ဘက်ထရီဒေါင်းသွားတဲ့ စိတ်နဲ့ခန္ဓာ


အခုရက်ပိုင်းတွေမှာ စိတ်တွေလဲ ရှုပ် လူကလဲ ရူပ် ဘာတွေ လုပ်မိနေမှန်းတောင် မသိတော့ပါဘူး လေချင်လေ တေချင်သလို တေ နေချင်သလိုနေ ဖုန်းတွေလဲ မကိုင် ဘယ်သူနဲ့မှာလဲ စကားမပြော ဒီအတိုင်း ခဏရပ် ထားလိုက်မိတယ် စိတ်နဲ့ ကိုယ်နဲ့ တွဲမိလို့ ကိုယ့်ကိုကိုယ် သတိရလိုက်တဲ့ အချိန်မှာ အလုပ်လုံးဝ မလုပ်ဖြစ်တာ စုစုပေါင်း ၁၁ရက်ကျော်သွားပြီ နောက် ဘလော့ကို လုံးဝလှည့်မကြည့်တော့တာ ၈ရက်တိတိ..

နေ့စဉ်ရက်ဆက် ဆက်တိုက်ဆိုသလို ခံစားရတာတွေ နာကျင်တာတွေ ပင်ပမ်းတာတွေ နာကျည်းတာတွေ လူပ်ရှား ရတာတွေ စက်တင်ဘာ မြန်မာ ကမ္ဘာ ထိုင်း မွမ်ဘိုင်း အမေရိကန် စီးပွားပျက်ကပ် နာဂစ် အလုပ် လက်မဲ့တွေ အလုပ်ကြမ်းသမားတွေ လှောင်ပိတ်နေတဲ့ လေယာဉ်ကွင်း သွေးစွန်းနေတဲ့ ဆေးရုံ လူသေ အလောင်းတွေ ထပ်နေတဲ့ ရထားဘူတာရုံ ဆေးရုံကြမ်းခင်းပေါ်က လူသေအလောင်းတွေ အံကြိတ်သံတွေ သက်ပြင်း ချသံတွေ ငိုကြွေးသံတွေ ညီးတွားသံတွေ အံ့မခန်း ထောင်ဒဏ်နှစ်ရှည်တွေ နှစ် ၂၀ နှစ် ၅၀ ၆၅ ၈၀ကျော် သေနတ်ပစ် အကြမ်းဖက် ပစ်ခတ် တိုးလာတဲ့ လူသေနူန်း လည်နေတဲ့ လက်ညိုးတွေ လက်ချောင်းတွေ ကော့ထောင် နေတဲ့ လက်မတွေ ကြက်ခြေခတ်ထားတဲ့ လက်ဖ၀ါးတွေ သွေးစွန်းနေတဲ့ ခြေဗလာတွေ နီရဲ စွတ်စို နေတဲ့ မျက်ဝန်းတွေ ဟစ်အော်နေတဲ့ ပါးစပ်တွေ စူးစူးဝါးဝါး ထိုးအော်လိုက်တဲ့အသံနက်တွေ ...တရိပ်ရိပ် မူးဝေ လာတဲ့ ခေါင်း တဆစ်ဆစ် ထိုးကိုက်လာတဲ့ နားကို လက်ဖ၀ါးနဲ့ ဖိပိတ် နီရဲနာကျင် ကြိမ်းစပ်နေတဲ့ မျက်စိကိုစုံမှိတ် အားလုံး ရပ် အားလုံး နား အားလုံး လွင့်မျော..

