အမှတ်တရ ပုံစံစာ လေးများ

ကျွန်မ ဘလော့ လိုက်လည်ရင် အဓိက ဦးစားပေးလည်ဖြစ်တာ အစားအသောက် လုပ်နည်းတွေကို တကယ့် စေတနာအပြည့်နဲ့ ချက်နည်း ပြုတ်နည်းလေးတွေကို အပြည့်အစုံ တင်ပေးထားတဲ့ ဘလော့ လေးတွေကိုပါ။ လုလု ဘလော့ ကတော့ ဦးစားပေးပေါ့။ ဒီနေ့ စုဗူးအိမ် ဘလော့လေးမှာ မြင်းခွာရွက် သုတ်ထားတာ သွားငမ်းပြီး အပြန် ဘလော့ကာ သူငယ်ချင်း ကေလာက သူ့ဂျီတော့ စတေတပ်မှာ အမဲသားဟင်း ချက်နေတယ်တဲ့။ အမဲသား ဟင်း စားချင်စိတ် တစ်ဖွားဖွား ပေါ်လာတယ်။ ခက်တာက အမဲသားကို စားပဲ စားတတ်ပြီး မချက် တတ်တာ ပြသနာပါ။ ဘာဖြစ်လို့ မချက်တတ်လဲဆို အမဲသားကို စစားဖူးတာ အသက် ၁၈နှစ် ကျော်ကျော်မှာမှ စစား ဖူးတာ။ ကျွန်မတို့အိမ်မှာက ၀က်သား အမဲသား လုံးဝ မစားပါဘူး။ ကျွန်မကိုယ်တိုင်က အမဲသားကို စားရမှာ လည်း လန့်တာပါပါတယ်။ အဘွားကလဲ ပြောဖူးတယ် အမဲသားက နွားကို သတ်ပြီး ရလာတာမို့ ကျေးဇူးရှင် အသား မစားရဘူးတဲ့။

အမဲသားစစားဖြစ်ပုံကတော့ လွန်ခဲ့တဲ့ ၉နှစ်ကျော်လောက်က အင်းစိန်ထောင် သီးသန့်စစ်ထောင်ထဲမှာ ထောင်ကျ နေတုန်းကပါ။ ၂၀၀၀ပြည့်နှစ် သင်္ကြန်အကျနေ့ ဧပြီ၁၃မှာ အင်းစိန် သီးသန့်ထောင် ရောက်ပါတယ်. ၁၂ခန်းတွဲ ကြိုးတိုက်မှာ နေရပါတယ် လွတ်တဲ့ အထိပါပဲ ကျွန်မက ထောင်တရားဝင်တော့ အချမခံရပါဘူး အထိန်းသိမ်းခံပါ။

ထောင်ထဲက ထောင်ပုံစံ ထမင်းဟင်းကတော့ ပြောရင် ယုံမယ် မထင်ဘူး။ ရေခွက်နဲ့ အများဆုံး နှစ်ခွက်နဲ့ ခပ်ထည့်ပေးတဲ့ ထောင်ပုံစံထမင်းက မာလွန်းလို့ ပူနေတုန်းပဲ သူ့ကို ခြေလို့ရတယ်။ နည်းနည်း ကြာ သွားရင် သူက အခဲလိုက်ကြီးဖြစ်သွားတယ်။ တော်ရုံအားနဲ့ ဖိခြေလို့မရဘူး။ အဲ့တော့ မနက်ပုံစံ ပဲဟင်းကို အပေါ်က ဆမ်းချလိုက်ပြီး စားမှ လည်ချောင်းထဲဝင်တယ်။ နောက် လက်မလောက် ငါးပိတုံးလေး ကို ခြေပြီး ထည့်စား တယ်။ (စကားချပ်-အဲ့ဒီကတည်းက ပဲဟင်းကို မုန်းလိုက်တာမှ ကျွန်မ အခုထက်ထိ အိမ်မှာ ဘာပဲ ချက်ချက် ဂျီးမများပဲ စားပါတယ် နောက်ဆုံး ထန်းညက်နဲ့ ထမင်းဆိုရင်တောင် စားပါတယ်။ ဒါပေမယ့် ပဲဟင်း ချက်တဲ့နေ့ ဆို မျက်ရည် ပေါက်ပေါက် ကျအောင်ကို စိတ်ဆိုးပါတယ်။)

