တံလျှပ်ရွှေပြည် (အပိုင်း-၁)

(တစ်)

….ဟု တိုးတိုးလေး ဆဲရေးလိုက်သည်။ တချက်လေးအိပ်ငိုက်မိလိုက်တာနှင့် ဆင်းရမည့်ဘူတာကို ကျော်သွားသည်။ နောက်ဆုံးရထားဖြစ်သောကြောင့် လှည့်ပြန်စီးရန် အခွင့်အရေးမရှိတော့။

ဆိုတော့… အိမ်ပြန်ရောက်ရန် တက္ကစီငှားရတော့မည်။

ဆိုတော့… ချွေတာစုဆောင်းထားသည့်အထဲက တက္ကစီခ အနည်းဆုံး သုံးလေးဆယ်တော့ထွက်တော့မည်။ ဒေါ်လာသုံးဆယ်ဆိုသည်မှာ မြန်မာငွေနှင့်တွက်လျှင် သုံးသောင်းဝန်းကျင်….

ဆိုတော့...အမေ့အိမ်စရိတ်တပတ်စာနှင့် အဖေရုံးသွားဖို့ ခရီးစရိတ်အနည်းအကျဉ်းဖြည့်ဆည်းနိုင်မည့်ပမာဏသည်
အခုတော့ သူခဏလေး အိပ်ငိုက်လိုက်မိတာနှင့် ကုန်ပြီ။

တက္ကစီသမားအား အနီးဆုံးဘဏ်ဆီသို့ အရင်ပို့ပေးရန်ပြောရသည်။ အိပ်ထဲမှာ တဆင့်တောင်မပါလာ။ ဒီမှာက ဘာဝယ် ၀ယ် ဘဏ်ကဒ်၊ အကြွေးကဒ်၊ လက်ဆောင်ကဒ် ကဒ်ပေါင်းစုံနှင့်သုံးနေတာမို့ ပိုက်ဆံကိုထည့်မထားတတ်။ အခုလို အချိန်မျိုးမှာ… အခုလို ခရီးလွန်ပြီဆို… အခုလိုပဲ ကုန်ကျစရိတ်က လှလှနဲ့ပပကြီး ပြုံးပြလာသည်။ သူ့အတွက်တော့ သည်အပြုံးက ဘီလူးသံပုရာသီးစားထားသည့်ရုပ်ကြီးပါပဲ။ မီတာနှင့်မောင်းသောကားများဖြစ်သောကြောင့် ပေးပေတော့။

အမေရိကားကိုရောက်ပြီဆိုတာနှင့် ပြည်တွင်းမှာကျန်ခဲ့သည့်မိသားစုဝင်ကသာမက ဟိုတုံးက ဆေးဖော်ကြောဖက်ပင် လာမလုပ်သည့် ဆွေမျိုးနီးစပ်များကလည်း အခုမှ အရီးတော်ချင်ကြ..ပစ္စည်းမှာချင်ကြ…ဆေးဖိုးတောင်းချင်ကြ… ကလေး ကို ကျောင်းစရိတ် ထောက်ခိုင်းချင်ကြ...သူက အားနာတတ်သူဖြစ်တာရော..မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါး ငွေကြေး ဖောင်းပွမှုကြောင့်ရော ကြပ်တည်းကြမှန်းသိတော့ အကူအညီတောင်းလာလျှင် ဟင့်အင်း…ဟု ပြောရမှာ အလွန်ပဲ ၀န်လေး လှပါသည်။

သည်တော့… တတ်နိုင်သမျှ ကိုယ့်စရိတ်ကို ချွေတာကာ တောင်းသမျှနီးပါးကို ဖြည့်ဆည်းရန် ကြိုးစားရသည်။
သည်တော...့ ဈေးကြီးသော ဆေးလိပ်နှင့်အရက်မသောက်ဖြစ်တော့သည့်အတွက် သူ့အား အကူအညီတောင်းသူများကို ပြန်ပြီး ကျေးဇူးတင်လိုက်ရပါသည်။
သည်တော့… သူ့ကို ကျန်းကျန်းမာမာ သက်ဆိုးရှည်စေသူများဖြစ်သော ကျေးဇူးရှင်များက မှာတိုင်းပေးနိုင်ရန် ငွေကိုသာ ပိုရှာရပါတော့သည်။
သည်လိုနှင့်ပဲ… အောင်နိုင်..ဆိုသောသူ့ကို အလုပ်ကနိုင်သွားပြီး တပတ်မှာ ခုနစ်ရက်လုံး အလုပ်သုံးလုပ်ကို ပြေးလွှားပြီး လုပ်ရပါတော့သည်။

