မင်း ဘယ်နိုင်ငံကလဲ..တဲ့။ မင်း ဘာလူမျိုးလဲ ဆိုတာ မေးတဲ့အခါ....
ငါ မြန်မာနိုင်ငံ ကပါ ငါမြန်မာပါ လို့ ပြောလိုက် တိုင်း မျက်နှာပုံစံ အနေအထားတွေ မျက်လုံးအရောင်တွေ တစ်မျိုး ပြောင်း သွားတာ အမြဲ ခံစားရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်မ အမြဲဂုဏ်ယူပြီး ပြောလေ့ရှိတာက ငါ မြန်မာပြည်က မြန်မာပါ လို့ဆိုတာပါပဲ။
ထိုင်းတက္ကသိုလ်မှာ နိုင်ငံတကာ ကျောင်းသားတွေနဲ့ အတူ မာစတာတန်းတက်တော့ ကျောင်းသားအချင်းချင်း မိတ်ဆက်ကြတဲ့အခါ.. ငါမြန်မာပါလို့ပြောလိုက်တော့. အော..မင်းကို ငါတို့က ထိုင်းထင်နေတာတဲ့။ ကျွန်မကို အမြဲမေးလေ့ရှိတာ ဖိလစ်ပိုင်လား ဗီယက်နမ်လား ထိုင်းလားဆိုတာပါပဲ အာရှသူတွေဟာ အများအားဖြင့် ရုပ်ဆင်တတ်ကြပါတယ်။ ဒါပေမယ့် ကျွန်မ ဘယ်တော့မှ သူများ နိုင်ငံသား ဟန်မဆောင်ပါဘူး အထူးသဖြင့် ဘယ်တော့မှ ထိုင်း ချင် ဟန် မဆောင်ပါဘူး။
ရဲဖမ်းမှာစိုးလို့ လုံခြုံရေးအခြေအနေအရ သက်သေခံကဒ်ပြားမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားလို မြန်မာလူမျိုးတွေ အတွက် သူတို့ရဲ့ လုံခြုံရေးအရ ထိုင်းချင် ဟန်ဆောင်တာကို လက်ခံလို့ရပေမယ့် မြန်မာ စာအုပ် ကိုင်ထားပြီး တရားဝင် နေခွင့်ရပါရက် ထိုင်းချင် ဟန်ဆောင်တတ်တဲ့သူတွေကို ကျွန်မ တော်တော် မုန်းပါတယ်။
ဒါပေမယ့် ဥပမာ တက်စီစီးတဲ့အခါ ဈေးဝယ်တဲ့အခါမျိုးမှာ မြန်မာလို့ပြောလိုက်ရင် ထိုင်းတွေက အကျင့်ယုတ် မှာစိုးလို့ ဟိုလိုလို ဒီလိုလို လုပ်တာမျိုး ကိုလည်း လက်ခံ ပါသေးတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်းလို နေရာမျိုးမှာ လူအများရဲ့ ရှေ့မှောက်မှာ ကိုယ်ပိုင်အရည်အချင်းတစ်ခုကို ထုတ်ပြခွင့်ရမယ့် အခြေအနေ အနေအထား တစ်ခုမှာ ကိုယ်မြန်မာပါလို့ မပြောရဲ တဲ့ မပြောချင်တဲ့ သူတွကို မြင် ရတိုင်း စိတ်ထဲ တော်တော် မကောင်း ဖြစ်မိ ပါတယ်။ အခြေအနေ ကလည်း ဒီလို ဖန်တီး လာတာကိုး ကိုယ့်က မြန်မာပါ လို့ပြောလိုက်တိုင်း သူများက တုန့်ပြန်တဲ့ အမူအယာတွေ စကားတွေ အတွက် အလိုလိုနေရင်း ငါ ဘာ လူမျိုး ဘယ်နိုင်ငံ ကလဲ ဆိုတာ ငါ မပြောတာ ကောင်းတယ် ဆိုတဲ့ အတွေးမျိုး ဖြစ်လာတယ် လို့ သူငယ်ချင်းတွေ ရင်နာနာနဲ့ ရင်ဖွင့်ဘူး ပါတယ်။
