လူငယ်တစ်ယောက်ရဲ့အတွေးလေးပါ။
သူငယ်ချင်းတယောက် သူပြောပြတဲ့ သူတို့အဆောင်က ရယ်စရာအကြောင်းလေးတခုကို ပြောပြချင်ပါတယ်။
သူက ကျောင်းတက်နေတုန်း အိမ်မှာ မနေချင်လို့ သူငယ်ချင်းတွေနဲ့စုပီး အဆောင်မှာ နေကြတယ်။ သူတို့ သူငယ်ချင်း ၄ ယောက်စုပီး ငှားနေတဲ့အဆောင်မှာ သရက်ပင်ကြီးတပင်ရှိတယ် ရင်ကွဲသရက်ပင်ပေါ့။ သူတို့ဆီမှာ ပိုက်ဆံပြတ်တဲ့အခါ ဒါမှမဟုတ် အိမ်က ပိုက်ဆံမပို့တဲ့ အချိန်တွေဆို သူငယ်ချင်းတွေစုပီး ထမင်းထုပ်ဝယ် အကြော်လေးနဲ့ဖြစ်ဖြစ် ရရာနဲ့ပဲ ဖြစ်ဖြစ် စားကြတယ်။
တကယ်လို့မှ မရှိတော့ဘူးဆိုရင်တော့ ပေါင်နှံပေါ့ ချေးငှားပေါ့။
အဲ့တာမှ အဆင်မပြေတော့ရင်တော့ အဲ့သရက်ပင်က သရက်သီးအစိမ်းကြီးတွေကို ဒီအတိုင်း စားကြတယ်လေ .ချဉ်ချဉ်စုတ်စုတ်ပေါ့။
အဲ့ဒီမှာ နာဂစ်လဲတိုက်ရော သူတို့ရဲ့ သရက်ပင်ကြီး လဲသွားတော့ သူတို့ အခု ငိုနေရတယ်လို့ သူက လှမ်းပြောပြတယ် အမှန်တော့ သူက ရယ်စရာလို ပြောတာပါ။ သူပြောတဲ့အချိန်မှာ ခနတော့ ရယ်လိုက်မိတယ် နောက်မှ တော်တော့ကို စိတ်မကောင်းဖြစ်သွားမိတယ်။
သူ့ကိုပြောတယ် အိမ်ကိုပြန်ဖို့ ဒါပေမဲ့ သူပြောတယ် အိမ်ကိုသာ ပြန်သွားရင် သူလုပ်ချင်တာတွေကို ဘာကိုမှ လူကြီးတွေက လုပ်ခွင့်ပြုမှာ မဟုတ်ဘူးတဲ့လေ၊ သူပေပေတေတေ လေလွင့်နေချင်တယ်လို့ သူ့အိမ်က စွပ်စွဲပေမဲ့ သူ့ဘဝလေးမှာပဲ သူနေချင်တယ်။ သူတို့ဘဝလေးထဲမှာ နေရတာကိုပဲ သူတို့ပျော်နေကြတယ်တဲ့။ သူတို့မှာ ကြီးကျယ်တဲ့ အနာဂတ်တွေ မရှိပေမဲ့ သူတို့လုပ်ချင်တာလေးတွေ သူတို့ လုပ်နေရတာကိုက သူတို့ရဲ့ဘဝတဲ့။
ဒါပေမဲ့ သူတို့က မတရားတာကိုတော့ မတရားဘူး မကျေနပ်တာကိုတော့ မကျေနပ်ဘူးလို့ ပြောင်ပြောင်တင်းတင်း ပြောဝံ့ကြတယ်. သူတို့ဆီမှာ နိုင်ငံနဲ့ချီတဲ့ အတွေးတွေ လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့လို စကားလုံးကြီးကြီးတွေကို ရေရွတ်ဖို့တော့ အတွေးတွေ မရှိကြဘူး.
