လူဖြစ်ကျိုး

ကျွန်မ ဘန်ကောက်မှာ နေရတာ စိတ် အညစ်ဆုံးက ကားစီးရတာပါပဲ။ အချိန်တိုင်း လိုလို ကားလမ်းတွေ အရမ်းကျပ်လို့ တစ်နေရာ ကနေ တစ် နေရာ ကို သွားဖို့ လိုင်းကား စီးရမှာကို အင်မတန် စိတ်ညစ် စရာပါပဲ ။ အထူး သဖြင့် ကျောင်းတက်ရမယ့် နေ့တွေဆို မနက် ကိုးနာရီ တက်ရမှာကို မနက် ခြောက်နာရီ လောက် က တည်း က အိပ်ယာက ထပြီး ပြင်ဆင်ရပါတယ်။ ကျွန်မနေတဲ့ နေရာကနေ တက္ကသိုလ်ကို တစ်နာရီ ခွဲ လောက် ကားစီးရပါတယ်။

ကျွန်မ လိုင်းကား စီးရင် လေအေးပေးစက် တပ်ထားတဲ့ ကားတွေကို တတ်နိုင်သမျ မစီးပါဘူး။ ကားက တရွေ့ရွေ့သွားနေတဲ့ အချိန် အအေး လွှတ်ထားတဲ့ ကားအလုံ ပိတ်ကားကြီးထဲမှာ နေရတာ အသက်ရူမရပဲ အရမ်း မွန်းကျပ် ပါတယ်။ လေအေး ပေးစက်ပါတဲ့ ကား ဆိုရင် တက်စီကားကို တောင် ဖြစ်နိုင်ရင် ရှောင်ချင်ပါတယ်။

ဒါကြောင့် ပြူတင်းပေါက် အကုန် ပင့် ဖွင့်ထား လို့ ရတဲ့ လိုင်းကား ရိုးရိုး ကိုပဲ ရွေးစီး ပါတယ်။ အပြင် မြင်ကွင်း ကိုလည်း တိုက်ရိုက် မြင် ခွင့်ရပါတယ်။။ ကားပြုတင်းကနေ တအိအိ တရွေ့ရွေ့ သွားနေတဲ့ ကားတွေကို စိတ်ပျက် ပျက် ကြည့် ရင်း တစ်ခါ တစ်လေ အိပ်ပျော် သွားတယ်။

တစ်ခါ တစ်လေ တော့လည်း လေ တ၀ူးဝူး တိုက်နေတဲ့ ပြူတင်းပေါက် ကနေ အပြင်ဘက် မြင်ကွင်း တွေကို ငေးကြည့်ရင်း လိုက်ရတာ အရသာတစ်ခုပါပဲ။ လမ်းတလျောက် မြင်ရတဲ့ မရိုးနိုင်တဲ့ မြင်ကွင်းတွေထဲမှာ ဘန်ကောက်မြို့ခံတွေအတွက်တော့ သိပ်ထူးဆန်းတဲ့ မြင်ကွင်းမျိုး မဟုတ်တဲ့ လမ်းပေါ်က လူအချို့ ရဲ့ နေထိုင်မူကို ကျွန်မ အမြဲသတိထားမိပါတယ်။

အဲ့တာကတော့ လမ်းတလျောက်မှာ စိတ်ပုံမှန်မဟုတ်တဲ့ ပုံစံမျိုးနဲ့ အိမ်ခြေမဲ့ လူအချို့ကို တွေ့ရတာပါပဲ။ သူတို့အားလုံးမှာ တူညီတာ ကတော့ ပစ္စည်းပစ္စယ အစုံပလုံ ထည့်ထားတဲ့ အိတ်ကြီး အိတ်ငယ် အသွယ် သွယ်နဲ့ လျောက်သွား နေကြတာပါပဲ။ သူတို့ကိုဆို ခွေးတွေကလည်း အသေဟောင်တယ်။ သူတို့မို့ဖြတ်သွားရင် အိမ်ထဲက ခွေးတွေ ကပါ ထွက်လာကြတယ်။ တစ်ကိုယ်လုံးလဲ နံဟောင်နေတယ်။ မည်းတူးခြစ်နေပြီး အချို့က ဖိနပ်ဗလာ တစ်ချို့လဲ ဘယ်ဘက်က ဒီဇိုင်းတစ်မျိုး ညာဘက်က ဒီဇိုင်းတစ်မျိုးနဲ့ဖိနပ်ကို စီးထားတယ်။

