စကားလှလှ ရွေးကြရအောင်

I’ve dropped the idea of Billie Sue.
Where did you learn that the initials BS can stand for “Bull ____”?
What other bad words to you know? Don’t tell me!

နိဒါန်း

နေ့စဉ်သုံး စကားများနှင့် ရောထွေး နေသောကြောင့် နေ့စဉ်သုံးစကားလိုပင်ထင်မှတ်မှားနေသော ရုန့်ရင်း ကြမ်းတမ်း သည့်စကားအချို့အကြောင်း ရေးချချင်နေသည်မှာ နှစ်နှင့်ချီ၍ ကြာခဲ့သော်လည်း ဝေေ၀၀ါးဝါးနှင့် မည်သည့်နေရာက အစကောက်ရမည်မသိဖြစ်နေခဲ့သည်။ ယခုတော့ ရေးနိုင်ပြီဟု ကျမ ယုံကြည်မိပါသည်။ ကလောင်နံမည်ကပင် နှစ်မျိုး၊ နံမည်ရင်း စသည်ဖြင့် အမည်များနှင့် ရှုပ်ယှက်ခတ်နေသော ကျမတွင် ဘလော့ အမည်က တမျိုး…ဂျီမေးလ်တွင် လည်း နံမည်နှစ်မျိုးသုံးမျိုးဖြင့် အကောင့်ဖွင့်ထားခြင်းများကို ပါမောက္ခဟောင်း လည်းဖြစ်၊ ကက်သ လစ် လက်ထောက်ဘုန်းကြီး သို့မဟုတ် အမှုတော်ဆောင်လူကြီးလည်းဖြစ်သူ ဒေါက်တာ ဒေးဗစ် အင်္ဂလန်က အလွန် စိတ်ကသိကအောက်ဖြစ်ပုံရပါသည်။

သို့သော် ကျမက ဘယ့်နှယ်လုပ်ပါ့မလဲ။ ပြည်တွင်းမှာသုံးခဲ့သည့် ကလောင်အမည်နှင့် ကျမ သည်ဘက်မှာ စာမရေး လိုသော အကြောင်း ကျမမှာရှိနေခဲ့သည်။ နောက် ပြည်တွင်းက နံမည်ရင်းကိုလည်း ကျမ မသုံးချင်။ သည်တော့ ဘ၀ သစ်တခုက အမည်သစ်တခုနှင့် စတင်ခဲ့သည်။ ရုံးအ၀င် အထွက်များ တွင်တော့ အမည်ရင်းနှင့် သာ သွားရသည့်အတွက် ကျမ မတတ်နိုင်ပါ။ နံမည်ပြောင်များ များနေသည်ကိုလည်း ကျမ မတတ်နိုင်ပြန်။ ဒါက ကျမ လုပ်တာမဟုတ်။ ကျမကို ချစ်ခင်သူများက သူတို့နည်းသူတို့ဟန်ဖြင့် ခေါ်ချင်သလို ခေါ်ကြတာကို ကျမ ကန့်ကွက်နေစရာ အကြောင်းမရှိပါ။

ကျမ အမေ တယောက် တည်းကပင်လျှင် တညင်းလုံး…ဟု ခေါ်ချင်ခေါ်သည်။ တဆုပ်မ…ဟု ခေါ်ချင်ခေါ်သည်။ လူစဉ်မမှီသည့် အကြောင်းအရာ ကိုပင် သူ့ဖာသာသူ ချစ်စနိုးခေါ်နေတာ အမေ မခေါ်နဲ့ ဟု တားရမည့် အရာမဟုတ်ပါ။ အမေ ခေါ်တော့ အဖေကလည်း လိုက်ခေါ် ရင်းနှီးသူများကလည်း လိုက်ခေါ်… အဲသည် ကျမတွင် နာမည်များရသည့်အအကြောင်းကို ဘယ်သူက ဘာကြောင့်ခေါ်သည့်အကြောင်း ကျမက အန်ကယ့်လ် ကို စာရေးပြီး ရှင်းပြပါသည်။

