ကဲ ဒီစနေ တနင်္ဂနွေ အားလပ်ရပ်မှာ တော့ အိမ်မှာ မုန့်ဟင်းခါးချက် စားဖြစ်ပါတယ်ရှင်။ အခုတလော မုန့်ဟင်းခါး လုပ် စားချင်စိတ်တွေပဲ ပေါ်နေတယ်လေ။ အမှန်အကန် စားသုံးသူ မုန့်ဟင်းခါးချစ်သူ ညီမလေးကို မုန့်ဟင်းခါး ချက်ကျွေးဖို့ တစ်ယောက် တည်း စိတ်အေးလက်အေးနဲ့ မုန့်ဟင်းခါး ချက်စားဖြစ်ပါတယ်။ ကျွန်မ ချစ်သူ ကတော့ မုန့်ဟင်းခါးဆို မြင်တာနဲ့ စိတ်ပျက်လက်ပျက် ဒီနေ့တော့ သေပါပြီ အာခေါင်ခြစ် အော်ပါ တော့ တယ်။ ကျွန်မ ကြိုက်လွန်းလို့ တစ်နေ့တစ်နေ့ ဘယ်လောက် ချက်စားဖြစ်လဲဆိုရင် မုန့်ဟင်းခါးတောင်း သေးသေး လေး တွေကို ထပ်ထပ်ပြီး ကြွပ်ကြွပ် အိတ်ကြီးနဲ့ထည့်ထားတာ လျှံနေပါပြီ။
မုန့်ဟင်းခါး ချက်နေရင်း သူငယ်ချင်းတွေကို မုန့်ဟင်းခါး အလွယ် ချက်နည်းလေး ပြောပြမယ်နော်။ အရင်ဆုံး ဂျင်းတက်လေး နည်းနည်း၊ စပါးလင်နည်းနည်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ပဒဲကောတက်လေး ကျန်လို့သူ့ပါ နည်းနည်း ထည့်နွှာလိုက်တယ်။ အကုန်နွှာပြီးချိန် မှာတော့ အကုန် ပေါင်းပြီး ညက်နေအောင် ထောင်း လိုက်တယ်။ ကြက်သွန်နီ ကိုတော့ လေးစိတ်လေး တုံးထား တယ်။နောက်ပြီးတော့ နုတ်ခမ်းမွှေးနဲ့ငါး ငါးခူထင်တယ်နော် အဲ့တာကို မီးကျပ်တိုက်ကင်ထားတာ တစ်ကောင် ၀ယ် ထား တာကို အရေခွံ လေးတွေ ခွာပြီး အသားလေးတွေချည်း မျှင်ယူတယ်။ ထိုင်းမှာက ငါးအရှင်တွေကိုပဲ ထု ထောင်း ရိုက်နှက်ပြီး ရောင်းပေးလို့ အရင်က ငါးအရှင် ခေါင်းထုကို ပြုတ်ချက်ရတာ စိတ်ထဲ တော်တော်လေး မကောင်း တာနဲ့ နောက်ပိုင်း ငါး ကျပ်တိုက် ကင်လေး တွေပဲ ၀ယ်စားဖြစ်တော့တယ်။
ကဲ ဟင်းချက်ဖို့ အသင့်ဖြစ်ပြီဆိုတော့ မြန်မာပြည်ကလာတဲ့ မွှေးတံဆိပ် ပဲအကျက်မူန့်ကို ရေအေးအေးနဲ့ ဖြေးဖြေး ချင်း မွှေပြီး ချေထားတယ်။နောက် ကြက်ဥလေးတွေကို ပြုတ် နှစ်ခြမ်း လေးတွေ အရင်ခွဲပါတယ်။ ပြီးရင် တော့ ပါးပါး လေးတွေ တစ်ချို့ လှီး တစ်ချို့ လေးစိတ် ခွဲထည့်မှာပါ။
ဟင်း စချက် ပါတော့မယ်။ ဆီထည့်ပြီး ဆီကျက်ပြီ ဆိုတာနဲ့ ခုနက ညက် နေအောင်ထောင်းထားတဲ့ ကြက်သွန်ဖြူ ဂျင်းတက် စပါးလင် တွေကို ထည့်မွှေ ပါတယ်။ နနွင်းမူန့်နဲ့ ငရုတ်သီး အစိမ်းမူန့်ကို ထည့်မွှေ ပါတယ်။ နောက် ပုဇွန်ငါးပိ နည်းနည်း ထည့်ပါတယ်။ အားလုံး ကြွပ်နေအောင် ဆီသတ်ပြီးချိန်မှာတော့ ခုနက ငါးအသားမျှင် လေး တွေကို ထည့်ပြီး