ထို့ကြောင့်… အခုလို ရထားနောက်ဆုံးချိန်မှာမှအိပ်ငိုက်မိပြီး ခရီးလွန်ပြီးပါသွားပါက တနာရီမှာ ခြောက်ဒေါ်လာခွဲသာ ရသော သူ၏လုပ်အားခများထဲမှ အနည်းဆုံး လေး ငါးနာရီလုပ်အားခတော့ တက္ကစီသမားကို ပူဇော်လိုက်ရတတ်ပါသည်။

(နှစ်)

အကိုကြီးက သူ့သမီးလေး ဘ၀ရှေ့ရေး တိုးတက်မှုရှိအောင် ခေါ်ပါ…ဟုတောင်းဆိုနေသည်။ သူက မခေါ်ချင်။ သည်မှာ ကလေးတစ်ယောက်ကို ထိန်းကျောင်းဖို့မလွယ်။ အထူးသဖြင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေက လုံးဝဆန့်ကျင်ခြားနား နေသောကြောင့်လည်းကောင်း၊ ကိုယ့်တကိုယ်စာသာမက ကိုယ့်ကို အားကိုးတကြီးမှီခိုလိုသူများကိုထောက်ပံ့ရန် ငွေပြီးရင်း ငွေနောက်ကိုသာ တကောက်ကောက်လိုက်နေရသည့်အတွက်ကြောင့်လည်းကောင်း၊ ကလေးတယောက်ကို မြန်မာ ဆန် ဆန် ကြီးပြင်းလာအောင် ပြုပြင်ထိန်းကျောင်းရန်မလွယ်ပါ။ အဆင်မသင့်လျှင် ကလေးကပြန်ပြီး ရဲကို ဖုံးဆက်လိုက်ခြင်း ဖြင့် ကိုယ်က အချုပ်ခံရနိုင်သေးသည်။

သည်မှာက ကလေးတစ်ယောက်ကို ကျောင်းစထားတာနှင့် အရင်ဆုံးသင်ပေးသည့် သင်ခန်းစာက အိမ်မှာမိဘကရိုက်လျှင် ရဲကိုဘယ်လိုဖုံးဆက်ခေါ်ရသည်ဆိုတာဖြစ်သတဲ့။

သည်ဥပဒေနှင့် ကျင့်ထုံးက မိဘအရင်းက ကိုယ့်သားသမီးကိုယ်ပြန်သတ်သည့် လူမျိုးနှင့်နိုင်ငံအတွက် အဆင်ပြေကောင်း ပြေပါလိမ့်မည်။ ဗုဒ္ဓဘာသာအရ ပြစ်မှုငါးပါးတွင်အကျုံးဝင်သော သူ့အသက်ကိုသတ်ခြင်းကို အသက်ထက်ဆုံး ရှောင်ကျဉ် ပါမည့်အကြောင်း နေ့စဉ် အာမဘန္ဒေခံလေ့ရှိသော....သားသမီး တူတူမများကို မလိမ္မာပါက ခြေသလုံးသားလေးပေါ် အောင် ဂါဝန်စကပ်ကိုလှန်ခိုင်းကာ ၀ါးကျောပါးပါးလေးနှင့် ခပ်စပ်စပ်တွယ်လေ့ရှိသော အကျင့်စရိုက်တွင် ပုံစံကျနေသည့် မြန်မာပြည်သားများအတွက်တော့ အတော်လေး ဂွကျသည်။ သို့သော် တိုင်းပြည်တပြည်တွင် ပြဌန်းသော ဥပဒေက အားလုံးနှင့် အကျုံးဝင်သက်ဆိုင်နေပြန်လေသည်။ ကျုပ်တို့တိုင်းပြည်မှာ ဒီလိုပဲ ဆုံးမနေကျ...ဟု စောဒကတက်၍ ရရိုးလား။

