တံလျှပ်ရွှေပြည် အပိုင်း (၂)

အခုတော့ ဦးဝေငြိမ်းဟု လူတွေက ခေါ်စပြုခံနေရတဲ့ “ကျောင်းသား” ဆိုသည့် အခေါ်အဝေါ်ကို နှစ်သက်စွာ အခေါ်ခံလိုဆဲ သူတယောက်။

အမေရိကန်၏ စီးပွားပျက်ကပ်အတွင်းမှာ ကိုယ်ပါ ရောပြီး အလုပ်လက်မဲ့ဖြစ်သွားရပြန်သည့်အချိန်ပိုင်းလေးမှာ ဟိုဟို ဒီဒီ လျှောက်သွားဖြစ်သည်။ တကယ့်ကို ဟိုဟို ဒီဒီပါပဲ။

ရာသီက နွေဦးဆိုပေမယ့် မိုးက စိတ်မထင် မထင်သလို ထထရွာနေတတ်သေးသည့်အချိန်။ သို့သော် အမေရိကန်ရောက် မြန်မာလူမျိုးအတွက် နေသာထိုင်သာ အအေးပေါ့ချိန်ဟု ပြောရမည့် အချိန်ပိုင်းလေး။

ရွက်စိမ်းနုနု ပရစ်ဖူးလေးတွေ ရှင်သန်ပေါက်ဖွားလာသည့်အချိန်…. မြင်မြင်ရာတိုင်း အစိမ်းရောင်လွှမ်းနေတာကို ခြေဦးတည့်ရာလျှောက်သွားငေးမောရင်း မြန်မာပြည်ထဲပဲ ပြန်ရောက်နေသလိုလို...

သို့တိုင်အောင် မြန်မာ့နွေဦးမှာ တွေ့ရသည့် စိန်ပန်း၊ ပေါက်၊ လဲ ပန်းနီနီလေးများကို မတွေ့ရ။ ငုနဲ့ ပိတောက်ကို မတွေ့ရ သည့်အပေါ် နာကျင်လစ်ဟာသည့် ခံစားချက်ကိုတော့ တတ်နိုင်သမျှ မေ့ချင်ယောင်ဆောင်နေခဲ့ရပြန်ပါသည်။ တော်လှန် ရေး၏ သွေးနမိတ်ဆန်သည့် ပင်လုံးကျွတ်ရဲနေအောင်ပွင့်တတ်သည့် မတ်လ၀န်းကျင်ကပန်းများကို သူ တကယ်တော့ ဘယ်တော့မှ မမေ့နိုင်- မမေ့ရက်ခဲ့ပါ။

အမေရိကန်မှာကျတော့ နွေဦးတွင် သစ်ပင်တို့က စိမ်းနုလန်းဆတ်သည်။

စပရင်း Spring မတိုင်ခင် ဖောလ် fall ရာသီကို လှရက်နိုင်အားလှချည့်ဟု ဌာနေလူတို့က စာဖွဲ့ကြသည်။
ခဲနှင့် နီညိုမှိုင်းတို့စပ်ထားသည့် အရောင်မွဲမွဲ သစ်ပင်တွေက ရိုးတံငေါက်တောက်နှင့်…တချို့အပင်တွေက ရဲရဲနီနေသည့် သစ်ရွက်တွေကို ခြွေချလျှက်..တချို့က ပိတောက်ခြောက် ရောင်ဆန်ဆန်သို့ တဖြည်းဖြည်းကူးပြောင်းလျှက်ရှိနေတာကို မြင်ရတိုင်း ဆယ်တန်းစာမေးပွဲအတွက် စာအုပ်နှင့် မျက်နှာခွာ၍မရကြသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေချိန်ဆီသို့ ပြန်ပြန်ရောက်သွားတတ်သည့် မြန်မာပြည်၏ မတ်လ နွေဦးကို လွမ်းမိသည်။

သို့သော် မန်ကျည်း၊ ကုက္ကို၊ တမာ…ဘာပင်တွေပဲဖြစ်ဖြစ်..တရွက်ကြွေသည့်နေရာမှာ တဖူးထွက် လာသည့် ပုရစ်ဖူးလေး တွေနှင့် သစ်ပင်ကြီးတွေက ဒီက ရွက်ကြွေရာသီလောက် ခြောက်ကပ်ကပ်မနိုင်။ နေရောင် စူးရဲရဲ အောက်မှာပင် အအေး ဓာတ်ကို ခံစား၍ရနိုင်သည့် သဘာဝအအေးကို သူတမ်းတမိသည်။

အော်…နှစ်ပေါင်း နှစ်ဆယ်တောင် ကြာခဲ့ပေါ့……

တနေ့က ဒီပဲရင်းနှစ်ပတ်လည်အတွက် အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြကြရန် သူ့အား လှမ်းပြီး တယောက်ပြီး တယောက်ခေါ် ကြသည်။ မလာနိုင်ဘူး…ဟု ပြောလွှတ်လိုက်၏။ အလုပ်လက်မဲ့ဖြစ်နေချိန်မှာတောင် ကိုယ့်နိုင်ငံအတွက် ကိုယ့်ခေါင်း ဆောင်အတွက် အချိန်လေး မပေးနိုင်ရကောင်းလား….ဟု စကားနာထိုးသူကထိုးသည်။

