ငါးညရဲ့ သွေးပျက်ည နောက်ဆက်တွဲ ရေချိုးချချိန်

အိပ်နေရာကနေ ဆတ်ကနဲ ရုတ်တရက် ကုတင်ကို နောက်ကနေ ဆွဲဆောင့်လိုက်သလို ကုတင်ပေါ်က ပြုတ်ကျသလို အေးကနဲ ဖြစ်သွားပါတယ်။ မျက်စိနှစ်လုံးကို ဖြတ်ကနဲပွင့်တော့ ဘာဆို ဘာမှ မမြင်ရပဲ ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းနေပါတယ်။ ခြေထောက်ကို စုံညှစ်ကိုင်ပြီး ဆွဲချနေသလို ခံစားရလို့ ခြေထောက်ကို ဆောင့်ကန်ပြီး ရုန်းထွက်တော့ တင်းတင်းညှစ်ထားတဲ့ လက်အစုံကို သတိထားမိသလို ဖြစ်ပြီး ကုတင်ခြေရင်းကို ခေါင်းမတ်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့...

ကုတင်ခြေရင်းမှာ ဆံပင်စုတ်ဖွားနဲ့ ပုပုကွကွ ပုံစံ လူလိုလို မျောက်လိုလို မည်းမည်း တစ်ကောင် ပါးစပ်ကလည်း ၀ူးဝူးဝါးဝါး အော်နေတာ တွေ့လိုက်ရပါတယ်။ ကျွန်မ ခြေထောက်ကို စုံကိုင်ပြီး တစ်ခုခုပြောနေသလိုလို ဒါမှမဟုတ် ကျွန်မခြေအစုံကို ကုတင်ပေါ်ကနေ ဆွဲချဖို့လုပ်နေသလိုလိုပါပဲ။ ကြောက်စိတ်ထက် ဒါ့ ဘာ အကောင်ပါလိမ့် ဆိုတဲ့ စိတ်ကို ပိုပါတယ်။ ငါ အိမ်မက်မက် နေတာလား တကယ်လားလို့ အကြိမ်ကြိမ် ပြန်တွေး နေပါသေးတယ်။ တိတ်ဆိတ် မှောင်မည်းနေတဲ့ အခန်းကျဉ်း လေးကို ပြန်ကြည့်ပြီး ဘယ်နေရာ ရောက်နေ ပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစား နေတုန်း အကျဉ်းအခန်းရဲ့ တစ်ဘက်ခြမ်းက အစောင့်ကျ ထောင်ဝါဒါ မတွေရဲ့ တီးတီုး စကားပြောသံ ကြားတော့မှ လက်ရှိအခြေအနေကို ပြန်ကျက်မိတော့တယ်။

အလို ငါ ဗိုက်အောင့်လို့ ထောင်မကြီးဆေးရုံရောက်နေတာပဲလို့ တွေးမိပြီး မအိပ်ခင် သူတို့ တွေ ကျွန်မကို တံခါးနှစ်ထပ်ခတ်ပြီး ကန့်လန့်ကာ ဆွဲချသွားတာကို ပြန်မြင်ယောင်လာတော့မှ ကုတင်ခြေရင်းက ပုဂ္ဂိုလ်ဟာ သူ့အလိုလို ရောက်နေတဲ့ သာမာန်လူမဟုတ်တဲ့ နာနာဘာဝလို အကောင် ပလောင် တစ်ကောင်ကောင် ဖြစ်မယ်ဆိုတာ တွေးမိပါတော့တယ်။ အဲ့ဒီ့တုန်းက ဖြစ်တဲ့ ကြောက်စိတ်ကိုတော့ ပြန်ပြောရမှာတောင် ကြက်သီးထမိပါရဲ့။