တိုင်းသူပြည်သားအားလုံးက ဥပဒေအောက်မှာ တပြေးညီရှိနေသည့်အတွက် အမေရိကန်မှာ နေလျှင် အမေရိကန် ဥပဒေနှင့်အညီ နေရမည်သာဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှုအစဉ်အလာမှာ ဘုရင်ခေတ်ကဆိုလျှင် ဘုရင့်သားကအစ ဘုန်းကြီးကြိမ်နှင့် လွတ်ခဲ့သည်မဟုတ်။ ကိုယ့်တိုင်းပြည်က ဆုံးမနည်းသည် သူ့တိုင်းပြည်ကဥပဒေနှင့် ညိစွန်းကာ သားသမီးကရဲကိုဖုံးဆက်ခေါ်သည့်အတွက် ရုံးရောက်ဂတ်ရောက်သည့် မိဘတွေအကြောင်းမျိုးလည်း သည်မှာကြားလာရတတ်သည်။

မိဘတွေခမျာ ရဲစခန်းမှာ ရာဇ၀တ်မှုမြောက်မမြောက် အစစ်ဆေးခံရသည့်အပြင် စိတ်ရောဂါရှိလို့ သည်လို အကြမ်းဖက် သလား ဆိုတာသေချာစေရန်လည်း စိတ်ကုဆရာဝန်ဆီသွားပြီး အစစ်ဆေးခံရသည်ဆိုပဲ။ ငယ်တော့ ငယ်ဒုက္ခရှိသလို အရွယ်ရောက်လာလျှင်လည်း ပြဿနာက မသေးလှ။ မသေးခြင်းသည် ကိုယ့်မြန်မာ့ရိုးရာကို ထိန်းသိမ်း စောင့်ရှောက်လို သူများအတွက် မသေးခြင်းဖြစ်သည်။

ဘတ်စ်ကားစောင့်ရင်း နှစ်ကိုယ့်တစိတ်ဖြစ်နေကြသည့် ဆယ်ကျော်သက်များကို သူ မျက်နှာတတ်နိုင်သမျှ လွှဲထားရတတ် ပါသည်။ တချို့စုံတွဲတွေများ ဘတ်စ်ကားစောင့်သည့် မှန်ကာဇရပ်လေးထဲမှာ အိမ်ခန်းထဲနေသလို နေချင်နေနေတတ် ကြသည်။ အင်း…ငါ့တူမများဖြစ်နေလို့ကတော့ ဥပဒေက မည်သို့ပင်ဆိုစေ…ဂုတ်ကနေဆွဲခေါ်ထုတ်လာပြီး နရင်း နှစ်ချက် လောက် ရိုက်ပစ်လိုက်မိလိမ့်မည်ဟု စိတ်တိုမိသည်။


ပြောသာပြောရသည်။ သည်ကခန္ဓာကိုယ်ကြီးများက ကြောက်ခမန်းလိလိကြီးထွားလွန်းကြသည်။ အသားတိုးဆေးတွေ အထိုးခံထားရသည့် အိမ်မွေးဝက်ကြီးများလို ဖောင်းကားနေကြတာ။ ကိုယ့်တိုင်းပြည်က ခန္ဓာကိုယ်တွေလို ဂုတ်ကကိုင် ဆွဲခါထုတ်လိုက်ဖို့မလွယ်။ အစားချိုးခြံ..အိပ်ရေးမ၀သည့်အတွက် ပိန်ချုံးနေသည့် ကိုယ်ကသာ လွင့်ချင်လွင့်သွားနိုင်သည်။

တော်ပါပြီ။ ဝေးဝေးကနေပဲ လိုသလောက်ထောက်ပါရစေတော့။ သည်ကိုတော့ မခေါ်ပါရစေနဲ့။ ကျုပ်စိတ်က ခပ်ဆတ် ဆတ်နဲ့ အချုပ်ထဲရောက်လိုက်…အရူးထောင်ရောက်လိုက်နဲ့ အလုပ်ပျက်ရင် တမျိုးလုံး ထမင်းငတ်ကုန်မယ်…ဟု တခါ တည်း အပြတ်ပြောထားလိုက်ရသည်။