အော် ဖမာ့ (ထိုင်းအခေါ် မြန်မာ) က ဒီလိုကျောင်းတက်နိုင်တာလည်း ရှိလားလို့ ဆိုလာတဲ့ ထိုင်းကျောင်းသား တွေကို ကျွန်မ တုန့်ပြန်တာ တစ်ခုပဲရှိပါတယ်။ အဲ့တာကတော့ အတန်းထဲမှာ အမှတ်အများဆုံးနဲ့ အထူးချွန်ဆုံး ကျောင်းသူ တစ်ယောက်ဖြစ်အောင် သက်သေပြတာပါပဲ။ ဒါဟာ မြန်မာပဲ ဟေ့လို့ ပြလိုက်တာပါပဲ။ မြန်မာဆိုတာ ဒါမျိုး ဆိုတာ သူတို့ သိစေချင်တာပါပဲ။ အခြေအနေနဲ့ အချိန်အခါ အရ ကျွန်မတို့ ဒီလိုနေရပေမယ့် စိတ်ဓာတ် အရရော အရည်အချင်း အရ ရော သူတို့ထက် သာတယ် ဆိုတာ ပြနိုင်အောင် အမြဲကြိုးစားပါတယ်။
ကျွန်မ စနေ တနင်္ဂနွေ ကျောင်းတက်တိုင်း မြန်မာဝတ်စုံ ၀တ်ပြီး တက်ပါတယ်။ အဲ့မှာ ကြုံရတာ တစ်ခုကတော့ ကျွန်မ မြန်မာဝတ်စုံနဲ့ ကျောင်းတက်လို့ အတန်းနားချိန် အပြင်ထွက်ပြီး ဖုန်းပြောနေတုန်း အတန်းချင်း ကပ်ရက် အခန်းက မာစတာတန်းတက်နေတဲ့ ရွှေမြန်မာ တစ်ယောက်က ကျွန်မကို မေးလာပါတယ်။ ဒီမှာ မြန်မာဝတ်စုံ ၀တ်လို့ ရလားတဲ့ ကျွန်မ တော်တော် အံ့အားသင့် သွားပါတယ် ။ ဘာဖြစ်လို့လဲ လို့မေးတော့ ထိုင်းမှာ မြန်မာ ၀တ်စုံ ၀တ်လို့ မရဘူး သူ့ကို ပြောထားလို့တဲ့ ဘယ်သူပြောလဲ ဘာလို့ဝတ်လို့မရမှာလဲလို့ပြောလိုက်တယ် ကိုယ့်မှာ မြန်မာစာအုပ် ကိုင်ထားတာ မဟုတ်ဘူးလားလို့မေးလိုက်တယ်။ ငါတို့ဝတ်စုံက လူအလည်မှာ ချပြလို့ မရအောင် ဆိုးရွား နေတဲ့ ၀တ်စုံမျိုးမှ မဟုတ်တာ လို့ ခပ်ပြတ်ပြတ် ဖြေလိုက်တယ်။ ကျွန်မ အခု မြန်မာဝတ်စုံ ၀တ်ရတဲ့ အဓိက အကြောင်းက ကိုယ့်ကို ထိုင်းလိုလို သူများလူမျိုးလိုလို ထင်မှာစိုးလို့ မြန်မာဆိုတာ ပြတာလို့ တမင် ဖြေလိုက်တယ်။
သနပ်ခါးလေးကို ဖုံလို့ ချစ်စရာကလေးငယ်နောက် ကျွန်မ မြန်မာသနပ်ခါး တောင်ကြီး မောက်မယ်နဲ့ ရွှေပြည်နန်း အသားဖြူသနပ်ခါးကို တော်တော် ကြိုက် ပါတယ်။ ထိုင်းမှာတောင် မြန်မာပြည်က လာတဲ့ သနပ်ခါးကို ကုန်ကြမ်းပြုပြီး မိတ်ကပ်အဖြစ် ဈေးကွက် တင်တော့ အတော်လေး နံမည်ရတယ်လို့ သိရပါတယ်။ ကျွန်မတို့ မြန်မာကျောင်းသူတွေ စုနေကြတုန်းအခါက အောက်ထပ် ကို ဆင်းပြီး ယိုးဒယား သင်္ဘောသီးထောင်း ဆင်းဝယ်ဖို့လုပ်တော့ အရမ်းပူလွန်းလို့ ကျွန်မက သနပ်ခါး ပါးကွက်ကြား လေးနဲ့ နေနေရင်း အဖော်လိုက်ခဲ့ဆိုတော့ လုပ်လက်စ ကွန်ပျူတာလေး ဘေးချပြီး လိုက်မယ် ပြင်တဲ့အခါ နင့်သနပ်ခါးကို သွားဖျက်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ အပြင်ထွက်မှာလေ တဲ့ ဟဲ့ တိုက် အောက်တင် မဟုတ်ဘူးလား သနပ်ခါးလိမ်းတာ ဘာဖြစ်လို့လဲလို့မေးတော့ နင်သနပ်ခါးနဲ့မလိုက်နဲ့တဲ့ မဟာချိုင်မှာဆို သနပ်ခါးလိမ်းရင် ပါးရိုက်ခံရတယ်တဲ့။ ကျွန်မ မျက်စိထဲ ၀င်းဝင်းတောက်သွားပါတယ်။ လာလေ သနပ်ခါးလိမ်းလို့ ဒီလို လာလုပ်လို့ကတော့ ထိုင်းတစ်မျိုးလုံး ပြုတ်သွားမယ် ငါသနပ်ခါးလိမ်းလို့ နင် အတူ မသွားချင်ဘူး ဆို ငါ့ကို နင်အသုဘတောင် မခေါ်နဲ့လို့ ပြောလိုက်တယ်။ ဒါပေမယ့် အဲ့အဖြစ်အပျက်က တစ်ကယ်ပဲ ရှိခဲ့တာပါ။ မြန်မာမလေးတွေ သနပ်ခါးလိမ်းလို့ လုပ်ငန်းခွင်ထဲမှာ ပါးရိုက်ခံရတဲ့အဖြစ်မျိုးတွေ ရှိခဲ့ပါတယ်။

ကျွန်မ ဒီနေ့ ဒီပို့စ်လေး ရေးမိတဲ့အကြောင်းက နောက်တစ်ခုရှိပါတယ်။ ဧရာဝတီမဂဇင်းမှာ ပါလာတဲ့ ထိုင်းနိုင်ငံဖွား မြန်မာကလေး ဂျပန်သွားရန် ထိုင်းအစိုးရ ခွင့်မပြု ဆိုတဲ့ သတင်းလေးတစ်ပုဒ် ကို ဖတ်ပြီး စိတ်ထဲ အရမ်းကို နာကျင်ခံစားမိပါတယ်။ ကလေးက အသက် ၁၂နှစ်ပဲရှိပါသေးတယ် ချင်းမိုင်က ဆောက်လုပ်ရေး မြန်မာမိသားစုက ထိုင်းမှာ မွေးတာပါ။ ထိုင်းစာသင်ကျောင်းမှာ တက်ခွင့်ရပါတယ်။ ချင်းမိုင်မြို့ Ban Huay Sai ကျောင်းမှာ တက်နေတဲ့ ၄ တန်းကျောင်းသား မောင်သောင်ဒီဟာ စက္ကူနဲ့ လေယာဉ် အရုပ်ကလေးတွေ ချိုးခေါက်တဲ့နေရာမှာ အတော့်ကို ထူးချွန်သူတဦး ဖြစ်ပါတယ်တဲ့။
ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မှာ National Mental and Material Tenology (Mtec) က ကျင်းပတဲ့ စက္ကူလေယာဉ် ပြိုင်ပွဲမှာ သူရဲ့ စက္ကူ လေယာဉ်လေးက ၁၂.၅၀ စက္ကန့် ကြာပျံသန်းနိုင်တဲ့အတွက် ပထမဆု ရရှိ ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ကလေးများ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီ သူတဦး ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံ အိုမီဂါရီ အဖွဲ့က ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အဲ့ ကလေးကို ဖိတ်ကြားခဲ့တာပါ.. ဒါပေမယ့် ထိုင်းအစိုးရက သူ့ကို နိုင်ငံကူး လက်မှတ် ထုတ်မပေးခဲ့ပါဘူး
“သူ့ကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်မပေးနိုင်ပါဘူး။ တကယ်လို့ သူက ဒီပြိုင်ပွဲကို ဝင်ချင်တယ်ဆိုရင် မြန်မာပြည် ကိုယ်စားပြုပြီးပဲ ဝင်ပြိုင်လို့ ရပါမယ်” လို့ ထိုင်း ပြည်ထဲရေး ဝန်ကြီး Chavarat Charnvirakul က ပြောခဲ့ပါတယ်တဲ့ရှင်
