အမေ

အမေ နုပျိုစဉ်က အမေဟာ ပန်းလေးတွေပျိုးခဲ့တယ်။

အမေ့ရင်ခွင် မြေပြင်ထက်က ပေါက်ဖွားလာတဲ့ ပန်းလေးတွေကို အမေ့နို့ ရည်နဲ့ ပက်ဖျန်းပြီး ရှင်သန် လန်းဆန်းစေခဲ့တယ်။ အမေဟာ ပန်းတောထဲမှာပဲ သူ့သက်တမ်း တလျောက်လုံး နစ်မျောနေခဲ့တယ်။
အမေဟာ နှစ်လ တွေကို မေ့နေခဲ့တယ်။ အမေဟာ နေ့ည တွေကို မေ့ခဲ့တယ်။

အမေ ပျိုးထောင်ခဲ့တဲ့ ပန်းလေးတွေ အညောင့်ပေါက်ကတည်းက ပိုးမထိ ခရုမကိုက်အောင် အမေ့ ညတွေပေးခဲ့တယ်။ အမေ့ပုခုံးတွေ ပေးခဲ့တယ်။ မြေသြဇာကောင်းဖို့ အမေ့သွားတွေ ၀ါးကျွေးခဲ့တယ်။

အမေ့ပန်းလေးတွေ ညိုးနေရင် အမေ့ မျက်ရည်စက်တွေနဲ့ ပြန်လန်းစေခဲ့တယ်။ အမေ ပျိုးခဲ့တဲ့ ပန်းလေးတွေ မွှေးနေရင် အမေပျော်မယ် အမေပျိုးခဲ့တဲ့ ပန်းလေး ရော်နေရင်လဲ အမေရင်မောရှာမယ်။ အမေဟာ ပန်းတွေ ပျိုးခဲ့တယ်။

အမေ့ အတွက် လှပ လန်းဆန်း မွှေးပျံ့လွန်းတဲ့ ပန်းပွင့် လေးတွေ ရခဲ့တယ်။
အမေ့ အတွက် လှပ ပေမယ့် မွှေးရနံ ကင်းတဲ့ ပန်းလေး တွေလဲ ရခဲ့တယ်။
အမေ့ အတွက် ပွင့်ဖတ် မစုံတဲ့ ပိုးကိုက်တဲ့ ပန်းလေးတွေ ရခဲ့တယ်။
အမေ့ အတွက် မူးမိုက် စေတဲ့ ဆူးစိုက် စေတဲ့ ပန်းလေး တွေလဲ ပွင့်ခဲ့တယ်။
အမေ့မှာ မပွင့် သေးတဲ့ ပန်းဖူးလေး တွေလဲ ရှိနေသေးရဲ့။

အမေ ပျိုးခဲ့တဲ့ ပန်းလေးတွေ အတင့်တယ်ဆုံး ပွင့်လန်းလာလို့ အလှပဆုံး အချိန်မှာ အမေ့ ပန်းလေးတွေကို ဈေးဗန်းပေါ် တင်ရတယ်။ အဲ့အချိန်တွေမှာ အမေ့ရင် ဘယ်လိုရှိရှာမလဲ ဘယ်လို မချိရှာမလဲ ဘယ်သူသိနိုင်မလဲ။
ဈေးဗန်း ပေါ်မှာ ရောင်းပန်းလှတဲ့ ပန်းလေးတွေအတွက် အမေ မော်နိုင်ပေမယ့် ဈေးဘောင်ကျိုး တဲ့အထိ ၀ယ်သူမဲ့ ပန်းလေးတွေ အတွက် အမေ နာကျင်ရှာမယ်။

နေထိပန်းလို နွမ်းလျပျော့ခွေနေတဲ့ ပန်းလေးတွေကို အမေရင်က နှလုံးသွေးနဲ့ ရေ ဆက်ဖြန်း ပေးခဲ့တယ်။ စိတ်တိုင်းကျ အရွေးခံ လိုက်ရတဲ့ ပန်းပွင့်လေးတွေက မျက်နှာ ခပ်မော်မော်နဲ့ အမေ ရင်ခွင် ကခွာပြီး အအေးခန်းက ကြွေပန်းအိုး လှလှလေး ပေါ်မှာ တင့်တယ်နေတယ်။

ဒါပေမယ့် ဒီပန်းလေးတွေဟာ အကိုင်း အခက် ဖြတ်တောက် ခံရပြီး ကတည်းက အမေ့ရင်ခွင် မြေပြင်နဲ့ ဝေးကုန်တော့ လူတွေရဲ့ မျက်စိအေးအောင် အပြခံရတဲ့ ပန်းလေးတွေ လူ့အပူလိုင်းမိပြီး မြန်မြန် နွမ်းကုန်တာ အမေ သိမယ်မထင်ဘူး။