စစ်အုပ်စုလက်ပါးစေတို့၏ ရိုက်နှက်ခံရမှုဖြင့် ကွယ်လွန်.(.တကယ်တော့ ကျဆုံး…ဟုသာ သုံးရပါလိမ့်မည်။) သွားခဲ့ကြ သော အပြစ်မဲ့ ပြည်သူများအတွက် ဆွမ်းသွတ်မည့်အစီအစဉ်ထဲမှာတော့ အလှူငွေ ထည့်ဝင်ပေးလိုက်ပါသည်။ သူ့ အနေ နှင့် ဘယ်ကိုမှ မသွားချင်လောက်အောင်ဖြစ်နေတာကိုတော့ ၀န်ခံရပါလိမ့်မည်။ ဘယ်မှ မသွားဘဲနေယုံမျှဖြင့် သူ့အား အမေရိကန်မှာအနေကြာပြီး မြန်မာ့တော်လှန်ရေးကို မေ့လျော့သွားပြီဟု စွတ်စွဲလျှင်တော့ သူ့အနေနှင့် ဘာမှ တုန့်ပြန် ဖြေရှင်းနေမည်မဟုတ်။

လူတိုင်းလူတိုင်းက ကိုယ့်တိုင်းပြည်နှင့်ကိုယ့်လူမျိုးကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ချစ်တတ်ကြသူချည်းဟု သူယုံသည်။ တိုင်းပြည်အပေါ်ထားသည့် သူ့ချစ်မြတ်နိုးစိတ်နှင့် သစ္စာတရားကို သူဘာသာယုံကြည်သည့်အတွက် သူများ၏ ဝေဖန် စကား လောက်နှင့်တော့ သူက တုန်လှုပ်မည်မဟုတ်သလို နာကျင်ခံစားလိမ့်မည်လည်းမဟုတ်။ နှုတ်တုန့်ပြန် နေမည် လည်းမဟုတ်ပေ။

တိုင်းပြည်ကို ချစ်ချင်ယောင်ဆောင်နေသူများစွာထဲမှာ ငါမပါ…ဟု လည်း လက်သီးလက်မောင်းတန်းနေရန်လည်း စိတ်ကူးမရှိ။ အားလုံးက ကိုယ့်သမိုင်းကိုယ်ရေးရင်း ကိုယ့်စရိတ်ကိုယ်ရှာနေသူများဖြစ်သည်။ ကိုယ့်သမိုင်းကို ကိုယ်က ရေးသော်လည်း ကိုယ့်သမိုင်းမှတ်တိုင်ခိုင်မာမြဲမြံဖို့ကိုတော့ သူများက ကောက်ထူစိုက်မတ်ပေးလိမ့်မည်။ ဒါကို မှတ် ကျောက်တင်သည်ဟု ခေါ်ရမည်လား မသိပါ။

ဘယ်လိုပဲပြောပြော တကယ်အချိန်ကျလာသည့်အခါကျတော့ မသွားဘဲလည်း မနေနိုင်စွာ သူ့ကားစုတ်ကလေးနှင့် သံရုံး ရှေ့ကို ရောက်လာခဲ့သေးသည်။ လူလေး ဆယ့်လေးငါးယောက်နှင့် ဆိုင်းဘုတ်လေးတွေကိုင်…အော်လံလေး နှစ်ခုနှင့် ဆန္ဒပြပွဲကို ကျင်းပနေသည့် သူများကို ကြည့်ကာ ရင်ထဲဆွေးမြည့်နွမ်းလျသွားသည်။ သူတို့တုန်းကတော့ ခေတ်ကောင်း ချိန်…ဟုပြောရမည်။ ဆန္ဒပြသူတွေ အနည်းဆုံးတော့တရာ့လေးငါးဆယ် ရှိနေတတ်ခဲ့၏။

အမေရိကားသို့ နည်းအမျိုးမျိုးနှင့် တရားမ၀င်ရောက်နေကြသော မြန်မာပြည်သားများရော မြန်မာနွယ်ဖွား နိုင်ငံခြားသား များရော နိုင်ငံရေးရာသီဆိုးသောကြောင့် ကံဆိုးမိုးမှောင်ကျစွာ ကျဆုံးခဲ့ရသည့် အမည်ပျောက်သူရဲကောင်း အာဇာနည် များက သွေးနှင့်ရေးခဲ့သော သမိုင်းဝင်မော်ကွန်းနေ့များတွင် တအုပ်ကြီး အတမကြီး သံရုံးရှေ့မှာ လက်သီးလက်မောင်း တန်းခဲ့ကြသည်။

ဖရီး... ဖရီး... ဖရီး... ဘားမား…ဟု လည်ချောင်းကွဲမတတ်အော်ဟစ်ခဲ့ကြသည်။
ဖရီး... ဖရီး... ဖရီး... ဒေါ်အောင်ဆန်းစုကြည်…ဟု သံချပ်ဆန်ဆန် သံပြိုင်သီကြွေးခဲ့ကြသည်။
ဖရီး... ဖရီး... ဖရီး... အောလ် ပိုလစ်တစ်ကယ်လ် ပရီးဇဲန်းနား…ဟု တောင်းဆိုခဲ့ကြသည်။

သို့သော် မြန်မာပြည်တွင်းမှ အကျဉ်းစံ မျိုးချစ် နိုင်ငံရေးသမားတွေကဖြင့် သည်က သံရုံးရှေ့အော်ယုံနှင့် တယောက်မှ မလွတ်ခဲ့။

သို့သော် အမေရိကန်ရောက် တရားမ၀င်နေထိုင်နေသူ လူတော်တော်များများကတော့ သူတို့ဓာတ်ပုံတွေ ကမ္ဘာ့ သတင်း စာထဲမှာ ပါလာသည့်အတွက် မြန်မာပြည်ပြန်လျှင် အဖမ်းခံရမှာစိုးသောကြောင့်ဆိုပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက် သည်နှင့် အမေရိကားတွင် တရားဝင်နေထိုင်ခွင့် ရရှိသွားခဲ့ကြသည်။

နိုင်ငံနှင့် လူမျိုးကို ချစ်တတ်သူများကဖြင့် သေသွားသည့်ဟိုမှာဘက်ထိ ဒါမှမဟုတ် နံရံတွေခြားထားသည့် အုတ်တံတိုင်း နီနီတို့ကြား ညပ်ပိတ်လှောင်သွပ်ခံထားရသည့်အဖြစ်နှင့် ကိုယ့်ပြည်သူကို ရောက်ရာနေရာမှာ အနေချောင် အစားချောင် အောင် ဖန်တီးပေးနိုင်စွမ်းကြပုံများကို ဆင်ခြင်ရင်းက သူ့ကားလေးကို ဖြည်းညင်းစွာလှိမ့်ထွက်လာခဲ့သည်။

သံရုံးရှေ့ကပြီးလျှင် အိမ်ဖြူတော်ရှေ့သွားမြဲထုံးစံဖြစ်သောကြောင့် အိမ်ဖြူတော်ရှေ့က ပန်းခြံထဲ ခပ်လှမ်းလှမ်းတနေရာက စောင့်ကြည့်လိုသောကြောင့်ဖြစ်သည်။ သံရုံးရှေ့ပွဲက သိပ်မလှ။ စနေနေ့ဖြစ်သောကြောင့် သံရုံးပိတ်ထားသည့်အတွက် အော်ရသည်မှာရော ကြည့်ရသည်ကပါ သိပ်ပြီး စိတ်ပါဝင်စားဖို့မကောင်းလှပေ။ သို့သော် အော်နေကြသည့် အဲသည့် လူနည်းစုလေးထဲမှာ အုပ်အရောရော..ကျောက်အရောရောတွေ မပါဘဲ နိုင်ငံရေးသီးသန့်လေး ဖြစ်နေသည့်အတွက်ကိုတော့ဖြင့် ဆန္ဒပြနေသူများအပေါ် လှိုက်လှိုက်လှဲလှဲ ချီးကျူးမိလိုက်ပါသည်။

သူ အထက်တန်းကျောင်းသားဘ၀က ဆရာများနားနေဆောင်ရှေ့က ဖြတ်လျှောက်စဉ် ဆရာမအိုကြီးတယောက်က အားကျိုးမာန်တက်စာသင်နေနိုင်သေးသည့် ဆရာ ဆရာမပေါက်စလေးတွေကို ကြည့်ကာ ခပ်ပြုံးပြုံးပြောလိုက်သည့် စကားလေးတခွန်းကို သတိရကာ ခပ်ဖွဖွ ပြုံးလိုက်မိသေးသည်။

“အေး...တံမျက်စည်း အသစ်လေးတွေ...လှဲကောင်းတုန်း လှဲထားကြ၊ တို့ကတော့ အမွေးတုံးနေပြီ။ အမှိုက်မစင်တော့ဘူး”

-------------------------------------------------------

အိမ်ဖြူတော်ရှေ့သို့ ရောက်သောအခါ အတော်လေး အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်လိုက်မိသည်။ ကိုယ့်အရင် ဦးအောင် လူအင်အား (၂၀၀)လောက်ရှိသော တမီလ်လူမျိုးများက အုံနှင့်ကျင်းနှင့် အင်နှင့်အားနှင့် သူတို့လက်လွှတ်လိုက် ရသော နယ်မြေအတွက် တောင်းဆိုဆန္ဒပြသံက ကျွက်ကျွက်ညံနေသောကြောင့်ဖြစ်သည်။

အစိုးရစစ်တပ်လက်ချက်နှင့် ကျဆုံးသော သူပုန်များအကြောင်း ဖတ်ရသည့်အခါတိုင်း ကိုယ်ကိုယ်တိုင် မာနယ်လ်ပလော ကို စွန့်ခွာခဲ့ရသည့်အဖြစ်ကို ပြန်ပြောင်းခံစားမိသည်။ ထို နှစ်ပေါင်း နှစ်ဆေယ်ကျော်က စိတ်ဒဏ်ရာသည် မနေ့တနေ့က လိုပဲ အစိမ်းလတ်လတ် နာကျင်မှုကို ပေးနိုင်စွမ်းပါသေးသည်။

