အရိပ်တကြည့်ကြည့် ချစ်ရပါသော ကျွန်မ ကိုယ်ပွားလေး

ကျွန်မ ဘ၀မှာ ဒီလောက်အထိ အရိပ် တကြည့်ကြည့်နဲ့ ချစ်ရမယ့် ချစ်သူတစ်ယောက် ရှိလာလိမ့်မယ်လို့ ထင်ကို မထင်မိပါဘူး ကျွန်မ ဘ၀မှာ သူနဲ့ မိုးလင်း သူနဲ့ပဲ မိုးချူပ် အဲ့လောက်ထိကို ချစ်မြတ်နိုး ခဲ့မိတာပါ..သူမရှိရင် မဖြစ်ပါဘူး ခဏလေးတောင် ခွဲပြီးနေလို့မရလို့ အဖြစ်သည်းတယ် ပြောကြမလား တကယ်ပါ သူမရှိရင် ကျွန်မ ဘ၀မှာ တစ်ခုခုလိုနေသလို သူနဲ့ ဝေးနေလို့ မဖြစ်အောင်ကို ဖြစ်ခဲ့တယ်ဆိုရင် လွန်တယ်လို့ ပြောကြမလား..

သူ့ကို စချစ်မိတုန်းကတော့ အဝေးကနေပဲ ကြည့်ပြီး ရင်ခုန်ခဲ့ရတယ် ပိုင်ဆိုင်လိုစိတ်ရှိပေမယ့် တန်ဖိုး ကြီးမား လွန်း တဲ့ သူ့အနားကပ်ခွင့် မရသေးလို့ အမြဲ သက်ပြင်း ချပြီး လှည့်လှည့်ပြန်ရတယ် တစ်ခါတစ်လေ အခြေ အနေ ပေးရင်တော့ သူ့ကိုယ်လေးကို ခပ်ဖွဖွ ပွတ်ကြည့်ပြီး ရယူ လိုစိတ်တွေ တစ်ဖွားဖွား ဖြစ်လာတယ် သူ့ကို တကယ် ပိုင်ခွင့် ရတဲ့ အချိန် ကဆို ရင်တွေ ခုန်လိုက်တာ ဆိုတာလေ အခုပြော အခု ရင်တုန် နေတုန်း အဲ့တုန်း ကများဆို မြင်စေ့ ချင်တယ် သူ့ကို ရင်ခွင်ထဲ ထည့်ပြီး မော်ကြွားတဲ့ အမူအယာနဲ့ ဟိုလူပြုံးကြည့် ဒီလူပြုံးပြနဲ့ ပေါ့ အရမ်းလဲ ပျော်မိတယ် သူများတွေက ပြောကြတယ် သူက သိပ်မလှဘူးတဲ့ ပြီးတော့ သူက မော်ဒယ်လ် အောက်နေပြီတဲ့ သူက သိပ် အကြမ်း မရဘူး နုတယ်ဆိုတဲ့ သဘောပေါ့ ဘာပဲဖြစ်ဖြစ် ကျွန်မသူ့ကို ချစ်တယ် ပိုင်ဆိုင်ခွင့်ရပြီ ဆိုမှတော့ ပျော်စရာအတိပေါ့

