လွမ်းမိတဲ့ အိုးပုတ် ဂျိုးရုပ်နဲ့ ပလုတ်တုတ်လေးများ

ဒီနေ့ သွားဆေးခန်းသွားဖြစ်တယ်။ ရေပန်းလေးတွေနဲ့ပက်ဖြန်းသလို ကိရိယာလေးနဲ့ ပါးစပ်ကို ထုံဆေးလိုမျိုး မူတ်ပေးနေတဲ့ အတွက် ပါးစပ်တစ်ခုလုံး သွေးချင်းချင်းနီနေတာတောင် နာကျင်ခြင်းအလျင်းမရှိပါဘူး။ မျက်နှာကို အ၀တ်နဲ့ ကာစီးထားပြီး သူတို့ ကျွန်မသွားတွေကို ထိုးလိုက် ကလော်လိုက် ခြစ်လိုက်နဲ့ စိတ်တိုင်းကျ စီရင်နေတဲ့အချိန် အမှောင်ထုထဲမှာ စိတ်အတွေးတွေ ပျံ့လွင့်မိတယ်။ ဟိုးငယ်ငယ်တုန်းက ဘ၀ဆီကိုပါ....

ငယ်ငယ်ကဆို သွားနဲ့နေပြီဆို လျှာလေးနဲ့ထိုးလိုက် ကလော်လိုက် နဲ့လိုက် ထွက်လာတဲ့ သွေးလေးတွေကို စုပ်လိုက်နဲ့ လူပ်တုပ် လူပ်တုပ် သွားလေးကို လျာလေးနဲ့စမ်းစမ်းပြီး အရသာခံနေပါတယ်။ ကျိုးခါနီးပြီဆိုရင်တော့ သွားအခြေရင်းကို အပ်ချည်ကြိုးဖြူလေးနဲ့ တုပ်နှောင်ပြီးတာနဲ့ အစ်ကိုတစ်ယောက်ယောက်က သွားကို ဆတ်ကနဲ ကြိုးနဲ့ ဆွဲနုတ်ပါတယ်။ တစ်ခါတစ်လေဆိုရင် အဖေက ကိုယ့်သွားလေးကို ကိုင်ပြီး မှန်းစမ်း မှန်းစမ်း ကိုင်ကြည့်မယ်ဆိုပြီး သွားကို ဆတ်ကနဲ ဆွဲနုတ်လိုက်တယ် ဆိုရင်ပဲ ပါသွားပါပြီ။ မျက်စိကိုစုံမှိတ် အားကနဲ အော်ပြီး မျက်ရည်လေးစမ်းစမ်းနဲ့ ရေနဲ့ပလုပ်ကျင်း လိုက်တယ်ဆိုရင်ပဲ သွားတစ်ချောင်းက ပြုတ်သွားပါပြီ။ အပေါ်သွားဆို မြေမှာ သွားမြုတ် အောက်သွားဆို မိုးပေါ်ပစ်ပြီး ကြွက်လေးရေ နင့်သွား ငါ့ပေး ငါ့သွား နင်ယူလို့ ငယ်သံပါအောင် အာခေါင်ခြစ်အော်တာ သတိရပါတယ်။

ကျွန်မ ငယ်ငယ်ကဆို တစ်မတ်တန် ရှားမီးသကြားလုံးကြီးကို သိပ်ကြိုက်ပါတယ်။ ပါးစောင်မှာ ငုံထားပြီး တမြုံ့မြုံနဲ့ အရသာခံရတာကိုက အရသာတစ်မျိုးပါ။ အဲ့တာကြောင့် ကျွန်မသွားတွေဆို အချိုကြိုက်လွန်းလို့ သွားပိုးစားပြီး ရှေ့သွားနှစ်ချောင်းက လေ၀င်ပေါက်လေးလို သွားကျိုးဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် မန်ကျည်းသီးစေ့လေးတွေကို လှော်ပြီး စက္ကူကန်တော့လေးနဲ့ ငါးပြားဖိုး ဆယ်ပြားဖိုး ရောင်းတဲ့အခါ မြုံ့ထားပြီးမှ တတောက်တောက်နဲ့ ကိုက်ဝါးရတာလည်း အရသာတစ်မျိုးပါပဲ။ နောက်တစ်မျိုးက ကုက္ကိုလ်စေ့သေးသေးလေးတွေကို လှော်စားတာလဲ ကြိုက်ပါတယ်။ နောက် ဗာဒံစေ့ကို အစေးအပေခံပြီးကို အုတ်နီခဲနဲ့ထုပြီး အထဲက အဆံဖြူဖြူလေးကို လက်သည်းမဲမဲလေးတွေနဲ့ ခွာစားရတာဆိုရင်ဖြင့် ဘယ်အရသာနဲ့မှ မလဲနိုင်ပါဘူး။

နောက်နည်းနည်းပိုက်ဆံရှိရင်တော့ ရေခဲစိမ်ကွမ်းယာကို ၀ယ်စားလေ့ရှိပါတယ်။ ဖရုံယို ဒူးရင်းယို နာနတ်ယိုလို အချိုလေးတွေ မြေပဲဆံလေးတွေ အစိမ်းရောင် ယိုလေးတွေ ထည့်ပြီး အချိုယာပေးထားတဲ့ ကွမ်းယာလေးတွေကို ရေခဲစိမ်ထားတာပါ။ နောက် နို့ဆီဆမ်းထားတဲ့ အစိမ်းတစ်ခြမ်း အနီတစ်ခြမ်း ရေခဲပေါက်စီကိုလည်း အရမ်းကြိုက်ပါတယ်။ ဓားလှီးမုန့်လို့ခေါ်တဲ့ အဖြူရောင်နို့အေးချောင်းကြီးကို လက်တစ်လုံးစာလေးတွေ ဖြတ်ဖြတ်ပြီး သစ်သားတုတ်နဲ့ထိုးရောင်းတာ နောက် စက်ဝိုင်းပုံစံ ဒလက်ကြီးကို တစ်ခါလှည့် တစ်မတ်ငါးမူးနဲ့လှည့်ပြီး ကျလာတဲ့ နံပတ်စဉ်အတိုင်း ဒါးလှီးရေခဲချောင်းစားရတာကိုလည်း သတိရပါတယ်။ တစ်ခါ ဘောလုံးကွင်းလို ကွင်းလေးထဲက ဖန်ဂေါ်လီလုံးလေးကို အခုဘိလိယက်ထိုးသလို တုတ်တံလေးနဲ့ ထိုးလိုက်ပြီး ဖန်ဂေါ်လီလုံး လေး လိမ့်တဲ့နေရာ တင်တဲ့ သံချောင်းလေးတွေပေါ်က နံပတ်အတိုင်းလည်း ရေခဲချောင်းကို စားရပါတယ်။ ကျွန်မငယ်ငယ်ကဆို ရိုးရိုးတန်းတန်း တစ်ခါမှ မုန့်ကို ၀ယ်မစားပါဘူး။ အဲ့လို ကိုယ်တိုင်ကစားပြီးမှ ရလာတဲ့ နံပတ်အတိုင်း စားရတာကို ပိုသဘောကျလေ့ရှိပါတယ်။

