အဖေကြီး

အဖေကြီးကို ကျွန်မတို့ အရမ်းချစ်ကြပါတယ်။ ငယ်ငယ်တုန်းကတော့ ကျွန်မ အမေနဲ့ အဖေ ကိုယှဉ်လိုက်ရင် ဘယ်သူ့ကို ပိုချစ်သလဲ လို့ မေးလာရင် အဖေကြီးကို ပိုချစ်တယ်လို ပြောမိမယ် ထင်ပါတယ်။ သားသုံးယောက် မွေးပြီးတဲ့အထိ သားကိုပဲထပ်လိုချင်တဲ့ အမေ ထက်စာရင် သမီးဦးဖြစ်တဲ့ ကျွန်မကို အဖေက ပိုချစ်မယ်လို့ ထင်ပါတယ်။ ကျွန်မကို ငယ်ငယ်လေးကတည်းက ချီပိုးပြီး အဖေကြီးအမြဲလုပ်တတ်တဲ့ အကျင့်က နားရွက်ကို ကိုက် တတ်တာပါပဲ။ အမေက ငယ်ငယ်က သားသမီးကို အလိုလိုက် ပေမယ့် ဆုံးမစရာရှိရင်တော့ တကယ် အရိုက်ကြမ်းပါတယ်။ စိန်ရင်ရင်နု ဗျော တီးပြီ ဆိုရင် ရပ်ကွက်ထဲက သိပါတယ်။ ရိုက်ပြီဆိုရင် တစ်ယောက်မှားလဲ မောင်နှစ်မတွေ အကုန်တန်းစီပြီး အမေက ရိုက်ပါတယ်။

အမေက အရိုက်ပိုများပေမယ့် အဖေကြီးကတော့ သိပ်မရိုက်တတ်ပါဘူး။ ဒါပေမယ့် ရန်ကုန်တိုင်း ဘောလုံး လက်ရွေးစင် ဖြစ်ဖူးတဲ့ အဖေက စိတ်ဆိုးရင်တော့ ခြေစွမ်းပြ ကန်လေ့ရှိပါတယ်။ ဒါကလည်း အရမ်းစိတ်ဆိုးမှပါ။ ထုံးစံ အတိုင်း ကျွန်မတို့ မောင်နှစ်မတွေက အဖေ့ကို ပိုကြောက်ကြပါတယ်။ ငယ်ငယ်ကဆို အဖေရုံးက ပြန် အလာကို စောင့်နေကြပြီး အဖေကြီး လစာထုတ်ရင် ၀ယ်လာတတ်တဲ့ ဆီချက် ခေါက်ဆွဲတို့ ခေါက်ဆွဲကြော် ထုတ်တို့ကို အိပ်ငိုက်တဲ့အထိ စောင့်ပြီး အဖေပြန်လာရင် မောင်နှစ်မတွေ လုစားကြတာ အရမ်း ပျော်ဖို့ ကောင်းပါတယ်။ နောက် ဒီထက်ပိုပြီး ပျော်စရာကောင်းတာက ခြောက်လ တစ်ခါလောက် ကျွန်မတို့ မောင် နှစ်မ တွေကို သမိုင်းလမ်းဆုံက အက်စကီးမိုး ရေခဲမုန့်ဆိုင်မှာ လိုက်ကျွေးလေ့ရှိ ပါတယ်။ ကျွန်မ သိသလောက် တော့ အဖေကြီးကို ကျွန်မတို့မောင်နှစ်မတွေ နေ့ဘက်မှာ မြင်တွေ့ချိန် နည်းပါးပါတယ်။ ညဘက်ဆို လည်း လစာ ထုတ်ရက်ပဲ အဖေကြီးကို အိပ်ငိုက်ခံ စောင့်ပြီး အဖေကြီး ၀ယ်လာတတ်တဲ့ မုန့်ကို မျှော်စားတတ် ကြတာက လွဲရင် မြင်တွေ့ချိန်ဟာ သိပ်နည်းပါးပါတယ်။

ကျွန်မတို့အဖေကြီးက လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးဌာနက အရာရှိပါ။ အဖေက လုပ်သား ကောလိပ် တက် နေရင်း အလုပ် တစ်ဘက် ကျောင်းတစ်ဘက် စခဲ့တာမို့ သူ့ရဲ့ပင်စင်က သက်ပြည့် ပင်စင်မဟုတ်ပဲ လုပ်သက် ပင်စင် ဖြစ်ပါတယ်။ အဖေကြီး အသက်ထက်ဆုံး အစိုးရရုံးမှာ ပင်ပမ်းတကြီးလုပ်ခဲ့တဲ့ လုပ်သက် အတွက် ပေ၄၀ ပေ၆၀ မြေကွက်လေး တစ်ကွက် အကြွေး စနစ်နဲ့ရခဲ့ဖူးပါတယ်။ အဖေကြီးက ရုံးဝင်ငွေနဲ့ မလောက်လို့ ကျွန်မတို့ မောင်နှစ်မ ခြောက်ယောက် ကျောင်းစားရိတ် စားအိုးကလဲ ကြီးလို့ ဆောက်လုပ်ရေး သံချောင်း သံမဏိ ရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ ငွေစာရင်းကိုင် အဖြစ် ညပိုင်းတွေမှာ အချိန်ပိုင်း လုပ်ရပါတယ်။ နောက် အဖေ အလုပ်လုပ်တဲ့ သူတွေက နိုင်ငံခြားသားတွေဆိုတော့ တစ်ချို့ငွေလွှဲကိစ္စတွေ ငွေစာရင်း တွေဟာ အဖေကြီး နံမည်တွေနဲ့ ထားထား တာရှိပါတယ်။