ဆီနာနာသတ်ပါတယ်။ ငါး အသား ကျေ သလောက် ရှိပြီ ဆိုရင်တော့ ခုနက ငါးခေါင်း လေးတွေ အရိုးလေး တွေ ကျန်တာကို ထောင်းထားတဲ့ ငါးရည်ကို စစ်ပြီး ထည့်ပါတယ်။ နောက် ပဲမူန့် ဖျော်ရည် ကို ထည့် ပါတယ်။ ရေအလောတော် လောက်လေး ထည်ပြီး ဟင်းအိုးကို ဖြေးဖြေး ချင်း မွှေပြီးချိန် မှာတော့ အချိုမူန့် ဆား နည်းနည်း ငံပြာရည် အချိုရည်ကို အပေါ့အငံ လိုသလို မြည်းပြီး ထည့်ပါတယ်။
ဟင်းရည် ပွက်ပွက် ဆူ လာတဲ့ အချိန်မှာ ကြက်ဥခြမ်း လေးတွေ ကို အစိတ် သေးသေး လေးတွေ စိတ်ပြီး ဟင်းရည် ထဲကို ထည့်ပါတယ်။ နောက် ဟင်းရည် ကျက်တဲ့အချိန်မှာတော့ ကြက်သွန်ဥနီ စိတ်လေးတွေ ကို ထည့် ပါတယ်။ နောက်ဆုံးမှာတော့ ငရုတ် ကောင်းစေ့ လေးတွေကို မူန့်ညက်နေအောင် ထောင်းထားကို အပေါ်က ဖြူးလိုက် ပါတော့ တယ်ရှင် ကဲ မုန့်ကျက်ပြီ နော်။ မုန့်ဟင်းရည် ကျအောင်တော့ နည်းနည်းလေး စောင့်ပေး ပါဦး နော်။ကဲ ဒါတွေကတော့ မုန့်ဟင်းခါးထဲ ထည့်စားဖို့ အဆာပလာလေးတွေပါ။ ကြက်သွန်နီနဲ့ အအီပြေ သံပုရာသီး စိတ်လေး တွေပါ။ ကျွန်မ ကတော့ မုန့်ဟင်းခါးပဲ ဖြစ်ဖြစ် မုန့်တီပဲ ဖြစ်ဖြစ် အုန်းနို့ ခေါက်ဆွဲပဲ ချက်စားစား ဘာပဲ စားစား ကြက်သွန်နီ ပါးပါး လှီးတာကို ထည့်စားပါတယ်။
ဒါကတော့ နံနံပင် လတ်လတ် ဆတ်ဆတ် အရွက် ဖားဖားလေးတွေနဲ့ ပဲသီးစိမ်း တောင့် ကြွပ်ကြွပ် လေးတွေ။ နောက် ကျွန်မ ကြိုက်လို့ သိပ်ချိုတဲ့ ထိုင်းပဲပင်ပေါက် ဖြူဖြူ ထွားထွားလေးတွေ ထည့်စားပါတယ်ရှင်။
ကဲ စားကြစို့နော် မုန့်ဟင်းခါးဖတ် စား နိုင်သ လောက်လေး ထည့် ကြိုက် တတ်ရင်တော့ ဟင်းရည်ထဲက ဘဲဥဖတ် များများ ကြက်သွန်နီဥ များများ ထည့်နော် နံနံပင်လေး ညှပ်ထည့် ပဲသီးလေး ပါးပါးလှီးထည့် ပဲပင်ပေါက်နဲ့ ကြက်သွန်နီကြိုက်ရင် ထည့်ပေါ့။ ဆီချက် လေးလဲ ထည့်စားနော် မွှေးမွှေး ချိုချိုလေး နောက် သံပုရာသီးလေး တစ်စိတ် လောက် ညှစ်ထည့် မွှေးလဲ မွှေးတယ် အအီလဲ ပြေတယ်။ နောက်ဆုံးကတော့ မဆုမွန် အကြိုက် ငရုတ်သီးမူန့် တစ်ဇွန်း အပြည့် မောက်မောက် လေး ထည့်စားတယ်။ ကဲ မြန်မာပြည် အလွမ်းပြေ မုန့်ဟင်းခါးလေး ချက်စားဖြစ်တယ် ကိုယ့်လက်ရာ တော့ ကိုယ် အမြဲကြိုက်တယ် အားပေးတယ် ဘယ်သူစားစား မစားစား ပေါ့။ ညီမလေးနဲ့ ကိုယ်နဲ့ အပြတ် တီးတာ တစ်ယောက် သုံးပန်းကန် ဒယ်အိုးကို တစ်ဝက်ကျိုးရောပဲ။ အစ်မညို အတွက်ကတော့ ပန်းကန်လုံး ရှိဘူးကွယ် ပန်းကန်ပြားသလိုလို လုံးသလိုလို လေးပဲရှိတယ် ဒါလေးနဲ့ပဲ စားနော် အအေးမြန်တယ်။ ကျွန်မ ဘလော့ခ် လေးကို အလည်လာတဲ့ သူငယ်ချင်းတွေလဲ အ၀စားသွားကြနော်။
