သင်္ကြန်နီးလာပြီ..

အော် နွေဦးရောက်ပြီ အတာ ကူးတော့မှာပဲ...ရွက်ဝါကြွေလေးတွေက မြေမှာ တလွင့်လွင့် ရှပ်တိုက် ပြေးလို့...ပူလောင်မြိုက်နေတဲ့ အပူလိုင်းတွေ ကြားထဲမှာ လေပြေက ခပ်နော့နော့ သုတ်ခနဲ ပြေးဆော့ နေတယ်.အရာရာ ကလဲ တိတ်ဆိတ်လို့ ကျဲကျဲတောက်နေတဲ့ နေရောင်အောက်မှာ ရွှေဝါရောင်တောက်နေတဲ့ ရော်ရွက်ဝါတွေက တဖြုတ်ဖြုတ် ကြွေကျနေတယ်..ဥသြဌက်လေးရဲ့ တစ်ချက်ချက် ထထ ဆွဲဆွဲငင်ငင် အော်ငြီးတဲ့ အသံ သာသာ လေးကို ကြားတော့ ငိုချင်သလိုလို...မြင်ကွင်းကလဲ ထွေထွေပြားပြားဖြစ်နေတယ်။

ဒီအချိန် မြန်မာပြည်မှာဆို..အတာကူးမယ့် နှစ်ကူးအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေ ပြင်ဆင် နေကြ လောက်ရော ပေါ့..

မြန်မာ့ရိုးရာ အတာသင်္ကြန် ရေပက်ခံ မြင်းလှည်း(အင်တာနက်မှ ရှာဖွေသည်)
ပလက်စတစ် ရောင်စုံပန်းဖွား ပန်းကုံးတွေ ရေပြွတ် ရေပုံးတွေ နေကာမျက်မှန် လှလှလေးတွေ ဦးထုပ်လေးတွေ ပလက်စတစ် ဖလားလေးတွေ ရေသေနတ်တွေ စတဲ့ သင်္ကြန် အလှကုန်ပစ္စည်းတွေ ဈေးတွေထဲမှာ နေရာအနှံ့ ဟိုမှာလဲ တွေ့ ဒီမှာလဲတွေ့ အုတ်အုတ်သဲသဲ ရုတ်ရုတ်ပဲကို အော်ကြဟစ်ကြ ရောင်းဝယ် နေကြမယ်..ကလေးတွေ ကလဲ မရမက မလျော့သော ဇွဲလုံ့လ အပြည့်နဲ့ ပူဆာ အမေတွေကလဲ ဒီလို သင်္ကြန်ရက်မျိုးမှာ ကစားစေချင်ရှာမှာပဲဆိုတဲ့ အတွေးနဲ့ မငြူစူရက်ရှာဘူး ရှိတဲ့ငွေလေးတွေနဲ့ ရင်သွေးလေးတွေ အကြိုက် ၀ယ်ပေးနေကြမယ်.

နောက် မဟာသင်္ကြန် အထူးလျော့ဈေးတဲ့ တစ်နှစ်လုံး ရောင်းမစွံခဲ့တဲ့ ပစ္စည်းတွေကို နှစ်သစ်ကူး လျော့ဈေးတွေ စတိုးဆိုင်တွေ ကုန်တိုက်တွေမှာ ရောင်းနေ လောက်ရော့မယ် မရှိတာ ရှိတာ အသာထား ဟိုအစကို ကိုယ်ဆွဲ ဒီအစကို သူဆွဲနဲ့ လိုက်ဖွရတာကို က အရသာ ပုရွတ်အုံထဲ တုတ်နဲ့ထိုးသလို လူပ်လူပ်ရွရွ နဲ့ ၀ယ်ကြခြမ်းကြ ပျော်ရွှင် နေကြမယ်..

သင်္ကြန်အကအလှ ယိမ်းအကတွေက ရုပ်မြင်သံကြားလိုင်းတိုင်းမှာ ပုစုခရု ကလေးလေးတွေယိမ်းကစ အသက်ကြီး ရွယ်အိုတွေအထိ ရောင်စုံနီဝါ တူညီဝတ်စုံလေးတွေနဲ့ မေးလေးတွေ ထိုး လက်ဖျားလေးတွေ ကော့ ခြေဖျားလေးတွေ မော့ပြီး ကကြ ခုန်ကြ ပျော်ရွှင်ကြ နေကြတော့မယ်.. အခုလောက်ရှိ လက်ဘက်ရည်ဆိုင်တွေ အရက်ဆိုင်တွေ ဟိုဆိုင် ဒီဆိုင်တွေ မှာလဲ သင်္ကြန်နွေဦး တူးပို့ တူးပို့ သံတွေ မြူးသံသာ နေလောက်ပြီ မြန်မာ သီချင်းကို remix လုပ်ထားတဲ့ မြူးမြူး ကြွကြွ တေးသံတွေလဲ ၀က်ဝက်ကွဲ ဆူညံစ ပြုနေလောက်ပြီ..