အမှန်ကတော့ အဲဒါ အန်ကယ့်လ်အပေါ်မှာ ကျမ လူလည်ကျနေတာ ဗိုလ်ကျနေတာလည်း ဖြစ်သည်။ ဥပမာ ကျမ စာတကြောင်း ရေးလိုက်သည်ဆိုပါစို့။ ဝေါဟာရအသုံးမှားနေလျှင် အန်ကယ်လ်က အဲဒါက သည် လိုလား…ဟု ပြန်မေးသလိုနှင့် စကားစုအမှန်၊ ဝေါဟာရအမှန်၊ အထားအသိုအမှန်နှင့် ကောင်းမွန်ပြေပြစ်သော စာကြောင်း ကို ပြန်ပို့ပေးတတ်သည့်အတွက် ကျမက အဲသည်နည်းနှင့် အင်္ဂလိပ်စာ ရေးနည်းကို သင်ယူနေတာဖြစ်သည်။

သတင်းဖတ်ဖြစ်သည့်အခါများတွင် သတင်းထဲက နားမလည်သမျှမေးလေ့ရှိပြီး သတင်းဖတ်ရန် ငြီးငွေ့သည့်အခါများတွင် အခုလိုပဲ ကျမ၏ လတ်တလောအကြောင်းအရာများ၊ နေ့စဉ်သွားလာလှုပ်ရှားမှုများနှင့် မိသားစု အကြောင်းများကို ရေးပို့ ထားသည်။ နောက်တနေ့တွင် အန်ကယ့်လ်ထံမှာ အက်ဒစ်လုပ်သောစာ ပြန်ရောက်လာသည်။ သည်လိုနှင့် ကျမက အိမ် တွင် အမေက ခေါ်လေ့ရှိသော နံမည်များအကြောင်း ရေးပို့သောအခါ အန်ကယ်လ်က သူနှင့် သူ့ဇနီးကလည်း အမေရိကန် တောင်ပိုင်း၊ သူတို့ နေထိုင်ရာ တောမြို့ကလေးသို့ ရောက်လာခဲ့ဖူးသော ကျမအား တောင်ပိုင်းနံမည် တခု ပေးမည်ဟု ဆိုခဲ့ပါသည်။

တောင်ပိုင်းသားဓလေ့တွင် ယောက်ကျားလေးများအား Billie Bob, (boy) မိန်းကလေးဆိုပါက Billie Sue (မြန်မာလိုဆို လျှင် “လုံမလေး”) ဟုစသည်ဖြင့်ခေါ်တတ်ကြကြောင်း၊ ဆူးတွေ…ဗော့တွေ များ လွန်းသည့်အတွက် မိဘနံမည်များနှင့် ပေါင်းထည့်ခေါ်ကြကြောင်း၊ “ဘီလီဆူး ပက်တီ” ဆိုလျှင် ပက်ထရစ်၏သမီး ဘီလီ ဖြစ်ကြာင်း စသည်ဖြင့် အန်ကယ်လ်က အမေရိကန်၏ အမည်ပေးပုံ နည်းစနစ်ကို ရှင်းပြကာ ကျမအား ဘီလီဆူး (လုံမ)…ဟု အမေရိကန် တောင်ပိုင်းသူ တယောက်အနေနှင့် အမည်သစ်ပေးပါသည်။

စာကိုယ်
ဘီလီဆူး ဆိုသည့် အတိုကောက် BS ကို မြင်ယောင်ရင်းက တဆက်တည်း ညီမတော် မရွှေဆုမွန်ကို သတိရ မိပါတော့သည်။ သူနှင့် ဆဲမနာ ဆိုမနာ သူငယ်ချင်းလေး ဂျနွိုင်းတို့ ခဏ ခဏ ရန်ဖြစ်ကြလျှင် ဦးရာလူက အရင် Bull… ဆိုကာ ဆဲ၊ နောက်ကျတော့ အရှည်ဆဲရတာ ပင်ပန်းသည်ထင့်။ (BS) ပဲဟာ…ဟု အတိုကောက်နှင့် ဆဲကြ…ဆဲရင်း ရယ်ကြ..ရယ်ရင်းနှင့်လည်း ရန်ဖြစ်ကြ… လုံးလည်ပတ် ချာလိုက်နေသည်ကို သတိရမိသည်။ အဲသည်စကားက ဆဲရေးသည့် စကားဆိုတာ သိသော်လည်း ညစ်ညမ်းမှုအတိမ်အနက်ကိုတော့ ကျမတို့ မသိတာအမှန်။ (ဆုမွန်လည်း မသိ။)