သူ့ကို ကျွန်မ နေတဲ့ အခန်းလေးကို ခေါ်လာတုန်း ကများဆို ရှင်းနေတဲ့ ကားပေါ်က ဘေးခုံပေါ်မှာတောင် မထားရက်ပဲ ကားက ခုန်နေလို့ သူ တစ်ခုခုဖြစ်မှာစိုးလို့ သူ့ကို ကျွန်မရင်ခွင်ထဲ အပ်ပြီး ပေါင်ပေါ် တင်ထား လိုက်တယ် သူငယ်ချင်းက အကြံပေး ပါသေးတယ် နင် လေးမှာပေါ့တဲ့  နေပါစေလို့ ပြုံးပြီး ပြောမိတော့ အဖြစ်သည်း တဲ့ ကျွန်မကို သူက ပြုံးစိစိ ကြည့်နေတယ် ကျွန်မ မရှက်ပါဘူး သူ့ကို ပိုင်ဆိုင်ခွင့်ရတာ ကျွန်မ အရမ်း ဂုဏ်ယူတယ် အရေအတွက် နည်းလွန်းတဲ့ ကျွန်မ ပိုင်ဆိုင်မူတွေထဲမှာ သူဟာ တန်ဖိုးအကြီးဆုံးပါပဲ အမှန်တိုင်း ပြောရရင် အသက် ၂၈နှစ်ကျော်မှ သူ့ကို တရားဝင်ကိုယ်ပိုင်အဖြစ် ပိုင်ဆိုင်ခွင့်ရတာပါစိတ်ဝင်စားလို့ဖတ်ချင်သေးတယ်
သူ့ကို စပြီး ပိုင်ဆိုင်ခွင့် ရတဲ့ အချိန်ကတည်းက ကျွန်မအခန်းထဲမှာ အခန့်သား နေနေတဲ့ သူ့အတွက် အဆင်ပြေမယ့် နေရာ လိုက်၇ှာပြီး စိတ်တိုင်းမကျ လိုက်တာ လေအေးစက်နဲ့မှ သူနေပျော်မယ်ဆိုတာ သိပေမယ့် လောလောဆယ် သူ့အတွက် ပန်ကားလေး ဖွင့်ပေးထားတယ် စိတ်ထဲတော့ မကောင်းဘူး မတတ်နိုင်ဘူးလေ သူအေးမှာပါ နေလို့ ဖြစ်မှာပါလို့ ဖြေတွေးလိုက်တယ် တစ်နေ့တစ်နေ့ သူ့အနားက မခွာချင်တာ အနက်ရောင် သန်းပေမယ့် အရမ်း ကြည့်လို့လှတဲ့ သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်နေမိတာ ထမင်းမေ့ ဟင်းမေ့ပါပဲ ခပ်မာမာ ဖြစ်နေပေမယ့် ကြည်လင်တဲ့ သူ့အသံပဲ ကြားချင်တာ ပူလောင်ပေမယ့် အနွေးဓာတ် ရတဲ့ သူ့ရင်ခွင်ထဲ ၀င်ပြီး အားလုံးကို မွှေနှောက်ရှာဖွေမိတာ.နေံတိုင်း နေ့မအိပ်နိုင် ညမအိပ်နိုင် သူ့နဲ့ပဲ တစ်နေကုန် တစ်ခါ တစ်လေ ညလုံးပေါက်နေမိတယ် သူငယ်ချင်းက ပြောတယ် ကြာရင် နင် ကျမ်းမာရေး ထိမယ်နော်တဲ့ တစ်ခါ တစ်လေများဆို ရေသောက် ဖို့တောင် မေ့ပါတယ်ဆို နောက်တော့ သူ ဘေးနားက မခွာချင်တာနဲ့ မုန့်ထုတ်လေးတွေ အချိုရည်ဘူးလေးတွေ ချစားပစ်လိုက်တယ် သူ့ကိုယ်ထဲကိုလဲ ပုရွက်ဆိတ် ၀င်မှာစိုးတယ် ဒါပေမယ့် အမြဲ သူ့နေရာလေးကို ရှင်းပေးနေကျပါ...

တစ်ခါတစ်လေ သူနေမကောင်းများဖြစ်ပြီဆိုရင် ခြေမကိုင်မိ လက်မကိုင်မိ နှလုံးရောဂါ တောင် ဖြစ်မလိုပဲ သူကလဲ သူ အရမ်း စိတ်ကောက်မြန်တယ် နည်းနည်းလေး သူ့ကို ခိုင်းတာ များသွားရင် ငူငူကြီး လုပ်နေရင်း တန်းလန်း မပြောမဆို ရပ်ပစ် လိုက်ရော ကျွန်မ အမျိုးမျိုး သူ့ကို ပြန်ပြီး အလုပ်လုပ် အောင် ချော့ပေမယ့် လုံးဝကို မလူပ်တော့တာ အဲ့လိုမျိုး တစ်ခုခု ဖြစ်ပြီဆိုရင် ကျွန်မ ခိုင်းတာ ဘာတစ်ခုမှ မလုပ် ပေးတော့ဘူး ဆိုရင် စိတ်ထဲ တော်တော် မကောင်း ဘူး ဘာဖြစ်မှန်း မသိ ဂျစ်ကန်ကန် ဖြစ်လာတဲ့ သူ့အတွက် ကျွန်မ စိတ်ပူ လိုက်ရတာ ဆိုတာလေ သူ့ကိုယ်လေးကို ခပ်ဖွဖွ ပုတ်ပြီး မျက်ရည်တောင် ကျတယ် တစ်ခါ တစ်လေတော့ နည်းနည်း စိတ်တိုရင် သူ့ကိုယ်လုံးကို တဖုံးဖုံး ထုရိုက်မိတယ် အဲ့တာဆို သူက အလန့်တကြား ပြန်အလုပ် လုပ်တယ် ပြန်စတဲ့အခါ ထွက်လာတဲ့ သူအသံလေး ကတော့ ငြီးသံလေးလို ကြားရတာ စိတ်ထဲ မကောင်းဘူးပေါ့ .

