ပေါ့ပ်ဂီတဘုရင် မိုက်ကယ်ဂျက်ဆင် အမှတ်တရ

မနေ့က ရဟူးလ်သတင်း ရုပ်မြင်သံကြားမှာ ရိုက်ကြီးတင်ငိုရင်း မိုက်ကယ်ဂျက်ဆင်ရဲ့ သမီးလေး ပဲရစ်ကက်သရင်း ဂျက်ဆင်ရဲ့ ဆို့ဆို့နင့်နင့် တစ်လုံးချင်းစီ ပြောသွားတဲ့"I just want to say ever since I was born, Daddy has been the best father you could ever imagine... I just wanted to say I love him so much" စကားလုံးလေးတွေကို နားထောင်ရင် သမီးတစ်ယောက်ရဲ့ ဖခင်တစ်ယောက် သေဆုံးသွားရတဲ့ ကြီးမားလွန်းတဲ့ ဆုံးရူံးမူရဲ့ အပူသောကကို ထပ်တူခံစားမိပါတယ်. ဘာပဲဖြစ်ဖြစ် လောကကြီးက လူသား တစ်ယောက် ထွက်ခွာသွားတဲ့အခါ သွားသူထက် ကျန်ရစ်သူတွေမှာ ပူပင်သောက ဗျာပါဒကြီးစွာ ခံစားကြ ရပါတယ်။

ရင်ဘတ်သူရဲကောင်း သို့မဟုတ် မိုက်ကယ်ဂျက်ဆင်...ဖမ်းဆုပ်ရခက်ခဲတဲ့ ရင်ခုန်သံတွေ ဖြစ်လာအောင် ပေါ့ပ်သံစဉ်တွေနဲ့ ရဲတင်းစွာ စတင်လှုပ်နှိုး၊ ဒီ့နောက် သွက်လက်မြူးကြွ ဟန်ပန်အမူအယာ၊ ကကြိုးကကွက် ဆန်းပြားထွေလာနဲ့ ဟန်ချက်ညီညီ ချိတ်ဆက်ပေါင်းဖက် ပေးခဲ့သူ၊ ဒီလိုနဲ့ပဲ ပရိသတ်ကို ဟင်းလင်းပြင်ဆီ ဆင့်ကာဆက်ကာ ခေါ်ဆောင်သွားရင်း နယ်ပယ်သစ်တရပ်ကို မွေးဖွားပေးလိုက်ရာကနေ မိုက်ကယ်ဂျက်ဆင်ဟာ သူမတူတဲ့ လင်းလက်တောက်ပြောင် ကြယ်စင်တစင်းအဖြစ် ကမ္ဘာကျော်ကြား လူကြိုက်များခဲ့တာပါ။ သွားရိုးသွားစဉ် မဟုတ်တဲ့ ဖောက်ထွက်တီထွင်မှု၊ ပရိသတ်နဲ့ တသားတည်း ကျနမှုကြောင့် သူဟာ ထင်ပေါ်လို့ စင်တော်အကောက်ခံရတာပါ။ ပရိသတ်တွေရဲ့ ရင်ဘတ် (နှလုံးသား) ကို စကားလုံးတွေ၊ သံစဉ်တွေ၊ ကချက် ကကွက်တွေနဲ့ စက္ကန့်မခြား ညှို့ယူဖမ်းစားခဲ့သူ ပါရမီရှင်တဦးပါ။

