မင်းကိုနိုင် မိုးသီးဇွန် မှသည် သီး လေး သီး သို့ …

ဒီနေ့ မိုးက ရွာ နေလိုက်တာ မနက် မလင်းခင် ကတည်းက၊ လမ်းတွေ ပေါ်ရေတွေတက်၊ ကျောင်းဘေးက လယ်ကွင်း တွေမှာ လည်း ရေ အဖွေးသား နဲ့ပေါ့။ မိုးအေး လို့ထင်ပ ကျောင်းထဲက ကလေးတွေ သွေးအေးပြီး ငြိမ်ချက် သား ကောင်းနေကြလေရဲ့။

ကလေးတွေကို မိုး အေးအေးနဲ့ မပျင်းရ လေအောင် သူ့တို့ စိတ်ဝင်စား မယ့် အကြောင်းတွေ ရယ်စရာတွေ ပြောပြ နေရင်းနဲ့ ရှစ်လေးလုံး အရေးတော်ပုံ အကြောင်းကို ရောက်သွားပါ လေရော။ ရှစ်လေးလုံးဖြစ်တုန်းက ဒီကလေး တွေက ဘယ် လာ မွေး အုံးမလဲ၊ ခုမှ သူတို့က ကိုးတန်း ကျောင်းသား အရွယ်တွေ။

အဲဒီကာလ တုန်းက ကျောင်းသား အရေးတော်ပုံ စတင် ဖြစ်ပေါ်လာတာ၊ နေ၀င်း စစ်အစိုးရက ကျောင်းသား ကျောင်းသူ တွေကို အင်လျားကန် ဘောင်မှာ ရိုက်သတ်၊ ရေနှစ်သတ် လုပ်ခဲ့တာတွေ၊ ပြည်သူတွေ တရပ်လုံး အရေးတော်ပုံ ထဲ ပါလာတာတွေ၊ ရန်ကုန် မြို့တော်ခန်းမ ရှေ့မှာ ရှစ်လေးလုံး ည စစ်တပ်က ရက်ရက်စက်စက် မောင်းပြန် သေနတ် တွေနဲ့ ပစ်သတ် တာတွေကို ပြောပြ နေချိန် မှာ အကြောင်းအရာအလိုက် ကျောင်းသား တွေရဲ့ မျက်နှာမှာ ရှစ်လေးလုံး ကာလ ပုံရိပ်တွေကို သူတို့ စိတ်ကူးလေးတွေနဲ့ ဖမ်းယူ ထင်ဟပ်နေကြတယ်ပေါ့။

ဒီအရေးတော်ပုံကြီးကပဲ ဒေါ်အောင်ဆန်းစုကြည် လို အမျိုးသား ခေါင်းဆောင်တွေ၊ ရဲရဲတောက် ကျောင်းသား ခေါင်းဆောင်တွေကို မွေးထုတ် ပေးခဲ့တယ် ဆိုတာကို ဆက်ပြီး ရှင်းပြ နေရင်း၊ အတန်းထဲက ကျောင်းသူ၊ ကျောင်းသား ကလေး တွေကို ရှစ်လေးလုံး အကြောင်း သူတို့ ဘယ်လောက် သိထားသလဲ၊ သိနေပြီလဲဆိုတာ စမ်းကြည့် ချင်တာနဲ့ သူတို့ ကို အဲဒီ့ ကာလက ဦးဆောင် ခဲ့တဲ၊့ ဒီနေ့ အထိ လည်း ဦးဆောင် နေဆဲဖြစ်တဲ့ ကျောင်းသား ခေါင်းဆောင် နာမည် တွေကို မေးကြည့် လိုက်တော့ တတန်းလုံးက

“မင်းကိုနိုင်”

လို့ ထအော် ကြတယ်၊ ငါ့တပည့်တွေ တယ်ဟုတ်ပါလား ပေါ့။

ဒါနဲ့ ဆက်ပြီး နောက်ထပ် ကျောင်းသား ခေါင်းဆောင် တယောက်ရဲ့ နာမည်ကို ထပ် မေး လိုက်တော့ အားလုံး ငြိမ်ပြီး စဉ်းစား နေ လိုက်တာ နဲနဲ ကြာသွားတယ်။ ဖြေနိုင်တဲ့သူ တယောက် တလေများ ပေါ်လာမလားလို့ ကျောင်းသား တွေကို လှမ်းကြည့် မိတော့ ခေါင်းငုံ့ တဲ့လူက ငုံ့ အကြည့် လွှဲတဲ့သူ က လွှဲ နဲ့ ကိုယ့်တပည့်တွေ ဖြစ် နေလိုက်တာ….

