အခု ..မနက် ၃း၃၀အတိပဲ..အခုချိန်လောက်ဆို လွန်ခဲ့တဲ့ နှစ်၃၀ကျော်က ရန်ကုန်မြို့က ဂျမခါနာ ဆေးရုံကြီး ပေါ်မှာ အမေ ဟာ သမီးဦးဖြစ်တဲ့ ကျွန်မကို မီးဖွားဖို့ ပြင်ဆင် နေချိန်မို့ အရမ်း ပင်ပမ်း နေရှာ ရော့မယ်...အရမ်း အစိုးရိမ်ကြီးတဲ့ အဖေဆိုရင် အခုချိန် လောက်ဆို ဗလောင်ဆူဝေ ပြီး စိုးရိမ်တကြီး ဖြစ်နေရှာမယ်..
သြဂုတ်လ ၂၉ရက် ၀ါခေါင်လပြည့်ကျော် ၁၀ရက် အဂါင်္နေ့ မနက်လေးနာရီ တိတိမှာ မဆုမွန်ဆိုတဲ့ သမီးဦး ရလိုက်ချိန်မှာ သားချည်းပဲ ဆက်တိုက် သုံးယောက်မွေးထားပြီးဖြစ်တဲ့ အဖေနဲ့အမေ အရမ်းကို ပြုံးပျော်ရွှင်ကြည်နူး နေခဲ့ပါသတဲ့...
ကျေးဇူးကြီးလှတဲ့ မိဘနှစ်ပါးအတွက် ဘယ်လို ကုသိုလ်ကောင်းမူပဲလုပ်လုပ် စိတ်ထဲက အမြဲတမ်း ဆုတောင်းမိတာ တစ်ခုကတော့ အခုလို ကုသိုလ်ပြုရသော စိတ်စေတနာကြောင့် အမေနဲ့အဖေကို အလုပ်အကျွေး ပြုရပါလိုတယ်ဆိုတဲ့ ဆုတစ်ခုပဲ တောင်းပါတယ်။
ဒီနေ့ မွေးနေ့မနက်ခင်းမှာ ဆုမွန်ဆိုတဲ့ သမီးလေးကို လူ့လောကထဲရောက်အောင် မွေးထုတ်ပေးခဲ့တဲ့ မွေးမိခင်ကြီးနဲ့ အခုချိန်အထိ လူလားမြောက်အောင် ပညာတွေသင်ပေးပြီး ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ ဖခင်ကြီးကို အဝေးတစ်နေရာကနေ စိတ်မှာရည်စူးပြီး ကန်တော့ပါတယ် ကာယကံ ၀စီကံ မနောကံနဲ့ အမိအဖနှစ်ပါးကို ပစ်မှားကျူးလွန်မိခဲ့တာရှိရင် ခွင့်လွှတ်ပါလို့ ဒီနေရာကနေ တောင်းပန်ကန်တော့ပါတယ်။
အဖေနဲ့အမေ စိတ်ချမ်းသာခြင်း ကိုယ်ချမ်းသာခြင်းများစွာနဲ့ တရားဘာဝနာအားထုတ်ပြီး ဘ၀ကို ငြိမ်းချမ်းစွာ နေထိုင်နိုင်ပါစေ..လို့ သမီးမွေးနေ့ မှာ ဆုတောင်းပါတယ်။
...
Facebook မှာ ပထမဆုံး ဆုတောင်းပေးတဲ့ မမကေသွယ်နဲ့ ကိုသောမတ်စ်လတ်ကို တကယ် ကျေးဇူးတင်ပါတယ်၊၊
၂၉ရက်နေ့ကူးကူးချင်းမှာ ပထမဆုံး ဖုန်းဆက်ပြီး မွေးနေ့ဆုမွန်တောင်းပေးတဲ့ သူငယ်ချင်း အောင်ထွန်းနဲ့ချစ်သူယုန်ကလေးကို အထူးကျေးဇူးတင်ပါတယ်၊
ဂျီးမေးလ်ကနေ တဆင့် ပထမဆုံး မွေးနေ့ဆုတောင်းပေးတဲ့ ချစ်သောညီမငယ် မျိုးလပြည့်ထွေးကိုလည်း ကျေးဇူးတင်ပါတယ်။
Gtaltk ကနေ ပထမဆုံး မွေးနေ့ဆုတောင်းပေးတဲ့ အစ်ကိုဂျွန်ကိုလည်း ကျေးဇူးတင်ပါတယ်၊
မွေးနေ့ အကူးကာလမှာ ပိုက်ဆံအများကြီး အကုန်ခံပြီး ကျွန်မကို စိတ်ပျော်ရွှင်အောင် ပွဲလုပ်ပေးတဲ့ သူငယ်ချင်းကျော် စံစံ ညီမငယ်ပြည့်စုံ အတူ လိုက်ပျော်ပေးတဲ့ မောင်ငယ်ဇော် နဲ့ ညီမငယ်စန္ဒာကိုလည်း တကယ်ကျေးဇူးတင်ပါတယ်..
