လူလိမ်များနှင့် ၁၂နှစ်တာ

တစ်ခါ အလိမ်ခံရရင် လိမ်သူအပြစ် နှစ်ခါအလိမ်ခံရရင် အလိမ်ခံရသူ အပြစ်တဲ့...

ကမ္ဘာကြီးမှာ လောကပါလ တရားတွေ ဆိတ်သုန်းရခြင်း အကြောင်းရင်းခံမှာ လူလိမ်များနဲ့ လူယုတ်မာများ ကြီးစိုးနေသောကြောင့် ဖြစ်တယ်ဆိုတာ အပြည့်အ၀ ယုံကြည်ပါတယ်။

ကျွန်မ အလိမ်ခံရပါတယ်။

ကျွန်မ လိမ်တာ ကို အရမ်းမုန်းပါတယ် လိမ်သူကို လူတိုင်း မုန်းမယ် ထင်ပါတယ် လူတိုင်းဟာ အလိမ်ခံရဖူးသလို ကိုယ်တိုင်လဲ တစ်ချိန်ချိန်က လိမ်ခဲ့ဖူးမယ် ထင်ပါတယ် လိမ်တာကို သိပ်မုန်းတဲ့ အတွက် ကျွန်မ ကိုယ်တိုင် သူများကို မလိမ်မိအောင် အတတ်နိုင်ဆုံး စောင့်ထိန်း ပါတယ် ကိုယ်လဲ အကျိုးမရှိ သူများလဲ အကျိုးမဲ့တဲ့ လိမ်နည်းမျိုးကိုတော့ လုံးဝကို ရှောင်ကျဉ်ပြီး ကိုယ့်အတွက် မထိခိုက် ပေမယ့် သူများ အကျိုး ထိခိုက် နိုင်တာမျိုး ဆိုရင်တော့ မလိမ်ပဲနဲ့ ကိုယ့်ပရောဝ မပါအောင် ရှောင်လွှဲတာမျိုး ရေငုံ နုတ်ပိတ် နေလိုက် တာမျိုးနဲ့ ရှောင်ကျဉ်ပါတယ်။

လူတိုင်းကို လွယ်လွယ် ကူကူ မယုံကြည်ပေမယ့် သူငယ်ချင်းတွေ အပေါ်မှာတော့ ၈၀%လောက် ယုံကြည်တတ်တဲ့ ကျွန်မ အတွက် ၂၀၀၈ ကုန်ပိုင်းမှာ ကျွန်မကို သူငယ်ချင်း အရင်းခေါက်ခေါက်က လိမ်တာကို ကြုံလိုက်ရပါတယ် ဒါ ငါ့ကို လိမ်တာပဲလို့ သိလိုက်ချိန်မှာ တော်တော် လေးကို စိတ်ဆိုး မိပါတယ်။

မိတ်ဆွေတို့ လူတန်းစား တစ်မျိုးကို ဘ၀မှာ တစ်ကြီမ်မဟုတ် တစ်ကြိမ် ကြုံဖူးကြမယ်ထင်ပါတယ်။ တွေ့ဖူးချင်မှလဲ တွေ့ဖူးကြပါလိမ့်မယ်။ ကိုယ့်ကို လူရှေ့သူရှေ့မှာ အထူးသဖြင့် ကိုယ့်အပေါ် အနေအထား တစ်ခုမှာ အသိအမှတ်ပြုထားတဲ့ နေရာမှာ ဆုံခဲ့ရင် လူရှေ့သူရှေ့ မရှောင် နာသာခံခက်သော စကားလုံးတွေ သုံးပြီး မိမိနဲ့ ဘယ်လောက်ရင်းနီးကြောင်း သူကို မိမိက ဘယ်လို ပိုင်ကြောင်း သူကတော့ ဘယ်လို လူစားဖြစ်ကြောင်း သူက တကယ်တော့ အရင်ကဆို ဘာမှ မဟုတ်ပါဘူး ငါတို့နဲ့ ဂေါ်လီ ရိုက်ဖက်ပေါ့ ဖားနိုက်ဖက် ငါးပက်ဖက် တီတူးဖက် စသဖြင့် နာမ်နှိမ် ပြတတ်တဲ့ အကျင့်ရှိသူတွေကို ကြုံဖူး ကြမယ် ထင်ပါတယ်။