တစ်နေ့ အဖေ့ကို ယုံကြည်စိတ်ချလွန်းတဲ့ သူဌေးက အဖေ့ကို အိမ်ပြန်ပို့ပေးရင်း အိမ်အပြန် ကားမှောက်ပြီး ပွဲချင်းပြီး ကွယ်လွန်ခဲ့ပါတယ်။ အဖေ့ဆီမှာ ငွေစာရင်းတွေနဲ့ သူများ မသိတာတွေ ကျန်ခဲ့ပေမယ့် အကုန်လုံး စာရင်းဇယားနဲ့ ကျန်ရစ်တဲ့ မိသားစုကို ရှင်းပေးလို့ သူတို့ပတ်ဝန်းကျင်မှာ ကျွန်မတို့ အဖေကြီးဟာ လူကောင်းကြီးပဲလို့ ပြောစမှတ်တွင်နေခဲ့ပါတယ်။ ကျွန်မတို့ အဖေကြီးက အမြဲ ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဖေဟာ ဘယ်တော့မှ မကောင်းတာ မလုပ်ခဲ့တဲ့ အတွက် ရုံးကိစ္စတွေမှာလည်း အဂတိ လိုက်စားခြင်း ကင်းရှင်းတဲ့ အတွက် မိသားစု တစ်ပြုံ တစ်မကြီးကို အဖေ့ ချွေးနည်းစာနဲ့ လောက်ငအောင် ကျွေးမွေးမယ်။ အဖေ့ နံမည်ကို အိမ်ရှေ့က နံမည်ခေါ်ရင် အိမ်နောက် ဘေးက ဆင်းပြေးရမယ့် အလုပ်မျိုး မလုပ်ဘူးလို့ ပြောပါတယ်။ နောက် မိဘကြောင့် သားသမီး ဂုဏ်မပျက် စေရပါဘူးတဲ့ သားသမီးကလဲ မိဘကို ဂုဏ် မတက်ချင် နေပါစေ ဂုဏ် မပျက် ပါစေနဲ့လို့ အမြဲဆုံးမပါတယ်။

ကျွန်မတို့အဖေကြီးနဲ့ အမေနဲ့ ဟာ သိပ်ချစ်ကြပါတယ်။ ကျွန်မသိသလောက် သက်တမ်းတလျောက် တစ်ခါမှ ခွန်းကြီး ခွန်းငယ် စကားများတာ မရှိသလို ကိုယ်ထိလက်ရောက် ရိုက်ပုတ် ရန်ဖြစ်တာဆိုတာ မမြင်ဘူး သလောက် ပါပဲ။ တစ်ခါတစ်လေ အဖေက အစ်ကိုသုံးယောက်ကို စိတ်ဆိုးလို့ ရိုက်ပုတ်တဲ့အခါ အမေက ၀င်တားလို့ လက်နဲ့ရွယ်တာ တွန်းတာလောက်ပဲ မြင်ဖူးပါတယ်။ နောက် အဖေကြီးနဲ့ အမေ့မှာ အရမ်း အတုယူဖို့ ကောင်းတဲ့ အချက်တစ်ခုရှိပါတယ်။အဖေကြီးက ရသမျ လခကို အမေ့ကို အကုန်အပ်ပြီးတော့ အမေက အဖေ ရတဲ့ လစာကို နည်းတယ် များတယ် ဘယ်တော့မှ မငြူစူပဲ အကြွေးမတင်အောင် စနစ်တကျ စီမံ ရှိတာလေးကို လှအောင်ဆင်ပြီး ကျွန်မတို့ မောင်နှစ်မ ခြောက်ယောက်ကို လောက်ငအောင် ကျွေးမွေးပါတယ်။ အဖေကြီးဟာ အမေကို သူအားတာနဲ့ အိမ်အလုပ်တွေ ကူလုပ်ပေးသလို အ၀တ်ကအစ လျော်ကူပေးပါတယ်။ မီးပူ တိုက်တာ ကအစ ပန်းကန်ဆေးတာ အဆုံး ဘုရားပန်းလဲတာက အလည် အကုန်လုံး ကူလုပ်ပေးပါတယ်။ တစ်အိမ်လုံးကို တံမြက်စီးလှည်း ဖုန်သုတ် သန့်ရှင်းရေး လုပ်တာတွေမှာလည်း အမြဲကူလုပ်ပေးပါတယ်။ အမေနဲ့အဖေဟာ သားသမီးတွေကို သိပ်တာဝန် ကျေလွန်းတဲ့ မိဘတွေပါ။ အမေက ငယ်ငယ်ကပဲ ရိုက်ခဲ့ပေမယ့် ဒဂုံမြို့သစ်ကို ပြောင်းရပြီး အစားဆင်းရဲ အနေဆင်းရဲနဲ့ နေရတဲ့ ကျွန်မတို့မောင်နှစ်မ ခြောက်ယောက်ကို မဆူမပူတော့ပဲ အရမ်းအလိုလိုက်ပါတယ်။