ထောင်မှာ ညနေဆိုရင် တာလပေါဟင်းလို့ ထောင်နံမည် ပေးထားတဲ့ ဟင်းနုနွယ်ပင်တွေကို အ၀ိုင်းလိုက် ခုတ်ပြီး ဟင်းချို ချက် ထားတာ စားရပါတယ်။ ဟင်းနုနွယ်တုံးတွေက အ၀ိုင်း လိုက်ကြီး တွေဆိုတော့ နည်းနည်း အံ့သြ ကြမယ် ထင်ပါတယ်။ လက်ကောက်ဝတ်လောက်ရှိတဲ့ ဟင်းနုနွယ် အရိုင်းပင်ကြီး တွေကို ခုတ်ထစ် ချက်တယ် လို့တော့ ယူဆပါတယ်။ သူက မနက်ပဲဟင်းထက်စာရင် ကျွန်မ နည်းနည်း စားလို့ ရပါသေးတယ်။ မနက် ပဲဟင်း။ ညနေ တလပေါဟင်း ငါးပိတစ်တုံး ဆားတစ်ပုံ (ဆားက နည်းနည်းပဲရပါတယ် ဆားများများပေးရင် ဆားတွေ စုထားပြီး ထောင်သံတိုင်အောက်ခြေကို ပုံပြီး ထောင်ဖောက်ပြေးမှာ စိုးလို့ပါတဲ့) ဒါက နေ့တိုင်း ထောင်က ကျွေးတဲ့ မရိုးတဲ့ ဟင်းတွေပါ။

ဒါပေမယ့် ထောင်မှာ တစ်ပတ် တစ်ခါတော့ အသားစားရပါတယ်။ ကြာသပတေးနေ့ ညနေကျရင် အမဲပြုတ်ရည် အိုးထဲ ထည့်ပြုတ် ထားတဲ့ ကြက်ဥနဲ့ အမဲသား ကြိုက်ရာ ရွေးစားလို့ရပါတယ်။ အမဲသား မစားတဲ့လူက ကြက်ဥ တစ်လုံး ရပါတယ်။ အမဲ ပြုတ်ရည် ထဲ ထည့်ပြုတ်တော့ နဂိုကမှ အနံညှီတဲ့ ကြက်ဥက အမဲပြုတ်ရည် နံ့နဲ့ ဆိုတော့..ကျွန်မ သုံးလေးပတ် လောက်တော့ ကြက်ဥကို စားကြည့်ပါသေးတယ်။ ဒါပေမယ့် ကြာလာတော့ ကျွန်မနဲ့နေတဲ့ အခန်းဖော်က ညီမလေး အမဲသား ပြောင်းစားကြည့်ပါလားတဲ့ အမဲသား ညီမ မစားဘူး အစ်မ ဆိုတော့ သူက စမ်းစားကြည့်တဲ့. အမဲသားက အာဟာရလဲဖြစ်တယ် သွေးအားလဲ ကောင်း တယ်တဲ့. အခု ငါ့ညီမလေးက အစားမှန်မှန် မစားတော့ ငါးဖောင်ရိုးဖြစ်နေပြီတဲ့ အစ်မ ညီမလေးကို အမဲပြုတ်ရည် တောင်းပြီး ဗူးဝမှာ သံပုရိုပင် အညွန့်လေးတွေ ခြေပြီး အမဲစွပ်ပြုတ် လုပ်တိုက်မယ်တဲ့။ အဲ့တာနဲ့ ကျွန်မလဲ အမဲသား စားဖို့ ဆုံးဖြတ်လိုက်တယ်။