အဲ့တော့မှ ကြောက်စိတ်က ငယ်ထိပ်ရောက်သွားပြီး သူ ဆုပ်ကိုင်ထားတဲ့ ကျွန်မ ခြေထောက်ကို ဆောင့်ရုန်း လိုက်ပြီးမှ ငယ်သံပါအောင် အော်ပါတယ်။ အံ့သြဖို့ကောင်းလောက်အောင် ကျွန်မ အသံက လုံးဝကို ထွက်မလာပါဘူး။ ဘယ်ညာလူးလွန့်ဖို့ ကြိုးစားပေမယ့်လည်း လုံးဝကို လူပ်လို့မရပါဘူး။ ငါတော့ သေပြီ ဒီတစ်ခါတော့ ထောက်လှမ်းရေးရိုက်သတ်လို့ မသေပဲ ဗိုက်အောင့်လို့မသေပဲ သရဲခြောက်လို့ သေတော့မယ် ဆိုတဲ့ အတွေးက ပိုပြီး ကြောက်အားလန့်အားဖြစ်ပါတယ်။

ပိုပိုပြီး ကြောက်စိတ်က အရမ်းကြီးလာပြီး သူ့လက်က လွတ်အောင် ခြေထောက်ကို ဆောင့်ရုန်းလေ သူက ပိုပြီး တင်းကျပ် နေအောင် ဆုပ်ညှစ်လေ လုပ်နေရင်းကနေ ကုတင်ခြေရင်းကနေ အပေါ်ကို ၀မ်းလျားထိုး တက် လာပါတယ်။ ဆံပင်စုတ်ဖွား ဖားလျားကြီးနဲ့ မျက်စိက အ၀ိုင်းလိုက်ကြီး ပြူးနေတဲ့ သူ့ပုံစံကို အရမ်းလန့်သွားပြီး ထပ်ကာ ထပ်ကာ ငယ်သံပါအောင်ေ အာ် အားနဲ့ ဆောင့်ကန်လိုက်ပေမယ့် သူကတော့ နည်းနည်းမှ နောက်ဆုတ်မယ့်ပုံစံမရှိပါဘူး။

ပက်လက်ဖြစ်နေတဲ့ ကျွန်မတစ်ကိုယ်လုံးက အကြောသေ သလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်း အကုန်လုံး သေနေသလိုဖြစ်ပြီး အသက်လဲ လုံးဝ ရူမရတော့ပါဘူး။ အရမ်းမွန်းကျပ်လာပြီး ကူရာ ကယ်ရာမဲ့လာတဲ့အချိန် အသက်ပျောက်ပြီလို့ တွေးမိတော့မှ ဘုရား ဘုရားလို့ နုတ်က တမိမှ ဘုရားကို သွားသတိရပါတယ်။ ဘုရားဂုဏ်တော်တွေနဲ့ ပဌာန်း၂၄ပစ္စည်းကို တရစပ်ရွတ်လိုက်တော့ သူ ၀ူးဝူးဝါးဝါး အော်လိုက်ပြီး နောက်ကို ပက်လက်လှန် ပြုတ်ကျသွားပါတော့တယ်။

သူ့လက်ကလဲ လွတ်ရော ကျွန်မလဲ ကြုံးအော်လိုက်တာမှာ အသံထွက်လာပြီး လူလည်း လူပ်လို့ရပါပြီ။ ကျွန်မရဲ့ ငယ်သံပါအောင် အော်တဲ့ အသံကြားတော့မှ အပြင်ကလူတွေ လူပ်လူပ်ရှားရှားဖြစ်ပြီး အစောင့်ကျနေတဲ့ မထွေးထွေးမော်က အပြေးအလွှား တံခါးသော့တွေကို ဖွင့်ပြီး ၀င်လာပါတယ်။ ဘာဖြစ်လဲ ဘာဖြစ်လဲလို့မေးတော့ ဘာမှ မဖြေနိုင်ပဲ အသက်ရူသံပြင်းပြင်း ချွေးသံရဲရဲ ဆံပင်ဖားလျားနဲ့ ဖုတ်လိုက် ဖုတ်လိုက်ဖြစ်နေတဲ့ ကျွန်မကို ကြည့်ပြီး သူ တော်တော် လန့်သွားပါတယ် ဟဲ့ ဘာဖြစ်လဲ ဘာဖြစ်လဲလို့ ပုခုံးကို ဆောင့်မေးတော့မှ ကုတင်ခြေရင်းကို လက်ညိုးထိုးပြ လိုက်တယ်။ သရဲ ထင်တယ် အစ်မ သရဲလား မသိဘူး ကျွန်မခြေထောက်ကို လာဆွဲတယ်လို့ ပြောတော့ သူ မျက်နှာ သွေးမရှိတော့ပဲ ပါးစပ်အဟောင်းသားနဲ့ ကျွန်မကို ကြည့်ပြီး ချက်ခြင်း အပြင်ကို ပြန်ပြေးထွက် သွားပါတယ်။ အကျဉ်းတံခါးတောင် ပြန်ခတ်ဖို့ မေ့သွားပုံရပါတယ်။