ဘာတွေ ဖြစ်နေလို့လဲဆိုတော့..တကယ်က ဘာပြောရမလဲ ဟင့်အင်း ဘာမှ မဖြစ်ဘူး...တကယ့်ကို ဘယ်သူနဲ့ မှလဲ ဘာမှ မဖြစ်ဘူး ဒါပေမယ့် ဖြစ်တယ် ဘာလဲ မသိဘူး..မမေးပါနဲ့ ...စိတ်ထဲ ဘာတွေမှန်းမသိ စုပြုံတိုးဝေ့ ပြွတ်သိပ် မွန်းကျပ် ပိတ်လှောင်လွန်းလို့ ပုံမှန်လည်ပတ်နေတဲ့ အရာအားလုံးကို ခနလေး ရပ်ထားလိုက်ပြီး လုပ်ချင် တာ လုပ် သွားချင်တာ သွား နေချင်သလို နေပစ်လိုက်တယ်...လူရော စိတ်ရော ရုတ်တရက် အားပြတ် သွားတာပါ ဘက်ထရီအားကုန်သွားသလို ဖြစ်သွားတယ် ပြောရမယ် ထင်တယ်..

အင်တာနက်ပေါ်တက်ပြီး သတင်းမှန်သမျ တစ်ခုမှကို မဖတ် မကြည့် မမြင်ချင်စိတ်ကို ဖြစ်သွားတယ် .တီဗွီကိုပါ လုံးဝ ပိတ်ထားလိုက်တယ် မြန်မာအွန်လိုင်းစာအုပ်တွေထဲက ၀တ္တုတွေကို တစ်ခုပြီးတစ်ခု ဒေါင်းလုပ်ဆွဲချပြီး ဖတ်ဖြစ် တယ်.ဆက်တိုက်ကို ထိုင်ရမထ ဖတ်လိုက်တယ် မျက်စိတွေ ပူစပ်လာမှ ရပ်လိုက်တယ်..အခန်းရှေ့ ထွက်ပြီး ၀ရံတာက ရေမလောင်းတာ ကြာလို့ ညိုးခြောက်နေတဲ့ ပန်းပင်လေးတွေကို ငေးစိုက်မိတယ် ခြေထောက် တောင့်လာမှ ခေါင်းကနေ ရေလောင်းချိုး ရေပန်းအောက်မှ တကိုယ်လုံး တုန်ခိုက် အေးစက်လာတော့မှ ထွက် ခေါင်းစွပ် စွယ်တာနဲ့ ဂျင်းဘောင်းဘီခပ်နွမ်းနွမ်းကို ၀တ် ရေမခြောက်သေးတဲ့ ဆံပင်ရေစက်လက်နဲ့ ဝေါ့ကင်းရူးကို ကြိုးတင်းတင်းစီး ပြီးတော့ ပတ်စပို့တစ်အုပ်နဲ့ အေတီအမ်ကဒ် တစ်ချပ်ပဲပါတဲ့ ခါးပိတ်အိတ်တစ်လုံး ခါးမှာ ချိတ်ပြီး မညောင်းမချင်း လမ်းတွေ ပေါ် ဦးတည်ရာမဲ့ လျောက်သွားမိတယ်..မနားတမ်းပေါ့

နီရွမ်ရောင်စုံမီးတွေ ဗီနိုင်းဘုတ်ကြီးတွေ မိုးထိနေတဲ့ ထိန်ထိန်ငြီးနေတဲ့ ဘန်ကောက်မြို့ကြီးရဲ့ ဒီဇင်ဘာ ညချမ်းပေါ်က နှစ်ကူးအထူုးလျော့ဈေးဆိုတဲ့အရောင်စုံ အထည်ပုံတွေကို ပျော်ပျော်ကြီး ထိုးမွှေ ..ရယ်သံတွေ ဂီတသံတွေကြား ခုန်ပေါက်ပြေးလွှား တရွေ့ရွေ့သွားနေတဲ့ လူလိုင်း လုံးကြီးကြား ဘောင်းဘီအိတ်ထဲ လက်နိုက်ပြီး ခပ်တည်တည် ရွေ့လျား....ရပ်သလို တအိအိ ရွေ့လျားနေတဲ့ကားတန်းကြီးကို ငေးကြည့် မိုးကောင်ကင်က အိပ်တန်းပျံ ဌက်အုပ်ကို မော့ကြည့်..ပိတ်ညှပ်နေတဲ့ ကားတန်းကြီးထဲက ရုတ်တရက် ၀ီစီမူတ်သံတွေကြား အရေးပေါ်ဥသြဆွဲနေတဲ့ အရေးပေါ်လူနာတင်ယာဉ်ကို ကြည့်ပြီး ဘာရယ်မဟုတ် ခပ်ထေ့ထေ့ပြုံးမိတယ်...အခုချိန်မှာ ဘာက အရေးကြီးပါလိမ့်...ဘာတွေအရေးကြီးလဲ..အရေးကြီးဆုံးက ဘာလဲ..

ပြောရရင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ စိတ်တွေလဲ အရမ်း ရူပ် အလုပ်ကလဲ ဆက်တိုက်များ..တစ်ခါတစ်လေ လူက ဆက်တိုက်သာ လုပ်နေရတယ် အကျင့်ပါနေလို့သာ အမှားအယွင်းမရှိ လုပ်နေရပေမယ့် စိတ်က တဖြည်းဖြည်း ဗလာဖြစ်သွားတယ် ဗြောင်ဖြစ်သွားတယ် ပြီးတော့ ဘယ်လိုမှ ဆက်လူပ်လို့မရတော့တာနဲ့ ဘာမှကို ဆက်မလုပ်တော့ပဲ လုံးဝကို တိကနဲ ရပ်ပစ်လိုက်တယ်..အေးရော..

အကျင့်ပါနေလို့ ဖွင့်ထားလက်စ ချက်လိုင်းပေါ်က ပလုံ ပလုံဆိုပြီး တက်လာတဲ့ နူတ်ဆက်စကားတွေကို လည်း တွေတွေချည်းပဲ ငေးကြည့်နေရင်းက ဘာတစ်ခုမှ ပြန်မပြောဖြစ် ရိုင်းတယ် ထင်ချင်သလိုသာ ထင်ပါစေတော့..
တီးလုံးသံလေး ဆက်တိုက်ကြားနေတဲ့ ဖုန်းလေးကို အသက်မရှုပဲ စိုက်ကြည့်နေရင်းက အသံရပ်သွားမှ ပင့်သက်ချမိတယ်..တစ်လုံးပြီး တစ်လုံး ဆက်တိုက်မြည်နေတဲ့ ဖုန်းလေးတွေကို ဘေးနားမှာ ချထားရင်း ဒူုးနှစ်ဘက်ကို ပွေ့ ခေါင်းကို ငိုက်စိုက်ချထားရင်း ဗလာကျင်းနေတဲ့ စိတ်ကို လွင့်မျောခိုင်းထားလိုက်တယ်..