တစ်ခါတစ်ရံမှာ သူနဲ့ကိုယ်ဟာ ဒီလောက် တောင် ပြောမနာ ဆိုမနာ ရင်းနှီးခဲ့မိတာမှ ဟုတ်ရဲ့လားလို့ အံ့သြ လောက်အောင် လူရှေ့သူရှေ့မှာ ပြောဆို ဆက်ဆံ တတ်ပါသေးတယ်။ ကျွန်မမှာ အဲ့လို အရည်အချင်းတွေနဲ့ ထက်တောင် ကျော်လွန်နေတဲ့ အကြောင်းမသိလို့ ပေါင်းမိတဲ့ သူငယ်ချင်း တစ်ယောက် ရှိပါတယ်။ ကျွန်မ ထောင်က မထွက်ခင် ကျွန်မ ချစ်တဲ့ သူငယ်ချင်းတွေနဲ့ အတူရှိနေတဲ့ သူဖြစ်လို့ အသစ် ပေါင်းမိတာ ဖြစ်ပါတယ်။ စတွေ့ကတည်းက ကိုးလို့ကန့်လန့်နဲ့ အချိုးတစ်စက်မှ မပြေတဲ့ သူကို လူပေါင်း မှားမိပြီ ဆိုတဲ့ အသိက ပေါင်းကြည့်တဲ့ အချိန်တွေမှာပါ ဆက်ပြီး ကျိန်းသေပါတယ်။ ငါတော့ လူပေါင်း မှားတာမှ လူမှားပေါင်းမိရုံတင် မကဘူးလို့ အကြိမ်ကြိမ် တွေးမိ ပါတယ်။

သူ့အကြောင်းကို သိလို့ တတ်နိုင်ရင် ဝေးဝေးရှောင်ပါတယ် လူချင်းတွေ့ဖို့ အခွင့်အရေး မပေးတော့တဲ့အချိန်မှာ ကြုံရင် ကြုံသလို ဖုန်းလိုင်းက ဖြစ်စေ အင်တာနက် ချက်လိုင်းက ဖြစ်စေ ယုံကြည် လက်ခံနိုင်ဖွယ်မရှိသော စကားလုံး အကြီးကြီးတွေ မနှိင်မနိုင် ထမ်းပိုးပြီး ထိချင်ရာ ထိ ဦးတည်ရာမဲ့ ပစ်လွှတ်တတ်သော သူ့ကို ကြုံရင် ကြုံသလို ဘလော့ပါတယ် စကားစကိုလဲ မရှည်အောင် အပြတ်ဖြတ်ပါတယ် လုံးဝကို မပတ်သတ်မိအောင် ကင်းကင်းနေပါတယ်။ သို့သော် ထိုသူသည် ကျွန်မ ဆယ်စုနှစ် ကျော် သက်တမ်းရှိ သွေးသောက်ရဲဘော် သူငယ်ချင်းအုပ်စုဝင် တစ်ယောက်ဖြစ်နေလို့ မပတ်သတ်ချင် သော်ငြားလည်း သူ့ကို စာရင်းက ထုတ်လို့ မရသေးပဲ ဖြစ်နေခဲ့ပါတယ်။

တစ်နေ့သားမှာ ကျွန်မ မိတ်ဆွေတွေက သူနဲ့ပတ်သတ်ပြီး အကူအညီတစ်ခုတောင်းပါတယ်။ လူတကာကို အချိန်ပြည့် တတ်နိုင်ရင် တတ်နိုင်သလောက် လူရော အချိန်ရော စိတ်ရော ကိုယ်ပါ ကူညီတတ်တဲ့ ကျွန်မ မငြင်းစဖူး ငြင်းလိုက်ပါတယ်။ နောက်ပိုင်းမှာ မထင်မှတ်တဲ့ အလွဲတွေ ဖြစ်ကုန်လို့ ကျွန်မငြင်းချက်ကြောင့် ဖြစ်လာတဲ့ ကိစ္စအပေါ် အတတ် နိုင်ဆုံး ပြန် ပြီးဆုံးအောင် ဖြေရှင်းပေးရမယ်ဆိုတဲ့ အသိ လူဆန်တဲ့ လူစိတ်နဲ့ ကျွန်မ ညကြီးသန်းခေါင်ကနေ မနက်ဝေလီဝေလင်းအထိ ပူပင်သောကကြီးစွာနဲ့ လိုက်လံဖြေရှင်းပေးခဲ့ပါတယ်။