ကျွန်မ ကြိုက်တဲ့ မုန့်တစ်ခုက ဂျစ်တူးဇီးတော်ဖီမုန့် အိတ်ထဲမှာ ကာတွန်းစာအုပ်သေးသေးလေးပါပါတယ်။ နောက် ဆီးသီးအကြီးကြီးတွေကို ယိုရွှဲရွှဲထိုးထားတဲ့ စံရွှေမြင့် ရွှေအိုးဇီးထုပ် နောက် အ၀ါရောင် ထန်းလျက်ချောင်းအရှည်ကြီးတွေ ကိုလည်း အားပေးပါတယ်။ နောက် အုန်းသီးကပ်စေးနဲကို ဒန်ခွက်လေးနဲ့ချရောင်းပြီး တုတ်လေးနဲ့ ရစ်ကာ ပတ်ကာနဲ့ အခွေလိုက်လေး အုန်းသီးကပ်စေးနဲ တုတ်မုန့်လေးကိုလဲ ကြိုက်ပါတယ်။ နောက် ဂျုံနဲ့လုပ်ထားတဲ့ ဒုတ်ထိုး အရုပ်မျိုးစုံကိုလည်း အမြဲတမ်း အရုပ်သည်ကြီးဘေးမှာ ငုတ်တုတ်ထိုင်ြ့ပီး အားပေးပါတယ် အစိမ်းရောင်အနီရောင် အပြာရောင် ဒီဇိုင်းအစုံလုပ်ထားတဲ့ ကြက်တူရွေး နဂါး ဖား ကြက်ဖ စတဲ့အရုပ်လေးတွေရဲ့ အောက်မှာ ပီပီလေးတပ်ပေးထားပြီး အရုပ်အစုံလုပ်ရောင်းတာပါ။ ကလေးတွေ ၀ိုင်းဝိုင်းလည်တဲ့ အရုပ်သည်ကြီးပေါ့။

ကျွန်မ ကစားစရာတွေထဲမှာ အကြိုက်ဆုံးကတော့ ဂျင်ပေါက်တာပါပဲ။ စက်ဝိုင်းကြီးရဲ့အလည်မှာ ၀င်ဆို့ ထွက်ဆို့နဲ့ ခပ်မြန်မြန် ကြိုးကို ရစ်ပြီး ဆို့မြန်မြန် လု ရတာ၊ သေသေချာချာ ချွန်ထားတဲ့ သံချွန်ပါတဲ့ ကိုယ်ဂျင်လုံးနဲ့ ၀ိုင်းအလည်မှာ ချပေးထားရတဲ့ ဂျင်ထိပ်တည့်တည့်ကို ခွပ်ကနဲ ကွဲအောင် ပိတ်ပေါက်ရတဲ့ အရသာကို အကြိုက်ဆုံးပါ။ လေးခွသေးသေးလေးတွေနဲ့ လောက်စလုံးလုံးပြီး ဘေးလွယ်အိတ်ထဲ ထည့်ပြီး ရှိသမျ မြွေ ဖား ကင်းလိပ်ချော အိမ်မြှောင် စာကလေး ကျီးကနှ်းရှဥ့် အကုန်လိုက်ပစ်ရတာလည်း ကြိုက်ပါတယ်။ ကျွန်မတို့ခြံထဲက အပင်တွေမှန်သမျ ကျွန်မ မတက်ဘူးတဲ့ အပင်မရှိပါဘူး။ ဘယ်လောက် တက်ကစားကြသလဲဆိုရင် ပင်စည်တောင် ချောမွတ်နေပါတယ်။ ကျွန်မတို့ရဲ့ခြံလေးအကြောင်း ဒီမှာ ရေးဖူးပါတယ်။

နေအရမ်းပူရင်တော့ သစ်ပင်အရိပ်အောက်မှာ သားရေကွင်းတွေအများကြီးကို လက်ကောက်ဝတ်မှာ ၀တ်ထားပြီး ဂေါ်လီပစ်ရတာ ရမ်ဘိုရုပ်တွေ စစ်သားရုပ်လေးတွေကို ထောင်ပီး ခေါင်ထိကုန် ရအောင် ဂေါ်လီပစ်လေ့ကျင့်တာ.ထမင်းလုံးရယ် မှန်ကွဲစတွေရယ်နဲ့ သစ်ပင်တွေပတ်ပတ်လည်မှာ အပ်ချည်ကြိုးကို ချည်ပြီး မှန်စာတိုက်ပြီး စွန်ကို ကော့သွားအောင် ဖြတ်ရတဲ့အရသာ အဲ့လိုကစားနည်းတွေကို ကျွန်မ ငယ်ငယ်က အထက်ကို အစ်ကိုသုံးယောက်နဲ့ အပြိုင် အကုန်ဆော့ပါတယ်။ နောက် ၀ါးလုံးနှစ်ချောင်းရဲ့ အလည်မှာ သစ်သားတန်းလေးခံပြီး ကုလားမ ခြေထောက်တမ်း အပြိုင် ၀ါးလုံးတန်းပေါ် ကုတ်တက်ပြီး လမ်းလျောက်ပြိုင်တာ သစ်သားဖုလေး ကျွတ်ကျပြိး ပြုတ်ကျတုန်းကလည်း သွားကျွတ်ဖူးပါတယ်။

နောက်တစ်ခု ကျွန်မ အကြိုက်ဆုံး ပေါင်ပေါင်သေနတ်ပါ။ ပေါင်ပေါင်သိးလို့ခေါ်တဲ့ အသီးစိမ်းစိမ်းလေးတွေနဲ့ ပုလွေပုံစံဝါးစိမ်းလုံး အပေါက်လေးထဲကို အသီးလေး တေ့ပြီး ထည့် နောက် တုတ်တံသေးသေးလေးနဲ့ ဒုတ်ကနဲ ဆောင့်ထိုးလိုက်ရင် ပေါင်ကနဲ မြည်ပြီး မျက်နှာတည့်တည့် နဖူးတည့်တည့် နောက်စိတည့်တည့် မှန်ရင် မစားသာတာ အမှန်ပါ။ နောက်ဆုံး ကျွန်မတို့ ကလေးတန်းလေးတွေက ပေါင်ပေါင်သေနတ်ကိုင်ပြီး အကြမ်းဖက်လာလို့ မျက်စိတွေ သွားတွေအကုန် ပြုတ်ကုန်မှာစိုးလို့ ကျောင်းမှာ ပေါင်ပေါင်လက်နတ်ကိုင်ဆောင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒါပေမယ့် လွယ်အိတ်လေးတွေကို နောက်ပြန်ပစ်ပြီး ကျောပိုးလွယ်ထားတဲ့ ကျွန်မတို့ကတော့ ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ တရကြမ်း ပြေးထွက်လာပြီး ကျောင်းဝင်းအပြင်ဘက်ရောက်တာနဲ့ ပေါင်ပေါင်သေနတ်တိုက်ပွဲ ဆင်နွဲကြတော့တာပါပဲ။

