ကိုယ့်ဘာသာ အချုပ်ပြန်ချထားမိတဲ့ အကျယ်ချုပ်လေးနာရီ

မနက်အိပ်ယာက နိုးတော့ စိတ်ရော လူုရော တော်တော်ကြီးကို ကြည်ကြည်လင်လင်ပဲ နာရီကြည့်တော့ မနက်၁၀နာ၇ီကျော်နေပြီ ညက တစ်ညလုံး ဆေးနက်လုံးတန်ခိုးနဲ့ ရှိသမျ ကုန်သွားတော့ ဗိုက်ထဲ တော်တော်ဟာနေတယ်။ ရေမိုးချိုး ခေါင်းလျော် အ၀တ်လဲ အလှပြင်နဲ့ နာရီဝက်လောက်ကြာသွားတယ် အင်တာနက်တစ်ချက်ဖွင့်ပီး မောင်လေးကို လက်ဘက်ရည်ဆိုင် ထိုင်ဖို့ ခေါ်လိုက်သေးတယ်။ သူက မလိုက်တော့ဘူး အလုပ်ရူပ်နေတယ်ဆိုတာနဲ့ ကိုယ်တစ်ယောက်တည်း အေးဆေးပဲ ဆိုပြီး လေလေးတချွန်ချွန်နဲ့ အိမ်ထဲမှာ ရှိသမျ တံခါးပေါက်တွေ အကုန်လိုက်ပိတ်မိတယ်။ အရင်ကဆို အပြင်ထွက်မယ်ဆို ၀င်းတံခါးကိုပဲ ပိတ်ပြီး ဆိုင်ကယ်မောင်းထွက်နေကျ။

ဒီနေ့တော့ ကြမ္မာငင်ချင်တော့ နောက်ဖေးက တံခါးမကြီးကို အသေအချာ ဆွဲပိတ် နောက် တံခါးဂျက်ကို အဆုံးအထိ သေသေချာချာ ထိုးလိုက်တယ်။ အိမ်ခန်းနှစ်ခန်းစလုံးက အဲကွန်းကိုပိတ် အခန်းမီးတွေပိတ် ရေချိုးခန်းက မီးကို ပိတ် တံခါးကိုအသာဆွဲစေ့ နောက် တအိမ်လုံးကို လှည့်ပတ်ကြည့်လိုက်တယ် အားလုံး အိုကေ။ အော် မေ့တော့မလို့ ပိုက်ဆံအိတ်။ ပိုက်ဆံအိတ်ကို ကောက်ယူ နောက် ဖိနပ်ဝတ်ဖို့ ရူးဖိနပ်မစီးချင်တာနဲ့ ပေါ့ပေါ့ပါးပါး မြန်မာခြေညှပ်ဖိနပ်လေးပဲ စီးတော့မယ်ဆိုပြီး ခြေညှပ်ဖိနပ်သားရေအနက်လေးကို ကောက်စွပ်ပြီး အိမ်ကို လှည့်ပတ်ကြည့်လိုက်သေးတယ်။ နောက် အိမ်ပြင်ရောက်တော့ အရင်အမြဲတမ်း စေ့ရုံ စေ့ထားခဲ့လေ့ရှိတဲ့ အိမ်ရှေ့တံခါးမကြီးကို လော့ခ်ကျအောင် ဆောင့်ပိတ်လိုက်တယ်။ တစ်ချက်နဲ့ လော့ခ်မကျလို့ နောက်တစ်ချက် လော့ခ်ကျအောင် ထပ် ဖိပိတ်လိုက်တဲ့အခါ ဂျောက်ခနဲ လော့ခ်ကျသွားပါတော့တယ်။ အဲ့ဒီ့အချိန်ကျမှ ဟယ်!!!!!!!!!!! သွားပြီ သော့တွေ အိမ်ထဲမှာ အကုန်ကျန်ခဲ့ပြီဆိုတာ သတိရလိုက်တယ်။