ဈေးကောင်းရတဲ့ အမေ့ ပန်းဖိုးလေးတွေ ရေတွက်ရတိုင်း အမေ ရင်ချိရှာမယ်မထင်ဘူး။ ပေါင်းသင်း မြေဆွ ပျိုးခဲ့ရတဲ့ အမေ့ လက်အရေခွံ တွန့်တွန့်တွေကြားထဲက သစ်လွင် နေတဲ့ ငွေစလေး တွေကို အမေကြည့်ရင်း အမေ့ရင်မှာ ဘာရှိတယ်ဆိုတာ ဘယ်သူ သိနိုင်မလဲ။ အမေ့ခြံထဲက နွမ်းလျော်စ ပြုနေတဲ့ အမေ့ပန်းလေးတွေ အတွက်လည်း အမေ ဟာ မလျော့တဲ့ ဇွဲနဲ့ ပန်းဖိုးထဲက ရလာတဲ့ ငွေစလေးတွေနဲ့ မြေသြဇာထည့်ပေးနေဆဲပဲ။

အမေ ပန်းတွေ ပျိုးခဲ့တယ် ပြီးတော့ ပန်းတွေ အမေ ဆက်ပျိုးနေဆဲပဲ အမေ့ ပန်းပျိုး လက်တွေ ခိုင်မာနေဆဲပဲ အမေက ပန်းတွေ ပျိုးခဲ့တယ်...အမေလေ ပန်းတွေ ပျိုးနေတုန်းပဲ..



ဒို့မေမေ

ကျွေးမွေးသုတ်သင် သက်ဆုံးပင်
ချစ်ခင်ရှာပေ ဒို့မေမေ။

ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမခဲ့ပေ ဒို့မေမေ။

အရွယ်ရောက်လာ ကျောင်းအပ်ကာ
ပညာပေးပေ ဒို့မေမေ။

ကျမ်းမာဖို့ရေး သင့်ရာကျွေး
လေးစားအပ်ပေ ဒို့မေမေ။

ဝတ်စားဆင်ယင် မြတ်နိုးကြင်
ချစ်ခင်အပ်ပေ ဒို့မေမေ။

8 Comments:

မယ့်ကိုး said...

အမေ့အကြောင်းကို ဘယ်လိုပဲပုံဖော်ဖော် ဖတ်လို့ ကောင်းတယ်နော်။

Anonymous said...

ပန်းပျိုးတဲ့ လက်တစ်စုံနဲ့ မိခင်တစ်ယောက်ရဲ့ဘဝကို တင်စားထားတာ အံ့သြမှင်သတ်မိပါရဲ့ .... အတွေးကောင်းသလို မိခင်တစ်ယောက်ရဲ့ ဘဝကိုလည်း ထင်ထင်ရှားရှားပေါ်လွင်စေပါတယ် ... စာကောင်းတစ်ပုဒ်က ရတဲ့ရသအတွက် စာရေးသူကို ကျေးဇူးတင်ပါတယ် ခင်ဗျာ .. အမေများနေ့နှင့်အတူ အမေ့ရဲ့ သားသမီးများ အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

ပီတိ(စိတ်ပညာ) said...

အမေနေ့ အမှတ်တရ လာဖတ်သွားပါတယ်။ ဒီနေ့မှာ ဒီလိုစာမျိုးလေး ဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်။

ဝက်ဝံလေး said...

အီး ဟီး လွမ်းပါတယ်ချိုနေမှ ပိုလွမ်းသွားပြီ မမရေ ငိုပြီ ဗြဲ ဟဲဟဲ

ကိုလူထွေး said...

ဆုမွန်ကလဲ အမေပျိုးခဲ့တဲ့ ပန်းတပွင့်ပဲပေါ့.. ဟုတ်ဘူးလား....

Anonymous said...

အမေနဲ့ပတ်သက်တဲ့ အဖွဲ့အနွဲ့တွေ တွေ့တိုင်းအ၇မ်းကိုခံစား၇ပါတယ် ဘယ်တော့မှလဲမ၇ိုးနိုင်ပါ ကျေးဇူးပါ ညီမလေးေ၇....

kiki said...

အတွေးကောင်း၊အရေးကောင်း၊ အမေကို ဥယျာဉ်မှူးတဦးလို နှိုင်းယှဉ်ပြီးရေးသားထားတာ ရသ မြောက်ပါတယ် ။
ချမ်းမြေ့ ပါစေ မဆုမွန်ရေ.....

မိုးခါး said...

မရေ
ငိုချင်သွားတယ် ..
ပန်းပျိုးသူဘက်ကတော့ တာဝန်ကျေခဲ့ပြီနော် ..