ကျွန်မရဲ့တစ်ဦးတည်းသော ညီမငယ်လေးပြည့်စုံက မွေးနေ့လက်ဆောင်အဖြစ် သူ့ရဲ့စိတ်ကူးယဉ်အိမ်မက်ဆိုတဲ့ ဘလော့ခ်လေးမှာ မယ်ခွေ သို့မဟုတ် ချစ်လှစွာသော မမဆုမွန် ဆိုတဲ့ မွေးနေ့ပို့စ်လေးတစ်ခုအဖြစ် အခုလိုရေးပေးခဲ့ပါတယ်၊ကျေးဇူးတင်ပါတယ် ညီမလေးရေ
...........................................................................................
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ချစ်လှစွာသော မမ ဆုမွန်
သြဂုတ်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ မမကြီးရဲ့ အသက် ၃၁ နှစ်မြောက်မွေးနေ့မှာ စိတ်အေးချမ်းပါစေ သူ့ပခုံးပေါ်မှာ တင်နေတဲ့ တာဝန် ဝန်ထုပ်ဝန်ပိုး ကြီးကြီးတွေ လျော့ကျပါစေ...သူမ အစဉ်အမြဲ ပျော်ရွှင်ပါစေလို့ ကျမ အမြဲဆုတောင်းပေးပါတယ်.
ကျမရဲ့ အမဟာ ငယ်ငယ်လေးကတည်းက ကျမအတွက်တော့ ဟီးရိုးပင်. ပိန်ညော်ညော် လက်မောင်းရိုးကလေးတွေနဲ့ ကျမ အမဟာ တကယ့်ကို ပိန်တာရိုးလေးပါ. အဲ့ဒီ အရိုးပိန်ပိန်လေးထဲမှာ ပုန်ကန်ချင်တဲ့စိတ်တွေ မတရားမှုကို ငုံ့မခံချင်တဲ့စိတ် လူလူချင်းဖိနှိပ်မှုကို လက်မခံနိုင်တဲ့စိတ် လူတွေကို လူလူချင်း တန်ဖိုးထားကာ အရာရာ သူ့ခန္ဓာလေးနဲ့ မလိုက်ဖက်အောင် လုပ်ပေးချင်တဲ့စိတ်တွေ အပြည့်အဝ ရှိပါတယ်. သူ့ခန္ဓာ ပိန်ပိန်လေးနဲ့ မလိုက်ဖက်လိုက်အောင် စိတ်ကလဲ ကြီးလှသေးတယ်.
ငယ်စဉ်ကတည်းက ကျမလက်ကို ဆွဲပီး အမေ မလွှတ်တဲ့ လမ်းဘေးက ပိတ်ကားထောင်ပြတဲ့ ရုပ်ရှင်ကိုကြည့်ချင်လို့ အရိုက်ခံပီး သွားရဲတဲ့ အမ. သူ့ရဲ့ ပေါင်ပိန်ပိန်လေးပေါ်မှာ မောင်နှမတွေ လှဲအိပ်ရင်း ပုံပြင်ပေါင်းစုံပြောပြပီး ညသိပ်ခဲ့တဲ့ အမ. တခုခုအမှားလုပ်လို့ အရိုက်ခံရရင် အံကြိတ်ခံတတ်တဲ့ အမ. ကျမတို့အတွက် အရှေ့ကနေ ဦးဆောင်လမ်းပြ ဆော့နည်းမျိုးစုံနဲ့ ကစားတတ်တဲ့ အမ. မတရားတာ မှန်သမျှ ပြန်ခံပြောရဲတဲ့ အမ. ကျမတို့ မောင်နှမတွေအတွက်တော့ ကျမ အမဟာ သူရဲကောင်းပါ. အခုတော့ အမဟာ ကျမတို့ တစ်မိသားစုလုံးအတွက် ဦးစီးဦးဆောင် ပြုနေတဲ့သူပါ. ကျေးဇူးရှင်ပါ.
အမေက မမကြီးကို မာသာထရီစာလို့ အမြဲခေါ်ပါတယ်. သူမရဲ့ အရိုးပိန်လေးနဲ့ မလိုက်ဖက်လောက် အောင်ကို သူတစ်ပါးကို ကူညီချင်တဲ့စိတ်ပြင်းတဲ့သူ. သူများအရေးကို သူ့အရေးလုပ်ပီး ဝမ်းနည်းစရာ ရှိရင် အတူတူငိုပီး. ဝမ်းသာစရာရှိရင် သူတစ်ထူးထက် ပိုဝမ်းသာပေးတတ်တဲ့ အမ. သူငယ်ချင်းတွေ ဆို အိမ်က လူတွေထက်တောင် ပိုခင်မင်တဲ့ အမဟာ အခုတော့ အဲ့ဒီစိတ်ဓာတ်တွေ တစ်ဝက်လောက် လျော့ကျနေပီဆိုရင်တောင်မှ မမကြီးမှာ သူများအရေးကို တို့အရေးလုပ်ချင်စိတ် ရှိနေတုန်းပါပဲ.
အဲ့လို စိတ်ထားတွေကြောင့်လဲ တခါတလေ ပြင်းပြင်းထန်ထန် သူ့စေတနာကို အစော်ကားခံရတဲ့ အခါတွေတိုင်း သူများတကာထက် သူက ပိုပီး ထိခိုက်ရှလွယ်ပြန်ရော. ဒါပေမဲ့ သိပ်မကြာခင် အချိန်ကလေးအတွင်းမှာလဲ ပြန်ပီး ဝမ်းနည်းတတ်ပြန်ရော. ကျမ အမဟာ ပါးစပ်ကသာ မာကျောသယောင် သူပြောတတ်ပေမဲ့ သူ့ရဲ့ အတွင်းစိတ်က သိပ်ပီး နူးညံ့ သိမ်မွေ့တတ်တယ်.
ငယ်စဉ်ကတည်းက မိသားစုအရေးကို ဈေးဗန်းခေါင်းရွက်ပီး ကူညီဖြေရှင်းတတ်တဲ့ အမဟာ တက္ကသိုလ်တက်နေစဉ်အချိန်တုန်းကလဲ အစားဆင်းရဲ အနေဆင်းရဲခံပီး တက္ကသိုလ်ကျောင်းကို ကော်ဖီတစ်ခွက်ထဲ သောက်ပီး တက်ခဲ့တဲ့ အမပါ.
၁၉၉၆ ကျောင်းသားအရေးတော်ပုံ စတင်တဲ့အချိန်မှာ အမက လက်မောင်းပိန်ပိန်လေးကို မကာ မကာနဲ့ တို့အရေးဆိုခဲ့လို့ ထောင်ထဲရောက်နေတဲ့အချိန်မှာတောင် အိမ်ကို ဒုက္ခပေးဖို့ သူ အများကြီး စဉ်းစားခဲ့တယ်.. ဘယ်လောက်ပဲ အခက်အခဲတွေ့တွေ့ တစ်ယောက်တည်း ကြိတ်မှိတ်ခံခဲ့တတ်တဲ့ အမဟာ သူ တစ်နယ်တစ်ကျေးမှာ တစ်ယောက်တည်း နေရစဉ်တုန်းကလဲ ဂျီတော့ကနေ စကားပြောတိုင်း စိတ်ဆင်းရဲစရာ စိတ်အနှောင့်အယှက် ဖြစ်စရာ စကားတစ်ခွန်းမှ သူမပြောခဲ့ဘူး. ဒုက္ခတွေ မှန်သမျှ သူ တစ်ယောက်တည်း ကြိတ်မှိတ်ခံခဲ့တတ်တဲ့ အမဟာ အခုအချိန်အထိတော့ သူ စိတ်မအေးနိုင်သေးပါဘူး.
