ပန်းပိတောက်ကို ချစ်တယ်

ညတာကလဲ နွေဖက်ဆို ရှည်လျားလွန်းလိုက်တာ အပူတွေနဲ့ မွန်းကျပ်ပြီး အိပ်မရလို့ ဟိုဘက်လူး ဒီဘက်လိမ့် ဖြစ်နေချိန် မိုးချုန်းသံ သဲ့သဲ့နဲ့ လေပြေလေးတစ်သုတ် ဝေ့လာတယ် မိုးရနံ့ ရလိုက်တယ် ခေါင်မိုးတွေ ပေါ် မိုးစက် မိုးပေါက် တွေ တဖြောက်ဖြောက် မြင်းခွာသံ ခုန်ပေါက် ပြေးလွှားသွားသလို. စကားသံသဲ့သဲ့ နားဝမှာ ကြားလိုက် ရတယ် သင်္ကြန်မိုးပြေးလေးတော့ ရွာနေပြီတူတယ်တဲ့..မြေသင်းနံ့ ခပ်သင်းသင်းလေးနဲ့ အအေးဓာတ် လေး စိမ့် လာတာနဲ့ စိတ်ချလက်ချ အိပ်ပျော်သွားတော့တယ်..
ပိတောက်ပန်းလေးတွေကို တီချမ်းဆီက သွားခူးလာတာပါ.
မနက်စောစော အအေးဓာတ်လေး စိမ့်နေချိန်မှာပဲ ခပ်သင်းသင်း ပန်းရနံ့လေးကြောင့် နိုးလာမိတယ် မျက်စိ အစုံကို မဖွင့်ခင် နှာခေါင်းဝမှာ ရူရိုက်လိုက်မိတာက ..လေအဝှေ့မှာ စိမ်းရွှေရွှေ အနံ့ အီအီလေး သင်း နေတဲ့ ပန်းရနံ့ ..ရုတ်တရက် အသိစိတ်ထဲမှာ ပိတောက်ပန်းနံ့ ဆိုတာ သိတာနဲ့ ထခုန်မိတယ် ပိတောက်တွေ ပွင့်ပြီ ပိတောက် တွေ ပွင့်ပြီဟေးး ကလေးတွေ လူကြီးတွေ မြူးထူး အော်ဟစ်သံတွေ တစ်စစ ကျယ်လောင် လာ တယ်..ပြူတင်း တံခါးကို ဆွဲဖွင့် လိုက်ချိန်မှာတော့ အိမ်ခေါင်းရင်းက အစိမ်းရင့်ရောင် ပိတောက်ပင် ကိုင်းထက် တွေမှာ ရွှေဝါရောင် ပိတောက်ပန်းခိုင်တွေ အခက်လိုက် အဆုပ်လိုက် ပွင့်နေတယ်။အစိမ်းရောင် ကတ္တီပါ ကော်ဇောပေါ် နီဝါရောင် ရွှေဝါရောင် ဖောက်ထားတဲ့ ရွှေရောင် လိုင်းခက် ကြီးတွေ ချထား သလို. လေတိုက် တိုင်း ယိမ်းကာ နွဲ့ကာ အိကာနဲ့ပါ..ပိတောက်တွေ ပိတောက်တွေ အပင်ထက်က ပန်းခိုင် ပန်းခက် တွေကို တစ်စိမ့်စိမ့် မြတ်နိုးခြင်း ကြီးစွာနဲ့ ကြည့်ရင်း လိုချင်စိတ်တွေ ပန်ဆင်ချင်စိတ် ခူးချင်စိတ် ခုတ်ချင် စိတ် ချိုးချင် စိတ်တွေက တဖွားဖွား ပေါ်လာတော့တာပါပဲ။ ပိတောက်ပန်းဟာ မြန်မာလူမျိုးတိုင်းရင်ကို ထူးထူးခြားခြား လူပ်ခတ်နိုင်စွမ်းတဲ့ ပန်းတစ်မျိုး ဖြစ်ပါတယ်..အဲ့ဒီ့ ပိတောက်ပန်းကို မြင်တိုင်းလူတိုင်း အနည်းဆုံးတော့ အော်ဟစ်မိတာ အမှန်ပါပဲ တခြားပန်းတွေနဲ့ မတူအောင်ကို ပိတောက်ပန်း ပွင့်တာကို မြင်ရရင်ကို ရင်ထဲမှာ ပျော်ရွှင်မြုးတူး အော်ဟစ် ခုန်ပေါက် ဆူညံ နေတော့ တာပါပဲ.. လူကြီး တွေကလဲ အော်ကလေးတွေကလဲ အော် ခွေးတွေကလဲ မြူး..ဟိုမှာလဲ ပိတောက် ဒီမှာလဲ ပိတောက် အပင် ပေါ် ခုန်ပေါက်တက်ပြီး ဟိုဘက်မှာ ပိတောက်ပန်းခက်တွေ ပိုလှတယ် ဒီဘက်က ပိတောက်ပန်းခက် ပိုလှ တယ် နဲ့ အောက်ကနေ တောင်အော် မြောက်အော် တကြော်ကြော် ခုန်ပေါက်ပြေးလွှား အော်ဟစ် နေကြတာ ပွက်ပွက် ကို ညံနေတာပဲ အပင်ပေါ်ကနေ အခက်လိုက် ကိုင်းလိုက် ခုတ်ချ လိုက်တဲ့ ပိတောက် ပန်းခက် တွေကို လိုက် ကောက် ရတာကိုက အရသာ အော်ဟစ် နေကြတုန်း အပင်ပေါ်က ကိုင်းဖျားက ပိတောက်ကို သွားခုတ်လို့ ခြေချော် ကျလာတဲ့ အစ်ကိုကို ဂရုတောင် မစိုက်ကျပဲ ပြုတ်ကျလာတဲ့ ပိတောက်ကိုပဲ မဲကောက်နေလို့ အဆူခံ ရတာလဲ ရှိခဲ့ဖူးရဲ့
လူတိုင်း ရဲ့ လက်ထဲမှာ ပိတောက်ပန်းခိုင်တွေ အမျိုးသမီးတွေရဲ့ ဦးခေါင်း ဆံကေသာထက်မှာ အပုံလိုက် အခိုင် လိုက် အခက်လိုက် ပိတောက်ပန်းခက်တွေ ဝေေ၀ဆာနေတာပါပဲ.. ဆိုက်ကားပေါ်မှာ ပိတောက် ပန်းခိုင်တွေ အခက် လိုက် အခိုင်လိုက် ဈေးသည်တွေခေါင်းပေါ်က ပိတောက်ပန်းတွေ ပဒေသာပင် သီးသလို ပိတောက် ပန်းတွေ အပုံလိုက် တင်ထားတယ် ဆရာမတွေရဲ့ ဆံကေသာထက်မှာ တပည့်လေးတွေ ပို့လာတဲ့ ပိတောက် ပန်းခက် တွေက အဆုတ်လိုက် အခိုင်လိုက် လူပျိုလေးတွေ လက်ဆောင်ပေးထားတဲ့ မိန်းမပျိုလေး တွေရဲ့ ဆံကေ သာ မှာ ရင်ညွန့်ထက်မှာ အလှဆုံး အ၀ါထိန်ဆုံး အဆုပ်လိုက်လေး ပွင့်နေတဲ့ ပိတောက်ခက် လေးတစ်ခိုင် မခို့ တရို့ တွဲလွဲခိုလို့..လှလိုက်တာ လှလိုက်တာ...ငွားငွားစွင့်စွင့် ပွင့်နေတဲ့ ပိတောက်ပန်း တွေ..အမေ့ဘုရားစင်မှာ အမေ ထိုးထားတဲ့ ဘုရားပန်း ပိတောက်ပန်းခက်လှလှလေးတွေ တစ်အိမ်လုံးမှာ အလှစိုက် ပန်းအိုးတွေပေါ်မှာ အခက်လိုက် အခိုင်လိုက် ပိတောက်ပန်းနံ့က မွှေးကြိုင်နေတာပဲ..
ဘန်ကောက်လမ်းမကြီးထက်မှာ လမ်းတလျောက်လုံး ပိတောက်ပန်းတွေ ပွင့်လိုက်တာများ ကြောက်ဖို့တောင် ကောင်း တယ် ပင်လုံးကျွတ်ဝါထိန်လို့ ပိတောက်တွေတော့်...ဟယ် ပိတောက်တွေ ဟိုမှာကြည့်စမ်း တစ်ပင်လုံး အုပ်ခဲ နေတာပဲ ငါနှယ့် ခူးချင်လိုက်တာနော် ကိုယ်တစ်ယောက်တည်း တောင်အော် မြောက်အော် လုပ်နေ တာကို ဘေးက ကျွန်မ အဖော်က သတိထား မင်းကို လူတွေကြည့်နေတယ်တဲ့ လက်ကို ညှစ်ပြီး သတိပေးတယ် နည်း နည်း ရှက်သလိုဖြစ်သွားတယ်။ဘေးဘီကို ကြည့်မှ ဟုတ်သားပဲ ထိုင်းမှာ ပိတောက်တွေပွင့်တာ သာမာန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပဲ ဘယ်သူမှ တစ်ခုတ် တရ ကြည့်နေတာ အော်နေတာ ခူးနေတာ ပန်ဆင်နေတာ တစ်ယောက်ဆို တစ်ယောက်လေးတောင် မတွေ့ရဘူး လေထဲကို ခပ်ပြင်းပြင်း တစ်ချက် အသက်ရူလိုက်တယ် လောင်စာဆီနံ့ ခပ်ပြင်းပြင်းပဲ လေထဲမှာ ဝေ့နေတယ် ထိုင်းပိတောက်တွေက မွှေးလဲ မမွှေးဘူးပဲ....ခပ်နိမ့်နိမ့်နေရာလေးမှာ အခိုင်လိုက်လေး ပွင့်နေတဲ့ ပိတောက်လေး တစ်ခက်ကို ခပ်ဖွဖွ ကိုင်ကြည့်လိုက်တယ်.....ပိတောက်ကတော့ ပိတောက်ပါပဲ နေရာ အလိုက် လူအလိုက် ခံစားမူအလိုက် တန်ဖိုးထားမူအလိုက် ပန်းရဲ့ တန်ဖိုးဟာ အပြောင်းအလဲရှိနိုင်တာပါပဲ.