မုန့်ဟင်းခါးစားရအောင်လေ
Posted by မဆုမွန် at Sunday, May 24, 2009 10 comments
Labels: ရိုးရာအစားအစာ
အလွမ်းပြေ အချမ်းပြေ ဟောဒီက အာပူလျှာပူ
အခုတလော စိတ်တွေလဲ မကောင်း လူလဲ နေမကောင်း အလုပ်တွေလဲများ လမ်းတွေလဲ သလားနဲ့ အေးအေးဆေးဆေး အစားမစားဖြစ်တာ နောက် ထမင်းစားပျက်နေတာ တော်တော်ကြာနေပါပြီ။ အိမ်ကို တော်တော်လေး သတိရ ဖြစ်တဲ့ နေ့တွေပေါ့။ အမေနဲ့ အဖေက အိမ်မှာဆို ဘာလေးပဲဖြစ်ဖြစ် စားချင်လာ အောင် အမြဲလုပ်ပေးတယ်။ သမီးကြီး ဒါလေးနည်းနည်းလေးဖြစ်ဖြစ် စားလိုက်ပါလား ဒါလေးစားကြည့် ဟိုဟာလေးမြည်းကြည့်ပါလားနဲ့ အဲ့လိုမျိုး အတင်း ချော့မော့ ကျွေးလေ့ရှိတယ်လေ။ ဟူးး အခုတော့ ကိုယ်မစားရင် ကိုယ်ငတ်ပဲ။ အခုတော့ အလုပ်တွေရူပ်နေလို့ စိတ်ရူပ်ပြေအောင် ကော်ဖီခါးခါးတွေပဲ တစ်ခွက်ပြီး တစ်ခွက်သောက် ယမ်ယမ်ခေါက်ဆွဲထုတ်တစ်လှည့် ကြာဆံမိတ်တလှည့်နဲ့ အဆာပြေရုံ စားဖြစ်တယ်။ စိတ်ထဲမှာလည်း ဘာမှကို စားချင်စိတ်မရှိဖြစ်နေတာဆိုတော့ ဘာစားစား အဆင်မပြေဘူးဖြစ်နေပါတယ်။ ဒီနေ့ တော့ ဘန်ကောက်မှာ မိုး ပျပျလေး အုံ့နေပါတယ်။ ညက စားဖို့ဝယ်ထားတဲ့ ဆားမီးကင် ငါးကျပ်တိုက်က ဒီအတိုင်း ပါကင်မပျက် ရှိသေးတာနဲ့ ရခိုင်မုန့်တီ အာပူလျှာပူ စပ်စပ်လေး ဆုမွန်နည်း ဆုမွန်ဟန်နဲ့ ချက်သောက်ဖို့ စိတ်ကူး ရပါတယ်။
ဆားသိပ်ပြီး မီးကင်ထားတဲ့ ငါးမီးဖုတ်လေးကို အရေခွံနွှာပြီး ငါးအသားတွေ သပ်သပ် နွင်လိုက်ပါတယ်။ ပထမဆုံးဒယ်အိုး ငရုတ်သီးစိမ်း တောင့်လေးတွေကို ရေနဲ့ခမ်းတဲ့အထိ ပြုတ်ပြီး လှော်ပါတယ်။ နောက် ကြက်သွန်ဖြူ ကြက်သွန်နီ ပါးပါးလှီးထားတာလေးတွေကို နနွင်းမူန့်လေးနဲ့ အကြွပ်လေး ကြော်ပါတယ်။ နံနံပင်လေးတွေကို ရေစင်အောင် ဆေးပြီး တစ်ချို့ကို အညွန့်အတိုင်း တစ်ချို့ကိုတော့ ရိပ်ရိပ်လေးတွေ လှီးထားပါတယ်။ ကျွန်မက ကြက်သွန်နီ ကြိုက်တော့ ပါးပါးလေးတွေ လှီးထားပြီး ရေစစ်အောင်ညှစ်ထားပါတယ်။
