အစားမတော် တစ်လုပ် အသွားမတော် တစ်လှမ်း

ညီမငယ် မိုးခါး ရေးထားတဲ့ ကိုယ့်လုပ်ရပ် ကိုယ်စစ် ဆိုတဲ့ ပို့စ်လေးကို ဖတ်ပြီး တွေးစရာတွေ အများကြီး ပါလာတယ်။ ညီမငယ် ပို့စ်လေးရဲ့ ပထမဆုံး ကော်မန့်မှာ ညီမလေး အမေပြောသလို ယောက်ကျားလေး တစ်ယောက်က ကိုယ့်ကို ချဉ်းကပ်ရင် တကယ် မြတ်နိုးလို့လား အလွယ်ရမယ် ထင်လို့လားဆိုတာဟာ အမေတစ်ယောက်ရဲ့ သမီးတွေ အကုန်လုံးကို ပြောလိုက်တဲ့ သိပ်တန်ဖိုးရှိတဲ့ ဆုံးမ စကားဖြစ်တယ် နောက်ပြီး အထူးသဖြင့် အပြင်ရောက်နေတဲ့ မြန်မာအမျိုးသမီး တွေအနေနဲ့ လွတ်လပ် ပွင့်လင်း ရိုးသားခြင်းနဲ့ အတူ ကိုယ့်တန်ဖိုး ကိုယ် ထိန်းသိမ်းသင့်ပြီးတော့ မြန်မာအမျိုးသားတွေအနေနဲ့လည်း နှမချင်း စာနာတဲ့ စိတ်နဲ့ စောင့်ရှောက်ဖို့လည်း လိုပါတယ်လို့ ကျွန်မ ကော်မန့်မှာ ပြောခဲ့တယ်။ ညီမငယ်ရဲ့ ပို့စ်လေးကို Welcomeကလဲ ရိုးသားတဲ့ မိန်းကလေးတွေ အနေနဲ့ ကိုယ်ရဲ့ သာယာမှု၊ ပျော်ရွှင်မှု ခင်မင်မှု တစ်ခုတည်းနဲ့ ဘယ်ယောက်ျားကိုမှ အားမနာသင့်၊ မယုံကြည် သင့်ကြောင်း ပြောချင်ပါတယ်လို့ ပြောခဲ့ပြန်တယ်။ အရမ်းကို တန်ဖိုးရှိတဲ့ အကြံပေးမူတွေပါပဲ။

ကိုယ့်လုပ်ရပ် ကိုယ်စစ်ဆိုတဲ့ ပို့စ်လေးကို ဖတ်ပြီး နောက်မှာ ကျွန်မအတွက် စဉ်းစားစရာတွေ ပါလာတယ် ဆိုတာဟာ ကျွန်မ ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုက လတ်တလော ရက်ပိုင်းလေးမှာပဲ ဖြစ်ပျက်ခဲ့လို့ပါပဲ။ ကျွန်မကိုယ်တိုင် မသိခဲ့တဲ့ ကျွန်မရဲ့ လုပ်ရပ် အပြုအမူ အပေါ် တစ်ဖက်သားက နားလည်မူ မှားယွင်း ချွတ်ချော်မူ တစ်ခု က လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဖြစ်ပျက်ခဲ့ ပါတယ်။ ကိုယ်လုပ်ရပ် ကိုယ်ပြန်စစ်ရမယ့် အဖြစ်တွေကို ပြန်စဉ်းစားမိနေပါတယ်။ အခုပြောမယ့် အဖြစ်တွေမှာ တိုက်ဆိုင်မူရှိရင် အဲ့ဒီ့လူကို သာ ကျွန်မ တည့်တည့် ရည်ညွန်းပါတယ်။

ကျွန်မဟာ ငယ်ငယ်ကတည်းက လွတ်လပ်မူ ပွင့်လင်းမူကို မြတ်နိုးပါတယ်။ နောက် သူငယ်ချင်း အပေါင်းအသင်း အရမ်းမင်ပါတယ်။ နောက်ပြီး မိသားစုထဲမှာ အစ်ကိုသုံးယောက်ရှိခဲ့ပြီးမှ ပထမဆုံး မွေးတဲ့ မိန်းကလေးဖြစ်ခဲ့လို့ အစ်ကိုတွေနဲ့တန်းတူ ခုန်ပေါက် ပြေးလွှား ထိုးကြိတ်တမ်း ကစားခဲ့တာ ကျားကျားယားယားနေခဲ့တာ အခုချိန်ထိပါပဲ။ အမျိုးသားအားကစားပွဲတော် ရှစ်တန်းနှစ်က ရန်ကုန်မှာ လုပ်တော့ ကျွန်မ ရွေးချယ်ခဲ့တဲ့ အားကစားက တစ်ခုတည်းရှိပါတယ်။ အဲ့တာ မြန်မာ့သိုင်း ဓားသိုင်းနဲ့ လှံသိုင်း အလှပြပါ။ ထိုးလိုက် ကြိတ်လိုက် ကန်ကျောက်လိုက်နဲ့ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် မိန်းကလေးဆိုတာတောင် မေ့နေခဲ့ပါတယ်။ ကျွန်မမှာ အခင်ဆုံး အရင်းနီးဆုံး သူငယ်ချင်းတွေထဲမှာ မိန်းကလေးသူငယ်ချင်းက တစ်ယောက်ပဲ ပါပါတယ်။ ကျန်တာ ယောက်ျားလေး သူငယ်ချင်းတွေ များပါတယ်။ သူငယ်ချင်းတွေထဲက ကျွန်မအပေါ် စိတ်ပြောင်းလာရင်လည်း ကျွန်မရဲ့ စိတ်ဓာတ်အရင်းခံကို သိတော့ ပုံမှန် ပြန်ဖြစ် သွားကြပြီး အရင်ကထက်ကို ပိုချစ်ကြ ပိုနားလည်ကြ ပိုပြီး သံယောဇဉ်ဖြစ်လာကြပါတယ်။

ကျွန်မကလဲ ခင်ရင် အားလုံးကို စိတ်ရော ကိုယ်ရော နှစ်ပြီး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးပေါင်းသင်း ဆက်ဆံလေ့ရှိပါတယ်။ အားလုံး မရှိအတူ ရှိအတူ ကျောင်းသား ဘ၀ကတည်းကရော လူပ်ရှားမူတွေမှာ ရှိနေတဲ့အချိန်မှာရော ရဲဘော်ရဲဘက် သူငယ်ချင်း အပေါင်း အသင်းတွေနဲ့ ထမင်း တစ်ပန်းကန် ကိုလည်း ဇွန်းတပ်ပြီး လေးငါးခြောက်ယောက် စုစားတတ်သလို လက်ဘက်ရည် ကော်ဖီသောက်ရင် လည်း တစ်ခွက်တည်းကို တစ်ငုံစီ စုသောက်လေ့ရှိပါတယ်။ အားလုံးဟာ ရဲဘော်ရဲဘက်စိတ် အပေါင်းအသင်းစိတ် လက်ရည် တစ်ပြင် တည်း စိတ်တွေ ထားခဲ့မယ်လို့ ကျွန်မ ယုံကြည်ခဲ့ပါတယ်။ ထားလည်း ထားခဲ့ ကြပါတယ်။

ဒါပေမယ့် တစ်ချို့လူတွေ အတွက်မှာတော့ ဒီလို ရင်းနှီးချစ်ကြည်မူနဲ့ မထိုက်တန်ဘူး ဆိုတာ စိတ်မကောင်းခြင်းကြီးစွာနဲ့ သိခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက သိပ် ရင်းနှီးတဲ့ သတင်းထောက် အစ်ကိုတစ်ယောက်က ညီမရေ ညီမလေးကို သိတဲ့ မိတ်ဆွေဟောင်း တစ်ယောက် က ညီမ မေးလ် လိပ်စာကို တောင်းနေတယ် ပေးလိုက်ရမလားတဲ့။ အခုဆိုရင် ချက်မှာ တော်ရုံ Accept လာလုပ်တဲ့ သူတွေကို လက်မခံ တာ များပါတယ်။ အခုလို တစ်ဆင့် ခွင့်တောင်းလာတော့ ကျွန်မ ဘယ်သူများပါလိမ့်ဆိုတဲ့ စူးစမ်းချင်စိတ်နဲ့ လက်ခံလိုက်ပါတယ်။

သူ့ကို လက်ခံလိုက်ချိန်မှာပဲ သူဟာ ကျွန်မရဲ့ အရင်တုန်းက လူပ်ရှားမူ လုပ်ခဲ့တုန်းက မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်နေပါတယ်။ တကယ့်ကို မိတ်ဆွေဟောင်းတွေကို ပြန်ဆုံတော့ ကျွန်မစိတ်ထဲ တော်တော် ၀မ်းသာ သွားမိပါတယ်။ သူ့နံမည်ကို သိပ်မမှတ်မိ ပေမယ့် သူ့အကြောင်း မှတ်မှတ်ရရဖြစ်မိတာကတော့ သူ့ကျမ်းမာရေးကိုပါပဲ။ ဆိုတော့ ပထမဆုံးမေးမိတာကတော့ အခုကျမ်းမာရေး အခြေအနေ ဘယ်လိုရှိလဲ လို့ပါပဲ။ သူပြန်ဖြေတယ် နေကောင်း ကျမ်းမာပေါ့ ဒါပေမယ့် သူ့ရဲ့ပထမဆုံးမေးခွန်းကတော့ ကျွန်မ အိမ်ထောင်ကျပြီလားတဲ့. ကိုယ်ရေးကိုယ်တာကိစ္စတွေ အရင်စမေးတာမျိုးဆိုတော့ ကျွန်မခပ်ပြတ်ပြတ် ဖြေလိုက်တယ် ကျပြီလို့ ဆိုတော့ သူ့ကို လဲ ရှာပေးပါဦးတဲ့ ထိုင်းမှာ အခြောက်တွေပေါတယ် ညီမ အမျိုးသားရော ဘယ်လိုလဲတဲ့...ကျွန်မ ရုတ်တရက် အံ့သြစိတ်နဲ့ ဘာမှ ပြန် မဖြေ လိုက်ဘူး။

ကျွန်မ မှတ်မိသလောက် သူနဲ့ကျွန်မဟာ ယုံကြည်ချက်တစ်ခုအတွက် ခရီးတစ်ခုကို အတူလျောက်ခဲ့တဲ့ ရဲဘော်ဖြစ်ခဲ့တယ်။ အဲ့ဒီ့မှာ သူ ပြောလာတာက ကျွန်မက သူ့ကို အစိမ်းလိုက် ဖြတ်သွားတယ်တဲ့။ ကျွန်မ နိုင်ငံခြားကို ထွက်သွားတဲ့အချိန်မှာ သူမသိလိုက်ဘူးပေါ့နော် အဲ့တာကို ဆိုလိုတယ်လို့ ထင်ပါတယ်။ ညီမ က ဖြတ်သွားပေမယ့် အစ်ကိုကတော့ တန်းလန်းကြီး ဖြစ်ကျန်ခဲ့တယ်တဲ့ အဲ့ဒီ့မှာ နည်းနည်း ထူးခြား တာကို သတိထားမိလာတယ်။ တဖြေးဖြေးနဲ့ သတိထားမိလာတာက သူမေးတာတွေ သူပြောတာတွေက ချက်ရင်းနဲ့ ပါးစပ် အရသာခံတဲ့ အောက်တန်းကျကျ စကားလုံးတွေ ပါလာတာကို သတိထားမိ လာတယ်။

အရင်တုန်းကဆို သူဟာ အင်မတန်ကို ငြိမ်သက်အေးဆေးပြီး လူတွေနဲ့လဲ သိပ်မပေါင်းပါဘူး။ လူတွေကလဲ သူ့ကို သိပ်မပေါင်းဘူး။ ဘာဖြစ် လို့လဲဆို သူက အဆုတ် ရောဂါသည် တစ်ယောက်ဖြစ်လို့ပါ။ ကျွန်မ စိတ်ထဲ အတွေးတွေ ၀င်လာတာ သူနဲ့ ကျွန်မ အဲ့သလောက် ရင်းနီး ခဲ့သလားလို့ပါပဲ။ ကျွန်မချစ်တဲ့ သူငယ်ချင်း အချင်းချင်းဆို အမြဲ စနောက်နေကြပေမယ့် သူနဲ့က ဒီလောက် ရင်းနီးတဲ့ အဆင့် မဟုတ်ဘူး ဆိုတာ လဲ ကျိန်းသေ နေပါတယ်။

ကျွန်မ နုစဉ်ကာလက အရင်က ကိုယ့်ဘက်က စိတ်ဝင်စား သူ့ဘက်က စိတ်ဝင်စားလို့ အလုပ် မဟုတ်တဲ့ ပေါက်ကရ ရှစ်ဆယ် အီစီကလီ လုပ်ဖူးတဲ့ သူတွေ တကယ်ပဲ ရှိပါတယ်။ ဒါပေမယ့် မှတ်မိသလောက်တော့ အဲ့ဒီ့ စာရင်းထဲမှာ လည်း သူ မပါ တာတော့ သေချာပါတယ်။ (အခုချိန်အထိ ကျွန်မ ချက်တင်းတက်တာဟာ သတင်းမေးဖို့အတွက် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အဆက်အသွယ် လုပ်ဖို့ကလွဲပြီး မဖွယ်မရာ စဖြစ်လာရင် ရင်းနီးတဲ့သူတွေပါ အကုန် ဘလော့ပစ် တာပါ)

အဲ့မှာ သူဆက်ပြောလာတာကတော့ သူနဲ့ ကျွန်မ နှစ်ယောက် အရင်က အကြောင်းတွေကို အခုထိ မေ့လို့မရဘူးတဲ့။ ကျွန်မကိုယ်တိုင် ဇဝေဇ၀ါ ဖြစ်သွားပါတယ်။ သူ ဆက်ပြောတဲ့ စကားတွေကို မြင်တော့မှ အိုးမိုင်ဂေါ့ဖ်လို့သာ တမိပါတယ်။ အံ့သြခြင်း ကြီးစွာနဲ့ ငါမှာြး့ပီ ငါမှားပြီ ငါမသိတဲ့ ငါလုပ်ခဲ့တဲ့ ငါ့လုပ်ရပ်တွေအပေါ် ထင်သလို စွဲချက်တင်နေတဲ့ အမူတွဲတွေ ဘယ်လောက်များ ရှိသေးလဲလို့ တွေးမိပါတယ်။

ကျွန်မတို့ ရင်းနှီးခဲ့တဲ့အချိန်တွေမှာ ကျွန်မနဲ့ သူ ထီးတစ်ချောင်းထဲ ဆောင်းခဲ့တာတွေ ထမင်းတစ်ပန်းကန်ထဲ အတူစားခဲ့တာ နောက် အအေးတစ်ပုလင်းကို အတူ သောက်ခဲ့တာတွေကို သူ မေ့လို့မရဘူးတဲ့။ သူ နေထိုင် မကောင်းဖြစ်လို့ ဆေးရုံတက်ရတဲ့ အချိန်တွေမှာ အလုပ်ကနေ ကျွန်မ အပြေးအလွှား လာကြည့်တာတွေ သူစားဖို့ သစ်သီးဝလံ မုန့်တွေ သယ်လာပေးတာတွေ ကြင်နာ ဂရုစိုက် တာတွေ အတွက် သူ့ စိတ်ထဲမှာ ကျွန်မအပေါ် မရိုးသားတဲ့ စိတ်မျိုးဖြစ်ခဲ့ပါတယ်တဲ့.ဒါကြောင့် ကျွန်မ ဘယ်ရောက်နေလဲ ဘာဖြစ် နေလဲ ဆိုတာ သူ လိုက်စုံစမ်းနေတာပါတဲ့။

အလို မြတ်စွာဘုရား ဆိုပြီး အံ့သြ တုန်လူပ်ခြင်းကြီးစွာနဲ့ ခဏ ဆွံအ သွားမိပါတယ်။။ ကျွန်မစိတ်ထဲ တော်တော်လေးကို အံ့သြ နာကျင်သွားမိပါတယ်။ နောက် ရွံရှာစိတ်တွေလည်း တဖွားဖွားဖြစ်မိပါတယ်။ ကိုယ့်ကို ချဉ်းကပ်ရင် တကယ် မြတ်နိုးလို့လား အလွယ်ရမယ် ထင်လို့လားဆိုတဲ့ ညီမငယ် မိုးခါးရဲ့ မိခင် ပြောစကားအတိုင်းပါပဲ ခင်မင်မူနဲ့ ရင်းနီးမူ စေတနာနဲ့ ပေးခဲ့တဲ့ လုပ်ရပ်အပေါ် အလွယ် ရမယ်ထင်လို့ စော်ကားမူ တစ်ခုလို့ပဲ မြင်မိပါတယ်။

ဥပမာ ကျွန်မကို ရိုးရိုးသာမာန် ချစ်တယ် ကြိုက်တယ် စိတ်ဝင်စားတယ် ဆိုရင်တောင် ကျွန်မ ဒီလောက် စိတ်မကောင်းဖြစ်မိမယ် မထင်ပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားတယ် ဆိုတာလည်း ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ ကျွန်မ အတွက်တော့ သိပ်ထူးဆန်းတဲ့ ကိစ္စ မဟုတ်ဘူး။ ကျွန်မကိုယ်တိုင်ကလဲ အဲ့သလိုပြောလာတဲ့သူတွေအပေါ် အမြဲ ပြောင်ပြောင်နောက်နောက် နဲ့ တားမြစ် နယ်မြေ မကျူးကျော် ရဘူးကွယ် အခုမှ လာပြောရသလား နေရာမရှိတော့ဘူးကွယ် စသဖြင့် ခပ်ရွတ်ရွတ် တုံ့ပြန်ခဲ့တာပါပဲ။။

ဒါပေမယ့် သူဟာ ကျွန်မနဲ့ ယုံကြည်ချက်တူတဲ့ မိတ်ဆွေဖြစ်တယ် သူ့အပေါ် ကျွန်မက တကယ့်ကို ရိုးရိုးသားသားနဲ့ ဂရုစိုက်ခဲ့တဲ့ အပေါ်ကို ပုံစံတစ်မျိုးနဲ့ တို့တွေ ထမင်းတစ်ပန်းကန်တည်း အတူ လက်စုံစားခဲ့တာတွေ မမေ့နိုင်သေးဘူး ဘာညာနဲ့ ရွံစရာ ပြောလာတဲ့အပေါ် အန်ချင်စိတ်တွေ တစ်ဖွားဖွားပေါ်လာပါတယ်။ နောက်ပြီး သူဟာ ကျမ်းမာရေးမကောင်းတဲ့သူ နောက်ပြီး သူ့မိသားစုကပါ သူ့ကို ဂရုမစိုက်နိုင် တော့ အရပ်သားက လာတဲ့ သူ့ကို ကျောင်းသားအုပ်စုတွေဖြစ်တဲ့ ကျွန်မတို့က နေထိုင်မူ ပုံစံ စရိုက်ချင်း မတူ တာတောင် သူ့ကို ထမင်း စားဖို့က အစ ရေသောက်ဖို့ အဆုံး ဂရုစိုက်ကြလေ့ရှိပါတယ်။ ကျွန်မတို့ တစ်နပ်ငတ်တာ အစာအိမ် ဖြစ်ရုံ ကလွဲပြီး ပြသာနာ မရှိပေမယ့် ရောဂါသည် သူ့အတွက် အငတ်ခံပြီး ကျွေးခဲ့ကြပါတယ်။ တကယ်တော့ ခပ်ရိုင်းရိုင်း ပြောရရင် ငတ်နေတဲ့ သူတစ်ယောက်ကို အစာစားနိုင်ပါစေ စာနာစိတ်နဲ့ ကိုယ်စားမယ့် အထဲက ပေးကမ်း စွန့်ကြဲမူတစ်ခု သပ်သပ်သာ ဖြစ်ပါတယ်။

အထူးသဖြင့် အဆုတ် ရောဂါ ဖြစ်နေတဲ့ သူ့နဲ့ အတူ သူများတွေက အစားအသောက်က အစ သိပ်မစားချင်ကြဘူး။ ကျွေးစရာရှိတာ ကျွေး ပေမယ့် သူ့ကို သိပ်မရောကြဘူး။ ကျွန်မတို့က မြင်နေတော့ စိတ်မကောင်းဖြစ်မိတယ်။ အထူးသဖြင့် ကျွန်မမှာ ခံစားချက် ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အဖေ့မှာ တီဘီဖြစ်တုန်းက အားလုံးက ခွဲပြီးနေရမယ်ပြောတဲ့အချိန်မှာ ကျွန်မနဲ့အတူ မိသားစု တစ်ခု လုံးက အဖေ့ဘေးမှာ အားပေးခဲ့တယ် အဖေ့ ကျမ်းမာရေးဟာ အံ့သြစရာကောင်းလောက်အေင် ပြန်ကောင်း လာခဲ့ တယ် အဲ့တော့ အဖေလို ရောဂါမျိုး ဖြစ်နေတဲ့ မိတ်ဆွေ တစ်ယောက်အပေါ် သူများတွေက မသွားဖို့တားတာတောင် အားပေးကူညီချင်စိတ် တစ်ခု တည်းနဲ့ စောင့်ရှောက်ပေးခဲ့တာပဲ။ မနိုင်းအပ်တဲ့ လူပုဂိုလ်အပေါ်ကို မတန်မရာ သွားနိုင်းယှဉ်ပြီး လုပ်ပေးခဲ့တာကိုက ကိုယ့်မဟာအမှားပဲ။

အဲ့မှာ ကျွန်မ ကိုယ်တိုင် လည်း နေကောင်းတာ ခံနိုင်ရည်အား ကောင်းတာ မဟုတ်ပဲနဲ့ သွေးပါ အန်နေတဲ့ အဆုတ်နာ ရောဂါသည် တစ်ယောက်ဆီကို ဘာဖြစ်လို့ သွားနေတာလဲလို့ မေးတဲ့အခါ လူနာမေးမယ့် သူမရှိလို့ မျော်နေတဲ့ မိတ်ဆွေ တစ်ယောက် အပေါ် တကယ့် ဖြူစင်တဲ့ စိတ်နဲ့ သွားအားပေးခဲ့တာ တစ်ခုပါပဲလို့ အခုချိန်အထိလဲ လိပ်ပြာသန့်သန့် ဖြေရဲပါတယ်။

အဲ့ဒီ့လို အသုတ်တစ်ပွဲအတူစား ထီးတစ်ချောင်းထဲ အတူဆောင်း အအေး တစ်ပုလင်းထဲ အတူသောက်ခဲ့တယ်ဆိုတာ သာမန် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း အတွက်ဆိုရင်တော့ ဒါ ဟာ မရိုးသားမူတစ်ခုကို အစပျိုးအောင် မိန်းကလေးဘက်က လုပ်တာပဲ ဒါမျိုး အခွင့်အရေး မပေးသင့်တာပေါ့ ဒါပေမယ့် ကျွန်မတို့ရဲ့ အသိုင်းအ၀ိုင်းမှာ အထူးသဖြင့် ကျောင်းသား အသိုင်းအ၀ိုင်းမှာ တော့ ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုပဲလေ သူငယ်ချင်း အချင်းချင်း ပြောစရာကို မလိုပါဘူး။။ အခုဟာက သူမှာ စားစရာမရှိဘူး ကျွန်မမှာ ရှိတယ် ဒါပေမယ့် ကျွန်မမှာလဲ တစ်ယောက်စာပဲ ရှိတယ် ကျွန်မ စားမယ့်အထဲက သူ့ကို တစ်ဝက်ခွဲကျွေးတာပဲ။ ပြောရရင် စေတနာ အလျောက် အန်ကျွေးခဲ့တာပဲ။ နောက် မိုးရွာတဲ့အခါ နေပူတဲ့အခါ သူ့မှာ ဆောင်းစရာ ကာစရာပါမလာလို့ သွားရတဲ့အခါ သူငယ်ချင်း မိတ်ဆွေ တစ်ယောက် အပေါ် အထူးသဖြင့် ကျမ်းမာရေး မကောင်းတဲ့သူ တစ်ယောက်အပေါ် စာနာ မိတာပါပဲ။ ဒါပါပဲ ။ တကယ့်ကို ရိုးရိုး ရှင်းရှင်းလေးပါ။

ကျောချင်းကပ် ရင်ချင်းအပ်ပြီး ရုန်းကန်ခဲ့ရတဲ့ ကျွန်မသူငယ်ချင်းတွေနဲ့ဆို သေအတူ ရှင်မကွာ မိုးထဲလေထဲ ရေထဲမှာ လက်ချင်းဆုပ်ပြီး လူပ်ရှား ခဲ့ရတာပဲ။ တစ်ခါတစ်လေ တစ်ကိုယ်လုံး စိုရွှဲနေလို့ သူတို့ အကျီအ၀တ်အစားတွေ တောင် ကိုယ် ၀တ်ရတာ သူငယ်ချင်း တွေစုပြီး အဖမ်းခံရမှာစိုးလို့ ပုန်းရှောင် အိပ်ရတဲ့အခါ ခေါင်းချင်းဆိုင်ပြီး သူတို့ အနားမှာ ရှိတယ် ဆိုတဲ့ လုံခြုံမူနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် ခဲ့တာတွေရှိပါတယ်။

သူ့အပေါ်မှာတော့ ကျမ်းမာရေး မကောင်းတဲ့သူအပေါ် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ညီအစ်ကို မောင်နှစ်မလိုပဲ သဘောထားခဲ့တာပဲ။ သူကျမ်းမာရေး အခြေအနေအရ ကျွန်မတို့က တော်ရုံ တန်ရုံ လူပ်ရှားမူမျိုးမှာ ဆိုလည်း သိပ်ပြီး ဖိအားပေး ခေါ်ဆောင်တာမျိုး မလုပ်ခဲ့ပါဘူး။ မိတ်ဆွေတွေနဲ့ ဝေးခဲ့ရတဲ့ ငါးနှစ်ကျော် ကာလမှာ အခုလိုမျိုး ကိုယ့်စေတနာလုပ်ရပ်အပေါ် သူ သတ်မှတ်ထားတဲ့ အနေ အထား တစ်ခုကို သူကိုယ်တိုင် ဖွင့်ဟချက်နဲ့ ပြန်သိလိုက်ရတော့ တော်တော်ကြီးကို အံ့သြတုန်လူပ်မိပါတယ်။ နောက်ပြီး ကိုယ့်မှာ ပိုင်ဆိုင်သူ ရှိပါတယ် ဆိုတာ ပြောထားတာတောင် အရှက်မရှိ ဒီလို မဖွယ်မရာ မပြောသင့်တဲ့ စကားကို လာပြောနေသေးတယ် ဆိုကတည်းက သူလိုလူကို ဘယ်လို ဆက်ဆံသင့်တယ်ဆိုတာ သူ့တန်ဖိုးသူ သတ်မှတ်ပြီးသား ဖြစ်နေပါပြီ။

အဝေးကို ရောက်နေတဲ့ အချိန်မှာ အမေဟာ ကျွန်မကို သိတ် စိတ်ပူပါတယ်။ နေလို့ မဖြစ်တော့လွန်းလို့သာ သူတို့ရင်ခွင်ကနေ ပေးပြီး အဝေးကို သွားခွင့် ပေးတာပါ။ အခုဆိုရင် အမေက ကျွန်မတို့နဲ့ လပိုင်းလောက် အတူလာနေသွားတော့ ကျွန်မရဲ့ ဘ၀လက်တွဲဖော်ရဲ့ အကြောင်းကိုလည်း သူ သိတန်သလောက် သိသွားတယ် နောက် ကျွန်မ မိသားစုအတွက် ကျွန်မ ဘ၀ရပ်တည်ရေးအတွက် ဘယ်လိုမျိုး ရုန်းကန်လူပ်ရှား တည်ဆောက်နေရတယ်ဆိုတာလည်း သူသိသွားတော့ သူ စိတ်ချသင့်သလောက်တော့ စိတ်ချသွားပါတယ်။