ကျမ ဒစ်ရှင်နာရီမှာ တခါ ရှာကြည့်ဖူးသည်။ bull ဆိုသည်က “နွားသိုး”။ shit ကိုတော့ မစင်၊ ချေးပုံ.. ဟု အဓိပ္ပာယ်ပြန်ထားတာ တွေ့ရသည်။ သည်တော့ “နွားချေး” ပေါ့။ ဆုမွန်ကလည်း တခါက အဲသည်လိုပဲ အဓိပ္ပာယ် ကောက်ကြောင်း ပြောဖူးသည်။ သည်တော့ သူက စိတ်ဆိုးပြီဆိုလျှင် အဲသည်စကားကို စိတ်လုံလုံခြုံခြုံနှင့် အသုံးပြု တတ်သည်။

တည၌ ကျမတို့တွင် student meeting ရှိခဲ့သည်။ အပြင်ထွက်လည်ကြရန် လစဉ်အသုံးစရိတ် ကိစ္စဖြစ်လိမ့်မည် ထင်ပါ သည်။ ထုံးစံအတိုင်း ငြင်းကြ ခုန်ကြ….ကျမအထင် အဲသည်တုံးက အသည်းအသန်ငြင်းကြသည်မှာ မဆုမွန်နှင့် မဇ္ဈိမက တယောက်ဟု ထင်သည်။ အစည်းဝေးပင် ဘယ်လိုပြီးခဲ့လည်း မမှတ်မိတော့။ မှတ်မိသည်က မဆုမွန်တယောက် ဒေါသ တကြီးနှင့် ကွန်ပြူတာခန်းထဲ ရောက်လာခြင်း။ သူက စိတ်ဆိုးလာပြီဆိုလျှင် သူ့နှုတ်ခမ်း ထော်ထော်လေးကို စုချွန်လျှက် ဆုမွန်ဘ၀က စုချွန် ဘ၀ကို ပြောင်းတော့သည်။

အဲသည်ညက ကျမတို့အား writing သင်ပေးခဲ့သည့် ဆရာ လင်းဗာဆေက အွန်လိုင်းမှာ ရှိနေခဲ့သည်။ ဆုမွန်နှင့် ဆရာက အွန်လိုင်းတွင် စကားပြောနေကျ။ ဆရာက သူ့ကိုဆိုလျှင် ကလေးလေးလို သဘောထားပြီး သူ မကျေမနပ်ပြောသမျှ အင်း ပေါ့.. ဟုတ်တာပေါ့ ..စသည်ဖြင့် ထောက်ခံပေးတတ်သည်။ ထို့ကြောင့် အွန်လိုင်းပေါ်တွင် ဆရာ့ကိုမြင်သည်နှင့် ကလေး တယောက်လို ဆရာ့ကို တိုင်သည်။ ဆရာ ကလည်း အင်းပေါ့…အဲငတုံးတွေက အဲသည်လိုလား…စသည်ဖြင့် ကလေးချော့ သလို ချော့နေခဲ့သည်။

ကျမနှင့် ဂျနွိုင်းက တခါတရံ ဆရာ့စာကို ခေါင်းချင်းဆိုင်ကာ သွားဖတ်လိုက် ကိုယ့်အလုပ်ကို ပြန် လုပ်လိုက်နှင့် နေတတ်ကြ သည့်နည်းတူ… အဲသည်ညကလည်း ဆုမွန်ဘေးနားကနေ ဆရာ ပြန်သည့်စာကို လိုက်ဖတ် နေခဲ့ကြသည်။

ထိုစဉ် ဆုမွန်က“They are Bull Shit…” ဟု ရိုက်ထည့်လိုက်သောအခါ ဆရာ့ထံမှ အထိတ်တလန့် emotional အရုပ်ကလေး ရောက် လာပြီး “မင်း ဘယ်လို ပြောလိုက်တာ လဲ” ဟုမေးသည်။ “အဲသည် စကားကို မပြောရဘူး” ဟုလည်း ဆုံးမသည်။ သို့သော် ဆုမွန်ပဲ။ ဘယ်လျှော့ပါ့မလဲ။ “ဘာဖြစ်လို့လဲ ဆရာ၊ အဲဒါ ဘာဖြစ်လို့ မပြောရမှာလဲ” ဟု ထပ်မံအထွန့်တက်လိုက်သည်။

ဆရာက သူ့စကား မကြား သော်လည်း သူကတော့ နှုတ်ခမ်းကလေး ထော်ထော်ပြီး “နွားချေးလို့ပြောတာပဲ။ ဘာလို့ မပြောရမှာလည်း။ ပြောမယ်။ ဘူးရှစ်…” ဟု ရွတ်လိုက်သေးသည်။ (ကျမ ညီမက အဲသည်လိုမျိုး၊ မဆော့ပါဘူး…ဆိုတာတောင် မျောက်လောက်တော့ ဆော့သေးတယ်…ဆိုသည့် အထဲက) သို့သော် ဆရာက အဲသည်စကားကို ရေလိုက်ငါးလိုက်မလုပ်ခဲ့ဘဲ ခါးခါးသည်းသည်း ကန့်ကွက်သည်။

ဆုမွန်ကလည်း မှန်သည်ထင်လျှင် အလွန်ခေါင်းမာသည့် ကလေးမပဲ။ နောက်ဆုံးတော့ ဆရာက- “I AM A NATIVE SPEAKER. SO, IF I SAY IT IS BAD, YOU HAVE TO KNOW AND ACCEPT IT IS REALL BAD WORD”. ဟု စိတ်ခပ်တိုတို အသံဖြင့် သွန်သင်ပါသည်။

ထို့ကြောင့် အဲသည်ကတည်းက သည်စကားလုံး၏ ကျမတို့ ရှာဖွေလေ့လာထားသော အဓိပ္ပာယ်ထက် နည်းနည်းတော့ ဆိုးရွားသော အဓိပ္ပာယ် ရှိနေလိမ့်မည်လား ဟု ဆင်ခြင်မိသည်။ သို့သော် အခုထိ အဲသည်ဆိုးဝါးသည့် အဓိပ္ပာယ်အမှန်က ဘာလည်းဆိုတာကို ကျမ တကယ်မသိသေးပါ။

ကျမ အလုပ်စ၀င်ခဲ့သည့် (၁၉၈၇) ခုနှစ်က ဖြစ်ပါသည်။ လူ့လောကကြီးထဲကို လူကြီးတယောက်လိုမျိုး ဟိတ်ဟန်ကြီးကြီး နှင့် စတင် တိုးဝင်ချိန်။ ကျမ စာသွားသင်သည့် ရွာကလေးက အိမ်ခြေ (၇၈) လုံးသာ ရှိပြီး လယ်ယာ ဥယာဉ် လုပ်ငန်းဖြင့် အသက်မွေးသော ရွာကလေး။ ဆရာ ဆရာမနှင့် ဘုန်းကြီး ရဟန်း ဆိုလျှင် အလွန် ဦးစားပေး အလေးထားသော ရွာက လေးဖြစ်သည်။ သို့သော် ပညာအခြေခံ အားနည်း ရှာသည့် ရွာကလေးဖြစ်သည်။

ကျမ တပြည့်တွေထဲမှာ ဉာဏ်အလွန်ကောင်းပြီး စိတ်က ပုံမှန်မှ သွေဖြည်နေသည့် ကောင်လေး တယောက်ပါသည်။ မောင်လင်းကြီး ဟုခေါ်ပြီး အသက် ကိုးနှစ်နှင့်မလိုက်အောင် အလွန်ထွားကျိုင်းပြီး ဒေါသတအားကြီးသည့် ကလေး။ ရန်ဖြစ်လျှင် လည်ပင်းကို အသေညှစ်ဖို့ အရင်ဆုံး အားထုတ်တတ် သည်။ အဲလိုလုပ်လျှင် သေမယ်ဆိုတာ သိလားမေးတိုင်း ခေါင်းငြိမ့်ပြီး “သိတယ်” ဟုဖြေသည့် ကလေး။ (သို့သော် သူ့ဆရာမ ဆိုလျှင်တော့ သေအောင်ရိုက်လျှင်တောင် လက်ပိုက်မဖြုတ်ဘဲ အသေခံသွားမည့် ကလေးဖြစ်နေပြန်သည်)