ဆတ်တောက် ဆတ်တောက်နဲ့ ခြေခွင်လက်ခွင်တွေကို တဆစ်ချင်းချိုးပြီး ကပြ၊ ခြေအစုံကို ဇာတ်ခုံကြမ်းပြင်က နောက်ပြန်ဆွဲ ခေါ်သွားသလို ထင်မှတ်ရလောက်အောင် ခြေအကြွအဖွ အက၊ ရှေ့မှာ မှန်တချပ် ကာရံထားသလို သဘောထားပြီး အဲဒီစိတ်ကူးထဲက မှန်ကို လက်ဖ၀ါးနှစ်ဖက်နဲ့ ထိကပ်ဆွဲချ ကလို့က၊ ဒီလိုပါပဲ - ကြိုးတချောင်း ရှိနေသလို စိတ်ကူးနဲ့ဆွဲရင်း တရွေ့ရွေ့နဲ့ လူက ရှေ့ကို ပါသွားတာမျိုး၊ အဲဒီလို Break Dance – Moon Walk - မှန်ပွတ် - ကြိုးဆွဲ အကမျိုးတွေကို ကျကျနနကြီး ပြသသွားခဲ့ပါတယ်။ ပဉ္စလက် အကပညာရှင်၊ ကဝေ အကလို့ ခေါ်ရမလားပါပဲ။
လိုက်လုပ်ကြည့်ဖို့ထက်၊ ဘယ်လိုလုပ်သွားပါလိမ့်လို့ပင် တွေးရခက်ကြီး။ သီချင်းဆိုရင်း က၊ ကရင်း သီချင်းဆို။ အဆို-အက တပြိုင်ထဲကို တီးလုံးနဲ့ စက္ကန့်မခြား ၀င်ရထွက်ရတာ။ ခြေကို မြှောက်လိုက် ကွေးညွှတ်လိုက်၊ ခန္ဓာကိုယ် ချာလပတ်ရမ်း၊ ဆိုရင်း ကရင်း ဖျပ်ကနဲ ဖျပ်ကနဲ သူ့နေရာနဲ့သူ ကရတာပါ။ ဟန်ချက် တချက်ပျက်ရင်ပဲ အဖက်ဖက်က ယိုယွင်းသွားစရာ ရှိပါတယ်။ ပရိသတ်ရဲ့ စည်းချက်လိုက်သံ၊ လက်ခုပ်သံ တဖြောင်းဖြောင်း ကြားမှာ သူကိုယ်တိုင်လည်း ယစ်မူးနစ်မျောနေတာပါ။ သူ လှုပ်ရှား သီဆိုလိုက်ရင်ပဲ အသွင်အပြင် အကုန်လုံးက ဆန်းကြယ်နေပါတော့တယ်။ လူတကိုယ်လုံး ဘယ်နေရာကကြည့်ကြည့် ဂီတ၊ ပရိသတ်နဲ့ သူ့အစွမ်းအစတွေဟာ အသွေးအသားကျနလျက်ပါ။

ပြောင်ပြောင်လက်လက် ဖက်ရှင်ဒီဇိုင်း အမျိုးမျိုးနဲ့ လိုက်ဖက်အောင် ဆင်ယင်တတ်သူပါ။ ၅ ပေ ၁၀ လက်မ လောက် အရပ်ရှည်ပြီး၊ ပိန်လှီလှီခန္ဓာကိုယ်ကို ဇာတ်ခုံပေါ်မှာ ချိုးပြောင်း ကွေ့ကောက် ဆန့်တန်း ညွှတ်ကိုင်း ရှေ့နောက် ခုန်ပေါက် ကစားပြသွားတာပါ။ ဘယ်လောက်ပဲ ဆိုဆို၊ ကက ပရိသတ်အတွက် မမောနိုင်တဲ့ မျက်နှာပေး၊ ပြောပေါက်ဆိုပေါက်တွေကလည်း ပရိသတ်နဲ့ အတိုင်အဖောက် ညီမှညီ၊ တချို့အမျိုးသမီးတွေဆို သူ့ ဟန်ပန် အမူအယာကို ကြည့်နေရင်း၊ အော်ဟစ်အားပေးရင်း သတိလစ်တာတောင် ရှိတယ်။ သူက ပရိသတ် ထဲမှာ၊ ပရိသတ်ကလည်း သူ့ထဲမှာ။ တယောက်ရဲ့ ရင်ဘတ် တယောက် အပြန်အလှန် ၀င်ရောက်နေတဲ့ သဘော။