သူ သတင်းထောက်လုပ်နေစဉ်အချိန်တုန်းကလဲ တစ်နေကုန် လမ်းပေါ်မှာ နေပီး ရှပ်အင်္ကျီ ရှည်ရှည်ဖားဖားကြီးကို ဝတ် ဘေးမှာ ကချင်လွယ်အိတ်ကို တရွတ်ဆွဲလွယ်ပီး တစ်နေကုန် တစ်နေခမ်း လမ်းဘေးက မုန့်တီတစ်ခွက် လက်ဖက်ရည် အခွက်ပေါင်းများစွာနဲ့ ဘဝကို တရွတ်ဆွဲ ကျော်ဖြတ်ခဲ့ဖူးတယ်.
ညကြီးမိုးချုပ်တဲ့အထိ လမ်းပေါ်မှာရှိနေတဲ့ အမကို အမေရော အဖေရော မအိပ်နိုင်ဘဲ အိမ်ရှေ့လမ်းမပေါ်ကနေ မျှော်ငေးခဲ့ရဖူးတဲ့ နေ့တွေ မရေနိုင်ပေမဲ့ အခုအချိန်အထိ အမေရော အဖေပါ အိမ်ရှေ့ပြတင်းပေါက်ကနေ ဟိုးအဝေးကို လှမ်းမျှော်ငေးပီး အဝေးရောက် သမီးတစ်ယောက် ရပ်ဝေးမြေခြားမှာ ဘယ်လိုများ နေရှာမလဲ ပူပင်ရှာလေရဲ့.
အမြီးရှည်သလိုမျိုး လမ်းရှည်တဲ့ အမကို အမေနဲ့ ကျမက တညီတညွတ်တည်း ပေးခဲ့တဲ့ နာမည်က မယ်ခွေ ပါ. အမ အပြန်မိုးချုပ်တဲ့ ညနေတိုင်း အမေက အိမ်ရှေ့ကနေ ထွက်မျှော်နေတတ်ပီး မယ်ခွေ တစ်ယောက်တော့ ဘယ်ခြေဆန့်နေလဲ မသိဘူး..
ပြန်လာပါပီ ကုန်းကုန်းကိုင်းကိုင်းနဲ့... မျက်မှန်နဲ့ဆိုတော့ လမ်းက ဂလု ဂလက်တွေကို မမြင်ရလို့ ကုန်းပီး လျှောက်လာတာပါ. လွယ်အိတ်နဲ့ လူနဲ့ တစ်လမ်းလုံးအပြည့် ခြေချနင်းလာတဲ့အမကို မြင်မှ အမေက အိမ်ထဲ ဝင်ပီး... အိမ်ထဲ လှမ်းဝင်လာတဲ့ အမကို ဆူဆူပူပူ မျက်နှာထားနဲ့ ကြည့်တတ်တယ်. ခုနက စိတ်ပူပင်နေတဲ့ အမေဟာ အမမျက်နှာကို မြင်လိုက်တာနဲ့ အော်တိုမစ်တစ် ပြောင်းလဲသွားတာပါ.
ဘာဟင်းချက်လဲ လို့ မေးတတ်တဲ့ အမကို အမေ စိတ်ဆိုးတိုင်း ပဲဟင်း လို့ ဖြေလိုက်တာနဲ့ ထမင်းပန်းကန်ကို လက်နဲ့မွှေပီး မျက်ရည်တောက်တောက်ကျကာ ထမင်းစားတတ်တဲ့ အမကို အမေက စိတ်ဆိုးရင် အမြဲ ပဲဟင်းချက်ကျွေးတတ်ပါတယ်. ဒါပေမဲ့ သူမ ထောင်ထဲမှာ ရှိစဉ်တုန်းကတော့ ပဲဟင်းကိုပဲ အဓိကထား စားရတာပါ. အဲ့အခါ ဘယ်လိုများ စားရှာမလဲ မသိဆိုတဲ့ အတွေးနဲ့ အမေက မျက်ရည်တစမ်းစမ်း ရှိတတ်တယ်. အမေနဲ့ အမက အမြဲ တကျက်ကျက် ရန်ဖြစ်တတ်ပီး ခွဲနေရင်လဲ မျက်ရည်လေးတစမ်းစမ်းနဲ့ အလွန်အမင်း ချစ်ခင်တတ်ကြတာ သူတို့နှစ်ယောက်အပြင် မရှိပါဘူး.