တူ…တူမတွေဆိုသော်လည်း အိမ်ကထွက်လာသည်မှာ ငါးနှစ်ကျော်နေပြီဖြစ်သောကြောင့် ကလေးတွေနှင့်စိမ်းကုန်ပြီ။ သူတို့စရိုက် သဘာဝတွေကို အခုမှပြန်ပြီးလေ့လာအကဲစမ်းပြီး ပြုစုပျိုးထောင်ပေးနေရန် အချိန်မပေးနိုင်။ ကလေး တယောက်ကို အောင်မြင်အောင် ပြုစုပျိုးထောင်ရန်ဆိုတာ အပြောလွယ်သလောက် လက်တွေ့ကျရန် အလွန်ခက်လှသည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ တပြိုင်နက်တည်း ဖွံ့ဖြိုးရန်လိုအပ်သည်။

ပြီးတော့ သည်က ကလေးဥပဒေတွေက ခုနပြောသလို အရှုပ်သား။ အသက် ဆယ့်သုံးနှစ်မပြည့်သေးသည့်ကလေးကို တယောက်တည်းအပြင်ပေးထွက်လျှင်လည်း ဥပဒေအရအပြစ်ရှိသတဲ့။ အိမ်မှာလည်း တစ်ယောက်တည်း ထားခွင့်မရှိတဲ့။ သည်တော့တပတ်မှာ ခုနစ်ရက်လုံးအလုပ်လုပ်နေရပြီး တရက်မှာ အိပ်ချိန် (၆) နာရီပြည့်အောင် ကားပေါ်နှင့်ရထားပေါ်မှာ ဖြည့်ရသူအတွက် ကလေးတစ်ယောက်ကို အမေရိကန်ဥပဒေနှင့်အညီ စောင့်ရှောက်ရန် အရည်အချင်းမပြည့်မီပါ။

ရုပ်ပိုင်းဆိုင်ရာချည့်ဖွံ့ဖြိုးသွားပြီး တိုင်းပြည်အတွက်ပဲဖြစ်ဖြစ်..မိဘအတွက်ပဲဖြစ်ဖြစ် အမှီမပြုနိုင်သည့် ကလေးမျိုး အတွက်တော့ ငွေကုန်ကြေးကျခံကာ မပြုစုချင်။ ဒါကြောင့် သားသမီးတွေကို ပညာတတ်ကြီးဖြစ်ချင်တာဆိုလျှင်တော့ အရွယ်ငယ်တုံးမှာ ကိုယ့်တိုင်းပြည်ထဲမှာပင် ဆရာကောင်းနှင့်လိုအပ်သည့် အတတ်ပညာကို အလွတ်သင်ကြားထားရန်… ပြီးတော့ မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းတွေမှာ မွေ့လျော်ချစ်မြတ်နိုးတတ်စေရန် မိဘများက တာဝန်အပြည့်ယူပြီး အာမခံနိုင်လျှင် အဆင့်မြင့်ပညာသင်ကြားနိုင်ဖို့ သူက ဆက်ပြီးတာဝန်ယူမည်ဟု အပေးအယူလုပ်ရသည်။

အင်း…အကိုကမွေးတဲ့ တူမတယောက်ကို ခေါ်ထားလိုက်ပါပြီတဲ့။ အမက ငါ့သားလည်း ခေါ်ပါဟယ်..ဟု အပျော့ဆွဲမည်။ ညီမက ငါ့ကလေးတွေကျ နင့်တူ တူမတွေမဟုတ်လို့လား…လို့ စကားနာထိုးမည်။

ခက်တာက မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေက တချို့မှာ ချစ်ဖို့ကောင်းသလောက် တချို့မှာကျတော့ ပြောင်းလဲနေ သည့် ကမ္ဘာ့အခြေအနေများနှင့် အံမ၀င်ဘဲ ခေတ်နောက်ပြန်ကျန်ခဲ့တာတွေအများကြီးရှိသည်။ ဥပမာ- ဘာမှ အသုံးမကျ သည့် တက္ကသိုလ်ကိုတက်နေရတာကိုပဲ တခန်းတနားနှင့် တက္ကသိုလ်ကျောင်းသူမို့လို့ ဆိုပြီး မိဘကလည်း အလုပ်မခိုင်း.. သားသမီးတွေကလည်း လုပ်ရမှန်းမသိတာမျိုးတွေ…