နောက်ထပ်တစ်ခါ တရေးမှတောင် မအိပ်နိုင်သေးပဲ ကိုယ့်ကြောင့် ဖြစ်သွားရတယ် ဆိုတဲ့ စိတ်မကောင်းဖြစ်မူနဲ့ ကျွန်မ တစ်ယောက် တည်း နေပူပူကျဲကျဲမှာ မမောနိုင် မပမ်းနိုင် မပြီးပြတ်သေးတဲ့ ကိစ္စတစ်ခုအတွက် အပြီးပြတ်အောင် တက်စီကားတစ်တန် ဆိုင်ကယ် တက်စီ တစ်တန် ကုန်းကြောင်း တစ်တန်နဲ့ ရေကြောင်းတစ်တန်နဲ့ လိုက် ဖြေရှင်း ပေးခဲ့ပြန်ပါသေးတယ်။ အတူ ဖြတ်ကူးသွားတဲ့ သူကို ကားနှစ်ဆင့် တိုက်တာ ကိုယ့်မျက်စိရှေ့တင် မြင်လိုက်ရပါတယ် ကိုယ်က ဖုန်းလာလို့ ရပ်ပြောလိုက်လို့ ကံကောင်းလို့ ကားတိုက်ပြီး အသက်မသေရတာ ဖြစ်ပါတယ် ။

လူမော စိတ်မော ဗရုတ်သုတ်ခ တွေ အစုံ ကြုံတွေ့နေရတာတောင် ဒါ မိတ်ဆွေသူငယ်ချင်း ရောင်းရင်းဆိုတဲ့ လူဆန်တဲ့ အသိတစ်ခုတည်း ကြောင့်ပါ။ လူရော စိတ်ပါ ကိုယ်စားရိတ်ကိုယ်စား ကိုယ့်ပိုက်ဆံ အိတ်စိုက်ရှင်းပြီး လိုက် ဖြေရှင်း ပေးနေတဲ့ ကိစ္စတစ်ခုကို အပြီးအပြတ်အထိ တာဝန်ယူ ဖြေရှင်းပေးနိုင်တော့မယ်လို့ သေချာသွားတဲ့အချိန်မှာပဲ အလွဲတစ်ခုကို ထပ်ကြုံ လိုက်ရပါတယ်။ ဒါပေမယ့် အော် ဒါလည်း အခုတော့ ပြသနာတွေဟာ ပြေလည်သင့်သလောက် ပြေလည်သွားပြီပဲလို့ စိတ်ကို ဒုံးဒုံးချလိုက်ချိန်မှာပဲ. စိတ်ထဲမှာ ဒါတွေ အားလုံးဟာ လိမ်တာ ဖြစ်မယ် လိမ်နေတာဖြစ်တယ် ဆိုတဲ့ သံသယ ရုတ်ချင်း ၀င်လာပါတယ်။ ငါ အခုလို အချိန်တွေကုန် လူပင်ပမ်း ဖြစ်ရတာ လူတစ်ယောက် ရဲ့ ပိပိရိရိ လိမ်နေတာကို ဘုမသိ ဘမသိ ခံလိုက်ရသလားလို့ မသင်္ကာစိတ် ၀င်လာပြီး စုံစမ်း လိုက်တဲ့ အခါမှာတော့ ကိုယ့်ကို သိသိချင်းနဲ့ လိမ်တာကို လိမ်ခံလိုက်ရတာပဲလို့ သက်သေ သက္ကာယနဲ့ ကို စုံစမ်း သိရှိ လိုက်ပါတယ်။ ထင်တဲ့အတိုင်း သူ့လက်ချက်ပါပဲ။