အမကို သိပ်ချစ်တဲ့ အဖေကတော့ အမ ဘာလုပ်လုပ် ထောက်ခံတတ်တယ်. ငါ့သမီးကြီးကလို့ အမြဲပြောတတ်တဲ့ အဖေ့ရဲ့လေသံထဲမှာ အမြဲ ဂုဏ်ယူတဲ့စိတ်ရှိပါတယ်.
အမ ထောင်ထဲ ရောက်နေတဲ့ အချိန် ထောက်လှမ်းရေးတွေခေါ်လို့ သွားရတဲ့ အဖေ့ကို ‘ကိုယ့်သားသမီးကို နိုင်အောင် မထိန်းနိုင်ဘူး ခင်ဗျားတို့ကိုလဲ ထောင်ထဲ ထည့်ပစ်လို့ရတယ်’ လို့ သားအရွယ် ထောက်လှမ်းရေးက ကြိမ်းမောင်းတာ ကို အဖေက မျက်နှာတစ်ချက်မပျက်ဘဲ
‘အေး ငါ့အသက် ၆၀၊ ဝန်ထမ်းနှစ်ပြည့်ပင်စင် ၃၂ နှစ်တိတိ ရှိခဲ့တာ မင်းတို့ထောင်ထဲ ထည့်မယ်ဆိုလဲ ထည့်လို့ရတယ်..ငါ့သမီးကိုလဲ ငါ ဂုဏ်ယူတယ် သူလုပ်နိုင်တာကို သူလုပ်ခဲ့တာဖြစ်တယ်. မင်းတို့ လုပ်နိုင်တာကိုလဲ မင်းတို့လုပ်ကြပေါ့’လို့ ပြန်ဖြေခဲ့ဖူးတယ်.
မိုးရွာရင် မိုးတွေ တအားခြိမ်းရင် အရမ်းကြောက်တတ်တဲ့ အမကို သတိရတိုင်း အိမ်မှာဆိုရင် အဖေက မိုးရွာလို့ မိုးခြိမ်းပီဆိုတာနဲ့ ကျမတို့ညီအစ်မ ခြင်ထောင်ဘေးကို အပြေးရောက်လာရင် လာ… မလာရင် အမက အဖေ အမေ ခြင်ထောင်ထဲ အတင်းတိုးဝင်ပီး ပုန်းတတ်တယ်. အခုတော့ အမ တစ်ယောက် တည်း မိုးတွေခြိမ်းရင် ဘယ်လိုများနေရှာမလဲဆိုတဲ့ စိတ်နဲ့ မိုးတအားခြိမ်းတဲ့ည မိုးတွေ တအားရွာတဲ့ ညဆို အဖေတစ်ယောက်တည်း ဧည့်ခန်းမှာ ငူငူကြီးထိုင်နေတတ်တယ်.
အခုအချိန်အထိတော့ ကျမလဲ အမကို အပြည့်အဝ အကူအညီ မပေးနိုင်သေးပါဘူး. ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားနေရတဲ့အချိန်မှာ ကျမအတွက် အားကိုးရာကတော့ မမကြီးပါပဲ. မောင်နှမတစ်တွေရဲ့ ‘မမကြီး သိလား ညီမလေးကလေ….. မမကြီး သားကလေ သားက….. အဒေါ် အဒေါ့် မီးမီးက ဟိုဟာလိုချင်တာ သိလား….. ဒါလေးရောပဲ’ အဲ့လိုမျိုးတွေ ပူဆာနေတုန်းပဲ ပူဆာချင်တုန်းပဲ.