အမေ့က သားသမီးတွေကို ပိုစိုးရိမ်ကြီးတယ်လို့ အပြင်ပမ်းထင်ရပေမယ့် အဖေကြီးက ပိုပြီး ကျွန်မတို့ မောင်နှစ်မ ခြောက်ယောက်ကို အပူပင်ကြီးသလို ပိုပြီးလည်း အပင်ပမ်း အနွံတာခံပါတယ်။ ကျွန်မတို့ မောင်နှစ်မတွေကို နေမကောင်းရင် အရမ်း ပြုစုပါတယ်။ ကျွန်မ အစ်ကိုအလတ် မဆုံးခင်ကဆို အဖေဟာ အရမ်းကို အပင်ပမ်းခံပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အစ်ကိုဆုံးတော့ မိသားစုထဲမှာ အဖေက ၀မ်းအနည်းဆုံး ခံစားသူပါ။ အစ်ကို့အလောင်းကို ပိုက်ပြီး ရိုက်ကြီးတငင်နဲ့ကို ချူံးပွဲချငိုခဲ့ပါတယ်။

အလုပ်နဲ့လက်နဲ့မပြတ်တဲ့ ကျွန်မတို့အဖေကြီးကို နေမကောင်းလွန်းလို့ ပစ်လိုက်ရပြီတောင် မှတ်ခဲ့ရဘူး ပါတယ်။ အဖေကြီး ညနေဆို နေမကောင်းပဲ တရှောင်ရှောင်ဖြစ်တာကစလို့ ရပ်ကွက်ထဲက ဆေးခန်းလေး တွေမှာ ဆေးစမ်းရင်း အဖေကြီးရောဂါက ပိုပိုသည်း လာပါတယ်။ နောက် ဌက်ဖျားဆြို့ပီး ဌက်ဖျားဆေးတွေ ဆွဲတိုက်ရာကနေ သွေးစစ်တော့မှာ တီဘီပိုး တွေ့တယ်ဆြို့ပီးဖြစ်ပါတယ်။ ကျွန်မတို့ အဖေကြီးက ကျွန်မတို့ လူမှန်း သိတတ် ကာစ အချိန်ကစလို့ ဆေးလိပ်သောက်တာ မတွေ့ရဘူးပါဘူး။ သူ ကွမ်းတော့ စားပါတယ်။ အဖေကြီး တီဘီဖြစ်လို့ အိမ်မှာနားရတဲ့အခါ အဖေကြီးရောဂါကြောင့် လူတွေက ကျွန်မတို့မိသားစုကို သတိပေး ပါတယ်။ အစားအတူ မစားဖို့ နောက်အ၀တ်ကို ပြုတ်ဖို့ ရေခွက်ကအစ အတူမသုံးဖို့ နေတာကအစ ခွဲခြားဖို့ ပြောလာတဲ့အခါ ကျွန်မတို့ မိသားစုတွေ အရမ်းစိတ်မကောင်းဖြစ်ကြပါတယ်။

အဖေကြီးဟာ ကျွန်မတို့ရဲ့ အသက်ပါ။ အဖေကြီးဟာ ကျွန်မတို့ရဲ့ဘ၀ပါ။ အမေရယ် ကျွန်မတို့ မောင်နှစ်မ တွေရယ် အဖေကြီးကို ဒီလိုလုပ်ဖို့ နေနေသာသာ မျက်စိအောက်ကတောင် အပျောက်မခံနိုင်ပါဘူး။ ကျွန်မတို့ မောင်နှစ်မဆို မနက်အစောကြီးထ နွားနို့စစ်စစ်ရဖို့ သွားယူ အဖေကြီးဆေးကို မပျက်မကွက် စောင့်တိုက် အစာကို မ၀င်ဝင်အောင် ချော့မော့ကျွေး ဒဂုံမှာ နေအရမ်းပူတော့ အဖေ့ ရောဂါဖြစ်တုန်း ပိုဆိုးမှာ စိုးလို့ အဖေ့ကုတင်အောက်မှာ ရေအေးလေးတွေ ဖြန်းပေး အဖေကြီးနေသာအောင် အမျိုးမျိုး ဂရုစိုက်ပြီး အဖေ့ ကျမ်းမာရေးကို တစ်မိသားစုလုံး တက်ညီ လက်ညီ ပြုစုကြတာမှာ မယုံနိုင်စရာ ကောင်းလောက် အောင် အဖေကြီးရောဂါဟာ ယူပစ်သလို ပျောက်ကင်း အမြစ်ပြတ် သွားပါတယ်။