သူ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ အများကြီးပါ။ ''ထိခိုက်နာကျင်၊ ၀မ်းနည်းပူဆွေး၊ စိုးရိမ်ထိတ်လန့်နဲ့ ငိုကြွေးသေဆုံး နေရတဲ့ လူ့ကမ္ဘာမြေကို ပျော်ရွှင်ချမ်းမြေ့အောင် ကုစား၊ ပိုမိုကောင်းမွန်တဲ့ နေရာလေးအဖြစ် ဖန်တီးကြဖို့'' တိုက်တွန်းတဲ့ - Heal The World ။ ''လူမျိုး အသွေးအရောင် ခွဲခြားချို့တဲ့မှုတွေနဲ့ ပရိဒေ၀မီး တောက်နေတဲ့ လူသားမျိုးနွယ် တန်းတူညီမျှ ဆက်ဆံရေး ထူထောင်ဖို့'' လိမ်မာပါးနပ်စွာ ရေးသားကြွေးကြော်လိုက်တဲ့ - Black Or White ။ ''တို့တတွေဟာ ဘုရားသခင် ဖန်ဆင်းထားတဲ့ မိသားစုကြီးနဲ့ အမှန်တရားထဲက အစိတ်အပိုင်းလေး တခု၊ ချစ်ခြင်းမေတ္တာဟာ တို့အားလုံး လိုအပ်နေတဲ့ အရာခပ်သိမ်းပဲ၊ ဟန်ဆောင်မှုတွေနဲ့ နေ့စဉ်ရက်ဆက် ဘယ်လို ခရီးဆက်မလဲ၊ တခုတည်းအဖြစ် တို့တတွေ အတူတကွ ရပ်တည်ရအောင်ပါ'' ဆိုတဲ့ - We Are The World ။

မိုက်ကယ်ဂျက်ဆင်နဲ့ Lionel Richie တို့ ရေးစပ်ခဲ့တဲ့ We Are The World သီချင်းဟာ U.S.A for Africa – ''အာဖရိကအတွက် အနုပညာရှင်များ စုပေါင်းထောက်ပံ့ကူညီမှု'' ခေါင်းစည်းနဲ့ အာဖရိကအလယ်ပိုင်း ငတ်မွတ်ခေါင်းပါး ၆ နိုင်ငံအတွက် စားနပ်ရိက္ခာ ရန်ပုံငွေ ရှာတာပါ။ နာမည်ကြီး အဆိုတော်နဲ့ ဂီတပညာရှင်ပေါင်း ၅၀ နီးပါး တီးခတ်သီဆို၊ ထုတ်လုပ်ရောင်းချခဲ့တာပါ။

ဒီတပုဒ်ထဲပဲ ထုတ်လုပ်ရောင်းချရာမှာ ၁၉၈၅ ဧပြီ ၁၇ မှာ ဘေးလ်ဘုတ် ဟော့ဒ် ၁၀၀ အနက် နံပါတ် ၁ ၊ နိုင်ငံ ၂၀ မှာလည်း နံပါတ် ၁ နဲ့ ခေတ်သစ် ပေါ့ပ်ဂီတသမိုင်းတလျှောက် တပုဒ်တည်းသော သီချင်း အမြန်ဆုံး ရောင်းချနိုင်မှု မှတ်တမ်းတင်ခဲ့ပါတယ်။ ကော်ပီ ၈ သိန်းထုတ်ပြီး၊ ရက်ပိုင်းအတွင်း တသန်းခွဲအထိ ရောင်းထွက်ပါတယ်။ ဇွန် ၁ ရက်နေ့မှာ မှတ်တမ်းဗီဒီယိုခွေ ရောင်းပြန်တော့ အမေရိကန်တနိုင်ငံထဲတင် ၇ သန်းခွဲ ရောင်းရတယ်။ ရန်ပုံငွေကြောင့် သန်းချီရှိတဲ့ လူတွေကို ငတ်မွတ်ခေါင်းပါး ဘေးအန္တရာယ်ကနေ ကယ်တင်လိုက်နိုင်ပါတယ်။ တနှစ်တာ မှတ်တမ်းနဲ့ တနှစ်တာ သီချင်းတွေရဲ့ ဂရမ်မီဆု ၄ ခုအထိ ချိတ်ခဲ့တာပါ။