ကျွန်မလဲ အပြင်မှာနေတာ ကြာလာတော့ ဘယ်သူ့ကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ သိနေပါပြီ။ ကိုယ့်တန်ဖိုး ကိုယ် ဘယ်လို မြင့်တင်ရမလဲ ဆိုတာ အထူးသဖြင့် ကိုယ်ကျင့် သိက္ခာပိုင်း ဆိုင်ရာ ထိခိုက်မူမရှိအောင် လူတိုင်းကို အမြဲ သတိထားပြီး ဆက်ဆံပါတယ်။
ပြည်ပမှာ နေရတဲ့အခါ ကိုယ့်အနေအထိုင် ကိုယ့်အပြုအမူတစ်ခုမှာ သူများပြောစရာ ဖြစ်အောင် သူများ အမြင်မှာ ကိုယ့်အတွက် သူတို့လည်း အကုသိုလ်မဖြစ်အောင် တော်တော်လေး သတိထာြး့ပီး နေရပါတယ်။

အဲ့ဒီ့မှာ ကျွန်မ ကိုယ်တွေ့နဲ့ယှဉ်ပြီး ညီမလေးတွေ အစ်မကြီးတွေကို ပြောချင်တာကတော့ ကိုယ့်ဘက်က ဘယ်လောက်ပဲ ရိုးသားတယ် စိတ်ဖြူစင်တယ်လို့ပဲ တွက်ထား တွက်ထား ကိုယ့်အနေအထိုင် ကိုယ့်အပြုအမူ ကိုယ့်အမူအယာ အပေါ် သူတို့ဘက်က လိုသလို ကောက်ချက်ချနိုင်သလို ကိုယ့်စေတနာ ကိုယ့်မေတ္တာပေါ်မှာလည်း စော်ကားတာတွေ ကြုံရလာနိုင်တဲ့အတွက် အမြဲ ပိုတယ်လိုတယ် မရှိအောင် သတိထားပြိး ဆက်ဆံသင့်ပါတယ်။ ဒါပေမယ့် ကိုယ်တွေအပေါ်မှာ တကယ့်ကို မောင်နှစ်မလို မိသားစုလို ကိုယ့်သွေးသားရင်းလို သဘောထားတဲ့ ကာကွယ်စောင့်ရှောက်ပေးတဲ့ လေးစားဖို့ကောင်းတဲ့ အစ်ကိုတွေ မောင်လေးတွေ ဦးလေးတွေ သူငယ်ချင်းကောင်လေးတွေလဲ ရှိနိုင်ပါတယ်။

ပတ်ဝန်းကျင်ဆိုတာ ယောက်ျားလေးတွေ ခြေလှမ်းများရင် ဒီကောင် သိပ်စွံတာလို့ ချီးကျူးစကား ပြောကြတယ် မိန်းကလေး တစ်ယောက် အနေအထိုင် မဟုတ် ရင်တော့ ကျိန်းသေပေါက် အရက်ဝိုင်း ဘီယာဝိုင်းတွေ မှာ ၀ိုင်းပြီး လေနဲ့ အားမနာ လျှာမကျိုး မစားရ ၀ခမန်း မြည်းကြမယ်ဆိုတာ မမေ့စေချင်ပါဘူး။ မြန်မာနိုင်ငံသား အချင်းချင်းကိုလည်း မေတ္တာရပ်ခံချင်တာက ဘာပဲပြောပြော လူတိုင်းမှာ ကိုယ့်မွေးမြေကို စွန့်လာပြီး တိုင်းတစ်ပါးမှာ လာ နေရတဲ့အခါ ဘ၀မျိုးစုံ အခက်အခဲမျိုးစုံ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင် ရုန်းကန်နေ ကြရပါတယ်. အချင်းချင်း ဖေးမစောင့်ရှောက်မူ မလုပ်နိုင်ရင်တောင် ကိုယ်ကြောင့် သူများကို နစ်နာအောင် မလုပ်ကြစေချင်ပါဘူးရှင်..

14 Comments:

chocothazin said...

မဆုမွန်ရေ
အဖြစ်အပျက်တွေကတော့ရှိခဲ့တာပေါ့
ပြန်မပြောချင်တော့လောက်အောင်ပါပဲ
လာလည်တယ်အမရေ
နေကောင်းတယ်ဟုတ်

GreenGirl said...

အစ်မရေ.. ပို့စ်လေးအရမ်းကောင်းတယ်။ မိန်းကလေးတစ်ယောက်အတွက် အပြောအဆိုကအစ သိပ်သတိထားရတယ်နော်။

မသက်ဇင် said...

"အစားမတော် တစ်လုပ် အသွားမတော် တစ်လှမ်း"
ဆုမွန်ရေ----
တော်တော်ကောင်းတဲ့ ပိုစ့်လေးပါ---
ပျော်ရွှင်ပါစေ--

မိုးခါး said...

အင်း .. ဟုတ်တယ်နော် အမ .. ကိုယ်က ရဲဘောရဲဘက်စိတ်နဲ့ ကိုယ်ချင်းစာစိတ်နဲ့ ပြုမူဆက်ဆံတာကို အစော်ကားခံရတာပဲ .. စေတနာသည် လူတိုင်းနှင့် မထိုက်တန်ဆိုတာလိုပဲနော် .. ကိုယ်ကိုယ်လည်း သိပ်အထင်ကြီးနေတယ် ထင်တယ် .. ဒုက္ခ ဒုက္ခ ..

