သီတင်းကျွတ်ပြီ ဆိုတဲ့ အသံကြားတာနဲ့ စိတ်ထဲမှာ အလိုလို ပျှော်ရွှင်မြူးထူး စိတ်တွေ ပေါ်လာတယ်။ ခြိမ့်ခြိမ့်သဲ ဆင်နွှဲလေ့ရှိတဲ့ မီးထွန်းပွဲတွေ အလှူ အတမ်းတွေ ပွဲလမ်းသဘင်တွေ သစ်သစ်လွင်လွင် အ၀တ်အစားတွေ ၀တ်ဆင်ပြီး လူကြီးမိဘ ဆရာသမား အမိအဘ အဘိုးအဘွား တွေကို ကန်တော့ပစ္စည်းလေးတွေ သယ်ပြီး ကန်တော့ကြတာ မြန်မာရိုးရာအစဉ်အလာ ထုံးတမ်း ဓလေ့ကို မျက်စိထဲမှာ မြင်ယောင်မိတယ်၊
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားသိန်းချီနေထိုင်တဲ့ မဟာချိုင်ဆိုတဲ့မြို့လေးဆီကို မနက် ၇နာရီ လောက် ကတည်းက သွားချင်တဲ့ သူငယ်ချင်းတွေနဲ့စုပြီး ဘန်ကောက်မြို့ကနေ တောင်းအေ့စ် ကားလေးနဲ့ ၄၅မိနစ်လောက် မောင်းပြီး ချီတက်ခဲ့ကြပါတယ်။ တစ်ယောက်ကို ဘတ်ငါးဆယ်စီပဲကျပါတယ်။ ထိုင်းနိုင်ငံရဲ့ ရေထွက်ပစ္စည်း လေးဆယ်ရာခိုင်နူန်း ထုတ်လုပ်ရာ ရေလုပ်ငန်းမြို့တော်လေးဖြစ်တဲ့ မဟာချိုင်မြို့ ထဲကို ၀င်လိုက်ပြီဆိုတာနဲ့ ငါးနံ့ ပုဇွန်နံ့ ပင်လယ်ရေညှီနံ့တွေက သိသိသာသာ ရနေပါပြီ။ လမ်းတလျောက် သစ်လွင်တောက်ပတဲ့ မြန်မာပုဆိုးတွေ မြန်မာလုံချည်လေးတွေ ၀တ်ဆင်ထားတဲ့ မြန်မာတွေကိုလည်း လမ်းပေါ်မှာ ဟိုဟိုဒီဒီ လမ်းသလားနေကြတာ တွေ့နိုင်ပါတယ်။ကားပေါ်က မဆင်းခင်မှာပဲ အသံချဲ့စက်ကနေ တဆင့် အလှူခံမဏပ်က အလှူခံက မြန်မာလို စီကာပတ်ကုံး ပါဠိလိုရော မြန်မာလိုရော ဆုတောင်းနေတဲ့အသံကို အတိုင်းသား ကြားနေရပါတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းမှာ ရုတ်တရက် တကယ့်ကို မှင်သက်သွားမိပါတယ်။ နီညိုရောင်သင်္ကန်းဆင်မြန်းထားတဲ့ မြန်မာရဟန်းတော်တွေကို မြန်မာဝတ်စုံအပြည့်ဝတ်ထားတဲ့ မြန်မာလူမျိုးတွေက လှူဖွယ်ပစ္စည်းတွေကို တရိုတသေနဲ့ လောင်းလှူနေကြတဲ့ မြင်ကွင်းပါရှင်။ ရွှေဝါရောင်သင်္ဃန်းဆင်မြန်းထားတဲ့ ထိုင်းသံဃာတော်တွေလဲ ပါဝင်ပါတယ်။ကျွန်မရင်ထဲ ၀မ်းသာ ၀မ်းနည်းစိတ်နဲ့ ရုတ်တရက်ဆို့တက်သွားပါတယ်။ ထိုင်းဘက်ကို ရောက်ကတည်းက အခုလို မြန်မာသံဃာတော်တွေနဲ့ မြန်မာလူမျိုးတွေ မြန်မာ့ရိုးရာဓလေ့ထုံးစံအတိုင်း အလှူ ကျင်းပနေတာ ဒါပထမဆုံး မြင်ခွင့်ရလိုက်တာပါပဲ။ သံဃာတော်တွေရဲ့ နံဘေးမှာ ၀ပ်ဟုံ ကာလသား ကာလသမီးအဖွဲ့ လူငယ်အဖွဲ့ စတဲ့ အဖွဲ့လေးတွေရဲ့ နံမည်တွေကို မြန်မာစာလုံးနဲ့ရေးထားတဲ့ တီရှပ်အဖြူတွေ ရှပ်အကျီ အဖြူလေးတွေနဲ့ ပုဆိုးမိုးပြာရောင် လေးတွေ ဆင်တူဝတ်ထားတဲ့ မြန်မာလူငယ်လေးတွေကို သနပ်ခါးအဖုံသား အုန်းဆီအရွှဲသားနဲ့ တွေ့လိုက်ရပါတယ်၊