ဒါပေမဲ့ သူတို့ စက်တင်ဘာအရေးအခင်းမှာ ပါခဲ့ကြတယ် နောက် သေနတ်နဲ့ပစ်တော့ ခွေးပြေးပြေးကြတယ် ဘုန်းကြီးတွေ အရိုက်ခံရတော့ အသည်းခိုက်အောင် နာကြတယ် နောက်တော့ လူတွေငြိမ်သွားကြသလိုပဲ သူတို့လဲ ငြိမ်ပီး သူတို့ရဲ့ လက်ရှိဘဝလေးတွေဆီကို ပြန်ရောက်သွားကြတယ်။
သူတို့ကို မင်းတို့မျိုးဆက်အတွက် မင်းတို့မှာ တာဝန်ရှိတယ် ဒါမှမဟုတ် မင်းတို့ မတရားတာကို သိရင် မတရားတာကို မတရားမှန်း လူတွေသိအောင် လုပ်ဖို့ မင်းတို့မှာ တာဝန်ရှိတယ်လို့ သူတို့ကို သွားပြောရင် အဲ့တာကို သူတို့က လက်ခံကောင်း လက်ခံကြမယ် မင်းတို့ ဒါတွေကို ဘာလို့ မသိရသလဲလို့ အပြစ်တင်ရင်တော့ သူတို့မှာ အဖြေမရှိဘူး..
ဘာလို့ဆိုတော့ ဒါတွေကို သိရအောင် ဘယ်သူကမှ လမ်းညွှန် မပြသ သလို ဒါတွေ ဘာကြောင့်ဖြစ်ရသလဲ ဆိုတဲ့ အတွေးမှာလဲ သူတို့ ရှည်ရှည်ဝေးဝေး မစဉ်းစားချင်ကြဘူး လူကြီးတွေ မကောင်းဘူး ဒါပဲ
ရယ်တော့ ရယ်စရာပဲ ။ လူကြီးတွေက လူငယ်တွေကို နားမလည်ပေးနိုင်သလို လူငယ်တွေကလဲ လူကြီးတွေရဲ့ ရှေးရိုးစွဲ ဦးဆောင်မှု အောက်မှာ မနေချင်ကြတော့ဘူး သူတို့က သူတို့ လက်တွေ့လုပ်တဲ့ အလုပ်တွေကိုပဲ တန်ဖိုးထားကြတယ် ဟိုအရင် သမိုင်းတွေ နောက်ကြောင်း တွေကို သူတို့ စိတ်မဝင်စားကြတော့ဘူး
အခုလက်ရှိ ဘာလုပ်ခွင့်ရှိသလဲ ဘာလုပ်နိုင်သလဲ ဒါပဲ သူတို့က အနှောင်အဖွဲ့တွေ အသင်းအဖွဲ့တွေကိုလဲ မယုံကြည်ကြပြန်ဘူးလေ။
လူငယ်တွေဟာ နိုက်ကလပ်တွေ ဘားတွေမှာ ရောက်နေကြတာ သူတို့ရဲ့ဘဝတွေကို ပေါ့ပေါ့တန်တန် သဘောထားနေကြတာဟာ တကယ်တော့ သူတို့ လုပ်နိုင်လောက်တဲ့ ဘယ်လို အရာတွေမှ သူတို့အတွက် မရှိကြဘူး လုပ်ရမယ်ဆိုတဲ့ အတွေးမျိုးလဲ သူတို့မှာ ရှိကို မရှိကြတာ မလုပ်တာ မဟုတ်ဘူး လုပ်ရမှန်းကို မသိတဲ့ လူငယ်တွေ အများကြီးရှိကြတယ် ။
တက္ကသိုလ်ဆိုတာကလဲ တကယ်တော့ လူငယ်တွေကိုစုပီး ပိုက်ဆံဖြုန်းဖို့ ဖဲရိုက်ဖို့ အရက်သောက်တတ်အောင်လုပ်ပေးဖို့ လူစုပေးတဲ့ နေရာလောက်ပဲ ဖြစ်နေပီ။ အဆင့်မြင့်ပညာရေးတဲ့ တဖြည်းဖြည်း အဆင့်နိမ့်သထက် နိမ့်လာတယ် ။
သင်တန်းတခုမှာ ဆရာတယောက်က မေးဖူးတယ် ကိုယ့်ဘဝရဲ့ရည်မှန်းချက်က ဘာလဲတဲ့ What is your Ambition? ပေါ့၊
အဖြေကို ချက်ချင်းပေးဖို့ ပါးစပ်က မဟနိုင်ကြဘူး။
ဒါဟာ လူငယ် တွေရဲ့ လက်တွေ့ဘဝပဲ၊ ဘာဖြစ်ချင်သလဲဆိုတဲ့ အမေးကိုတောင် လွတ်လွတ်လပ်လပ်ဖြေဖို့ စိတ်ကူးကို မရှိကြဘူး၊
ဒီမေးခွန်းကို ခန ခန အမေးခံခဲ့ရပေမဲ့ တွေးမိတဲ့ အတွေးကတော့ ဘွဲ့တခုရရင် ပီးရောပေါ့၊
ဟော ဘွဲ့တခုရပီးရင်ရော?