:P said...

သေချာဖတ်သွားသည်

ကောင်းကင်ပြာ said...

သိပ်ကောင်းတဲ့ စာလေး လာဖတ်သွားတယ်

မင်းအိမ်ဖြူ Minn Eain Phyu said...

အစ်မ ကောင်းပါတယ် Post လေးက ၊ အစ်မရေ လူပေါ်မှာ မူတည်ပါတယ်နော် ၊၊ ယောက်ျား ရယ် ၊ မိန်းမရယ် မဟုတ်ပါဘူး ၊၊ မိန်းမတွေ အခွင်.ကောင်းယူတာ ရော တွေ.ဘူးလား ၊၊မေးကြည်.တာပါ ၊၊ ကျွန်တော် အခု ၀ထ္ထုတိုလေး ရေထားတာ ကြာပြီ ၊ တင်ဖို. မတင်ဖို.စဉ်းစားနေတာ ၊၊ အခု သူငယ် ချင်းတွေကို အရင် ဖတ် ခိုင်းပြီး Edit လုပ်နေတယ် ၊၊ မိန်းမတစ်ယောက်ရဲ. လွတ်လပ်စွာ စိတ်ဖောက် ပြန်မူ အကြောင်း ပေါ. .......................

မိုးမြင့်အောင် said...

ကောင်းမွန်တဲ့ ပြန်လည်ဝေငှမှုနဲ့ ကိုယ်ချင်းစာနာမှု အသိတရားကြီးမှုတခုလို့နားလည်လိုက်ပါတယ်

တီချမ်း said...

တီ လာလည် ဖတ်သွား
ကောင်း
ဖြစ်တတ်
မေ့
ကေ

သီဟသစ် said...

မဆုမွန်ရေ
သေချာဖတ်သွားပါတယ်။ မိန်းကလေးတွေ သတိထားသင့်တဲ့ အချက်တွေပါ။
လူချင်းတူပေမယ့် အသက်ရှူခြင်းကွဲတယ် ဆိုသလိုပါပဲ။ ယောက်ျားတိုင်းတော့ အဲလိုကြီး ဖြစ်မယ် မထင်ပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ ရဲဘော်ရဲစိတ်နဲ့နေတဲ့ သူငယ်ချင်းတွေလည်း တကယ်ရှိလို့ပါ။

မုန်းစရာ said...

မဆုမွန်ရေ..
အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲ...
တခါမှ ကွန်မန့်မရေးဖူးပေမဲ့. ဒီတခါတော့ မရေးမဖြစ် ရေးမိတယ်..

အပြင်ရောက်နေတဲ့ မိန်းကလေးတွေ သတိထားရမယ့်အချက်ပါပဲ... ပါးစပ်မစောင့်ထိန်းတဲ့ ယောက်ျားလေးတွေကို သတိထားသင့်ပါတယ်..

လူပေါ်မှာ မူတည်တယ်ဆိုတာလဲ ဟုတ်ပါတယ်.. မကောင်းတဲ့ မိန်းမတွေလဲ ရှိပါတယ်..ဒါကြောင့်လဲ ယောက်ျားလေးတွေ အခွင့်ကောင်းယူကြတာပါ..

မေငြိမ်း said...

သိပ်မှန်တာပေါ့..
မိန်းမဆိုတာ ကလေး တဒါဇင်ရပြီးတဲ့ အိုကြီးအိုမထိ ပြောခံရတုန်း..။ တဘက်ယောကျာ်းသားက မပြောတောင် ပတ်ဝန်းကျင်က ပြောချင်တာ.. စိတ်ပျက်စရာပါပဲ..။ သမီးသိတယ်ဟုတ်..!

ပုံရိပ် said...

အဲဒါမျိုး ဆန်ဆန် ကြုံဖူးပါတယ်။ သတိထားရမှာပေါ့လေ။

Moe Cho Thinn said...

တချို့ကျတော့လဲ ကိုယ့်ကို ကြိုက်လို့ အခွင့်အရေးပေးတယ် ထင်ပြီး ကိုယ့်ကိုယ်ကို ထင်တလုံးသမားတွေ ရှိတတ်ပါတယ်။
လူတိုင်းကို ကိုယ့်စိတ်ရင်းတိုင်း ဖြူဖြူစင်စင် အရောတ၀င် မနေသင့်ဘူးဆိုတဲ့ သင်ခန်းစာက ကိုယ့်အတွက် အမြတ် လို့သာ မှတ်ရမှာပဲ ညီမရေ။
ဆင်ခြင်စရာတွေ ပေးတဲ့ ပို့စ်လေးပါပဲ။