အဖေကြီး အဲ့ဒီလို ရောဂါ ဖြစ်တော့ ကျွန်မ ရှစ်တန်း ကျောင်းသူ ဘ၀ပါ။ အဖေ့ ဆေးဖိုး နဲ့ မိသားစု စားဝတ် နေရေး စားရိတ် အရမ်းကြီး တဲ့ အပြင် ကျွန်မတို့မောင်နှစ်မ ခြောက်ယောက် ကျောင်း စားရိတ် အရမ်းကြီးတော့ အစ်ကိုကြီးက စက်မူ ကျောင်းတက် အစ်ကိုလတ်နဲ့ အစ်ကိုငယ်ကလဲ အထက်တန်း ကျောင်းသားတွေဆိုတော့ ကျွန်မက သမီးကြီး ဖြစ်တယ် မိန်းကလေးပဲ ဈေးရောင်းပေးမယ်လို့ အမေ့ကို ပြောပါတယ်။ ကျောင်းက ထွက် လိုက်မယ် ဆိုတော့ ပညာရေးကို အရမ်း ဦးစားပေး တဲ့ အဖေကြီးနဲ့ အမေက လေသံတောင် မဟခိုင်းပါဘူး။ အမေ့ရဲ့ နားမှာ နားကပ်တောင် မကျန်တော့တဲ့ အချိန် ပေမယ့် ကျွန်မတို့မောင်နှစ်မတွေ ကျောင်းစားရိတ်ကို မဖြစ်ဖြစ် တဲ့နည်းနဲ့ အိမ်ပါ ရောင်းလိုက်ပြီး အမေက ကျောင်းထား ပေးခဲ့ပါတယ်။ အခုလက်ရှိ ကျွန်မ ပညာနဲ့ ကျွန်မ ဘ၀ကို တည်ဆောက် နေနိုင်တာဟာ မိဘတွေရဲ့ ကျေးဇူး ကြောင့်ပါ။

ကျွန်မတို့အဖေကြီးဟာ ပင်စင်ယူပြီးချိန်မှာ တစ်ဘက်တစ်လမ်းက ၀င်ငွေရအောင် ကြိုးစားပြီး ငွေစာရင်း အလုပ်တွေကို အချိန်ပိုင်း လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဖေရော အမေပါ ကျွန်မတို့မောင်နှစ်မတွေကို ပြုစု စောင့် ရှောက် ခဲ့ရတာ အရမ်း ပင်ပမ်းနေပါပြီ။ ဘ၀ရဲ့ လောကဓံ အစုံ ကိုလည်း ကြုံ့တွေ့ ခဲ့ရပြီးပြီမို့ ကျွန်မတို့ မောင်နှစ်မတွေက မိဘနှစ်ပါးကို အိမ်မှာ အနားယူ ခိုင်း စေချင်ကြပါတယ်။ အလုပ် ပေး မလုပ် တော့ပဲ အိမ်မှာပဲ နားနေပါ ဆိုပေမယ့် လူကြီးတွေ ကတော့ သိတဲ့ အတိုင်း တလူပ်လူပ် တရွရွနဲ့ အလုပ်နဲ့ လက်မပြတ် လုပ် နေကြတုန်းပါပဲ။

ကျွန်မ ငယ်ငယ် ကလေးကတည်းက တရားလွန် ဆော့ကစား တတ်တဲ့ အကျင့်ကလွဲလို့ ပညာရေးမှာရော တခြား ဘညာကွိကွ ကိစ္စမှာပါ မိဘ စိတ်ဆင်းရဲ အောင် တစ်ခါမှ မလုပ်ခဲ့ပါဘူး။ အတတ်နိုင်ဆုံး မိဘစကားကို မြေ၀ယ် မကျ နားထောင်ခဲ့တယ် မိဘကို ငယ်ငယ်ကတည်းက အတတ်နိုင်ဆုံး ခြံထွက်အသီးအနှံ လေးတွေကို ဈေးတောင်း ခေါင်းရွက်ပြီး တောင် ကူညီခဲ့ပါတယ်။ ဒါပေမယ့် ဘ၀မှာ မိဘကို စိတ်ဆင်းရဲ ပင်ပမ်းအောင် တစ်ကြိမ် တော့ လုပ်ခဲ့ဘူးပါတယ်။ ကျွန်မ အစ်ကိုတွေဖြစ်တဲ့ သားသုံးယောက်ကို ရပ်ကွက်ရုံးတောင် လိုက်မထုတ်ဖူးတဲ့ မိဘနှစ်ပါးကို အသက်ကြီးမှ ထောင်ဝင်စာ အပင်ပမ်းခံပြီး လိုက်ပို့ပေးရတဲ့ မိဘတွေဖြစ်အောင် တစ်ကြိမ် လုပ်ခဲ့ဘူးပါတယ်။

