တံလျှပ်ရွှေပြည် အပိုင်း (၇)

အွန်လိုင်းမှာ လာစုမိနေကြသည့် ငယ်ငယ်တုံးက သူငယ်ချင်းတွေရဲ့နံမည်သစ်တွေကို ငေးမောရင်ခုန်လျှက် စိတ်လှုပ်ရှား နေမိသည်။ ဥရောပကတယောက်….အမေရိကားကနှစ်ယောက်၊ နော်ဝေကတယောက် အင်္ဂလန်ကတယောက်၊ ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းထဲက ၃ ယောက်… ကိုယ်ကမြန်မာပြည်ထဲက …ကိုယ့်အကြောင်း သူ့အကြောင်းတွေဖလှယ်လိုက်ကြတာ အချိန်တွေအကုန်မြန်လိုက်တာ…ဟုပင် နာရီလက်တံကို နောက်ပြန်ဆွဲထားလိုက်ချင်သေးသည်လေ။


“အခု ငါတို့နေရာမှာ အရမ်းအေးနေပြီ။ ဒီနေ့ရေခဲမှတ်အောက်ကျနေတယ်” ဟု အမေရိကန်က သူငယ်ချင်းဝေငြိမ်းဆီက စာတန်းလေးတက်လာသည်။ ခနနေရင် ငါ့အိမ်ရှေ့ကနှင်းပုံနဲ့ဓာတ်ပုံရိုက်ထားတာပို့ပေးလိုက်မယ်ဟု ဆက်ရေးလာသည်။ “မင်းက အေးတာစာဖွဲ့နေ ငါနေနေတဲ့ နော်ဝေမှာ နေ့ခြောက်လ ညခြောက်လနဲ့သွားနေတာ၊ နေရောင်မြင်ဖို့မပြောနဲ့ နေ့အလင်းရောင်တောင်မရှိဘူးဟ” ဟု နော်ဝေကသူငယ်ချင်းက ၀င်ပြောသည်။

ညခြောက်လဆိုသည့်စကားက ကိုမျိုးနိုင်စိတ်ကိုအတော်လေးပုတ်နှိုးလိုက်သည်။ နိုင်ငံများစွကို သူက နိုင်ငံရေးရှုဒေါင့်ကသာလေ့လာမှတ်သားခဲ့ဖူးသည်။ ပထ၀ီဝင်အနေအထားအရမှာတော့ သူအတော်လေး လေ့လာဖို့လိုသေးတာပဲဟု တေးမှတ်လိုက်သည်။ သည်အချိန်မှာပဲ ဝေငြိမ်းပို့လိုက်သော သူ့ဓာတ်ပုံရောက်လာသည်။

“မင်းဓာတ်ပုံရောက်လာပီ”ဟု လှမ်းပြောတော့ ဝေငြိမ်းက “မင်းတို့ဆီကအင်တာနက် access တွေက အရမ်းနှေးတယ်ဆို လို့ ပုံဆိုက်ဒ်တွေချုံ့ပေးလိုက်တယ်။ ပုံအရည်အသွေးကတော့ သိပ်ကောင်းမှာမဟုတ်ဘူး။ အမှတ်တရမြင်ရရုံပေါ့ကွာ” ဟုပြန်ရေးသည်။
နှင်းတွေဖွေးနေသောအိမ်ရှေ့မှာ ထွက်ရပ်နေသော သူငယ်ချင်းရဲ့ မျက်နှာက အရင်ကထက် ဖြူလာသော်လည်း နှင်းတော ထဲမှာ ထူပွသောအ၀တ်ကြီးထဲဝင်နေရသော သူငယ်ချင်းမျက်နှာမှာ မြန်မာဆန်သောအငွေ့တွေ မပျောက်သေးတာ ကိုတော့ သူ ခံစားရဆဲဖြစ်သည်။

“မင်းက ဆံပင်ရှည်ကို ခုထိကြိုက်တုံးနော်”
“ကြိုက်လို့မဟုတ်ဘူးဟ၊ အမေရိကန်ငွေချေစနစ်ကိုမကြိုက်လို့မညှပ်တာ။ မင်းစဉ်းစားကြည့်ကွာ။ ဆံပင်ဆိုင်ထဲဝင်သွား တော့ လျှော်တာနဲ့ ညှပ်တာ (၁၆) ဒေါ်လာလို့ရေးထားတယ်။ အိုကေ ပေါ့လေ။ ခေါင်းလျှော်တော့လည်း ရှမ်ပူတွေ ပြောင်အောင်ရေကိုသေချာများများသုံးပြီး ပြန်ဆေးမပေးဘူး။ ထားပါတော့ အိမ်ပြန်ရောက်ရင် ပြန်လျှော်မယ်ပေါ့။ ဆံပင်ဖြတ်ပီးတော့ ငါ့ဆံပင်က အထူကြီးနဲ့ ရေကစက်လက်ပဲရှိသေးတယ်။ အဲဒီအမျိုးသမီးက မေးတယ်။ Do you want your hair to be dry, if you want to you have to pay $5 more, totally $21. တဲ့”
ဘောက်စ်ထဲမှာ ရယ်ပုံမျိုးစုံ အီးမိုရှင်နယ်အရုပ်ကလေးတွေ ပလုံ ပလုံ..ဆိုပြီးတက်လာကြသည်ကိုကြည့်ရင်း ကိုမျိုးနိုင်ရယ်မိလေသည်။

“ခေါင်းလျှော်ရင် ခြောက်အောင်ပြန်လုပ်ပေးရတာ ဆံပင်ညှပ်ဆိုင်တွေရဲ့ထုံးစံပဲ။ မင်းနားကြားလွဲလို့လားကွာ”
“ဟေ့ကောင်၊ ငါ ဒီမှာနေတာဆယ်နှစ်ကျော်ပီကွ၊ ဒီအခြေခံစကားလောက်ကို နားမလည်လောက်အောင် မထူဘူး၊ It is really nasty business.”
ဒိန်းမတ်ကနေ လှမ်းမေးပြီးဆွလိုက်သော ဆွေမျိုးက အီမိုးရှင်နယ်ရုပ်ကလေးပေါင်းများစွာကို အတောမသတ်လွှတ် ပေးနေတော့သည်။

“ပီးတော့ တစ်ပ်မဲန်းနီးကလည်းပေးရသေးတယ်။ တကယ်ရွံဖို့ကောင်းတဲ့ စီးပွားရေးပုံစံ၊ ငါနားလည်တာက တစ်ပ်ပေးတယ် ဆိုတာ ကပ်စ်တမ်မာက ၀န်ဆောင်မှုကောင်းတဲ့ အလုပ်သမားကို သဘောကျလို့မုန့်ဖိုးပေးတယ်လို့ပဲ။ ဒါပေမယ့် ဒီမှာက ရာခိုင်နှုန်းနဲ့ပေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရှင်က အလုပ်သမားကို လခနည်းနည်းလေးပဲပေးထားပီး တစ်မန်းနီး ကသာ သူတို့တကယ်ရတဲ့လခလိုမျိုးလုပ်ထားတာကိုး။

တကယ်တန်းကျ သူ့အလုပ်အတွက်သူငှားထားတဲ့အလုပ်သမားကို ကပ်စ်တန်မာက လခပေးနေရတာပဲ။ အလုပ်သမားလခကို တခါတည်းတင်ယူထားပီး သူ့ဖာသာသူပေးတာက စိတ်ထဲ ခံသာသေးတယ်။ အခုကျတော့ သက်သက်မဲ့လူပါးအ၀ခံနေရသလိုခံစားရတယ်။ အခွန်လည်းဖြတ်တယ်။ တစ်ပ်လည်း ပေးရတယ်။ စားသောက်ဆိုင်များသွားရင် ထိုင်ခပါပေးရသေးတယ်။ အဲဒါကြောင့် ငါဆံပင်မညှပ်ဘူး။ ဆိုင်မှာထိုင်စားတဲ့ အကျင့်သိပ်မလုပ်ဘူး။ ဆံပင်သိပ်ရှည်လာရင်တော့ ကင်ဆာရောဂါဖြစ်လို့ ခေါင်းပြောင်နေတဲ့ လူနာတွေအတွက် ဆံပင်တုလုပ်ဖို့ သွားလှူလိုက်တယ်”

“နေရာတခုမှာ ဆယ်နှစ်ကျော်နေပီးတာတောင် အသားကျမလာသေးဘူးဆိုရင် ပြဿနာရှိတယ်နော်” ဟု အင်္ဂလန်က သူငယ်ချင်းက လှမ်းသတိပေးသည်။

“ငါသိပါတယ်။ ဒါပေမယ့် တတ်နိုင်သမျှ လိုက်လျှောညီထွေနေနိုင်အောင်ကြိုးစားပါတယ်။ ဒါပေမယ့် တချို့အခုလိုဟာမျိုးမှာတော့ ငါ့စိတ်ငါ အလိုလိုက်ထားမိတာပဲ။ ဘယ်သူ့မှမထိခိုက်ဘူးလေ။ ငါ့ပိုက်ဆံငါချွေတာတာ။”

“ငါတို့တိုင်းပြည်လောက်တော့ ရာသီဥတုအဆင်ပြေ၊ အစစအရာရာပြည့်စုံချစ်ဖို့ကောင်းတဲ့မြေမျိုး မရှိတာတော့ အမှန်ပါပဲကွာ”
အိမ်လွမ်းနာကျနေကြသည့် သူငယ်ချင်းတွေစာကိုဖတ်ရတော့လည်း ဒီမှာ မွန်းကျပ်မှုနဲ့ တင်းခံနေရတာက အမှန်လား။ အပြင်ကိုလွတ်မြောက်အောင်ထွက်သွားနိုင်ကြသူတွေက အမှန်လား ကိုမျိုးနိုင်စိတ်မှာ မဝေခွဲတတ်အောင်ဖြစ်ရပြန်သည်။

“ငါတို့ကတော့ မင်းရွံနေတဲ့ အခင်းအကျင်းတွေဆီကို တိုးဝင်ဖို့ ခြေလှမ်းကျွံမိပြီး ဝေငြိမ်းရေ” ဟု ကမ့်ထဲက သူငယ်ချင်းတွေက ၀င်ပြောလာသည်။

“ဒါကတော့ ကိုယ်ကျရာဇာတ်ရုပ်အတိုင်း ရွေ့ကြရတာပဲ။ အမှန်အမှားဆိုတာက အခြေအနေနဲ့ အချိန်အခါအလိုက် လူပုဂ္ဂိုလ်တယောက်ချင်းစီကြုံရတဲ့ သီးသန့်အခက်အခဲအလိုက် သီးသန့်တည်ရှိနေမှာပါ။ ဒါကို စိတ်ပျက်နေဖို့ ကိုယ့်အစီအစဉ်ဖျက်ပစ်ဖို့တော့ မလိုပါဘူးကွာ”

ဒိန်းမတ်ကသူငယ်ချင်းကတော့ မင်းစီးပွားရေးအဆင်ပြေရဲ့လား ဟု ကိုမျိုးနိုင်ကို လှမ်းမေးသည်။ သူငယ်ချင်းတွေထဲက ဘယ်သူတွေအထဲရောက်နေပြီး ဘယ်သူတွေက အပြင်မှာလည်း…ဆက်ပြီးတိုက်ပွဲဆင်နေတဲ့သူငယ်ချင်းတွေ ဘယ်နှစ် ယောက် ကျန်သေးလဲဆိုတာကိုတော့ ဘယ်နိုင်ငံကသူငယ်ချင်းကပဲဖြစ်ဖြစ်မေးရှာကြသည်။

နောက်ပြီး သူတို့က ထောင်ထဲ ရောက်နေသောသူငယ်ချင်းတွေ၏မိသားစုတွေကို ထောက်ပံ့ဖို့စကားပြောကြသည်။ အားလုံးတပြေးညီ သဘောတူနိုင်ကြ တာက တော်လှန်ရေးလုပ်မည့်မျိုးဆက်သစ်လူငယ်တွေမှာ အသိတရားနှင့် ခေတ်နှင့်လျှော်ညီသော နည်းပညာတွေ လိုအပ်သည်ဆို တာပါပဲ။

အင်္ဂလိပ်စာအရမ်းညံ့သော တောသားကိုအောင်ဆန်းကလေးက နိုင်ငံရေးကိုတစိုက်မတ်မတ်လုပ်လာချိန်တွင် အင်္ဂလိပ် တွေဆီက လွတ်လပ်ရေးတောင်းဖို့ အင်္ဂလိပ်စကားပြောတတ်ဖို့လိုကြောင်း ပြောခဲ့ရေးခဲ့တာကို သူတို့ပြန်သတိရကြသည်။ ကိုအောင်ဆန်းက သူကိုယ်တိုင်ပြောတာကို ဖြစ်အောင်လည်း လုပ်နိုင်ခဲ့သည်။

အာဏာပိုင်တို့၏သားသမီးများက ခေတ်မီပညာရေးကိုသင်ကြားနိုင်ချိန်မှာ ကိုယ့်ဘက်ကမျိုးဆက်က အခြေခံပညာ အထက်တန်းစရိတ်လောက်ကိုပင် မတတ်နိုင်တော့သည့်အတွက် ဈေးတောင်းခေါင်းရွက် နေရသည့်သမီးတွေ… ဆိုက်ကား နင်းနေရသည့်သားတွေရဲ့ မျိုးဆက်အကြောင်း သူတို့ဆွေးနွေးဖြစ်ကြသည်။

အိမ်လခ..ထောင်ဝင်စာ… ဆန်ဖိုး.. ဆိုတာတွေရဲ့အောက်မှာ နစ်မြုပ်နေရသည့် လူငယ်ဘ၀တွေကို သူတို့ပစ်ပယ် လျစ်လျှူရှုထားပါက မျိုးဆက်တွေ တဆက်ပြီးတဆက် ညံ့သထက်ညံ့လာလျှင် တိုင်းပြည်ကို အဖတ်ဆည်၍မရနိုင်တော့မှာကို တွေးပူမိသည်။

“အဲဒီတော့ကွာ၊ ပညာတော်ရဲ့သားနဲ့ အလုပ်တဖက်နဲ့ မိသားစုကိုထောက်ပံ့နေရလို့ ပညာရေးမှာ အခက်တွေ့နေတဲ့ ဘယ်ကလေးမဆိုကို ထောက်ပံ့ဖို့ ငါတို့ တခုခုစီစဉ်ကြရအောင်။ ကိုယ့်ပတ်ဝန်းကျင် တနိုင်တပိုင်စီပေါ့”