ဂယောင်ကတမ်းနဲ့ သော့ကို ဆွဲဖွင့်လိုက်တဲ့အခါမှာတော့ တံခါးမကြီးဖြစ်တဲ့ သကောင့်သားက တုတ်တုတ်တောင်မလူပ်ပဲ လော့ခ်ကျပြီး ပိတ်နေပြီဖြစ်ပါတယ်။ ကျွန်မစိတ်ထဲ တော်တော်ပူထူသွားပါတယ်။ အဲ့တာနဲ့ ခြံဝင်းထဲကနေ ဆိုင်ကယ်ဆီကို လျောက်လိုက်ပါတယ်။ နောက် ၀င်းတံခါးမကြီးကလည်း စတီးသော့ခလောက်ကြီးက ထီးထီးကြီး ခတ်ထားပါတယ်။ ကျွန်မ အော်ငိုချင်စိတ်ပေါက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အိမ်တံခါးမကြီးက သော့ရယ် ဆိုင်ကယ်သော့ရယ် ၀င်းတံခါးသော့ရယ်က တတွဲတည်း ကျွန်မ ချိတ်ထားလို့ပါပဲ။ အဲ့တာနဲ့ ဖုန်းဆက်ဖို့သတိရပြီး ကျွန်မ ဖုန်းထိုးထည့်နေကျ ဘောင်းဘီအိတ်ကို ကမမ်းကတမ်း စမ်းလိုက်တဲ့အခါမှာတော့ ဖုန်း ဖုန်း!!! ဖုန်းလည်း အိမ်ထဲမှာ မေ့ကျန်ခြဲ့ပီဖြစ်ပါတယ်။

ကံဆိုးလှတဲ့ ကျွန်မ အော်လို့သာ ငိုချင်ပါတော့တယ်။ ကျွန်မအခုနေတဲ့ အိမ်က လုံးချင်းတိုက်ပုလေးပါ။ ကျွန်မနေတဲ့ ထိုင်းတွေရဲ့ အိမ်ဖွဲ့စည်းမူ ထုံးစံက တစ်အိမ်လုံးကို ပတ်ပတ်လည် သံတိုင်တွေနဲ့ ပိတ်ကာထားတာပါ။ လူတစ်ကိုယ်စာလေးတောင် ထွက်ပေါက်မရှိပါဘူး။ နောက်ဖေးကိုပြေးတော့လည်း ခုနက ကျွန်မကိုယ်တိုင် သေသေချာချာ တံခါးကို ခတ်ထားတဲ့အတွက် ဘယ်လိုမှ ဖွင့်ရစရာမရှိပါဘူး။ အိမ်ပတ်ပတ်လည်က တံခါးပေါက်တွေကလည်း သံပန်းတံခါးတစ်ထပ် တရုတ်ကပ်မှန်တစ်ထပ် ခြင်လုံသံဇကာတစ်ထပ် သုံးထပ်ကာထားတော့ ဘယ်လိုမှ ဖွင့်ရစရာမရှိပါဘူး။ ခြံဝင်းတစ်ခုလုံးကတည်း သံတိုင်တွေ အမိုးအထိ သံချွန်တွေနဲ့ ပတ်ပတ်လည် ပိတ်နေအောင် ကာထားတဲ့ ခြံထဲမှာ အိမ်ထဲလည်းဝင်လို့မရ အိမ်ပြင်လည်းထွက်လို့မရ ဖုန်းလည်းမရှိ ကျမ ကောင်းကောင်း ရွာပတ်ပါတော့တယ်။

ကျွန်မရဲ့အိမ်အနီးအနားမှာလည်း မြန်မာအိမ်က တစ်အိမ်ပဲရှိပါတယ်။ သံတိုင်တွေကြားက အပြင်ကို ချောင်းကြည့်တော့ ကျွန်မအိမ်နဲ့ တော်တော်ကြီး မလှမ်းမကမ်းမှာရှိတဲ့ သူ့အိမ်တံခါးမကြီးးကလည်း ပိတ်ထားပါတယ်။ ဘေးပတ်လည်ဝဲယာမှာကလည်း ထိုင်းတွေချည်းပါပဲ။ သူတို့ကလည်း မနက်ဝေလီဝေလင်းအလုပ်လုပ်ကျတော့ ဒီအချိန်ဆို ပြန်ပြီး အိပ်နေကြတဲ့အချိန်ဖြစ်နေပါတယ်။ ကျွန်မ သံတိုင်ကနေ မြင်ရတဲ့ အိမ်ရှေ့လမ်းမကလည်း ဒီနေ့ကျမှ ထူးထူးခြားခြား ဖြတ်သန်းသွားလာနေကျ ကိုယ်ရွှေမြန်မာတွေ အသံတောင် သဲ့သဲ့မကြားရတော့ ကျွန်မ တော်တော်ဂယောင်ကတမ်းဖြစ်နေပြီဖြစ်ပါတယ်။

