ကံဆောင်သပိတ်

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး


မတရားဖမ်းဆီးထားသော သံဃာတော်များအားချက်ချင်းလွတ်ပေးရန်နှင့်

သံဃာတော်များ အပေါ်နှိပ်စက် သတ်ဖြတ် စော်ကားမှုများကို အမြန်ဆုံးပြန် လည် တောင်းပန်ရန်..မလိုက်နာပါက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်

သပိတ်မှောက်မည်…….

၁၉၉၀ပြည့်နှစ်တွင် မန္တလေးမြို့၌ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို ရည်စူး၍ လှူဒါန်းသော သံဃာ့ဒါန ဆွမ်းလောင်းပွဲကို န အ ဖ စစ်အစိုးရသည် သေနတ်နှင့် ပစ်သတ်ဖြိုခွင်းရာတွင် သံဃာတော်များ ပျံလွန်တော်မူခဲ့သဖြင့် ဆရာတော်ကြီးများ ကိုယ်တိုင် ဦးဆောင်ကာပထမအကြိမ် သပိတ်ကိုဆင်နွဲခဲ့ပါသည်။ ယနေ့အထိ သပိတ်မလှန်ရသေးပါ။


ပခုက္ကူမြို့ သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှေက်သည်ကို တိရစ္ဆာန်များ ဖမ်းသလို ကြိုးကွင်းနှင့် ပစ်ဖမ်းခြင်း၊ ဓါတ်တိုင်မှာ ကြိုးနှင့်တုပ် သေနတ်ဒင်နှင့် ထုခြင်း စစ်ဖိနပ်နှင့် ကန်ကျောက်ခြင်းများကို န အ ဖ စစ်အစိုးရမှ ကျူးလွန်စော်ကား ခဲ့သောကြောင့် ၂၀၀၇ စက်တင်ဘာတွင် သံဃာတော်များအားလုံး ဒုတိယအကြိမ် သပိတ်မှောက် ကံဆောင်ခဲ့ကြပါသည်။ ယနေ့အထိ သပိတ်ပြန်မလှန်ရသေးပါ။


သံဃာတော်များသည် မြတ်စွာဘုရားရှင် ချမှတ်ထားသော ၀ိနည်းတော်နှင့်အညီ ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ န အ ဖ စစ်အကျဉ်းထောင်ထဲတွင် အဖမ်းဆီးခံ အနှိပ်စက်ခံနေကြရသော သံဃာတော်များသည် မြတ်စွာဘုရားရှင်၏ ၀ိနည်းဥပဒေ တော်နှင့် အညီ ဆောင်ရွက်ထားခြင်းဖြစ်သောကြောင့် ထိုသံဃာတော်များသည် လုံးဝအပြစ်မရှိပါ။ သို့ပါ၍ လာမည့်သီတင်းကျွတ် လဆန်း၁၄ရက် (၂.၁၀.၂၀၀၉) သောကြာနေ့ နေ့လည်၁၂နာရီကိုနောက်ဆုံး ထား၍အမြန်ဆုံးပြန်လွတ်ရန်…..


ကျောင်းတိုက်ပေါင်း (၆၀) ကျော်ကို သူပုန်စခန်းစီးသလို မတရားဝင်ရောက်ဖျက်ဆီး ရိုက်နှက်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းများသည် သာသနာတော်တစ်ခုလုံးကို စော်ကားရာ ရောက်နေသော ကြောင့် လာမည့် သီတင်းကျွတ်လဆန်း (၁၄) ရက် (၂.၁၀.၂၀၀၉) သောကြာနေ့နေ့လည် (၁၂ ) နာရီအချိန်ကိုနောက်ဆုံးထား၍ သာသနာကို စော်ကားမှူ အပေါ် န အ ဖ စစ်အစိုးရအနေနဲ့အမြန်ဆုံး ၀န်ချ တောင်းပန်ရန်….


ထိုတောင်းဆိုထားသော အချက်နှစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက လာမည့် သီတင်းကျွတ်လပြည့်

(၁၅) ရက် (၃.၁၀.၂၀၀၉) စနေနေ့ သံဃာပ၀ါရဏာပွဲနေ့တွင် မြန်မာတစ်နိုင်ငံလုံး သံဃာတော်များနှင့်တကွ ပြည်ပနိုင်ငံ အသီးသီးရှိ သံဃာတော်များ အားလုံး ပူးပေါင်း၍သာသနာ့သိမ်တော်အသီးသီးတွင် တပြိုင်နက် တည်း ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ကမ္မ၀ါရွတ်ဆိုကာ န အ ဖ စစ်အစိုးရနှင့်တကွ အလိုတော်ရိ ကြံ့ဖွတ် စွမ်းအားရှင် ၀န်ထမ်းများအားလုံးကို သပိတ်မှောက်ပါမည်။


မြတ်စွာဘုရားရှင်၏ ၀ိနည်းဥပဒေတော် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာကို ရွတ်ဖတ်ပြီးချိန်မှ စ၍ သပိတ်မှောက် ထားသော န အ ဖ စစ်အစိုးနှင့်တကွ နောက်လိုက် အလိုတော်ရိ ကြံ့ဖွတ်များစွမ်းအားရှင်များ၊ ၀န်ထမ်းများ အားလုံးထံမှ ပစ္စည်းလေးပါး အလှူခံခြင်း၊ သာရေးနာရေးစသော သာသနာတော်နှင့် စပ်သောအမှုကိစ္စ မှန်သမျှမပြုရ။မလိုက်ရ။


မြတ်စွာဘုရားရှင်၏ ၀ိနည်းဥပဒေ ကို မလိုက်နာသောသံဃာတော်များကို သံဃာအဖြစ်မှကြဉ်ဖယ်ကာ ပကာသနီ ယကံဆောင်ကြရမည်။ပကာသနီယကံဆောင် သံဃာအဖြစ်မှကြဉ်ဖယ် ထားသော သံဃာတော်များကို ပြည်သူပြည်သားများ သည် ပစ္စည်းလေးပါး လှူဒါန်းခြင်းကိုလုံးဝမပြုလုပ်ရ။


မှတ်ချက်။။ စစ်တပ်ကြံ့ဖွတ်စွမ်းအားရှင်ဝန်ထမ်းအဖြစ်မှ တရားဝင် နှုတ်ထွက် သောသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်။


ဤသပိတ်မှောက်ကံသည်အင်မတန်အပြစ်ကြီးလေးသည် သားစဉ်မြေးဆက် သာသနာတော်မှ ဆုံးရှုံး၍ လူဖြစ်ရှုံးကာ မဟာအ၀ိစိငရဲသို့ ကျရောက်နိုင်ပါသည်။ အစဉ်သတိရှိကြပါရန်တိုက်တွန်းနိုးဆော်ပါသည် ။


မြန်မာနိုင်ငံလုံးဆိုင်ရာ

ရဟန်းပျိုသမဂ္ဂနှင့်

သံဃသာမဂ္ဂီအဖွဲ့


မှတ်ချက် Forward Email မှတဆင့် ဖော်ပြသည်။

0 Comments: