ငါးညရဲ့ သွေးပျက် ည

ရင်ခေါင်းကနေ ရုတ်တရက် စူးစူးဝါးဝါး ထိုးအောင့်လာလို့ ထမင်းစားတာကို ခဏရပ်လိုက်တယ်။ ရင်ဝကို လက်ဖနောင့်လေးနဲ့ ထောက်ပြီး ငြိမ်ငြိမ်လေး နေလိုက်တယ်။ တင်ပလ္လင်ခွေထိုင်ပြီး ခေါင်းကို အမြဲငုံ့စားနေတော့ ဗိုက်ခေါက်ပြီး လေခံတာလားလို့ ထင်မိတယ်။ နောက် မှ တဖြည်းဖြည်းနဲ့ ရင်ဝကနေ ၀မ်းဗိုက်အောက် ဘယ်ဘက်ခြမ်းက စူးပြီး အရမ်းထိုးအောင့်လာတော့ စားလက်စ သံပန်းကုန်ပြားလေးကို အခန်းထောင့်ကို တွန်းရွှေ့လိုက်ပြီး ပလက်စတစ်ရေပုလင်းနဲ့ လက်ကို ဆေးလိုက်တယ်။

ခါးကို ကိုင်းကိုင်းလေးလုပ်ပြီး ခပ်ကုန်းကုန်းလျောက်လာတော့ ထမင်းစားလက်စ ဖြစ်နေတဲ့ အတူနေတဲ့ အန်တီက သမီးဆုမွန် ဘာဖြစ်လဲတဲ့..ဗိုက်အောင့်တယ်လို့ လေသံပျော့လေးနဲ့ပြောတော့ သူ မျက်လုံးပြူး သွားတယ်။ သမီး နံရံကို မှီပြီး ခဏလေး မှီနေလိုက်တဲ့။ သူ့သစ်သားပြားခေါင်းရင်းဘက်ခြမ်းက အုတ်နီခဲတုံးလေး ပေါ်တင်ထားတဲ့ ပရုတ်ဆီပုလင်းလေးထဲက အကတ်အသတ် ပရုတ်ဆီလေးတွေကို ကျွန်မ ၀မ်းဗိုက်ပိန်ပိန် လေးကို လှန်ပြီး ချက်ထဲကို ထည့်ပေးတယ်။

ဗိုက်ကို လက်တင်လိုက်တော့မှ အထိမခံနိုင်အောင် နာမှန်း ပိုသိသာလာတယ်။ သူ့လက်ကို တွန်းဖယ် လိုက်ပြီး နာနာကျင်ကျင်နဲ့ သမီး ဗိုက်ကို ထိရင် အရမ်းနာတယ် အန်တီ..လို့ ငိုမဲ့မဲ့ပြောတော့ သူပိုလန့်သွားပုံရတယ်။ ဒါကြောင့် သမီးကိုပြောတာ အစားကို ပုံမှန်စားပါလို့ ညည်းက မစားရင် ထိုင် နေတာကိုးလို့ တဗျစ်ဗျစ် တောက်တောက် ပြောရင်း သူ သံတိုင်တွေကို အားယူကိုင် ထပြီး အပြင်ကို မျော်ကြည့်တယ်။

ဆရာမ ဆရာမ..ခပ်အုပ်အုပ်ခေါ်လိုက်တဲ့ အန်တီ့အသံကြောင့် အကျဉ်းခန်းတွဲတွေရဲ့ အလယ်တည့်တည့်က သစ်သားကုတင်ပေါ်မှာ စုဝေးပြီး စကား တင်းဆိုနေတဲ့ ထောင်ဝါဒါမတွေထဲက တစ်ယောက်က စိတ်မရှည်တဲ့ လေသံနဲ့ ဘာလဲ ဘာလဲ တဲ့။ ဒီမှာ ဆုမွန် ဗိုက်အောင့်လို့တဲ့။ သူတော်တော် အောင့်နေတယ်။ ဟင် ညနေပိုင်းကြီး ဗိုက်လာ အောင့်ရသလား ပါဆယ်တွေ စွတ်စားပြီး ဖြစ်ပြီ နင်တို့ကတော့ တဲ့. ဆောင့်ဆောင့် အောင့်အောင့်နဲ့အော်ပြီးမှ ငြိမ်ငြိမ်နေလိုက် မနက်ဖန် မနက် ဆေးမူးလာရင်ထွက် ပြလိုက်တဲ့။