အင်း အခုချိန်လောက်ဆို မြန်မာပြည်မှာ ပိတောက်ပန်းတွေ ပွင့်နေရော့မယ်.စိတ်ထဲ ထင့်ကနဲဖြစ်သွားတယ် နည်းနည်း လည်း တွေဝေသွားမိတယ်.ငါတို့ပြည်မှာရော ပိတောက်ပင်ယံထက်က ရွှေရောင်ပိတောက်ပန်းတွေ အရင်ကလို မွှေးပါ့ မွှေးနိုင်ပါဦးမလားလို့ပါ........

17 Comments:

Welcome said...

တစ်နှစ်မှာ တစ်ကြိမ်သာပွင့်တဲ့ ပိတောက်ပန်းတွေ
သင်္ကြန်ရက်တွင်းမှာ ပွင့်တဲ့ ပိတောက်က
ပိုတန်ဖိုး ရှိသလားပဲနော်။
မိုးရွာတုန်း ပွင့်ရင် ပိုလို့တောင် အဖိုးတန်မယ် ထင်ပါတယ်။ ပိတောက်ပုံတွေအတွက် ကျေးဇူး။

နွေးနေခြည် said...

နာဂစ်ကြောင့် ပိတောက်ပင်တွေမှ ရှိသေးရဲ့လားလို့တော့ စိတ်ပူမိတယ် အမရယ်။

တီချမ်း said...

ဦးမွန်လိုချင်ရင်တီထပ်ပို့ပေးမယ်
တီ့ မှာ အများကြီးရှိသေးတယ်
စိန့်အတွက် အဲနေ့ က ခွင့်ယူပြီးတောင် သွားရိုက်ပေးထားတာ
လှတော့လှတယ်နော်
ဓါတ်ပုံထဲ မှာ ဦးမွန်ပြောသလို အချစ်အပြင် မေတ္တာတွေ ကော ဂရုနာတွေ ကော မုဒိတာတွေကော ထည့်ထားတယ်လေ (သတိထားမိလား သစ္စာတော့ မပါ ခိခိ)

လုံပနီ ထဲမှာတော့ မွှေးပါတယ်
နဲနဲတော့ ပေါ့ တယ် ကိုယ်တွေ ဆီက ပိတောက်နဲ့ ယှဉ်ရင်တော့
အင်းလေ သူတို့တွေ က ကိုယ်တွေ နဲ့ ယှဉ်ရင် ဘာပဲ ဖြစ်ဖြစ် နဲနဲတော့ ပေါ့နေ လျော့နေတာပါပဲ
အဲ
လျှပ်စစ်မီးက လွဲလို့ပေါ့
တီ ဘာမှမသိဘူးနော်

လင်းဒီပ said...