မိုက်ကယ်ဂျက်ဆင်ရဲ့ အောင်မြင်တဲ့ သူ့သီချင်းတွေဟာ တပုဒ်ချင်းအလိုက် အပျံစားဖြစ်သလို၊ အားလုံးကို ရောမွှေသမလိုက်တဲ့အခါ အပြင်းစား ရောင်စုံမီးတောက်ကြီးကို ဘွားကနဲ တွေ့ရမှာပါ။ လူသားမျိုးနွယ်တရပ်လုံး လက်ရှိ ရင်ဆိုင်နေရတဲ့ ဆင်းရဲမှု၊ ခွဲခြားချိုးနှိမ်မှု၊ စစ်မက်ဖြစ်ပွားမှုတွေကို မီးမောင်းထိုးပြသလို၊ နေရာစုံ လူမျိုးစုံ လူသားအားလုံး ငတ်မွတ်တောင့်တနေတဲ့၊ အားလုံးမှာရှိသင့်တဲ့ ချစ်ခြင်းမေတ္တာကို အဓိက ညွှန်ပြနေတာပါ။

ချစ်ခြင်းမေတ္တာ မပါဘဲ တကိုယ်ရည်ကအစ မိသားစု၊ မိတ်ဆွေတို့အလယ် လူမျိုး၊ နိုင်ငံနဲ့ ခေတ်ကမ္ဘာကြီးအဆုံး ငြိမ်းချမ်းဖွယ် မရှိတာ၊ ကွဲပြားခြားနားတဲ့ အသားအရောင်၊ လိင်၊ လူမျိုး၊ စီးပွားရေး၊ အမြင်သဘောထားအပေါ် စည်းစိမ်ဥစ္စာ ရာထူးအာဏာနဲ့ ခွဲခြားနှိပ်စက်နိုင်ပေမယ့် အေးချမ်းတဲ့ နှလုံးစိတ်ဝမ်း ရင်ဘတ်ကို မွေးထုတ်နိုင်မှာ မဟုတ်ကြောင်း သီချင်းတွေနဲ့ ဟောပြောသွားတာပါ။ ဒါကြောင့်လည်း သူဟာ တခေတ်တယောက် ပေါ်ပေါက်ဖို့ ခဲယဉ်းတဲ့ လူစားမျိုး ဖြစ်လာခဲ့သူပါ။ လန်ဒန်မှာ စင်မြင့်ဂီတပွဲ ၅၀ လောက် သွားပြဖို့ ပြင်ဟယ်ဆင်ဟယ် လုပ်နေတုန်း ၂၀၀၉ ခု ဇွန် ၂၅ မှာ ကွယ်လွန်သွားပါတယ်။ သွေးလည်ပတ်မှု ပုံမှန်မဖြစ်ရာကနေ နှလုံးခုန်နှုန်း ရပ်တန့်သေဆုံးတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ (စစ်ဆေးမှုတွေ ပြုလုပ်နေဆဲ)။ လူ သေသွားပေမယ့် သူ့သီချင်းတွေနဲ့ ကကွက်တွေဟာ နှစ်ပေါင်းများစွာ ရှင်သန်သွားမှာပါ။