နောက် ကြာသပတေးနေ့ ဟင်းအလှည့်ရောက်တော့ ကျွန်မ ပန်းကန်ထဲကို ကြက်ဥတစ်လုံး ပစ်ထည့်တယ် ကျွန်မက အမဲသားလို့ ပြောတော့ မျက်ခုံးပင့်ကြည့်တယ် အဲ့တာနဲ့ တစ်တုံးယူဆိုတော့ ကျွန်မမျက်စိကို ပြူး ကြည့်ပြီး အမဲသား အတုံး အကြီးကြီးကို လက်ညှိုး ထိုးပြ လိုက်တယ်။အစ်မက ညီမလေး မယူနဲ့ အဲ့တာ အရွတ်ကြီး တဲ့။ ဒါပေမယ့် ကျွန်မပန်းကန်ထဲကို အမဲတုံးကြီး ရောက်နေပါပြီ။ အမဲတုံးကြီးကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေတဲ့ အချိန်မှာ အစ်မက ရယ်ပြီးတော့ ညီမလေးတဲ့ အမဲသား ယူတဲ့အခါ အတုံး သေးရင် သေးပါစေ အသားပါတာ ယူတဲ့ အရွတ် တုံးကြီးဆို ကိုက်မရ ဖဲ့မရနဲ့တဲ့ ဒါပေမယ့် ငါ့ညီမ အပျင်းပြေ ၀ါးလို့ ရတာပေါ့တဲ့ အစ်မ အမဲပြုတ်ရည် စီစဉ်လိုက်ဦးမယ် ဆိုပြီး ဖင်ဖြတ် ထားတဲ့ ရေသန့်ဘူးထဲက အမဲပြုတ်ရည် ထဲကို ဆားနည်းနည်း အချိုမူန့်(ဖွက်ထားတဲ့) နောက် သံပုရိုပင် အညွန့်လေးတွေနဲ့ မွှေလိုက်တယ်။ စားကြည့် ညီမလေးဆိုတော့ သောက်ကြည့်တော့ အသားနဲ့ဝေးနေတာ ကြာတဲ့ အချိန်မှာ အသား ပြုတ်ရည် ဆိုတော့ အရသာ ရှိ လိုက်တာမှ ပြောမနေ ပါနဲ့တော့။ ကိုယ့် ရေသန့်ဗူး ပိုင်းလေးထဲက အမဲ ပြုတ်ရည်ကို ကိုင်ပြီး တဂွတ်ဂွတ်နဲ့ မော့သောက်လိုက်တယ်။ နောက် အမဲသားတုံးကို လက်နှစ်ဘက်နဲ့ကိုင်ပြီး ကိုက်တာမှာ သွားထဲ ညှပ် သွားပြီး ပြန်ဆွဲထုတ်လို့မရ ဘူး ဖြစ်သွား ပါတယ်။ နေက် အမျိုးမျိုး လှည့်ပတ်ကိုက်တာ ဘယ်လိုမှ အဆင် မပြေ တာနဲ့ အမဲပြုတ်ရည်နဲ့ ထမင်းနဲ့ ဆမ်းပြီး စားလိုက်ပါတယ်။ အမဲသားတုံး ကိုက်မရတာကလွဲရင် တော်တော် လေး အရသာရှိတဲ့ ညနေစာ လေး စစား ရတာပါပဲ။

နောက် ထမင်းကို အကုန်စားပြီးတော့ အမဲသားကို ပြန်ကိုင်ပါတယ်။ သံတိုင်ကို မှီပြီး ကိုက်တာမှ အားမရ လို့ သံတိုင်ကို ခြေထောက်နဲ့ကန်ပြီး အမဲသားကို ဆွဲဖဲ့ပါတယ်။ ကိုယ်က ဆွဲလိုက် သူက ရုန်းလိုက် သူက ရုန်းလိုက် ကိုယ်က ဆွဲလိုက်နဲ့ နောက်ဆုံး အမဲသား အရွတ်တုံး နည်းနည်း ပဲ့ပြီး ပါးစပ်ထဲ ရောက်သွားပါတယ်။ အဲ့တာကို ပါးစပ်ထဲ ထည့်ပြီး ကြေအောင် ကြိတ်တာမှာ.တော်တော်နဲ့ မရပဲ ပါးစပ်ထဲမှာပဲ ရှိနေပါတယ်။ အမဲသား တစ်တုံးနဲ့ အလုပ်ရူပ်နေတဲ့ ကျွန်မကို ကြည့်ပြီး သဘောကျလို့ အစ်မက ရယ်ပါတယ်။

အိမ်မှာ အစား စားရင် လည်း ၀ါးနေတာ တော်တော်နဲ့ မပြီးလို့ အမေက အမြဲဆူပါတယ်။ အစားလဲမက်တဲ့ ကျွန်မကို ကြည့်ရင် အမြဲ ပါးစပ်လေး လူပ်စိ လူပ်စိနဲ့ တမြုံ့မြုံ့ ဖြစ်နေလို့ နွားလိုပဲ စားမြုံ့ပြန်နေတယ်လို့ အစ်ကို တွေက အမြဲစ ပါတယ်။