စေတီတော်ပတ်ပတ်လည်မှာ မြန်မာ့ရိုးရာ ချိတ်လုံချည်လေးတွေ ဆင်တူဝတ်ဆင်ထားတဲ့ သနပ်ခါး ပါးကွက်ကြားနဲ့ မိန်းမပျိုလေးတွေ။ ပါတိတ်ဝမ်းဆက်လေးတွေကို သပ်သပ်ရပ်ရပ် ချပ်ချပ်ရပ်ရပ်ဝတ်ထားတဲ့ မိန်းမလှလေးတွေ။ ဆံပင်ရှည်လေးတွေကို အကုန်ဖြန့်ချပြီး လှချင်တိုင်းလှနေတဲ့ မြန်မာအမျိုသမီးလေးတွေရဲ့ အလှကို မနက်ခင်းနေရောင်အောက်မှာ တော်တော်လေးကို ကျက်သရေမင်္ဂလာရှိစွာနဲ့ မြင်လိုက်ရပါတယ်။ ဘီးဇပတ်ဆံထုံးအကြီးတွေနဲ့ မြန်မာအမျိုးသမီးကြီးတွေ အဒေါ်အရွယ် အဘွားအရွယ် သက်ကြီးရွယ်အိုတွေကိုလည်း ပါတိတ်ဝမ်းဆက်တွေ ချိတ်လုံခြည် ၀မ်းဆက်ကိုယ်စီနဲ့ လှချင်တိုင်း လှနေတာတွေကိုလည်း တွေ့ခဲ့ရပါတယ်၊
အခု ကျွန်မ ဘာဖြစ်လို့ အခုလို ထိုင်းနိုင်ငံ မြန်မာလူမျိုးတွေ ကိုယ့်ဝတ်စုံ ကိုယ့်ရိုးရာအတိုင်း လှူခွင့်ရှိတာကို ၀မ်နည်း ၀မ်းသာဖြစ်ရသလဲဆိုရင် အရင်ကဆို ထိုင်းအာဏာပိုင်တွေဘက်က အလှူပေးတဲ့အချိန်ကို စောင့်ဆိုင်းပြီး လာသမျ လူစောင့်ဖမ်းတာ မင်္ဂလာဆောင်လာတဲ့တောင် အတင်းပိတ်ဖမ်းဝင်ဖမ်း နယ်စပ်ပြန်သွန် အဲ့တာတွေ လုပ်ခဲ့တဲ့ ရာဇ၀င်တွေရှိခဲ့ဖူးပါတယ်။ ဒီနေ့မှာတော့ ထိုင်းရဲတွေက လုံခြုံရေးယူထားပေးတာ ကို ၀မ်းသာကြည်နူးစရာတွေ့ရပါတယ်။
(အမှတ်တရ ဓာတ်ပုံလေးတွေကို နေပူကြီးထဲမှာ အပင်ပမ်းခံပြီး လက်တည့်စမ်း အဲ့လေ လက်စွမ်းပြနိုင်ခဲ့တဲ့ ကျွန်မ ညီမလေး ပြည့်စုံ ကိုလည်း အထူးကျေးဇူးတင်ပါတယ်)
13 Comments:
ပြည်ပ ဘယ်နေရာရောက်နေ ရောက်နေ မြန်မာ ဟာ
မြန်မာပါဘဲ .. အလှူရေစက် လက်နဲ့ မကွာ ဆိုတဲ့ ချစ်စဖွယ် ဓလေ့ စရိုက်လေးကို ခုလို တက်ညီလက်ညီ ဆက်လက် ထိန်းသိမ်းထားနိုင်ကြတာ ဝမ်းသာစရာ ပါဘဲ နော် .....
ပြည်တွင်းမှာ ကျန်ရှိနေကြတဲ့ ကိုယ့်ပြည်သူ ပြည်သားများ မှာလည်း အခြေအနေ ပေး တဲ့  အခါ များမှာ တော့ လှူနိုင် တန်းနိုင် ကြ ပေမဲ့  အရင် လို ထမင်းရေချောင်းစီး ရလောက်အောင် ပေါပေါများများ မတွေ့ ရတော့တာ ကြာခဲ့ ပြီထင်ပါတယ် ။
နောင် မကြာခင် အချိန်များမှာ ဒီထက်မက တဲ့  အလှူကြီးတွေ ပေးနိုင်ကြ ပါ စေ လို့ ပဲ ဆုတောင်း နေရ တာပေါ့လေ ...