၁၉၅၈ ခု သြဂုတ် ၂၉ မှာ အမေရိကန် အင်ဒီယားနားပြည်နယ် Gary မှာ မွေးဖွား၊ မွေးချင်း ၉ ဦးအနက် သတ္တမမြောက်၊ ၆ နှစ်သားအရွယ်မှာ သူ့အကိုတွေရဲ့ ဂီတ၀ိုင်းမှာ စတင်ပါဝင်၊ ၁၀ နှစ်အရွယ်မှာ အဖွဲ့အမည်ကို Jackson 5 လို့ အမည်ပေး၊ Motown တေးထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်၊ သူက ပင်တိုင်အဆိုတော်၊ ၁၁ နှစ်သားမှာ ပထမဆုံး ရုပ်သံဖျော်ဖြေမှု စတင်၊ သူတို့ဝိုင်းက ပထမဆုံးထုတ် I Want You Back – ABC – The Love You Save – I'll Be There သီချင်း ၄ ပုဒ်ဟာ ဘီလ်ဘုတ် ပေါ်ပြူလာသီချင်းစာရင်းမှာ နံပါတ် ၁ ရရှိ၊ ABC ရုပ်သံက Jackson 5 ကာတွန်းဇာတ်လမ်းတွဲတွေ ထုတ်လွှင့်၊ ၁၉၇၂ ခုနှစ်မှာ သူဆိုတဲ့ Ben သီချင်းဟာ နံပါတ် ၁ နေရာရ။

၁၉၈၂ ခုနှစ်မှာ သူရဲ့ Thriller တေးစုဟာ ဂီတလောကနဲ့ ကပြဖျော်ဖြေမှုလောကကို အကြီးအကျယ် ပြောင်းလဲ၊ Thriller တေးစု သန်း ၅၀ ကျော် ရောင်းချကာ ကမ္ဘာ့အရောင်းရဆုံး နံပါတ် ၁ တေးအယ်လ်ဘမ်အဖြစ် ၃၇ ပတ်ကြာ စံချိန်တင်၊ Thriller ဗီဒီယိုထဲမှာ Moon Walk (လပေါ်လမ်းလျှောက်အက) ကို ကမ္ဘာ့ဂီတပရိသတ် စတင်မြည်းစမ်းခွင့်ရ။

သူ့ကိုယ်ရေး အကြောင်းအချက်တချို့ကို ကြားညှပ်ပြောချင်ပါတယ်။ သူ ၂၈ နှစ်အရွယ် ၁၉၈၆ ခုနှစ်အတွင်းမှာ သတင်းတပုဒ် ထွက်ပါတယ်။ အဲဒီတုန်းက - သူ့ထက် အသက် နှစ်ဆကြီးတဲ့ ဟောလိဝုဒ် မင်းသမီးကြီး အဲလိဇဘက်တေလာကို အိမ်ထောင်ပြုဖို့ ကမ်းလှမ်းပါသတဲ့။ မင်းသမီးကြီးက မိတ်ဆွေထက် နေရာပိုမပေးပါဘူး။ သူကတော့ သူ့အိမ်ခန်းတွေထဲမှာ မင်းသမီးကြီးရဲ့ ရုပ်ရှင်ဗီဒီယိုခွေတွေကို လူမရှိလည်း တနေကုန် တနေကန်း မရပ်မနား ဖွင့်ခိုင်းထားတယ်လို့ ဆိုပါတယ်။ သူဟာ ဖန်ပေါင်းချောင်ထဲမှာ အိပ်လေ့ရှိတယ်ဆိုတာ ဓာတ်ပုံတွေနဲ့ သတင်းထွက်ပါတယ်။

မျက်နှာ ခွဲစိတ်မှု အကြိမ်ကြိမ်လုပ်ခဲ့သလို၊ အရေပြား အမည်းကနေ အဖြူဖြစ်အောင် ဒေါ်လာသန်းချီ အကုန်ခံပြီး ပြုပြင်ခဲ့သူပါ။ ဝေဖန်မှုတွေကို အချိန်အတော်ကြာ ခံခဲ့ရပါတယ်။ သူကတော့ အမည်းမို့ ခွဲခြားတာကို၊ ဖြူပြတာပါ၊ ခန္ဓာကိုယ်ထဲက အသွေးအသားက အမည်းသွေးပါပဲ။ သိတဲ့အတိုင်း သူ့သီချင်းတွေက ဖြူခြင်း၊ မဲခြင်း မရှိ - ''ခွဲခြားချိုးနှိမ်မှု မှန်သမျှ မေတ္တာနဲ့ အံတုကြ'' ဆိုတာတွေပါ။ ဘယ်ဘက်က ခွဲခြားမှုပဲ ဖြစ်ပါစေ သရော်လိုဟန် ရှိပါတယ်။