တစ်ခါတစ်လေ ဘယ်လို ထုရိုက်လို့မှလဲ နှိပ်လို့မရ ဘယ်လိုမှ သူကို လုံးဝ ခေါ်လို့မရ ပြောလို့မရ ဖြစ်သွားပြီ ဆိုရင်တော့ ကျွန်မ သိပြီ သူ တော်တော်လေးကို နေမကောင်း ဖြစ်နေလို့ပဲ အဲ့ဒီ့ အချိန်တွေဆို ကျွန်မ ချွေးတွေ ပြန်ပြီး ခြေမကိုင်မိ လက်မကိုင်မိ သူကလဲ သူ တစ်ခုခုဆို ဖြစ်ပြီ အရမ်းနုတယ် ရာသီပြောင်းချိန်တွေဆို ကူးစက် ရောဂါတွေ ဖြစ်ဖို့ အသင့် အထူးသဖြင့် ကျွမနဲ့သူ နယ်စိမ်းတွေ မသိတဲ့နေရာတွေ သွားမိရင် ဖြစ်ပြီ နေမကောင်း တဲ့အခါ နေရာစိမ်းတွေကနေ သူ့ကို ကူးလာတဲ့ ဗိုင်းရပ်စ်လေးတွေကို ဘယ်လို သတ်ရမယ်ဆိုတဲ့ သတ်နည်း ဖြတ်နည်းတွေကိုပါ ဆေးကု ကျွမ်းတဲ့ သူငယ်ချင်းတွေ နားပူအောင် လိုက်မေးမိတယ် ဆေးမြီးတိုနဲ့ ကုလို့ မရတော့ဘူးဆိုရင် သူ့ကို ရင်ခွင်ထဲထည့်ပြီး နီးစပ်ရာ ဆေးခန်းကို အမြန်ပြေးပြရတယ် တစ်ခုချင်း ချွတ်ပြ နေရတဲ့ သူ့ကိုယ်လုံးလေးကို ကြည့်ရင်း ရင်ထဲ မကောင်းလိုက်တာ ဟိုနှိုက် ဒီနှိုက်လုပ်ရင်း သူ့ကိုယ်ထဲက တစ်ခုခုများ နိုက်ယူ ထားလိုက်ရင်ဆိုတဲ့ အသိနဲ့ မျက်လုံးပြူး မျက်စံပြူး လိုက်ကြည့်မိလို့ မောင်း အထုတ်ခံ ရသေးတယ် နောက် တစ်နာရီမှ လာပြန်ခေါ်လှည့်ပါ ဆိုပေမယ့် တစ်ယောက်တည်း မျက်စိသူငယ်နဲ့ ကျန်ခဲ့ရတဲ့ သူ့အတွက် နောက်ဆံ တင်းပြီး အခြားနေရာတွေကို အပျင်းပြေတောင် လိုက်မကြည့်ချင်တော့လို့ ရေတစ်ဗူး ၀ယ်ပြီး စားပွဲပေါ်မှာ ငူငူကြိး ထိုင်နေမိတယ် စိတ်ထဲမှာလည်း တော်ပြီ နောက်ဆို သူကို ရောဂါပိုးများတဲ့ လူထူထူ နေရာတွေကို ခေါ်မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်..