အစ်ကိုတွေနဲ့ ပြသနာ တက်မှာစိုးလို့ အဖေကြီးနဲ့ အမေကြီးဟာ မနက်မိုးမလင်းခင်ကတည်းက ကျွန်မဆီ ပစ္စည်းပို့ပေးနိုင်ဖို့ နယ်မြေခံ ထောက်လှမ်းရုံးကို အစောကြီး သွားစောင့်ရပါတယ်။ အစည်းအဝေးရှိလို့ မရောက်သေးလို့ အလုပ်များ နေလို့စတဲ့ အကြောင်းပြချက်တွေနဲ့ အမေကြီးကိုလည်း အဖေက တစ်ယောက် တည်း မထားခဲ့ရက် အဖေကြီး ထွက်သွားရင်လည်း အမေ တစ်ယောက်တည်း မပြောတတ် မဆိုတတ်မှာစိုးလို့ နဲ့ ဆာလောင် မွတ်သိပ် နေတာတောင် မသွားပဲ ငုတ်တုတ် ထိုင် စောင့်ခိုင်း ထားတာမှ ညနေ ၃ နာရီ ၄နာရီမှ အိပ်ယာထ ရေမိုးချိုး ထွက်လာတဲ့ပုံစံနဲ့ ပစ္စည်းကို လာယူတာမျိုးတွေ ယဉ်ယဉ်လေးနဲ့ ယုတ်မာပြီး လူကြီး တွေကိုပါ မဆီမဆိုင် မိုးလင်းက မိုးချူပ် ငုတ်တုတ် ထိုင်ခိုင်းထားပြီး အညှင်းဆဲ ခံရတာ ကြုံခဲ့ရဖူးပါတယ်။ အဲ့အကြောင်း ပြန်တွေးရင် အခုချိန်အထိ မိဘနှစ်ပါးကို အသက်ကြီးမှ သူများ အနှိပ်စက်ခံ ခဲ့ရဖူးတဲ့ အပြစ်ကြွေး အတွက် အမြဲ စိတ်ထဲနာကျင်မိပါတယ်။

အခြေအနေ အကြောင်းကြောင်းကြောင့် ကျွန်မအရမ်းတွယ်တာတဲ့ ကျွန်မအိမ်လေးကနေ ခွဲခွာလို့ မိဘနှစ်ပါး ခြေအစုံကို ဦးနှိမ်ချပြီး ကန်တော့ချိန်မှာ အဖေကြီးနဲ့ အမေကြီးကို တရားဘာဝနာရိပ်မှာ အေးအေးချမ်းချမ်း နေနိုင်အောင် ပြည့်ပြည့် စုံစုံ မပူမပင် ထားနိုင်အောင် အသက်ထက်ဆုံး စောင့်ရှောက် ကူညီပေးမယ်လို့ ကျွန်မ ဆုံးဖြတ် ထားပါတယ်။ အိမ်ကို ဖုန်းဆက်လို့ အဖေကြီးအသံကို ကြားလို့ သမီးကြီး နေကောင်းလား နေကောင်း အောင် နေနော် သမီးကြီး ဆိုတဲ့ အဖေ့အသံသဲ့သဲ့ကြားရင် ဖုန်းခွက်ကို တင်းတင်းဆုပ်ရင်းက မျက်ရည်က အမြဲ ထိန်းမရအောင် ပေါက်ပေါက်ကျပါတယ်။ အမေတို့လည်း ချွေတာသုံးတယ် သမီးရယ် ကလေးတွေ ကျောင်း စားရိတ်နဲ့ ရေဖိုး မီးဖိုး ကုန်ဈေးနူန်းက အရမ်းကြီးတယ်သမီးကြီးလို့ အမေ ပြောတိုင်း စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရတယ်။

အစစအရာရာ ဆင်းရဲ ကျပ်တည်းလွန်းတဲ့ နေရာမှာ အခုချိန်အထိ ကျပ်ကျပ် တည်းတည်း ချွေတာ သုံးနေရတဲ့ မိဘတွေကို ဒီထက်ပိုပြီး အေးအေးချမ်းချမ်း မပူမပင် ထားနိုင်အောင် အတတ်နိုင်ဆုံး ဘယ်လောက်ပဲ ဒုက္ခတွေ အကျပ်အတည်း အခက်အခဲတွေ တွေ့ပါစေ အံကြိတ် ခါးစည်းခံပြီး ရင်ဆိုင်ကျော်လွှားနိုင်အောင် ကြိုးစား တည်ဆောက်ခဲ့ပါတယ်။ အခုထက်ထိလည်း လောကဓံရဲ့ အရိုက်အပုတ် အထောင်းအထု အတွန်းအထိုး အောက်မှာ မယိုင်လဲအောင် မပြိုပျက်အောင် ကြိုးစား တည်ဆောက်နေရဆဲပါပဲ။

ကျွန်မတို့မိဘနှစ်ပါးဟာ သူတို့ဘယ်လောက်ဆင်းရဲပင်ပမ်းပါစေ သားသမီးတွေအတွက် အမြဲ အန်ကျွေးတဲ့ ဇီဝစိုးဌက် တွေလိုပါပဲ ကျွန်မတို့မောင်နှစ်မခြောက်ယောက်ကို ပညာစုံအောင် ပင်ပမ်းကြီးစွာနဲ့ ကြိုးစား ပေးခဲ့ကြတဲ့ မိဘတွေကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ကျွန်မ ဘ၀ အသက်ထက်ဆုံး မိဘနှစ်ပါးနဲ့မိသားစုကို ကျွန်မ တတ်နိုင်တဲ့ ခွန်အားနဲ့ အကောင်းဆုံး ဖြစ်အောင် စောင့်ရှောက်သွားဖို့ အမြဲ နုလုံးသွင်းပါတယ်။ ဘုရားရှိခိုး ဖြစ်တိုင်း တောင်းတဲ့ဆုကတော့ အမိအဘနှစ်ပါးနဲ့ မိသားစုကို ကျွန်မ အသက်မသေခင်အထိ အကောင်းဆုံး ဖြစ်အောင် ပြုစုစောင့်ရှောက်သွားနိုင်တဲ့ သမီးဖြစ်ရပါလိုဧ။် ဆိုတဲ့ ဆုတစ်ခုကိုပဲ တောင်းပါတယ်။
ညအိပ်ယာဝင် မနက်အိပ်ယာထမှာ အလုပ်သွား အလုပ်ပြန် ကျောင်းသွား ကျောင်းပြန်တွေမှာ အမြဲ အဖေနဲ့ အမေကို အာရုံက ရည်စူး ဦးခိုက် ကန်တော့ပါတယ်။ အမြဲတမ်းလည်း ရောက်လေရာ အရပ်မှာ မိဘနှစ်ပါးနဲ့ မိသားစုအတွက် အလှူအတန်းလုပ်ပါတယ် အခုလို ပြုရတဲ့ ကုသိုလ်စိတ်ကြောင့် မိဘနှစ်ပါးရင်ခွင်မှာ အနီးဆုံးနေခွင့်ရတဲ့ ကိုယ်ဖြစ်ရပါလိုတယ် ဘုရားလို့ အမြဲဆုတောင်းလေ့ရှိကြောင်းပါလို့ ပြောရင်းနဲ့ အဖေများနေ့ အမှတ်တရအဖြစ် အဖေကြီးကို စိတ်ချမ်းသာခြင်း ကိုယ်ကျမ်းမာခြင်းများစွာနဲ့ ငြိမ်းချမ်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အဝေးမှာ ခွဲခွာနေရချိန်မှာ အိမ်ပြန်ချိန်ကို မသိသေးလို့ မိဘနှစ်ပါးကို သတိရခြင်းများစွာနဲ့ ဒီပို့စ်ကိုရေးလိုက်ပါတယ်ရှင်။

27 Comments:

ကိုလူထွေး said...

အိမ်ရှေ့က နာမည်ခေါ်ရင် နောက်ဖေးပေါက်က ဆင်းမပြေးရရုံတင်မဟုတ်ပါဘူး...

သံသရာလမ်းတလျှောက် ဖြောင့်ဖြောင့်သွားနိုင်မယ့် ကိစ္စမို့ ဆုမွန်ရဲ့ အဖေကြီးကို အင်မတန်မှပဲ လေးစာမိပါတယ်...

သားသမီးတွေကို ဒီလိုအခြေအနေရောက်အောင် ပြုစုပျိုးထောင်နိုင်ခဲ့လို့လဲ မိကောင်းဖခင် သားသမီးတွေ ဖြစ်နေကြတာ ထင်ပါရဲ့...

အိမ်ကိုဖုန်းဆက်တဲ့ အကြောင်းဖတ်ရတော့ မျက်ရည်ဝဲမိပါတယ် ဆုမွန်ရေ.................................
.....................................................................
.....................................................................

ခင်မင်လေးစားတဲ့
ကိုလူထွေး

MieMie said...

မိဝေးဖဝေးရောက်နေတဲ့ ညီမလေးနဲ့ တို့တွေနဲ့ ဘ၀တူတွေပဲမို့ ထပ်တူထပ်မျှ ခံစားရပါတယ်..မိဘနဲ့ဝေးနေတဲ့ သားသမီးများအားလုံး အမြန်ဆုံး ဆုံဆည်းနိုင်ကြပါစေ....။

ညီမရဲ့ စာဖတ်ပရိသတ်..... ma mie nge

နွေးနေခြည် said...