သူ့အဖေက ရဲဘက် (နှစ်ကြီးထောင်ကျ အကျဉ်းသား) ဖြစ်ပြီး ထိုရွာကလေးအတွက် လမ်းဖောက်စဉ် ရောက်လာခဲ့ပြီး ထိုရွာသူနှင့် အကြောင်း ပါကာ မောင်လင်းကြီးအား မွေးဖွားထားရစ်ခဲ့ပြီး ထောင်ထဲ ပြန်ရောက်သွားသည်ဟု ကြားရသည်။ အဖေမရှိသည့် ကလေးလေး ဆိုပါစို့။ တနေ့စာသင်နေစဉ် အကြောင်း တခုခုကြောင့် စိတ်ဆိုးပြီး ဒေါသတကြီးနှင့် ဆဲရေးတိုင်းထွာသည်။ ကျမက သူ့အား ဆဲ တယ်ဆိုတာ မကောင်းကြောင်း။ အဲသည် စကားမျိုးကို ကျောင်းမှာရော အိမ်မှာပါ မပြောရကြောင်း ပြောသောအခါ သူက ကျမကို ခပ်တည်တည်နှင့် တခွန်းပဲ ပြောပါသည်။

“အဲဒါ ဆဲတာမဟုတ်ပါဘူး ဆရာမ” အဲသည် ငါ…..ဆိုသည့်စကားလုံးကို ဆဲရေး တိုင်းထွာသည့် စကား မဟုတ်ဘူး…တဲ့။ အဲသည် လောက်တောင် နေ့စဉ်သုံး စကားတခွန်းလိုဖြစ်နေသည် ဆိုတော့ ကျမ သူ့အား ရှင်းပြ သွန်သင်ရန် အတော် လေး အကျပ်ရိုက်ခဲ့ရပါသည်။ ကျမတို့ ပြည်ပရောက်မြန်မာများနှင့် သည် BS စကား သည်လည်း ငါ…ဆိုသော စကားနှင့် ကျမတပြည့် မောင်လင်းလိုများ ဖြစ်နေ သလားဟု… မကြာခန တွေးမိသည်။ ကိုယ်သေချာအဓိပ္ပာယ်မသိသော ဘာသာခြားစကား မပြောတာက ပိုကောင်းသည် ဟု ယူဆ သောကြောင့် လူထူထူမှာ မ “ရှစ်…” လိုက်မိအောင် ကျမကိုယ်ကျမ အမြဲ သတိထားရပါသည်။

ထို့ကြောင့် ကျမ အဓိပ္ပာယ်သေချာ ဂဃဏန သိလိုသော စကားမှန်သမျှ မေးမြဲထုံးစံအတိုင်း (ဆဲရေးသည့် စကားများကို လူကြီး လူကောင်း တယောက်ထံမှာ အဆက်အစပ်မရှိ မေးရမှာကျတော့ အလွန်ရိုင်းရာ ကျမှာလည်းစိုးရသေးသည့်အတွက်) အကွက်ပေါ်တုံး Billie Sue ဆိုပါက BS ဟုလည်း ဆဲရေးသည့် အဓိပ္ပာယ် ထွက်နေမှာပေါ့ ဟု လှမ်းမေးလိုက်ပါသည်။ အန်ကယ်လ် အလွန် စိတ်အနှောင့်အယှက်ဖြစ်သွားပုံရပါသည်။

I’ve dropped the idea of Billie Sue. Where did you learn that the initials BS can stand for “Bull ____”? What other bad words to you know? Don’t tell me! I heard so much of that kind of language in the Marine Corps and when I worked in the prison, that it gets on my nerves now. In the Marines and in prison it seemed like every other word from some people’s mouth was a bad word or what we call “cuss” words which is a shortened form of “curse” word. There’s your lesson on bad words for today!

ကျမ မေးလိုက်တိုင်း Dow Joe ကဘာလဲ။ Toxic assets ကဘာလဲ…စသည်ဖြင့် စီးပွားရေး၊ အန္တ၀ါဗေဒ၊ နက္ခတ် တာရာ..နိုင်ငံရေး… ဘယ် ဘာ သာရပ်ကိုမေးမေး…အတိအကျ ပြန်ဖြေတတ်သည့် အန်ကယ်လ်က သည်တခါ အဖြေ မပေးဘဲ ခပ်ဆတ်ဆတ် ဆုံးမ မြည်တွန် စကားကို ပြန်ပို့ပေးပါသည်။

ကျမ ဆက် မမေးရဲတော့သော်လည်း (ဆုမွန်အမ ပီသစွာ) အထွန့်လေးတော့ တက်လိုက်ပါသေးသည်။ ကျမက မြန်မာအမျိုးသမီး တယောက် အနေနဲ့ ကြမ်းတမ်းတဲ့ စကားတွေကို မသိချင်ပါဘူး။ ဒါပေမယ့် စာရေးသူ တယောက်အနေနဲ့တော့ ကျမ သိဖို့ လိုအပ်တယ်…ဟု။