သူ့အတွက် ငွေတော်တော်များများ ရင်းပြီးမှ သူနေကောင်းသွားရင်လဲ နောက်တစ်ခေါက် ထပ်ဖြစ်မှာစိတ်ပူလို့ သူ့ကိုယ်လေး ပူနေလား အေးနေလား သူ့ကို ကျွန်မ ခိုင်းနေတာ ကြာပြီလား အရိပ် တကြည့်ကြည့် ကြည့်နေ ရတယ် ဟိုနေ့ကဆို သူပူနေမှာစိုးလို့ သူ့အောက်မှာ ခုထားလို့ရတဲ့ ပန်ကာလေးတောင် ၀ယ်ခဲ့ ပေးသေးတယ် အဲ့နေ့က သူ့အောက်ကနေ ပင့်တိုက်လာတဲ့ လေလေး တဖြူးဖြူးနဲ့ နေရလို့ သူ့မျက်နှာလေးက ပိုကြည် နေသလိုပဲ အင်း ဒုတ်ခ သူက တစ်မျိုးလေး အောက်ပိုင်း ပူလာရင် နေမကောင်းဖြစ်ရော တစ်ခုခုဖြစ်မှာ သိပ် စိုးရိမ် မိတယ် ဘ၀မှာ ပိုင်ဆိုင်ရပြန်တော့လည်း ဆုံးရုံးရမှာ ကြောက်နေမိတယ်..

အဲ့လိုနဲ့ မိုးလင်း မိုးချူုပ် သူနဲ့ပဲ အတူနေလာတာ နှစ်နှစ်လောက်ရှိလာတယ် အခုတလော သူ အရမ်းကို ဂျစ်ကန်ကန် ဖြစ်လာပြီး ပြောစကား ဆိုစကား နားမထောင်ချင်ဖြစ်လာတဲ့ သူ့ကို ကျွန်မ နည်းနည်း စိတ်နာ လာတယ် ကျွန်မမှာ တစ်ခါတစ်လေ အချိန်ကိုက် လုပ်ရလို့ သူက ကျွန်မကို သိပ် ကူညီညာ မလုပ်ချင် ပေးဘူး ဆိုရင် သူ့ကို ကျွန်မ ဆဲမိတယ် ထုရိုက်မိတဲ့ အချိန်တွေများလာတယ် ကျွန်မကို ပြန်မလုပ် ဘူးဆိုတာကို သိသိချည်းနဲ့ ကျွန်မဘက်က လက်ပါလာတာ များတယ်ဆိုပါတော့ ချစ်တာတော့ ချစ်ပါတယ် သူလဲ သိပ် မဟုတ် တော့ဘူး ဗွေဖောက် ချင်လာတယ်လေ သူ့အတွက် အိမ်မက်ထဲမှာတောင် စိတ်ပူတာ ဂရုစိုက်တာ သိသိချည်းနဲ့ နည်းနည်း အနိုင်ကျ့င့် လာတယ် တစ်ခုခုဆို အလုပ်မလုပ်ချင်ပဲ မာယာများလာတယ် ထင်မိတယ် အပျင်းလဲ ထူလာ သလိုပဲ သူ့ကို နည်းနည်းလဲ စိတ်ကုန်နေသလို ကျွန်မလဲ နည်းနည်း စိတ်ညစ်လာပြီ အသစ် ရှာချင် သလိုလို လဲ ဖြစ်လာတယ် အခု တလော သူ့လို ခပ်ထူထူ ခပ်လေးလေး မဟုတ်ပဲ ခပ်ပါးပါးနဲ့ အရမ်းသွက်တဲ့ အသစ် လေးတွေ မြင်ရင် သွားငမ်းမိတယ် အရမ်းကို လှလွန်းတဲ့ ဒီဇိုင်း ဆန်းဆန်းလေးတွေနဲ့ သူ့လို လေးတွေ မြင်တော့ အဟောင်း ပစ်ချင်စိတ် အသစ် လိုချင်စိတ် ပြင်းပြမိပြန်တယ်.သူကလဲ ရှိနေ သေးတယ် ဆိုတော့ အင်း ဒါပေမယ့် သူ ရှိနေရင်း နဲ့တော့ အသစ်ပြောင်းဖို့ဆိုတာ မဖြစ်သေးပါဘူးလို့ သက်ပြင်းချရင်းက သူ အရမ်း ဆိုးဆိုး ၀ါးဝါး တစ်ခုခု မဖြစ်မချင်း သူ့နဲ့ပဲ နေရမှာ ပဲလေလို့ တွေးမိတယ် သူ အလုပ် မလုပ် နိုင်တော့ တစ်နေ့ ကျရင်တော့ စဉ်းစားရမှာပေါ့လေ..အဲ့သလို စဉ်းစားမိတော့ စိတ်ထဲ နာကျင်မိတယ် ကျွန်မသူ့ကို သစ္စာ ဖောက်မိ သလို ဖြစ်နေပါလားလို့စိတ်မကောင်း ခြင်းများစွာနဲ့ သူ့ကို ငေးကြည့်မိတော့ တည်တည်ငြိမ်ငြိမ်နဲ့ သူ့နဲ့ မဆိုင်သလို ငြိမ်နေတဲ့ သူ့ကို ကျွန်မ နည်းနည်း အမြင်ကပ်ပြီး သူ့မျက်နှာကို လက်နဲ့ နာနာလေး ဖိပိတ်ချ လိုက်တယ် အေးရော သူလဲ စောစောနားရလို့လား အိပ်သွားတာ မြန်လိုက်တာ

ကျွန်မရဲ့ မနက်ခင်းတွေဆို မျက်နှာတောင် မသစ်ရသေးခင် သူနဲ့ အမြဲစ လုပ်နေကျ အလုပ်တစ်ခုကိုပဲ အမြဲ လုပ်ဖို့ အဆင်သင့်ဖြစ်နေတယ် အိပ်ချင်မူးတူးနဲ့ အကျင့်ပါနေတဲ့ အတိုင်း မျက်လုံးမဖွင့်သေးပဲ သူ့အတွက် ပဲ သပ်သပ်ထားထားပေးတဲ့ မီးခလုတ်လေး ရှိတဲ့နေရာကို တွားသွားပြီး အသာလေး ဖိနှိပ်လိုက်တယ် သူ့ဘေးက မီးလုံး နီနီလေးက ဖြာလင်းလာတယ် ခလုတ်ဝါ၀ါလေးတွေ မှိတ်တုတ် မှိတ်တုတ် ဖြစ်လာတယ် နောက် ၀ါရာက စိမ်းတလှည့် နီတစ်လှည့် ဖြစ်လာတယ်..နာရီပိုင်းလောက်လေး ပိတ်ပြီး အနားပေးထားတဲ့ သူ့ရဲ့မျက်နှာပြင်ကို ကြည့်ဖို့ ခပ်သာသာလေး ခွာလိုက်တယ် သူ့မျက်နှာပေါ်က မျက်လွှာလေး ပွင့်သွားတဲ့အခါ ဖုန်မူန်လေးတွေ တင်နေတဲ့ သူ့ မျက်နှာပြင် အေးစက်စက်ကို စပေရေးဗူးလေးနဲ့ သာသာလေး ဖြန်းလိုက်ပြီး အမွှေးပွ ပ၀ါလေးနဲ့ ခပ်ဖွဖွ ပွတ်လိုက်တယ်..ကြည်လင်သွားတဲ့ မျက်နှာလေးကို ကြည်နူးမူအပြည့်နဲ့ ပြုံးကြည့်မိပါတယ်