စူးရှကျယ်လောင်လွန်းတဲ့ အသံက သံရည်ပူနဲ့ နားဝကို လောင်းချလိုက်သလို ဒေါသက တဖျင်းဖျင်း ထွက်လာတယ် ၀မ်းဗိုက်က နာကျင်မူနဲ့အတူ နာကျည်းမူက ပိုလာမယ်ထင်တယ်။ ဒေါသနဲ့အတူ နာကျင်မူတွေနဲ့ အသက်ရူကျပ်အောင်ကို ရင်ခွင်တစ်ခုလုံး တင်းတင်းကျပ်ကျပ်ကြီး ဖြစ်သွားတယ်။ မျက်စိကို အသာ မှေးမှိတ် လိုက်တော့မှ မျက်ရည်ပူတွေက နားထင်တလျောက် လျောကျဆင်းသွားတာ သိလိုက်တယ်။ မငိုပါနဲ့ဆုမွန်ရယ်တဲ့ လျက်ဆားလေး စားလိုက် လေခံတာဖြစ်မယ် သမီး လမ်းလေး လျောက်ကြည့်ပါလားဆိုလို့ နံရံကို အားယူကိုင်ပြီး ထလိုက်တော့မှ ဗိုက်တပြင်လုံး အရမ်းထိုးအောင့်လာလို့ အသက်ရူကျပ်လွန်းလို့ အံကြိတ်ရင်းက မချိမဆန့်ငြီးမိတယ်။

ဆရာမ ဆရာမ သူတော်တော်ဖြစ်နေတာ တစ်ခုခုဖြစ်မှာစိုးတယ် လုပ်ပါဦးလို့ အန်တီက အော်တော့မှ သော့ခလောက်သံ တချွင်ချွင်နဲ့ ထောင်ဝါဒါမ ၀၀တုတ်တုတ်ကြီး ရောက်လာတယ် မခံမရပ်နိုင်အောင် ဗိုက်အောင့်နေမှန်း သိသာတဲ့ ကျွန်မပုံစံကို မြင်တော့မှ ဆေးမူးခေါ်ပေးမယ် ခဏစောင့်တဲ့ ညနေပိုင်း ထောင်ပိတ်ချိန် ရောက်နေပြီ နင်တို့ကလဲ နည်းနည်းပါးပါး အစားဆင်ခြင်မှပေါ့တဲ့။

အစား ဆင်ခြင်မှာပေါ့ ဆိုတဲ့ စကားကြောင့် ခပ်မဲ့မဲ့ပြုံးမိတယ်။ ဖုန်မူန့်တွေ ပိုးမူန့်တွေ ဂုန်နီကြိုးတွေ ရောထွေး ပါလာတဲ့ ပဲဟင်းဆိုရုံ အရည်ကျဲကျဲ ဖြူဖျော့ဖျော့အရည်တစ်ခွက် ငါးပိတစ်တုံး ဆားတစ်ပုံနဲ့ မနက်စာ အရိုးအရင်း အရွက် အတုံးလိုက် အတစ်လိုက် ခုတ်ထစ်ချက်ထားတဲ့ အရွက်စုံဟင်းချိုတစ်ခွက်နဲ့ ငါးပိတစ်တုံး ဆားတစ်ပုံ ထမင်းကလဲဆိုတာ ရောင်စုံထမင်း အေးသွားရင် ထိုးမရ ဖဲ့မရ အညိုညစ်ညစ် ထမင်းတုံးတစ်တုံး။
လမ်းလျောက်ဖို့တောင် မေ့နေလောက်အောင် မိလ္လာသွန်ချိန်နဲ့ ရေချိုးချချိန် တစ်ခုပဲ အပြင်ထွက်ရတဲ့ ဘ၀မှ အခန်းကျဉ်းလေးထဲ ပတ်ပတ်လည် မူးနောက်နေအောင် လျောက်မှ အစာကြေရုံရှိတဲ့ နေရာတစ်ခုက လူတွေရဲ့ အစာအိမ်ခြေဖျက်မူဟာ ပုံမှန်ဖြစ်ပါ့မလားဆိုတာ သူတို့ လည်းသိရက်နဲ့ အံကို တင်းတင်းကြိတ်ရင်း မျက်စိကိုသာ စုံမှိတ်ထားလိုက်ပါတယ်။