နောက်ရက် တွေမှာတော့ ကျွန်မ အမဲသားကို ဘယ်လိုရွေးရမယ်ဆိုတာ ကောင်းကောင်း သိနေပါပြီ။ သီးသန့် ထောင်ထဲမှာ အသက်အငယ်ဆုံး ဖြစ်တဲ့ ကျွန်မ ထမင်းလာပို့တဲ့ ထောင်ဝါဒါတွေကလဲ ကျွန်မကို အမဲသားတုံး ကောင်းကောင်း လေး တွေ ဖယ်ဖယ်ပြီး ပေးတတ်လာပါတယ်။ ကြာသပတေးညတွေကတော့ ထောင် တံခါးမကြီး နံရံကို မှီ အမဲသားတုံးလေး ကိုက်မြုံ့ပြီး အရသာခံတဲ့ အချိန်တွေပဲပေါ့။

နောက် ထောင်ထဲမှာ စားဖြစ်တာ လမ်းလျောက်မြက်ပင်အုပ်အုပ်လေးတွေကို သုတ်စားတာပါ။ နေမကောင်း တဲ့ လူဆို ရေနွေးအဖြူတစ်ဗူးရပါတယ်။ အဲ့ဒီ့ရေနွေးနဲ့ ရေချိုးချတုန်း နတ်ထားတဲ့ မြက်ပင်အညွန့်လေးတွေကို ဖျော လိုက် ပါတယ်။ နောက် ငါးပိရည် အချိုမူန့်ရယ် ငရုတ်သီးမူန့်လေးတွေရယ်နဲ့ ရောသုတ်လိုက်တယ်။ တစ်ခါ တစ်ရံ ရေချိုး ချတုန်း အ၀တ်လျော်ပြီး လှမ်းရတဲ့အခါ တစ်ချို့ကို ဒီအတိုင်း မြေကြီးမှာ လှမ်းရပါတယ် အကျီတွေ ကို တော့ သီးသန့်ထောင် ထောင့်စွန်းနားမှာ ပေါက်နေတဲ့ သံပုရိုပင်အုပ်မှာ လှမ်းရတော့ ၀ါဒါမတွေ မမြင် လိုက်ပဲ ခူးလို့ ကျန်တဲ့အထဲက သံပရိုသီးလေးတွေ ရတတ်ပါတယ်။အဲ့တာလေးတွေ ညှစ်ပြီး သုတ် ကျွေးတာ အရမ်းစားလို့ကောင်းပါတယ်။

နောက် အသုတ်တစ်ခုကတော့ ကန်စွန်းရွက် အစိမ်းသုတ်ပါ။ ကန်စွန်းရွက်အညွန့်လေးတွေကို ညနေ မိလ္လာချတဲ့ ချိန် အ၀တ်ပါ ပေးရုပ်ရင် အချိန်ရတုန်း မြေပြင်မှာ ကပ်ပေါက်နေတဲ့ ကန်စွန်းရွက်ညွန့်လေးတွေကို ခူးခဲ့ပြီး ရှိတဲ့ ငပိ ဆား အချိုမူန့်လေးတွေနဲ့ သုတ်စားတာ လဲ အရမ်းကို အရသာရှိပါတယ်။

နောက် ပဲဟင်းထဲက ပဲခြမ်းတွေကို ရေနဲ့ သေသေချာချာ စင်အောင်ဆေးပြီး ရလာတဲ့ ပဲတွေကို ပလက်စတစ်စလေး တွေပေါ် တင်ပြီး နေပြ (နေလှမ်း)ပါတယ်။ နေပူတဲ့အချိန်ဆို ပဲလေးတွေ ထုတ်ထုတ် လှမ်းကြပါတယ်။ တစ်ခါ တစ်လေ ခိုတွေ ကျီးကန်းတွေက သူတို့ကို ကျွေးတယ် ထင်ပြီး လာလာ တီးသွားရင်တော့ ကုန်သ လောက် ပါပဲ။ နောက် လေးငါးရက် လောက် နေပြပြီး ရလာတဲ့ ပဲတွေကို ထောင်တစ်ခုလုံး တိတ်ဆိတ်နေတဲ့ နေ့လည် အချိန်တွေမှာ တံခါးမကို ကာထားတဲ့ သံတိုင်ဘေးကို မှီပြီး တကျွပ်ကျွပ်နဲ့ ထိုင်ဝါးရတဲ့ အရသာကလဲ ဘယ်ဟာနဲ့မှ မလဲနိုင်ပါဘူး။