သူတို့က စနေနေ့တိုင်း ကံထရိုက်ဆွဲထားသလို လာကြတာဖြစ်သည်။ ထမင်းထုတ်များ၊ စားကောင်းသောက်ဖွယ်များ၊ အပြည့်အစုံထည့်လာပြီးမှ တောင်းဆို ဆန္ဒပြနေသည့်အတွက် အားနှင့်အင်နှင့်ဟု ပြောရခြင်းဖြစ်သည်။ အော်လိုက်… မော သူများက လူလဲကာစားသောက်လိုက်…ပြန်အော်လိုက်….သစ်ရိပ်ကောင်းကောင်းမှန်သမျှမှာ တမီလ်များနှင့် ပြည့်နေ သည်။ မြန်မာအုပ်စုက ကျို့တို့ကျဲတဲနှင့် အိမ်ဖြူတော်နှင့် မျက်နှာချင်းဆိုင်က ပန်းခြံရိပ်မှာ မြန်မာသံရုံးရှေ့က လူတွေ ဒီဘက်အကူးကိုစောင့်နေကြသည်။

ကိုယ့်လူတွေလာရင် သည်အသံကို တိုး၍မှပေါက်ပါ့မလား…ဟုလည်း တွေးပူမိသည်။ အစောင့်ရဲတွေကတော့ တခုခု စီစဉ်ပေးလိမ့်မည် ဆိုတာ သေချာပါသည်။ မင်းတို့တော်တော့…သူတို့အလှည့်ရောက်ပီ..စသည်ဖြင့်….

အိမ်ဖြူတော်ခြံဝန်းကြီးက ကျယ်ပြန့်သလောက် ငြိမ်သက်လျှက် ဆန္ဒပြအော်ဟစ်နေသူများကို နြေ္ဒကြီး တခွဲသားနှင့် လက်ခံကြားနာပေးနေသယောင်ယောင်။ အော်ချင်လို့သာ လာအော်ရ… အိုဘားမားကဖြင့် သူ့အိမ်ထဲရှိတောင်မှ ရှိပါ့မလား မသိ။ သူကလည်း အငြိမ်းစားဇွတ်အပေးခံခဲ့ရပြီးမှ နေအိမ်အကျယ်ချုပ်ဖြစ်သွားရရှာသော မြန်မာစစ် ဗိုလ်ချုပ်ကြီးခင်ညွန့် လို အလွန် ခရီးထွက်သူတယောက်ဖြစ်နေပြန်သည်။ သို့သော် မင်းနားတထောင်ဆိုသလို…. သူ့အိမ်ရှေ့မှာ လာအော်စဉ် သူမရှိသည့်တိုင် နားထောင်ထားသည့်သူတွေက သူ့ကို အစီရင်ခံလိမ့်ပေမပေါ့။

အိမ်ဖြူတော်သည် မြန်မာပြည်က ဗိုလ်ချုပ်ရွာများလောက်…ဗိုလ်ချုပ်ကြီးနေ၀င်းစံမြန်းခဲ့ရာ အေဒီလမ်းလို လူမပြတ်။ …ပြည်သူများနှင့် ကင်းကင်းကွာကွာ သူစိမ်းမဆန်မှုကို ခံစားနိုင်သည်။ သူ့ဟာသူ အတွင်းပိုင်းမှာ နိုင်ငံ့ခေါင်းဆောင် တယောက်နှင့်သင့်တင့်သည့် ခင်းကျင်းခမ်းနားမှုမျိုး ရှိကောင်းရှိနိုင်ပေမည်။ လုံခြုံရေးအစောင့်များကိုလည်း တင်းကြမ်းထပ်အောင် ထားကောင်းထားနိုင်ပေမည်။ သို့သော် တကယ်တွေ့ရသည် မြင်ကွင်းက ခြံဝန်းအကျယ်ကြီးထဲမှာ ရှိနေသည့် အဖြူရောင် အိမ်ခပ်ကြီးကြီးတလုံးမျှသာဖြစ်သည်။ ထို့အတူ အစောင့်ဟူ၍လည်း ဆန္ဒပြသူများ စနစ်တကျဖြစ်ရေးနှင့် ယာဉ်ကျောမပိတ်ဆို့ရေးအတွက် တာဝန်ယူပေးနေသည့် ယူနီဖောင်းဝတ် လူငယ်လေး နှစ်ယောက်သုံးယောက်၊ ပုလိပ်ကားကလည်း ဟိုဘက် ဒီဘက် ထိပ်နှစ်ဖက်ပေါင်းမှ နှစ်စီးတည်း။ နောက်ပြီး မြင်းကြီးစီးကာ ရှေးဆန်ဆန် ခပ်ဖြေးဖြေးပတ်နေသည့် တယောက် ဒါလောက်ပဲရှိသည်။

သမတအိမ်တော်ဟူ၍ လက်နက်ကိုင်အပြည့်နှင့် စောင့်နေတာမျိုး မျက်စိနောက်ရအောင် စိတ်အနှောင့်အယှက်ဖြစ်ရ အောင် မတွေ့ရသည်ကိုက စိတ်ကြည်နူးစရာ…။ နိုင်ငံခြားသားတွေလည်း လာ၍ရသည်။ လူငယ်လေးများကလည်း စကိတ်စီးကာ ပတ်ပြေးနေကြသည်။ ပန်းခြံထဲတွင် မိသားစု နွေရာသီအပန်းဖြေ ပျော်ပွဲစားထွက်သည့် အုပ်စုလေးတွေက လည်း အေးအေးလူလူပင်။ ဘယ်သူ့ ဘယ်သူကိုမှ အနှောင့်အယှက်မဖြစ်စေကြဘဲ ကိုယ့်နည်းနှင့်ကိုယ် အပမ်းဖြေ နေကြလေသည်။ ပန်းခြံအ၀င်တွင် လက်နက်ပါမပါစစ်ဆေးဖို့..မှတ်ပုံတင်ပြခိုင်းဖို့ဆို ဝေးရော….