နောက် လက်ချောင်းလေးတွေ အသာတင်ပြီး အကျင့်ရနေတဲ့အတိုင်း မျက်နှာပြင်လေးကို တစ်ချက်ခြင်း ခပ်ဖွဖွ နှိပ်လိုက်တယ် သူ့ဆီကနားယဉ်နေတဲ့ အသံလေး ခပ်သာသာ ထွက်လာပြီး..မြင်နေကျမြင်ကွင်းတစ်ခု က ပေါ်လာတယ် သူ့အောက်က လိုင်းလေးကို ငုံ့ကြည့်လိုက်တော့ သူအလုပ်လုပ်ဖို အဆင်သင့်ဖြစ်နေတယ် မြန်နူန်းမြင့် နူန်းနဲ့ ပြေးဖို့အတွက် အသင့် ဖြစ်နေပုံပဲ ကျင့်သားရနေတဲ့ လက်ချောင်းလေးတွေက သူ့ ကိုယ်လုံးလေးကို ဖြတ်ခနဲ ဖြတ်ခနဲ နှိပ်လိုက်တဲ့အခါ ခပ်ဖြေးဖြေး လေး ပြောင်းသွားတဲ့ သူ့မျက်နှာပြင်ကို ချစ်မြတ်နိုး ခြင်းကြီးစွာနဲ့ ပြုံးပြီး သူ့မျက်နှာနားအထိ ကပ်ပြီး မျက်လုံးလေး အပြူးသား ငုံ့ကြည့်နေတုန်း ဘေးကနေ ရုတ်တရက်
ဟေး မိုးတောင်မလင်းသေးဘူး မျက်လုံးတောင် မပွင့်သေးဘူး ကြက်တောင် မတွန်သေးဘူး ကျီးကန်းတောင် မပျံရသေးဘူး နေတောင် မလင်းသေးဘူး ဒီကွန်ပျူတာ တန်းကိုင်နေပြီ ဟုတ်လား ကွန်ပျူတာလည်း နည်းနည်း အနားပေးပါဦး နင့်ဟာက လွန်လွန်းတယ် လူသာဆို နင့်ကို ထရိုက်ြ့ပီ မိုးလင်းတာနဲ့ လက်ဆယ်ချောင်းနဲ့ ထ ပြီး ရိုက်နှက်နေတာ စိန်ဗိုလ်တင့်လိုပဲ လက်က တစ်ချောက်ချောက် တဗျောက်ဗျောက်နဲ့ မိုးချူပ်တဲ့အထိ ဆက်တိုက် ရိုက်နှက်နေတာ လူသာဆို သေပြီ ပိုဆိုးတာ ဘလော့ဆိုတာ လုပ်တဲ့နေ့ကစပြီး ပိုတောင်ဆိုးသွားသေး ဘလော့နဲ့ မိုးလင်း ဘလော့နဲ့ မိုးချုပ် ဘလော့ ဘလော့ ဘလော့ နေ့တိုင်း ဒီဘလော့ပဲ လုပ်နေ ထမင်းတော့ စားရဦးမယ်.ဟင်းဟင်း..ကွန်ပျူတာရေ နင်လဲ ပျက်မှပဲ နားရမယ် ဒါလဲ နားရမယ် မထင်ဘူး တစ်ခုခုဖြစ်တာနဲ့ အရပ်ကူပါ လူဝိုင်းပါနဲ့ နောက် ကွန်ပျူတာပလာဇာကို မပဋာ မြေလူးတဲ့ပုံနဲ့ ကမူးရူးထိုး ပြေးမှာ မြင်ယောင်သေး ဟေးဟေး စသဖြင့် စသဖြင့်..သူ့ဆီက မနက်တိုင်း ကြားနေကျ တေးသံသာဖြစ်တဲ့ အဆက်မပြတ် စီးရီးလိုက် ရွက်လာမယ့် အလွတ်ရ နေပြီ ဖြစ်တဲ့ စကားလုံး လက်နတ်ကြီးတွေနဲ့ စတင် ပစ်ခတ် တိုက်ခိုက်လာပြီဆိုတာနဲ့ နားကို လက်နဲ့ ဖိ ပိတ်ပြီး တ တွတ်တွတ် ကုန်းအော် နေတဲ့ ဌက်ဆိုး ထိုးသံကြီးနဲ့တူတဲ့ ထစ်ချူန်းသံ မလိုတမာ အော်သံကြီးရဲ့ အဆုံး. ကွန်ပျူတာ ခုံပေါ်မှာ အိပ်မူန်စုံဝါး နဲ့ ငုတ်တုတ်လေး ထိုင်နေရာကနေ လွှားခနဲ ထွက်ပြေး ခပ်သုတ်သုတ် ခြေလှမ်းနဲ့ မျက်နှာသုတ်ဝါဆွဲ ရေချိုးခန်းထဲ မြန်မြန်ခုန်ဝင်ပြီး ကျွန်မ ချစ်ရသော ချစ်သူလေးနဲ့ ခဏခွဲပြီး အရေးပေါ် ခိုလူံခွင့် နားအေးပါးအေး တောင်းလိုက် ရပါတော့တယ်.နေရာတကျလေးပေါ့

15 Comments:

အိုးဝေအောင် said...

မိုးတောင်မလင်းသေးဘူး
မျက်လုံးတောင် မပွင့်သေးဘူး
ကြက်တောင် မတွန်သေးဘူး
ကျီးကန်းတောင် မပျံရသေးဘူး
နေတောင် မလင်းသေးဘူး :D

Moe Myint Tane said...