ခပ်ဆောင်ဆောင့်ဆွဲဖွင့်လိုက်တဲ့ သံချေးတက်နေတဲ့ သံတံခါးချက်ဖွင့်သံ ဂျောင်းခနဲ ဂျူန်းခနဲ အသံကြားမှ အပြင်မှ ဗထလလို့ခေါ်တဲ့ ဗဟိုထောက်လှမ်းရေးက လူတွေနဲ့ ထောင်ဝါဒါမတွေ နောက် ၀တ်စုံအဖြူဝတ် ထောင်အကျဉ်းသား ဆရာဝန်နဲ့ ဆေးမူးကို မြင်ရတယ်။ အပြင်ကို တွဲထွက်ဖို့ အခန်းထဲက အတူနေ အန်တီက ချိုင်းကနေ မပြီး တွဲထွက်တော့ ရှင်က ဘာထွက်လုပ်မှာလဲ အထဲပြန်ဝင်နေ သူ့ဘာသာ ထွက်လာလိုက်မယ်လို့ ဟောက်လိုက်တော့ မျက်နှာပျက်သွားတဲ့ အန်တီကို ကြည့်ပြီး နေ နေ ရတယ် အန်တီ သမီး ဘာသာ ထွက်မယ် စိတ်မပူနဲ့နော်လို့ ပြောရင်း ဗိုက်အောင့်လွန်းလို့ ခပ်ကုန်းကုန်းဖြစ်နေတဲ့ ဗိုက်ကို လက်တစ်ဘက်က အသာ ထောက်ပြီး သံတံခါးကို လက်တစ်ဘက်နဲ့ဆုပ်ကိုင်ရင်းက အုတ်လှေကားအထစ်ကို မနည်း တွယ် ဆင်းရပါတယ်။

ကျွန်မ ၀မ်းဗိုက်ပြင်ကို လက်ချောင်းတွေနဲ့ ခပ်ဖိဖိ နှိပ်ရင်း ဒီနားလား ဟိုနားလား လို့ ထိုးပြီး မေးနေတဲ့ ထောင်ဆေးမူးကို ကျွန်မ ပြန်တောင် မပြောနိုင်လောက်အောင် နာတယ်လို့ပဲ တတွင်တွင်အော်နေမိတယ်။ ကျွန်မရဲ့ တင်းမာ ပြောင်တင်းနေတဲ့ နံရိုးအပြိုင်းပြိုင်းနဲ့ ၀မ်းဗိုက်ပူပူလေးကို ကြည့်ပြီး သူမျက်နှာ နည်းနည်းပျက် သွားတယ်။ နောက် သူ ဗထလက ထောက်လှမ်းရေးတွေနားကို သွားပြီး တစ်စုံတစ်ရာ ခပ်တိုးတိုးပြောနေတာ တွေ့တယ်။ နောက် ထောင်ဝါဒါမတွေကို ခေါ်ပြီး သူတို့ ဆွေးနွေးနေကြတယ်။

သူ ထောင်မကြီး ဆေးရုံသွားရမယ်တဲ့ နောက် ကျွန်မ အခန်းဘက်ကို ထောင်ဝါဒါမတစ်ယောက်က ခပ်သွက်သွက် လျောက်သွားပြီး ဆုမွန် အ၀တ်တွေ နည်းနည်း ထုတ်ပေးလိုက်တဲ့။ အန်တီကြီးက ထောင်ဝတ်စုံ အဖြူလေး တွေနဲ့ ဖလံထည် အနွေးထည်လေးတစ်ထည် အောက်ခံအကျီလေးတွေကို အဖြူရောင် ပုံစံ လုံခြည်လေးနဲ့ ထုတ်ပေးလိုက်တယ်။ နောက်သူတို့တွေ အကုန် အပြင်ထွက်သွားကြတယ်။ အထုတ် အဖြူလေးကို ပိုက်ပြီး ထိုင်နေတဲ့ ကျွန်မ အပြင်ရောက်တော့ ဗိုက်က ပိုပိုပြီး ထိုးအောင့်လာသလိုပဲ။

ကျွန်မကို ဘာဆေးမှလည်း မပေးသေးဘူး လက်နဲ့ ဖိသွားတာတစ်ခုပဲ ရှိတယ်။ ကျွန်မ မသိမသာ ကုန်းကုန်းလေး လုပ်နေပြီး ညည်းတော့ အကျဉ်း အခန်းတွေက ခေါင်းလေး ပြူတစ် ပြုတစ်နဲ့ ရပ်ကြည့်နေကြတဲ့ ကျွန်မ ရဲဘော်တွေ ဆုမွန်သက်သာလား ဘယ်လိုနေလည်း ဆေးရုံရောက်ရင်တော့ သက်သာမှာပါ အားမငယ်နဲ့နော် စသဖြင့် တီးတိုးတီးတိုး အားပေးစကား လှမ်းပြောနေကြတာကို ဟဲ့ ဘာဖြစ်နေကြလဲ နင်တို့ကို ဘယ်သူ က စကားပြောခိုင်းလို့လဲ ငြိမ်ငြိမ်နေကြစမ်း ဟဲ့ ကောင်မလေး နင့်ကို ဆေးရုံကား လာခေါ်လိုက်မယ် ခဏစောင့်ရမယ် သောက်စကားမများနဲ့ နင့်အပြင်ထုတ်တာ နေမကောင်းလို့ စကားပြောဖို့မဟုတ်ဘူး ဆိုတဲ့ ဌက်ဆိုးထိုးသံကြီးက အောက်ကလိ အောက်ကလာ ထွက်လာတယ်။

အပြင်မှာ နာရီဝက် တစ်နာရီလောက် ကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်နေရတယ်။ သူတို့လည်း သူတို့ခေါင်းစဉ်တွေနဲ့ သူတို့ စကားပြောမပျက်ကြဘူး။ ကိုယ့်ရောဂါတောင် ကိုယ်မေ့သလိုဖြစ်လာတယ်။ ငါအပြင်ကို ဘာထွက်လုပ်နေပါလိမ့်လို့တောင် ထင်လာမိတယ်။ ခနနေတော့ တံခါးပွင့်သံ ဂျူန်း ဂျူန်း ဂျိမ်းဂျိမ်း ကြားရတယ်။ ဂူးဂူးဂဲဂဲ အသံကြီး ကြားတော့မှ ကြောက်စိတ်တွေဝင်လာတယ် သစ်သားတံခါးလေး ပွင့်သွားပြီး ထောင်ဝန်ထမ်းတွေ ၀င်လာတယ် ဆေးရုံသွားရမယ်တဲ့။

ထမ်းစင်တွေများ ပါလာမလားလို့ အသာကြည့် လိုက်သေးတယ်။ နောက်မှ လိုက်ခဲ့တဲ့ ဆိုပြီး ခြေလှမ်းကျဲကျဲနဲ့ ထွက်သွားတဲ့နောက်ကို အထုတ်လေးပိုက်ပြီး ခပ်ကုန်းကုန်းလေး လိုက်သွားတော့ အန်တီက သံတိုင်လေးကို ဆုပ်ကိုင်ပြီး စိုးရိမ်တကြီး မျက်နှာနဲ့ ကြည့်နေတယ် မျက်ရည်အ၀ိုင်းသားနဲ့ ကျွန်မ လှည့်ကြည့်တော့ သူ က မျက်နှာငယ်လေးနဲ့ပေမယ့် အားမငယ်နဲ့ဆိုတဲ့ သဘောနဲ့ သူ့လက်မလေး ထောင်ပြတယ်။ ကျွန်မကို လက်မောင်းရင်းက ကိုင်ပြီး ခြေလှမ်းကျဲကျဲ လှမ်းတဲ့ ထောင်ဝါဒါမတစ်ယောက်က ဘေးက ပါလာတယ်။ အပြင်ကိုရောက်လို့ ထောင်ဗူးဝနားမှာ စစ်ကားရိန်းဂျားကားကြီးတစ်စီး ရပ်ထားတာ တွေ့ရတယ်။ ကားခေါင်းခန်းကို လျောက်သွားတော့ ဟဲ့ နောက်က တက်တဲ့။