ကျွန်မမှန်း သိသိချည်းနဲ့ ကျွန်မကို အကြိမ်ကြိမ် အရူးလုပ် ဟိုပြေး ဒီလွှား ဟိုပုန်း ဒီရှောင် ခွေး မြောက်ပြေး ယုန် တောင်လိုက် သူက အ၀ီစိသွား ကိုယ်က နတ်ပြည်လိုက် ဆိုတဲ့ အဖြစ်မျိုး မဖြစ် ဖြစ်အောင် မပိမရိ လုပ်ကြံ တဲ့ ယုတ်မာမူ တစ်ခုလို့ သိလိုက်ရချိန်မှာတော့ ကျွန်မ စိတ်ထဲမှာ သူ့အပေါ် ထားတဲ့ စိတ်တစ်ခု အပြီးပြတ်ပြီး အပြီးအပြတ် မုန်းတီး ရွံရှာ စတ်ဆုတ်မိသွားပါတယ်။ ဒါတင် သူက မကျေနပ်နိုင်သေးပဲ ကျွန်မ မိဘကိုပါ ထိခိုက်တာမျိုးကိုပါ ထပ် လုပ် လာတဲ့ အတွက် ကျွန်မ အသိအမှတ်ပြု ထားတဲ့ အနေအထား တစ်ခုက အဆင့်ကိုပါ ဖြူတ်ချ ထားလိုက်ပြီး သွေးသောက် ရဲဘော် အဆင့်ကနေ စာရင်း လုံးဝ ဖြုတ်လိုက်ပါတော့တယ်။ သူ့ကို မျက်နှာမြင်ရင် ဒေါသ ထွက်မိပြီး တစ်ခုခု လုပ်မိမှာစိုးလို့ လုံးဝကို အဆက်အသွယ်ဖြတ်တဲ့ အနေနဲ့ သူ့အသံ သူ့အကြောင်း ကြားရမှာစိုးလို့ သူ့ကို မုန်းတီး ရွံရှာတတ်တဲ့ စိတ်နဲ့ ကျန်တဲ့ သူငယ်ချင်းတွေကိုပါ အဆက်အသွယ် ဖြတ်လိုက်ပါတယ်။

ဒါတင် အားမရသေးပဲ နောက်အောက်လမ်းနည်း တစ်နည်းနဲ့ ကျွန်မကို လုပ်ကြံဖို့ အသင်းအဖွဲ့နဲ့ အားထုတ်လာပြန်ပါတယ်။ သူသေလုနီးပါး ဆေးရုံတက်နေရပြီလို့ သတင်းပြောလာတဲ့ သူငယ်ချင်းက ကျွန်မ မိတ်ဆွေတွေထဲမှာ အယုံကြည်ရဆုံး လူတစ်ယောက်ဖြစ်နေပါတယ်။ အစာအိမ် သွေးပေါက်တဲ့ ရောဂါနဲ့ ဆေးရုံမှာ အသည်းအသန် ခွဲရ စိတ်ရနိုင်တယ် နင်ကလဲ စိတ်လျော့လိုက်ပါလို့ ပြောချိန်မှာ သူ့အကြောင်း သေတာတောင် လာမပြောနဲ့ ငါ့ဆီက ကူငွေတောင် မမျော်လင့်နဲ့လို့ပြောတာတောင် မရပ်သေးပဲ တရစပ် သူ့ကိုသနားအောင် ကျွန်မကို ချက်လိုင်းကနေ လူနာ အမဲခြောက်တောင်းသလို တငင်ငင်နဲ့ ပြောဆို ဖြောင်းဖြနေတဲ့ သူငယ်ချင်းတွေကို ဆက်ပြောရင် ဘလော့မယ် ဆိုပြီး မညှာမတာ ပြောပြီးကို စကားစဖြတ်လိုက်ပါတယ်။