နောက် သူနဲ့ တခြားဝန်ထမ်းတစ်ယောက် ချက်ခြင်း ပြန်ဝင်လာပြီး ရေတစ်ပုလင်း နဲ့ ဆေးသေးသေးလေးတွေ လာတိုက်ပါတယ်။ နောက် ပုတီးလေးတစ်ကုံး လာပေးပါတယ်။ ဘာမှမဟုတ်ဘူး ညီမက ပက်လက်လှန် အိပ်တော့ ဘီလူးစီးတာနေမယ်တဲ့ နောက်ပြီး နေမကောင်းလည်း ဖြစ်နေတာ့ အိမ်မက်ဆိုးတွေ မက်တာနေမယ် ဘုရားစာဆိုပြီး အိပ် အိပ်ယာ ပြောင်းရင်လည်း ဖြစ်တတ်တယ်ဆိုပြီး အဲ့အစ်မ မထွေးထွေးမော်က ကျွန်မ ဆံပင်ကို သပ်ပြီး ပြောပါတယ်။ ထောင်ဝန်ထမ်းတွေမှာတော့ သူမဟာ တော်တော်လေး ကြင်နာစိတ်ရှိသူ တစ်ဦးဖြစ်ပါတယ်။ နောက် မီးလုံး ဖွင့်ပေးထားပြီး သံတံခါးကို ပြန်ခတ်ပေမယ့် ကန့်လန့်ကာကိုတော့ ဆွဲမစေ့ပဲ သူတို့ကိုမြင်အောင် ထားထားပေးပါတယ်။

ကုတင်ပေါ်မှာ တစ်စောင်းခွေခွေလေး လှဲနေရင်းက ကျွန်မလည်း အဖြစ်အပျက်ကို ပြန်စဉ်းစားနေပါတယ်။ တကယ်ပဲလား စိတ်ထင်တာလားဆိုတာ သိပ်မသေချာပေမယ့် သေချာတာတော့ တစ်ယောက်တည်း သော့အထပ်ထပ် ခတ် ထားတဲ့ အပြင် ကန့်လန့်ကာ အထူကြီးပါ ပိတ်ကာထားတဲ့ ထောင်မကြီးဆေးရုံ တိုက်အကျဉ်းခန်းလေးထဲမှာ တစ်ယောက်တည်း နေရတဲ့ နေမကောင်းလွန်းလို့ ကိုယ့်ကိုယ်တောင် အနိုင်နိုင်သယ်နေရတဲ့ ဖြူဖျော့တော့ပြီးအသက်၂၀တောင် မပြည့်သေးတဲ့ မိန်းကလေးသေးသေးလေး အတွက်ကတော့ ဘယ်လိုမှ စိတ်ခွန်အားတင်းလို့မရအောင် သွေးပျက်ဖို့ ကောင်းလောက်အောင် ကြောက်စရာကောင်းတဲ့ အိမ်မက်ဆိုးတစ်ခု မက်ခဲ့တာပါပဲ။

ခုနက သရဲနဲ့ကိုယ်နဲ့ နပမ်းလုံးသလိုဖြစ်တာကို ပြန်တွေးပြီး ရင်တွေ တဒိန်းဒိန်းခုန်ပြီး မောပမ်းနွမ်းနွယ် လွန်းတာရယ် ဗိုက်အောင့်ထားတဲ့အရှိန်ရဲ့ နာကျင်မူရယ် နဲ့ အိပ်ဆေးလို့ယူဆရတဲ့ ဆေးသေးသေးလေးတွေ နောက်ထပ် လာတိုက်တာရယ်နဲ့ မျက်စိလေးပြီး ပုတီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ခွေခွေလေး အိပ်မောကျသွားပြန်ပါတယ်။