ဘယ်အရာမဆို ကိုယ့်ဟာကို လုပ်နိုင်အောင် ကြိုးစားနေလဲ မမကြီးကိုတော့ အားကိုးနေတုန်းပဲ အားကိုးချင်တုန်းပါပဲ. ဒီလိုမျိုးတွေနဲ့ မမကြီးလဲ သူ့အတွက်ဆိုတာကို မစဉ်းစားနိုင်သေးဘဲ အိမ်အတွက် မိသားစုအတွက် သူငယ်ချင်းတွေအတွက် …အတွက် … အတွက် … အတွက်တွေ များနေပေမဲ့လဲ အခုအထိတော့ သူလုပ်နိုင်သလောက် သူလုပ်နေတုန်းပါပဲ. လုပ်ချင်နေတုန်းပါပဲ.
အခုတော့ အရင်တုန်းက နံပိန်ကလေးနဲ့အမဟာ ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်နေရင်းနဲ့ ဗိုက်ပူနံကားလေး ဖြစ်နေပါပီ..
ထမင်းဟင်းထက် မုန့်တီ မုန့်ဟင်းခါး ကြာဇံချက် ဒါတွေပဲ ချက်ချက်စားတတ်တဲ့ အမဟာ တခါတလေ သူ့ဘာသာ သူ ချက်စားတာထက် သူများချက်ကျွေးတာ အမေ ချက်ကျွေးတာကို စားချင်တယ်လို့ ပြောတိုင်း ကျမ စိတ်မကောင်းဖြစ်ရတယ်.
အမေ ချက်ကျွေးတဲ့ ထမင်းဟင်းနဲ့ လေးနှစ်ကျော် ငါးနှစ်နီးပါး ဝေးနေရတဲ့ အမဟာ တစ်ချိန်ချိန်တော့ သူချစ်တဲ့ တိုင်းပြည် သူချစ်တဲ့ မိသားစုနဲ့ ထမင်းအတူလက်ဆုံစားနိုင်မယ့် နေ့လေး အမြန်ရောက်နိုင်ပါစေလို့ ကျမ မွေးနေ့ဆုတောင်း အဖြစ် ဆုတောင်းပေးလိုက်ပါတယ် ချစ်လှစွာသော မမကြီးရေ………….
ပြည့်စုံ (၂၈-၈-၂၀၀၉၊ ၁၁း၀၀ pm)
ကျွန်မကို ကဗျာလက်ဆောင်ပေးခဲ့တဲ့ အာရ်အက်ဖ်အေသတင်းထောက်ကိုမိုးကျော်နဲ့ ချစ်ဇနီးလေးကိုလည်း ကျေးဇူးတင်ပါတယ်၊
၃၁ဘုံထဲက လူ့ဘဝ
စားမ၀ သောက်မဝ
ဒါပေမယ့် ရှင်သန်ခြင်း ခန္ဓာထဲ
အတ္တတွေစီးဝင် လွင်တီးခေါင်ပြင်ထဲ
ရှိစုမဲ့စုသစ္စာတရားနဲ့ ၃၁နှစ်ပြည့်ခဲ့တယ်၊
၃၁ရုပ်မှာ ၃၁ခါမက
သောကတွေ ဖျောက်ပြီး
ငယ်နုတဲ့ ဘ၀ထဲ စိတ်ကူးနဲ့
ပျော်ဝင်နေချင် နေအုံးမယ်၊
သတ်မှတ်တဲ့ ၃၁နှစ်
နင်ဖြစ်ချင်တာတွေ
ဖြစ်ကောဖြစ်ခဲ့ပါရဲ့လား
ချစ်ခြင်းမှာ အခါခါသေ
ကမ္ဘာမကြေ သီချင်းဆိုရင်း....
ကြည့်မြင်တတ်တဲ့ မျက်လုံးအိမ်ထဲ
အခိုးအငွေ့ပျက်ပြယ်
ဘ၀က... အိပ်မက်နှယ်
ရီစရာပဲ ကောင်း ကောင်းနေသေးတော့တယ်.....
ညီမလေးဆုမွန် အသက် ၃၁နှစ်မှသည် နောင်အသက်ရှင်သ၍ အသက်ရှည်စေသောဝ်
အားလုံးကိုကျေးဇူးတင်ပါတယ်၊