ထောင်ထဲမှာနေတုန်းက အပြင်ရောက်ရင်တော့ ဟိုဟာလေးကို ဟိုလို စားမယ် ဒီဟာလေးကို ဒီလို စားမယ် စသဖြင့် အစား အသောက် နံမည်တွေ မေ့သွားမှာစိုးလို့ အချင်းချင်း အပြိုင် နံမည်မှတ်မိပြိုင်တမ်း ကစားဖူး ပါတယ်။ ဥပမာ တစ်ယောက်က အုန်းနို့ခေါက်ဆွဲလို့ အော်ရင် ကျွန်မက ရွှေတောင်ခေါက်ဆွဲ တစ်ယောက်က မုန့်ဟင်းခါးဆို တစ်ယောက်က မုန့်တီ စတာမျိုးလေးတွေ နံမည်လေးတွေ အပြိုင် ရွတ်ပြီး ရယ်စရာဟာသ လုပ်ကြတိုင်း ကျွန်မက မုန့်နံမည် အများဆုံးနဲ့ အမြန်ဆုံး ရွတ်နိုင်တဲ့ သူဖြစ်ပါတယ်။

ထောင်ကနေ ထွက်ရင် အစားကို အကုန်စားပစ်မယ်လို့ ကြွေးကြော်ခဲ့ပေမယ် ထောင်ကနေ တကယ်တမ်း ပြန်ထွက် လာတဲ့အခါ အိမ်ရောက်တော့ ကျွန်မ ရဲ့ အသားကျနေတဲ့ အစာအိမ်က အရသာတွေ အနံ့တွေ ကို မခံစား နိုင်ပါဘူး။ ထမင်း ပျော့ပျော့လေးကို တစ်လုပ် နှစ်လုပ်စားရင်ကို ပျို့လာပြီး ဟင်းတွေကို ကြည့်ပြီး တော့လည်း မစားနိုင်ပါဘူး။ နောက် နည်းနည်း လေးစားရုံနဲ့ ဗိုက်က ပြည့်လာပြီး ဘာမှကို ဟုတ်တိ ပတ်တိ မစားချင် တော့ပါဘူး။ ထိုင်တာ များပြီး အလူပ်အရှားမရှိတဲ့ အတွက် ခြေထောက်တွေက ဆွဲပြီး နည်းနည်း လျောက်တာနဲ့ ယောင်လာပါတယ်။ နောက် မျက်စိကလဲ နဂိုက မျက်မှန်တပ်ရတော့ အလင်းကို သိပ်ကြည့် လို့မရဘူးဖြစ်နေပါတယ်။ အဆိုးဝါးဆုံးကတော့ ညအိပ်ချိန်တွေပါပဲ..အမြဲ အိမ်မက်တွေ မက်ပြီး ဇောချွေးတွေနဲ့ လန့်နိုးတိုင်း ငါ အခု ဘယ်ရောက်နေတာလဲ ထောင်ထဲမှာပဲလား ဆိုတဲ့ အတွေးက အရမ်းဆိုးပါတယ်။

အခုချိန်မှာ အပြင်မှာ စားချင်တာ စား လုပ်ချင်တာ လုပ် သွားချင်ရာ သွားနေရပေမယ့် အခုချိန်ဆို ထောင်ထဲက အကျဉ်းသား တွေ ဘယ်လိုများ စားနေရ ရှာပါလိမ့်ဆိုတဲ့ အတွေးက ရင်ကို တော်တော် နာကျင်စေပါတယ်။ ဒီ အမှတ်တရ အတို အထွာ ထောင်ပုံစံစာ ဖြစ်တဲ့ အစားအစာလေးတွေဟာ အခုချိန်မှာ ပြန်တွေး ကြည့်ရင် တော့..ပြုံးချင် စရာဖြစ်ပေမယ့်..အခုချိန်အထိ အဲ့ဒီ့တုန်းက အားရပါးရ မက်မက်မောမော စားခဲ့ရတဲ့ အရသာတွေကို မမေ့နိုင်သေးပါဘူး။

8 Comments:

Anonymous said...

ဆုမွန်ရေ... သီးသန့် ထောင်ဆိုတော့ ဘ၀မှာ မေ့ လို့ မရတဲ့ သမိုင်းတနေ ရာကို တူးဖော်လိုက်သလို ပါပဲ.....

ဒို့ လည်း သီးသန့် ထောင်စစ်ကြောရေးမှာ ၃လနေ ခဲ့ဘူးတယ်.. ပြီးတော့ ၂၁နှစ် ထောင်ချလိုက်တယ်လေ.. အခုတော့ အပြင်ရောက်နေပြီပေါ့..

ဆုမွန်က ဘယ်သူများပါလိမ့် ..ဒို့ သူငယ်ချင်းတယောက်ယောက်များ ဖြစ်နေလား..

ဒို့ က အမြဲတမ်း ၀င်ဖတ်ဖြစ်တယ်.. ဒါပေမဲ့ စီဘောက်မှာ စာမရေးတတ်ခဲ့ဘူး..

ပျော်ရွှင်ချမ်းမြေ့ ပါစေ

JulyDream said...

ဖြစ်ရပ်မှန် ဘ၀ အတွေ့အကြုံတွေကို ဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အိပ်မက်ဆိုးတွေကနေ လွှတ်မြောက်ပါစေလို့ ဆုမွန်ချွေပါတယ်။

Anonymous said...

မမရေ.. မမရေးလိုက်တော့မှ.. အမတစ်ယောက်လို ချစ်ရတဲ့ ကျွန်တော်တို့နဲ့ အတူနေသွားတဲ့ အမကို သွားသတိရမိတယ်။ သူထောင်ကျနေတုန်းက ထောင်မှာ ဖတ်ဖို့ စာအုပ်တွေ ကျွန်တော့်ဆီကို ငှားသေးတယ်။ အဲဒီတုန်းက စာအုပ်တွေအရမ်းနှမြောလို့ မပေးလိုက်ဘူး။ ပေးချင်တဲ့ အချိန်ကျတော့ သာယာဝတီထောင်ကိုလား မသိဘူးရောက်သွားပြီ။
သူလည်း ပင်ကိုက ကျန်းမာရေးဆိုးတာ။ ထောင်ထဲက ရက်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့တဲ့သလဲ ဆိုတာ တွေးမိတိုင်း ၀မ်းနည်းမိတယ်... မမရေ။။။။။

သီဟသစ် said...

မဆုမွန်ရေ..
ဖတ်လို့လဲကောင်းတယ်။ အစ်မတို့ အဲလောက်တောင် ပင်ပန်းဆင်းရဲခံခဲ့ရတာနော်။

ဂုဏ်ယူလေးစားပါတယ်။

GreenGirl said...

အစ်မရယ်... ဖတ်ရင်းနဲ့ မျက်လုံးထဲမြင်လာတယ်။ ဘယ်လိုပြောရမှန်း မသိဘူး။ ကိုယ်ချင်းစာပါတယ်။

ရွှန်းမီ said...

ဖတ်ရတာ ရင်ထဲ အောင့်သွားတယ် .. ကိုယ်ချင်းစာမိပါတယ်

Unknown said...

မ တကယ်ကိုယ်ချင်းစာပါတယ်.မြင်ယောင်လာမိပြီးမျက်ရည်ကျတဲ့အထိခံစားမိပါတယ်
အိပ်မက်ဆိုးကနေ လွတ်မြောက်လာတဲ့အတွက် ၀မ်းသာပါတယ်နော်.ကျန်တဲ့သူတွေအတွက် ဒို့တွေဘယ်လိုကူညီနိုင်မလဲ. အားတင်းထားပါနော်

သူမ said...

သူလည်း အခုအထဲမှာ။ ဒီလိုစာတွေ ဖတ်လိုက်ရရင် ရင်ထဲမချိတော့ဘူး။ ယောက်ကျားသားတွေအတွက်တော့ ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေ၊အဖြစ်အပျက်တွေ... ဖတ်မိတဲ့အခါ...