နိဂုံး

အသက် (၅၀) ကျော် ဆရာလင်းနှင့် အသက် (၆၀) ကျော် (၇၀) နားနီးနေသည့် အန်ကယ်လ်ဒေးဗစ်တို့၏ တားမြစ် ဆုံးမသွန်သင်မှုတို့အား မျှဝေပြီးသည့်နောက် ရှိဦးမည်ဆိုလျှင် အသက် (၇၄) နှစ်ပြည့်တော့မည့် ကျမ အဖေက စကား သုံးနှုန်းမှုများနှင့် ပတ်သက် သည့် ဝေါဟာရရွေးချယ်ခြင်းကို ကျမတို့အား ဆုံးမသင်ပြခဲ့သည်ကို နောက်ဆုံးအနေနှင့် မျှဝေလိုပါသေးသည်။

“ကိုယ်ပြောမယ့်စကားက ဘယ်အသိုင်းအ၀ိုင်းမှာ ၀င်ဆန့်ပြီး ပြောမလဲဆိုတာအပေါ်မှာ မူတည်ပြီး စကား ရွေးသင့်တယ်။ ပညာမဲ့တဲ့အသိုင်းအ၀ိုင်းမှာ ပြောတဲ့ဘန်းစကားတွေကိုတော့ လူယဉ်ကျေးအသိုင်းအ၀ိုင်းထဲမှာ ချပြောလို့မရဘူးဆိုတာကို သိထားဖို့လိုလိမ့်မယ်။ အ၀တ် အစားဝတ်တာလည်း ဒီလိုပဲ။ အမေရိကန်တွေ ဘောင်းဘီပြဲနဲ့ နားကွင်းတွေနဲ့ ရုပ်ရှင်တွေမှာ တွေ့ရတာ မှန်တယ်။ ဒါပေမယ့် အဖေတော့ ဘယ်သမ္မတမှ နားကွင်းတွေ နားဆွဲတွေနဲ့ မမြင်ဖူးဘူး” တဲ့။

ခွာညို ဂျူလိုင် (၁၂) ရက်၊ ၂၀၀၉ ခုနှစ်။

×××××××××××××

ရွာသူ နှောင့်ယှက်သောကြောင့် ကျွန်မ အစ်မခွာညို ဘလော့ခ်လေး ပျက်သွားပြီ ဒါပေမယ့် သူရေးချင်တဲ့အကြောင်းအရာတွေကို သေသေချာချာ အချိန်ပေးပြီး ရေးထားတဲ့ ပို့စ်လေးကို ကျွန်မကို ပေးပို့လာလို့ ပို့စ်လေးကို မြတ်နိုး တန်ဖိုးစွာဖြင့် အမှတ်တရ တင်လိုက်ပါတယ်. ကျေးဇူးအထူးတင်ရှိပါတယ် အစ်မခွာညို (ခ) ဌက်ကလေး။

5 Comments:

သုခုမလေဒီ said...

အသိပညာလေးရရှိတဲ့ စာတစ်ပုဒ်ပါပဲ။ အခုလိုတင်ပေးတာကိုကျေးဇူးတင်ပါတယ် ဆုမွန်ရေ။ အဆင်ပြေပျော်ရွှင်ပါစေ။

မေလေး said...

မမဆုမွန်
သေချာလာရောက် မှတ်သားသွားပါတယ်နော်။
အမြဲတမ်းခင်နေမဲ့
မေလေး

Yu Ya said...

လေ့လာမှတ်သားသွားပါတယ် အစ်မဆုမွန်ရေ...

ကျေးဇူးတင်စွာဖြင့်
yu ya

Anonymous said...

ဖတ်လို့ကောင်းတဲ့စာလေးပါ
ပေးချင်တဲ့မက်ဆေ့လေးနဲ့
မျှဝေမှုကို ကျေးဇူးတင်မိပါတယ်

သက်ပိုင်သူ said...

မမဆုမွန်ရေ ဖတသွားတယ်
ကျွန်တော်လည်း အခုထက်ထိ BS ဆိုတာ မသိသေးဘူး
ကျောင်းတက်တုန်းကလည်း ပေါက်ကရစကားတွေ သင်မလို့ပဲ
နောက်တော့လည်း မကောင်းမှန်းသိတော့ ဆက်မသင်တော့ဘူး..