သိပ်ကောင်းတဲ့ သိပ်တန်ဘိုးထားရတဲ့ ချစ်သူလေးပေါ့..ကိုယ်ချင်းစာပါတယ်..ကျွန်တော်လည်းအဲလိုချစ်သူကို ပိုင်ဆိုင်ထားလို့ပေါ့..ရေးသားထားတာလေး
လည်းကောင်းပါ့..ဘလော့ဗိုင်းရပ်ကိုက်ရင်တော့ ထမင်းမေ့ဟင်းမေ့နေ့တွေများပြီပေါ့ အမရာ..အစအဆုံးကို အေးအေးဆေးဆေးဖတ်သွားတယ် အမရေ...


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ယောနသံစင်ရော် said...

ကျမ ကွန်ပျူတာတော့ ဟိုးတပတ်ကပဲ စုတေသွားတယ်။

အရုပ်ကလေး said...

ပို့စ်လေး ကောင်းတယ်
တစ်ကယ်တော်တဲ့ အစ်မပဲ
ဆွဲဆောင်မှု ရှိတဲ့ ပို့စ်လေးပါ
ဖတ်ရင်း အတောမသတ်ချင်လို့

Kaung Kin Ko said...

ဘာပဲဖြစ်ဖြစ် အမြတ်တနိုး ဂရုတစိုက် ရှိမယ့် ပိုင်ရှင်ရတာ ကွန်ပျူတာလေး ကံကောင်းတာပေါ့။

Anonymous said...

ကျွန်တော်လဲ Laptop လေးတစ်လုံးပိုင်ဆိုင်ဖို့ ၂၈ နှစ်လုံးစောင့်လာရတယ်.. ဒါပေမယ့်ကျွန်တော့်ဘလောကက်ပို့စ်တွေကတော့ ရုံးက Computer နဲ့ပဲရေးတယ်.. ရုံးချိန်ပဲအားတဲ့ကျွန်တော်မျိုးပါ.. :D
အစ်မကွန်ပြူတာလေးကံကောင်းပါတယ်...
ဂရုစိုက်တဲ့လူလက်ထဲမှာလေ..
ကွန်ပြူတာလေးနဲ့ပေါင်းပြီးပိုစ်ကောင်းတွေများများတင်နိုင်ပါစေ........

mabaydar said...

တူတူပဲ.. မဗေဒါလဲ အဲလိုပိုစ့်လေးမျိုး June တုန်းကရေးထားတယ်။.. ဒီမှာလင်ခ့် http://www.mabaydar.co.cc/2008/06/blog-post_30.html

Htoo Myat said...

မိုက်တယ်ဗျာ !!!

GreenGirl said...

Good Good အစ်မ။ ဘ၀တူတွေပေါ့

ဖိုးဂျယ် said...

တော်လိုက် တားအမ ရေးထားတာ ကောင်းလိုက်တာ
တားကတော့ အဲ့လို ဂရုစိုက်စရာ ချစ်သူလေးရှိသေးဘူး။

Anonymous said...

အားကျလိုက်တာဗျာ ကျနော့်မှာတော့ အခုထိ
ကိုယ့်ကိုတန်ဖိုးထားမဲ့သူ မရှိသေးဘူးဗျာ။

su wai said...

ရေးထားတာ အရမ်းဆွဲဆောင်မှု ရှိတယ် အစ်မရေ… ဖတ်ရင်းနဲ့ စိတ်ဝင်စားနေတာ နောက်ဆုံးမှ သူ ဆိုတာလေးကို သိလိုက်ရတယ်…

တားမြစ် ထားသော... said...

အတော်ရေးတတ်တဲ့အမပဲ။ ဖတ်လို့ ပြုံးသွားတယ်။

သုခမိန်(E-Journal)

♥ Acacia ♥ said...

အစ်မရေ ရေးထားတာကိုအရမ်းသဘောကျတယ် အရမ်းကိုကြိုက်သွားပြီ

ဘာတွေတုန်း said...

မမရေးထားတာလေးက ချစ်စရာလေး။ ဟိဟိ။ မမနဲ့ ညီမလေးနဲ့ တူတူပဲ။ မိုးလင်းတာနဲ့ မျက်နှာတောင် မသစ်ရသေးဘူး..computer အရင် ဖွင့်တာ။ အဲ့လိုမျိုး ချစ်တာ။ :P