“မင်းက အတွင်းမှာရှိနေတဲ့သူဆိုတော့ မင်းပဲပြောလေ။ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ”
“ငါတို့အနေနဲ့ ကလေးတွေဘာလုပ်ချင်တယ်ဆိုတာ အရင်သိဖို့လိုမယ်။ ဥပမာ အင်္ဂလိပ်စာသင်တန်းတက်ချင်တဲ့သူကို ကျူရှင်လခထုတ်ပေးနိုင်ဖို့”

“တခုရှိတာက ငါတို့က ပိုက်ဆံပို့ပေးနိုင်ရင်တောင် သူတို့အချိန်ကို သူတို့မဲန်းနိတ်ခ်ျလုပ်နိုင်မလား ဆိုတာ ထည့်တွက်ဖို့ လို မယ်။ မိသားစုအတွက်လိုအပ်ချက်အတွက် တပတ်မှာ ခုနစ်ရက်လုံးအလုပ်လုပ်နေရတဲ့လူငယ်တွေအများကြီးပဲ။ ဒါတောင် ငွေကြေးဖောင်းပွတဲ့ဒဏ်ကြောင့် တလနဲ့တလ အလျဉ်မမီကြဘူး”

“ငါစဉ်းစားမိတာတခုပြောမယ်နော်” ဟုနော်ဝေက အေးအေးတင့်က ၀င်ပြောသည်။

“အင်း”
“ငါ့အနေနဲ့ အခုလောလောတယ် နှစ်ယောက်တာဝန်ယူနိုင်တယ်။ ပညာရေးစရိတ်ပေါ့။ အဲဒီနှစ်ယောက်ကို ကွန်ပြူတာနဲ့ အင်တာနက်သင်စရိတ်အရင်ဆုံး ငါပို့ပေးရမယ်ဆိုရင် ဘယ်လောက်ကုန်မလဲ။ အင်တာနက်ကနေ သူတို့လေ့လာချင် တာတွေလေ့လာလို့ရတယ်ဆိုတာကို အရင်ဆုံးပေးသိချင်တယ်ကွာ။ လူငယ်တွေဘယ်လို ရုန်းကန်နေကြသလဲ။ ဘယ်လို ကြိုးစားနေကြသလဲဆိုတာကို သူတို့ကိုယ်တိုင်တွေ့စေချင်တယ်”

“အဲဒီအကြံမဆိုးဘူး။ ငါက အခုလောလောဆယ် အလုပ်ကပုံမှန်မဟုတ်သေးတော့ တယောက်လောက်တော့ တာဝန်ယူပါ့မယ်” ဟု ဝေငြိမ်းကလည်း ဖြည့်စွက်သည်။

“တကယ်လို့ ပညာဒါနတွေက စာသင်ကောင်းတယ်။ ပေးစရာသိပ်မလိုဘူး။ ဒါပေမယ့် ကျောင်းသွားတက်ဖို့ မိသားစုဝင်ငွေအတွက်အလုပ်လုပ်နေရတဲ့အချိန်ကို မလျှော့နိုင်လို့ ကျောင်းတက်ချိန်မရတာမျိုးဆိုရင် ငါ့ကိုပြောပါ။ ကျောင်းတက်ချိန်တွေမှာ အလုပ်ပျက်လို့ လိုအပ်သွားမယ့်ငွေကို ငါပို့ပေးမယ်။ ပညာဒါနမှာ သူတို့ကျောင်းတက်ဖြစ်ပါစေ။ ငါနဲ့မပြတ်ဆက်သွယ်ထိတွေ့နေပါစေ။ သူတို့ရဲ့တိုးတက်မှုကိုလိုက်ပြီး အဆင့်မြှင့်ပီး စာထပ်သင်ချင်တယ်ဆိုရင် ငါ ဒီမှာ လိုက်ပြီး အလှူခံမယ်။ အဲဒီလိုကလေးမျိုး နှစ်ယောက်စာ ငါတာဝန်ယူမယ်”

ထို့နောက် ကမ့်ထဲက သူငယ်ချင်းများကို လှည့်ကာမေးဖြစ်ကြပြန်သည်။
“ကမ့်ထဲက အခြေအနေရောဘယ်လိုလဲ”
“စိတ်ပျက်စရာတော့ တော်တော်ကောင်းတယ်ကွ”
“ဟုတ်လား။ ဘာဖြစ်လို့လဲ”
“ဒုက္ခသည်စခန်းထဲကိုဝင်လာတာ သူဌေးတွေချည့်ဖြစ်နေလို့ဟေ့”
“ဟားဟားဟး”

အဲဒီကိစ္စက အွန်လိုင်းမှာပျံ့နေပီးသားသတင်းဟောင်းပါကွာ၊ ဒုက္ခသည်ဖြစ်ချင်လို့ ဒုက္ခရောက်နေကြရတဲ့ ကမ္ဘာကျော်သတင်းတွေ”
“ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် မွန်းကျပ်လှောင်ပိတ်နေတဲ့နေရာကနေ လွတ်မြောက်ချင်တာ လူ့သဘာဝပဲ မဟုတ် လား။ အပြစ်ပြောလို့တော့ မရဘူး။ ဒါလည်း လွတ်လပ်စွာရွေးချယ်ခွင့်ပဲ။ တခုပဲရှိတယ်လေ။ အင်မီဂရေးရှင်းက အင်တာမဗျူးခင်မှာ ညာဘက်လက်ထောင်ပြီး အမှန်အတိုင်းပြောပါ့မယ်လို့ ကျိန်ရမှာနဲ့ ကျိန်စာကို အလေးမထားဘူးဆိုရင် ဘယ်သူမဆို လွတ်လပ်စွာပြောရေးဆိုခွင့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတာပဲ”

“အဲဒါကိုက သူတို့မှားတာ”
“ဘယ်သူမှားတာလဲ။ ဘယ်လိုမှားတာလဲ”
“သံရုံးအင်တာဗျူးလေ။ ကျိန်ဖို့ထောင်ခိုင်းတာကိုက ညာဘက်လက်ဆိုတော့ ညာတော့မှာပေါ့ဟ”
“ဟားဟားဟား”…ဆိုသည့်စာလေးတွေက အကန့်တိုင်းက တက်လာသည်။

“အင်း…မင်းပြောမှ သူရ ရဲ့ လွှတ်တော်ထဲမှာ ခေါင်းပေါင်းကြီးတွေအကုန်လုံးညာချနေကြတယ် ဆိုတာကို ပြန်သတိရ မိပြန်ရော”
“သူရအကြောင်းပြောတော့ တခုသတိရပြန်ပီ။ ငါတို့သင်္ကြန်မင်းသားရဲ့ နောက်ကြည့်မှန် တော်တော်ကောင်းတယ်ကွ”
“ငါတို့သင်္ကြန်မင်းသားရဲ့ နောက်ကြည့်မှန်” ဟု ကိုမျိုးနိုင်က သံယောင်လိုက်စာတကြောင်း ကိုဝေငြိမ်းကိုပြန်ပို့လိုက်သည်။

“အေးလေ သူအပြင်ခနထွက်တုံးရေးသွားတာလေ။ ဒီဘက်မှာထုတ်တယ်။ တော်တော်ကောင်းတယ်။ ၁၄ နှစ်လောက် အပိတ်အလှောင်ခံထားရပီး ငပိပိုးထိုး ပဲပိုးထိုးစားရင်းထွက်တဲ့ စာပေက ရိုးရိုးရှင်းရှင်းလေးနဲ့ အရပ်ဆန်ဆန်လေး။ ငါသူ့ကို တကယ်ချီးကျူးတယ် လေးစားသွားတယ်”

ကိုမျိုးနိုင် အတော်ကြာစဉ်းစားတော့မှ မင်းကိုနိုင်ကို ရည်ညွှန်းနေတာ သတိရသည်။ သူ့သူငယ်ချင်းတွေက အင်တာနက် ဆိုင်တွေကို ရုတ်တရက်ဝင်ဝင်စစ်တတ်သည့်သတင်းတွေကြောင့် တတ်နိုင်သမျှ အမည်ရင်းတွေကို ထည့်မရိုက်ပေးကြဘဲ ကိုယ့်ဘာသာစကားနဲ့ကိုယ် ပြောတတ်ကြသည်။ မင်းကိုနိုင် ၀တ္ထုတပုတ်ရေးသွားသည် ဆိုသည့်သတင်းကို ခပ်သဲ့သဲ့တော့ သူကြားခဲ့မိသည်။

“ငါဖတ်ချင်လိုက်တာကွာ”
“scan ဖတ်ပီး မင်းဆီကို ငါပို့ပေးမယ်”
အော်…ကိုယ့်တိုင်းပြည်အတွင်းက ကိုယ့်နိုင်ငံသားရေးသည့်ဝတ္ထုကို နိုင်ငံခြားကတဆင့်ပို့မှ ဖတ်ရသည့်အဖြစ်ကို အောင့် သီးအောင့် မျက်ခံလိုက်ရသည်။

ဒေါ်အောင်ဆန်းစုကြည်ရေးသည့်စာအုပ်တွေလည်း ထိုနည်းလည်းကောင်း။ ကိုယ့် နိုင်ငံက ကမ္ဘာကျော်နေတဲ့ စာရေးဆရာမစာအုပ်အဖြစ် နိုင်ငံတကာက လွတ်လွတ်လပ်လပ်ဖတ်ရှုနိုင်ကြ ကျောင်းသုံးစာအုပ်တောင် ပြဌာန်းကြဖြစ်နေချိန်မှာ မြန်မာပြည်သားတွေကတော့ ခိုးကြောင်ခိုးဝှက်ဖတ်နိုင်ဖို့တောင် အတော်လေး အဆက်အသွယ် ရှာရသည်။ မိသွားလျှင်လည်း အနည်းဆုံး (၇) နှစ်။

“ငါတို့ထွက်လိုက်တော့မယ်။ နောက်မှာ အင်တာနက်သုံးဖို့တန်းစီစောင့်နေကြတဲ့သူတွေရှိလို့” ဟု ကမ့်ထဲက သုံးယောက်က နှုတ်ဆက်သည်။ အချိန်တွေမတူကြတော့ တချို့က အိပ်ချိန်ပေမယ့် တချို့အတွက်ကျတော့ အလုပ်သွားချိန်ဖြစ်နေသည်။

“ငါလည်း ခနနေရင် သွားရတော့မယ်။ တွေ့စရာရှိတယ်။ နောက် ဘတ်စ်ကားစောင့်ရတဲ့အချိန်တွေလည်း ထည့်တွက် ရသေးတယ်” ဟု ကိုမျိုးနိုင်က သူငယ်ချင်းတွေအားလုံးကို တခါတည်းနှုတ်ဆက်လိုက်သည်။

မင်း လုပ်နေတာတွေနဲ့ ထပ်ပြီးလုပ်ချင်တာတွေကို ငါတို့ကိုပြောပါ။ ငါတို့ကတော့ မင်းတို့ကိုပံ့ပိုးပေးဖို့ကလွဲရင် ဘာမှ မတတ်နိုင်တော့ဘူးကွာ။ အထူးသဖြင့် ငါတို့သူငယ်ချင်းတွေရဲ့ ကလေးတွေပညာရေးတွေမှာ အခက်အခဲဖြစ်နေရင် ငါ တို့ကို ချက်ခြင်းပြောပါ။ ငါတို့ တတ်နိုင်သလောက်ဝိုင်းစောင့်ရှောက်ရမယ် ဟူသောစာတန်းလေးတွေကိုဖတ်ရင်း ကိုမျိုးနောင် ရင်ထဲဆို့လာသည်။ ကြည်နူးပီတိနှင့်ဆို့သောရင်ပါ။ တကယ်မလုပ်ဖြစ်စေအုံးတော့ သည်လိုစကားနှင့် အားပေးဖော်ရလျှင်ကိုပဲ သူတို့အနေနှင့် အားကိုးစရာ ကောက်ရိုးတမျှင်ကို ရလိုက်သလိုပါပဲ။

လိုအပ်နေတာက ဟိုဘက် ဒီဘက်မျိုးဆက်ချင်းယှဉ်လျှင် ကိုယ့်ဘက်က အပြတ်အသတ်နိမ့်ကျမကျန်ရစ်စေဖို့ပါပဲ။

ရုံးတက်ချိန်ဖြစ်သည့်အတွက် ဘတ်စ်ကားက ထုံးစံမပျက်လူကြပ်လှသည်။ လမ်းတ၀က်က ဖြတ်တက်သူ ခင်လေးတို့လို လူတွေအတွက် နေရာရဖို့ဆိုတာ ဘုရားပေးတဲ့အခွင့်ထူးတခုလိုမို့ ဘယ်တုံးကမှ ဘတ်စ်ကားကို နေရာနှင့်မစီးခဲ့ရ။ တခါတရံ ကိုယ်က နေရာရနိုးနိုးမျှော်လင့်ချက် ၀ိုးတ၀ါးလေးကို အားပြုပြီး ကိုယ့်ကို ဖိတိုးနေသူများ၏အင်အားကို ခုခံရင်း ခုံနေရာတခုခုဘေးမှာ တွယ်ကပ်ရပ်နေခဲ့ကျိုးနပ်စွာ နေရာရတတ်သော်လည်း တမှတ်တိုင် နှစ်မှတ်တိုင်လောက်ပဲ ထိုင်ရသေးသည်။ ဘုန်းကြီးတို့…သက်ကြီးရွယ်အိုတို့…သားသည်မိခင်တို့ကို မြင်လျှင် မသိကျိုးကျွံပြုကာ ထိုင်နေရာမှာ စိတ်မလုံတာနှင့်ပဲ မတ်တပ်က မတ်တပ်ပဲဖြစ်သွားရတာပါပဲ။ မတ်တပ်သာစီးနေရ… ကားခတွေကလည်း တက်လိုက်သည်မှာ သကြားမင်းငယ်ထိပ်မှာသွားကပ်နေသည့်ဈေး… ခေါင်ကိုခိုက်လို့။