အင်း…တကယ်လို့ လူအင်အားလိုနေရင်တော့ ၀င်အော်ပေးအုံးမှပါပဲ….။

“ဟေး….ဘာဖြစ်လို့ဖုံးဆက်တာလဲကွ။ ငါအားရင် ဖုံးခေါ်မယ်ပြောထားရဲ့နဲ့”

ရုတ်တရက် ဦးဝေငြိမ်းအနားက ပေါ်လာသည့် ဗမာစကားပြောသံကြောင့် အသံလာရာဆီသို့ ခေါင်းငဲ့ကာ စပ်စုလိုက်သည်။ ကိုယ့်အသိများလားလို့။ မဟုတ်ပါ။ သို့သော် အ၀တ်အစားသေသေသပ်သပ်နှင့် အသက် သုံးဆယ်ဝန်းကျင် လူငယ် တယောက်ကိုတွေ့ရသည်။ ရည်းစားနဲ့ ရန်ဖြစ်နေလားမသိ ဟုတွေးကာ ငယ်မူပြန်ပြီး သူများကိစ္စမှာ ၀င်ပြုံးလိုက်မိ သေးသည်။ အင်း…ဒီမှာအနေကြာတဲ့ယောက်ကျားတယောက်က မြန်မာမိန်းကလေးကိုရှာပြီး ရည်းစားထားတယ်ဆိုလည်း မဆိုးပါဘူး…ဟု ကိုယ့်လူကိုယ် အမှတ်ပေးလိုက်ပြန်သည်။

“….ဟာ..လေးလေး ပြန်ခေါ်လို့မရဘူးလေကွာ၊ သမတအိမ်ဖြူတော်ရှေ့က ပန်းခြံထဲရောက်နေတာကွ။ ….. ဘာလို့ရောက် လဲ…ဆိုတော့ အလုပ်က ရက်အလျှော့ခံရလို့ ….နောက်တလုပ်မရခင် စိတ်ရောလူပါ အပမ်းဖြေတယ်ဆိုပါတော့။ ဒီနေ့က ဒီပဲရင်းနှစ်ပတ်လည်နေ့ကွ။ ဒီနေရာမှာ လာပီး မြန်မာလူမျိုးတွေ ဆန္ဒပြကြမှာမို့လို့ လေးလေး လာစောင့်နေတာ။

…..ဘာလဲ ဒီပဲရင်း နှစ်ပတ်လည်ကို မင်းမသိဘူး။ အဲဒါ တို့ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အဖွဲ့ဝင်တွေကို မင်းတို့စစ်အစိုးရက သတ်ဖို့ ကြိုးစားခံရတဲ့နေ့ကွ။ လူတွေ အများကြီးသေခဲ့ကြတာ။ ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီကတည်းက နေအိမ်အကျယ်ချုပ်နဲ့ အထားခံရတာ အခုထိပဲ၊အဲဒါကို ပြန်လွှတ်ပေးဖို့ လာပြီးတောင်းဆိုကြမှာ”

ဦးဝေငြိမ်း ထိုလူရွယ်ကို နည်းနည်းတော့ စိတ်ဝင်စားသွားသည်။ နိုင်ငံရေးအသိုင်းအ၀ိုင်းထဲကလား။ ဒီလိုဆိုရင် ဂိုဏ်းတူညီအကိုတွေပေါ့….။

“ဟ အိုဘားမားကို လာတောင်းလို့ ဒေါ်စုမလွတ်တာတော့ မင်းပြောမှလားကွ။ ဒါပေမယ့် ဒီလိုပဲ ပွဲပီးမီးသေမဖြစ်အောင် ထထဆူပေးဖို့ကလိုသေးတာကိုးကွ။ မဟုတ်ရင် လုပ်တိုင်းခံနေရမှာပေါ့။ နည်းနည်းတော့ အော်ပေးနေမှ ထင်တိုင်းမကျဲရဲမှာပေါ့။ ကိုယ့်လူ၊ ဖုံးချလိုက်တော့ နိုင်ငံရေးအကြောင်းဆွေးနွေးနေဖို့ မင်းကို ငါ ဖုံးဖိုး ထပ်မပို့နိုင်ဘူး။ ငါ အိမ်ပြန်ရောက်ရင် ဂျီတော့ကနေ ခေါ်လိုက်မယ်။ ဟုတ်ပီလား”