တစ်ခါတစ်လေ ကားမှတ်တိုင်အုတ်ခုံတွေပေါ်မှာ တုန်းလုံးပက်လက် တစ်ခါတစ်လေ ပလက်ဖောင်းတွေပေါ်မှာ နေပူကျဲကျဲမှာ မိုးသည်း သည်းမှာ ပစ်စလတ်ခတ် အိပ်ပျော်နေတာ ငူငူကြိးတွေ ထိုင်နေတာ တွေ့ရပါတယ်။

အထူးခြားဆုံးက သူတို့မျက်လုံးတွေပဲ ဘာဆို ဘာမှ မရှိပဲ ဗြောင်ကြီး ဗလာကြီးဖြစ်နေတယ်။ တစ်ခါတစ်လေ စကားတွေ တတွတ်တွတ်ပြောနေလေရဲ့။ တစ်ခါတစ်လေ ပြုံးစိစိ ဖြစ်နေတယ် နောက် အဆက်မပြတ် ရယ်နေတာတွေလည်း ရှိတယ်။ တစ်ခါတစ်လေ ဆဲဆိုအော်ဟစ်နေတာတွေလည်း ရှိတယ်။ တစ်ခါတစ်လေ မလူပ်မရပ် ရပ်နေတာရှိသလို တစ်ခါတစ်လေ အကြောင်းမဲ့ လူတစ်ကိုယ်လုံး ယမ်းခါနေတာလည်း တွေ့ရတယ်။

အဲ့လို လူမျိုးတွေဟာ ဘန်ကောက်မြို့ပေါ်မှာ နေရာတိုင်း လမ်းတိုင်း ကားမှတ်တိုင်တိုင်း လိုလိုမှာ တွေ့ရပါတယ်။ ခွက်ချပြီး တောင်းစားနေတာမျိုးတော့ မတွေ့မိဘူး။

တစ်ခါတစ်လေ သူတို့ဟာ လမ်းဘေးမှာ လူတွေ စွန့်ပစ်ထားတဲ့ အစားအသောက် အကြွင်း အကျန်တွေ ထမင်း တွေ ခေါက်ဆွဲတွေ ကောက်စား နေတာမျိုး ကော်ဖီခွက် အကျန်တွေကို မက်မက်မောမော သောက်နေတာမျိုးရှိသလို စီးကရက်ကို ဟန်ပါပါ ခဲနေတာ တွေလည်း တွေ့ရလေရဲ့။ တစ်ချို့များဆို နားကျပ် တစ်လုံးနဲ့ ခေါင်းတလူပ်လူပ် ခြေတလူပ်လူပ် စီးချက် များတောင် လိုက်နေသေးတယ်။

ကျွန်မ သူတို့ကို မြင်ရင် အရမ်း စိတ် ထိခိုက်ပါတယ်။ ထိုင်းထဲမှာလည်း ဒီလိုမျိုး ဘ၀တွေ ရှိသေးတာပဲ။ သူတို့တွေ လမ်းဘေးက လူတွေ အတွက် ဘာမှ မစီစဉ်ပေးဘူးလားလို့မေးမိတယ်။ နောက် စိတ်ထဲ ထင့်တာ စိုးရိမ်တာ တစ်ခု သေချာအောင် မေးကြည့်ဖူးတယ်။ သူတို့ တွေ ဟာ ထိုင်းတွေရော ဟုတ်ကြရဲ့လားလို့ပါ။ ဖြေတာတော့ ထိုင်းတွေပါတဲ့ တစ်ချို့က မူးယစ်ဆေး ရာဘလိုမျိုး အလွန်အကျွံ သုံးပြီး ဦးနှောက် ချောင် သွားတာတွေ အရက် အရမ်း သောက်ပြီး ဖြစ်သွားတာ တွေလဲ ဖြစ်နိုင်တယ်တဲ့။