ဘာဖြစ်လို့ အလုပ်မလုပ်သလဲ ဘာပြသနာရှိလဲ ဘခြောက်လုံးတွေ ဆက်တိုက်တက်လာတွေကိုလဲ ပြန်ကို ဖြေချင်စိတ်မရှိလို့ ဘာမှ ပြန်မပြောဘူး အရင်ကဆို အိမ်အတွက် စားရိတ် ကျောင်းအတွက် စားရိတ် နေဖို့ အခန်း စားရိတ် စားဖို့ စားရိတ် အင်တာနက်ဖိုး ဖုန်းဖိုး ရေဖိုး မီးဖိုး ဆေးဖိုး စုဖို့ စားရိတ် ပြည့်သလောက် ရှိအောင် အလုပ်နဲ့ လက်နဲ့ မပြတ်အောင် လုပ်ခဲ့တယ် နည်းနည်းမှ မငြီးငြူပဲကို ဆက်တိုက်လုပ်ခဲ့တယ် အပြုံးမပျက်တဲ့ ကျွန်မကို အားလုံးက လက်ဖျားခါလောက်အောင် တစပ်စပ် တကုတ်ကုတ် လက်နဲ့ ချက် (chat) မပြတ် လက်နဲ့ အချက် (cook) မပြတ် အလုပ်အတွက် အမှားမပါရအောင် ချက် (Check) မပြတ် ချက်ချက်ချက်... အားလပ်ချိန်တွေမှာလည်း အနားမပေးပဲ စိတ်ထွက်ပေါက်ဖြေရာ ဘလော့လေးကို နေ့စဉ်လောက် နီးနီးကို ပို့စ်လေးတွေ တင်ဖြစ်ခဲ့တယ်..ဒါ့အပြင် လူမူရေးတွေ လုပ်ပေးရမယ့် ၀တ္တရားတွေ ဖြည့်ဆည်း ပေးရမယ့် ဆန္ဒတွေ တာဝန်တွေ..အကျေပြွန်လွန်နေပြီလို့ ခပ်ရိရိပြောတတ်တဲ့ စကားလုံးတွေကိုလဲ အပြုံးမပျက်..ဒါတွေအားလုံး ရုတ်တရက် ရပ် အားလုံးရပ် အားလုံးနား...

အဲ့တာမျိုး လုံးဝကို ရပ်သွားတာမျိုး တစ်သက်မှာတစ်ခါဖြစ်ဖူးတယ် အဲ့တုန်းကတော့ လုံးဝကို အိပ်မောကျ သွားတာ ကျောင်းက အပြန် အလုပ် ဆက်လုပ်ရင်းက အလုပ်လုပ်နေရင်းတန်းလန်း အသံတွေလဲ အကုန်စစ်ပြီး သတင်းကိုပဲ ဖတ်ပို့ဖို့ ရှိတော့တယ် ခေါင်းထဲ နည်းနည်းမူးလာတာနဲ့ ကွန်ပျူတာခုံဘေးမှာ ခွေခွေလေး ခဏလေး မျက်စိမှိတ်နားလိုက်တာ လုံးဝကို မေ့သွားတယ်..အရမ်း အသံဆူတဲ့ဖုန်းက နားနားမှာတင် အော်နေတာ miss callချည်းပဲ အခါ ၃၀လောက်ရှိမယ်

သတိရလာတဲ့အချိန် ပြန်နိုးလာတဲ့အချိန်ပေါ့ တစ်ခန်းလုံး မှောင်မည်းနေတာပဲ လူကတော့ တကယ့်ကို မထင်မှတ်လောက်အောင် အရမ်းလန်းဆန်းနေတယ် မှောင်မည်း ငြိမ်သက်နေတဲ့ အခန်းထဲ ငြိမ်ငြိမ်လေးနေရင်း ငါ သေများ သွားပြီလား ဘုရားခေါ်သွားပြီလား ငါဘယ်နေရာ ရောက်နေပါလိမ့်လို့တောင် ဇဝေဇ၀ါ ထင်မိတယ်..နောက်မှာ ဘေးခန်းက တံခါးဖွင့်သံ ခပ်ကြမ်းကြမ်းကြားမှ လူ့ပြည်မှာပဲ ရှိနေသေးတယ်ဆိုတာ စိတ်ချ လက်ချ ဖြစ်တော့တယ်.အခုလို လူရော စိတ်ရော ဘာကိုမှ ထိန်းချူပ်မထားပဲ လွင့်မျောလိုက်တာကတော့ ဘ၀မှာ ဒုတိယအကြိမ်ပါပဲ..