ကျောင်းသွားချိန်တွေအတွက် ကားပေါ်မှာပဲ အချိန်ဖြုန်းနေရ၍ အလုပ်လုပ်ချင်သည့်တိုင်အောင် အလုပ်လုပ်ချိန်မရှိရင်း ဘာမှ မလုပ်တတ်မကိုင်တတ်တော့တာမျိုးတွေ…ဒီကိုရောက်လာလျှင် ကိုယ့်အားကိုယ်ကိုး… ကိုယ့်စရိတ်ကိုယ်ရှာ… ကိုယ့် ဖာသာကိုယ်ငွေချေး..ကိုယ့်အကြွေးကိုယ်ဆပ်…အဲဒီ ကိုယ့်…ကိုယ့်…ဆိုတာတွေကို စကားစလိုက်လျှင် သားသမီးတွေ မပြောနှင့် မိဘလုပ်သူတွေကပါ အသံတိတ်တိတ်သွားတတ်သည်။ ဒါလေးတောင် တာဝန်မယူချင်ဘူးလား…ဟု သွယ်ဝိုက် လျှက် မျက်ရည်ခံထိုးလားထိုးတတ်သေးသည်။ တကယ်တော့ ဒါလေး..မဟုတ်ဘဲ “ဒါကြီး” ….ပါ ဆိုတာ သူတို့နားလည် အောင် ဘယ်လိုပြောရပါ့။

မြန်မာပြည်ကို ငွေတသိန်းပို့ဖို့ အမေရိကန် ဒေါ်လာ (၁၀၀) ထဲပေးရတာပါ…ဆိုပေမယ့် အဲဒီ ဒေါ်လာတရာရရန် သူက တနာရီကို ခြောက်ဒေါ်လာခွဲသာရသည့် အောက်ဆုံးအဆင့်အလုပ်တွေကို အချိန်ပိုင်းရှာပြီးလုပ်ရသည်။ တခါတရံ ထိုအလုပ်ပင်လျှင် ညနေပိုင်း (၂) နာရီစာပဲ ရတတ်သည်။ အဲသည် နှစ်နာရီမှာ (၁၃) ဒေါ်လာရရန်အတွက် သူ့ရထားခက အောက်ထစ် ငါးဒေါ်လာနီးနီးသုံးရတတ်သည်။ ခရီးသွားချိန်ကပင် အလုပ်ချိန်နှင့်ထပ်တူဖြစ်သည့်အခါ ဖြစ်တတ်သေး သည်။ တပတ်မှာ ခုနစ်ရက်လုံးလုပ်မှ အိမ်ကို ငွေပြန်ပို့နိုင်တာဖြစ်သည်။

သူ၏ ပထမအလုပ်သည် သူ့အတွက်မသုံးမဖြစ်သုံးရသော ခရီးစရိတ်… အခွန်များ… ကျန်းမာရေးစရိတ်… အိမ်စရိတ်တို့ အတွက်သာဖြစ်ပြီး ကားပင်ဝယ်နိုင်ရန် စိတ်ကူးမယဉ်ဝံ့သေး။ ကားဝယ်လျှင်တက်လာမည့် ကားအကြွေးလစဉ်ဆပ်ရန်… အခွန်ဆောင်ရန်..အခွန်မှ ကားရပ်နားခွန်ကိုပါ ထည့်တွက်ပေးရတာဖြစ်သည်။ ဒါတွေကို နှုတ်လိုက်လျှင် တလလုံးလခ ထဲက အနည်းဆုံး သုံးပုံတပုံ ပဲ့ပါသွား တတ်တာတွေ ရှင်းပြနေရလျှင် ဖုံးခတွေက ထပ်တက်နိုင်သမို့ သည်လိုပဲ ပေးနိုင် လျှင်ပေးလိုက် မပေးနိုင်လျှင် အဆက်အသွယ်ဖြတ်ထားလိုက်နှင့်…