မမရဲ့ အဖေကြီးပုံကို ဘလော့မှာတွေ့ကတည်းက ချစ်နေတာ .. သဘောကောင်းမယ့်ပုံပဲလို့

မမဖြစ်ချင်တဲ့ ဆန္ဒတွေ အမြန်ဆုံးဖြစ်နိုင်ပါစေ

မယ့်ကိုး said...

မ အဖေက ကြည်ညိုဖို့ ကောင်းတယ်နော်။ မ မိဘတွေ အချစ်ကလည်း ကြည်နူးဖို့ ကောင်းတယ်။

မင်းအိမ်ဖြူ Minn Eain Phyu said...

ဂုဏ်ယူပါတယ် အစ်မရေ ....
မိဘအပေါ်သိတက်သူ မို.လေးစားပါတယ်

Mr.Pu said...

ဖတ်ပြီး ထပ်တူခံစား ရပါတယ်။

မဆုမွန် said...

ကော်မန့်တွေအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ အခု အဖေကြီးက အိုပြီလေ..သူစိတ်ပူတိုင်း အမြဲသွေးတိုးတယ် နောက် အဖေကြီးမှာ နှလုံးသွေးကြောကျဉ်းတာလဲရှိတော့ သူ့ကို အရမ်းစိတ်ပူတယ် တစ်ခါတစ်လေ ကျွန်မ ကြုံရတဲ့ အခက်အခဲတွေ ပြသနာတွေ ဒုက္ခတွေကို အိမ်က လူတွေကို မပြောရက်ဘူး ပီးတော့ ကျွန်မ အဖေကြီးက သိပ်အစိုးရိမ်ကြီးတတ်တယ်. အထူးသဖြင့် အဝေးရောက်နေတဲ့ သမီးကြီးနဲ့ သမီးငယ်လေးကို သူ အရမ်းစိတ်ပူတယ်.မတတ်သာလွန်းလို့သာ အကြောင်းကြောင်းကြောင့် အပြင်မှာနေရတာပါ တကယ်တော့မိဘအိမ်ကိုပဲ အမြန်ဆုံး ပြန်ချင်ပါတယ်ရှင် :(

သီဟသစ် said...

မဆုမွန်ရေ

လေးစားစရာကောင်းတဲ့ မိဘတွေ အကြောင်းလာဖတ်သွားပါတယ်

မဆုမွန် မိဘကျေးဇူးကို ပြည့်ပြည့်စုံစုံ ဆပ်နိုင်ပါစေဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

kiki said...

အမိမြန်မာနိုင်ငံတော်ကြီး စစ်ဖိနပ်အောက်မှ အမြန်ဆုံး လွတ်လပ်ပြီး အဝေးရောက် သားသမီးများ မိမိတို့  အသိုက်အမြုံလေးထဲမှာ မိသားစုကိုယ်စီနဲ့  အေးချမ်းပျော်ရွှင်စွာ နေနိုင်ကြပါစေ ။

Anonymous said...

ဦးမွန်ရေ မိသားစုနှင် ဝေးကွာခြင်းမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေနော်။

ခင်မင်လျှက်

မဆုမွန် said...

ကျွန်မတို့မောင်နှစ်မခြောက်ယောက်မှာ သုံးနှစ်ကြီး သုံးနှစ်ငယ် ဆက်တိုက်မွေးတာ အစ်ကိုသုံးယောက်ပါ. နောက် သမီးကြီး ကျွန်မပါ ခြောက်နှစ်ခြားပြီးမှ ညီမလေးကို မွေးပါတယ်။ နောက် သုံးနစ်ခြားပြီးမှာ မောင်အငယ်ဆုံးလေးကို မွေးပါတယ်။ မောင်လေးက ကျွန်မထက် ကိုးနှစ်ငယ်ပါတယ်။ သူက စက်မူကောလိပ် မပြီးသေးပါဘူး။ အဲ့တော့ ကျားလေးယောက် မနှစ်ယောက်ပါ။ ဟီးဟီး သားသမီးရတနာကတော့ အများကြီးပဲ။

ခမ်းကီး said...

အဖေကြီးကို လေးစားဂုဏ်ယူပါကြောင်း...

Nay Lin said...

ဒီလို စာလေးတွေ ရေးပြီး တင် ပေးတဲ့ မဆုမွန် ကို အရမ်းကျေးဇူးတင်ပါတယ်။ မိဘကို သိတတ်တဲ့ သမီးတယောက် အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ ပါစေ။

သုခုမလေဒီ said...

အဖေတွေအကြောင်းဖတ်ရလို့ တကယ်ကို ခံစားရပါတယ်။ ကွန်နက်မကောင်းတာနဲ့ အဖေအကြောင်းလေးမရေးလိုက်ရလို့ ။
အဆင်ပြေပါစေ။

Anonymous said...