ရုတ်တရက် လသားအရွယ်ကလေး ငိုသံစူးစူးဝါးဝါးကို ကြားလိုက်တော့မှ ခေါင်းက ဆတ်ကနဲ ထောင် ထလာပါတယ်။ ကြက်သီးတွေလည်း တဖြန်းဖြန်းထပြီး သရဲထပ်လာပြန်ပြီ ငါတော့ သေပြီ သေပြီ လို့ ထပ်တွေးမိပါတယ်။ နောက်ထပ် ကလေးသေးသေးလေးတွေ ငိုသံက အနားနားတင် ကပ်ငိုနေကြသလို ကြားနေရပါတယ်။ အဲ့အချိန်မှာတော့ လူက လူပ်လို့ရနေပါတယ်။ အသာလေး ခွေခွေလေး အိပ်နေရင်းက လုံးဝ မထပဲ ခေါင်းအုံးနဲ့ မျက်နှာအပ်ပြီး ဘုရားစာကို တတွတ်တွတ်ရွတ်နေမိပါတယ်။ နောက်မှ ကျွန်မ ဘေးကပ်ရက်က အခန်းက တဖြန်းဖြန်း ရိုက်သံတွေနဲ့အတူ အော်သံဟစ်သံတွေ ဆက်တိုက် ကြားရပါတယ်။

မနက်အိပ်ယာထပြီး မှောင်မည်းနေတဲ့ ကန့်လန့်ကာ ကာထားတဲ့ အခန်းကို ပတ်ချာလည် လှည့်လျောက် ကြည့်နေမိတဲ့အချိန်ကျမှ သံတံခါးဖွင့်သံ ကြားရပြီး အလင်းသဲ့သဲ့ဝင်လာပါတယ်။ ကျွန်မအတွက် ဆေးလေးတွေနဲ့ နို့တစ်ခွက် လာပေးပါတယ်။ တစ်ညလုံး ဗိုက်အောင့်နေပေမယ့် ဗိုက်ဆာလွန်းတာကြောင့် နို့ကို အငမ်းမရသောက်လိုက်တော့မှ အဖြူရောင် ပဲနို့အနံ့ရှိပေမယ့် ဘာအရသာမှ မရှိတဲ့ အရည်ကျဲကျဲ တစ်ခွက်ဖြစ်ပါတယ်။

ကျွန်မ နို့ကို ငုံ့သောက်နေတုန်း ထောင်ဝတ်စုံအဖြူဝတ်ထားတဲ့ ဆေးမူးတွေနဲ့ စစ်ဝတ်စုံပြည့် ၀တ်ထားတဲ့ ထောင်ဆရာဝန်တွေ ၀င်လာပါတယ်။ အော် နို့တွေ ဘာတွေ သောက်လို့ပါလားတဲ့ ကျွန်မကို ဗိုက်အောင့်တုန်း ပဲလားဆိုတော့ ခပ်သွက်သွက်ပဲ ခေါင်းရမ်းပြလိုက်ပါတယ်။ ကျွန်မနေကောင်းသွားပြီ ကျွန်မ ပြန်ပါရစေလို့ ပြောတော့။ သူတို့က ဟောကနဲ ထရယ်ကြပါတယ်။ ညည်းက အိမ်ပြန်ချင်တာလားတဲ့။ လောင်ရယ်သံဆိုတာ သိပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်ကို မပြန်ချင်တဲ့သူ ဘယ်သူရှိမလဲလို့ မေးလိုက်ပါတယ်။ အိမ်ပြန်လို့ရရင် အိမ်ပြန်ချင်ပါတယ် မရရင်တော့ ကျွန်မအရင်နေတဲ့ သီးသန့်ခန်းကိုပဲ ပြန်ပို့ပေးပါလို့ ပြောလိုက်ပါတယ်။ ထောင်မကြီးနဲ့ သီးသန့်ထောင်က သွားချင်တိုင်း သွား ပြန်ချင်တိုင်း ပြန်လို့ရတဲ့ နေရာမဟုတ်ဘူးကွ တဲ့ ဒီမှာ ထောင်ဆေးရုံတက်ချင်လို့ တန်းစီနေကြတာ ဟုတ်တယ်မဟုတ်လား ဆရာမ အနားယူစရာရှိတာ ယူတာမဟုတ်ဘူး ညည်းကလဲ ဒီမှာဆို ဆေးရုံစာ ထမင်းဟင်းရမယ် ရေနွေးရမယ် နို့သောက်ရမယ် ဆိုပြီး တဟားဟားရယ်နေကြပါတယ်။