သူဟာ ကလေးတွေကို အတော် ချစ်ပါတယ်။ ညအိပ်ညနေ အတူရှိတတ်တယ်။ ၁၉၉၃ ခုနှစ်မှာ သားဖြစ်သူကို မဖွယ်မရာ လုပ်တယ်လို့ မိဘက စွပ်စွဲလို့ ဒေါ်လာ ၂၃ သန်းပေး ကြေအေးခဲ့ရဖူးတယ်။ ဒါ့အပြင် နောက်ထပ် မိဘက ဒီလိုပဲ စွပ်စွဲပြန်လို့ ၂၀၀၅ ခုနှစ်မှာ တရားဆိုင်ရပြီးနောက် ၄ လအကြာမှာ အမှုပြတ်ခဲ့တယ်။ အိမ်ထောင် နှစ်ဆက်ရှိခဲ့ရာမှာ ကမ္ဘာကျော်အဆိုတော် အဲလ်ဗစ် ပရက်စလေရဲ့ သမီး အဆိုတော် Lisa Marie Presley နဲ့ ပထမ။ ဒုတိယက သူနာပြုဆရာမ Debbie Rowe ပါ။ ဒုတိယအိမ်ထောင်ဆက်နဲ့ သားတဦး၊ သမီးတဦး၊ နောက် - ဥရောပကနေ ခေါ်ယူမွေးစားခဲ့တဲ့ သားတဦး ကျန်ရစ်ပါတယ်။

ဂီတဘက်ကို ပြန်လှည့်ရရင် တေးဂီတ ဂရမ်မီဆု ၁၃ ဆုနဲ့ တခြားဆုတွေလည်း ရပါတယ်။ သီချင်းခွေပေါင်း သန်း ၇၅၀ ရောင်းချခဲ့ပြီးပါပြီ။ လန်ဒန်ပွဲစဉ်တွေအတွက် ဒီနှစ် မတ်လမှာ လက်မှတ်တွေရောင်းတော့ လက်မှတ် ၇ သိန်းခွဲကျော် ပြိုက်ကနဲ ကုန်ပါတယ်။ သူ့ကို ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစာအုပ်မှာ သမိုင်းတလျှောက် အောင်မြင်မှု အရဆုံး ဖျော်ဖြေတင်ဆက်သူအဖြစ် မှတ်တမ်းတင်ပါတယ်။ လူကသာ သေဆုံးပေမယ့် မှတ်တမ်းကောင်းတွေ ချန်ရစ်ခဲ့သူပါ။

ပေါ့ပ်ဂီတဘုရင် သူရဲကောင်းဟာ ဂီတလောကနဲ့ ပရိသတ်တွေရဲ့ ရင်ဘတ် (နှလုံးသား) ထဲမှာ ထာဝရ နေရာယူသွားမှာပါ။ လူတွေက သူရဲကောင်းတွေကို ချစ်တာဟာ၊ သူရဲကောင်းတွေကလည်း လူတွေအတွက် လက်တွေ့ အကျိုးပြု လုပ်ငန်းတွေနဲ့ သူမတူအောင် ကြိုးပမ်းစွမ်းဆောင်ခဲ့လို့ပါ၊ နှစ်နှစ်ကာကာ ချစ်ပြနိုင်ခဲ့လို့ပါ။ နာမည်ကြီးရုံ၊ အောင်နိုင်ရုံနဲ့တော့ သူရဲကောင်း မဖြစ်ပါဘူး။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာရှင် ဗိုလ်သန်းရွှေတို့ ကမ္ဘာကျော်တာချင်း တူနိုင်ပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်သာ ရင်ဘတ်သူရဲကောင်း ဖြစ်လာတာပါ။ ကမ္ဘာကြီးကလည်း သူ့ကို အကျိုးပြုတဲ့ သူတွေကိုပဲ ဆက်လက်နမ်းရှုပ်သွားမှာပါ၊ သူလိုလားတဲ့ ရင်ဘတ်မျိုးတွေကိုပဲ သူ့ရင်ခွင်ထဲမှာ နှစ်ပေါင်းများစွာ ပွေ့ဖက်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အင်ပြည့်အားပြည့်ရှိတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ထွန်းဖို့အတွက် ချစ်ခြင်းမေတ္တာတရားတွေ ဆောင်ကြဉ်းပေးနိုင်တဲ့ ရင်ဘတ်သူရဲကောင်းတွေ လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။ ရင်ဘတ် သူရဲကောင်း … ။ ။