အလုပ်တခုခုတော့ ရှာရမှာပေါ့ ဒီအတိုင်း ထိုင်နေလို့တော့ မဖြစ်ဘူး စသဖြင့် အတွေးဟာ ရိုးရှင်းလွန်းတယ်
ဒါဟာ ဘယ်သူ့ကို အပြစ်တင်ရမလဲ။
လူတွေက တစုံတခုကို စောင့်ဆိုင်းနေကြတာချင်း တူကြတယ်
စိတ်ကူးတွေ မျှော်လင့်ချက်တွေနဲ့ အတွေးအခေါ်တွေသာ ခြားချင်ခြားနားကြမယ်
တူညီတာ တခုကတော့ တခုခုကို စောင့်နေကြတယ် ဘာမှန်းမသိတဲ့ အရာပေါ့
နောက်ပီး သူတို့ မျှော်လင့်စောင့်စားနေတဲ့ အရာဟာ တနေ့တော့ ရောက်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်လဲ အပြည့်ရှိကြပါတယ်
လူငယ်တွေရဲ့ လက်ရှိဘဝကို ထင်ဟပ်စေနိုင်တဲ့ သူတို့ရဲ့ အိပ်မက်တွေ အနာဂတ်တွေအကြောင်းကို ပေါ်လွင်အောင် ပြောပြချင်ပေမဲ့ မပြည့်စုံပါဘူး ။
တကယ်တော့ အပြောပဲရှိပီး လက်တွေ့ ဘာမှ မလုပ်နိုင်တဲ့ အခြေအနေမှာ လက်ရှိ လူငယ်တွေရဲ့ ဘဝမှာ ဘာတွေကို ဆုံးရှုံးနေရပီး ဘာတွေကို လက်မခံချင်ဘဲ လက်ခံနေရတဲ့ အကြောင်းတွေကို စုံစေ့အောင်တော့ ပြောပြချင်မိပါတယ်။
-------------------
ဒီစာလေးကို ဖတ်ပြီးပြီးချင်း အသက်ရူဖို့ ခဏမေ့သွားတယ် နောက်မှ သက်ပြင်းအရှည်ကြီးချမိတယ် နောက်တော့ရော......ကျွန်မ ဘာဆက်လုပ်နိုင်မလဲ.......
ညီမငယ် ပြည့်စုံ ရဲ့ စာလေးတွေ တစ်ချို့တစ်လေကို ဖတ်မိတိုင်း ကျွန်မ အံ့သြသင့် လောက်အောင် လူငယ်တွေရဲ့အတွေးစတွေက ရင်ကို မောပမ်း စေတယ် ကျွန်မ ညီမလေးက သိပ်ရိုးရှင်းတယ် ကျွန်မလို စပ်စပ်စုစု သိပ်မရှိဘူး အသင်းအပင်းတွေ ကို ယုံကြည်မူမရှိဘူး တော်ရုံ စကားအကြီးကြီးတွေ ပြောလာရင် ၀င်ဆွေးနွေးလေ့မရှိဘူး။ ငြင်းခုန်တာတွေကို သူအမြဲ အံ့သြတကြီး ဖြစ်လေ့ရှိတယ်။ သူ ဟစ်ဟော့သီချင်းလေးတွေကို ကြိုက်တယ် နောက် ဒစ်စကိုကို ချွေးထွက်အောင် ကတတ်တယ်။ နောက် သူတို့ မှာ အမြဲတမ်း ရယ်မောစရာတွေ အပြည့်ရှိနေတယ်။ ဒါပေမယ့် မျိုးဆက်သစ်ဖြစ်တဲ့ သူတို့လေးတွေမှာ အတွေးစတွေရှိတယ် ကျွန်မတို့ သူတို့ အတွေးတွေထဲက မေးခွန်းတွေကို ဖြေနိုင်ဖို့. ကျွန်မတို့မှာ အဖြေ အသင့်ရှိပါ့မလား...