အဲ့ဒီ့မှာ ထပ်ပြီး လုပ်ကြံတာ တစ်ခုကတော့ ကျွန်မကို အဲ့ဒီ့သတင်းကို သူနဲ့ပတ်သတ်တဲ့သူတွေဆီ ပို့ပေးပါလို့ တဂျီဂျီ တောင်းဆိုနေတာပါပဲ။ အခုပြန်တွေးတော့ ဒါဟာ တော်တော်ကြီးတဲ့ လုပ်ကြံမူ ဖြစ်ပါတယ် ဒီတစ်ချက်နဲ့တင် ကျွန်မကို သတင်းပေးတဲ့လူရဲ့ ယုတ်မာတဲ့ အစီအစဉ်တစ်ခုဆိုတာ ကျိန်းသေသွားပါတယ်။ ကျွန်မ စိတ်ထဲ သူသေတော့မယ်လို့ ဆိုတာ သိတော့ ၀မ်းနည်း စိတ် နည်းနည်းတောင် မဖြစ်မိပါဘူး ဒါပေမယ့် သူနဲ့ ပတ်သတ်တဲ့ သူကို ပြောပြဖို့ဆိုတာကတော့ ကျွန်မ အလုပ်မဟုတ်လို့ မပြောခဲ့ပါဘူး။ ကျွန်မ အရင်းနှီးဆုံးသူကို လှမ်းပြောပြတော့ သူကလဲ ကျွန်မ မုန်းတီး နာကျည်းနေတာကို သိလို့  အားလုံးက မယုံနိုင်ဘူး ဖြစ်နေပါတယ်။

ကျွန်မ စိတ်ထဲမှာလည်း တကယ်ပဲ ဟုတ်နိုးဟုတ်နိုး ၀မ်းသာရမလို ၀မ်းနည်းရမလို ဆိုင်းဝိုင်းပဲ ဌားရမလို ကူငွေပဲ ထကောက်ရမလို ကနဖျင်းပဲ ထိုးရမလို ဖဲဝိုင်းပဲ ထောင်ရမလို ဖြစ်နေချိန်မှာ သူက မိန်မိန်ကြီး ချက်လိုင်းကို တက်လာပါတယ်။ ကံဆိုးသူ ကျွန်မက သူသေမသေ ကျိန်းသေ မသင်္ကာတဲ့ စိတ်နဲ့ ကျွန်မ မိတ်ဆွေ အရင်း သူ့ မိတ်ဆွေပါဖြစ်တဲ့သူကို မသိမသာ စုံစမ်းလိုက်ချိန်မှာပဲ သူက အဲ့လူဘေးနားမှာ ရှိနေပြီး ကျွန်မကို ရန်စကားဆိုလာတဲ့ အခါမှာ တော့ ဒါဟာလည်း ပိပိရိရိ ပူးပေါင်း ကြံစည် လုပ်ကြံ လိမ်လည်မူ တစ်ခုဖြစ်တယ်ဆိုတာ ကျိန်းသေသွားပြန်ပါတယ်။

ဆိုတော့...ကျွန်မကို အခုလို ယုံကြည်မူတွေကို အလွဲသုံးစား လုပ်သွားတဲ့ အချိန်မှာ ကျွန်မ ချစ်တဲ့ ယုံကြည်တဲ့ လေးစားတဲ့ မိတ်ဆွေ သူငယ်ချင်းတွေထဲမှာ ယုံကြည်ရမယ့်သူ တစ်ဦး တစ်ယောက်မှ မရှိတော့ဘူးဆိုတာ ၂၀၀၉မှာ ကျိန်းသေသိလိုက်ရပါပြီ။ အကုန်တန်းစီပြီး လူလိမ်တွေလို့ ပြောပြီး ချက်စာရင်းကနေရော ရင်ထဲကရော စိတ်ထဲကပါ အားလုံးကို အပြီးအပိုင် ထုတ်ပယ်လိုက်ပါတယ်။

တစ်ခါ လိမ်ခံထိရင် လိမ်သူ အပြစ်ပါ နှစ်ခါ အလိမ်ခံရရင်တော့ အလိမ်ခံရသူရဲ့ နုံအ ညံ့ဖျင်း မူ မိုက်မဲမူ အယုံကြည်လွန်မူကြောင့် အခုလို ၁၉၉၇ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ၁၂နှစ် တိတိ လက်တွဲလာတဲ့ သွေးသောက်ရဲဘော်တွေဟာ ကျွန်မကို ကျောချင်းကပ်ပြီး နောက်ကျော ဓားနဲ့ထိုးကြတာမဟုတ်ပဲ ဘေးချင်း လျောက်နေရင်း နံကြားကို ဓားနဲ့ထိုး ရင်ချင်းအပ်ရင်းက ရင်ဝကို ဓားနဲ့ ထိုးသွားသူ တွေသာ ဖြစ်ပါတယ်ဆိုတာ အသေအချာ သိလိုက်ရပါတော့တယ်