“ငါးဖယ်တိုးလေးနော်..ငါးဖယ်တိုးလေးသာတိုးသွား။ အလယ်မှာ ၀ါသနာပါရင် မော်ဒယ် လျှောက်လို့ရတယ်”
ကိုယ့်ဆွဲခြင်းကိုယ်တောင်မှ ဘယ်လက်ကနေ ညာလက်ပြောင်းလို့ မရအောင်ကြပ်နေသည်ကိုများ သူက မော်ဒယ် လျှောက်လမ်းပေးအုံးမတဲ့။ ဒါတောင် မှတ်တိုင်စေ့ရပ်တာမဟုတ်သေး။ နောက်က ကားက နီးနေလျှင် နီးနေသလို လမ်းလု မောင်းနေကြသည့်အတွက် လူမရှိသည့်မှတ်တိုင်ဆိုလျှင် ကားပေါ်က ဆင်းမည့်သူမရှိလျှင် မရပ်။ ဆင်းမည့်သူရှိလျှင် နောက်ကျောကနေ တွန်းချသည်။ ဆင်းသူက ဟပ်ထိုး ဟပ်ထိုးနှင့် မလဲအောင်သူ့ဖာသာသူ ထိန်းပေတော့။

ခင်လေးကတော့ ကိုယ်ဆုပ်ကိုင်ထားသည့် တိုင်ကလေးက လက်တနေရာစာလေးကို ချွေးစေးများနစ်ကာ ချော်နေသည့် တိုင်အောင် အတင်းဆုပ်ထားရသည်။ အရပ်ပုသူဆိုတော့ လက်လွတ်သွားလျှင် နောက်တခါ ပြန်ကိုင်ဖို့ နေရာရတော့မှာ မဟုတ်။
တချို့မှတ်တိုင်တွေကျတော့ လူအနည်းအကျဉ်းရှိပေမယ့် တက်မည် မတက်မည် မသေချာလျှင် မရပ်ပြန်။ သည်လိုနှင့် တခါတရံမှာ ဖြစ်သည့်နည်းတူ တက်မလို ခရီးသည်နှင့် ရပ်မလို ဒရိုင်ဗာတို့ကြားက ယောင်ဝါးဝါးဖြစ်မှုတွေကြောင့် ဘရိတ် ဆောင့်အုပ်လိုက်…ချက်ခြင်း အရှိန်ပြန်တင်ကာ မောင်းထွက်လိုက်လုပ်လိုက်သည့်အခါမျိုးဆိုလျှင် ခရီးသည်တွေခမျာ စကောထဲထည့်လှိမ့်သည့် ဇီးဖြူသီးများသဖွယ် လိမ့်လိမ့်လူးလူး…

“ဒီလူတွေဟာ ဘတ်စ်ကား တသက်လုံးစီးလာကြပြီး ကားကို ရပ်စေချင်ရင် လက်ကလေးထောင်ပြဖို့လောက်တော့ သိသင့်တာပေါ့။ မလိုက်ဘူးထင်ပြီးမောင်းမှ နောက်ကပြေးလိုက်လာတော့ ကျုပ်က ဘာလုပ်ရမှာတုံး။ လက်ညှိုးလေး တချက်ထောင်ပြဖို့ ကြောက်နေရအောင် စပါယ်ယာကိုများ အဂုင်္လိမာလ မှတ်နေလားမသိဘူး”

စပါယ်ယာ့ဥပမာကြောင့် ကျဉ်းကျဉ်းကြပ်ကြပ်ကြားက ခရီးသည်တွေ တယောက်မျက်နှာတယောက် နီးစပ်ရာတွေ ကြည့်လျှက် ဖျော့တော့နွမ်းလျှစွာပြုံးဖြစ်ကြသည်။ “ဟဲ့။ ငါ့ထမိန်တက်နင်းထားတာ။ ကျွတ်ကျသွားပြီ” ဟူသော အဖွားကြီးတယောက်အသံက ကားအလယ်တည့်တည့်ကနေ ထွက်လာတော့ ပွဲကျသွားကြပြန်သည်။ စပါယ်ယာလေးက ရွှတ်နောက်နောက်နှင့် “အမေကြီးနော်။ ဒါမိုးလုပ်နဲ့ ကြိုက်ဖူး” ဟု လှမ်းနောက်လိုက်သေးသည်။

နောက်က စပါယ်ယာကတော့ ရှေ့ကတယောက်နှင့်မတူ။ အပေါက်အလွန်ဆိုးလှသည်။

“လက်မှတ်လေးတွေ ၀ယ်ထားနော်။ ကိုယ့်အကြောင်းကိုယ်သိပါ။ လူကြပ်တယ်ဆိုပြီး လက်မှတ်မပေးဘဲ ချောင်ခိုစီးလို့ စပယ်ယာမသိလည်း ဘုရားကသိတယ်။ နောက်ဘ၀ကျ ကားဘီးတာယာဖြစ်ပြီး တသက်လုံးလိမ့်နေရမယ်။ လက်မှတ်လေးတွေကိုယ့်အသိစိတ်လေးတွေနဲ့ကိုယ်ဝယ်ကြပါ”

အမေတို့ငယ်ငယ်တုံးက ဘတ်စ်ကားစပယ်ယာတွေက လွယ်အိပ်တလုံးအမြဲလွယ်ထားပြီး လက်မှတ်လည်း ကိုင်ထား သတဲ့။ လက်မှတ်တစောင် ဆယ်ပြား…ငါးပြား သူ့ခရီးနှင့်သူ ပေးဝယ်။ လက်မှတ်ဆုတ်ပေး။ တချို့နေရာတွေမှာ လက် မှတ်စစ်တွေကားပေါ်တက်လာပြီး ခရီးသည်တွေဆီက လက်မှတ်တောင်းကြည့်တတ်သတဲ့။ လက်မှတ်မတွေ့လျှင် စပါယ် ယာရှင်းပေတော့။

အခု ခင်လေးတို့ခေတ်မှာတော့ စပါယ်ယာတွေက အော်ရိုးထုံးစံအတိုင်း လက်မှတ်ဝယ်သာပြော နေသည်။ တကယ်တန်းကျ ဘာလက်မှတ်မှ သူက ပြန်ပေးတာလည်းမဟုတ်။ ပိုက်ဆံကိုသည်အတိုင်းပေးလိုက်ရသည်။
တခါတရံများဆို အမ်းစရာမရှိသေးလို့…ခန ဆိုရင်းက သူလည်းမေ့ ကိုယ်လည်းမေ့နှင့် အအမ်းပြန်မရဘဲ ဖြစ်ရတာတွေ လည်းရှိသေးသည်။ တခါတရံမှာ ကိုယ့်က သတိရ၍တောင်းသည့်အခါ ကျုပ်ပြန်ပေးပြီးပီမဟုတ်လား…ဟု မယုံသင်္ကာ ပြန်အော်တာမျိုး…လူတွေကလည်း လူရှုပ်တာ အခွင့်ကောင်းယူပြီး ပေးမထားတဲ့ပိုက်ဆံကို အအမ်းပြန်တောင်းကြ သေးတယ်…ဟု လူတကာဝိုင်းကြည့်လာအောင် အာပြဲနှင့်အော်ကာ ဆောင့်ကြီးအောင့်ကြီးပြန်ပေးလားပေးတတ်သည်။

“အား..ခင်ဗျားထမင်းဂျိုင့်ကြီးက ပူလိုက်တာ”
“တကဲတော်။ အထိမခံချင်ရင် ကိုယ်ပိုင်ကားဝယ်စီးပေါ့” ဟု အလုပ်သမကြီးထံမှ လူထုတိုက်ပွဲခေါ်သံ ထွက်လာသည်။
လေးဆင့် စတီးချိုင့်နှင့်ထည့်လာသည့် ဆောက်လုပ်ရေး အလုပ်သမတယောက်ဘေးမှ ရုပ်ရည်ခပ်သန့်သန့်နှင့် ကျောင်း သားလေးတစ်ယောက်က မကျေမနပ်ရေရွတ်ရင်း ထမင်းချိုင့်နှင့်လွတ်ရာသို့ အတင်းတိုးလိုက်သည့်အတွက် ခင်လေး နေရာပိုကြပ်ပြီး လက်ကကိုင်ထားသည့် တိုင်ကိုလွှတ်လိုက်ရသည်။ အရပ်ပုသူဖြစ်သည့်အလျှောက် ဘတ်စ်ကားကြီး တွေစီးတိုင်း ခင်လေး ဒုက္ခရောက်ရသည်။

အပေါ်တန်းက ကွင်းကိုမမှီသောကြောင့် ဘေးကစတီးလ်တိုင်နေရာရရင်ရ။ ခုံတခုခုရဲ့ဘေးကို ဇွတ်ကပ်ပြီး နောက်မှီကသံကွင်းကိုကိုင်ထားမှ ခင်လေးကဘတ်စ်ကားပေါ်မှာ ရပ်တည်နိုင်တာဖြစ်သည်။ စလင်းဘက်ဂ်၊ လက်ထဲမှာ ထမင်းခြင်းနှင့် ခေါက်ထီး အစိုကလည်း သပ်သပ်ကိုင်ထားရသည်။ ခြင်းထဲက စာရွက် စာအုပ်တွေ ထီးရေစိုကြောင့် ပျက်စီးကုန်မှာစိုးသည့်အတွက် လက်သေးသေးလေးထဲမှာ စုံပြုံရှုပ်ထွေးနေသည်။

“ညီမ၊ ပစ္စည်းတွေပေးထားလေ” ဟု ခပ်လှမ်းလှမ်းခုံမှာထိုင်နေသည့် အမျိုးသမီးကြီးတဦးက အကူအညီရှာနေသော ပစ္စည်းတွေကို သူ့ပေါင်ပေါ်တင်ထားပေးသည်။ အားသွားသောလက်နှင့် ဘယ်ခုံနောက်တန်းကို ဖမ်းဆုပ်ကိုင်လျှင် အဆင်အပြေဆုံးဖြစ်မလဲ ကျီးကန်းတောင်းမှောက်လိုက်ရှာရပြန်သည်။ ကားကမှတ်တိုင်တခု ထပ်ရောက်လာသည့်အတွက် ဘရိတ်ဆောင့်အုပ်ပြီး ရပ်လိုက်သောကြောင့် ယိုင်လဲ မတတ်ဖြစ်သွားသည်။ ဘေးက အကိုကြီးတယောက်က ဖမ်းထိန်း ထားပေးသည်။

ထိုခနမှာ အခုမှ ကားပေါ်တက်လာသည့် အဖိုးကြီးအဖွားကြီးစုံတွဲတတွဲက ခင်လေးကို အတင်းတိုးတိုက်ပြီး အတွင်းကို ဇွတ် တိုးဝင်ဖို့ကြိုးစားသည်။ ခုံဖိနပ်စီးထားသော အဖိုးကြီးက ခင်လေးခြေထောက်ကို တက်နင်းသွားသဖြင့် အား..လား..လား.. ဟု ခပ်ကျယ်ကျယ်အော်လိုက်မိသည်။ နာလွန်းသောကြောင့် မျက်ရည်ပင်ဝဲလာသည်။ တစက္ကန့်လောက်လေး လှည့်ကြည့် ကာ “အဘ မမြင်မိလို့ပါကွယ်” လို့များ ပြောချိန်မရအောင် သူ့အဖွားကြီးလက်ကို တင်းနေအောင်ဆုပ်ကိုင်ပြီး ဟိုး… ထောင့် ဆုံးရောက်အောင် ရှေ့ကနေ အဖွားကြီးလမ်းရအောင် အတင်းဖိတိုးကာ ၀င်သွားသည်။ ငိုမဲ့မဲ့ဖြစ်သွားသော ခင်လေးကို ဘေးလူတွေက ငုံ့ကြည့်ပြီး အဲသည် စုံတွဲဆီကို လိုက်ကြည့်ရင်း ဘယ်လိုလူတွေပါလိမ့်…ဟု ခပ်တိုးတိုး ရွတ်ကြသည်။

“ဒီအသက်အရွယ်တွေ ရောက်နေတဲ့အထိ ကြားလေသွေးရင် ဝေးမှာစိုးတုံးနဲ့တူပါရဲ့” ဟု ရွဲ့တဲ့တဲ့ပြောသံလည်းထွက်လာသည်။
ခြေချောင်းလေးနှစ်ချောင်းဆီက စပ်ဖျဉ်းဖျဉ်းနှင့် သွေးစို့ထွက်လာသလိုမျိုးခံစားလိုက်ရသည်။ နာကျင်တာသက်သာရာရ စေအောင် လက်ကလေးနှင့် အသာဖျစ်ညှစ်ဆုပ်ကိုင်ထားလိုသည့်တိုင် တကယ်တန်းကျတော့ ငုံ့ကြည့်လို့ပင်မရသည့် အခြေအနေ။ တနေ့တနေ့ သည်လိုကားတိုးစီးပြီးလူနင်းခံရတာသေသည်အထိဖြစ်နေအုံးမှာပဲဆိုသည့် နာနာကျည်းကျည်း စိတ်က ခြေချောင်းလေးတွေ နာသည့် စိတ်ကို လွှမ်းမိုးသွားပြီး မျက်ရည်ကျလုလုဖြစ်လာသည်။ လူမှန်းသိပါပြီ ဆိုကတည်း က သည်လူအုပ်… သည်လိုကြပ်တည်း နံစော်မှု…သည်စပါယ်ယာ၏ ငေါက်ငန်းမှုဆိုတာတွေကြားမှာ အသက်ရှူနေရတဲ့ ဘ၀ကို ခင်လေး မုန်းလှပြီ။

“လာ ညီမ။ ဒီမှာလာနေလိုက်၊ တော်တော်နာသွားလား” ဟု အကိုကြီးတယောက်က နေရာတခု ရအောင်စီစဉ်ပေးသည်။ မျက်ခမ်းစပ်မှာ ယီးလေးခိုနေသည့် မျက်ရည်စကို မျက်တောင်ပုတ်ခတ် ပုတ်ခတ်နှင့်သိမ်းဖို့ကြိုးစားရင်း ပေးထားသည့် နေရာလေးထဲ တိုးဝင်လိုက်ရင်း မကျေမနပ်နှင့် ထို အဖိုးကြီး စုံတွဲရှိရာကို လှမ်းပြီး မေးမော့ကာ ကြည့်လိုက်သည်။
သူတို့လိုချင်သည့် ချောင်ကောင်းကောင်းတခုကို သူတို့ရသွားခဲ့ကြသည်။ သူတို့ကို ဘယ်သူမှ အတိုးအတိုက်မလုပ်မည့် နေရာတခုမှာ အဖွားကြီးက အဖိုးကြီးပုခုံးစွန်းမှာထိလုနီးပါး ခေါင်းငုံ့လျှက်…။

ခင်လေးက အဖိုးကြီးမျက်နှာကို သေချာ စိုက်ကြည့်နေမိသည်။ အသက် (၆၀) ကျော်..ရုပ်ရည်ခပ်သန့်သန့်ဖြစ်သော်လည်း ဆင်းရဲမွဲတေမှု၏ အထုအထောင်းဒဏ် ကြောင့် မွဲခြောက်သွေ့ကပ်နေသည့် အရေနှင့်အရိုးသာရှိသည့် မျက်နှာမှာ မလုံခြုံမှုနှင့် သိမ်ငယ်မှုတို့က အထင်းသား။

“ကဲ။ ကားပေါ်တက်ချင်လှချည့်ရဲ့အတင်းတိုးဝင်လာပြီးမှတော့ လက်မှတ်လေးတွေ ၀ယ်ထားနော်။ နောက်ဘ၀မှာ တာယာတွေဖြစ်ပြီး ဘ၀တွေ ပြားသထက်မပြားချင်ရင် လက်မှတ်လေးတွေ ၀ယ်ထားကြ။ ရွှေဂုံတိုင်အထိ ငါးဆယ်ပဲကျ မယ်။ ရွှေဂုံတိုင်ကျော်ရင် တော့ ထုံးစံအတိုင်းပဲ သိတယ်နော်။ အားလုံးပေါက်ပြီးသား။ ဟိုးဘက်က အကိုကြီး ပေးပြီးပြီလား..”