အများပြည်သူ၊ ကမ္ဘာ့ပြည်သူ အကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ စိတ်ဓာတ်အားဖြင့်၊ အတွေးအခေါ်အားဖြင့်၊ လုပ်ရပ်အားဖြင့် ရဲဝံ့စွာ လုပ်ကိုင်ဆောင်ရွက် ဖောက်ထွက်ကြမယ့် ရင်ဘတ် သူရဲကောင်းများ ထွန်းကားနိုင်ပါစေ …..။

(ပေါ့ပ်ဘုရင်အပေါ် ဂုဏ်ပြုစကားများ၊ တေးစီးရီး ရောင်းချနေမှုများ၊ အကြွေးများ- အမွေပြဿနာနှင့် အခြား ကိုယ်ရေးအချက်များ၊ ကျန်းမာရေးနှင့် သေမှုသေခင်းဆိုင်ရာ၊ စီစဉ်ပြီး ဂီတပွဲစဉ် အခြေအနေ၊ သူ့ဈာပန .. စသည်များကို စာမျက်နှာအခက်အခဲကြောင့် ချန်လှပ်ခဲ့ရပါသည်။)

ရဲရင့်အောင် (နယူးဒေလီ)
ဆောင်းပါးပေးပို့ ပေးတဲ့အတွက် ဆရာရဲရင့်အောင်ကို အညာနွေတမာမြေမှ ကျေးဇူးအထူးတင်ရှိပါတယ်၊
အညာနွေတမာမြေဘလော့ခ် မှ တဆင့် မိုက်ကယ်ဂျက်ဆင်ပို့စ်လေးကို ကြိုက်နှစ်သက်လွန်းသဖြင့် ကူးယူတင်ပြခြင်းဖြစ်ပါတယ်။ ဖော်ပြခွင့်ပြုတဲ့ ဘလော့ခ်ပိုင်ရှင်သူငယ်ချင်းဇနီးမောင်နှံကို ကျေးဇူးအထူးတင်ပါတယ်။

4 Comments:

မေဇင် said...

အရင်က မိုက်ကယ်ဂျက်ဆင် အကြောင်းကို ဒီလောက် မသိဘူး...ခု အစ်မ ရဲ့ ပိုစ့်လေး ကိုဖတ်လိုက်မှ ပဲ သိပြီး နှမြောရကောင်းမှန်းသိတော့တယ်..။ ဒါပေမယ့် သိတဲ့ အချိန်မှာ...သူမရှိတော့ဘူး....း(

ကိုလူထွေး said...

အဲ့သီချင်းစပ်တာ Lionel Richie လဲပါတယ် ဆိုတာ အခုမှသိတာ။

မိုက်ကယ်ဂျက်ဆင် ရေးတယ်လို့ပဲ သိထားလို့လေ...

Unknown said...

မိုက်ကယ်အကြောင်းလေးဒီလိုပြည်စုံစုံသိရတဲအတွက်ကျေးဇူ.ပါပဲခင်ဗျာ

Unknown said...

မိုက်ကယ်အကြောင်းလေးဒီလိုပြည်စုံစုံသိရတဲအတွက်ကျေးဇူ.ပါပဲခင်ဗျာ