အုန်းသီး ဌက်ပျောသီး မုန့်ဆန်း ထန်းညက် သကြား သာကူ ကောက်ညှင်းတွေ ရောင်းတဲ့ ကုန်စုံဆိုင် တွေမှာ လည်း သင်္ကြန်အတွက် ကုန်တွေ လှောင်ကြ ဈေးတွေ ကစားကြ ၀ယ်ကြခြမ်းကြ နဲ့ ဈေးတိုင်းမှာ ရောင်းသူ ၀ယ်သူတွေနဲ့ အုတ်အုတ် ကျက်ကျက်ဖြစ်နေမှာလဲ သေချာတယ်။

သင်္ကြန်မဏပ်တွေ ဆောက်ဖို့ ပေတွေတိုင်း နေရာတွေ ရှာ အားကြိုးမာန်တက်ကို စဆောက် နေကြ လောက် ပြီ..အုန်းပင် တွေလည်း သူ့ပင်စည် သူ့အကိုင်းအခက်တွေ အတွက် ရင်ထိတ်စ ပြုနေလောက်ပြီ။ သင်္ကြန် အလှပြ ကားတွေ ရေပက်ခံ ကား တွေ အတွက် ကိုကို ကာလသားတွေ မမ ကာလ သမီးတွေ ငွေစလေးတွေ စုပြီး မြူးဖို့ ကြိုစီစဉ် နေကြပြီပေါ့...

သင်္ကြန်ရောက်ရင် ငယ်ဘ၀ကိုပဲ ပျက်ပျက်ထင်ထင် သတိရမိတယ်

သင်္ကြန်ကျပြီဆိုတာနဲ့ အကြိုနေ့ကတည်းက ဆီထည့်တဲ့ ရေဗုံး အဖြူလေးတွေထဲ ရေအပြည့်ထည့် ဘေး လွယ်အိတ် ထဲကို ထည့် ပြင်းအားကောင်းတဲ့ စတီးပြွတ်ပါတဲ့ ရေပြွတ်ကို လက်တစ်ဖက်က ကိုင် ရေဘူး ဘောင်းထုတ်လေးတွေခဲ ညကတည်းက ရေတွေ ဖြည့်ပြီးပြီ တစ်ဖက် ကလည်း ခွက်စောင်း ခုတ်မယ့် နို့ဆီ ဗူးပိုင်းက ပါသေးတယ် နေကာ ပလက်စတစ် မျက်မှန်ကို ၀တ် ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်း တိုက်ပွဲဝင်ဖို့ အသင့် ပြင် နေတဲ့ တပ်သားတွေလိုပဲ လက်နတ်ကိရိယာ အကုန် ပြင်ပြီးပြီ ဆိုတာနဲ့ အစ်ကိုတွေနဲ့ ရွာရိုးကိုး ပေါက် လျောက် ရေတိုက်ပွဲ နွဲတော့တာပါပဲ..ဟိုဘက်က ကလေးအုပ်နဲ့ ဒီဘက်က ကလေးအုပ် ရေပိုက်တွေနဲ့ ထိုး ရေဘူဘောင်း တွေ ပေါက် ခွက်စောင်းတွေ ခုတ် နောက်ဆုံး မခံနိုင်ရင် ငို ..ပျော်တာတော့ တော်တော် ပျော်ဖို့ ကောင်းပါတယ်။