ကျွန်မ ကားကြီးရဲ့ နောက်မှီးကို ကြည့်တော့ အားနဲ့ ဆွဲတက်ရတဲ့ သံလက်ကိုင်တန်းတွေနဲ့ သံလှေကားထစ် တွေကို မြင်ရတယ်။ နောက်ဘက်မှာ ဆောက်လုပ်ရေးပစ္စည်းတွေလို ပစ္စည်းအတိုအစတွေ စက္ကူဗုံးတွေ နောက် ပုလင်းတွေ ကျွန်မ အထုတ်လေးကို ပစ်တင်လိုက်ပြီးမှ ဗိုက်အောင့်နေတာတောင် မေ့သွားပြီး သံလှေကားကို အားနဲ့ တွယ်တက်ရတယ်။ ထောင်ဝါဒါမကတော့ ကားခေါင်းခန်းပေါ်ကို စတိုင်လ်အပြည့်နဲ့ ထိုင်လိုက်ပါတယ်။ နောက်မှ စက်ကို ဆောင့်နိုးတော့ ချက်ခြင်းကားက စက်မနိုးလို့ ဂူးဂဲလ် ၀ူးဝဲလ်နဲ့ ရှေ့တိုးနောက်ဆုတ် သုံးလေးကြိမ်ဖြစ်ပြီးမှ အရှိန်နဲ့ ဆောင့်ထွက်သွားတော့ ပြုတ်မကျအောင် ဆွဲမိဆွဲရာ ဆွဲကိုင်လိုက်ရပါတယ်။ ဗိုက်အောင့်နေတဲ့ လူနာကို လာခေါ်တဲ့ ရိန်းဂျားကားကြီးရဲ့ ဘေးနံရံကို တင်းနေအောင် ဆုပ်ကိုင်ရင်း မျက်စိကိုသာ စုံမှိတ်ပြီး ဆောင့်ဆောင့်လေး ထိုင်ပြီး လိုက်သွားပါတော့တယ်။

စကာထဲ ဆီးဖြူသီး ထည့်လိမ့်သလို အလူးအလူးအလိမ့်လိမ့် ပါလာပြီးမှာ သံတံခါးမကြီးတွေ အထပ်ထပ် ဖြတ်ကျော်ပြီးမှာ တစ်နေရာမှ ကားကို ဆောင့်ရပ်လိုက်ပါတယ်။ ထောင်ဝါဒါမက ဒီတစ်ခါတော့ ကျွန်မ ကားပေါ်က အဆင်းကို ပျာပျာသလဲနဲ့ ကြိုစောင့်နေပါတယ်။ အော် ငါ့ကို ဆေးရုံနားရောက်လို့ ဂရုစိုက်တယ် မှတ်တယ်လို့ ထင်ပြီး သံလှေကားထစ်ပေါ်က အဆင်းလဲကျရော ခေါင်းစွပ်အပြာကြီးကို ခေါင်းက စွပ်ချလိုက်ပါတယ်။ စစ်ကြောရေးဝင်နေကြလိုပါပဲ ခေါင်းကနေ စွပ်ချထားတဲ့ အတွက် အရှေ့ကို မြင်အောင် လက်မထိပ်လေးနဲ့ အစွပ်ကို ကိုင်ပြီး ရှေ့တစ်လှမ်းစာကို ကြည့် လက်တစ်ဘက်က အထုတ်လေးကို ကိုင်ပြီး တရွတ်စွဲ လျောက်နေတဲ့ ကျွန်မကို လက်မောင်းရင်းကနေ ထောင်ဝါဒါမက ခပ်တွန်းတွန်း ဆွဲခေါ်လာပါတယ်။

ထောင်ဗူးဝကြီးတစ်ခုကို ခေါင်းငုံ့ပြီး အဖြတ်မှာတော့ မီးတွေ လင်းထိန်နေတဲ့ တိုက်တန်းလျားတစ်ခုရှေ့ကို ရောက်လာတယ်။ အဲ့ဒီ့မှာ တာဝန်ကျနေတဲ့ ထောင်ဝါဒါမကတော့ ကျွန်မတို့နဲ့ ရင်းရင်းနီးနှီးနေလေ့ရှိတဲ့ မထွေးထွေး ဖြစ်ပါတယ်။ သူက ရယ်ကာ မောကာနဲ့ ဟော သာလိကာ ဘာဖြစ်လာတာတုန်းတဲ့။ အရေးတယူမေးတဲ့သူရှေ့ ရောက်ကာမှ ငိုချင်စိတ် နည်းနည်း ပေါက်သွားတယ် ကျွန်တော် ဗိုက်အောင့်လို့ အစ်မ လို့ဆိုတော့ အေးအေး သက်သာသွားမယ်တဲ့ ထောင်ဆေးရုံကတော့ တက်ချင်တဲ့သူတွေ တန်းစီနေတာ ပိုက်ဆံပေးပြီးတောင် တက်ရတာ ဆိုပဲ။ ပြောပြောဆိုဆိုနဲ့ ကျွန်မကို လက်မောင်းကို သွေးပေါင်ချိန် ကိုယ်အလေးချိန် ပေါင်ချိန် စာရင်းတွေ မှတ် အသက်မေးတော့ ၁၉နှစ်လို့ ဖြေလိုက်တယ်။ စာရင်းမှတ်နေတဲ့ နှစ်ရစ်နဲ့ အဘွားကြီးက မျက်လုံး ပင့်ကြည့်တယ်။ ဟဲ့ ကောင်မလေး နင်ကလဲ လူကဖြင့် နှပ်ချေးတောင် မစင်သေးဘူး သေးသေးလေးနဲ့ ငါးည ဖြစ်ရသလားတဲ့။ နောက် ခေါင်းက ခါပြီးတော့ စာရင်းတွေ ဆက်မှတ် တယ်။

နောက် ပြီးပြီ လာ လိုက်ခဲ့ဆိုပြီး ခပ်ကိုင်းကိုင်းဖြစ်နေတဲ့ ကျွန်မကို ကန့်လန့်ကာကာထားတဲ့ အခန်းထဲကို ထည့်လိုက်ပါတယ်။ သံတံခါးနှစ်ဆင့် ခတ်ထားတဲ့အပြင် ကန့်လန့်ကာ အမည်းကြီးပါ ထပ်ကာထားတဲ့ အခန်းကျယ်ကြီးပါ။ ကုတင်လေးတစ်လုံးပဲ ရှိပါတယ်။ နောက် မိလ္လာကုလားထိုင်လို့ယူဆရတဲ့ ခုံတစ်လုံးရယ် ဒါပဲရှိပါတယ်။ ညီစို့စို့အနံ့ကြီးရယ် ပိုးသတ်ဆေးအနံ့ကြီးရယ် ရူရိုက်မိပြီး ဆိတ်ငြိမ်နေတဲ့ အခန်းကျယ်ကြီးကို ပတ်ချာလည် ကြည့်ပြီး ဘာရယ်မှန်းမသိ ကြက်သီးဖြန်းဖြန်းထသွားတယ်။

ဆေးဗန်းသေးသေးလေးထဲက ဆေးသေးသေးလေး နှစ်လုံးကို တိုက်ပြီး ကဲ အိပ်တော့ မနက် ဆရာဝန်လာရင် သေချာ ကြည့်ပေးလိုက်မယ်တဲ့။ အခန်းကျယ်ကြီးအလည်က ကုတင် သေးသေးလေးမှာ ကျွန်မ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်။ သံတံခါးနှစ်ထပ်ကို အဆင့်ဆင့် ဆွဲပိတ်ပြီး သော့ခတ်လိုက်တဲ့အပြင် ကန့်လန့်ကာကြီးကိုလဲ ဆွဲပိတ်လိုက်တဲ့ အသံ နောက် အားလုံး ငြိမ်သက် တိတ်ဆိတ် သွားပါတော့တယ်။ မီးလုံး နီကျင်ကျင်လေးအောက်မှာ ကုတင်ပေါ် ပက်လက်ကလေး အိပ်နေရင်း နောင်တ အကြီမ်ကြိမ်ရမိပါတယ်။ ကြောက်စိတ်က တဖြေးဖြေး လွှမ်းမိုးလာပါတယ်။ သေပါပြီ ဒုက္ခပါပဲ ငါတော့ အခုနေ သေသွားရင်တောင် လူသိမယ် မထင်ဘူး ငါ့ဘာသာ ငါ့အကျဉ်းခန်းထဲ ငါ့အခန်းဖော်နဲ့နေရင်တောင် အသေဖြောင့်ဦးမယ်လို့ တောင်စဉ်ရေမရတွေ တွေးမိပါတယ်။

နောက်မှ ဘုရားတရားကို အာရုံပြု ဘုရားဂုဏ်တော်တွေ ရွတ်ရင်းက ခေါင်းတစ်ခုလုံး လေးလေးကြီး ဖြစ်လာပြီး တဖြေးဖြေး မျက်တောင်က စင်းလာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့တယ်။

အိပ်နေရာကနေ ဆတ်ကနဲ ရုတ်တရက် ကုတင်ကို နောက်ကနေ ဆွဲဆောင့်လိုက်သလို ကုတင်ပေါ်က ပြုတ်ကျသလို အေးကနဲ ဖြစ်သွားပါတယ်။ မျက်စိနှစ်လုံးကို ဖြတ်ကနဲပွင့်တော့ ဘာဆို ဘာမှ မမြင်ရပဲ ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းနေပါတယ်။ ခြေထောက်ကို စုံညှစ်ကိုင်ပြီး ဆွဲချနေသလို ခံစားရလို့ ခြေထောက်ကို ဆောင့်ကန်ပြီး ရုန်းထွက်တော့ တင်းတင်းညှစ်ထားတဲ့ လက်အစုံကို သတိထားမိသလို ဖြစ်ပြီး ကုတင်ခြေရင်းကို ခေါင်းမတ်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့...

10 Comments:

Yu Ya said...

အစ်မဆုမွန်ရေ... Read More ကိုနှိပ်ပြီး ဆက်ဖတ်လို့ မရဘူးဖြစ်နေတယ်။

yu ya

Moe Cho Thinn said...

ကောင်းခန်းရောက်မှ read more က ဆက်နှိပ်လို့ မရ။ ဆက်ပါအုံး မြန်မြန်။ ဘ၀နဲ့ရင်းရတဲ့ အတွေ့အကြုံတွေပဲနော် ညီမလေး။

Anonymous said...

ငါ့ညီမ ကောင်းခန်းရောက်မှဖြတ်ချလိုက်ပြန်ပြီ။ ညီမရေးတာတွေဖတ်ပြီး ဟိုအရင်အတိတ်က ဖြတ်သန်းခဲ့ရတဲ့ အိမ်မက်ဆိုးကြီးကို ပြန်သတိရနေမိတယ်၊ အဖြစ်မှန်တွေပါဘဲ၊ ဆက်ရေးပါ စောင့်ဖတ်နေတယ်နော်၊

ခြေလှမ်းသစ် said...

ဟုတ်ပါတယ် Read More က အလုပ်မလုပ်ဘူး.... ထောင်တွင်းအတွေ့ အကြုံတွေကတော့ .. အံဩလောက်ပါပေတယ်..ဆက်ရေးပါ စောင့်ဖတ်ပါ့မယ်

:P said...

သရဲလားဟင်... ဒွတ်ခ....

yaewoori said...

အမ ရာ ဆက်ဖတ်လို့မရဘူး

ကြယ်လေးလဲ ထောင် ဆိုတာကိုကြုံ ဘူးတယ်
သူများတွေလို ၅ညတော့ မဟုတ်ဘူး ဆိုး လို့ပါ

ခုတော့လေ နောင်တရ ဖို့တောင်လောကကြီးက အချိန်မပေးဘူး
ဆိုးပြစ်မိုက်ပြစ် ကိုခံနေရပီ

yaewoori said...

အမ ရာ ဆက်ဖတ်လို့မရဘူး

ကြယ်လေးလဲ ထောင် ဆိုတာကိုကြုံ ဘူးတယ်
သူများတွေလို ၅ညတော့ မဟုတ်ဘူး ဆိုး လို့ပါ

ခုတော့လေ နောင်တရ ဖို့တောင်လောကကြီးက အချိန်မပေးဘူး
ဆိုးပြစ်မိုက်ပြစ် ကိုခံနေရပီ

သက်ပိုင်သူ said...

မမဆုမွန်
တိုးလိုးတန်းလန်းကြီး
အမြန်ဆက်
ဒါပဲး)

စည်သူ said...

ဝုတ်တယ်

တိုးရီးယားဂျက်ကားအထာ ယုတ်တွားဒယ

တောင်းဘူးတွာ..။

မိုးခါး said...

အစ်မရယ်
စိတ်မကောင်းလိုက်တာ
ဘာလို့ ဒီလောက် ရက်စက်တာလဲ
ကိုယ့်သမီးအရွယ် ကိုယ့်ညီမအရွယ် သူတို့မှာ ဒီလောက်လေးတောင် စိတ်ထဲထားမပေးနိုင်ကြဘူးလား
မိခင်စိတ်ဆို .. ဟူး ........................

မိုးခါး