နောက် ကျွန်မအိမ်ရှေ့က ထိုင်းလမ်းသရဲလေးတွေ အိမ်က ထိုင်း၀၀တုတ်တုတ်ကလေးတစ်ယောက် ကွန်ပျူတာခုံမှာထိုင်နေတာ လှမ်းမြင်ရတော့ ကျွန်မ သူ့ကို အော်ခေါ်ပါတယ် ကံက ဆိုးချင်တော့ သူက နားကျပ်တပ်ပြီး ကိုယ်ကို လူပ်နေပါတယ်။ ကျွန်မလည်း အော်ခေါ်ရတာ အာခေါင်တောင် ကွဲလာပါပြီ။ နောက် သူ ကျွန်မ ခုန်ပြီး အော်ခေါ်နေတာမြင်တော့ လှမ်းကြည့်ပါတယ်။ နောက် သူပြန်လှည့်သွားပါတယ်။ ခြံထဲကနေ အော်ခေါ်နေတော့ သူ့အထင် သူ့ကို ခေါ်တယ်မထင်ဘူးဖြစ်မှာပါ။ အဲ့တာနဲ့ အသံပြာအောင် အော်ခေါ်တော့မှ သူ နားကျပ်ကို ချွတ်ပြီး ကျွန်မကို မေးဆတ်ပြပါတယ်။ ကျွန်မက ထိုင်းလို ကယ်ပါ ကယ်ပါဆိုတော့ သူက သီချင်းနားထောင်နေတုန်း ဇိမ်ပျက်သွားလို့ ဘာလဲမသိဘူးဆိုတဲ့ပုံစံနဲ့ မျက်နှာမသာမယာနဲ့ ထလာပါတယ်။ ကျွန်မလည်း လက်ဟန်ခြေဟန်နဲ့ အိမ်ထဲမှာ သော့ကျန်ခဲ့ကြောင်းပြောတော့ သူသိပ်နားလည်ဟန်မပြပါဘူး။ အဲ့တာနဲ့ ဘေးနားက အိမ်က လူတွေ နိုးလာကြပြီး ကျွန်မကို အထူးအဆန်းလာကြည့်ပါတယ်။

နောက်မှာ မြန်မာစကားအနည်းအကျဉ်းနားလည်တဲ့ ထိုင်းအမျိုးသမီးက ဘေးကလူတွေကိုရှင်းပြတော့မှ ကျွန်မ အိမ်ထဲမှာ သော့မေ့ကျန်ခဲ့လို့ ခြံထဲမှာ ပိတ်မိနေတာကို သိကုန်ပါတယ်။ သူတို့လည်း ရှိသမျ သော့အစုံလိုက်ထုတ်ပေးပြီး အိမ်တံခါးမကို ဖွင့်ဖို့ လုပ်ပေမယ့် သူတို့လည်း ခြံထဲဝင်လို့မရတော့ ကျွန်မ ချွေးဒီးဒီးကျအောင် သော့တွေ တစ်ချောင်းချင်းဖွင့်တာမှာ ဘယ်လိုမှ ဖွင့်မရဖြစ်နေပါတယ်။ အဲ့တာနဲ့ အိမ်ရှေ့ကနေ မြန်မာတစ်ယောက် စက်ဘီးလေးစီးပြီးလာပါတယ်။ ကျွန်မအိမ်ရှေ့မှာ ထိုင်းတွေနဲ့ ကျွန်မနဲ့ တိုင်တွေပတ်နေတာတွေ့တော့ သူက ဘာကူပေးရမလဲလို့မေးတော့ ကျွန်မ အခုဖြစ်နေတဲ့ပြသနာအတွက် သူလည်း စက်ဘီးတစ်စီးနဲ့ သော့ဖွင့်နိုင်တဲ့သူကို လိုက်ရှာပေးပါတယ်။ ဖြစ်ချင်တော့ ဒီနေရာလေးမှာ သော့ပြင်တဲ့သူ အနီးအနားမှာ မရှိပါဘူး။ သွားခေါ်ရင်လည်း တော်တော်ဝေးဝေးနေရာကို သွားခေါ်ရမှာဖြစ်ပြီး သော့ပြင်တဲ့သူ ရှိမရှိ သော့ပြင်တဲ့သူက လိုက်မလိုက်ဆိုတာလည်း သိပ်မသေချာဘူးဖြစ်နေပါတယ်။

အဲ့တာနဲ့အဲ့မြန်မာကောင်လေးက အစ်မ ဖုန်းခေါ်ချင်ရင် ကျတော့်ဖုန်းကနေ ခေါ်ပါဆိုတော့မှ ပိုပြီး ရွာရောက်သွားပါတယ်။ ကျွန်မ ဦးနှောက်ထဲမှာ မှတ်မိတာ ကျွန်မဖုန်းနံပတ်နှစ်ခုပဲ မှတ်မိပါတယ်။ ကျွန်မ ဖုန်းနံပတ်တွေလည်း တစ်ခုမှ အလွတ်မရတော့ပါဘူး။ အဲ့တာနဲ့ အဲ့ကောင်လေးက ၀င်းတံခါးမကြီးက သော့ကို ဖျက်ဖို့ တူအကြီးကြီးနဲ့ ဆောက်ကြီး ယူလာပါတယ်။ အဲ့တာလည်း အတွင်းက ခတ်ထားတာမို့ အတွင်းကနေ ကျွန်မ အားနဲ့ ထုရိုက်ပီး ဖျက်ဖို့လုပ်ပေမယ့် သော့ရဲ့ခိုင်ချက်ကတော့ တူချက်ကို တုတ်တုတ်တောင် မလူပ်ဘူးဖြစ်နေပါတယ်။

အဲ့တာနဲ့ ကျမလည်း ခြေကုန်လက်ပမ်းကျ ဘေးကကူတဲ့သူတွေလည်း ခြံဝင်းသော့လဲ ဖွင့်မရ အိမ်တံခါးလည်းဖွင့်လို့မရဖြစ်နေတော့ သူတို့လည်း သော့ပြင်တဲ့သူရှိနိုင်တဲ့နေရာတွေကို ကူစဉ်းစားပေးနေကြပါတယ်။ အဲ့သလို ဖြစ်နေတဲ့အချိန်ဟာ တဖြေးဖြေးနဲ့ ကြာလာပြီ သူတို့လည်း ဖုန်းတွေနဲ့ဆက်ပီး သော့ပြင်တဲ့သူရှိနိုင်မယ့်နေရာတွေကို ဟိုမေး ဒီမေးနဲ့ ကျမကို ခနလေး ပြန်လာကြမယ်ဆိုပြီး ထွက်သွားကြပါတယ်။ ရေလည်းဆာ ငိုလည်းငိုချင်နဲ့ လေးနာရီလောက် ကြာလာပြီဖြစ်ပါတယ်။ အဲ့ဒီ့မှာ စာတိုက်ပုံးလေးထဲက အင်တာနက်ဘေလ်ဆောင်ရမယ့် စာအိတ်လေးကို လှမ်းမြင်လိုက်ပါတယ်။ ကမမ်းကတမ်း စာအိတ်ကိုဖွင့်ကြည့်တော့ လိုင်းဖုန်းနဲ့ကလည်း ဆက်လေ့ဆက်ထမရှိတော့ ဖုန်းနံပတ်တွေကို ကမမ်းကတမ်းရှာကြည့်တော့ ကျွန်မဆက်သွယ်လို့ရနိုင်မယ့် ဖုန်းသုံးခုပဲ စာရင်းထဲမှာ တွေ့ပါတယ်။

အဲ့တာနဲ့သောပြင်တဲ့သူလိုက်ရှာပေးနေတဲ့ မြန်မာကောင်လေး စက်ဘီးနဲ့ပြန်လာတဲ့အချိန် ဖုန်းတောင်းဆက်လိုက်တော့ တစ်လုံးက မ၀င် တစ်လုံးက မကိုင် နောက်ဆုံးတစ်လုံးကျမှ တူခနဲ ၀င်သွားတော့ ဆုမွန်ပါ အိမ်ထဲမှာ သော့ကျန်ခဲ့ပြီး အခုဒုက္ခရောက်နေလို့ ခြံထဲမှာ ပိတ်မိနေလို့ ကူပါဆိုတော့ ကိုင်တဲ့သူက တခြားတစ်နေရာကိုရောက်နေတဲ့ဖုန်းဖြစ်နေတယ် အဲ့တာနဲ့သူလည်း သိပ်နားလည်ပုံမရဘူး ဒါပေမယ့် အေးအေး အိမ်ကို လူတွေလွှတ်ပေးမယ် မပူနဲ့ စောင့်နေ စောင့်နေဆိုတော့မှ စိတ်ကို ဒုံးဒုံးချဖြစ်တယ်။

စိတ်မောလူမောနဲ့ ခြံဝင်းထဲမှာ ထိုင်ချလိုက်မိပါတော့တယ်။ ဖြစ်သမျ အကြောင်း အကောင်းချည်းပဲလို့ပဲမှတ်လိုက်တယ်။ သောပြင်တဲ့သူလည်းမရှိ သော့ကို သူတို့လာလည်း ဘယ်လိုဖွင့်ကြမယ်မသိ ဘာပဲဖြစ်ဖြစ် မိတ်ဆွေတွေရောက်လာရင်တော့ အဖြေသိမှာပါလို့ဆိုပြီး ထိုင်စောင့်နေလိုက်တော့ တစ်နာရီလောက်နေမှ ကားနဲ့ရောက်လာကြပါတယ်။ကျွန်မအဖြစ်ကို သူတို့လည်း ရောက်ခါစက သိပ်မသိပါဘူး။ ဆုမွန် သူ့ကိုသူ ပြန်အချုပ်ကျထားလို့ ဒုက္ခရောက်နေတယ် သွားကယ်ပါဆိုလို့ လာကယ်ကြတာလို့ ရယ်ပြီးပြောပြပါတယ်။သူတို့ ကို အဓိက ပြသနာကို ပြောပြတော့ သူတို့ ကျွန်မအိမ်တံခါးမကြီးကို ဖွင့်နိုင်ဖို့ သံချောင်းတွေနဲ့ပတ်ကာထားတဲ့ ခြံဝင်းထဲဝင်မှ ရမယ်ဆိုတာ အဖြထုတ်ကြပါတယ်။ နောက်တော့ အမိုးဘက်ကနေ ကာထားတဲ့ သံချောင်းတွေကြားထဲက လူတကိုယ်စာအပေါက်လေးကနေ အတင်းတွယ်တက် ကျော်တက်ပြီး ၀င်လိုက်တဲ့အချိန်မှာတော့ ကျမသူငယ်ချင်းကိုယ်လုံးလေးနဲ့ ရွှတ်ခနဲ ၀င်လို့ရပါတော့တယ်။ ကျမလည်း အဖော်ရပြီဆိုပြီး အားရပါးရ ခုန်ပေါက်မိပါတယ်။ နောက်မှ ကျမသူငယ်ချင်းက ခြံထဲက တွေ့တဲ့ သံချောင်းတစ်ချောင်းနဲ့ ကုတ်ကတ်ပြီး ကလော် ထိုး ကလန့် လုပ်ပီး ဖွင့်လိုက်တဲ့အခါမှာတော့ ကျွန်မရဲ့ အိမ်တံခါးမကြီး ပွင့်သွားပါတော့တယ်။

ကျမ တံခါးမကြီးပွင့်သွားချိန်မှာ ပျော်တဲ့အပျော်လောက် တစ်ခါမှ မပျော်ဘူးပါဖူး။ ၀င်းတံခါးကို အပြေးအလွှားဖွင့် အိမ်နောက်ဖေးတံခါးကို ဖွင့်။ ပိတ်ထားတဲ့တံခါးတွေကို အကုန်ဆွဲဖွင့်ပြီး အားရပါးရ ခုန်ပေါက်မိပါတယ်။ ကိုယ့်ဘာသာ ကိုယ်လော့ခ်ချမိလို့ ခြံဝင်းထဲမှာ အကျယ်ချုပ်ကျသလိုဖြစ်ခဲ့ရတဲ့ေးလနာရီကျော်ကျော်ဟာ တကယ့်ကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်က အင်းစိန်သီးခြားတိုက်ထဲက ကြိုးတိုက်ထဲမှာ အချုပ်ကျခံရတဲ့ခံစားချက်နဲ့ ထပ်တူပါပဲ။ မွန်းကျပ်ခြင်း လှောင်ပိတ်ခြင်း အကျဉ်းချခံရသလို ပိတ်လှောင်ခံရသလို ခံစားချက်က အပြင်ကလူတွေနဲ့ဆက်သွယ်လို့ရနေပါရက် ပြန်ထွက်လို့ရမယ်ဆိုတာ သိပါရက်နဲ့တောင် အခုလိုမျိုး ခနလေး အပိတ်ခံလိုက်ရတာကို မခံစားနိုင်ရင် နှစ်ရှည်လများ လွတ်ရက်မသိ ထောင်ဒဏ် နှစ်ငါးဆယ်ကျော် ခြောက်ဆယ်ကျော် ရှစ်ဆယ်ကျော် ရာချီပြီး အချုပ်ခံရတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ စိတ်မွန်းကျပ်မူ ကိုယ်မွန်းကျပ်မူတွေကို ကိုယ်ချင်းစာမိပြီး အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းမိတယ်။