ဘာပဲ ဖြစ်ဖြစ် ကျွန်မ သူတို့ကို မြင်တိုင်း စိတ်ထဲ အမြဲ သနားမိ တယ်။ လူဖြစ်ပြီး လူဖြစ်ရ ကျိုး မနပ် လိုက်တာလို့ ထင်မိတယ်။ တစ်ခါ တစ်လေ အဲ့လို လူတွေ ထဲမှာ ကျွန်မ အဘိုး အရွယ်လောက် အဖေ အရွယ်လောက် အမေအရွယ် လူကြီးတွေကို ချွေးသံရဲရဲနဲ့ ပေတူး ညစ်စုတ် နေတာ မြင်ရတိုင်း လမ်းပေါ်တွေမှာ ခြေဦး တည့်ရာ လျောက် သွားနေ တဲ့လူတွေ မြင်ရတိုင်း စိတ်မကောင်း အတော်ဖြစ်မိတယ်။

လူတွေဟာ လူ့ဘ၀မှာ ခဏတာ လေး လူဖြစ်လာရတဲ့ သက်တမ်းတိုတိုလေးမှာ လူ့ဘ၀ကို ဒီလိုမျိုး ကုန်ဆုံးရ တာတွေ အတွက် စိတ် မကောင်း ဖြစ်မိသလို တော်တော် လေး သံဝေဂ ရမိတယ်။ အဲ့လူတွေ ထဲက တစ်ချို့ လူတွေဟာ သူတို့ရဲ့ စိတ်သောကတွေ ဗျာပါဒတွေ ဘ၀ အမောကို ပူပြင်း လောင်မြိုက် လွန်းလို့ ဘယ်လိုမှ စိတ် မထိန်း နိုင်တော့ တာကနေ ပေါက်ကွဲ ထွက်သွားပြီး စိတ်လွတ် သွားကြ တာ ဖြစ်မယ် ထင်ပါတယ်။ ဘေးမှာ ဖေးမမယ့်သူမရှိလို့လား မိသားစု ဆွေမျိုး ညီအစ်ကိုမောင်နှစ်မ မရှိတော့ဘူးလား။ ဒီအသက်အရွယ်အထိတောင် ရှိလာပြီးမှ စိတ်တောင် လွတ်သွားရတယ်ဆိုကတည်းက သူတို့မှာ ခံစားချက်အတော်ကိုပြင်းထန်ပြီး စိတ်သတိ အမှတ်သတိတွေ လွတ်သွားကြ လို့ဖြစ်မယ်။

ထိုင်းအစိုးရက အဲ့ လေလွင့်လူတွေကို စုပြီး တစ်နေရာမှာ သူတို့ကို စိတ်ကုထုံးလိုမျိုး စနစ်တကျပေးပြီး ဂရုတစိုက် စောင့်ရှောက် ကူညီမူပေးနိုင်ရင် သိပ်ကောင်းမှာပဲ တွေးမိတယ်။ အခုချိန်အထိ ဘန်ကောက်ရဲ့လမ်းမပေါ်မှာ လူအလေအလွင့်တွေလို့ သုံးနူံးထားတဲ့ လူသားတွေ ရှိနေကြတုန်းပဲ။

9 Comments:

နွေးနေခြည် said...

ဘ၀ပေး ကုသိုလ်ကံတွေပေါ့ အမရယ်
သူတို့အစိုးရကလည်း သိမှာပါ။ ခရီးသွားလုပ်ငန်းကိုလည်း အားထားရတဲ့ နိုင်ငံဆိုတော့ သူတို့လည်း တခုခုတော့ လုပ်မှာပါ။

မိုးကောင်းသူ said...

အဲလို လူတွေတွေ့ရင် စိတ်ထဲမကောင်းဘူး။

tg.nwai said...

တိုက်ဆိုင်လိုက်တာ မဆုမွန်ရယ်.. ခုလေးပဲ လမ်းပေါ်မှာ စိတ်မမှန်တဲ့ အမျိုးသမီးတယောက် လမ်းဘေးမှာတွေ့ခဲ့လို့ စိတ်ထဲမှာ အဲလိုလူမျိုးတွေ အတွေ့များလာတာကို စိတ်မကောင်းဖြစ်နေတာ..။

moekhar said...