ကျွန်မအစ်ကိုတွေက ကျွန်မတို့ မရမ်းကုန်း အောင်မင်္ဂလာရပ်ကွက်မှာဆိုရင် ကလေးဗိုလ် ဆရာကောင်တွေဖြစ်နေတော့ ကျွန်မကလည်း အစ်ကိုတွေနဲ့ အပြိုင် လူမိုက်ပါ။ သရဲအရမ်းခြောက်တဲ့ ဆိုတဲ့ ဦးရွှေ ဆီးခြံထဲမှာ ကလေးတွေကို အုန်းမူတ်ခွက် သရဲပြမယ် အုန်းမူတ်ခွက်ခုန်ခုန်ထလာတာကို တစ်ခါကြည့် တစ်မတ် ငါးမူးနဲ့ ပြတာ ကျွန်မက ငွေကောက်တဲ့သူပါ။ တကယ်တော့ မှောက်ထားတဲ့ အုန်းမူတ်ခွက်ထဲမှာ ဖားထည့်ထားတာပါ။ အစ်ကိုတွေက သူတို့သွားလေရာ ကျွန်မလိုက်တာ သိပ်မကြိုက်ပါဘူး။ ကျွန်မက တစ်ခုခုဆို အမူတွဲတူပေမယ့် အမေ့ကို အမြဲအတိုင်အတောထူလို့ပါ။ တစ်ခါလည်း မြကန်သာကန်ထဲမှာ သူတို့ရေကူးတာ ကျွန်မ အတင်းလိုက်သွားပြီး ကျွန်မအတွက် ငှက်ပျောတုံးလေး ခုတ်ပေးထားပြီး သူတို့ရေငုတ်ပြိုင်နေတုန်း ကျွန်မက ဌက်ပျော်တုံးပေါ်ကို ခွတက်ပြီး ဂျွမ်းထိုးတာ ရေနစ်လို့ ကျွန်မအစ်ကိုတွေ အကုန်လုံး တိုင်ကပ်ပြီး ဗြောအတီးခံရကတည်းက အစ်ကိုသုံးယောက်က တစ်ခုခုဆို ကျွန်မကို မျက်စိလှည့်ပြီး ထားထားခဲ့ပြီး ထွက်ပြေးသွားတတ်ကြပါတယ်။

ကျွန်မအစ်ကိုတွေက ကစားစရာလုပ်နည်း အကုန်ကျွမ်းပါတယ်။ ရော်ဘာဖိနပ်ဖင်ပေါက်နေတာလေးတွေကို စက်ဝိုင်းပုံစံ ကားဘီးလေးတွေ ဖြတ်ဖြတ်ပြီး ၀ါးချောင်းလေးတွေ သစ်သားချောင်းလေးတွေနဲ့ ကားပုံစံ လုပ်ပါတယ်။ ၀ါးလုံးရှည်ရှည်ကို ကားလက်ကိုင်လိုလုပ်ပြိး တွန်းပြီး ကားမောင်းပြိုင်ကြတာပါ။ ကျွန်မတို့ဆို အမြဲ ကားပုံစံ ပြိုင်ကြ မောင်းကြနဲ့ပါ ဒါပေမယ့် မီးထွန်းပွဲတွေဆို ကလေးတွေ အကုန် အ၀တ်သစ်အစားသစ် လှလှပပလေးတွေဝတ်ပြီး ယုံနားရွက်လေးတွေ ဆင်နားရွက်ပုံစံကြယ်ပုံစံ မီးပုန်းလေးတွေ ရောင်စုံ မှန်ကြည်စက္ကူလေးတွေနဲ့ လှလှလေးတွေ တွန်းပြီးလည်း အကြွားပြိုင်ကြပါသေးတယ်။ ကျွန်မကတော့ ဗြောက်အိုးဖောက်ရတာကိုပိုကြိုက်ပါတယ်။ ပိုကြိုက်တာကတော့ မာကျူရိလို့ခေါ်တဲ့ သတ္တုပြားလေးကို မီးရို့ပြီး အလင်းဆုံး တောက်ပြီး အတုံးလေး ပြုတ်ကျလာတာနဲ့ တံတွေးဆွတ်ထားတဲ့ သားရေဖိနပ်ဖင်နဲ့ ဖောင်းကနဲ ကောက်ရိုက်ရတာအချိန် မြည်တဲ့ အသံက ဗြောက်အိုးထက်ကျယ်ပါတယ်။

အရင်ကဆို အစ်ကိုသုံးယောက်နဲ့ သမီးဦးကျွန်မကို အကျီဆင်တူဝယ်ပေးလေ့ရှိလို့ ကျွန်မက အမြဲ ယောက်ကျားလေး အကျီလေးတွေ ၀တ်ရပါတယ်။ ညီမလေးမွေးလာတော့မှကျွန်မတို့ ညီအစ်မနှစ်ယောက် ဆင်တူ ဂါဝန်လေးတွေ ၀တ်ပြီး မိဘနှစ်ပါးရဲ့ လက်ကို ဘယ်ညာဆွဲကိုင်ပြီး ဘုရားပွဲဈေးတန်းတွေမှာ လိုချင်တာမှန်သမျ အကုန်လိုက်ပူဆာရတာ ကလေးအချင်းချင်းတွေ့ရင် ကိုယ့်လက်ထဲက အရုပ်ကိုမသိမသာ ကိုင်ပြပြီး ကြွားတာ မျက်စောင်းထိုးရတာ. ဘ၀မှာ အဲ့အချိန်တွေတုန်းကဆို မိဘရဲ့ရင်ခွင်အောက်မှာ စားချိန်တန် စား အိပ်ချိန်တန် အိမ် စာချိန်တန် ကစား ကစားချိန်တန် ကစား :)ဘာဆိုဘာမှ ပူပင်သောက ဗျာပါဒတွေဆိုတာ တစ်လုံးတစ်ပါဒမှ မရှိခဲ့တာအမှန်ပါ။ နေမကောင်းလို့ ဆေးခန်းသွားရရင် ဆေးထိုးအပ်အမျိုးမျိုးကို ကြည့်ပြီး အသေးဆုံးအပ်ကလေးနဲ့ထိုးပေးပါလို့ ဒေါက်တာကို ပြောရတာ အမေ့လက်ကို တင်းနေအောင်ဆုပ်ပြီး ဆေးထိုးခါနီး တင်ပါးကို လှန်လိုက်တာနဲ့ အသံပြဲနဲ့ ဆေးခန်းတစ်ခုလုံး ကြွက်ကြွက်ညံအောင် အော်ငိုတာ အမေ့ကို နေမကောင်းတာ အကြောင်းပြပြီး ကြက်စွပ်ပြုတ် ကော်ဖီ မုန့် အမျိုးမျိုး ပူဆာတာ အဲ့တာတွေ အကုန်လုံးဟာ အခုချိန်မှာတော့ ပြန်မရနိုင်တော့တဲ့ အချိန်တွေပါပဲ။

သွားဆေး သွားခြစ်ပြီးပြီ လို့ ထိုင်းဒေါက်တာမလေးက ပြောတော့ အဖော်မပါပဲဆေးခန်းလာရတဲ့ ကိုယ် ကိုယ့်ဘာသာ ကုတင်ပေါ်က အသာထပါတယ်။ နောက် ပစ္စည်းတင်တဲ့ ဗန်းလေးပေါ်က ပိုက်ဆံအိတ်ကို လှမ်းယူရင်း ဘယ်လောက်ကျလဲလို့ မေးလိုက်ပြီး ပိုက်ဆံရှင်းလိုက်ပါတယ်။ နောက် ဆေးခန်းတံခါးကို တွန်းဖွင့်ပြီး ငါသွားတွေလဲ ကြိမ်းနေတာ ဘာစားရင်ကောင်းမလဲလို့ ငူငူကြီး ရပ်ပြီး တွေးမိပါတယ်။ အခုချိန် အဖေသာရှိရင် ငါ့ကို အစာမာမာ စားခိုင်းမယ်မထင်ဘူး။ အမေကရော ငါ့ကို ဘာများ ချက်ကျွေးမလဲ ဂျီကျတဲ့ ဂျီးများတဲ့ ကျွန်မကို မိသားစုက ဘယ်လိုများ ပြုစုကြမလဲလို့ စိတ်ကူးယဉ်ပြီး တွေးမိနေတုန်း ဘေးနားကနေ ၀ူးကနဲ စက်သံကို အရှိန်မြင့်မြင့်နဲ့ ပွတ်မောင်းသွားတဲ့ ထိုင်းဆိုင်ကယ်တက်စီသမားရဲ့ ဟေးကနဲ သတိပေးသလို အော်သွားတဲ့ အသံကြောင့် ကျွန်မ အလန့်တကြား ကားလမ်းဘေးကို ပြေးကပ်လိုက်မိပြီးမှ လက်ရှိ အနေအထားကို သတိပြန်ဝင်မိပါတော့တယ်။

27 Comments:

မေလေး said...

မမရေ နောက်တစ်ခါသွားဆေးခန်းသွားခါနီးဆို မေလေးတို့အိမ်လာခဲ့နော်။ (စလုံးမှာ သွားဆေးခန်းတွေ ဈေးကြီးချက်။ ဟိဟိ အချွန်နဲ့မဒယ် မထင်ပါနဲ့လို့) မမစားချင်တာ တည့်တာ မတည့်တာ အကုန်လုပ်ကျွေးမယ်.။
း)

Nay Lin said...

တော်တော်ဖတ်လို့ကောင်းတယ်၊ ယောင်္ကျားလေးတွေ ဆော့တဲ့ ကစားနည်းတွေ ကုန်ရော၊ တော်သေးတယ်

kiki said...

ခုခေတ်ယောင်္ကျားလေးတွေ တောင် မဆုမွန် ဆော့ခဲ့ သလိုမျိုး စုံအောင် ဆော့ဖူးကြမယ်မဟုတ်ဖူးနော် ။..

ငယ်ဘဝတွေ ပြန်အောင်းမေ့ရတာတွေကလည်း ပျော်စရာတမျိုးပါဘဲ လေ ။
ခုများတော့ ခုများတော့ ကွယ် ...
( ဒီလိုသာဆော့မိရင် အရောင်ထူး ။ ရောက်သွားနိုင်တယ် .. ဟိဟိ )

Anonymous said...

အံဆုံးကသွားပဲ့နေပြီ ကြိတ်မှိတ်ပြီးနေနိုင်သလောက်နေနေတယ်

စာဖတ်ပြီး ဆေးခန်းသွားရမှာလန့်.......

မိုးခါး said...

အစ်မရေ
အကြောက်ဆုံးက သွားဆေးခန်းပဲး((
အစ်မကတော့ အစုံဆော့တာပဲနော်
ညီမတော့ အဲလောက် မဆော့ဘူးဘူး :P
လမ်းထဲမှာ ဘောလုံးပစ်တာလောက်က ဂိတ်ဆုံးပဲ :D

Anonymous said...

ှိရှိသမျှ အစား ကစား အကုန် ကုန် ပါရောလား ညီမရေ... အင်း...လွမ်းစရာလေးတွေ...လွမ်းစရာလေးတွေ.... အခုခေတ် ဗမာပြည်က ခလေးတွေ ဘယ်လို ကစားနည်းတွေနဲ့ ကစားကြလဲမသိဘူးနော်...

mie nge

Unknown said...

တူမလေး
ဦးလေးမြန်မာပြည်မှာနေခဲ့စဉ် ၊ ထိုင်းနိုင်ငံမှာနေခဲ့စဉ်က ၊
ကွမ်းယာစားတယ် ၊ ထုံးဖြူ ၊ ကွမ်းသီး ၊ ကွမ်းရွက် ၊ ဗမာဆေး ၊
ရွာကြီးကိုရောက်တော့သွားရဲ့နောက်မှာထုံးကြောက်တွေ
ရှိနေတယ်ပေါ့ ၊ ပြီးတော့ကွမ်းစားများတဲ့အခါမှာထုံးဓါတ်ကြောင့်ဆီးကြောက်ရောဂါမြင်တွေ့ခဲ့ရဘူးပါတယ် ၊ဆိုပါတော့ကွယ် ၊သွားခြစ်တယ် ၊ ပါးမှာ ၊ ပါးစပ်နားမှာဆေးတွေထိုး ၊ ပြီးတော့ပြင်ဆင်သန့်ရှင်းတယ် ၊ သွေးတွေထွက်လိုက်တာ ၊ နာလဲနာကျဉ်တယ်လေ ၊
တူမလေးရေ ၊ ကိုယ်တိုင်ကြုံခဲ့ရဘူးတာမို့ ၊ တူမလေးသွားဖုံးတွေနာကျဉ်နေမှာ ၊ အစားအသောက်လဲခက်မှာ ၊ တူမလေးရဲ့ပါးကိုလက်ကိုင်ပုဝါကိုရေနွေး ၊ နွေးနွေးနှင့်တို့ပြီးနာကျဉ်ကိုက်ခဲမှုတွေပြယ်ပါစေကွယ် ။
ဦးလေး
အောင်ဖြေအေး

မြစ်ကျိုးအင်း said...

ကျနော်ကစားတဲ့နည်းတွေနဲ့ အများကြီးတူနေလို့ ကိုယ့်ဘာသာတောင် ငယ်ဘ၀ သတိရမိသေးတယ်။

တော်သေးတယ် စစ်ထဲမ၀င်လို့
(ယောကျာင်္းလေး ဆန်ဆန်နေချင်တာကိုပြောတာပါ)

စည်သူ said...

ဟား..ဟား..ဟား.. ရီရတယ်ဟ..
သွားကိုအပ်ချည်နွှဲချိတာ အဖြစ်အပျက် တူလွန်းပါတယ်

အဲလိုချည်ထားလို့လေ.. ခရေစေံတောင့်ရင်း တစ်ချက်ဆွဲလိုက်..ပြန်ကစားလိုက် တစ်ချက်ဆွဲလိုက်နဲ့ ဘယ်အချိန်က အပ်ချည်ကို တက်နင်းမိထားလည်းမသိ မတ်တပ်ထလိုက်တာ.. အောင်မယ်လေး သေပါပြီးဗျာ ဆိုပြီး ဗြုတ် ကနဲ့ဆို သွားက ပြုတ်ထွက်သွားတာ.. ဘယ်လို နမှန်းမသိဘူး..