ရေကစားတဲ့ လမ်းတလျောက် ဗိုက်ဆာလာရင် စတုဒီသာကျွေးတဲ့ နေရာတွေမှာ သာကူသောက် ရွှေရင်အေး သောက် မုန့်လုံး ရေပေါ် စား ဗိုက်ကို တင်းကားနေတာပါပဲ. တစ်ကိုယ်လုံး ပြာနှမ်ြး့ပီး ခိုက်ခိုက်တုန်လာမှ အိမ်ကို ပြန်လာ ကြ တယ်.. အမေက နေပူသေးတယ် မထွက်နဲ့ဦး ဆိုလဲ နေ့လည်၁နာရိလောက်ဆိုကတည်းက လူပ်လူပ် ရွရွ ဖြစ်နေပြီ ၂နာရီ ထိုးခါနီးတာနဲ့ ပစ္စည်းကိရိယာ အပြည့်အစုံနဲ့ ပြန်တပ်ဆင်ပြီး လမ်းထွက် တော့ တာပါပဲ..သင်္ကြန်တစ်တွင်းလုံး ဆော့တာမှ ထိပ်ပေါက်ခေါင်းကွဲဖြစ်တာတောင် အလည် မပျက် ခဲ့ဘူး.. ရပ်ကွက်ထဲမှာ လည်ပြီး ဆော့ရတဲ့ အရသာလောက် ပျော်ဖို့ကောင်းတာ မရှိပါဘူး။

သင်္ကြန်ကားနဲ့လည်တော့ နည်းနည်း လူဖြစ်စပြု လာတဲ့အချိန်ပေါ့ အရမ်းကို စိတ်ညစ်ဖို့ကောင်းပါတယ်. မဏပ်တွေ ရှေ့ ရောက်ရင် မီးသတ်ပိုက်ဒဏ်ကို အလူးအလိမ့်ခံရတယ် ခါးကြားတွေ ခြေကြားတွေ ချောင်ကျို ချောင်ကြား မကျန်အောင် အနှံ စိတ်ရှည်ရှည်နဲ့ လိုက်ထိုးတာတွေ ရေပက်ခံရဖို့အရေး တန်းစီ စောင့်ဆိုင်း ရတာတွေ စိုတစ်ခါ ခြောက် ဆယ်လှည့် နဲ့ စင်ပေါ်နဲ့ စင်အောက် စင်အောက် စင်အောက်အချင်းအချင်း သတ်ကြ ပုတ်ကြ ဆော်ကြနှက်ကြ တုတ်တစ်ပျက် ဓားတစ်ပျက်နဲ့ ကြုံဖူးတယ် ပြေးစရာမြေလည်း မရှိ အုတ်ခဲတွေ ကိုယ့်ကား ဘက်ကို လွှင့်လာတာတောင် ကားတွေက ပြည့်ညက်နေလို့ မောင်းလို့လဲ မရ အရက်မူး သမားတွေ နောက် ကားပေါ်က ပါလာတဲ့ လူတွေထဲက မသမာမူတွေ ကိုယ့်အပေါ်ကို ဘာမှ မလုပ်ပေမယ့် မြင်နေရ တာတွေက အော့ဂလီ ဆန်စရာ..နောက်တစ်ခြား ကားတွေပေါ်က အချင်းချင်း သရုပ်ပျက်တာတွေ မောင်နဲ့ နှစ်မ သားနဲ့ အမိ အမြင်မတော်တာတွေ တော်တော် ဆိုးဆိုးဝါးဝါး မြင်ကွင်းတွေကို အနီးကပ် မြင်လိုက် ရ တာတွေ ရှိတော့ ကားနဲ့ ထွက်လည်မိတာ တစ်ကြိမ် တစ်ကြိမ်ဆိုသလောက်ပါပဲ နောက်ဆို ရေပက်ခံ ထွက်မယ်ဆိုရင် ခေါင်းက အလိုလို ခါမိရက် သားဖြစ်နေတယ်..

ဆိုတော့ သင်္ကြန် ရောက်ပြီဆိုရင် ရပ်ကွက်ထဲက ရွယ်တူတွေ စုပြီး စတုဒိသာ ကျွေးဖို့ လုပ်တယ် ကလေးတွေနဲ့ မုန့်လုံးရေပေါ်လုံး အုန်းလက်တွေနဲ့ မဏပ်ထိုး ရေတိုင်ကီတွေ လှိမ့်ချ ရေပိုက်တွေဖြည့် လာသမျ ခွေးကအစ မကျန် အောင် ရေနဲ့ပက် လောင်း အလောင်းခံချင်လို့ လမ်းထွက်လာပြီးမှ အမူပိုပြီး ပြေးချင်ဟန်ဆောင်တဲ့ အပျိုချောတွေကို အပြေးအလွှား လိုက်လောင်း လိုက်ပက် အော်ကြ ဆူကြ နဲ့ ပွက်ပွက်ကို ညံနေတာပဲ ဒါကမှ သင်္ကြန် အပျော်အစစ်လို့ ထင်မိပါတယ်. ကာလသားတွ စတိုင်လ်အပြည့်နဲ့ လမ်းထွက်လာရင် အပျိုလေးတွေ လိုက်စရင် ထောင့်မကျိုးဘူးထင်ရင် ရပ်ကွက်ထဲက အဒေါ်ကြီးတွေက ၀ိုင်းချူပ်ပြီး အိုးမည်း ၀ိုင်းသုတ်ကြ ပြေးကြ လွှားကြနဲ့ ရယ်လိုက်ရတာဆိုတာ ပါးစပ်ကို မစေ့ဘူး..

သင်္ကြန်ပြီးလို့ မောကုန်ကြပေမယ့် နှစ်ဆန်းတစ်ရက်နေ့အတွက် ပြင်ရ ဆင်ရသေးတယ် သင်္ကြန် တစ်တွင်းလုံး သိကြားမင်းကို ကြိုထားတဲ့ အတာအိုးလေးတွေ စီတန်းပြီးချထားတဲ့ လမ်းဆုံလမ်းခွတွေမှာ သံဃာတော်တွေက အန္တရာယ်ကင်း ပရိတ်တော်တွေ ရွတ်ဖတ်တယ် ဘုန်းဘုန်းတွေ ပြန်ကြွပြီဆိုတာနဲ့ နေ၀င်ရီတရောဆို. တစ်ယောက်က စ အချက် ပေးလိုက် တာနဲ့ အသင့်စောင့်နေတဲ့ ကလေးတွေက ရရလက်နတ် ဆွဲကိုင်ပြီး မြင်သမျ တွေ့သမျ အိုးတွေ ခွက်တွေ ပလုံးတွေကို ထုကြ နှက်ကြ တီးကြဆော်ကြနဲ့ တစ္ဆေ သရဲတွေကို အသံတွေနဲ့ နှင်ထုတ်တာ တော်တော်ကို ပျော်ဖို့ကောင်းတယ် ဆူညံနေတာပဲ တစ်ရပ်ကွက်လုံး စစ်တပ်ဝင်စီးသလို အုန်းအုန်းကြွက်ကြွက်ဖြစ်ကုန်တော့တာပဲ အခုတော့ အဲ့ဒီ့အသံတွေ မကြားရတာ အတော်ကြာပြီတဲ့..

အင်း..အတာကူးတဲ့ နှစ်သစ်ကူး မဟာသင်္ကြန်တဲ့..သင်္ကြန်မှာ ကျွန်မ သိပ်စိတ်ဝင်စားတာ တစ်ခုရှိတယ် အဲ့တာ သင်္ကြန်စာပါ..ဘယ်နေ့သားတွေ သတိထား ဘယ်နေ့သမီးတွေကတော့ ဘယ်လို ဘယ်ချမ်းသာ ဆန်ရေစပါးကတော့ ဘယ်လိုအဖြစ်မျိုး ကြုံမယ် မင်းအစိုးရ အခြေအနေ အကောင်းအဆိုး စသဖြင့် အာဝဇ္ဖန်းရွှင်ရွှ့င်နဲ့ အော်နေတဲ့ သင်္ကြန်စာရောင်းတဲ့သူကြီးကို သတိရမိတယ်. သူက တိုက်ပုံအမည်းကြီး ၀တ်ပြီး သင်္ကြန်စာတွေ တစ်ထပ်ကြီး ကိုင် ထီးကောက်ကြီးနဲ့ ဒီနှစ်တော့ သိကြားမင်းကတော့ ဘီလူးကို စီးပြီး လက်တစ်ဖက်က မီးတုတ်ကိုင် လက်တစ်ဖက်က ၀ါးရင်းတုတ်ကိုင်ဆင်းမယ် အော်နေတာကို မျက်စိလေး အပြူးသားနဲ့ နားထောင်နေတဲ့ ကျွန်မတို့ကို အဘွားက ကလေးတွေနော် သင်္ကြန် မထွက်ကဲကြနဲ့ ကြားလား ဘီလူးစီး ဆင်းမယ်တဲ့နော် မီးတုတ်ပါ ကိုင်ဆင်းဦးမတဲ့ စသဖြင့် စသဖြင့် ခြိမ်းခြောက်ပေမယ့် အချိန်တန် တော့လည်း ဗြောင်းဆန်အောင် သင်္ကြန်ပွဲကို ဆင်းကဲကြတာပါပဲ.

ဒီလိုသင်္ကြန်ကာလတွေမှာ..နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်မှာ သယ်မလာပဲ မေတ္တာရေစင်တွေနဲ့ သွန်းဖြန်းလောင်းကြတဲ့ ချစ်စရာ့ မြန်မာ့ရိုးရာ ဓလေ့ထုံးစံတွေကို လွမ်းတယ်..ငရုတ်သီးပါတဲ့ မုန့်လုံးရေပေါ်ကို လွမ်းတယ်..ခုနှစ်နေ့ ခုနှစ်ရက် စုံတဲ့ သိကြားမင်းကို မြေအတာအိုးလေးနဲ့ ကြိုတဲ့ အတာပန်းကို လွမ်းတယ်..အုန်းလက်မဏပ်လေးကို လွမ်းတယ်. ပိတောက်ပန်းကို လွမ်းတယ်..လွမ်းတယ်...ညီမငယ် မိုးခါးတက်ခ်တဲ့ သင်္ကြန်အလွမ်းကို စိတ်ကူးပေါက်သလောက် သင်္ကြန် လွမ်းနေတဲ့သူတွေ ကိုယ်စား လိုက်ရေးကြည့်မိတယ်.

14 Comments:

♥♥♥♥♥ Jennifer™® ♥♥♥♥♥ said...

your blog is very good......

နွေးနေခြည် said...

သင်္ကြန်စာတော့ စောင့်ဖတ်တယ် အမရေ... သင်္ကြန်အကြောင်းရေးထားတာ စုံလို့ပါလား

မင်းအိမ်ဖြူ said...

အမ ရေ ရွာကို လွမ်းလိုက်တာ ၊၊ ကျွန်တော်တို. ငယ်ငယ် က သကြန်ဆို မီးရထား ကို ရေ ဘောလုံးနဲ. ထုရတာ အရမ်းပျော်ဖို.ကောင်းတယ်၊၊ ကိုယ် ကြီးလို. ခရီးသွားရမှ မကောင်းမှန်းသိတယ်လေ၊၊

လင်းဒီပ said...

ရေတိုက်ပွဲ ကို သဘောကျတယ်..ငယ်ငယ်က ကျွန်တော်တို့လည်း ဆော့ခဲ့တာပေါ့..။
သင်္ကြန်နဲ့ ပတ်သက်ရင်တော့ အကုန်လုံးကို လွမ်းတယ်ဗျ..။

ဦးဂင်ကြီး said...

နိုင်ငံရပ်ခြားမှာနေရတော့ ပိုပြီးသင်္ကြန်ကိုလွမ်းကြတာပေါ့ ညီမဆုမွန်ရေ့

thetpaingthu said...

အမရဲ့ သင်္ကြန်ဓါတ်ပုံလေးက မုဒုံက သင်္ကြန်ပွဲလေးနဲ့တူလိုက်တာ

မိုးမြင့်အောင် said...

သင်္ကြန်အတွေ့အကြုံနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပြန်နွေးပေးတဲံကျေးဇူးပါ။ ကျနော်ဆို သင်္ကြန်နဲ့ဝေးတဲ့ နှစ်တွေကို မရေတွက်ချင်တော့ဘူး။ စိတ်နာလွန်းလို့

မိုးခါး said...

လွမ်းတယ် အစ်မရေ ........ ဘာမှန်းကိုမသိဘူး .. မြင်ယောင်ပြီး လွမ်းနေမိတယ် ..

မေငြိမ်း said...

သမီးရယ်.. ငိုချင်လိုက်တာ..
ခုတော့ ရန်ကုန်သင်္ကြန်.. မန်းလေးသင်္ကြန်.. မော်လမြိုင်သင်္ကြန် ဇင်းမယ်သင်္ကြန် ... တီချယ်မှာ အလွမ်းတွေ တောင်ပုံ ယာပုံ...

ရွှေပြည်သူ (ShwePyiThu) said...

သင်္ကြန်အလွမ်းကို ထပ်တူခံစားသွားပါတယ် မဆုမွန်ရေ... ခုတလော သင်္ကြန်သီချင်းတွေပဲ နားထောင်နေမိပါတယ်း)

မသက်ဇင် said...

"သင်္ကြန်နီးလာပြီ.."

ဖတ်ပြီးလွမ်းသွားပါတယ်--

ဖြိုးဝေတိုး said...

သင်္ကြန်လွတ်တာ သုံးနှစ်တောင်ရှိရောပေါ့
ဥဩ တွန်သံမကြားရတာ အတော်ကြာပြီ။
လွမ်းနေပါသည် သင်္ကြန်ခါရီ

ဖိုးဂျယ် said...

လွမ်းလိုက်တာ မသင်္ကြန်ရယ်း)

ပိုင်ဖြိုးကို said...

သင်္ကြန်ကို လွမ်းလိုက်တာဗျာ