ဒါဆို မြန်မာတွေဆီက ပြည်ပရောက်တဲ့အထိ အခွန် အတုပ်တွေ မတရား ကောက်ခံ နေတဲ့ မြန်မာသံရုံး အနေနဲ့ ကရော ဒီလို ကိုယ့်လူမျိုး ကလေး တစ်ယောက်ရဲ့ နိုင်ငံတကာယှဉ်ပြိုင်ခွင့် အရည်အချင်း အပေါ် ဘယ်လို ကူညီ နိုင်မလဲ လို့ တွေးမိတော့ ကြေးစည်ထုသလိုပါပဲ မထင် မထင် မထင်ပါဘူး ရှင်.. သူတို့ အမြဲ ပြောလေ့ ရှိပါတယ်။ ပြည်ပ အားကိုး ပုဆိန်ရိုး ဆိုတာကိုလေ.. ဆူနာမီတုန်းကတောင် သေသွားတဲ့ မြန်မာ အလောင်းကို ထိုင်းက အကြာကြီး သိမ်းပေးထားတာတောင် အညှိုးတကြီးနဲ့ နိုင်ငံက တရားမ၀င် ထွက်သွားတဲ့သူတွေ ဖြစ်လို့ အသိအမှတ်မပြုနိုင်ဘူးလို့ သေသွားပြီဖြစ်တဲ့ အပြစ်မဲ့သူတွေကို ကိုယ်ချင်းမစာနာ ရက်ရက်စက်စက် ပြောခဲ့သေးတာပဲ။
ကလေးဟာ မျက်ရည်လည်ရွဲနဲ့ “ထိုင်းနိုင်ငံသား လတ်မှတ် ကျနော့်ဆီမှာမရှိလို့် ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် လက်လွတ် ဆုံးရှုံးရမယ် ဆိုတာသိပါတယ်၊ ကျနော့်ကို ဂျပန်သွားဖို့ ကူညီပေးပါ” လို့  သတင်းထောက် တွေကို ပြောခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ရေးခဲ့ပါတယ်။ နောက် ကျွန်မတွေးမိတာက ဒီကလေးလေး ဟာ ဘာဖြစ်လို့ စက္ကူရုပ်လေးတွေနဲ့ လေယာဉ်ပျံ ချိုးတာ ဘာကြောင့်တော်သလဲဆိုတာပါပဲ ကလေးရဲ့အတွေးထဲမှာ လွတ်လပ်တဲ့ မိုးကောင်းကင်ထဲက ပျံဝဲချင်တဲ့ လွတ်လပ်ချင်တဲ့ သူ့ရဲ့စိတ်ကလေးကို ကျွန်မ မြင်လိုက်ရသလိုပါပဲ စိတ်ထဲလည်း တော်တော်မကောင်းဖြစ်မိတယ်. ကျွန်မတို့ကလေးတွေ..သူများနိုင်ငံ သူများဝန်းကျင်မှာ ဘယ်လောက်တောင် လွတ်လပ်ခွင့်ကို ငတ်မွတ်နေကြမလဲဆိုတာပါပဲ။

ကျွန်မတို့ မျိုးဆက်ရင်သွေး မြန်မာကလေးတွေ မြန်မာလူမျိုးတွေဟာ..ကိုယ့်နိုင်ငံကိုယ့်မြေ ကိုယ်ရေ ကိုယ့်ပိုင်နက် ရှိရက်နဲ့ သူများနိုင်ငံတွေမှာ သွားပြီး ပင်ပမ်းကြီးစွာနဲ့ နေထိုင်အသက်မွေး လူပ်ရှားရုန်းကန် နေကြရပါတယ်။ ကိုယ်ပိုင်အရည်အချင်း အရည်အသွေးတွေကို ပြနိုင်ခွင့်မရှိ ပြနိုင်ခွင့်ရှိခဲ့ပြန်တော့လည်း အဲ့ကလေးလေးလို ထူးချွန်ထက်မြတ်တဲ့ ကလေးတွေရှိပြန်ပေမယ့်လည်း နိုင်ငံကြောင့် ကိုယ့်ရဲ့ အရည်အချင်းကို နိုင်ငံတကာမှ ပြခွင့် ဂုဏ်ယူခွင့် မရှိပဲ ဆုံးရူံးနစ်နာရပါတယ်။
ဒါဟာ နိုင်ငံတကာရောက်နေရတဲ့ မြန်မာလူမျိုးတွေရဲ့ ဒုက္ခဆင်းရဲမူတွေ ပိုင်ရှင်မဲ့အလောင်းတွေ တန်ဖိုးမဲ့တဲ့ အသက်တွေ ရင်းနှီးခဲ့ရတဲ့ သွေး ချွေးတွေ ဘ၀တွေ ပေးဆပ်လိုက်ရတဲ့ ဆိုးရွားလှတဲ့ အဖြစ်အပျက်တွေ အများကြီးထဲက သေးသေးလေးတစ်ခုပါ။ အဲ့တော့ ကျွန်မတို့တွေ...ဘယ်တော့မှ ငါဟာ မြန်မာ ငါ့နိုင်ငံက မြန်မာနိုင်ငံ ငါတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ ဘယ်အချိန်မှ လူပုံအလည်မှာ လွတ်လွတ်လပ်လပ် ဂုဏ်ယူဝင့်ကြွားခွင့်ရှိမလဲ ဆိုတာ တွေးနေမိပါတော့တယ်..
ပုံတွေကို google images မှာ ရှာဖွေသည်။