အခုတော့ ပြန်ပြောရင် ရီစရာဖြစ်နေတယ်..း)

စည်သူ said...

ဟားဟာဟးဟား.. ဖတ်ရင်းနဲ့ ထပ်ရီရပြန်ပြီး
ဖြစ်အပျက်တွေက အားလုံးကိုတ.နေတာပါလား စောင်းရေးတာတော့ ဟုတ်ပါဘူးနော်..း)

ဘာတဲ့.. ဗာဒံသီး ဟုတ်လား..
ဗန်ဒါလား ဗာဒံလား ကျုပ်ကျဲ့လင့်အုံးလေ.. ကျွန်တော်လည်း အဲလိုအုတ်နီခဲနဲ့ ထုစားတာပဲ..း)

ဖိနပ်နဲ့ ကားဘီးလုပ်တာလေ.. ဖိန်ပ်စုပ်မရှိလို့ ကိုစီးတဲ့ ဖိနပ်ကြိုးကို ဓါးလေးနဲ့ နည်းနည်းလေးလှီး ထားလိုက်တာ.. မကြာပါဘူး နှစ်ရက်လောက်ဆို ကားဘီးရပြီး...ဟီးဟီး

ဖိနပ်တစ်ရံကို တစ်လတောင် မပြည့်ဘူး.. အမေကပြောတယ်.. နင်တို့ဖိနပ်ကို ကိုက်စားတာလားတဲ့.. အဟိ..း)

အရုပ်လည်းကစားတယ်..
ဖောင်ဖောင်လည်းပစ်တယ်.. စစ်တိုက်တမ်းလည်း ကစားတယ်လေ.. တူတယ်..း)

တစ်ခါတစ်လေ သကြားလုံးကို သူငယ်ချင်းက ခနခန တောင်းစားလွန်းလို့ မကျွေချင်လို့ ပါးချောင်နှစ်ဖက်စလုံးမှာ ငုံထားလိုက်တယ်..ဟီးဟီး

စည်သူ said...

တော်သေးတ်ာပေါ့..
အတွေးတွေ နယ်မချဲ့နေနဲ့နော်..

ပျော်ရွှင်ပါစေအမရေ..
ခင်မင်စွာဖြင့်
စည်သူ။

ခြေလှမ်းသစ် said...

အဆော့ ပေါင်းစုံ အတော်စုံတာပဲနော် .. မြန်မာပြည်က ခလေးဘ၀နဲ့ ကြီးပြင်းရတာ အင်မတန်မှ ပျော်ဖို့ကောင်းပါတယ်ဗျာ .. စာလေးဖတ်ရင်း စိတ်ကူးတောင် ရင်မိသေးဗျ ..

စူးနွယ်လေး said...

တို့တခါမှ မဆော့ဖူးတဲ့ ကစားနည်းတွေပဲ။

Nge Naing said...

မဆုမွန်က တော်တော် ကစားတာပဲ။ သွားခြစ်နေတဲ့ အချိန်မှာတောင်မှ ပတ်ဝန်းကျင် တခုလုံးနဲ့ မိမိကိုယ်ခန္ဓာကိုပါ လူတခြား၊ စိတ်တခြား ငယ်ဘ၀အကြောင်း အတွေးချဲ့နိုင်တာ အံ့သြစရာပဲ။

ဖြူတုတ်လေး said...

မဆုမွန်...အချိုကြိုက်တဲ့အကြောင်းကိုရေးပုံများ... ဖြူတုတ်ကိုများ စောင်းရေးသလားလို့။ မ, စားခဲ့တာတွေကိုလေ ဖြူတုတ်လည်း အကုန်စားခဲ့တယ်။ (ကွမ်းယာတော့မပါဘူး) ဂျင်ပေါက်တော့မတတ်ခဲ့ဘူး။ ခြေထောက်ကို မှန်မှာကြောက်လို့။ ဟီးဟီး

Unknown said...

မဆုမွန် ရေ သွားနဲ့ပတ် သက်ပြီး ဂရုစိုက်သင့် တဲ့ ကိုယ်တွေ့ လေး ပြောပြချင်တယ်။ သည်းခံပြီး ဖတ်ပေးပါနော်။
မနှစ်ကပေါ့ တခါမှ မကိုက်စဘူး၊ ဘယ်ဘက် အောက် အံ သွားကြီး တချောင်းက အရမ်း ကိုက်တော့ တာပဲ။သွားဆေးခန်း သွားရမှာ လည်း ကြောက်၊တယောက်ထဲ နေတာ လဲဖြစ်၊နောက်ပြီးကျွန်တော် တို့ မြို့က ဦးစိန်ရ ဆိုတဲ့ လူကြီး တယောက်ထဲ သွား၊ သွားနုတ်တာ သွေးတွေတိုးနေတာ မသိပဲ နဲ့ဆရာဝန်က နုတ်ပေး လိုက်တာ ရှော့ ဖြစ်ပြီး ဆုံးသွားတယ်။ အဲဒါကိုလည်း သတိရတော့ ကြောက်တာပေါ့နော်၊
ဒါပေမဲ့ ဘယ်လိုမှ မသက်သာတော့ စက်ရုံ မှာ မေးမြန်း စုံစမ်းပြီးသွာဆေးခန်းကိုရောက်ခဲ့ တယ်။ ယောကျာင်္း ဆရာဝန် ၀၀ နဲ့နက်စ်တယောက် နဲ့ ၊ဆရာဝန် က အင်္ဂလိပ် လို ကောင်းကောင်းပြောတတ် တော့ တော် သေးရဲ့ လို့ ထင်မိတယ်။့ ကျွန်တော် ပြတဲ့ ကိုက်တယ် ဆိုတဲ့ သွားကို x'Ray ရိုက် တယ်၊ ပြီးတော့ ဖလင်ပြားလေးကို ကြည့် ပြီး၊“မင်း သွားက ကောင်းနေသေးတာပဲ၊ ဒါပေမဲ့ ခံတွင်း တခုလုံး သွားတွေရဲ့ ဘေးတွေမှာ ကျောက်တွေ ဖြစ်နေတာကြောင့် နာ တာဖြစ်နိုင်တယ်။ ဒီတော့ ကျောက်တွေအားလုံး ချစ်ထုတ်ပြီး သန့်ရှင်း ပြစ်ရမယ်။”တဲ့၊ ကျွန်တော် က ဟိုးတုံးက ကွမ်းစားဘူးတာဆိုတော့၊ ဟုတ်တာပေါ့့ ကွမ်းကျိုးတွေနဲ့မဲနေတာ၊ ဒါနဲ့ သက်သာရင် ပြီးရောဆိုပြီးလုပ်လိုက်တယ်။ ကရိယာတွေကို စုံနေတာပါပဲ၊သွေးတွေ ထွက်၊ ပလုတ်ကျင်း ထုတ်လိုက်နဲ့ တနာရီနီးပါး အခံရခက်စွာနဲ့ပဲပြီးသွားတယ်။ ကိုယ့်သွား ကိုပြန်ကြည့် တာ မှတ်တောင် မ မှတ်မိဘူး၊လှလိုက်တဲ့ သွားလေးတွေလို့၊ ဆေး တချို့ပေး တာရော အားလုံး ဘတ် ၁၂၀၀ ကျတယ်၊ ပေးလိုက်တဲ့ဆေးတွေ ၃ ရက်လောက် သောက်နေတော့ မနာသေးဘူး၊ ဆေးကုန်ပြီး ၂ ရက်လောက်နေ တော့ ပြန် ကိုက်လိုက်တဲ့ သွား မျက်ရည်တောင် ကျပါတယ်။ ဒါနဲ့ ဆေးခန်းပြန် သွားတော့ ကျွန်တော်ပြတဲ့ သွားကိုပဲ စမ်သပ်ပြီး ဆေးပေးတယ်၊ နာနေတုံး နုတ် လို့ မရဘူးတဲ့၊ ဆေးအရင်သောက် နာတာပျောက် တော့ လာ နုတ်တဲ့။ ဆေးကုန်အောင်သောက်ပြီးမနာတော့ တဲ့ တရက် သွားနုတ်တယ်။ ထုံဆေး ပထမ တလုံးပြေတဲ့ အထိ နုတ် မရတော့ ဒုတိယ ထုံဆေး တလုံး ထပ်ထိုးတယ်။“ပုံမှန် အတိုင်း တော့ နုတ်မရဘူး၊ ၂ ပိုင်းဖြတ်ထုတ် ပြီးနုတ်ရ မယ်” လို့ပြောတော့ ကျွန်တော် ကြောက်လာတယ်။ ဘုရားစာ စဆိုရပြီပေါ့၊ ဂုဏ်တော် ကွန်ချာ နဲ့ ဓါရဏ ပရိတ်ကို ထပ် တလဲလဲရွတ်နေခဲ့ရတယ်။ တနာရီကျော်လောက်ကြာတော့ ပြီးသွားတယ်၊သွား မနုတ်ခင်လေး စိတ်ကူးမိတာ၊ ငါ့ သွားလေး နုတ်ပြီးရင်တော့ အမှတ် တရ သိမ်းထားမယ် ပေါ့။ နုတ်ပြီးသွားတော့ သွားခမြာမယ် အေးချမ်းမေ ဖြစ်သွားတယ်။ သွားပေါက် ကလိုင်ကြီး ကို လည်းပြန်ချုပ်ရသေးတယ်။ သွားနုတ်ခ က ၈၀၀ နဲ့ ဆေး ဘိုး က ၃၀၀ ကျော် ဘတ် ၁၁၀၀ ကျော် ကျတယ်။စက်ရုံ မှာ စုံစမ်း တုံးက ဘယ်ဆေးခန်း မဆို တချောင်း နုတ်ရင် ဘတ် ၄၀၀၊ ကိုကအရင် ပေး ထား၊ ပြီးရင် အာမခံထားတဲ့ ရုံး မှာ ပြန် claim လို့ ရတယ်တဲ့၊
ဒါနဲ့ ဆရာဝန်ကိုပြောပြတော့“ မင်း သွား ကနုတ်ရတာ ခက်တယ်၊ ထုံဆေး ၂ ခါထိုးရတယ်၊ ကြာလည်း ကြာတယ်၊” တဲ့၊ ဒါကြောင့်ပိုယူ တာတဲ့။ အင်း............
မပြောတော့ပါ ဘူး နာတာပျောက် ပြီးတာပဲ လို့ဆိုပြီး ပြန်ခဲ့တယ်။ ဒါပေမဲ့ တကယ်ကမပြီးသေးဘူး.............
ဆေးသောက်၊ တပတ်နေတော့ ချုပ်ရိုးတွေသွားဖြည် ပြီး သုံး လေးရက် လောက်နေတော့ ပြန်နာ ပြန်ရော၊အရင်နေရာ၊ နုတ်ပြီး တဲ့နေရာကပဲလို့ကိုယ့် ကိုယ်ကို ထင်တာပဲ။ စိုးရိမ်တာ က နုတ်တုံး ကအပိုင်း အစ တွေမကုန် ပဲအပေါက်ကို ချုပ်လိုက် ပြီး မှ အခု အထဲ က အစအန တွေကပြန်နာ ပြီလားပေါ့၊ဆေးခန် ပြန် သွား ပြောပြတော့၊ နုတ်ထားပြီးတဲ့ နေရာ ကို x'Ray
ပြန်ရိုက် တယ်၊ပြီတော့ ပြတယ်“ ဒီမှာကြည့်၊ ဘာမှ မကျန်ဘူး၊ ကောင်းနေတာပဲတဲ့၊” ဆေးတွေ ထပ်ပေးလိုက်တယ်၊ ဘတ် ၃၀၀ ကျော် ကျတယ်။ ဆေးတွေ သောက်နေတုံး သက်သာပြီး ဆေးကုန်လို့ ၂ ရက် ၃ ရက် ဆို ပြန် ကိုက်တာ ပါပဲ။ ဒီလိုနဲ့ ဒီဇင်ဘာ new year ပိတ်ရက် ခွင့် ပြန်တော့ ရန် ကုန် က အမ တ၀မ်း ခွဲ က သွား ဆရာဝန်၊ သူ့ ကို အကျိုးအကြောင်း ပြော ပြ၊ သူက နုတ် ပြီးသွားတဲ့ သွားကို ကြည့်ပြီး“ နုတ်ထားတာ ကောင်းပါတယ်၊ဒီကနာတာတော့မဖြစ် နိုင်ဘူး” ဆိုပြီး ဘယ် ဘက် တခြမ်းလုံးမှာ ရှိတဲ့ အပေါ် အောက် အားလုံး လိုက် စစ်တယ်၊အဲဒီတော့မှ ဘယ် ဘက် အပေါ် အံဆုံး ရဲ့ ဒုတိယ သွားကြီးက အပေါက်ကြီးဖြစ်နေတာ တွေ့တယ်။

Unknown said...