နောက်နောင် ဒီလို လူလိမ် လူယုတ်မာ တွေနဲ့ ဘ၀အဆက်ဆက် မတွေ့ရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

14 Comments:

ဒေါင်းမင်း said...

ဒို့မဂျီးမဆုမွန်လူလိမ်တွေနဲ့.ဖြစ်လေရာဘ၀တိုင်းမဆုံရပါစေနဲ့လို့ဆုတောင်းပါတယ်...

Welcome said...

အစ်မဆုမွန်ရေ့ ..
စေတနာဟာ လူတိုင်းအတွက် မဟုတ်သလို
သည်းခံခြင်းဟာလဲ အတိုင်းအဆ တစ်ခုတော့ ရှိသင့်တာပေါ့နော်။
လူလူချင်း လှည့်ပတ်ခြင်းကင်းရှင်းနိုင်ပါစေဗျာ။

အောင်မြေ said...

ရီလည်းရီချင်မိတယ်။
အမ အတွက်လည်း စိတ်မကောင်းဘူး။
အဆင်ပြေပါစေနော်။

My Diary said...

လူလိမ်တာခံရတာ မဆန်းကျယ်ပါဘူးအမရာ
အမတစ်ယောက်တည်းမဟုတ်ဘူးနော်
လူတွေအကုန်လုံးပဲ

မင်းဒင် said...

ဟုတ်နိုးဟုတ်နိုး ၀မ်းသာရမလို ၀မ်းနည်းရမလို ဆိုင်းဝိုင်းပဲ ဌားရမလို ကူငွေပဲ ထကောက်ရမလို ကနဖျင်းပဲ ထိုးရမလို ဖဲဝိုင်းပဲ ထောင်ရမလို ဖြစ်နေချိန်မှာ ... ။
အော် .. ကလေးမရယ်။ စိတ်ကိုလျော့နော်။ စိတ်ကိုလျော့။
စိတ်နာတာကို ရေးပြတာ ရီမိတာ စိတ်မရှိနဲ့ နော်။ လူလိမ်စာရင်း ထဲကိုလည်း မထည့်လိုက်ပါနဲ့ ။

ချမ်းသာကိုယ်စိတ် မြဲပါစေ။
မင်းဒင်

tg.nwai said...

မဆုမွန်ရယ်..အဲဒီလို လူလိမ်ဆိုတာတွေနဲ့ ၁၂-နှစ်တောင် တွဲလာခဲ့နိုင်ခဲ့တာကိုပဲ အံ့သြနေမိတာပါပဲ။
ဘာဖြစ်တာမှန်းမသိတော့ ဘာပြောရမှန်းမသိပါ။ ၁၂-နှစ်တောင် ခင်မင်ရင်းနှီးခဲ့ကြပြီးမှ..ဆိုတော့...
တွေးရခက်ကြီးပဲ...။ ဘာပဲဖြစ်ဖြစ်.. ကိုယ့်စိတ်ထိခိုက် ပင်ပန်းခဲ့ရပြီဆိုတော့ ... အမြန်ဆုံး သက်သာပါစေလို့ပဲ.ဆုတောင်းပေးနေပါတယ်..။

မဆုမွန် said...

စိတ်ပေါက်ပေါက်နဲ့ ရေးလိုက်မိလို့ ဒေါသသင့်တဲ့ စကားလုံးတွေကို ဘလော့လာတဲ့ မိတ်ဆွေတွေ ဖတ်သွားမိတာ တောင်းပန်ပါတယ်.