ဒီလိုမျိုးမြင်ကွင်းတွေက နိုင်ငံစုံမှာရှိတယ်နော် .. အဲလိုမျိုးမြင်မိရင် သူတို့မှာ စောင့်ရှောက်မယ့် မိသားစုမရှိဘူးလားတွေးမိတယ် .. သက်ကြီးရွယ်အိုတွေမြင်မိရင် ရင်ထဲကိုမကောင်းဘူး .. သိပ်သနားတာပဲ .. ဒါပေမယ့်လည်း ဘာမှမတတ်နိုင်ဘူးလေ .. ၀ဋ်ကြွေးတွေပါလာရင်လည်း ခုဘ၀နဲ့တင်ကျေပါစေဆုတောင်းပေးမိပါတယ် ..
ကိုယ့်မိဘတွေကို အတတ်နိုင်ဆုံး ကျွေးမွေးပြုစုဖို့လိုတယ်လို့ ကိုယ့်ကိုယ် သတိပေးမိတယ် .. အားလုံးကတော့ ကိုယ်ပြုခဲ့တဲ့ကုသိုလ် အကုသိုလ် ကံတွေကိုခံနေရတာပဲလေလို့ တွေးလိုက်ပါတယ် အမရယ် ..

မြစ်ကျိုးအင်း said...

တကယ်ပါအမရေ ..ထမင်းပိုတွေ သွန်မိတိုင်း အသုံးမပြုဘဲ ရေတွေဖွင့်ထားတိုင်း ကိုယ့်ကိုကိုယ် ချက်ချင်းသတိပေးမိတယ်...ကမ္ဘာမှာ ငတ်နေတဲ့သူတွေ အများကြီးလို့လေ..
အိမ်ထဲမှာ ပူတဲ့ အချိန်မှာ ငြီးမိရင်တောင် ဒီလောက်လေး
တောင် ကိုယ့်အိမ်ကိုယ့်နေရာမှာ ပူခွင့်မရှိတဲ့သူတွေ
အများကြီးပါလို့ တွေးမိတယ်။
ဒီပို့စ်လေးကို သဘောကျတယ်

တီချမ်း said...

ဦးမွန်ရယ် သူ့ဘ၀နဲ့သူပေါ့
စိတ်မကောင်းဘူးဆိုရင်တခုခုတော့ ဖြစ်အောင်လုပ်ပေး
ပြီးတော့ ဦးမွန်ကြားဘူးလားတော့မသိဘူး
ဦးမွန်ပြောလို့ တီတခု ပြန်သတိရသွားတယ်
တခါ က ဖတ်ဖူးတဲ့ ရီဆတ်ခ်ျလေးတခုက ဒေတာလေးပါ
အဲ့လို မျက်လုံးဗလာ နဲ့လူတွေ က တီတို့ သာမန်တွေထက် အသက်ပိုရှည်တယ်တဲ့ သိလား
သူတို့တွေ က လမ်းဘေးစာတွေ ကောက်စားနေပေမယ့် ကိုယ်တွေ လို စိတ်ဖိစီးမှုတွေ ပရိဒေ၀ တွေမရှိလို့တဲ့လေ
အဲတာ လဲ ငြိမ်းချမ်းခြင်းတမျိုးလို့ပြောရရင်ရမယ်ထင်တယ်

ကိုလူထွေး said...

အစိုးရတွေဆိုတာကလဲ သူတို့ အကျိုးမရှိရင် တပြားတစ်ချပ်မှ ထုပ်သုံးချင်ကြသူတွေ မဟုတ်ဘူးလေ... အမှန်တော့ သူတို့ ရနေတဲ့ ဘဏ္ဍာငွေတွေဆိုတာကလဲ တကယ်တော့ ဒီ ပြည်သူပြည်သားတွေဆီကပဲ ရလာတာမဟုတ်ဘူးလား...

Rita said...

ထိတဲ့ post တစ်ခုပါ။
သင်္ကြန်တုန်းက stage show လုပ်တဲ့ ကွင်းထဲမှာ အသက်ကြီးကြီး လူကြီးနှစ်ယောက် ရေသန့်ဗူးခွံတွေ လိုက်ကောက်နေကြတာ မြင်ရတော့လည်း အဲလိုပဲ စိတ်မကောင်း ဖြစ်ခဲ့မိတယ်။

ဂျေဂျူဝိုင် said...

ဘ၀မှာ နေရေး ထိုင်ရေး စားရေး သောက်ရေး အဆင်မပြေတဲ့အခါ သူတို့ကို သတိရပါ။ သူတို့ထက်တော့ အများကြီး သာသေးတယ်လို့ နော်