လူရွယ်က သူ့အား သိသိသာသာစပ်စုနေသော ဦးဝေငြိမ်းအား တချက်ဝေ့ကြည့်ကာ ဖုံးပိတ်လိုက်သည်။ ယောက်ကျားရင့်မာကြီးဖြစ်ပြီး စပ်စုရကောင်းလား…ဟု တွေးလျှင် ယောက်ကျားသိက္ခာကျပေတော့မည်။ ထို့ကြောင့် ယဉ်ကျေးဖွယ်ရာ မိတ်ဆက်ရင်း ကိုယ့်သိက္ခာကိုယ်ပြန်ဆယ်ရသည်။

“ညီက ဗမာပြည်မှာတုံးက ဘယ်မှာနေလဲ”

လူရွယ့်မျက်နှာ လက်ကနဲ ၀င်းသွားသည်။ နိုင်ငံရပ်ခြားမှာ ဗမာလူမျိုးတယောက်ကို အသိတိုးခြင်းသည် ဆွေမျိုးတယောက်ကို တွေ့လိုက်ရသလိုပင် သည်လို ပျော်ရွှင်သွားတတ်ကြသည်။ နောက်မှ မတည့်တာတွေ ဘာတွေကနောက်ပိုင်းကိစ္စ။ တွေ့တွေ့ချင်းပျော်ကြတာကတော့ အမှန်။

“ကျနော်က ပခုက္ကူဘက်ကပါ အကို။ ထွက်တုံးက မလေးကို ထွက်တာ။ နောက်သူငယ်ချင်းတွေအဆွယ်ကောင်းတာနဲ့ ပတ်စ်ပို့အတုနဲ့ဝင်လာတာ။ ကံကောင်းလို့ ရောက်တော့လာပါရဲ့။ ကံဆိုးတော့ ထင်တိုင်းမဖြစ်ဘူး။ စိတ်ကူးလိုက်တုံးကတော့ အမေရိကားရောက်ရင် အကုန်ပြေလည်သွားမယ်။ လုပ်တိုင်းဖြစ်မယ်ထင်ခဲ့တာ။ အခုတော့ စားပွဲထိုးအဆင့်…ဘူတာရုံမှာ လက်ဆောင်ပစ္စည်းရောင်းတဲ့အဆင့်ကနေ ကျော်လို့ကို မရဘူးဗျာ”

“ဒီလိုပါပဲ ညီရာ။ ရုန်းကြရတာပါပဲ။ နောက်တော့ ပြေလည်သွားမှာပါ။ တရားမ၀င်ဆိုတော့ လခမှာစကားပြောရမယ်”

“နည်းတာပေါ့အကို။ နောက်ပီး သူများမလုပ်ချင်တဲ့အချိန်ကျမှ လုပ်ရတော့ အိပ်ချိန်စားချိန်က ကမောက်ကမပဲလေ၊ ဒါပေမယ့် အခုတော့ နည်းနည်းအခြေအနေကောင်းလာပါတယ်”

“ဟုတ်လား။ ဘယ်လိုကောင်းသွားလဲ”

လူရွယ်က ရယ်ကျဲကျဲနှင့် ခေတ္တငြိမ်သက်သွားသည်။

“မိတ်ဆွေတယောက်က အကြံပေးတယ်လေ။ နိုင်ငံရေးအုပ်စုတွေက ဒီလိုပဲ အရေးအခင်းနေ့တွေဆို သံရုံးရှေ့တို့ အိမ်ဖြူတော်ရှေ့တို့မှာ ဆန္ဒပြကြတယ်။ အဲဒီမှာ သွားသွားအော်။ ကိုယ့်ဓာတ်ပုံ သတင်းစာတွေထဲ ပါလာတဲ့အခါ အဲဒါကိုပြပြီး မြန်မာပြည်ပြန်ရင် အဖမ်းခံရမှာစိုးလို့ပါ..ဆိုပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းလိုက်ရင် ရတယ်ဆိုလို့ အဲလိုပဲ လေးငါးခြောက်လ လာလာပီး ပွဲရှိတိုင်း အော်ပြီး asylum ခံလိုက်တာ။ အခုတော့ green card တောင်ရခါနီးပီ”

ဦးဝေငြိမ်း ပြုံးလျှက် ရှက်ရွံ့ရွံ့ဖြစ်နေပုံရသော လူရွယ်ထံမှ အကြည့်လွှဲလိုက်ပါသည်။

“အကိုကရော..past post နဲ့လာတာလား”

“နိုင်ငံရေးခိုလှုံခွင့်နဲ့ပါပဲကွာ”

အော်….ဟုဆိုကာ လူရွယ်က ဆက်မေးသင့်မမေးသင့်ချင့်ချိန်လျှက် စကားစပြတ်သွားသည်။ “ကိုယ့်နံမည် ဝေငြိမ်း၊ ဒီကိုရောက်နေတာ နှစ်နှစ်ဆယ်နားနီးလာပြီ”

လူရွယ်က အံ့သြသယောင် မျက်ခုံးနည်းနည်းမြင့်သွားသည်။

“ဒါဆို ကျောင်းသားအုပ်စုကထင်တယ်” ဟုလည်း ခပ်တိုးတိုးဖြင့် ရေရွတ်သယောင်မေးသည်။ အင်း…ဟု သူကလည်း သက်ပြင်းချသယောင် အဖြေပေးသယောင် ရောချလိုက်သည်။

“ကျနော်က အောင်နိုင် ပါ။ လောလောဆယ်တော့ ဘော်လ်တီမိုးဘက်မှာနေတယ်အကို”

သူက လက်ဆွဲပြီး ခပ်တင်းတင်းဆုပ်ကိုင်လျှက် နွေးထွေးမှုကိုပြလိုက်သည်။ ထို့နောက် အပြန်အလှန် ဖုံးနံပါတ်ယူထားလိုက်ကြသည်။ နိုင်ငံရေးနှင့်ပတ်သက်သော သူသိလိုတာလေးတွေကို ရိုးသားစွာမေးလာသည့်အတွက် ဦးဝေငြိမ်းက သေချာဖြေပေးလိုက်ပါသည်။

သူတို့စကားဝိုင်းက ဟိုရောက်သည်ရောက်နိုင်လှသော်လည်း ခနလေးအတွင်းမှာ တယောက်ကိုတယောက် အရမ်းရင်းနှီးသွားသည်။ တယောက်ကိုတယောက် အကြည်ဖောက်ပြီး မြင်လို့ရကြသည်။ သူတို့စကားပြောနေစဉ် သံရုံးရှေ့က လူတွေ အိမ်ဖြူတော်ရှေ့ရောက်လာကြသည်။

ရဲက ပန်းခြံဘက်ကနေ ဆန္ဒပြလို့ မရဘူး…ဟု လာပြောတာတွေ့ရသည်။ အရင်တုံးကတော့ ရသား။ အခုမှ ဘာဖြစ်သွားလဲ မသိ…ဟု အောင်နိုင်က မချင့်မရဲပြောသည်။ နောက် အပန်းဖြေသူတချို့က အိမ်ဖြူတော်၏ ခြံတတိုင်းနားမှာကပ်ပြီးရှိနေကြသည်။ တချို့က အိမ်ဖြူတော်ပါအောင် အမှတ်တရ ဓာတ်ပုံရိုက်နေကြသည်။ တမီလ်တွေကလည်း မနားတမ်း အော်၍ကောင်းတုံး။ နားမည့်ပုံမပေါ်လာ။ ဗမာအုပ်စု သူတို့ကိုကြည့်ကာ နည်းနည်းတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ သို့သော် အော်မည် ဆုံးဖြတ်ချက်ကို ပျက်ရရိုးလား။ အလုပ်လက်မဲ့တွေ တိုးပွားနေသည့်ကြားက တနေ့စာလုပ်အားခအဆုံးခံကြကာ စီစဉ်ထားသည့်ပွဲကို မည်သူမှ အပျက်မခံ။

အိမ်ဖြူတော်ပလက်ဖောင်းကျယ်ကျယ်ကို မသွားဘဲ ထိုပလက်ဖောင်းနှင့် ပန်းခြံကြားက လမ်းမပေါ်ကို နေရာယူလိုက်ကြသည်။ ပန်းချီဆရာ တင်ကိုကို ဆွဲထားသည့် ဒေါ်စုပန်းချီကား ပဲန့်ဖလက်ကို ပိုစတာထုတ်ထားသည့် ဆိုင်းဘုတ်ကြီးက ခန့်ညားစွာ ထိုးထွက်လာသည့်တိုင် တမီလ်တွေက ဇွဲနှင့်အော်တုံး။

ရဲက မြန်မာအုပ်စုကို လာပြောတော့ တဖွဲ့ကို လေးဆယ့်ငါးမိနစ်ဆီ ဆန္ဒပြခွင့်ရမည်တဲ့။ သို့သော် အဲသည် တမီလ်တွေအော်နေသည်မှာ နာရီနှင့်ချီကာ ကြာနေသည်။ ဘာကွာလည်းတော့ မသိ။

ဖရီး…ဖရီး…ဖရီး ဖရီး…ဘားမား…

ဖရီး…ဖရီး…ဖရီး..ဒေါ်အောင်ဆန်းစုကြည်…

ဖရီး …ဖရီး…ဖရီး အောလ် ပိုလစ်တစ်ကယ်လ် ပရီဇင်းနားစ်….

နည်းနည်းနှင့် ကျဲကျဲဝိုင်းရသော်လည်း အသံတွေကတော့ တမီလ်အုပ်စုကို လွှမ်းသွားပြီး သူတို့ကလည်း ယဉ်ကျေးမှုရှိရှိနှင့် သူတို့ဝိုင်းကို သိမ်းပေးသွားကြသည်။

ဖရီး…ဖရီး…ဖရီး…. ဖရီး…ဘားမား…

နည်းနည်းနှင့် ကျဲကျဲဝိုင်းရသော်လည်း အသံတွေကတော့ တမီလ်အုပ်စုကို လွှမ်းသွားပြီး သူတို့ကလည်း ယဉ်ကျေးမှုရှိရှိနှင့် သူတို့ဝိုင်းကို သိမ်းပေးသွားကြသည်။

ဖရီး … ဖရီး … ဖရီး ဖရီး ဘားမား

ဖရီး … ဖရီး …ဖရီး … ဖရီး … ဖရီး… ဖရီး

ပုစဉ်းရင်ကွဲလေးတွေလို နေပူကျဲကျဲမှာ ကိုယ့်တိုင်းပြည်လွတ်မြောက်ရေး သူများတိုင်းပြည်က သမတဆီလာအော်တောင်းနေရသည့်အဖြစ်ကို ဘေးလူအဖြစ်ထိုင်ငေးရင်း ဦးဝေငြိမ်း တိတ်တိတ်လေး ကြေကွဲနေတော့သည်။

ဖရီး … ဖရီး … ဖရီး ဖရီး ဘားမား

ဖရီး … ဖရီး …ဖရီး … ဖရီး … ဖရီး… ဖရီး


ခွာညို

ဇွန်လ (၂၇)၊ ၂၀၀၉

ဂျပန်အခြေစိုက် အလင်းအိမ် မဂဇင်း တွင် ဖော်ပြပြီး

6 Comments:

Younggun said...