ဒါနဲ့ အဲဒီ သွားကို
x'Ray ရိုက်ကြည့် တော့ မှ၊တကယ် နုတ် ရမှာက အဲဒီကောင်ပဲတဲ့။ သွားလေပြီ အပြစ် မဲ့ တဲ့ သွားတချောင်းရယ်၊ အမ ကသေသေ ချာချာရှင်းပြ တယ်၊“ လူနာ ကညွှန် ပြ တဲ့သွား တချောင်း ထဲ ကိုပဲ မကြည့် ပဲ၊ဘေး နဲ့ အပေါ် အောက် တွေ ပါ ဆရာဝန်က စစ်ဖို့ လို တယ်၊သွား ကိုက် တာ သိတ်ဆိုး၊ သိတ် ခံရခက် တယ်၊ပါးဆောင် တခု လုံး ကနေ နားထင် ကြောတလျှေက်လုံး ကိုက် တာ၊လူနာ က သူထင်တာ ကို ပြ ပေ မဲ့ ဆရာဝန် က သေချာအောင် စစ်ဖို့ လို တယ်၊” တဲ့၊ ကဲ ရှိ စေ တော့......အခု တရားခံ အစစ်ကိုတွေ့ပြီလေ။ ဒီ သွား လည်း ပထမ သွား လို ခက် တာပဲ၊ အပေါ် လည်း ဖြစ်၊ အံဆုံး နား လည်း ကပ်နေ တော့ အမ ခမျာ ချွေးတလုံးလုံး ပဲ။ အမ ဆေးခန်း က ထိုင်း က လို ပစည်း ကရိယာတော့ မစုံ ရှာပေ မဲ့ ကျွမ်း ကျင်မှု ကြောင့် တနာရီ မကြာခင် မှာပဲ ပြီး သွား တယ်။ အမ က ပိန်ပိန် သေးသေး၊ ကျွန်တော့် ရဲ့ သွား ကို နုတ် ပြီး ညာဘက် လက် နာ လို့ ၂ ရက် လောက် ဆေးခန်းပိတ်လိုက် ရတယ်။ သူ့ ခမျာ တပြားမှ မရ တဲ့ အပြင် ၂ ရက် ပိတ် လိုက် ရ လို့ ၀င် ငွေ တောင် ထိခိုက် သွားပါ တယ်။ ဒီနှစ် ပြန်မှ လက်ဆောင် တခုခု ၀ယ် သွားမယ် စိတ်ကူးတယ်။
ဇာတ် လမ်း က မပြီးသေးဘူးနော်၊ ခဏ လေး သည်းခံ ဖတ် လိုက်ပါအုံး။
ရန်ကုန် ကနေ သွားနုတ် ပြီး ကျွန်တော် နေတဲ့ မြို့ လေးကို ပြန်ခဲ့ တယ်၊ညဘက် ငယ် သူငယ်ချင်း တချို့နဲ့ လဘက် ရည် ဆိုင် ထိုင်ရင်း၊စကားပြောကြတာပေါ့၊ကျွန်တော့် ရဲ့ သွား အကြောင်းပြော ပြတော့၊ အောင်ဌေးဝင်း က “ဆရာလေး ကိုကျော်နိုင် အဖြစ် ကမှ မင်းထက် ဆိုး တာပေါ့” တဲ့၊ အံသွား တချောင်း အပေါက် ဖြစ်ပြီး ကိုက် လွန်းတော့၊ ဆရာဝန် က နုတ် ရမယ်ပေါ့၊ဒါနဲ့ နုတ် ကြရော ဆိုပါတော့၊တနာရီလောက် ကြာ တယ် ဘယ် လိုမှ နုတ် မရဘူး၊ဖြတ်တောက်၊ဆွဲ ထုတ် ထားတော့ အမြစ် ကသာမကျွတ် တယ် သွားပုံတော့ ဘယ် ပေါက် တော့ မတုံး၊ နောက်ဆုံးတော့ ဆရာဝန် က ဒီ သွားကို နုတ် ဖို့ရာ၊ သူ့ ဘေး တဖက် တချက် စီက သွား ၂ ချောင်း ကို အရင် နုတ်ရ မယ် တဲ့လေ။ ဆရာလေး ကိုကျော်နိုင် ခမျာ ဘေးမှာ အဖေါ် ပါပေလို့ သာပေါ့၊ နို့ မဟုတ်ရင် သွေး တိုး ပြီး ဦးစိန်ရ နောက် လိုက် သွားရမှာ သေချာတယ်။
ဒီလို နဲ့ သူ လည်း ကိုက် တဲ့ သွားတချောင်း ထဲ အတွက် ကောင်း တဲ့ ၂ ချောင်းပါ အဆစ် နုတ် ခဲ့ ရတယ်တဲ့။ သြော်.........ကိုယ့်ထက်ဆိုး သူရှိ ခဲ့ သလားကွယ် လို့..................
မဆုမွန် ရေ သွား မကိုက်သေး သူ တွေ ရော၊ သွား ကိုက် တဲ့ သူတွေ ရော သိရှိ မှတ်သားနိုင်အောင် လို့ပါ။
ကျေးဇူးတင်ပါ တယ်။

မဆုမွန် said...

ကျေးဇူးတင်ပါတယ်ရှင် အခုလိုရှင်းပြတဲ့အတွက် မဆုမွန်က တကယ်သွားတာက အံသွားတွေမှာ မာလကာသီးတစ်စေ့စာ အပေါက်လေး ဘာညာနှစ်ပေါက်ရှိတယ် အဲ့အပေါက်က အချဉ်ဆို ဘာအချဉ်မှ စားလို့မရအောင် ကျိမ်းတာ နောက် သွားအောက်ခြေမှာ ဂျိုးတွေဖြစ်နေတာရယ် သွားတိုက်တိုင်း အမြဲတမ်း သွားဖုံးက သွေးစိမ့်စိမ့်ထွက်လာတယ် အဲ့တာနဲ့ သွားဆေးခန်းသွားဖြစ်တော့ သူက အကုန် clean လုပ်တာပေါ့ တော်တော်ကြာတယ် သေသေချာချာကို ရှင်းပေးလိုက်တာ ဘတ် ၈၀၀ပဲ ကျတယ် နောက် သူက သွားပေါက်ကို ကြည့်ပြီး နောက်မှာ သူလုပ်ပေးမယ်တဲ့ အခုက ရှင်းထားတော့ သွားက မခံနိုင်မှာစိုးလို့ဆိုပြီး နောက်တစ်လ ကျွန်မကို နိုဝင်ဘာထဲမှာ ထပ်ချိန်းလိုက်တယ် သွားကို ဓာတ်မှန်ရိုက်ကြည့်ြ့ပီးမှ အပေါက်ဖာပေးမယ်ထင်တယ် ကံကောင်းတာလားတော့မသိဘူး သူက သေသေချာချာရှင်းပြတယ်
နောက် ကျွန်မတို့က သွားကို ပြီးစလွယ် အမြန်တိုက်တတ်ကြတယ် နောက် သွားပွတ်တံအမာနဲ့တိုက်မှ အားရတယ် ထင်တတ်ကြတယ် ဟုတ်လား အဲ့တာ သွားဖုံးအခြေတွေ စားကုန်တာပေါ့ အဲ့တာ သူက သွားပွတ်တံအမျိုးအစားက soft တဲ့ အဲ့တာလေးနဲ့သုံးပါလို့ အကြံပေးတယ် 7၊11 မှာ ဘတ်၂၀ပဲပေးရတယ် သွားပွတ်တံ အပျော့လေးက တိုက်ရတာ တော်တော်နူးညံ့တယ် အခုတော့ သွားကြိမ်းနေတာကျန်ခဲ့တယ် ကိုယ့်သွားလေးတွေ ကိုယ်ပြန်ကြည့်တာတော့ ချစ်စရာလေးတွေ ဖြစ်ကုန်ပြီ ဒါပေမယ့် ကော်ဖီအရမ်းသောက်လို့ ထင်တယ် ကော်ဖီဂျိုးရောင်တော့ရှိတယ်.. ကျေးဇူးတင်တယ်နော်

ဒဏ္ဍာရီ said...