အပင်ပန်းခံ ရှိုးပြ အဲ.. ဖေါ်ပြ ပေးတဲ့ မဆုမွန် နဲ့  မပြည့်စုံ တို့ ကို ကျေးဇူးတင်ပါတယ်နော့ .....း)
အပင်ပန်းခံပြီး ရိုက်တဲ့သူကော ၊ ရေးပြီးတင်ပြပေးတဲ့သူကိုကော အရမ်းကျေးဇူးတင်မိပါတယ်..။ ပြည့်ပြည့်စုံစုံ ဖေါ်ပြပေးထား လို့ ဗဟုသုတလည်း ရသွားပါတယ်..။
မရေ........
ခုလိုမှဝေပေးတဲ့ အတွက်ကျေးဇူးနော်
မဟာချိုင် ငယ်ငယ်ကရောက်ဖူးတယ်သိလား
ကျေးဇူးနော်...........မမ
ညီမရေ..ဓါတ်ပုံတွေကြည့်ရတာ ဗမာပြည်ပြန်ရောက်သွားသလိုဘဲ...
နေပူထဲ အပင်ပန်းခံရိုက်တဲ့သူရော... ညီမဆုမွန်ရော ကျေးဇူးပါ...
mie nge
ဒါ တို့မြန်မာကွ..
မြန်မာလူမျိုးတို့ရဲ့ သဒ္ဓါတရားနဲ့ ဘာသားရေးအယူထက်သန်မှုက မွေးကတည်းက သွေးတွေနဲ့အတူစီးဆင်းလာခဲ့ပြီးသား..
ဒါ မြန်မာတို့ရဲ့ဗီဇ
ဒါ မြန်မာတို့ရဲ့ သီလ
ဒါ မြန်မာတို့ရဲ့ ဒါန....
သာဓု သာဓု သာဓုပါဗျာ
ကိုယ်တိုင်ပါဝင်ရသလို စီစဉ်ပေးတဲ့အတွက်
မဆုမွန်ကိုကျေးဇူးတင်ပါတယ်..
မဆုမွန်
ကိုယ်ဟာ ဗမာအစားအစာနဲ့ ဝေးနေတာကြာခဲ့ပါပြီ။ ဗမာမရှိလို့ ဗမာဆိုင်လည်းမရှိပါဘူး။ ငါးနီတူသုပ် ၊ ထားဝယ်ငပိထောင်း နဲ့ တို့စရာအစုံအလင် တကယ် ပြောတာ ဖတ်ရင်းနဲ့ သွားရေကျလာတယ်။ စားချင် လိုက်တာ ။ ကိုယ်အမြဲတမ်းလာဖတ်တယ် ဒါပေမဲ့ တခါတလေဘဲ ကွန်မန့်ရေးဖြစ်တယ် ။
ကိုယ်တိုင် ပင်ပင်ပမ်းပမ်း ရှာလို့ဖွေလို့ ရုန်းလို့ကန်လို့ရတဲ့ ငွေလေးနည်းနည်းထဲက စေတနာအပြည့်ထားလို့ အခုလို အများအတွက် တတ်နိုင်သလောက် ဖဲ့မျှပြီး လှူဒါန်းတာကိုမြင်ရတာ ကျော်ဂျာဂျီး... အဲ ပျော်စရာကြီး...
းဝ)
ဒို့မြန်မာကွ
သာဓု ပါခင်ဗျာ သာဓုပါ...
ကဲ..ကဲ ..အများကို..မုဒိတာ..ပွါးနိုင်အောင်..ရေးပြတဲ့
ငါ့တူမ..ကျန်းမာပါစေ..ချမ်းသာပါစေဗျာ
မမဆုမွန်..
သူတို့တွေရဲ့ အလှူရော.. အမရဲ့ ဖြန့်ဝေပေးတဲ့ ဒါနကိုရော သာဓုခေါ်ပါတယ် အမ။
အနော်လေးပြောဆီကတော့ ကြားပီးဘီ။
ခုသေချာ ဓါတ်ပုံတွေနဲ့ပါ လာရောက် ခံစားသွားပါတယ်အမ။
ခင်တဲ့
ဂျူ
အမရေ တကယ်ကို ပျော်စရာကြီးပါဗျာ။
ဘန်ကောက်ကို လာလည်ရင် အမနဲ့ လာတွေ့မယ်နော်။
မသေချာသေးတဲ့ တစ်ရက်ပေါ့နော်။
ခင်တဲ့ မောင်လေး ရီနို
ကွက်ကွက်ကွင်းကွင်းပေါ်အောင်ရေးတဲ့
ညီမကိုကျေးဇူးတင်ပါတယ်..
တကယ်ကိုကြည်နူးမိပါတယ် မမရေ။
ပြည့်စုံရိုက်လို့ ပိုလှနေတာနေမှား)
ကိုရီနိုပြောသလို မမနဲ့လဲ တွေ့ချင်ပါသေးတယ်မမရေ။
တစ်နေ့နေ့ပေါ့နော်။
Post a Comment