လွန်ခဲ့တဲ့ ၁၂နှစ်ကတည်းက ပေါင်းသင်းလာခဲ့ပြီး အခုတော့ အားလုံးက တစ်ယောက် တစ်နေရာစီမှာပါ ဘယ်လေးပဲ ဖြစ်လိုက် ဖြစ်လိုက် ကျီးကန်းတွေလို တစ်ယောက်ထိရင် တစ်ယောက်က အမြဲ နာကျင်ခဲ့ကြ ပေါင်းသင်းခဲ့ကျတဲ့ တကယ့် အရင်းတွေပါ အခု ကွဲခဲ့ကြတာလဲ လေးနှစ်လောက်တော့ ရှိပါပြီ

ဒါပေမယ့် ဘယ်တုန်းကမှ မတည့်ကြခဲ့တဲ့ လူတစ်ယောက်ရဲ့ လိမ်လည်တဲ့ လုပ်ရပ် ကြောင့် ကျွန်မ စိတ်ထဲ နာကျည်းခံပြင်းလွန်းလို့ ရေးလိုက်မိတဲ့ ပို့စ်တစ်ခုပါ

သက်ဆိုင်သူတွေကတော့ နားလည်နိုင်ပါလိမ့်မယ် စာဖတ်သူတွေအတွက်ကတော့ ဘယ်လိုကိစ္စမှာပဲ ဖြစ်စေ မိတ်ဆွေ အရင်းအချာတွေမို့ဆိုပြီး အယုံမလွယ်မိစေချင်ပါဘူး ကိုယ်က စေတနာထား လုပ်ဆောင်ပေးတာပေမယ့် အခုလို ကိုယ့်စေတနာအပေါ် ခုတုံး လုပ်ပြီး စော်ကားသွားတာမျိုးတွေ ကြုံရမှာစိုးလို့ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးပါတယ်

သက်ပိုင်သူ said...

မမရေ..
မမရဲ့ လူလိမ်Post ကို မုန့်ကြိုးလိမ်စား၊ လိမ်မော်ရည်သောက်၊ လိမ်နေတဲ့ ကျွန်တော့်ဆံပင်တွေ ဖြောင့်ရင်း ဖတ်သွားပါတယ်ဗျာ....
မမရေ.. စိတ်လျှော့နော်....

ဗန်ပိုင်းယား said...

အင်း ..တော်တော် ပေါက်ကွဲနေတာပဲ ... ဟိ ..

အိမ်လွမ်းသူ said...

ဟုတ်တယ်ညီမရေ... လူအချုင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ.. အမလည်း ဒါပဲပြောတတ်တယ်..။ အစစအဆင်ပြေပါစေညီမရေ...

Anonymous said...

လာလည်ပါတယ်--ဆုမွန်
လူတွေဟာ ငါရှုံးနေပြီလား--နိုင်နေပြီလားလို့--
ကိုယ့်ကိုယ်မေးတတ်ကြတယ်---
ရှုံးခြင်းနိုင်ခြင်း ဆိုတာတွေထက်--
ကိုယ် ဘယ်လိုပါဝင် ခဲ့သလဲ ဆိုတာပဲ တွေးရမှာပါ---
ပျော်ရွှင်ချမ်းမြေ့ပါစေ--

Kaung Kin Ko said...

ကိုယ်ချင်းစာမိတယ်း-( အဆင်ပြေပါစေ။

JulyDream said...

ကျွန်တော်က ၂၀၀၈ နှစ်လည်ပိုင်း ကတည်းက အဲဒီခံစားချက်ကြီးကို တနင့်တပိုး မချိမဆန့်ကြီး ခံစားခဲ့ဖူးပါတယ်။ ဒါကြောင့် ကိုယ်ချင်းစာမိပါတယ်။

Unknown said...

ဒီလိုလူမျိုးတွေနဲ့ တွေ့ဆုံခင်မင်မိတဲ့ကိုယ့်ကိုယ်ကိုသာ ရက်ရက်စက်စက် ကြိမ်ဆဲပြစ်လိုက်ပါတော့ အစ်မရယ်...။ ကျွန်တော့်အတွက်တော့ မိတ်ဆွေတု ဆိုတာ အဆိပ်ခက်ထားတဲ့ အသက်ရှည်ဆေးတစ်ခွက်ပဲ...။