ဟင်းစချက်ပါပြီ။ ဆီအကပ်လေး နည်းနည်းကျန်တဲ့ ဒယ်အိုးထဲမှာ နောက် ငါးအသားမျင်လေးတွေနဲ့ ပုဇွန်ငါးပိစိမ်းနည်းနည်းလေးကို နှံ့ပြီး ထပ်ထပ်လေး ဖြစ်အောင် နာနာမွှေလိုက်ပါတယ်။ ငါးပိနံ့လေးပျောက် ငါးအသားလေးတွေလဲ မွ သလောက်ရှိရော အိုးထဲကို ရေနွေးလောင်း ထည့်လိုက်ပါတယ်။ ဟင်းရည် ပွက်ပွက်ဆူအောင် စောင့်နေတဲ့အချိန် ပဒဲကောမြစ် နုနုလေး နှစ်တက်လောက်ကို ညက်အောင် ထောင်း နောက် ကြက်သွန်ဖြူ နည်းနည်း ထောင်းထားတယ်။ နောက် ငရုတ်ကောင်း အစေ့လေးတွေကို မူန့်ညက်နေအောင် ထောင်းပါတယ်။ ဟင်းရည် ပွက်ပွက်ဆူလာတဲ့အချိန် ခုနက ညက်နေအောင် ထောင်းထားတဲ့ ပဒဲကောရယ် ကြက်သွန်ဖြူရယ် ထည့်လိုက်ပါတယ်။ နောက် ဟင်းချိုမူန့်နဲ့ ဆားရယ် ငံပြာရည်ရယ် ကို ကိုယ်ကြိုက်တဲ့ အရသာ အနေတော်လေး မြည်းပြီး ထည့်ပါတယ်။ နောက် ဟင်းရည်က ကျိုက်ကျိုက်ဆူလာတဲ့အခါမှ ဟင်းရည်ထဲ ငရုတ်ကောင်းမူန့်ကို ဖြူးလိုက်ပါတယ်။ ကဲ မုန့်ကျက်ပြီ စားကြစို့နော်။
ထိုင်းမှာ မုန့်တီကို ပလက်စတစ်အုပ်ထားတဲ့ ခြင်းလေးနဲ့ထည့်ပေးတယ် အိမ်မှာ အဲ့လိုခြင်းတောင်းလေးတွေ တထပ်ကြီးပဲ ဘယ်လောက်မုန့်တီစားလဲ မစားလဲဆိုတာ သက်သေပေါ့။ ဒါကမုန့်ဟင်းခါးဖတ် တစ်ကီလို တောင်းလေး ၂၅ဘတ် ပေးရတယ်။ဒါက မန်ကျည်သီးအချဉ်ပျစ်ပျစ်လေး ( အိပ်ငိုက်နေတဲ့ ညီမလေး မိုးခါး အကြိုက် သူ့ကိုတော့ ချက်ပြီးပြီးချင်း ပို့လိုက်တယ် အိပ်ချင်ပြေစားရအောင်)
ဒါက နံနံပင် နုတ်နုတ်စင်း (ကီလိုဝက် ကို ၁၅ဘတ် အများကြီးရတယ် နံနံပင်အရွက်က စိမ်းနေတာပဲ အရွက်ကလဲ အကြီးကြီးတွေ လတ်ဆတ်နေတာပဲ )နဲ့ မြန်မာကြက်သွန်နီ ပါးပါးလှီး( ထိုင်းကြက်သွန်နီက ကြီးပြီး အရည်ရွှမ်းတယ် စားမကောင်းဘူး)
ဒါက ကြက်သွန်နီနဲ့ကြက်သွန်ဖြူဆီချက် လှတယ်နော် ရွှေရောင်လေး
ဒါက ငရုတ်သီးစိမ်းထောင်းစပ်စပ်လေး ၁၀ဘတ်ဖိုးဆို စားပါလေ့ တစ်ပုံကြီးပဲ စပ်ချက်ကတော့ မပြောနဲ့တော့
ကဲ သူငယ်ချင်းတို့ ဘလော့ခ်အလည်ရောက်တုန်းလေ မုန့်ဖတ်လေးထည့် နံနံပင်လေး ဖြူး ကြက်သွန်နီလေး ကြိုက်ရင် ထည့် ဆီချက်လေးလဲ မမေ့နဲ့ အချဉ်ကြိုက်ရင် မန်ကျည်းနှစ်လေးဆမ်း လေးလေးစားချင် ငံပြာရည်လေး တစ်စက် နှစ်စက် ပေါက် ဟင်းရည်က အရမ်းဆူနေပြီ ငါးဖတ်များများလေး ထည့်နော် ကဲ အကုန်ထည့်ပြီးရင်တော့ ရောသမမွှေပြီး ရူပ်နေတဲ့စိတ်တွေ လေးနေတဲ့ကိုယ်တွေ ချွေးတွေရော ဘာတွေရော ညာတွေရော အကုန်ပွင့်ထွက်သွားအောင် ငရုတ်သီးထောင်းများများလေးထည့်ပြီး စပ်စပ်ပူပူ အာပူလျှာပူလေး အားရပါးရ စားကြပေတော့နော်။
Posted by မဆုမွန် at Thursday, May 21, 2009 13 comments
Labels: ရိုးရာအစားအစာ