အစိုးရဝန်ထမ်းမိသားစုချင်း တူခဲ့တာ မို့လို့ ပြောမပြတတ်လောက်အောင် ထပ်တူခံစားရပါတယ်ဗျာ ... သား ၂ ယောက် လူလားမြောက် ပညာပြည့်စုံအောင်တောင် မနဲကြီး ရုန်းကန် တွန်းတင်ပေးခဲ့ရတဲ့ ကျွန်တော့်မိဘ ... သားသမီးခြောက်ယောက်ကို အောင်မြင်စေခဲ့တယ်ဆိုတော့ ကျွန်တော် အလေးအနက်ဦးညွတ်မိပါတယ် ... မိဘရဲ့တန်ဖိုးကို သိနားလည်တဲ့ အစ်မ မဆုမွန် မိဘနှစ်ပါးရဲ့ ကျေးဇူးကို ကျေပွန်စွာ ဆပ်နိုင်တဲ့ သမီးကောင်းတစ်ယောက်အဖြစ် ထာဝရ ရပ်တည်နိုင်ပါစေ ...
နေဒေးသစ်။

အိမ်လွမ်းသူ said...

သမီးတွေက အဖေ့ကိုပိုချစ်ကြတာအမှန်ပါပဲ ညီမရေ... မိသားစုတွေနဲ့ အနီးဆုံးမှာ ပြန်နေရမဲ့အချိန်ကို မျှော်ရင်း ဆန္ဒတွေ အမြန်ဆုံးပြည့်ပါစေလို့ ဆုတောင်းပါတယ်ညီမရေ...

ဂျူနို said...

မဆုမွန်
ဖတ်ရင်း အရမ်း ၀မ်းနည်း ပါတယ်။
အစစအရာရာ အစဉ်ပြေပါစေ။


ခင်မင်လျှက်

မအယ်

မိုးခါး said...

ပျော်ရွှင်ပါစေ မရေ
စိတ်ကူးတွေ ဆန္ဒတွေလည်း လက်တွေ့ အမြန်ဆုံးအကောင်အထည်ပေါ်ပါစေ ..
မိသားစုတခုလုံးလည်း ကျန်းမာချမ်းသာစွာ နေနိုင်ပါစေနော် ..း)

ချစ်ခင်လျှက်

ဂျပန်ကောင်လေး said...

အစ်မေ၇..ဖတ်လို့လည်းကောင်း.. စိတ်လည်းမကောင်းဖြစ်မိတယ်... အစ်မချစ်တဲ့ မိဘနှစ်ပါးနဲ့ အတူတကွ ပြန်နေနိုင်ပါစေဗျာ...း(

ဒူကဘာ said...

အဖေ့ကျေးဇူးသိတဲ့ ဒီသမီး ----- ကောင်းကောင်း ရပါစေ ...နောက်တာနော် ..ဟီး ...လိုတ ပြည့်ပါစေ ဗျာ...။

မြစ်ကျိုးအင်း said...

အမရဲ့ မိဘတွေ မိသားစုတွေ အကြောင်းဖတ်ရတာ
စိတ်မကောင်းလဲ ဖြစ်မိပါတယ်...ကျွန်တော်တို့လဲ ဘ၀တွေ ကြမ်းခဲ့ပါတယ်...ဒါပေမယ့် အဖေက မညီးမညူ လုပ်ကျွေးခဲ့တာပဲ...။
အမရဲ့ဖေဖေ ကျန်းမာပျော်ရွှင်ပါစေ

HRmyanmar said...

တော်လိုက်တဲ့ငါ့သမီးလေးလို့ ချီးမွမ်းနေမှာပါ တကယ်ဆို ဘဝတူတွေမို့ ဟတ် ထိတယ်ဗျာ မစုမွန်ရေ.. အားပေးနေတယ်ဗျာ

My Opinions said...

တကယ်ပါ ချစ်စရာလေးပါ ဆုမွန်လေးက :D

ခိုင်စိုးလင်း said...

blog ဖတ်ပြီးပထမဆုံးအကြိမ် မျက်ရည်ကျမိတာပဲ သူများတွေ အဖေနေ့ဆိုပြီးရေးကြတာတွေကို သိပ်ကြည်နူးရပါတယ်

ကေ.တီ.အမ် said...

ကျွန်တော် မျက်စိလည်ပြီး မဆုမွန်ဘလော့ခ်ကိုရောက်လာတာပါ ...
အမွန်မြတ်ဆုံးပါပဲ ...
မိမိရည်မှန်းချက်ပန်းတိုင်ကို အာမာန်အပြည့်နဲ့
ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ လျှောက်လမ်းကျော်လွှား အောင်မြင်နိုင်ပါစေခင်ဗျာ
မိဘရင်ခွင်မှာ နွေးထွေးတော့မယ့် နေ့ရက်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ

ကေ.တီ.အမ်

Anonymous said...

မဆုမွန်ရေ စာလေးဖတ်ပြီး ဝမ်းသာဂုဏ်ယူမိပါတယ်ဗျာ။ သာယာတဲ့မိသားစုဘဝလေးနဲ့ လှပါပါစေဗျာ။

Golden Land said...

You are really great.