ရွှေပိတောက်တွေ မွှေးပါစေ...

GreenGirl said...

ပိတောက်ပန်းတွေ မြင်တော့ ပြန်ချင်စိတ်တွေပေါက်လာပြီ...

မယ့်ကိုး said...

မကြောင့် တကယ်ပဲ ပိတောက်ကို လွမ်းသွားပြီ။

သီဟသစ် said...

မဆုမွန်ရေ
ပိတောက်ပန်းတွေ မြင်တော့ လွမ်းလိုက်တာ
ရွှေပြည်ကြီးနဲ့ သင်္ကြန်ကို
...

မင်းအိမ်ဖြူ Minn Eain Phyu said...

မဆုမွန် မလာမိရင်ကောင်းသား နော် ၊၊ အခုတော. လွမ်းသွားပြီ ၊ ဘယ်လိုလုပ်ရပါ.မလဲ..............

ကျေးဇူးပါ ဗျာ ၊၊ ကျွန်တော်က ပိတောက်တွေ. ရင် ပျော်နေရောပဲ ၊၊ အနံကိုတော. ကြာလာရင် မခံနိုင်ဘူး ၊၊
မြန်မာတိုင်း ပိတောက်မြင်ရင် မနေနိုင်ပါဘူးနော် ... မတွေးချင်ပါဘူး အစ်မရယ် ၊၊ တော်ပါပြီ ....
နှစ်သစ်မှာ မြန်မာပြည်သားတိုင်း ပျော်ရွှင်ပါစေလို.......

T T Sweet said...

ပိတောက်ပန်းတွေ လှလိုက်တာ။ ငယ်ငယ်က မိုးရွာပြီး ပိတောက်တွေ အခဲလိုက် အဆုတ်လိုက်ပွင့်တာ လောဘတကြီး ခူးကြတာ သတိရတယ်။

T T Sweet said...

ပိတောက်ပန်းတွေ အရမ်းလှလို့ သရေကျသွားပါတယ်။ ငယ်ငယ်က ပိတောက်ပန်းတွေ အဆုတ်လိုက် အခဲလိုက်ပွင့်တာ လောဘတကြီး တန်ချူနဲ့ ခူးတာ သတိရတယ်။

Sein Lyan Tun said...

ပိတောက်ကိုလဲချစ်တယ်
တစ်ယောက်သောသူကိုလည်းချစ်တယ်
ပိတောက်နဲ့သူ အတူတူရှိနေခဲ့ဘူးတဲ့အချိန်တွေကိုလည်း
ချစ်တယ်...လွမ်းတယ်..
ဒီပိုစ့်လေးဖတ်တော့လည်းပိုလွမ်းသွားတယ်။

မိုးခါး said...

း( ဒီနေ့လွမ်းစရာကြီးပဲ .. လွမ်းတယ် လွမ်းတယ် ..
ဘာလို့များ ပျော်ရာမှာ မနေနိုင်ကြရတာလဲ ..

ကောင်းကင်ပြာ said...

ဒီမှာလဲ ဟိုနေကပွင့်တယ်။ဒီကအပင်တွေ က မြင့်တော့ ဇက်ညောင်းအောင်ပဲ မော့ကြည့်ခဲ့ရတယ်၊ အဲလိုလေး ကိုင်ကြည့်ချင်တာ ၊လွမ်းစရာနော်

Moe Myint Tane said...

သင်္ကြန်တောင် ပြန်ကျချင်စိတ်ပေါက်လာတယ်ဗျာ။ အခုများတော့ ကိုယ့်နိုင်ငံသင်္ကြန်မှာ ကိုယ်ကတော့ စက်ရုပ်တစ်ရုပ်လို အလုပ်လုပ်ဦးပေါ့လေ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဖြိုးဇာနည် said...

ပိတောက်ပန်းတွေကိုပိုင်ရှင်မရှိခင်copyလုပ်သွားပါတယ်။မဆုမွန်ကို
တွေ့မှပဲခွင့်တောင်းနေရင်နောက်ကျနေမှာဆိုးလို့ပါ့

ဖြိုးဇာနည် said...

ပိတောက်ပန်းတွေခူးသွားပါတယ့်

chocothazin said...

ပန်းပိတောက်ကို တွေ့ ရတိုင်းနွေးထွေးပျော်ရွှင်တဲ့ခံစားချက်ကို ခံစားရပါတယ်။
ကျန်းမာပါစေ မဆုမွန်