ကျွန်မကို အသင့်ဆေးရည်ဖြည့်လာတဲ့ ဆေးတစ်လုံးထိုးပေးပါတယ် နောက် ဖြူဖြူဝါ၀ါ ဆေးလုံးတွေ ပေးခဲ့ပါတယ်။ ကျွန်မကိုတော့ မဟုတ်ပါဘူး အစောင့်ဝန်ထမ်းလက်ထဲကိုပါ။ သူတို့အားလုံး ပြန်ထွက်သွားတဲ့ အချိန်ကျတော့ ညိုညစ်ညစ်ထောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးလေးတစ်ယောက် မိလ္လာ လာချပါတယ်။ မတ်တပ်လေး လက်ပိုက်ရပ်နေတဲ့ ကျွန်မကို မသိမသာလေး စွေစောင်းကြည့်တော့ အဲ့လာသယ်တဲ့ အမျိုးသမီးလေးကို ထောင်အစောင့်က ခေါင်းကို ပိတ်ရိုက်လိုက်ပါတယ်။ ဟဲ့ နင်ကို မိလ္လာချခိုင်းတာ နင့်ကို လူကြည့်ခိုင်းတာမဟုတ်ဘူး ကိုယ့်ကိစ္စမဟုတ်တာ တော်တော်စပ်စုတယ် ဟုတ်လား နင့်ကို ပုံစံပေးရမယ်ဆိုပြီး ထွက်သွားကြပါတယ်။

ကျွန်မစိတ်ထဲ တော်တော်မကောင်းသလိုဖြစ်သွားတဲ့အပြင် သိလိုက်တာတစ်ခုကတော့ ကျွန်မ ဒီမှာ ရောက်နေတယ် ဆိုတာ ဘယ်သူ့ကိုမှ ပေးမသိစေချင်တဲ့ သဘောမှာ ရှိပါတယ်။ နောက် အစောင့်ကျ ၀န်ထမ်းမတစ်ယောက် ရောက်လာပြီး သော့ကို ပြန်ခတ်ပါတယ် ကန့်လန့်ကာကိုပါ ဆွဲချတော့ ကျွန်မက သူ့ကို ပြောပါတယ် မီးသီးအရောင်ပဲရှိတယ် နေ့ခင်းဘက်ကြီး ကျွန်မကို ပိတ်လှောင်မထားပါနဲ့ အပြင်ကို မကြည့်နဲ့ဆို မကြည့်ပါဘူးလို့ ပြောတော့ သူက ကျွန်မ ပြောတာကို ဘာမှ မပြောပဲ တံခါးကိုပဲ ဆောင့်ပိတ်သွားပါတယ်။

နောက် လူပ်လူပ်ရွရွ လူအသံတွေ ကြားလို့ ကျွန်မ အခန်းဘေးဘက်က ကန့်လန့်ကာလေးကို ဆွဲဖယ်ပြီး ကြည့်တော့ ဘာမှ မမြင်ရပါဘူး။ အဲ့တာနဲ့ ကုတင်ဘေးက မိလလ္လာချတဲ့သစ်သားခုံလေးကို ဆွဲပြီး အပေါ်ပြူတင်းပေါက်လို အပေါက်တစ်ပေါက်ကနေ ချောင်းကြည့်တော့မှ အုတ်ကန်ဘောင်ပေါ်မှာ ခပ်ချိုး ခပ်ချိုး ခပ်ချိုးလို့ အော်နေတဲ့ မိန်း မကြီးတစ်ယောက်နဲ့ အုတ်ရေကန်ကြီးဘေးမှာ လားလား ကိုယ်လုံးတီးပုံစံ ပုံစံလုံခြည် တိမ်လွှာပုဆိုးလေးတွေ ပတ်ပြီး တန်းစီ ရေချိုးချနေတဲ့ လူတန်းကြီးကို တွေ့ရပါတယ်။ သူတို့ဘေးမှာ တုတ်တိုလေးတွေကိုင်ထားတဲ့ ပုံစံအကျီဝတ်ထားတဲ့ ခပ်ကြမ်းကြမ်း မိန်းမကြီးတွေလည်း တွေ့ရတယ်။ အများစုက ပုံစံက ယောက်ကျားလျာလိုပုံစံတွေပါပဲ။ သူတို့ ဟိုလူ့ တုတ်နဲ့လိုက်ထိုးလိုက် ဒီလူ့ကျောကုန်း လိုက်ရိုက်လိုက် ခေါင်းကို ထုလိုက် လုပ်နေပါတယ်။ သူတို့ကို ဘယ်လိုပဲ လုပ်နေနေ အကျီတွေကို ခါးမှာ ပတ်ထားတဲ့ ထုံပေပေ ကြောင်စီစီပုံစံနဲ့ လူတွေကတော့ တရွေ့ရွေ့ ပါပဲ။

ကျွန်မ ဒီလိုမြင်ကွင်းမျိုး မြင်ဖူးလိုက်တာ မျက်စိကို မှိတ်ပြီး စဉ်းစားတော့မှ...ဂျူးလူမျိုးတွေ ရေနွေးငွေ့ ရေချိုးခန်းထဲဝင်ခါနီး ကိုယ်လုံးတီးတွေနဲ့ တန်းစီဝင်နေတဲ့ပုံစံနဲ့ တစ်ပုံစံတည်းပါပဲ။ အသက်ရူကျပ်လာပြီး နှလုံးခုန်သံ တဒိန်းဒိန်းကို ပြန်ကြားနေရပါတယ်။ချွေးစေးတွေ ပြန်လာပြီး ခေါင်းနပမ်းတွေ ကြီးလာပြီး ကျွန်မ လက်ဖျား ခြေဖျားတွေ အေးစက်လာပါတယ်။ အာခေါင်တွေပါ ခြောက်လာပါတယ်။ ကြက်သီးတွေလဲ တဖြန်းဖြန်း ထလာပါတယ် ပြန်ဆင်းတော့မယ်ဆိုပြီး အုတ်ဘောင်ကို တွဲဆုပ်ထားတဲ့ လက်ကို ဖြေချလိုက်တော့မလို လုပ်ပြီးကာမှ ကျွန်မ မျက်စိအစုံက ထောင်ဆေးရုံဘေး ကွင်းပြင်ပေါ်မှာ ကလေးသေးသေးလေးတွေကို ရုတ်တရက် လှမ်းမြင်လိုက်ရပါတော့တယ်။ ဒါဆို မနက်က ကြားရတဲ့ ကလေးငိုသံက ထောင်ထဲက အကျဉ်းသူတွေနဲ့အတူရှိနေတဲ့ သူတို့ရင်သွေးလေးတွေ ငိုသံပေါ့...ကျွန်မ မျက်စိအစုံကိုသာ ဖိမှိတ်လိုက်ပြီး လက်ကို လွှတ်ချလိုက်တဲ့ အချိန်မှာတော့ အောက်ကို တရွတ်ဆွဲပြုတ်ကျသွားပါတော့တယ်။

14 Comments:

ခြေလှမ်းသစ် said...

အမရဲ့  ပိုစ့်ကို ဖတ်ရတာ ကြက်သီးမွေးညင်းတွေ တောင် ထကုန်တယ်.. ကျနော့်အကိုလဲ ဒီလိုအဖြစ်တွေ ကြုံဖူးတယ် သူ့ကို တိုက်ပိတ်တုန်းက၊ လူသေပီးသား အခန်းထဲမှာ ထားတယ် အဲ့ဒီမှာ အသားစတွေ သွေးစတွေ နဲ့ ပြည့်နှက်နေတယ်လေ.. ဒါတွေဟာ နိုင်ငံရေး သမားတွေကို နောင်ကျဉ်သွားအောင် ညှင်းဆဲခြင်းပါပဲ .. ခလေးတွေရဲ့  ဘ၀ကတော့၊ ဒီကောင်တွေဟာ လူသားချင်း စာနာစိတ်မရှိပဲ ညှင်းဆဲခြင်း တခုကိုသာတစိုက်မတ်မတ် လုပ်နေတာပါ..
ကိုဇော်

ကိုလူထွေး said...

ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ဖတ်ရတယ်...
ကိုယ်တွေ့လား...

မထွေးထွေးမော်က နာမည်မှာ ထွေးပါလို့ထင်တယ်... စိတ်ကောင်းရှိရှာတယ်...

းဝ)

Angelhoneymoe said...

အသေခံ ဗုံးခွဲလို့ ရရင် သွားခွဲပစ်လိုက်ချင်တယ်

Angelhoneymoe said...

အသေခံဗုံးခွဲလို့ ရရင် သွားခွဲပစ်လိုက်ချင်တယ်

ATN said...

တူမကြီးရေ့... ခါးသီးတဲ့ အတိတ်တွေကိုး...
ဘာပဲဖြစ်ဖြစ် အားလုံးသိအောင် မျှဝေပေးတာကလည်း တာဝန်တခုကို ကျေပွန်တာပါပဲ...
ဆက်ပြီးရေးစမ်းပါ...

သက်ပိုင်သူ said...

မမဆုမွန်ရေ ဖတ်ရတာရင်တထိတ်ထိတ်နဲ့..
မမဆုမွန်နေရာမှာသာဆိုရင် ကျွန်တော်အဲ့လောက်တောင် ခံနိုင်ရည် ရှိပါ့မလားမသိဘူး

:P said...

စိတ်မချမ်းသာဘူး.. စိတ်မကောင်းဘူး...။

Yu Ya said...

မပြီးသေးဘူးမဟုတ်လား အစ်မဆုမွန်ရေ... ဆက်ရေးပါအုံးဗျာ... စောင့်ဖတ်နေပါတယ်။

yu ya

မိုးခါး said...

သတ္တိကောင်းလိုက်တာ
ညီမဆို ဂစ်သွားလောက်ပီး((

စည်သူ said...

ပို့စ်လေးကိုဖတ်ရင်း
စိတ်ထဲကပုံဖော်သွားတယ်အမ
ရင်ထဲမှာပုံဖောင်သွားတယ်အမ

လေးစားစွာဖြင့်
.........စည်သူ။

မြစ်ကျိုးအင်း said...

တကယ့်ငရဲခန်းပါပဲဗျာ...မြွေပူရာကင်းမှောင့်ဆိုသလို
သရဲကပါ ခြောက်လိုက်သေးတယ်...။
အမတော်တော်စိတ်ဓါတ်မာတာပဲ လေးစားပါတယ်ဗျာ
ဒီလိုအနစ်နာခံတဲ့သူတွေ ဒီ့ထက်ဘ၀ဆိုးတဲ့ နိင်ငံကို
ကောင်းစေချင်တဲ့စေတနာရှိတဲ့ နိင်ငံရေးသမားတွေကို
ဦးညွှတ်ပါတယ်ဗျာ..အားလုံးလွတ်မြောက်ကြပါစေ...။
ဒီမိုကရေစီအရေးအတွက်ဆို ကျွန်တော်တို့လည်း စိတ်တူကိုယ်တူ ရဲဘော်ရဲဘက် စိတ်ရှိပြီးသားပါဗျာ...
အမကျန်းမာရေးဂရုစိုက်ပါ

သီဟသစ် said...

မဆုမွန်ရေ

ရင်တလှပ်လှပ်နဲ့ကို ဖတ်ရတာဗျ
စိတ်ဓါတ်အင်အားတွေကို တကယ်လေးစားမိပါတယ်

ခင်မင်စွာဖြင့်
သီဟသစ်

Moe Cho Thinn said...

စိတ်ထိခိုက်လိုက်တာ ညီမရယ်..

ဂျပန်ကောင်လေး said...

အမရေ..တကယ့်အတွေ့အကြုံလေးကိုဖတ်ရတာ တကယ်စိတ်မကောင်းဘူးဗျာ..း(