“ဟေး…ဒါ မင်းအိမ်နံပါတ်မဟုတ်လား။ မင်းအိပ်ပျော်သွားပြန်ပြီလား”

တက္ကစီဒရိုင်ဗာအသံကြားမှ မျက်လုံဖွင့်လျှက်ငြိမ်သက်နေရာက အသိပြန်ဝင်လာသည်။ အင်း ဒီကားသမားက လမ်းရှည် တွေက မမောင်းတော့ ကားခက အစိတ်တောင်မကျ…သို့သော် အမေရိကန်ယဉ်ကျေးမှုအရ တစ်မဲန်းနီးပေးရသည့် ထုံးစံ အရ သူက အစိတ်ပဲပေးလိုက်ရပါသည်။ သုံးဒေါ်လာဆိုရင် ဗမာငွေ (၃) ထောင်။ ဒါဆိုရင် အငယ်ကောင်လိုချင်တဲ့ ဖိနပ် လေးရမှာပဲဟု… အမကမွေးထားသည့် သူထွက်လာခဲ့စဉ်က သုံးနှစ်သားဖြင့်ကျန်ခဲ့သော တူကလေး၏ ဖုံးထဲကပူဆာမှုကို ပြန်လည်ကြားယောင်ရင်း နှမျောတသ သုံးကြိမ်ရွတ်ဆိုကာ ဒရိုင်ဗာလက်ကို အပ်လိုက်ရလေသည်။

ကျေးဇူးတင်ပါတယ်ဗျာ…ဟုလည်း ကိုယ့်ပိုက်ဆံနှင့်ကိုယ်စီး..အအမ်းပြန်လည်းမရဘဲ ကျေးဇူးပါထပ်တင်ပေး လိုက်ရ သေးသည်။

အိမ်အ၀င်၌ ကိုယ့်သော့နှင့်ကိုယ်ဖွင့်ဝင်ရသည့် အထီးကျန်ဆန်မှုအား မြန်မာပြည်ကသူ့မိသားစုကို တလစာလောက် မျှဝေ ပေးချင်စိတ်က တခါတလေမှာ မလိုတမာ ထွက်ထွက်လာတတ်သေးသည်။ အိမ်ထဲကနေ တယောက်ယောက် တခါးပြေး ဖွင့်ပေးခြင်းကြောင့်ရရှိသည့် နွေးထွေးမှုနှင့်စိတ်အပမ်းပြေမှုဆိုသည်မှာ အများက“လို-တ-ရ နတ်ဘုံ”ထင်နေသည့် သည် အမေရိကန်မှာ ကြားဖူး သိဖူး ခံစားဖူးကြရဲ့လားဟု အိပ်ထဲကသော့ကို နှိုက်ထုတ်ရင်း ခါးသည်းနာကျည်းစွာ တွေးမိသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ အိမ်ထဲကို အသွက်ဆုံးခြေလှမ်းများဖြင့် ၀င်ရပါသည်။ ခြောက်သွေ့သောအိမ်ထဲမ၀င်ချင်လျှင် အပြင်က နှင်းတောထဲမှာ ရေခဲရိုက်ပြီးသားဖြစ်သွားပေလိမ့်မည်။

ခွာညို
မေလ (၈) ရက်။


”ဂျပန်နိုင်ငံ အခြေစိုက် အလင်းအိမ်မဂ္ဂဇင်း” တွင်ဖော်ပြပြီး ဖြစ်တဲ့ အစ်မခွာညို ရေးတဲ့ တံလျှပ်ရွှေပြည် ကို အခန်းဆက်လိုက် ကျွန်မ ဘလော့ခ်မှာ ဆက်တိုက် ပို့စ်တင်ပေးသွားမှာဖြစ်ပါတယ်။

10 Comments:

ရွှေရတုမှတ်တမ်း said...

Thank u မယ်ဆု ရေ
ရေးထားတာတွေ ကတော့ " ဟုတ်လိုက်လေ မောင်ကာဠု " ရယ်လို့တောင်အော်ရ မလားမသိဘူး..