မမရေ .. အဲလို အဆော့ပေါင်းစုံကို ဆော့ဘူးတယ်။ မမနဲ့တူတူပဲ စက်ဝိုင်းပုံဒလက်ကြီးကို ဂေါ်လီနဲ့ ဆွဲပြီး ပစ်လိုက်ရင် ဂေါ်လီတင်နေတဲ့ နံပါတ်အတိုင်း ဓါးလှီးရေခဲချောင်းတွေ ရတာလေ။ ဘာပြောကောင်းမလဲ ဇလုံနဲ့တောင် သယ်ရတယ်။ အလို လက်တည့်တာ။ ကြတော့ ဈေးသည်က အိမ်ရှေ့မှာတောင် မရပ်တော့ဘူး တလမ်းကျော်မှာ သွားရပ်တယ်။း))
ကျောင်းမှာ မုန့်စားဆင်းရင် ယောကျာင်္းလေးတွေနဲ့ ပိုက်ဆံထောင်ပစ်တယ်။း) ဆရာမသိလို့ ခုံပေါ်မှာ မတ်တပ်ရပ်ခိုင်းတာ တချိန်တိတိ စာမသင်ရဘူး။ ကျောင်းကားစောင့်ရင် ဗာဒါစေ့ကို သံကွန်ပါဘူးနဲ့ ပစ်ပြီး အုပ်ခဲနဲ့လည်း ထုစားတယ်။ ဟီး
ဆက်ပြောရင် မဖြစ်တော့ဘူးမမရေ ...

သွားကိုတော့ ဂရုစိုက်ပါ မမ။

ခင်မင်လေးစားလျှက်

Anonymous said...

Hi 5,

မဆုမွန် ကစားသလို မျိုး ၊ မဆုမွန် စားခဲ့တဲ့ အစားလိုမျိုး၊ အားလုံးလုပ်ခဲ့ဖူးတယ်၊ တူတူပဲ။ သတိရသွားပြီ၊ နောက်တစ်ခုက မိုးသကြား ဇီးထုတ်ကို ပလပ်စတစ်ပါ ၀ါးစားပြီး အချိုတွေကုန်မှ ထွေးထုတ်တာ ပြီးတော့ နွေရာသီမှာ ဗုဒ္ဓဘာသာ သင်တန်း တက်ပြီး အဲဒီ သင်တန်းကျောင်းနားမှာ ဖွင့်တဲ့ ကွမ်းယာဆိုင်က ကွမ်းယာဝယ်ဝယ်စားတာ အဖေ သိသွားလို့ အဗြင်းခံရဖူးတယ်။

antylay said...

အံ့ ဖုံးအပေါက်ဖြစ်လို့တမင်း(၄)လ လောက်မစားရတာဖြစ်ဖူးတယ် အိုး။ပေါင်ချန် ကိုးဆယ် တောင်မပြည့်ပူး

Yu Ya said...

ကျွန်တော်လည်း သွားပိုးစားနေတာရှိတယ်အစ်မရေ.. ဆရာဝန်သွားပြရမှာကြောက်နေလို့ ကြိတ်မှိတ်ပြီး သွားပဲ ဖိတိုက်နေတာ.။ မနက်တစ်ခါ၊ နေ့လည်တစ်ခါ၊ ညတစ်ခါ. ဒါပေမယ့်တစ်ခါတစ်လေ အမာတစ်ခုခု စားပြီးရင် နည်းနည်းနာသလို ခံစာနေရတယ်။ အင်း.. ကြောက်ကလည်းကြောက်နဲ့..

yu ya

ကိုလူထွေး said...

ကာတွန်းစာအုပ်သေးသေးလေးတွေ ပါတဲ့ ဂျစ်တူးကို အခုမှ ပြန်သတိရသွားပြီ...

နောက်ပြီး ပဲလှော်ထုပ်လေးတွေမှာလဲ ဗလာစာအုပ်သေးသေးလေးတွေ ပါတယ် ထင်တာပဲ...

လွမ်းစရာလေးတွေပ

းဝ)

ဂျစ်တူး ( မုံရွာ ) said...

၂ ခေါက်တိတိဖတ်ဖြစ်တယ်-

Anonymous said...

မမရေ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆော့ခဲ့တာတွေ မမပြောမှပြန်သတိရမိတယ်ဗျာ ပေါင်ပေါင်သီးတွေ ဗာဒံ သီးထုစားတာတွေ ဖိနပ်အပေါက်တွေနဲ့ ဘီးလုပ်တာတွေ ဂျစ်တူးဇီးတော်ဖီတွေ ဟိဟိ မမက အကုန်ဆော့တာပဲ ကျွန်တော်တို့လို . . . .

သိင်္ဂါကျော် said...

ငယ်ဘဝ အလွမ်းပြေလေးပေါ့.. ငယ်ငယ်က လုပ်ခဲ့ဖူးတာတွေ ပြန်သတိရသွားတယ်။
ခုလို ကိုယ့်ဟာကို ရုန်းကန်ရတဲ့ ဘဝမှာတော့လည်း တစ်ယောက်တည်းပဲပေါ့...
အားတင်းထား အစ်မရေ..

မောင်မောင် said...

မဆုမွန် ကစားခဲ့တာတွေ ရေးပြတော့ ငယ်ငယ်က ကစားခဲ့တာတွေ ကို ကွက်ကွက်ကွင်းကွင်းပြန်မြင်နေတယ်။
အဲဒီ ဗာဒံသီးထုစား ရတာ ကလဲ အတော်ကောင်းတယ်ဗျာ။
သားရေကွင်းပစ်ဆော့တာ။ စစ်တိုက်တမ်းဆော့တာ။
ဂျင်ပေါက်တာ၊ စံရွှေမြင့်စားတာ၊ ဂျစ်တူးစားတာ။
သားရေဖိနပ် ကို ကားဘီးလုပ်တာ။ဟဟဟဟ
အကုန်တူနေတယ်။
တူမှာပေါ့ဗျာ တချိန်တည်းနည်းပါး ဖြတ်ကျော်ခဲ့ကြတာမယ်ထင်တယ်။
ရှိသေးတယ်ဗျ။ ငယ်ငယ် က ဘောလုံးကန်တာရယ်၊
မိုး ရေထဲမှာ ဂေါ်လီရိုက်တာ ရယ် စက်ဘီးစီးတာရယ်၊ ကျွန်တော် က ချော်တွင်းကုန်းသား ဆိုတော့ အဲဒီ တ၀ိုက်ပေါ့ဗျာ။
ခု ပါရမီလမ်းဆိုတာ မြေနီလမ်းကြီး၊ ကပစ က တီအီးကားတွေ နစ်နေတာ။ အဲဒီမှာ ဖိနပ်သားရေနဲ့ လှီးထားတဲ့  ကျွန်တော့် ကားလေး ဘီးရာတောင် အယင်က ရှိသေး။
ကျေးဇူးတင်တယ်။ အပေါ်က စာသားတွေ ရိုက်နေတုန်း ကလေးဘ၀ ပြန်ရောက်သွားတယ်။
ခုတော့ လည်း ကိုယ်တစ်ယောက်တည်း ရယ်
ကျွန်တော်လည်း ရေးချင်သေးတယ်။ ငယ်ငယ် က ဆော့ခဲ့တာတွေ ကို ပေါ့။ စာရေးကောင်းတဲ့  မဆုမွန် ကို အားပေးနေပါတယ်။