အစကတော့ အခုလို ဇာတ်လမ်းသဘောစာတွေ မဖတ်ပါဘူး။ အလယ်လောက်နေ ဖောက်ဖတ်ရင်းက အဆုံးထိ ဖတ်မိသွားတယ် ကိုယ်မှ မသိတာ ဒါမျိုးတွေ ရှိတယ်ဆိုတာ။ အခုတော့ ဗဟုသုတလည်းရ၊ အတွေးတွေလည်း ထောင်းလမောင်းကိုပွထသွားမိတယ်ဗျာ။ ဘာရယ်မဟုတ်ဘဲ အသံတိတ် စကားတွေ ပြောနေမိတယ်။

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

မယ်ဆု ထပ်တင်တော့..မသိရသေးသူတွေ..သိသွားတာပေါ့လေ..ဒီမှာတော့..လူအမျိုးမျိုးပါပဲ...
အမေရိက ဆိုတာကလဲ ..ရှေးနှစ်ပေါင်း ၄၀၀ကျော်ကထဲက..လွတ်လပ်မှုကို မြတ်နိုးသူတွေ လာရောက် အခြေစိုက်ရာ နယ်မြေ ဆိုတော့..ကိုယ့်ပြည်တွင်းမှာ..အကျဉ်းကျနေသလိုနေရတဲံ့...ကိုယ့်ဗမာပြည်က လူတွေ..ဘယ်လိုနည်းနဲ့လာလာ..ကျနော်ကတော့..ကြိုဆိုပါတယ်...

မင်းအိမ်ဖြူ said...

လာဖတ်ပါတယ် အစ်မရေ

အဆက်သဘော အပိုင်း ၂ ဆိုပေမယ့်

အပိုင်း ၁ နဲ့ အဆက်ပြတ်သွားသလိုပဲနော်

ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်

အခုလိုလေးရေးတဲ့သူရှိတာ သဘောကျတယ် ကိုယ်တွေ ပိုပြီးသိရတာပေါ့

ဧရာဝတီကတော့ စီဆင်းနေဆဲပါပဲ ..........

ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

ခြေလှမ်းသစ် said...

ဒီလိုပဲဗျာ ... ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားအတိုင်းဆိုရင် မြန်မာပြည် တပြည်လုံးဟာ ဒုက္ခသည်တွေပါပဲ ဒီလို အဆိုင်လမ် လိုက်နေတဲ့ လူတွေရှိသလို တကယ့်ကိုတော်လှန်ရေး နိုင်ငံရေးထည်းက လူတွေလည်း ထိုက်သင့်သလောက် လုပ်နေကြပါတယ် ... တခါတခါ ဒီလိုလူတွေကိုပဲ အားကိုးရပါတယ် ကိုယ့်လူတွေက အလုပ်တွေ အိမ်တွေကို မစွန့်ခွာနိုင်ပဲ ဒီလိုမျိုးနေ့တွေကို မေ့နေကြတယ် ... တကယ်တော့ နိုင်ငံတကာမှာ ဆန္ဒပြတာတွေဟာ နိုင်ငံတကာလူတွေကို ကိုယ့်တိုင်းပြည်အကြောင်း ကိုယ့်လူမျိုးတွေဘယ်လို ခံစားနေရသလဲဆိုတာ ဖွင့်ပြောရာ ရောက်ပါတယ် ဒါဟာ lobby သဘောပါပဲ နိုင်ငံတကာ လှုပ်ရှားမှုလဲဖြစ်တယ် ကိုယ့်လူမျိုးကို မမေ့မလျှော့ရာလဲ ရောက်ပါတယ် ..

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

မမရယ် စိတ်ထဲခံစားမှုတွေစုံသွားတာဘဲ။
လွတ်လပ်မှုကို မခံစားရရှာတဲ့ မြန်မာပြည်သူပြည်သားတွေ ဒီဒူက္ခတွေ ဘယ်ချိန်ထိခံနေရအုန်းမှာပါလိမ့်

MieMie said...

အပေါ်ကအကိုကြီးပြောသလိုဘဲ ဗမာပြည် ကနေ ဘယ်နှယောက်ဘဲ ဘယ်လိုအကြောင်းနဲ့ လာလာ
မီးပြတ်ရေပြတ် ဒုက္ခကနေ လွတ် နည်းလား အေ..
မတတ်နိုင်လို့သာ သူများတိုင်းပြည် နေနေကြရတာပါ..
အများစုကတော့ ကိုယ့်တိုင်းပြည်မှာဘဲနေချင်ကြတာပါ...

mie nge