ချေးအထပ်ထပ်တက်ကာ ပိုက်ဆံရုပ်ပင်ပျောက်နေပြီဖြစ်သည့် ငါးဆယ်တန်လေး တရွက်ကို အဖိုးကြီးက ကြေကြေကွဲကွဲ စိုက်ကြည့်နေလေသည်။ ပျက်ယွင်းနေသည့် မွဲသွေ့သွေ့မျက်နှာအိုတွေမှာ စိတ်မလုံခြုံအားငယ်မှုနှင့် ပိုပြီး အိုစာကျနေ သည်။
“ပိုက်ဆံထုတ်ထားပါ။ စပါယ်ယာက လက်တို့မတောင်းရပါစေနဲ့။ အော်တောင်းရင် အပေါက်ဆိုးတယ်လို့တော့ မထင်နဲ့ နော်။ ကားတာယာဘ၀မရောက်ချင်ရင် ကားခတွေ အလိုက်တသိပေးကြပါ… ဟိုးဘက်က အင်္ကျီပန်းရောင်နဲ့ ... ”

အော်… သူတို့ခမျာ သည်ပိုက်ဆံအနွမ်းလေးတရွက်နှင့် ကားဘယ်နှစ်ခါများစီးခဲ့ပြီး…နောက်ထပ် ဘယ်နှစ်ခါလောက်များ စီးရအုံးမှာပါလိမ့်။
٭٭٭٭٭٭٭٭ ٭٭٭٭٭٭٭٭
ခွာညို
ဒီဇင်ဘာ(၁၁)ရက်၊ ၂၀၀၉ ခုနှစ်။

Read More...

တံလျှပ်ရွှေပြည် အပိုင်း (၆)


“ဒီမှာ… ဒီမှာ… ကျမအိမ်က ဘယ်နားလေးမှာလဲဟင်”

“အမ်..” ဟု တင်တင့်ထံမှ အာမေဋိတ်သံတိုးတိုးလေးကို ၀င်းဝင်းမာကြားလိုက်ရပါသည်။ စကားများပုံရသော အမျိုးသမီးက သူမနေ့ကအသုတ်နှင့်ပါလာတာဖြစ်ကြောင်း၊ လိုအပ်တာတွေဝယ်ရင်း အိမ်မရှာတတ်တော့ကြောင်းတွေကို အာဘောင်အာရင်းသံသံနှင့် ရှင်းပြနေသေးသည်။

“အမအိမ်က နံပါတ်ဘယ်လောက်လဲ မှတ်မိလား” ဟု ပြန်မေးလိုက်သည်။

“အင်း…၆၅၀ တော့ ကျော်တာပဲ”

“အဲဒါဆို အန်အယ်လ်ဒီအုပ်စုဘက်မှာဖြစ်လိမ့်မယ်။ ဒီကနေ တည့်တည့်ဆက်လျှောက်သွားအမ။ ရှေ့နားကျ ထပ်သာမေးလိုက်တော့နော်။ အဲဒီဘက်ခြမ်းမှာပဲရှိမှာပါ”

ကျေးဇူးပဲ ညီမရေ ဆိုသည့်အသံကို ချန်ရစ်ခဲ့ကာ အထုတ်အပိုးတွေတနင့်တပိုးသယ်လာသော ထိုအမျိုးသမီးက ရွှံ့စေးတွေကြားမှာ ချော်မလဲအောင် ခေါင်းငိုက်စိုက်ချကာ ဆက်လျှောက်သွားသည့်အတွက် သူ့အိမ်ကို ခလုတ်ဝင်တိုက်မိလျှင်တောင်မှ သိအုံးမှာ မဟုတ်တာသေချာသည်။

ဝင်းဝင်းမာတို့လည်းပဲ တညအိပ်ပြီးသည်နှင့် ကုန်ထုတ်လို့ရသည့် စာအုပ်ကလေးသွားလုပ်ဖို့ သည်လိုပဲ ဈေးတန်းလေးတွေ၊ ဒေသခံ ကရင်ရပ်ကွက်ကလေးတွေကိုဖြတ်ကာ ဂိုဒေါင်တွေကို တခုပြီး တခု သွားခဲ့ကြရသည်။ ဒန်အိုး။ ဖျာ၊ ခြင်ထောင်၊ စောင်တထည် စသည့်အတွဲတွေကိုပေးသည်က ဂိုဒေါင် တခု။ နောက်ပြီး မီးသွေးနှင့် မီးဖိုကို မျက်နှာချင်းဆိုင်ကယူ။ ဆန်က တဂိုဒေါင်။ လူတွေက တရုန်းရုန်းနှင့် ကြည့်ရင်း ပင်ပန်းလာသည်။

အိမ်ပြန်တော့ ကိုယ့်အိမ်ကိုယ်မမှတ်မိဘဲ ကိုယ့်ရပ်ကွက်ထဲမှာပင် မျက်စိလည်လမ်းမှားနေသည်။ အိမ်လေးတွေအားလုံးက ဆင်ဆင်တွေ။ အကာမပါ။ ၀ါးတိုင်၊ ၀ါးကာ။ ၀ါးခင်း။ သွပ်ကြိုးနှင့်ဆိုင်းတုပ်။ အခုနက အမျိုးသမီးလိုပဲ ကျမတို့အိမ်ဘယ်မှာလဲဟင်…ဟု မေးမိလုဆဲဆဲ ကိုယ့်ကို မှတ်မိနေသော အိမ်နီးချင်းအမကြီးက သူတို့နှစ်ယောက် မျက်စိလည်နေတာကို ငြိမ်ပြီးစောင့်ကြည့်နေရာက မအောင့်နိုင်တော့ဘဲ ရယ်ချလိုက်တော့မှ သူတို့ ကိုယ့်အိမ်ကို ပြန်တွေ့ရသည့်အဖြစ်။ ထိုအိမ်နီးချင်းအမကြီးက ပြောသည်။ သည်လို ကိုယ့်အိမ်ရှေ့မှာ အိမ်ပျောက်နေသည့်သူတွေက တရာမှာ (၉၉) ယောက်လောက် ရှိသည်ဆိုပဲ။

တင်တင်နှင့် ၀င်းဝင်းမာတို့ တယောက်ကို တယောက်ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်ကြသည်။ အခုတော့ သူတို့ နည်းနည်းပါးပါး ရယ်နိုင်လာကြပြီ။

ကိုယ့်ပိုက်ဆံနှင့်ကိုယ် အိမ်ကို အပြည့်ကာလိုက်ပြီး တခါးလေးကိုလည်း အဟန့်အတားလေးအဖြစ် တပ်လိုက်ခဲ့ပြီးပြီ။ ပေါက်နေသည့် သက်ကယ်တွေကို လိုက်လံဖာထေး၍လည်းပြီးပြီ။ စောင် ခြင်ထောင်တွေနှင့် အိုးခွက်တွေနှင့် ဆိုတော့ နည်းနည်းတော့ ပတ်ဝန်းကျင်ကို ခြေညောင်း လက်ဆန့်ထွက်ကြရန် နှစ်ယောက်သား တိုင်ပင်ထားကြသည်။

တအိမ်နှင့်တအိမ် အမိုးချင်းထိဆက်မတတ်နီးကပ်နေသည့် ညပ်ကြပ်နေသောတဲတွေကြားကနေ လမ်းမပေါ်ထွက်လိုက်သောအခါ စိတ်လွတ်လပ်ပေါ့ပါးမှုကို ပြန်လည်ရရှိလိုက်သည်။ မဲဆောက်မှာလို ရဲမကြောက်ရတော့ဘဲ လုံခြည်ဝတ်ကာ လမ်းထွက်ရသည့် အရသာကို နှစ်ထောင်းအားရရှိလှသည်။ လမ်းပေါ်မှာ ကိုယ်လိုလူတွေအများကြီး လမ်းလျှောက်နေကြတာကို ကြည့်ပြီးအံ့သြမိသည်။

အင်းလေ….ယူအဲန် အစီအစဉ်နှင့် မဲဆောက်က ဒုက္ခသည်တွေကို သွင်းဖို့ဆိုပြီး စာရင်းအတိုင်း ကြိုတင်ဆောက်သည့်တဲပေါင်း အလုံးနှစ်ထောင်က လူတွေပဲ။ နေ့တိုင်းဝယ်လို့ရသည့် ကုလားဈေး ထဲမှာလည်း ကြိတ်ကြိတ်တိုး။ တကယ်တော့ အဲဒီဈေးကို သူများဘယ်လိုခေါ်လည်း ၀င်းဝင်းမာမသိပါ။ သို့သော် ဟိုဘက်သည်ဘက် မျက်နှာချင်းဆိုင်နှစ်တန်းလုံးမှာ ဈေးဆိုင်မှန်သမျှ ကုလားတွေချည့်ဖြစ်သောကြောင့် ၀င်းဝင်းမာက ကုလားဈေးဟု ခေါ်လိုက်တာဖြစ်သည်။ ညာဘက်အစွန်ဆုံးတွင်တော့ ကရင်ဆိုင်လေးတဆိုင် ရှိသည်။ အသီးအရွက်တွေကတော့ တပတ်ကို ၂ ရက်ဈေးရှိသည်။ အဲဒါက ပလာရုံးရှေ့က လမ်းပေါ်မှာ မနက်မိုးမလင်းခင်ကစပြီး ဈေးတန်းဖြစ်ပြီး (၁၀) နာရီလောက်ဆို ပျောက်သွားသည့် ယာယီဈေးလေးဖြစ်သည်။ အဲသည်မှာကျတော့ မြန်မာပြည်နယ်စပ်ကနေ ထိုင်းဘက်မှာ အခြေကျနေသည့် ထိုင်းတောင်ပေါ်သားကဒ်ရထားကြပြီဖြစ်သော ကရင်တွေဖြစ်သည်။ ဗမာလိုမပြော၊ ထိုင်းလိုသာပြောနေကြသော ကရင်လူမျိုးတွေ။ တချို့က ထိုင်းလူမျိုးများနှင့် အိမ်ထောင်ကျပြီး ထိုင်း ကရင်ဖြစ်နေသူတွေ။

ကရင်ကတော့ ဘယ်နေရာမှာနေနေ ကရင်သွေးမပျောက်။ ရိုးသား ကြိုးစားသည်။ တောဓလေ့ကို မြတ်နိုးသည်။ ပစ္စည်းဥစ္စာကို ခင်တွယ်ကာ ဆထက်တပိုးတိုးလာဖို့ဆိုတာ သူတို့နှင့်မဆိုင်သလို… မြို့ကြီး ပြကြီးတွေမှာ မျိုးဆက် နှစ်ဆက်မက အခြေကျနေသည့် ကရင်မဟုတ်လျှင် ကရင်တွေရဲ့ ပင်မနေထိုင်မှုပုံသဏ္ဍန်က အဲဒီအတိုင်းပါပဲ။

တောင်တန်းများဝိုင်းရံနေသည့် နို့ဖိုး ဒုက္ခသည်စခန်းဘေးက တခုတည်းသော ကားလမ်းပေါ်မှာ ပွဲဈေးလျှောက်သလို လမ်း လျှောက်ထွက်သည့်သူများတွင်တော့ ထို ကရင်လူမျိုးများမပါဝင်ပါ။ အားလုံး ဒုက္ခသည် အသစ်စက်စက်တွေ။ သည် လောက်ကောင်းသည့် ရာသီချိန်မှာ လောင်းကုတ်အရှည်ကြီးဝတ်ကာ ဒေါက်ဖိနပ်စီးထားသည့် အမျိုးသမီးတယောက်ကို လည်းတွေ့ရသည်။ သူက နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ ဟုပြောကြသည်။ တချို့မိန်းကလေးတွေ ကျတော့လည်း ပေါင်ရင်းတက်နေသည့် ဘောင်းဘီတိုလေးတွေနှင့် လည်ပင်းပေါက်က ရင်ညွန့်ကိုကျော်ဆင်းနေသည့် ပါးလှပ်လှပ် အင်္ကျီမည်ကာမတ္တတွေနှင့်။ အသက်လေးတွေရှိမှ အလွန်ဆုံး နှစ်ဆယ်ကျော်။

ဒီကြားထဲမှာ အသားအရည်မွဲသွေ့သွေ့နှင့် အရက်စွဲနေသော အသက်ကို ခန့်မှန်း၍မရနိုင်သည့်တိုင် လူလတ်ပိုင်းဖြစ်ပုံရ သော လူတယောက်က ပြုံးပြုံး ပြုံးပြုံးနှင့် သူ့ဖာသာသူ စကားပြောလိုက် သူ့ဘေးက ဖြတ်သွားသူကို စကားပြောလိုက် ရှိနေသည်။

“တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ” ဟု ငေါ့တော့တော့ပြောပြောနေတာကိုလည်း ကြားရသည်။

“မနက် မနက်ဆို အိမ်တွေရှေ့မှာ လာအော်တာ သူပေါ့” ဟု တင်တင်က ၀င်းဝင်းမာကို လက်ထောက်ချသည်။ တင်တင်က ၀င်းဝင်းမာထက် သွက်သည်။ ဒါကြောင့် ခနလေးနှင့် လူတော်တော်များများကို မိတ်ဆွေမဖြစ်သေးလျှင်တောင် သိတော့ သိနေပြီဖြစ်သည်။ တင်တင်ပြောတော့မှ မနက်တိုင်းကြားရသည့် အသံရှင်ကို တချက်ပြန်ငဲ့ကြည့်ကာ ခပ်တိုးတိုး ရယ်မိသည်။