ကဲ ဒီနေ့တော့ အလုပ်ကိတ်စတစ်ခုအတွက် ဖြေရှင်း လုပ်ပေးရမယ့် ဖုန်းခေါ်သံတစ်ခု ကြားရတော့မှ နည်းနည်း လူနဲ့ စိတ်နဲ့ တွဲမိတယ်..ဘုရားရေ စောင့်ဆိုင်းနေတဲ့ အလုပ်တွေက တစ်ပုံကြီးပါလား..ဖြေရှင်းရမယ့် ပြသနာတွေ ပုံမှန်ပြန်လည်ပတ်ရမယ့် လုပ်ငန်းတွေ ..ပြီးတော့လဲ ပြီးတာပဲ..အခု အားလုံး အသစ်က ပြန်စ တစ်နှစ်သုံး..Let start the show!!!!!!

မင်္ဂလာပါရှင်..ဟုတ်ကဲ့ ကျွန်မ မဆုမွန်ပါ..( နေရာကို ကိုယ်တိုင်ရောက်နေတဲ့ ကျွန်မတို့ရဲ့ သတင်းထောက် မဆုမွန်နဲ့ တိုက်ရိုက် မေးမြန်းတင်ဆက်မှာ ဖြစ်ပါတယ် မဆုမွန်ရေ အခုဘယ်ရောက်နေလဲ) မေးခွန်းသံအဆုံးမှာ အာခေါင်ကို ရှင်းပြီး အသံကို မြှင့်လိုက်တယ် ဟုတ်ကဲ့ရှင့်...အခုကျွန်မရောက်နေတဲ့ နေရာကတော့........................

6 Comments:

Anonymous said...

ရေးထားတာဖတ်ပြီး အမခံစားရတာကိုနားလည်တယ်၊ ကျနော်တို့လည်းဒီမှာ ခဏခဏအဲဒီလိုဖြစ်တယ်၊ အလုပ်ဖိစီးမူနဲ့ စိတ်ပင်ပန်းမူဒဏ်တွေကြောင့်ဘဲလေ၊ အဲဒီလိုအခါမျိုးမှာ တယောက်တည်း အေးအေးဆေးဆေဒအနားယူလိုက်တာအကောင်းဆုံးပါဘဲအမရေ၊
ဘက်ထရီဒေါင်းသွားတဲ့ စိတ်နဲ့ခန္ဓာ

မေငြိမ်း said...

စိတ်တကယ်ညစ်နေလို့လားမသိဘူး.. ဖတ်ရတာ အသက်ဝင်ပြီး ပိုကောင်းနေတယ်..။ အဆုံးသတ်ပုံလေး အကြိုက်ဆုံးးးး

ယောနသံစင်ရော် said...

တခါတခါ ဒီလိုပဲဖြစ်တတ်ပါတယ်။ သေသွားတာ မဟုတ်သေးတော့ အားလုံးကို ရပ်လိုက်လို့ မရ ဒီလိုနဲ့ လုံးလည်ချာလည် မရပ်မနားသွားနေရဦးမှာပဲ မဆုမွန်ရေ... အားအပြည့်နဲ့ ပြန်ရောက်လာတာကိုပဲ ဝမ်းသာမိတယ်။

ဗီလိန် said...

ချာဂျင်သွင်းပြီးပြန်စနေပြီပေါ့။ ကျနော်ကတော့ ချာဂျင်မပြည့်သေးဘူး။ :(

Anonymous said...

စိတ်ပျက်စရာတွေ ဖတ်ရလို့လားမသိဘူးဗျာ
ရင်နဲ့ကိုခံစားဖတ်ရှုသွားပါတယ်ဗျာ

ဗန်ပိုင်းယား said...

ဟုတ်ကဲ့ ခင်ဗျ . .အနော်က တော့ .. ကေလာပါ .. ဟုတ်ကဲ့ ခင်ဗျ.. ဟုတ်ပါတယ်ခင်ဗျ .. အော်. ဟုတ်ကဲ့ပါ .. တွေ့ရတာ ၀မ်းသာပါတယ် ခင်ဗျ... အော် ဟုတ်လား . .ကောင်း တာပေါ့ . .အင်း . ဟုတ်တယ်လေ. . ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ..