် ကျမ ပိုက်ဆံ ရှာရမယ်။ ပိုက်ဆံမရှိဘဲ စိတ်ကူးတွေ ရည်မှန်းချက်တွေ ထားနေတာ နေ့ခင်းကြောင်တောင် အိမ်မက်ယောင်နေ သလို ဘာအဓိပ္ပာယ်မှမရှိဘူးအဖေ။ ကျမ ဘ၀ကို လက်တွေ့ကျကျ ရင်ဆိုင်ချင်တယ်။ အဖေ ကူညီမှ ဖြစ်မှာမို့လို့ပါ”

“အဖေ့တသက်မှာ ဘယ်သူ့ဆီကမှ ဘာအခွင့်အရေးမှ မယူခဲ့ဘူးသမီး။ တကယ်ဒုက္ခမရောက်ဘဲ ဒုက္ခရောက်ပါတယ်လို့ အဖေ မညာနိုင်ဘူး။ အဖေနိုင်ငံရေးလုပ်နေတာ အဖေ့နိုင်ငံကိုချစ်လို့။ အထူးသဖြင့် နိုင်ငံရေးလုပ်တာကို ဘန်းပြပြီး နိုင်ငံခြားထွက်ခွင့်ရဖို့ ကြိုးစားလိုက်ရင် အဖေတသက်လုံးလုပ်ထားသမျှတွေ သဲထဲရေသွန်ဖြစ်ကုန်တော့မယ်”

ခင်လေး စာရွက်များကို အသာပြန်ရုပ်လျှက် အဖေ့ရှေ့မှ အောင်မြင်စွာတပ်ခေါက်လာခဲ့ရသည်။

ခင်လေး အိပ်ယာဆီသို့ပြန်လာချိန်မှာ အစာအိမ်ထဲက ထိုးပြီးအောင့်လာသည်။ အန်ချင်သလိုလို ပြည့်ကျပ်သော ဝေဒနာ က အပြင်းအထန်နှိပ်စက်လာပြန်သည်။ အံကိုတင်းတင်းကြိတ်ရင်း…ငါဘာလုပ်ရမလဲ…ဟု အထပ်ထပ်မေးဖြစ်သည်။ အခုအချိန်မှာ တယောက်ယောက်က တခုခုလာပြောမည်ဆိုလျှင် ခင်လေး၏အနေအထားသည် ချောင်ပိတ်မိသော ခွေးတကောင်၏ စိတ်ဓာတ်မျိုးဖြင့် မည်းမည်းမြင်တိုင်း ထိုးဟောင် ထိုးဟပ်လုပ်ပစ်ရန် အသင့်အနေအထားဖြစ်နေခဲ့သည်။

နိုင်ငံရေးအသိုင်းအ၀ိုင်းကြားမှာ ပြစ်မျိုးမထင်ဖြစ်ရန်ကိုသာ စိတ်အားသန်သောအဖေ့၏ ကိုယ်ကျိုးမဲ့ဝါဒသည် သူများတွေ အတွက်တော့ သူရဲကောင်းစိတ်ဓာတ်ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ ခင်လေးအတွက်ကတော့ အဖေ အိမ်ထောင်ပြုပြီး ခင်လေးတို့ကို လူဖြစ်စေခဲ့ခြင်းက သူ့ဒုက္ခမျိုးစုံအား အဆင်သင့်ဝင်ခံပေးရန်အတွက် အသုံးချရုံ သက်သက်.. ဆိုသည့် မကြားဝံ့ မဆိုသာသော အတွေးဆိုးကြီးက ကြာလေကြာလေ ပိုမိုခိုင်မာလေသာ ဖြစ်၍နေတော့သည်။

သားသမီးများ၏ ရှေ့ရေးကို ဘယ်တော့မှ ထည့်မတွက်ပေးဘဲ ရွက်ကျပင်ပေါက်များလို ကိုင်းကျိုးကျရာမှာ ရှင်သန်စေ လိုသော အဖေ့ထံက သည်လိုတုန့်ပြန်မှုမျိုးကိုရမည်ဆိုတာ အတွေ့အကြုံများအရ သိထားပြီးဖြစ်သော်လည်း အမှတ်မရှိစွာ တောင်းဆိုမိသော ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိ ဒေါသထွက်မိတော့သည်။ မြက်ဟောင်းကိုမွှေရင် အပုပ်နံ့ထွက် ဆိုသလို ဟိုးအရင်ကတည်းက ကျူရှင်မတတ်နိုင်သောကြောင့်၊ စာကျက်ချိန်အလုံအလောက်မရအောင် ငွေရှာနေရသောကြောင့် ကိုယ့်လောက်မှ မတော်သူတွေက ကိုယ့်ကို ဖြတ်ကျော်တက်သွားသည့် ပညာရေးခရီးရှည်ကြီးကို အစ အဆုံး ပြန်လည် သတိရရင်း အကုသိုလ်တွေ ဖောဖောသီသီ ရနေတော့သည်မှာလည်း ခင်လေးသာလျှင်ဖြစ်တော့သည်။

အဖေမနားတမ်းလည်ပတ်နေလိုသည့် နိုင်ငံရေးယန္တယားကြီးအတွင်းမှာ ခင်လေးအား မနားတမ်းပတ်ပြေးပေးနေရသည့် ခွေးသွားစိတ်လေး တခုလိုသာ အသုံးချချင်နေပုံရသည်ဟူသော ခံစားချက်က ခင်လေးကို အနာကျင်ဆုံးနှင့် အနက်ရှိုင်းဆုံး နှိပ်စက်ကလူနေလေသည်။

တကယ်တော့ ခင်ခင်လေး၏ လူ့ဖြစ်စဉ်သမိုင်းကြောင်းသည် အမေ့ဗိုက်ထဲကထွက်လာချိန်မှစ၍ အလုပ်ကြမ်းနှင့် လွတ်ရက်မရှိသော အကျဉ်းထောင်တခုထဲသို့ ပစ်ချခံလိုက်ရခြင်းထက် ဘာတခုမှ မပိုခဲ့။

ခွာညို

ဇူလိုင်လ (၂၅) ရက်။

ဂျပန်နိုင်ငံအခြေစိုက် အလင်းအိမ် တွင် ဖော်ပြပြီး

5 Comments:

Unknown said...

အမဆုမွန်ရေ...

မခွာညို ဆောင်းပါးလေးကို ခံစားဖတ်ရှုသွားပါတယ်...

အခုလို အခန်းဆက်ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ...

မေလေး said...

ခင်ခင်လေးလို မိန်းကလေးမျိုး လက်ချိုးမရေနိုင်အောင် ရှိနေမှာ သေချာပါတယ်။

မြ said...

ကျုပ်က လုံးချင်းဝတ္ထုရေးနေတာပါ ကိုလေး ပြည့်စုံရယ်။ ဆောင်းပါး မဟုတ်ရပါဘူး။
သတင်းဆောင်းပါးတွေ ရေးရလွန်းအားကြီးလို့ ရသပျောက်နေပြီထင်ပါရဲ့။

ကောင်မလေးရေ...
တကယ်တော့ မြန်မာပြည်ထဲက ထိပ်ထိပ်ကျဲ ချမ်းသာတဲ့အသိုင်းအ၀ိုင်းမှာ မွေးဖွားလူဖြစ်ခွင့်မရတဲ့လူငယ်တိုင်းဟာ ခင်ခင်လေး တွေချည့်ပါပဲ။ ခင်ခင်လေးဟာ ချောင်ပိတ်မိနေတဲ့ မြန်မာလူငယ်တိုင်းရဲ့ သင်္ကေတ နမိတ်ပုံတခုအနေနဲ့ ချပြလိုက်တာပါ။

မင်းအိမ်ဖြူ Minn Eain Phyu said...

တကယ်ကောင်းပါတယ်

နည်းနည်းလေးတော့ ကြမ်းသလိုပဲ ထင်ရတယ်
( ဒီလိုစာ မျိုးက ကျွန်တော်တို့ ဗုဒ္ဒဘာသာဝင်တွေ အနေ နဲ့ ရေးခဲတယ်လေ ၊ တခါတလေတော့ အဲ အများစုတော့ အဲဒီလို ခံစားရပါတယ်လေ ၊ ဟုတ်တယ်)

အခုလို အခန်းဆက်လေးတွေ တင်ပြပေးတာ ကျေးဇူးတင်ပါတယ် ဗျာ

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

Khwanyo said...

ဟုတ်ပါတယ်-ကိုမင်းအိမ်ဖြူ။
တချို့အဖြစ်မှန်တွေက နားဝင်အလွန်ဆိုးပါတယ်။ အမှန်ကို အမှန်အတိုင်း ဒဲ့ပြောလွန်းလို့ ကျမအဖေကဆို အမြဲနောက်သလိုလိုနဲ့ သတိပေးတဲ့စကားရှိတယ်။ “ဟ..ဟုတ်တော့ကော ဟုတ်တိုင်းပြောရမှာလား” တဲ့။

ဒါပေမယ့် သားသမီးတွေကို မိဘတွေတကယ်ချစ်တတ် စောင့်ရှောက်တတ်ဖို့လိုသေးတယ်မဟုတ်လား။ သူ့ဘက် ကိုယ့်ဘက် မျှတဖို့ဆိုတာ မိဘနဲ့သားသမီးကြားမှာလည်း ရှိသင့်တဲ့ကိစ္စတရပ်ပါပဲ။

ဒါက ၀တ္ထုဖြစ်အောင်ရေးတဲ့အခါမှာ တခန်းနဲ့တခန်းဆက်စပ်မိဖို့ အဖေကို နိုင်ငံရေးသမားတယောက်လို့ ပြောပေမယ့် အဲလိုအဖေမျိုးက ဆရာဝန်ထဲမှာလည်းရှိနိုင်တယ်။ ဆိုက်ကားသမားထဲမှာလည်း ရှိနေတာပါပဲ။ ကိုယ့်အတ္တကိုယ်ပဲ ချစ်တဲ့သူမျိုးတွေရှိနေသရွေ့ ပန်းတကုံးတင့်တင့်တယ်တယ် ပန်ဆင်ခံရဖို့ အဖြည့်ခံကြိုးလေးတွေက အမြှုတ်နှံခံနေကြရအုံးမှာပဲမဟုတ်လား။

ပန်းကုံးလေး လှတာကို ချီးကျူးတတ်သူများ ပန်းတွေအောက်မှာ မြုတ်နေတဲ့ ကြိုးကလေးရဲ့ ခံနိုင်ရည်အားနဲ့ပေးဆပ်မှုကို အသိအမှတ်ပြုတတ်ကြမယ်ဆိုရင် ကျမ အချောင်ငရဲစာတွေ ရေးရကျိုးနပ်ပါပြီ လို့ ပြောရမှာပါပဲ။