သူလာလာအော်တာကတော့-

“ပဲပြုတ်သည်တောင် ပဲပြုတ်ရောင်းလို့ကုန်နေပီ။ နိုင်ငံရေးသမားရပ်ကွက်ကလည်း အခုထိ ဘယ်တယောက်မှ မထကြသေးပါလား။ ဒီပုံစံနဲ့ ကျုပ်တို့တိုင်းပြည်ကြီးကို ဘယ်လိုကယ်တင်ကြမှာလဲ၊ ထကြပါတော့ဗျို့…” တဲ့။

မနက်စောစော လာအော်သည်ဆိုသော်လည်း အသံကျယ်ကြီးနှင့်မဟုတ်သောကြောင့် သူတပါးကို အနှောင့် အယှက်မဖြစ် စေပါ။ သူ့ကို လူတွေက အညာသားဟု ခေါ်ကြသည်။ နံမည်ရင်းက ဘာလည်းမသိ။ အညာမှာမွေးပြီး အသားမည်းသူဆို လျှင် ဗမာလူမျိုးထုံးစံအတိုင်း နံမည်တပ်လိုက်တာကတော့ သည်လိုပါပဲ။

သူ့ကိုလိုက်ကြည့်မိသော ၀င်းဝင်းမာကို ကိုအညာသားက သတိထားမိသွားပုံနှင့် လှည့်ကြည့်ကာ ပြုံးပြသည်။

“ဘယ်သွားကြမလို့လဲ၊ ဟိုးတောင်တန်းတွေပေါ်မသွားနဲ့နော်။ အဲဒီမှာ ကျားကြီးတွေရှိတယ်။ လူသားစားတဲ့ ကျားတွေ၊ ဟိုးဘက်က သူများစိုက်ခင်းတွေ၊ တက်မနင်းမိစေနေနဲ့သိလား။ ဖျက်ဆီးတဲ့စိတ်ဆိုတာ ကောင်းတာမဟုတ်ဘူး။ သူများစိုက်ခင်းနေရာကိုလည်း ခွင့်မတောင်းဘဲ သွားမစိုက်နဲ့။ အဲဒါ လူမျိုးကြီးစိတ်ထားမဟုတ်ဘူး”

လမ်းလျှောက်သွားရာတလျှောက် ဆုံးမသြ၀ါဒတွေ တသီကြီးပေးသွားသော ကိုအညာသားက ၀င်းဝင်းမာတို့နှင့် တဖြေးဖြေးဝေးသွားသည်။

“ဒီလူက မူးသာနေတာ၊ သူပြောတဲ့စကားတွေကျတော့လည်း ပညာတတ်ဆန်လိုက်တာနော်။ ဘာလို့များ အရက်သမားဖြစ်နေရလဲမသိဘူး”

“သူက အေဘီကကျောင်းသားတဲ့။ ၈၈ အရေးအခင်းမှာ တောခိုလာတာလို့ပြောကြတာပဲ။ ဟိုးဘက်အခြမ်းက အေဘီအုပ်စုနေတာ။ သူက အဲဒီဘက်မှာနေတယ်” ဟု တင်တင်က သူသိသမျှ ဖောက်သည်ချသည်။

“အေဘီ ဆိုတာရော သိလား” ဟု သူတို့နောက်နား ခပ်လှမ်းလှမ်းမှာရပ်နေသူ သုံးယောက်အနက် တယောက်က မေးသည်။

“ကျောင်းသားအဖွဲ့ကိုပြောတာလေ” ဟု ၀င်းဝင်းမာဖြေတော့ ထိုသူများက ခပ်ဖွဖွရယ်ကြသည်။

“ကျောင်းသားအဖွဲ့။ ဟုတ်တယ်။ အဲလိုပဲ ခေါ်ကြတာများတယ်။ အပြည့်အစုံပြောမယ်ဆိုရင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦးတဲ့။ အေဘီအက်စ် ဒီအက်ဖ်လို့ခေါ်တယ်။ စောစောက ညီမတို့ကိုစကားပြောသွားတဲ့ အညာသားက ဆယ်တန်းကို ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်တဲ့နှစ်မှာပဲ မြန်မာပြည်မှာ အရေးအခင်းတွေဖြစ်တော့ ကျောင်းသားအရေးအခင်းထဲပါလာပြီး ကျောင်းတွေကလည်း ပြန်မဖွင့်၊ အရေးအခင်းထဲပါသမျှလည်း လိုက်ဖမ်းနေတာနဲ့ တောခိုလာခဲ့တာလေ။ လူငယ်တယောက်ရဲ့ အနာဂတ်ပျောက်သွားတဲ့ အနေအထားမှာ တောထဲတောင်ထဲ ငှက်ဖျား ကြမ်းကြမ်းထိတဲ့အခါ သောက်စရာ ဆေးအစား၊ ခြုံစရာ စောင်အစား အရက်ပဲအားကိုး အစားထိုးစရာရှိတဲ့ အခြေအနေ မျိုးမှာ အခုလို အရက်စွဲသွားကြတာ အဆန်းမဟုတ်ပါဘူးကွာ” ဟု ရှင်းပြသည်။

တရွေ့ရွေ့ဝေးသွားသော အညာသား၏ ကျောပြင်ကို လိုက်ငေးရင်း ၀င်းဝင်းမာရင်ထဲမှာ နည်းနည်း လှုပ်ခပ်သွားသည်။ ငါ့အကို..ငါ့မောင်များသာဆိုရင်…ဆိုသည့်အတွေးကြောင့်ပါ။ သူ့အမေဆို ရင်ကျိုးမှာပါပဲ။

“အဲဒီတောင်မှာ တကယ်ကျားရှိသလား” ဟု တင်တင်က စပ်စုလိုက်တော့ သူတို့အုပ်စု ရယ်ကြပြန်သည်။

“ဆယ်ကီလိုမီတာအကွာမှာ ရန်သူ့စစ်တပ်ရှိတယ်။ ရန်သူဆိုတာရောသိလား။ နအဖစစ်အုပ်စုကိုပြောတာ။ သူက စစ်တပ်လို့ မပြောချင်လို့ ကျားလို့ပြောသွားတာပါ”

ရည်ရွယ်မထားဘဲ တယောက်နှင့်တယောက် မိတ်မဆက်ဖြစ်ဘဲ သူတို့ အတူတူ လမ်းလျှောက်လာမိကြသည်။ တဖြေးဖြေး နှင့် သူတို့ ထိုင်းရဲတွေ၏ အစောင့်တဲလေးနားကိုရောက်လာသည်။ ၀တ်စုံနက်နှင့် ထိုင်းလူငယ် စစ်သား သုံးလေးယောက် တဲထဲမှာရှိနေသည်။

တဲကိုကျော်ဖြတ်ကာ လျှောက်ရလား မလျှောက်ရလား ဝေခွဲမရသည့် ညနေခင်းလမ်းလျှောက်သူများ တဲနားကနေ လှည့်လှည့်ပြန်သွားကြသည်။ သူတို့ကခြေလှမ်းကို မရပ်ကြ။ အသက် (၅၀) အရွယ် မျက်မှန်နှင့် ခပ်ပိန်ညှက်ညှက်အမျိုးသားတယောက်က သူတို့ကို ရှေ့ဆက်မလျှောက်ဖို့ လှမ်းပြောသည်။

“ဒီကောင်တွေက ကွန်မဲန်ဒိုတွေ၊ သူတို့မသင်္ကာရင် ပစ်သတ်ခွင့်ရှိတယ်။ ကိုယ်က သူတို့မြေပေါ်မှာ လာပြီး တရားမ၀င် နေ နေရတဲ့သူတွေ။ သတ်လည်းခံရမှာပဲ။ ဂိတ်ကိုကျော်ပြီး မသွားတာအကောင်းဆုံးပဲဗျာ” ဟု ပြောရင်း သူကိုယ်တိုင်လည်း စိမ်းမြသော တောင်တန်းတောရိပ်မြင်ကွင်းကို ကျောခိုင်းပြန်လှည့်သွားသည်။ အဲသည်လူသည် ကမ့်ထဲဝင်မည့်မနက်စော ဘုရင့်ကွင်းထဲမှာ လူစစ်တုံးက အမတ်မင်းတွေလည်း ဒီလိုပဲ ကျော်ဖြတ်ခဲ့ရတာပဲ ဟုပြောကာ ခနိုးခနဲ့ ရယ်ခဲ့သော ပုဂ္ဂိုလ်ဆိုတာကို ၀င်းဝင်းမာ ချက်ခြင်းမှတ်မိလိုက်သည်။

တင်တင်နှင့် ၀င်းဝင်းမာတို့က အဲသည်လူ သုံးယောက်ကို အကဲခတ်သလိုကြည့်တော့ သူတို့က သူတို့မူအတိုင်း ခပ်ပြုံးပြုံးနှင့် မျက်ခုံးပင့်ပြသည်။ သူမျက်ခုံးပင့်လိုက်တာက ၀င်းဝင်းမာတို့ကို စိန်ခေါ်လိုက်သလိုခံစားမိစေသည်။ စိတ်ဆတ်သော တင်တင်က ရှေ့ဆက်သွားရန် ဆုံးဖြတ်လိုက်သလို ပေခံခံ မျက်နှာပေးနှင့်ရှိနေသည်။

“တကယ်တော့ ကိုယ်တို့ ဒီထဲဝင်လာကြပြီဆိုကတည်းက ဒီမြေမှာ တရားဝင်နေထိုင်ကြတာကို အသိအမှတ်ပြုလိုက်တဲ့ အဓိပ္ပာယ်သက်ရောက်ပြီးသားပါကွာ။ ကိုယ်တို့က သူတို့စည်းမျဉ်းဥပဒေကို မချိုးဖောက်ရင် သူတို့ ဘာမှ လုပ်ခွင့်မရှိပါဘူး” ဟု တယောက်က ရှင်းပြသည်။ တယောက်ကတော့ စီးကရက်မီးခိုးငွေ့တွေမှုတ်ထုတ်ရင်း တဲကလေးဆီလျှောက်သွားပြီး စစ်သားတွေကို ထိုင်းဘာသာနှင့် နှုတ်ဆက်လိုက်သည်။

“လူဆိုတာ ကိုယ့်ဘာသာစကားကို တခြားလူမျိုးက ပြောတတ်တာတွေ့ရင်ကိုပဲ အလိုလို ၀မ်းသာအားရဖြစ်ပီး ရင်းနှီးတတတ်တဲ့အမျိုးမဟုတ်လား။ ဘာသာစကားက လူလူချင်းဆက်ဆံရေးမှာ တော်တော်အရေးပါတယ်။ ညီမတို့ရော ထိုင်းစကားပြောတတ်လား”

နှစ်ယောက်လုံး ထိုင်းလိုမပြောတတ်ကြသောကြောင့် ၀င်းဝင်းမာတို့ အဖြေမပေးဘဲ ရယ်လို့သာနေလိုက်ကြသည်။

“ထိုင်းလေသံက ခက်တယ်။ နှာခေါင်းသံနဲ့ပြောတာကိုနားထောင်ရတာနဲ့တင် အသဲယားတယ်။ အင်္ဂလိပ်စကားကမှ စိတ်ဝင်စားဖို့ကောင်းသေးတယ်”

“ဒါကတော့ ညည်းတို့က ငယ်ငယ်ကတည်းက ကျောင်းမှာ အင်္ဂလိပ်စာသင်ခဲ့ရတော့ နားယဉ်နေတဲ့အခံလေးကြောင့် ဒီလိုထင်တာကိုး။ တကယ်လို့ အင်္ဂလိပ်စာကို လေသံတောင်မကြားဘူးခဲ့ရင် အင်္ဂလိပ်စာလည်း ခက်တယ်ထင်မှာပါပဲ။ ထိုင်းအသံကတော့ နှာသံပါလို့ လူကြိုက်မများတာတော့ အမှန်ပါပဲ” ဟု အသက်နည်းနည်းပိုကြီးသူတယောက် ပြောသည်။ စကားသွားပြောသောအကိုကြီးပြန်လာသည်။

“သိပ်ဝေးဝေးတော့မသွားနဲ့၊ တခုခုဖြစ်ရင် သူတို့မှာ တာဝန်ရှိတယ် တဲ့”

သည်လိုနှင့် အစောင့်တဲကို မဖြတ်ရဲသောကြောင့် လှည့်ပြန်သွားကြသူတွေနှင့် ဆန့်ကျင်ဘက်သို့ သူတို့ စိတ်အေးလက်အေး လမ်းလျှောက်နိုင်ခဲ့ကြသည်။တောင်ကမ်းပါးယံကို ဖောက်ထားသောကြောင့် လမ်းအကွေ့တွေတိုင်းမှာ သူတို့ မျက်နှာမူရသည်က ၀ါးတောလွှမ်းသည့် တောင်နံရံတွေသာဖြစ်သည်။ စိမ့်အေးနေသော လေထုကို အားပါးတရ ရှိုက်ရှူရသောအခါ လူက ပိုပြီး လန်းဆတ်သွားသည်။

“ဟာ ဟိုမှာ မျောက်-မျောက်” ဟု တင်တင်က ကလေးတယောက်လို ၀မ်းသာအားရအော်ရင်း သစ်ပင်ထိပ်ဖျားက မျောက်မိသားစုကို လက်ညှိုးထိုးပြသည်။ သူတို့က မျောက်ဆိုလျှင် တိရိစ္ဆာန်ရုံ၏ လှောင်အိမ်ထဲကနေ အပြင်က လူတွေကို ရန်လို ၀န်တိုသောအကြည့်နှင့် သွားဖြဲပြကာ မာန်ဖီနေသော မျောက်အကျဉ်းသားတွေကိုသာ တွေ့ဖူးခဲ့ကြတာမို့ လူနီးသည့် သစ်ပင်အုပ်ထဲမှာ အေးအေးလူလူ သန်းတုပ်နေရင်း ကွိကွိကွကွတွေ ဆူညံနေသည့် သဘာဝမျောက်ရွာကလေးကို တွေ့ရတာကိုက အရိုင်းဆန်ဆန် ပျော်ရွှင်မှုကို ဖြစ်စေသည်။

ကျောက်ကမ်းပါးယံမှာကပ်ပေါက်နေသည့် သစ်ပင်တွေက တချို့ ၀င်းဝင်းမာမမြင်ဘူးခဲ့ဘူးဟု ထင်မိသည်။ အစိမ်းရောင်မှာ ၀ါဖန့်ဖန့်ရောနေသည့် အပင်ကို ဘာအပင်မှန်း မသိသော်လည်း အဝေးကမြင်ရတာ တော်တော်လှပပြီး ငေးလို့ကောင်းသည်။