ခြေလှမ်းသစ် said...

ဒီလိုပါပဲ နိုင်ငံခြားမှာ လာနေရင် မြန်မာငွေတွေနဲ့ ပြန်နှိုင်းရင်း နှမျောတသ နေရတယ် ... နိုင်ငံခြား ရောက်လပြီဆိုတော့ ဆွေမျိုးတွေက အရမ်းအားကိုးချင်ကြတယ် ... သဘ၀ဖြစ်စဉ်တွေလိုပါပဲ ..... အခန်းဆက်ကို စောင့်နေပါ့မယ် ..

MieMie said...

ညီမရေ...ကျေးဇူးပါ အခုမှဖတ်ဖူးတာပါ...
ရေးထားတာတွေက ဖြစ်နေတာတွေ ခံစားချက်တွေနဲ့
ကွက်တိဘဲမို့ ကြိုက်တယ်...
ဆက်တင်ပေးဦးနော်...

mie nge

မင်းအိမ်ဖြူ Minn Eain Phyu said...

လာဖတ်သွားပါတယ်

ကောင်းတယ် မဖတ်ဘူးသေးဘူး

ဆက်တင်ပေးပါ

ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

ရင်ရဲ့ ရိုးရာ said...

တင်ပေးတဲ့ မဆုမွန်ကို ကျေးဇူးပဲဗျ အတော် ကောင်းတာပဲ ဖတ်လို့း)) ဖြစ်နိုင်ရင် မြန်မြန် လေးသာ တင်ပေးစေချင်တော့တာပဲ အဟီး ဖတ်ရတာ ဆန့်တငန့်ငန့်နဲပကိုး

မေလေး said...

ကောင်းလိုက်တဲ့ ပို့စ်လေး မမရေ
နိုင်ငံခြားရောက်သွားရင် နတ်ဘုံနတ်နန်းရောက်သွားတယ်
ငွေကိုစက်နဲ့ထုတ်လို့ရတယ် ထင်နေကြတာလေ။
တခါတလေ ကိုယ်မှာပင်ပင်ပန်းပန်းရှာပြီးမိသားစုက ကိုယ်စေတနာတွေ နားမလည်တဲ့အခါမျိုးဆို နေရာချင်းသာလဲလိုက်ချင်တဲ့စိတ်က မလိုတမာပေါ်ပေါ်လာတာ အမှန်ဘဲလေ။
ကိုယ်စားချင်တာလေးတောင် အော်ငါမစားလဲဘာမှမဖြစ်ပါဘူး။ ဒီစားမဲ့ပိုက်ဆံလေး အငယ်မအတွက် အိတ်လေးဝယ်ပေးလိုက်မှဆိုတဲ့ စိတ်လေးတွေပေါ်တတ်သလို ငါကျပင်ပင်ပန်းပန်းမစားရက်မသုံးရက် သူတို့ကျသုံးလို့ဖြုန်းလို့ဆိုတဲ့ စိတ်ရိုင်းလေးလဲ ဝင်မိပါရဲ့။

ဆက်ရန်လေးတွေ မျှော်နေမယ်နော်။

shin said...

မှန်လိုက်တာ။ အခုလက်ရှိ နိုင်ငံခြားကလူတွေရဲ့ ဘဝကို ထင်ဟတ်တယ်။ မြန်မာပြည်က လူတွေက နိုင်ငံခြားရောက်တာနဲ့ သဋ္ဌေးဖြစ်သွား ပြီလို.ဘဲထင်နေကြလား မသိဘူး။ ဒီမှာ အကုန်ကို.ကိုယ်အားကိုးရတယ်ဆိုတာ နားမလည်ကြဘူး။

မိုးခါး said...

ဟူးးးးးးးး
ကွက်တိပါလား အစ်မရာ
မြင်ယောင်သွားပါတယ် ..

မင်းအိမ်ဖြူ Minn Eain Phyu said...

အပိုင် ၂ ပြီးမှ ထပ်ဖတ်ဖြစ်သွားတယ်

မင်းအိမ်ဖြူ

ဂျေဂျူဝိုင် said...

စဖတ္ပါၿပီဗ်ား