လူငယ်တစ်ယောက်ရဲ့အတွေးလေးပါ
Posted by မဆုမွန် at Wednesday, July 15, 2009
Labels: အတွေးစများ
5 Comments:
ဟုတ်ပါတယ် မဆုမွန်ရေ... လူကြီးနဲ့ လူငယ် ကြားက နားလည်မှုကို ဘယ်ကမ္ဘာကြမှပဲ ညှိနှိုင်းလို့ ရပါ့မလဲနော်...
ကျေးဇူးတင်စွာဖြင့်
yu ya
ဘာလုပ်ရမှန်း မသိတာက ပြသာနာပါပဲ အစ်မရယ်။ ဒီလိုပဲ ကောင်းမယ်ထင်တာလေးတွေ ရွေးလုပ်၊ စမ်းလုပ်ကြ၊ မဟုတ်တော့ နောက်ဆုတ်ကြ၊ အဲမှာ တင် စိတ်ဓာတ်ကျ၊ အဲလိုပဲ ဘဝကို နေသာသလို ဖြတ်သန်းကြ၊ ဒီကြားထဲကပဲ အသက်တွေကြီးလာကြနဲ့၊ မျှော်လင့်တဲ့နေ့ဆိုတာ လက်တစ်ကမ်းမှာလိုလိုနဲ့ ဝေးသထက်ဝေးနေသလားပဲ။ ဒါပေမယ့် ဒီခေတ်လူငယ်တွေ ထင်သလောက် မညံ့ကြဘူးလို့ ယူဆပါတယ်။ ရွှေဝါရောင်မှာ ...။ နာဂစ်ကယ်ဆယ်ရေးမှာ..သမိုင်းတွင်မယ့် ဖြစ်ရပ်တိုင်းမှာ အဲဒီ ရည်မှန်းချက်ပျောက်သလို ဖြစ်နေတဲ့ လူငယ်တွေ ပါဝင်ခဲ့တာ အသေချာပေါ့။ ကျနော်တို့ လုပ်နေကြပါတယ်။ လုပ်လည်း လုပ်ခဲ့ပါတယ်။ လုပ်လည်း လုပ်ဦးမှာပါ။ အထဲရော အပြင်ကနေပါ ဝိုင်းအာနေကြတဲ့ အသံတွေကြားကနေ ကိုယ်တတ်နိုင်တာလေးတွေ ဆက်လုပ်ကြမှာပါ။ တွေးမိတာတွေ၊ ဆွေးမိတာတွေ ခံပြင်းစရာတွေနဲ့ ဒီကွန်းမန့်ကို ရေးသားလိုက်ပါတယ် အစ်မ။
မမဆုမွန်ရေ
ကျွန်တော့်တူလေး ၁၈နှစ်၇ှိပြိ
ဘာလုပ်ချင်လည်းမေး
ဘာမှ ရေရေရာရာမသိတော့ဘူး
သြော် အနာဂတ်တွေ ပျောက်နေကြလေရဲ့
း(
လူကြီးတွေက အတွေ့အကြုံကို အခြေခံတယ်။ လူငယ်တွေက အတွေးအခေါ်ကို အခြေခံတယ် ဆိုတော့ နှစ်ခုစလုံး ပေါင်းစပ်နိုင်မှပဲ လိုရာဆန္ဒကို အကောင်အထည်ဖေါ်နိုင်မှာပါ။
ဟုတ်တယ် မရေ
ဘာလဲ လူငယ်အနာဂတ်
ကျောင်းတက်တယ်
ဘွဲ့တခုရဖို့
ဘွဲရပြီးရင် ဘာလုပ်မလဲ
တတ်နိုင်တဲ့လူက တမျိုးစီစဉ်မယ်
မတတ်နိုင်တဲ့လူအဖို့ ဒီအသိုင်းအ၀ိုင်းကြားထဲမှာ လုံးလည်ချာလည်လိုက်မယ်
နောက် အိမ်ထောင်ပြု အိမ်ထောင်ကျ
ဒီဘ၀မှာပဲ လုံးလည်ချာလည်လိုက်
ဒါတွေ သိပ်များတယ် အမရယ်
တကယ်တမ်းတွေးကြည့်ရင် သိပ်နှမြောဖို့ကောင်းတယ်
မလုပ်နိုင်တာမဟုတ်ဘူး
ဘာလုပ်ရမှန်းကိုမသိတာ
လုပ်ဖို့ အခွင့်အလမ်းလည်းမရှိကြဘူး
ဟူးးးး
ပြောရင်ကုန်မယ်မထင်ဘူး
Post a Comment