“ကိုမျိုး အဲဒီတောင်ကြီးကိုကြည့်ရတာ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် သေလုဇောနဲ့ မျောပီးလဲနေတာနဲ့ မတူဘူး လား” ဟု အစောင့်တဲဆီသွားခဲ့သူက ၀င်းဝင်းမာတို့ကို စကားစပြောခဲ့သူအား လှမ်းပြောသည်။

ကျောက်ကြိုကျောက်ကြားမှာ မြေမရှိဘဲ အမြစ်တွယ်ကုပ်ကာ ရှင်သန်နေသည့် အရောင်ဆန်းဆန်းသစ်ပင်တခုတည်းကို အာရုံစိုက်နေမိရာက ၀င်းဝင်းမာအကြည့်က တောင်တခုလုံးကို ခြုံကာ လေ့လာဖြစ်သည်။ သည်တောင်ကုန်းကမူ၏ အောက်ခြေမှာ ကုလားဈေးရှိနေသည်။ ကုလားဈေးကိုသွားတိုင်း သည်တောင်ကို မော့မော့ကြည့်ဖြစ်သော်လည်း သူ့လို မမြင်တတ်ခဲ့။ တကယ်ပါပဲ။ မျက်နှာအရာ…လည်ပင်းအဟိုက်…မို့မောက်သောရင်သားပြင်။ ပူဖောင်းနေသည့်ဝမ်းဗိုက်ကနေ အောက်ပိုင်းကို တဖြေးဖြေး ပြန်လျှောသွားသည့် အမျိုးသမီးတယောက်အသွင် အားလုံးပြည့်စုံနေသည်။

ကိုယ်ဝန်ဆောင်ဗိုက်သားက သာမန်ကိုယ်ဝန်ရင့်မာပြီး ပူနေဟန်ထက် ဖောပုပ်ကာ ဖောင်းကားနေသယောင်ဟုပင် ခံစားရအောင် မို့မောက်နေသည့် တောင်ကမူကျောက်ကတုံးကို ၀င်းဝင်းမာ မော့ငေးရင်း သည်လူတွေက ဘယ်လိုလူတွေ လဲ ဟု သိချင်မိလာသည်။ သူများနှင့်မတူသော အတွေး၊ အမြင်နှင့် သီးခြားဆန်သော အလေ့အထများသူတို့ဆီမှာ ရှိသည်။

“ဒုက္ခသည်စစ်စစ်တွေရဲ့ သင်္ကေတပေါ့ဗျာ။ ပြည်တွင်းစစ်ရဲ့ သင်္ကေတပေါ့။ ထိုင်းအာဏာပိုင်တွေကိုက ရွေးပေးတတ်တာ လား။ ကျနော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာအတွက်ကိုပဲ သဘာဝက ဖန်တီးပေးလိုက်သလား။ ဒါကတော့ ဒုက္ခသည် စခန်းတခုရဲ့ သင်္ကေတဆန်နေတာတော့ အမှန်ပဲ”

စက်သံဆူဆူညံညံနှင့် ဗမာပြည်က ထော်လာဂျီလို့ ခေါ်သော တောတွေမှာ စပါးခင်းထဲ အသုံးပြုသည့် ယာဉ်တစင်း ဖြတ် သွားသည်။ မောင်းသူက ထိုင်းလယ်သမားဖြစ်ပုံရသည့် လူလတ်ပိုင်းအရွယ်။ ပလိုင်းနှင့် သင်တိုင်းနှင့် ဆေးတံခဲထားသည့် မုတ်ဆိတ်တိုနံ့နံ့နှင့် ကရင်ခေါင်းပေါင်းနှင့် အမျိုးသားကြီးတယောက် ကရင်လုံခြည် ခပ်ကြမ်းကြမ်းကို တိုတိုဝတ်ထားသည့် ကြံ့ခိုင်သော ကရင်အမျိုးသမီးကြီးယောက်၊ မျက်နှာပြည့်ဝိုင်းဝိုင်းနှင့် ဆယ်ကျော်သက် ကရင်မလေးတယောက်တို့ အဲသည် ပေါ်မှာ ပါသွားသည်။

“ကိုယ့်အစိုးရက အသုံးမကျတော့ ကိုယ့်လူမျိုးတွေက သူများနိုင်ငံမှာ အခြေချနေကြရတယ်။ ဒီလောက်ချောတဲ့ ကလေးမလေး ထိုင်းတယောက်ယောက်ရဲ့ အငယ်အနှောင်းဖြစ်သွားအုံးတော့မှာပဲ ထင်ပါရဲ့”

“ထိုင်းမှာ လာနေတာနဲ့တော့ ထိုင်းတွေရဲ့ အငယ်ချည့်ပဲ ဖြစ်မကုန်နိုင်ပါဘူး” ဟု ၀င်းဝင်းမာက သူ့ကို ဆင်ခြေတက်တော့ သူက ၀င်းဝင်းမာကို ငုံ့ကြည့်ကာ ပြုံးသည်။

“ညီမ ထိုင်းကိုရောက်တာ ဘယ်လောက်ကြာပြီလဲ” ဟုမေးရင်း တဆက်တည်း

“မိန်းကလေးတိုင်းလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အနေနီးစပ်မှုအရ၊ စဉ်းစားတွေးခေါ်တတ်တဲ့ အမြော်အမြင်အရ၊ စိတ်သာယာမှုအရ၊ စီးပွားဥစ္စာဖိအားအရ…မရှောင်သာတဲ့ အခြေအနေအရ…ဆိုတာတွေက အများကြီးလေ။ ကိုယ့်တိုင်းပြည်မှာ နေလို့ထိုင်လို့အဆင်ပြေကြရင် … ပညာသင်နိုင်ကြရင် …. အလုပ်အကိုင် အခွင့်အလမ်းတွေပေါများမယ်ဆိုရင် ဒီမှာ ဒီလိုဇာတ်လမ်းတွေကို အကိုတို့ တွေးပီး စိတ်မကောင်းဖြစ်မနေရဘူးပေါ့ကွာ”

“ဒီနေ့တော့ ဒီလောက်ဆို တော်သင့်ပီထင်တယ်။ နည်းနည်းလည်းမှောင်လာပြီ။ ပြန်လှည့်ကြစို့” ဟု သူတို့သုံးယောက်တည်းက အသက်အကြီးဆုံး တယောက်က ပြောသည်။ တောင်စွယ်မှာ နေကွယ်သွားသောအခါ အေးစိမ့်စိမ့်အရသာက အရေပြားကို လာပြီး တို့ထိ ကျီစယ်နေသည်။

“အကိုတို့က ကျောင်းသားတပ်ကလား” ဟု တင်တင်က စပ်စုသည်။

“ကိုယ်တို့က နိုင်ငံရေးအကျဉ်းသားအုပ်စု၊ ကျောင်းသားတပ်ကလူတွေကလည်း အကိုတို့ သူငယ်ချင်းတွေပါပဲ။ ကိုယ့်ကျရာဇာတ်ရုပ်ကနေ နိုင်ငံအရေးထဲ လိုသလို ပါဝင်ပတ်သက်ခဲ့ကြတာပါပဲ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဆိုတာ ကြားဖူးတယ်မို့လား။ ကျောင်းသားတွေနဲ့ ဖွဲ့ထားတဲ့ ပါတီလေ။ အဲဒီမှာ လုပ်ရင်း ထောင်ကျကြတာ။ သူကတော့ အဲန်အယ်လ်ဒီပါတီက”

ဝင်းဝင်းမာက နားထောင်ရသမျှ စကားတွေအပေါ်မှာ ကိုယ်နှင့် ပြန်နှိုင်းယှဉ်ပြီး လိပ်ပြာမလုံဖြစ်မိလာသည်။ နိုင်ငံရေးလုပ် သူတချို့က ပေးသော စာတို့ ငွေတို့ကို သူ့အိမ်ပြန်သည့်အခါ ယူသွားပေးဖူးသည်။ ထိုင်းမှာ အလုပ်လာလုပ်သော သူများ ဆိုလျှင် စစ်ဆေးရေးဂိတ်တွေက သိပ်ပြီး မရှာဖွေတတ်။ ငွေရှာလာသူများမို့ ဂိတ်ဖြတ်ကြေးတွေကိုသာ လည်ပင်းညှစ် မ တတ် ရသလောက်တောင်းကြဖို့ အားသန်ကြတာဖြစ်သည်။ အ၀င်လည်းတောင်း၊ အထွက်လည်းတောင်း…တဂိတ်နဲ့ တဂိတ်ကလည်း သိပ်မဝေးတတ်သည့်အတွက် တခါတခါ အိမ်ပြန်ရလျှင် အဲသည် ဂိတ်ကြေးတွေကချည့် ငါးသောင်း လောက် ဖြစ်ဖြစ်သွားသည့်အခါက ရှိသေးသည်။ သူတို့က သုံးထောင်ထက်နည်းလျှင် မျက်နှာက မကြည်လင်တတ်ကြ။ (၁၀) ဂိတ်ဖြတ်ရလျှင်ကို သုံးသောင်းဖြစ်နေပြီ။ ရဲ၊ စစ်၊ လူဝင်မှုကြီးကြပ်ရေး။ အထူးထောက်လှမ်းရေး စသည်ဖြင့် အဖွဲ့ တွေကလည်း ထပ်ကို မထပ်စေရ။

အဲသည်တော့ လူကြုံပေးသည့် ပစ္စည်းလေး၊ စာလေး၊ ငွေစလေးတွေကိုကျစ်နေအောင်ထုတ်ပြီး သယ်ယူခလေး နည်းနည်းပါးပါးတောင်းကာ သယ်ပေးခဲ့ဖူးသည်။ အတွင်းက အပြန်ကျတော့လည်း သည်ဘက်က ပြန်မှာသည့် စာအုပ်တို့ ဘာတို့ ပြန်သယ်လာပေးရသည်။ အဲသည်မဖြစ်စလောက် နိုင်ငံရေးနှင့် ပတ်သက်မှုလေးကို ပုံကြီးချဲ့ကာ ၀င်းဝင်းမာက မြန်မာပြည်ပြန်လို့ မဖြစ်တော့ပါဟု အသနားခံလွှာ ရေးသားပြီး သူတို့က ယူအဲန်ဟု အလွယ်ခေါ်နေကြသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ သွားပြီး ဒုက္ခသည်စာရင်း သွင်းခဲ့တာဖြစ်သည်။

“ကြည့်စမ်းပါအုံးဗျာ၊ ဒိုင်နာကားနဲ့ နွားကျောင်းနေကြတာ၊ မြန်မာပြည်က နယ်တွေမှာဆို ဒိုင်နာတစီးလောက် ရှိနေရင်ကိုပဲ လူလတ်တန်းစားသဌေးလေး စာရင်းဝင်နေတာ”

သင်္ချိုင်းမြေအစပ်တွင် ပေါက်နေသော မြက်ပင်များရှိရာသို့ နွားတွေလွှတ်ထားသော ပိုင်ရှင် ကုလားက သံတန်းများနှင့် ခြံခတ်ထားသည့် ဒိုင်နာကားပေါ်သို့ နွားတွေကို ကုန်းဘတ်ပေါ်ကနေတဆင့် ပြန်မောင်းသွင်းနေသည်။ ခပ်ကြပ်ကြပ်ထည့်တော့ သုံးလေးကောင် အသာလေးဝင်သွားသည်။

“ခင်ဗျားက ဒိုင်နာနဲ့ နွားကျောင်းတာကို ခံစားနေ…ကျနော်ကမှ ချင်းမိုင်မှာနေတုံးက လမ်းလျှောက်သွားလို့ ခွေးတွေ တသီကြီးလိုက်ဟောင်တာကိုခံခဲ့ရတဲ့စိတ်က သေရာပါတော့မှာ”

“လမ်းလျှောက်လို့ ခွေးဟောင်တယ်။ ဘယ်အချိန်လျှောက်လို့လဲ” ဟု ၀င်းဝင်းမာက မေးလိုက်တော့ ကိုတင့်လွင်ဆိုသူက

“မနက် (၈) နာရီမထိုးခင်ဗျာ။ ဈေးနဲ့လည်း သိပ်မဝေးတော့ လမ်းလျှောက်ပြီး ဈေးကိုသွားတာ။ အိမ်ကထွက်ပြီဆိုကတည်း က လမ်းဘေးအိမ်တွေထဲကခွေးတွေက သူတို့လှောင်အိမ်ထဲကနေ သူတို့ခြံဝကနေ ခုန်ပေါက်ပြီးတော့ကို စူးစူးဝါးဝါး ဟောင်တာ။ အစကတော့ ကိုယ့်ကို ဟောင်တယ်မထင်မိဘူး။ နောက်တော့ တအိမ်လည်းမဟုတ်၊ နှစ်အိမ်ဖြတ်တော့လည်း ဟောင်၊ ဆက်တိုက်ဖြစ်နေလို့ ခွေးတွေကို လှမ်းကြည့်တော့ သူတို့က ကိုယ့်ကို ဟောင်နေတာကိုး”

“ခင်ဗျားက ကို့ယို့ကားယားဝတ်ထားလို့လား”

“ဘယ်ကလာ ကိုတင်ထွဋ်ရယ်။ ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့။ ကိုယ်ပေါ်မှာ အပိုဆိုလို့ လျှာထိုးဦးထုပ်ဆောင်းထားတာပဲ ရှိ တယ်။ နောက်တော့မှ သတိထားမိတာက ချင်းမိုင်မှာ ဈေးသည်ကအစ လမ်းလျှောက်တဲ့သူမှ မရှိတာကိုးဗျ။ အဆင်းရဲဆုံး ဈေးသည်တောင် ဆိုင်ကယ်တော့ရှိတယ်။ စက်ဘီးစီးတဲ့သူဆိုတောင် ရှားနေပီပြောရမယ်။ ပြည်သူလူထုက သူတို့လူမှု စရိတ်ဖူလုံပြီး အဆင့်မြင့်မြင့်နေနိုင်လာခဲ့တဲ့နှစ်တွေအတွင်း ထိုင်းနိုင်ငံမှာ ခွေးမျိုးဆက် ဘယ်နှစ်ဆက်လောက်ကစပြီး လမ်းလျှောက်တဲ့လူကို မမြင်ဘူးကြတော့လဲ..လို့ တွေးရင်း စိတ်ထဲ တနုန့်နုန့်နဲ့ နာနေတာလေ။ ဟောင်တာမှ အိမ်မွေး ခွေးရော၊ ရှားရှားပါးပါး လမ်းပေါ်က ခွေးလေခွေးလွင့်ကပါ ဟောင်တာဗျာ။ ခွေးမြင်ရင် ရင်ဘတ်ထဲကအောင့်တဲ့ ရောဂါရတာ အဲဒီကတည်းကပဲ”

“အကိုတို့ရဲ့ ပေါက်ကွဲမှုသံစဉ်တွေကြောင့် ငါ့ညီမတွေရဲ့ ညနေခင်းလေးတော့ ပျက်စီးသွားပီထင်တယ်” ဟု တိတ်တိတ် ဆိတ်ဆိတ်လျှောက်နေကြသော တင်တင်နှင့် ၀င်းဝင်းမာကို ကိုမျိုးဆိုသူက လှမ်းမေးသည်။

“မပျက်စီးပါဘူး။ အဲလိုမျိုး နှိုင်းယှဉ်ပြောပြမယ့်သူ ကျမတို့ပတ်ဝန်းကျင်မှာ မရှိခဲ့ဘူးတော့ ကိုယ့်တိုင်းပြည်အကြောင်းကို ဘာမှ မသိရဘူးလေ။ အလုပ်မရှိလဲ ကိုယ့်အကြောင်းပဲ။ ၀င်ငွေနဲ့ထွက်ငွေမမျှလည်း ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ။ လမ်းလျှောက် နေရလည်း ဒါက လူတိုင်း ဒီလိုပဲဆိုပီး တသက်လုံးနေလာခဲ့တာ။ အစိုးရဆိုတာနဲ့ သူများနိုင်ငံတွေမှာတော့ ဘယ်လိုပါလား ဆိုတာမျိုး တွေးရကောင်းမှန်းကို မသိခဲ့တာ။ အခုမှ ကိုယ့်တိုင်းပြည်အကြောင်းကို လေ့လာမှတ်သားခွင့်ရတာဆိုတော့ ကျမတို့မှာ အကျိုးအများကြီးရှိပါတယ်”

“ဒီလိုဆိုရင် ကိုယ်တို့ အတူတူ လမ်းလျှောက်ဖြစ်ကြတာ ကောင်းသွားတာပေါ့။ အိုကေ..နောက်တော့ တွေ့ကြသေး တာပေါ့”

ကိုယ့်တဲတန်းရှေ့ချိုးဝင်ရတော့မည်ဖြစ်သောကြောင့် ခြေလှမ်းအစသပ်လိုက်ကြသော ၀င်းဝင်းမာတို့နှစ်ယောက်ကို နှုတ်ဆက်လျှက် သူတို့ ထွက်သွားကြလေသည်။

ခွာညို

နိုဝင်ဘာလ (၅) ရက်၊ ၂၀၀၉ ခုနှစ်။

Read More...

တံလျှပ်ရွှေပြည် (၃)

နန်းမတော် မယ်နုကို သတ်တုံးက နန်းသွေးမို့ မြေမကျအောင် လည်မျိုကို တုတ်တိုနှင့်ရိုက်သတ်ခဲ့သလား။ ကားစင်တင်ပြီး တံကျင်ရှို မီးရှို့ခဲ့သလား။ ဒါမှမဟုတ် ကြိုးမိန့်နှင့် သေခဲ့သည့်တိုင်အောင် လောကကြီးကို ခေါင်းတချက်ဆတ်ကာ လျှာတစ် လစ်ထုတ်ပြပြီး မထေမဲ့မြင်ပြု သွားခဲ့လေသလား… နန်းမတော် မယ်နု လောကကြီးကို ဘယ်လို ကျောခိုင်းသွားလည်း ခင်လေး မသိပါ။ခင်လေး သိတာက အနောက်နန်းမတော်ကြီးကို သေဒဏ်ပေးရန် သူသတ်ကုန်းကို ခေါ်ရာလမ်းတွင် ဆရာရင်းဖြစ်သော ဆရာတော်ဦးဗုဓ်အား ၀င်ကန်တော့ပြီး သူ အသတ်ခံရတော့မည့်အကြောင်းလျှောက်ထားခန်းလေးပါ။ ဆရာတော်က စာဖတ်နေတော်မူရာက တချက်လောက်ပဲ မျက်လွှာလှန်ဝင့်ကြည့်ခဲ့ပြီး တခွန်းတည်းသော စကားကို ဆိုခဲ့သည်ဆိုပဲ။

“၀ဋ်ကြွေးရှိက ခံရသည် မိနု” …

ခင်လေးကတော့ ဘယ်ဘ၀က၀ဋ်ကြွေးကိုဆပ်ရန်လူလာဖြစ်နေခဲ့ရသလဲ…မသိပါ။ ကိုယ်လိုချင်တာမှန်သမျှ ဘာမှ လုပ်ခွင့် မရဘဲ ကိုယ်ကသာလျှင် လူတကာလိုအပ်သမျှ အရာရာကို မနိုင်ဝန်ထမ်းကာ ဖြည့်ဆည်းပေးရသည့် ပုံစံခွက်ထဲ ပုံလောင်း လွှတ်လိုက်သလို ခင်လေး ကံဇာတာမှာ တခါတည်း ကပ်လျှက်ပါလာခဲ့ပုံရလေသည်။ လဲကျခဲ့လျှင်တောင် ဥုံဖွ…ဟု အနာ သက်သာစေအောင် စိတ်ကိုလှည့်စားပေးမည့်သူမရှိခဲ့ဘဲ ကိုယ်ထူကိုယ်ထစနစ်နှင့် လူဖြစ်လာခဲ့ရသူ….။

လူမှန်းသိစကတည်းက အမေဈေးတောင်းခေါင်းရွက်ကာ အရပ်တကာလည် ဈေးရောင်းရာသို့ အပိုအရောင်းပစ္စည်း လေးတွေပိုက်ပြီး လိုက်ခဲ့ရတာ… အဲသည်တုံးက ပုံဖော်၍ မည်သို့မှမရနိုင်ခဲ့ သော အဖေ… ဆိုသူ တယောက် အ တွက် ထောင်ဝင်စာပံ့ပိုးရန်၊ အမေ့အတွက် အိမ်လခ၊ မီးဖိုချောင်စရိတ်တို့ကာမိစေရန် အိမ်နောက်ဖေးက မာလကာပင် လေးက မာလကာသီးကို ကျောင်းအားရက်တွေမှာ ဈေးထဲငုပ်တုပ်ကလေး သွားထိုင်ကာ ရောင်းခဲ့ရတာလည်း ခင်လေး ပါပဲ။

လမ်းထိပ်က ခရေပင်ကြီးက ခြွေချလေ့ရှိတဲ့ ခရေဖွေးဖွေးလေးတွေကို မနက် လေးနာရီမထိုးခင် သူများထက်ဦးအောင် တစ္ဆေမကြောက် မြွေမကြောက် ထထကောက်ပြီး ကိုယ့်ကျူရှင်စရိတ်ကိုယ်ရှာခဲ့ရတာလည်း ခင်လေးပါပဲ။

ခင်လေး ဘ၀မှာ ဘာအဖြစ်ချင်ဆုံးလည်း…ဟု ဂရုတစိုက်မေးမည့်သူရှိလျှင် ပညာကို ကိုယ့်စိတ်တိုင်းကျဉာဏ်စွမ်းရှိသရွေ့ ဆုံးခန်းတိုင်အောင် သင်ချင်ပါတယ်…ဟု သာဖြေချင်ပါသည်။ သို့သော် သည်မေးခွန်းအား မေးမည့်သူလည်း တယောက်မှ မပေါ်လာခဲ့ကြဖူးပါ။

လောကကြီးထဲကို လာရောက်ခဲ့ခြင်းသည် နာကျည်းခါးသည်းမှုများကို ခံစားရန် သက်သက်အတွက်လား၊ ငါ ဘာဖြစ်လို့များ အသက်ရှင်နေတာလဲ…ဟု အကြိမ်ပေါင်းမရေတွက်နိုင်အောင် မေးခွန်းထုတ်မိသည်။ ယောက်ကျားရှိပါလျှက် မုဆိုးမလို ရုန်းကန်နေရသူအမေ့အရိပ်မှာ အဖေရှိရက်နဲ့ အဖမဲ့ကလေးလို ကြီးပြင်းခဲ့ရသည့် လောကဒဏ်တရား၏စီရင်ချက်ဖြင့် ခင်ခင်လေး ဆိုသည့် မိန်းမငယ်လေးတယောက်သည် စကားပြောမချိုသာသော.. အရယ်အပြုံးမဲ့သော… လုပ်ငန်း စကား ကလွဲလျှင် ပေါ့ပါးပျော်ရွှင်ဖွယ်စကားကို မကြားတတ် မပြောတတ်တော့သူဖြစ်ခဲ့ရပြီး အဲဒါကိုက လူ့လောကထဲမှာ အပြစ်တခုနှယ် စကားတင်းအဆိုခံနေရပြန်ပါသည်။

သူလုပ်ချင်တာလုပ်ရင်း ထောင်ထဲမှာ နှစ်ရှည်လများ နေထိုင်ခဲ့ရသူအဖြစ် အဖေ့အား စာနာတတ်ကြ သနားတတ်ကြ ဖေးမ တတ်ကြသော လူ့အဖိုးတန်ကြီးများက အဖေ ဆိုသော သူတယောက်အား ဘယ်လိုပုံပန်းလည်းဆိုတာ မမြင်ဘူးသေးခင် အဲဒီ အဖေဆိုသူအတွက် ထောင်ဝင်စာပုံမှန်တွေ့ပေးနိုင်ရေးနှင့် မိသားစု၏ ၀န်ထုတ်ဝန်ပိုးကို အမေနှင့်အတူ အသက် ဆယ်နှစ်မပြည့်ခင်ကတည်းက ဈေးတောင်းခေါင်းရွက်ပြီး ထမ်းခဲ့ရသူတယောက်ကိုတော့ “သူရှာကျွေးနေရတယ်ဆိုပြီး မိဘကို မောက်မာဗိုလ်ကျသူ” ဟု ကင်ပွန်းတပ် တံဆိပ်ကပ်တတ်ကြသတဲ့။

မထောက်မညှာစတမ်း ပြောရမည်ဆိုလျှင် ဤ မှန်သောသစ္စာစကားကြောင့်…ဟူ၍ပင် သစ္စာတိုင် တည်နိုင်လောက်အောင် ခင်လေး၏ရပ်တည်မှုက ဖခင်တယောက်နှင့် အလှမ်းကွာဝေးခဲ့သည်။ အဖေ့လုပ်စာနှင့် ကျောင်းလခ တခါမှပင်မပေးဘူးခဲ့။ နိုင်ငံ့သားကောင်းတယောက်ဖြစ်ရန် နိုင်ငံ့အရေးကို ကိုယ်ရောစိတ်ပါ သွန်ထည့်နှစ်မြုပ်ပြီး ကြိုးစားနေတာကို ခင်လေး အသိအမှတ်ပြုပါသည်။ သို့သော် လူမှန်လျှင် တာဝန်မှန်သမျှကိုတော့ အတတ်နိုင်ဆုံး ကျေပွန်ရပါလိမ့်မည်။ နိုင်ငံ့သား ကောင်းတယောက်ဖြစ်အောင်ကြိုးစားနေရသည့်အတွက် ဖခင်ကောင်းတယောက်အဖြစ်ကို စွန့်လွှတ်မည်ဆိုလျှင် သားသ မီးများကို အစကတည်းက မွေးဖွားမလာစေသင့်ပါ။ ခင်လေးသက်တမ်း၏ တ၀က်မျှ ထောင်ထဲမှာ အဖေနေခဲ့ရတာ မပြောလို။ ထောင်အပြင်ဘက်ရောက်နေချိန်မှာတော့ မိသားစုစီးပွားရေးကို စိတ်ဝင်စားသင့် ကူညီသင့်သည်ဟူ၍။

အဖေ့လိုပဲ ထောင်နှစ်ရှည်ကျသည့် အဖေ့မိတ်ဆွေများ အိမ်လာလည်လေ့ရှိတတ်သည်။ တချို့က ထောင်ကထွက်ရခိုက် ခဏပင်ဖြစ်စေ မိသားစုစီးပွားရေးကို ဦးဆောင်လျှက် အခြေတကျဖြစ်စေခဲ့ကြသည်။ တချို့ကတော့ ဦးဆောင်သူ မဟုတ် သည့်တိုင်အောင် နောက်ကနေ ကူညီပံ့ပိုးမှုတွေ အလိုက်တသိပေးကြသည်။ အနည်းစုကတော့ သူတို့သားသမီးတချို့ နိုင်ငံခြားကို ရောက်သွားကြတာခပ်သဲ့သဲ့ပြောသံတွေလည်းကြားနေရသည်။

တချို့က အောက်လမ်းက ထွက်သွားကြတာတဲ့။ အောက်လမ်းဆိုသည်က တရားမ၀င် နိုင်ငံခြားကို ခိုးကူးသွားတာဖြစ်ပြီး တချို့ကျတော့ နိုင်ငံခြားရောက်သွားသည့် မိတ်ဆွေများအဆက်အသွယ်ဖြင့် ထောက်ပံ့ကူညီမှုများဖြင့် ကျောင်းတက်ခွင့်ရ အောင်ကြိုးစားပြီး ထွက်ခွာသွားကြတာဟုဆိုသည်။ သားသမီးတယောက် နိုင်ငံခြားမှာ အလုပ်လုပ်နေပြီဆိုလျှင် ငွေကြေး တန်ဖိုး ကွာခြားမှုအရ ဒေါ်လာအနည်းအကျဉ်းမျှသော ထောက်ပံ့မှုသည် မိဘများအတွက် အနည်းဆုံး မီးဖိုချောင်စရိတ်နှင့် ကျန်းမာရေးစရိတ်တို့ကို ရင်ထိတ်ပူပင်နေစရာ လျှော့ကျသွားသည်။

အဲသည်အကြောင်းပြောပြတော့ အဖေက သူ့ပင်ကိုယ် မထုံတက်တေးအမူအယာနှင့် အဖေ သိပါတယ်… ဟုခပ်တိုးတိုးနှင့် အေးအေးလေးပဲပြန်ပြောကာ သူ့ရေဒီယိုပေါက်စလေးက တဂျစ်ဂျစ်မြည်နေသည့်ကြားက ဘီဘီစီသတင်းကို နားနားကပ် ပြီး နားထောင်နေခဲ့သည်။ မတုန်တလှုပ်နိုင်လှသော အဖေ့ကြောင့် ပိုပိုပြီးတော့လည်း ငရဲကြီးလာသည်ဟု ခံစားရသည်။

ခင်လေးက နိုင်ငံရေးအကြောင်းကို သိပ်ပြီးကြီးကြီးကျယ်ကျယ်ကြီး မတွေးတတ်ပါ။ လက်တွေ့ကျသော မိသားစု အငတ် ဘေးနှင့် လမ်းပေါ်မရောက်ရေးကိုသာ ရင်ဆိုင်ဖြေရှင်းခဲ့ရသောအတွေ့အကြုံအရ ကွန်မြူနစ်ပဲဖြစ်ဖြစ်.. ဒီမိုကရေစီ ဘက် တော်သားပဲဖြစ်ဖြစ်.. ကျောင်းဆရာပဲဖြစ်ဖြစ်… လူမှန်လျှင် အချိန်မှန် ထမင်းစားရန်လိုပြီး အမိုးအကာအောက်မှာ နေထိုင် ရန်နှင့် လူမြင်တင့်တယ်ရန်အ၀တ်အထည်များလည်း လိုအပ်သည်ဆိုသည်ကိုပင်။ ဘုန်းကြီးတောင်မှ သူ့ဆွမ်းကို သူထွက် ခံရသေးတာပဲ။ ကွန်မြူနစ်ပါတီဝင်ဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများလည်း စားရေးသောက်ရေး ဖန်တီး စဉ်းစားရမည်ဟု ရိုးရိုးလေးပဲမြင်သည်။

ထောင်ကျနေချိန်တွေကို မဆိုလိုချင်ရိုးအမှန်ပါ။ သို့သော် ခင်လေး ဆယ်တန်းဖြေကာနီးဝန်းကျင် အဖေ ပြန်လွတ်လာ စဉ်က စာမေးပွဲအတွက်အရေးကြီးနေသော သမီးကိုယ်စား အဖေက အမေ့ကိုဈေးကူရောင်းပေးလိမ့်မည်ဟု ယုံကြည်မျှော် လင့်ခဲ့ဖူးပြီး ထိုမျှော်လင့်ချက်ကလေး အကောင်အထည်ပေါ်မလာသောအခါ ဈေးရောင်းရင်း စာကျက်ရင်း မျက်ရည် အိုင်ထွန်းခဲ့ရတာကိုတော့ ခင်လေး မာနဖြင့် အဖေ့ကိုပေးမသိစေခဲ့ပါ။ အမေ့ကိုလည်း စိတ်ဆင်းရဲမှု ပိုမိုမှာစိုးသောကြောင့် ခင်လေးမျက်ရည်ကို အမေမမြင်စေခဲ့ရပါ။

အရက်မသောက်ဘူး…ဖဲမရိုက်ဘူး…မိန်းမ မလိုက်စားဘူး...မိသားစုဝင်တွေကို မနှိပ်စက်ဘူး…ငါ ဘာမကောင်းတာများ လုပ်နေလို့လဲ….ဟု အမေနှင့်စကားများတိုင်း ပြောတတ်သည့် သူကိုယ်တိုင်ပြောသော အဖေ၏ကောင်းကွက်များကို ခံစား နိုင်လောက်အောင် ခင်လေး မရင့်ကျက်ခဲ့ပါ။ ဒါလောက်နှင့်တော့ အိမ်ထောင်ဦးစီးကောင်းတယောက် မဖြစ်သေး တာကို အဖေ၀န်ခံဖို့လည်း လိုပါလိမ့်မည်။ ခင်လေး ခံစားရသည်က သားသမီးသုံးယောက်နှင့် နိုင်ငံရေးသမား လင်ယောက်ကျား အတွက် ကျွဲလို နွားလို ရုန်းကန်နေရသည့် အမေ့အနားမရသော အချိန်များနှင့် အမေ့မျက်ရည်များသာဖြစ်ပါသည်။

ခင်လေးကိုယ်တိုင် ပညာဆက်လက်သင်လိုစိတ်..အမေ့အား မတောင့်မတ မကြောင့်မကျ နေထိုင်စေလိုစိတ်တို့ဖြင့် ခင်လေး နိုင်ငံခြားကို သွားပြီး အလုပ်လုပ်ချင်ခဲ့ပါသည်။ ထို့ကြောင့် အဖေ့အား တကြိမ်တောင်းဆိုခဲ့ဖူးသည်။

“အဖေ။ သူများတွေ သွားနိုင်ရင် ကျမလည်း သွားချင်တယ်။ ကျမကို အဲဒါလေးတခု မကူညီနိုင်ဘူးလား”

အဖေက ရေဒီယိုကို နားမှခွာပြီး ခင်လေးကို တချက်ဝေ့ကြည့်ပါသည်။

“ဘာဖြစ်လို့သွားချင်တာလည်း သမီးရယ်၊ ကိုယ့်တိုင်းပြည်က အကောင်းဆုံးပါ” ဟု တိုးတိုးလေး ဖျောင့်ဖျသည်။

“ကျမ ပညာဆက်သင်ချင်တယ်။ ဒီမှာ နေထွက်ကနေ၀င်လုပ်နေရလို့လည်း အိမ်လခအလျှဉ်မမှီ၊ မီးဖိုချောင် စရိတ်ပြတ်တဲ့ အခါပြတ်၊ နေမကောင်းရင်တောင် ဆေးကုစရာပိုက်ဆံမရှိဘူး။ အဲလိုဘ၀မျိုးကို ကျမလူမှန်းသိစကတည်းက ခါးစည်းခံ လာခဲ့ရတာ အခု အသက် အစိတ်ကျော်လာပြီ။ ကျမ အခြေတကျဘ၀တခုကို တည်ဆောက်ချင်တယ်။ လက်လှုပ်မှ ပါးစပ် လှုပ်နိုင်တဲ့ ဘ၀ကို စွန့်လွှတ်ချင်ပီ။ ပညာလည်းဆက်သင်ချင်တယ်။ ဒီမှာနေရင် ဘွဲ့တခုရပီးတာနဲ့ ပညာရေးက လမ်းမ ဆုံးချင်လည်း ဆုံးနေတာပဲ။ ဒီဘာမှသုံးလို့မရတဲ့ ဘွဲ့အတွက်တောင် ကျမမှာ ပိုက်ဆံမတတ်နိုင်တာအဖေ။ ကျမ ထပ်သင် ချင်တဲ့အဆင့်မြင့်ပညာရေးအတွက် ကျမ ပိုက်ဆံရှာဖို့လိုတယ်။ ပြီးတော့ မိသားစုထဲမှာ တယောက်ယောက်အမာခံ စီးပွား မရှာနိုင်၊ ပညာမသင်နိုင်ရင် ကျမတို့မိသားစု ဘယ်တော့မှ စီးပွားရေး၊ ပညာရေး နလံထူလာနိုင်တော့မှာမဟုတ်ဘူး။ ကျမ တို့မျိုးဆက်က တဆင့်ထက် တဆင့်နိမ့်ကျသွားဖို့ပဲရှိတယ်။ ကျမကို ကူပါအဖေ”

ခင်လေးက အသင့်ရှာဖွေ ကော်ပီကူးထားသည့် နိုင်ငံရေးခိုလှုံခွင့်လျှောက်လွှာလေးကို အဖေမြင်သာအောင် ရှေ့သို့ ထိုးပေး လိုက်သည်။ အဖေက အဲသည်လျှောက်လွှာကို မသတီစရာ အကောင်တကောင်ကို တွေ့လိုက်သည့်နှယ် စိတ်မသက် မသာနှင့်ကြည့်နေလေသည်။

“ကျမ တသက်မှာ အဖေ့ကို တခါမှ ဘာမှ မတောင်းဆိုဘူးခဲ့ပါဘူး။ ဒီတခါလောက်တော့ အဖေ မွေးထားတဲ့ သမီး တယောက်အတွက် လုပ်ပေးလိမ့်မယ်လို့ ကျမ မျှော်လင့်ပါရစေ အဖေ၊ ကျမ သွားချင်နေတာ ချမ်းသာချင်လွန်းလို့ ရယ် လို့လည်း မဟုတ်ဘူး။ နိုင်ငံရေးပဲလုပ်လုပ်၊ ပညာရေးပဲလုပ်လုပ်၊ ပိုက်ဆံမရှိရင် ဘာမှလုပ်လို့မရဘူးအဖေ။ ဒါကြောင့် ကျမ ပိုက်ဆံ ရှာရမယ်။ ပိုက်ဆံမရှိဘဲ စိတ်ကူးတွေ ရည်မှန်းချက်တွေ ထားနေတာ နေ့ခင်းကြောင်တောင် အိမ်မက်ယောင်နေ သလို ဘာအဓိပ္ပာယ်မှမရှိဘူးအဖေ။ ကျမ ဘ၀ကို လက်တွေ့ကျကျ ရင်ဆိုင်ချင်တယ်။ အဖေ ကူညီမှ ဖြစ်မှာမို့လို့ပါ”

“အဖေ့တသက်မှာ ဘယ်သူ့ဆီကမှ ဘာအခွင့်အရေးမှ မယူခဲ့ဘူးသမီး။ တကယ်ဒုက္ခမရောက်ဘဲ ဒုက္ခရောက်ပါတယ်လို့ အဖေ မညာနိုင်ဘူး။ အဖေနိုင်ငံရေးလုပ်နေတာ အဖေ့နိုင်ငံကိုချစ်လို့။ အထူးသဖြင့် နိုင်ငံရေးလုပ်တာကို ဘန်းပြပြီး နိုင်ငံခြားထွက်ခွင့်ရဖို့ ကြိုးစားလိုက်ရင် အဖေတသက်လုံးလုပ်ထားသမျှတွေ သဲထဲရေသွန်ဖြစ်ကုန်တော့မယ်”

ခင်လေး စာရွက်များကို အသာပြန်ရုပ်လျှက် အဖေ့ရှေ့မှ အောင်မြင်စွာတပ်ခေါက်လာခဲ့ရသည်။

ခင်လေး အိပ်ယာဆီသို့ပြန်လာချိန်မှာ အစာအိမ်ထဲက ထိုးပြီးအောင့်လာသည်။ အန်ချင်သလိုလို ပြည့်ကျပ်သော ဝေဒနာ က အပြင်းအထန်နှိပ်စက်လာပြန်သည်။ အံကိုတင်းတင်းကြိတ်ရင်း…ငါဘာလုပ်ရမလဲ…ဟု အထပ်ထပ်မေးဖြစ်သည်။ အခုအချိန်မှာ တယောက်ယောက်က တခုခုလာပြောမည်ဆိုလျှင် ခင်လေး၏အနေအထားသည် ချောင်ပိတ်မိသော ခွေးတကောင်၏ စိတ်ဓာတ်မျိုးဖြင့် မည်းမည်းမြင်တိုင်း ထိုးဟောင် ထိုးဟပ်လုပ်ပစ်ရန် အသင့်အနေအထားဖြစ်နေခဲ့သည်။

နိုင်ငံရေးအသိုင်းအ၀ိုင်းကြားမှာ ပြစ်မျိုးမထင်ဖြစ်ရန်ကိုသာ စိတ်အားသန်သောအဖေ့၏ ကိုယ်ကျိုးမဲ့ဝါဒသည် သူများတွေ အတွက်တော့ သူရဲကောင်းစိတ်ဓာတ်ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ ခင်လေးအတွက်ကတော့ အဖေ အိမ်ထောင်ပြုပြီး ခင်လေးတို့ကို လူဖြစ်စေခဲ့ခြင်းက သူ့ဒုက္ခမျိုးစုံအား အဆင်သင့်ဝင်ခံပေးရန်အတွက် အသုံးချရုံ သက်သက်.. ဆိုသည့် မကြားဝံ့ မဆိုသာသော အတွေးဆိုးကြီးက ကြာလေကြာလေ ပိုမိုခိုင်မာလေသာ ဖြစ်၍နေတော့သည်။

သားသမီးများ၏ ရှေ့ရေးကို ဘယ်တော့မှ ထည့်မတွက်ပေးဘဲ ရွက်ကျပင်ပေါက်များလို ကိုင်းကျိုးကျရာမှာ ရှင်သန်စေ လိုသော အဖေ့ထံက သည်လိုတုန့်ပြန်မှုမျိုးကိုရမည်ဆိုတာ အတွေ့အကြုံများအရ သိထားပြီးဖြစ်သော်လည်း အမှတ်မရှိစွာ တောင်းဆိုမိသော ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိ ဒေါသထွက်မိတော့သည်။ မြက်ဟောင်းကိုမွှေရင် အပုပ်နံ့ထွက် ဆိုသလို ဟိုးအရင်ကတည်းက ကျူရှင်မတတ်နိုင်သောကြောင့်၊ စာကျက်ချိန်အလုံအလောက်မရအောင် ငွေရှာနေရသောကြောင့် ကိုယ့်လောက်မှ မတော်သူတွေက ကိုယ့်ကို ဖြတ်ကျော်တက်သွားသည့် ပညာရေးခရီးရှည်ကြီးကို အစ အဆုံး ပြန်လည် သတိရရင်း အကုသိုလ်တွေ ဖောဖောသီသီ ရနေတော့သည်မှာလည်း ခင်လေးသာလျှင်ဖြစ်တော့သည်။

အဖေမနားတမ်းလည်ပတ်နေလိုသည့် နိုင်ငံရေးယန္တယားကြီးအတွင်းမှာ ခင်လေးအား မနားတမ်းပတ်ပြေးပေးနေရသည့် ခွေးသွားစိတ်လေး တခုလိုသာ အသုံးချချင်နေပုံရသည်ဟူသော ခံစားချက်က ခင်လေးကို အနာကျင်ဆုံးနှင့် အနက်ရှိုင်းဆုံး နှိပ်စက်ကလူနေလေသည်။

တကယ်တော့ ခင်ခင်လေး၏ လူ့ဖြစ်စဉ်သမိုင်းကြောင်းသည် အမေ့ဗိုက်ထဲကထွက်လာချိန်မှစ၍ အလုပ်ကြမ်းနှင့် လွတ်ရက်မရှိသော အကျဉ်းထောင်တခုထဲသို့ ပစ်ချခံလိုက်ရခြင်းထက် ဘာတခုမှ မပိုခဲ့။

ခွာညို

ဇူလိုင်လ (၂၅) ရက်။

ဂျပန်နိုင်ငံအခြေစိုက် အလင်းအိမ် တွင် ဖော်ပြပြီး

Read More...