“ငါ့တပည့်တွေ မင်းကိုနိုင် ကိုတောင် သိသေးတာပဲ၊ သူက ရှစ်လေးလုံး ကာလမှာ ကိုမင်းကိုနိုင်နဲ့ ခေါင်းနဲ့ ပန်းလို ဖြစ် ခဲ့တဲ့၊ ကျောင်းသား ခေါင်းဆောင် တယောက်ကွာ။ မင်းတို့ ဒီမှာ ကြားဖူးနေတဲ့ ကျောင်းသားအဖွဲ့တခုမှာ သူက ခေါင်းဆာင် လည်း လုပ်ခဲ့ သေးတယ်လေ။ ကျောင်းသား ဆန္ဒပြပွဲတွေမှာ ပြည်သူ လူထုကြီး ကိုယ်တိုင် ပူးပေါင်း ပါဝင် လာအောင် သူ့ အပြော အဟောတွေနဲ့ လှုံ့ဆော် စည်းရုံး ခဲ့သူ လည်းဖြစ်တယ်လေ”

အဖြေ မပေး နိုင် သေးသော ကျောင်းသူ၊ ကျောင်းသားလေးများကိုကြည့်ရင်း ကျနော့်မှာ စိတ်မရှည် ဖြစ် လာမိတယ်။

ဒါနဲ့ …“ကဲ ကဲ ငါ့တပည့်တွေ စဉ်းစားရခက်နေရင် အစဖေါ်ပေးမယ် သူ့နာမည်မှာ…သီး…ပါတယ်” လို့ ပြောလိုက် တော့…ကျောင်းသားတွေ အားလုံး အားရ၀မ်းသာနဲ့ တခဲနက် ပြန်ဖြေလိုက်တဲ့ အသံဟာ ဟိန်းကနဲ ထွက်ပေါ် လာပါတယ် …

“ သီး လေး သီး ပါဆရာ” တဲ့ …။

“ပျော်ရွှင်ကြစေ… ပြည်သူတွေ… အေးချမ်းကြစေ… မိတ်ဆွေတို့ရေ… သာယာမှုနဲ့ ပြည့်စုံပါစေ… တည်ငြိမ်မှုနဲ့ … ပြည့်စုံပါစေ… ဆေးရောင်စုံ အဖွဲ့သားတွေ… ဆုတောင်းမေတ္တာချွေ …”

ကျောင်းသူ၊ ကျောင်းသားတွေရဲ့ တခဲနက် အားရပါးရ ဖြေဆိုလိုက်သံကြောင့် အဆိုပါသီချင်းသံနဲ့အတူ လူရွှင်တော် အ၀တ်အစား ၀တ်ပြီး မိန့်ခွန်းပြောဖို့ စင်ပေါ်ကို တက်လာနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ကို ကျနော့် အတွေးထဲ မြင်ယောင် နေမိ ပါတော့တယ်ဗျာ …။

မှတ်ချက်။ ။
(ဒီကနေ့အထိ လေးစားရင်းစွဲရှိနေသော ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်နှင့် နိုင်ငံရေးကို အနုပညာဖြင့် ပြက်လုံး ထုတ် တိုက်ပွဲဝင်လျက် ရှိသော ကိုဇာဂနာ နှင့် သူ၏မျိုးဆက် သီးလေးသီး အဖွဲ့တို့အား လေးစားအမှတ်ရစွာဖြင့် ....)

ခန့်အောင်

နေ့သစ် ဘလော့ခ်မှာ တဆင့် ကူးယူဖော်ပြသည်။

5 Comments:

Nge Naing said...

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးက မွေးထုတ်လိုက်တာဟုတ်ပါတယ်။ ဒါပေမယ့် မင်းကိုနိုင်ကိုတော့ ရှစ်လေးလုံးအရေးတော်ပုံက မွေးထုတ်လိုက်တယ်ဆိုတာထက် ရှစ်လေးလုံး အရေးတော်ပုံကြီးကို မင်းကိုနိုင်က ဦးဆောင်ပြီး မွေးထုတ်ခဲ့တာလို့ ပြောရင် ပိုမှန်လိမ့်မယ် ယူဆတယ်။ ကိုမင်းကိုနိုင် လက်ရေးနဲ့ ရေးထားတဲ့ လှုံ့ဆော်စာတစောင်နဲ့ သူတို့ ဗကသရဲ့ စနစ်တကျ စည်းရုံးလှုပ်ဆော်မှုကြောင့် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာခဲ့တာပါ။

JulyDream said...

အင်း...
နောက်လူတွေက သီးလေးသီး...ပဲ သိကြတော့မယ် ထင်တယ်။

ကိုလူထွေး said...

ကလေးတွေသိအောင် ပြောပေးမယ့်သူမှ မရှိတော့တာ...
ဒီကလေးတွေက အော်တိုငုပ်တုပ် ဘယ်လာသိနိုင်မှာလဲ...

ဝမ်းနည်းစရာ...

ခြေလှမ်းသစ် said...

လက်ရှိခလေးများက သမိုင်းကို အဆက်ပြတ်သွားတာ ဖြစ်မယ်ထင်တယ်... ဒါတွေအားလုံးဟာ ကျနော်တို့ မျိုးဆက်ဟောင်းများရဲ့  တာဝန်တွေဆို မမှားဘူးထင်ပါ တယ်နော်
ကိုဇော်

အိုးဝေအောင် said...

သီးလေးသီးမှာ +မိုးသီးပေါင်း =သီး၅သီး။
အားလုံးကယောက်ျားလေးတွေဖြစ်တဲ့အတွက်+
၁သီးစီထပ်ပေါင်း=သီး၁၀သီး....။